Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, January 01, 2016

ခရီးသွားသတင်းများ

နယ်သာလန်က ကမ္ဘာ့ပထမဆုံး သဲနန်းတော်ဟိုတယ်တွေ

ကမ်းခြေတစ်ခုက ဘဝမျိုး နေထိုင်တည်းခိုနိုင်မယ့် စိတ်ကူးပါ။ Netherlands မှာ သဲတွေနဲ့ တည်ဆောက်ထားတဲ့ ဟိုတယ် နှစ်ခုတည်ဆောက်ဖွင့်လှစ်ခဲ့ပါတယ်။ Sneek, Friesland နဲ့ Oss, Brabant မြို့တွေမှာ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ သဲပန်းပုပွဲတော်တွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်တည်ဆောက်ခဲ့တာပါ။ အဗတွင်းဘက်မှာ ပုန်းကွယ်ထုလုပ်ထားတဲ့ ၈မီတာမြင့်မားတဲ့ သဲပန်းပုတွေလည်း ရှိနေကြတယ်။ တစ်ခုက Flintstones ကာတွန်းanimation ရုပ်ရှင်ထဲက ပုံသဏ္ဍန်မျိုးနဲ့ တခြား နဂါးရုပ်တွေ၊ တရုတ်နိုင်ငံက Great Wall နဲ့ Terracotta Army ပုံသဏ္ဍန်တွေ ထုလုပ်ထားတာပါ။ ငယ်ငယ်က ကမ်းခြေတွေမှာ ဆော့ကစားပြီးတည်ဆောက်ခဲ့ဖူးတဲ့ သဲနန်းတော်တွေနဲ့ မတူတာကတော့ နယ်သာလန်က သဲနန်းတော်တွေမှာ အမှန်တကယ် အဝင်အထွက်ပြုလုပ်နိုင်တဲ့ တံခါးပေါက်တွေ၊ လျှစ်စစ်မီး၊ ရေ နဲ့ Wi-Fi အသုံးပြုကြတယ်။
ဆွီဒင်နဲ့ ဖင်လန်နိုင်ငံမှာ ရေခဲဟိုတယ်တွေတည်ဆောက်ခဲ့ကြတဲ့ Global PowWow စီစဉ်သူတွေက ပန်းပုရုပ်တွေကို ရက်သတ္တ ၄ ပတ်ကြာ ပြုလုပ်ခဲ့ရတယ်။ အဲဒီအခန်းတွေမှာ နေထိုင်ဖို့ စိုးရိမ်စိတ်ဖြစ်နေမလားပဲ။ သဲဟိုတယ်တည်ဆောက်ပုံမှာ ဟိုတယ်ရဲ့အခြေခံတည်ဆောက်ပုံမှာ ပါးလွှားတဲ့နံရံတွေနဲ့ ပြုလုပ်ထားတယ်။ အတွင်းမှာကာရံထားပါတယ်။ အပြင်ဘက်မှာ သဲတွေနဲ့ မွမ်းမံပြီး ပြိုလဲမကျအောင်တည်ဆောက်ထားတာပါ။ ဧည့်သည် ၂ ဦး တစ်ညတာအတွက် ၁၆၈ ဒေါ်လာ ကုန်ကျမှာပါ။ အနီးအနားမှာရှိနေတဲ့ ပွဲတော်တွေကို သီးသန့်ကြည့်ရှုနိုင်မယ့် tour ခရီးစဉ်လည်းပါဝင်သေးတယ်။ အဲဒီပွဲတော်မှာ ကြီးမားတဲ့ သဲပန်းပု ၃၀ ရှိနေတယ်။ Friesland သဲပန်းပုပွဲတော်မှာ သဲတန်ချိန်ပေါင်း ၈၀၀၀၀၀ ကီလိုဂရမ်အသုံးပြုခဲ့ကြပါတယ်။ စိတ်မကောင်းစရာက အဲဒီ သဲနန်းတော်ဟိုတယ်တွေဟာ ယာယီပဲ တည်ဆောက်ထားတာပါ။ သဲပန်းပုပွဲတော်တွေပြီးဆုံးတဲ့ Sneek မြို့မှာ စက်တင်ဘာ ၂၈ နဲ့ Oss မြို့မှာ အောက်တိုဘာ ၄ ရက် နောက်ပိုင်းမှာ ဟိုတယ်တွေ ပြန်ပိတ်လိုက်ကြတယ်။ ကံကောင်းတာကတော့ လာမယ့်နှစ်မှာ Zand Hotel က ဂျာမနီနဲ့ ယူကေမှာ သဲဟိုတယ်တွေ ဖွင့်လှစ်ကြပါလိမ့်မယ်။ သဲဟိုတယ်တွေမှာ တည်းခိုနေထိုင်ချင်သူတွေအတွက် www.sandhotel.co.uk and www.sandhotel.de. တို့မှာ ကြည့်ရှုသိရှိနိုင်ကြပါတယ်။ Zand Hotel လိပ်စာတွေပါ။
Zand Hotel, Flexaterrein, Opperhuizerweg, Sneek; +31644245949
Zand Hotel, Parkeergarage Bergoss, Oostwal 177, 5341 KM Oss; +31618932544

လေဆိပ်ထဲမှာ ကိုယ်သွားလိုတဲ့ terminal ဆီ မျက်လွှာချလို့ လျှောက်လှမ်းနိုင်မယ်
လေဆိပ်တိုင်းရဲ့ စံနှုန်းတွေထဲမှာပါသလို ခရီးသည် သန်း ၃၀ လှုပ်ရှားခရီးသွားနေကြတယ်ဆိုတဲ့ ပမာဏဟာ များလွန်းလှတဲ့ လူဦးရေပါ။ check in ကောင်တာမှာ ခရီးဆောင်အိတ်တွေအများကြီးပဲရှိနေနိုင်ကြတယ်။ ခရီးသွားတွေအဆင်ပြေ ပျော်ရွှင်နိုင်စေဖို့လည်း လေဆိပ်တွင်း တည်ဆောက်/ ထိမ်းသိမ်းရေးတာဝန်ရှိသူတွေက အမြဲပဲစီစဉ်နေကြရတယ်။ ဂျပန်နိုင်ငံက နာရီတာလေဆိပ်မှာလည်း အဲဒီလိုများလှတဲ့ခရီးသည်တွေ နှစ်စဉ်လှုပ်ရှားသွားလာနေပါတယ်။ နာရီတာရဲ့ ညီမလေဆိပ်လို့ဆိုတဲ့ ဟာနေဒါမှာတော့ လက်တလောခရီးသွားလျော့ကျသွားပါတယ်။ နာရီတာလေဆိပ်တော့ ဂျပန်မှာ အလုပ်အရှုပ်ဆုံးလေဆိပ်တစ်ခု ဖြစ်နေဆဲပါ။ အဲဒီလို ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေထဲမှာ ကုန်ကျစရိတ်သက်သာပြီး လူစိတ်ဝင်စားနိုင်မယ့်နည်းလမ်းတွေ စဉ်းစားကြတယ်။ ၂၀၁၅ ဧပြီလက ဖွင့်လှစ်ခဲ့တဲ့ terminal 3 က တစ်မျိုးထူးခြားနေပါတယ်။ terminal ရဲ့ဖွဲ့စည်းတည်ဆောက်ပုံမှာ ခန်းမကျယ်ကြီးရှိမနေပါဘူး။ ပြတင်းပေါက်တွေမရှိဘူး၊ အဲဒီအစား ခရီးသွားတွေရဲ့ ခြေထောက်အောက်မှာပဲ အမှတ်အသားတွေရှိနေပါတယ်။ ၁ ကီလိုမီတာနီးပါးရှည်တဲ့ လျှောက်လမ်းမှာ ခရီးသည်တွေကို terminal ဝင်ပေါက်ရှိရာဆီ လမ်းညွှန်ပေးမယ့် အမှတ်အသားတွေပါ။ "တခြားဘယ်လေဆိပ်မှာမှမရှိသေးတဲ့ လေဆိပ်တစ်ခုဖန်တီးဖို့ စိတ်ကူးနဲ့စခဲ့ကြတယ်။ လျှောက်လမ်းကို ကြည့်လိုက်တာနဲ့ ကမ္ဘာကြီးထဲက လူတိုင်း ဒါဘာလဲဆိုတာ သိနိုင်ကြမယ်။ တစ်ကမ္ဘာလုံးဆိုင်ရာသင်္ကေတတစ်ခုကို သုံးထားပါ" လို့ ဂျပန်ဗိသုကာကုမ္ပဏီ Nikken Sekkei ရဲ့ ဗိသုကာ Takao Goto က ပြောပါတယ်။ အဲဒီ terminal ဟာ ချွေတာရေးစီမံကိန်းတွေထဲမှာမှာ ကုန်ကျမှုအနည်းဆုံးပါ။ ခရီးသည်တွေ ပုံမှန်မျှော်လင့်ထားကြသလို ရွေ့လျားလျှောက်လမ်း၊ လျှပ်စစ်လမ်းညွှန်အမှတ်အသား အသွင်အပြင်တွေရှိမနေပါဘူး။ ကိုယ်သွားရမယ့် ဂိတ်ကိုရောက်ရှိနိုင်ဖို့ အရောင်နဲ့ခွဲခြားသတ်မှတ်ထားတဲ့ လျှောက်လမ်း ကောင်းကင်ပြာရောင်၊ အဲဒီ အပြာရောင်လမ်းကြောင်းအတိုင်းလိုက်သွားရမှာပါ။ ဆိုက်ရောက်ခရီးသည်တွေကတော့ မြေသားနီရောင်လမ်းကြောင်းကို ရွေးချယ်နိုင်ပါလိမ့်မယ်လို့ PARTY ဂျပန်ဒီဇိုင်းကုမ္ပဏီက ဆိုတယ်။ terminal တစ်လျှောက်မှာတော့ အလှရှုမြင်ခံစားနိုင်တော့ သွက်လက်ခေတ်မီတဲ့ ပရိဘောဂလေးတွေတပ်ဆင်ထားပေးပါတယ်။ terminal 3 ကနေ ခရီးသည် ၇ သန်းခွဲ လက်ခံနိုင်ခြေရှိပါတယ်။ အနာဂတ်မှာ ဒီလိုထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းမျိုး ဂျပန်နိုင်ငံပြည်တွင်းက ဈေးတွေမှာ တွေ့မြင်လာနိုင်ပါလိမ့်မယ်။

ယူအက်စ်-မက္ကဆီကိုနယ်စပ်မှ လွှင့်ပစ်ထားတဲ့ အမေရိကန်အိပ်မက်တစ်ခု
ခေါင်းဖြီးတဲ့ဝက်မှင်ဘီးတွေ၊ Snicker ချောကလက်တောင့်တွေ၊ ပိုက်ဆံအိတ်တွေစတဲ့ နေ့တိုင်းအသုံးပြုဖြစ်တဲ့ ပုံမှန်အသုံးအဆောင်ပစ္စည်းလေးတွေကို လူတော်တော်များများဆီက ရယူစုဆောင်းထားလိုက်တဲ့အခါ စိတ်ဝင်စားစရာဖြစ်လို့လာတယ်။ ဘာမှမထူးခြားလှတဲ့အဲဒီပစ္စည်းတွေကို စုဆောင်းပြီး Sueno Americano (American Dream) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံအနုပညာပြပွဲပုံစံပြသလိုက်တဲ့အခါ ထိခိုက်စူးရှဖွယ် ဒရာမာဇာတ်လမ်းတွေကို တစ်နေရာထဲမှာ ကြည့်ရှုလိုက်ရသလို ခံစားလိုက်ရတယ်။ အဲဒီအမေရိကန်အိပ်မက် ပရောဂျက်ကို အရီဇိုးနားပြည်နယ် Ajo ဒေသ ယူအက်စ်အခွန်နဲ့ နယ်စပ်စောင့်ကြည့်ရေးမှာ တစ်နှစ်ခန့် တံခါးစောင့်တာဝန်ထမ်းဆောင်ခဲ့တဲ့ Tom Kiefer က စီစဉ်ခဲ့တာပါ။ ကယ်လီဖိုးနီးယားကနေ ၁၂၀မိုင်ဝေးတဲ့ ယူအက်စ်-မက္ကဆီကိုနယ်စပ်ကနေ မိုင် ၄၀ ဝေးတဲ့အဆောက်အဦမှာ ၂၀၀၃ ခုနှစ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယူအက်စ်ဘက်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာခဲ့သူတွေဟာ အဲဒီနေရာအနီးမှာ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေ လွှင့်ပစ် ဒါမှမဟုတ် ပျောက်ဆုံးခဲ့ကြတယ်။ ပစ္စည်းတွေက အဝတ်အစားတွေ၊ ခြေအိတ်၊ ရှုးဖိနပ်အသစ်အစုံလိုက်တွေပါဝင်နေကြပြီး တစ်ကိုယ်ရေအသုံးအဆောင်လေးတွေဖြစ်တဲ့ စိတ်ပုတီးလို၊ ကျမ်းစာအုပ်၊ ခါးပတ်၊ အတွင်းခံ၊ သွားတိုက်တံ၊ ဆပ်ပြာတွေလည်းပါဝင်ကြတယ်။ "အဲဒီပစ္စည်းတွေဟာ မလိုအပ်တော့လို့ စွန့်ပစ်လိုက်တာမဟုတ်နိုင်ဘူးလို့ သေချာသိနေသလိုပဲ။ ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ပျောက်ဆုံးခဲ့ကြလဲ နားမလည်နိုင်ဖြစ်ရတယ်"လို့လည်း Kiefer က ပြောပါတယ်။ "စိတ်ပုတီးလို၊ ကျမ်းစာအုပ်လို ပြီးတော့ သူတို့ရဲ့ကလေးတွေရဲ့ မိသားစုဓာတ်ပုံတွေ၊ အပိုသယ်ဆောင်ခဲ့ကြပုံတဲ့ ရှုးဖိနပ်၊ အပေါ်ဝတ်အကျီတွေ၊ ဘောင်းဘီ၊ ရှပ်အကျီတွေဟာ တစ်ဦးတစ်ယောက်ကို ဘာကြောင့် စေတနာနဲ့ ပေးခဲ့မလဲ။ ဒီပစ္စည်းတွေတစ်ခုစီကို မြင်တွေ့ရတိုင်း ဒရာမာဇာတ်လမ်းတွေ စုပြုံလိုက်ကြည့်နေလိုက်ရသလို ခံစားမိတာကြောင့် ဓာတ်ပုံပြပွဲတစ်ခု ဖန်တီးဖို့ စိတ်ကူးရခဲ့တာပါ"လို့ Kiefer ကပြောပါတယ်။ Tom Kiefer ဟာ အမေရိကန်ဓာတ်ပုံဆရာတစ်ဦးဖြစ်ပြီး American Dream ပရောဂျက်ကို Los Angeles နဲ့ United Kingdom အခြေစိုက် စာနယ်ဇင်းဓာတ်ပုံအေဂျင်စီ Story Institute က စီစဉ်ခဲ့တာပါ။

ကမ္ဘာ့ပထမဆုံး ၈ ဂဏန်းစာလုံးပါ ချားရဟတ် မကာအိုမှာဖွင့်လှစ်လိုက်ပြီ
ယူနိုက်တက်စတိတ်ရဲ့လောင်းကစားမြို့တော် Las Vegas လိုပဲ တရုတ်နိုင်ငံမှာတော့ Macau မြို့တော်ဟာ နာမည်ကြီးလှပါတယ်။ အခု မကာအိုမြို့တော်မှာ တီဗီ၊ ရုပ်ရှင်အသံလွှင့်ခန်းတွေနဲ့ ကစားခန်းမတွေ၊ ဟိုတယ်ခန်းတွေအပါအဝင် figure 8 အင်္ဂလိပ်လို ၈ ဂဏန်းစာလုံး ချားရဟတ်ပါ တည်ဆောက်ထားတဲ့ Studio City အပမ်းဖြေအဆောက်အဦကြီးကို ဖွင့်လှစ်ခဲ့ပါတယ်။ Studio City ရဲ့အလယ်မှာ ရွှေရောင်တလက်လက်တောက်ပနေမယ့် ကြီးမားလှတဲ့ figure-8 ချားရဟတ်ကြီးထည့်သွင်းတည်ဆောက်ထားတာဟာ ကမ္ဘာ့ပထမဆုံးအဆောက်အဦပုံစံဖြစ်နေပါတယ်။ ၁၃၀ မီတာမြင့်တဲ့ Studio City အဆောက်အဦမျှော်စင်နှစ်ခုရဲ့အလယ်မှာ အသားညှပ်မုန့်လိုပဲ ရွှေရောင်ဘီးလုံးကြီးတည်ရှိတယ်။ နံပတ် ၈ ဂဏန်းဟာ တရုတ်ယဉ်ကျေးမှုမှာ ကံတရားသင်္ကေတအဖြစ် မကြာခဏမြင်တွေ့ရတယ်လို့ ဆိုပါတယ်။ အဆောက်အဦဒီဇိုင်းဟာ ဟောလိဝုဒ်လောကကြီးကို အမှတ်ရစရာပါပဲ။ ရဟတ်ဘီးလုံးနှစ်ခုဟာ ဟန်ချက်ညီညီပွတ်တိုက် ရွေ့လျားပြီး လှပတဲ့ရွှေရောင်ကွင်းတွေအစုံလိုက် ပေါ်ထွက်လာသလိုမြင်တွေ့နေနိုင်ပါတယ်။ ရေနွေးငွေ့စွမ်းအင်သုံး လူစီးအခန်းငယ် ၁၇ လုံးပါရှိပြီး တစ်ခန်းမှာ ခရီးသည် ၁၀ ဦးထိ လိုက်ပါနိုင်တယ်။ တခြားဆွဲဆောင်ထားမယ့်အရာတွေက 4D Batman ယာဉ်နဲ့ ကမ္ဘာ့နာမည်ကြီးမျက်လှည့်ပညာရှင် Franz Harary ရဲ့ မျက်လှည့်ပြပွဲတွေလည်းပါဝင်ကြတယ်။ စတုရန်းပေ ၄၀၀၀၀ ရှိတဲ့ Warner Bros စတိုင် အပမ်းဖြေစင်တာ၊ ထိုင်ခုံ ၅၀၀၀ ဆန့် ဖြေဖျော်ရေးရိပ်သာနဲ့ မကာအိုရဲ့ နာမည်ကြီး Pacha ကလပ်လည်းရှိနေပါတယ်။ မကာအိုကို အဲဒီဒေသရဲ့ လောင်းကစားမြို့တော်တစ်ခုထက် မိသားစုအပမ်းဖြေ၊ ဖြေဖျော်ရေးမြို့တော်တစ်ခုအသွင်ပြောင်းလဲနိုင်ဖို့ ကြိုးစားမှုတစ်ခုလို့ Melco Crown Entertainment အကြီးအကဲ Lawrence Ho က ပြောပါတယ်။ The Audition ဇာတ်လမ်းတိုကို Studio City မှာပဲ ဒါရိုက်တာ Brett Ratner ရိုက်ကူးပြီး Martin Scorsese, Leonardo DiCaprio, Robert De Niro နဲ့ Brad Pitt တို့ သရုပ်ဆောင်ထားကြတယ်။ ၁၅ မိနစ်စာအဲဒီရုပ်ရှင်ဇာတ်လမ်းတိုအတွက် ကုန်ကျစရိတ်က ဒေါ်လာ သန်း ၇၀ ရှိပြီး ဈေးအကြီးဆုံးကြော်ငြာထဲက တစ်ခုဖြစ်ခဲ့တယ်။


ဖြိုးဖြိုး
(Living Fashion Magazine, December, 2015)

No comments: