Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, January 01, 2016

ဂီတသတင်းများ

အဒဲလ်ရဲ့ဆုတွေသိမ်းတဲ့နေရာ ရေချိုးခန်းထဲမှာ
Adele ဟာ သူမ ခက်ခက်ခဲခဲရရှိထားခဲ့တဲ့ဆုတွေကို ရေချိုးခန်းထဲမှာ သိမ်းထားသတဲ့။ ရေချိုးခန်းထဲမှာ အသံလေ့ကျင့်သီဆိုခဲ့ရတဲ့ အဆိုတော်ဝါသနာရှင်မလေးရဲ့ သည်းသည်းထန်ထန်ကြိုးစားအားထုတ်ခဲ့ရပုံကို ပြန်သတိပေးချင်တာကြောင့်လို့ဆိုပါတယ်။ Hello သီချင်းရဲ့ စတား Adele ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဂီတပရိသတ်တွေရဲ့ ချီးကျူးဂုဏ်ပြုသံတွေ အများကြီးပဲ စုဆောင်းသိမ်းဆည်းနိုင်ခဲ့ပြီးပါပြီ။ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ် 19 ရဲ့ အောင်မြင်မှုရယ်၊ ၂၀၁၁ က အယ်လ်ဘမ် 21 အပေါ် ဝေဖန်သံညံညံ/ ချီးကျူးသံလှိုင်လှိုင်ရရှိခဲ့တာတေအတွက် ဂီတပရိသတ်ကို အဓိကချီးကျူးစရာပါလို့ Adele ကဆိုတယ်။ Adele စုဆောင်းထားတဲ့ဆုတွေမှာ Grammy Award တွေ၊ Brit Award တွေနဲ့ Ivor Novello gong ဆုတစ်ဆု နဲ့ bond ရုပ်ရှင် Skyfall သီချင်းအတွက် ၂၀၁၃ ခုနှစ်က ရရှိခဲ့တဲ့ Oscar ဆုတွေရယ်ပါဝင်ကြတယ်။
Academy Award ကိုတော့ သူမရဲ့အိပ်ခန်းထဲမှာ သိမ်းထားပါတယ်။ တခြားဆုတွေကို သူမရဲ့ရေချိုးခန်းထဲမှာ သိမ်းထားလိုက်တယ်။ The Sun သတင်းစာနဲ့အမေးအဖြေမှာ "ကျမ ရေချိုးခန်းထဲသွားတဲ့အခါတိုင်း၊ နေ့တိုင်း သီချင်းဆိုကျင့်တုန်းပဲ။ ပြီးတော့ ဆုတွေကိုမြင်တယ်။ တွေးမိတယ် "အို … ကျမ ကောင်းကောင်းမွန်မွန်လုပ်နိုင်ခဲ့တာပဲ။ ဒါ အမှန်ပဲ" လို့ဖြေထားတယ်။ သူမရဲ့အောင်မြင်မှုတွေ ကြီးမားခမ်းနားခဲ့လည်း သူမ လုံလောက်တဲ့အတိုင်းအတာထိ မအောင်မြင်နိုင်သေးတာ တစ်ခုတော့အခုထိရှိသေးတယ်လို့ Rolling in the Deep အဆိုရှင်လေးက ဆိုပြန်တယ်။ တောင်အာဖရိက မိုဇမ်ဘီကန်/ ပေါ်တူဂီဟင်းလျာစတိုင်ကြက်သားဆိုင် Nando's စားသောက်ဆိုင်ခွဲတွေက စူပါစတားတွေကို အစားအစာအခမဲ့စားသုံးခွင့်ပေးထားလေ့ရှိတယ်။ အဲဒီစားသုံးခွင့်ရနိုင်တဲ့ စပယ်ရှယ် black card သူမမှာ မရှိသေးဘူးဆိုပြီး နောက်ပြောင်လေသလား၊ အတည်ပဲပြောလေသလား Adele ကပြောပါတယ်။ Jay Z နဲ့ Ed Sheeran တို့မှာ ယူကေဆိုင်ခွဲတွေအတွက် အဲဒီ ထိပ်တန်းလှို့ဝှက်ကတ်ပြားတွေရှိနေတယ်။ Adele ဟာ VIP စားသုံးသူအုပ်စုဝင်ဖြစ်ဖို့ စိတ်အားထက်သန်နေရှာတယ်။ R&B စတား Beyoncé က သီချင်းအတူတူ Duet တွဲဆိုဖို့ ဖိတ်ခေါ်တာကိုတော့ Adele က ငြင်းဆန်ခဲ့တယ်။ Beyoncé က သူမကို ချဉ်းကပ်ခဲ့တာ တစ်နှစ်လောက်ရှိနေခဲ့ပါပြီ။ Adele ဘာကြောင့် Beyoncé နဲ့ သီချင်းအတူတွဲဆိုဖို့ ငြင်းဆန်ခဲ့လည်း မသိနိုင်ပါဘူး။ ဖြစ်နိုင်တာတစ်ခုကတော့ Adele ဟာ သူ့ရဲ့ ဘဝအနေအထားကို အင်မတန်ဂရုစိုက်သူပါ။ သူမရဲ့ကျော်ကြားမှုနဲ့အတူ ရုန်းကန်လှုပ်ရှားမှုတွေ ဝါးမျိုတိုက်ခိုက်ခံခဲ့ရတယ်ဆိုတာ အမြဲပွင့်ပွင့်လင်းလင်းဆိုခဲ့တယ်။ "ကျမကြောက်လန့်နေတာကြောင့်ပါ။ ရှင်သိလား၊ အဲဒါဟာ ကျမကို ဖျက်ဆီးနေတယ်။ ပျက်စီးစေတယ်။ ဆုံးရှုံးမှုတွေလာလိမ့်မယ်။ ကျော်ကြားမှုဆိုတာဟာ အဆိပ်သင့်စေတယ်။ ကျမ ကိုယ်ခန္ဓာမှာ အဆိပ်တွေ လုံလုံလောက်လောက်ပျံ့နှံ့စီးဝင်နေပြီ။ ကျမ အဲဒါတွေမလိုတော့ဘူး" တဲ့။

ဒီနှစ်ဒီဇင်ဘာ Jingle Bell Ball ဂီတဖြေဖျော်ပွဲမှာ အရီယာနာ ဂရန်ဒီရှိမယ်
Ariana Grande နဲ့ David Guetta တို့ဟာ ယူကေ ရေဒီယိုလိုင်း Capital က နှစ်စဉ်ပြုလုပ်နေကြ Jingle Bell Ball ဖြေဖျော်ပွဲမှာ သီဆိုဖို့ရှိတယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ လန်ဒန် O2 ကွင်းမှာ နှစ်ရက်တာပြုလုပ်မယ့် အဲဒီပွဲမှာ သီဆိုကြမယ့်စတားတွေ ပြည့်သိပ်လို့နေပါတယ်။ "Problem" hit သီချင်းသီဆိုသူလေး Ariana နဲ့ ပြင်သစ် DJ သမားတို့လည်းပါဝင်ကြတယ်။ ကြေညာပြီးတဲ့နောက် Ariana ကပြောပါတယ်။ "ကျမ အလွန်စိတ်လှုပ်ရှားမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမပွဲလမ်းသဘင်ဆင်နွှဲပေးရမယ့်သူတစ်ဦးဖြစ်နေတယ်။ အဟုန်ပြင်းပြင်းကျင်းပဖို့ရှိနေကြတယ်။ ရယ်ရွှင်ဖွယ်အကောင်းဆုံးသူတစ်ဦးအဖြစ်ပေါ့။ ရှင်မြင်ဖူးသမျှထဲမှာ ကျမက အရွှင်ပျဆုံးဖြစ်နေနိုင်တော့မှာပါ" တဲ့။ ဒီဇင်ဘာ ၅ ရက်နေ့ ပွဲတော်ပထမရက်မှာ နှစ်ဦးသားဖြေဖျော်ပါလိမ့်မယ်။ တခြားဂီတအဖွဲ့တွေဖြစ်တဲ့ Years & Years, Jason Derulo, Jess Glynne နဲ့ Nathan Sykes တို့လည်း စင်ပေါ်မှာတွေ့မြင်ရဦးမှာပါ။ The Wanted အဖွဲ့သားဟောင်း Nathan ကလည်း "ဂီတတေးသံတွေကြားထဲပြန်လှည့်လာရတာ အင်မတန်စိတ်လှုပ်ရှားရပါတယ်။ ဒီဂီတပွဲဟာ သီဆိုဖို့ အမြဲခမ်းနားတယ်။ Jingle Bell Ball ဂီတပွဲမှာ ထူးခြားတဲ့ဂီတသံတွေ အမြဲလွှမ်းခြုံထားတယ်။ ဂီတသမားတွေကလည်း ခမ်းနားတယ်။ ဂီတပရိတ်သတ်တွေကလည်း ကြီးကျယ်ခမ်းနားနေကြတယ်။ အဲဒီနေရာကို ရောက်လာကြတဲ့သူတိုင်း တကယ့်ကို ခမ်းနားတဲ့ ပျော်ရွှင်စရာအချိန်တစ်ခုရခဲ့ကြတာချည့်ပဲ။ အဲဒီတော့ ကျွန်တော်တော့ ပွဲတော်နွှဲဖို့ ပြင်ဆင်နေပြီပေါ့" လို့ ဆိုပါတယ်။ ဒုတိယနေ့မှာ Black Magic သီချင်းပိုင်ရှင် ပေါပ့်အဖွဲ့ Little Mix အဆိုရှင်လေးတွေ သီဆိုကြလိမ့်မယ်။ သူတို့လေးတွေက ၂၀၁၂ နဲ့ ၂၀၁၃ မှာ ဖြေဖျော်ခဲ့ကြဖူးတယ်။ Little Mix မိန်းကလေးတစ်ဦး Perrie က ပြောပါတယ်။ "Jingle Bell Ball မှာ သီချင်းဆိုရတာ သိပ်သဘောကျတယ်။ လူတိုင်းပဲ အားပါးတရရယ်မောနိုင်တယ်။ boogie သီချင်း၊ အကကောင်းကောင်း ကခုန်လို့ရသေးတယ်။ တခြား ဂီတအဖွဲ့သား သူငယ်ချင်းတွေနဲ့လည်းဆုံနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုပေါ့" တဲ့။ ၂၀၁၅ ဂီတဖြေဖျော်ပွဲအတွက် ကိုကာကိုလာက စီစဉ်ထောက်ပံ့ပေးမှာပါ။ ဒီဇင်ဘာ ၅ ပထမနေ့မှာ Coldplay, David Guetta, Jason Derulo, Ariana Grande, Years & Years, Jess Glynne နဲ့ Nathan Sykes တို့ ဖြေဖျော်ကြ့ပီး ဒီဇင်ဘာ ၆ ဒုတိယနေ့ ဖြေဖျော်မယ့်သူတွေမှာ Justin Bieber, Calvin Harris, Little Mix, Ellie Goulding, Nick Jonas, Sigma နဲ့ Charlie Puth တို့ ပါဝင်ကြတယ်။

ဂေးကောလဟာလကြားမှာ စိတ်အနှောင့်အယှက်မဖြစ်တဲ့သူ Kiss အဖွဲ့သား
အမေရိကန် hard rock အဖွဲ့ The Kiss ရဲ့အဖွဲ့သား Paul Stanley ဟာ လိင်တူစိတ်ဝင်စားသူ ဂေးတစ်ဦးဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေကြားလာရတာနဲ့ပတ်သက်လို့ စိတ်အနှောင့်အယှက်မဖြစ်ရပါဘူးတဲ့။ Paul Stanley နဲ့ နယူးဇီလန်ရေဒီယို The Breeze အမေးအဖြေမှာ "ကျွန်တော်ဂေးတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်သာ ဂေးတစ်ယောက်ဖြစ်မယ်ဆို၊ ကျွန်တော်ဘာပဲဖြစ်နေဖြစ်နေ ဂေးဖြစ်ရတာလည်း ဂုဏ်ယူမိမှာပဲ" လို့ဆိုတယ်။ Crazy Nights အယ်လ်ဘမ်သီဆိုခဲ့တဲ့ Kiss ရောခ့်သမားကြီးဟာ ဇနီးဟောင်း Pamela Bowen နဲ့ သား ၁ ယောက်ရှိထားပြီး၊ လက်ရှိဇနီး Erin Sutton နဲ့ ကလေး ၃ ယောက်ရှိပါတယ်။ "ခင်ဗျားသာလူကောင်းတစ်ယေက်ဖြစ်နေသရွေ့၊ လိင်ပိုင်းဆိုင်ရာ ဘယ်တိမ်း၊ ဘယ်ယိမ်းစတဲ့ကိစ္စဟာ လုံးဝမဆီမဆိုင်အနေအထားပဲ" လို့ Paul Stanley က ဆိုတယ်။ သားသမီး ၄ ဦးတောင်ရှိထားတယ်။ အမျိုးသမီးတစ်ဦးနီးနီးနားနားရှိနေတယ်။ အရိုးသားဆုံးပြောမယ်ဆိုရင် ယောက်ျားသားတစ်ဦးတော့ ဘယ်တော့မှရှာမနေပါဘူး။ ဒါပေမဲ့ မိန်းကလေးတစ်ဦးအနီးအနားမရှိဘူးဆိုရင် လူတစ်ဦးများရှာမိမလားဘဲ။ ကျွန်တော်ဘာပြောတယ် ခင်ဗျားသိမလား။ အဲဒါဟာ တကယ့်ကို စိတ်ဝင်စားစရာကောင်းနေမှာပဲ" လို့ ခပ်ရွတ်ရွတ်ဖြေသွားပါတယ်။ Kiss ရော့ခ်ဂုရုကြီးတွေဟာ ရုပ်ရှင်အသစ် နဲ့ တီဗီဇာတ်လမ်းအသစ်တွေမှာ အလုပ်လုပ်ဖို့ ရှိနေပါတယ်။ hit ဖြစ်ခဲ့တဲ့ TV Show 'Breaking Bad' နဲ့ ၁၉၈၈ ခုနှစ်က ဒရာမာရုပ်ရှင် Rain Man ကို ထုတ်လုပ်ခဲ့သူ အော်စကာဆုရှင် Mark Johnson နဲ့ရုပ်ရှင်ကားအသစ်တစ်ကားအတွက် အလုပ်တွဲလုပ်ကြပါမယ်လို့ Kiss ရဲ့ ဂစ်တာသမား Gene Simmons ကပြောပါတယ်။ ပရောဂျက်အတိအကျကိုပြောပြဖို့ Gene က ငြင်းခဲ့တယ်။ ရုပ်ရှင်မှာ အဖွဲ့သားတွေ ရုပ်လုံးထွက်ပြမှာမဟုတ်ဘူးလို့တော့ ပြောလိုက်ပါတယ်။ တီဗီဇာတ်လမ်းအတွက် Warner Bros. နဲ့ အလုပ်လုပ်မယ်လို့ သူက ထပ်ဖြည့်ပြောခဲ့တယ်။ Kiss အဖွဲ့သားတွေဟာ ၁၉၇၈ တုန်းက တီဗီဇာတ်လမ်း Kiss Meets the Phantom of the Park မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတယ်။ Kiss အဖွဲ့သားတွေအကြောင်း ၁၉၉၉ခုနှစ်က Detroit Rock City,  animated စွန့်စားခန်းရုပ်ရှင် Scooby-Doo! နဲ့ Kiss: Rock and Roll Mystery တို့မှာ ရုပ်လုံးပြ သရုပ်ဆောင်ခဲ့ကြပါတယ်။

Aerosmith ရဲ့ရောခ့်ဂီတသမား တိုင်လာရဲ့ ပရဟိတအလှူ
အမေရိကန်ရောခ့်အဖွဲ့ Aerosmith ရဲ့ရောခ့်ဂီတသမား Steven Tyler ဟာ မတရားစော်ကား၊ နှိပ်စက်ညဉ်းပန်းခံ၊ရတဲ့ မိန်းကလေးတွေကို ကယ်ဆယ်ဖို့ ရံပုံငွေမတည်ထူထောင်ခဲ့ပါတယ်။ Janie's Fund လို့ အမည်ပေးထားတဲ့ ရံပုံငွေအဖွဲ့ကို စတင်တည်ထောင်လိုက်တာပါ။ Janie's Fund လို့အမည်ပေးဖြစ်တာကတော့ Aerosmith ရဲ့ ၁၉၈၉ ခုနှစ်က သီချင်းတစ်ပုဒ်ဖြစ်တဲ့ Janie's Got a Gun ကို ရည်ရွယ်ပြီး ပေးဖြစ်ခဲ့တာပါ။ အဲဒီသီချင်းဟာ ကလေးသူငယ်နှိပ်စက်ညဉ်းပန်းမှုနဲ့ သွေးရင်းအချင်းချင်းနိုင်ထက်စီးနင်းပြုမှုအကြောင်း ရေးသား ထားပါတယ်။ "အဖေတစ်ယောက်၊ အဖိုးတစ်ယောက်ဖြစ်နေတဲ့ကျွန်တော့်အတွက် တကယ့်အရေးတကြီးကိစ္စဖြစ်တဲ့ ဒီလိုအရာတွေပေါ်မှာ ကျွန်တော့်စွမ်းအားတွေ ပို့လွှတ်ထားချင်တယ်။ အာရုံစိုက်ထားချင်တယ်။ ကျွန်တော့်ဂီတနဲ့ အဲဒီရူးသွပ်နေတဲ့ကမ္ဘာကြီးမှာ တခုခုချန်ထားရစ်နိုင်အောင်ကြိုးစားချင်တယ်။ Janie's Fund ဟာ ကူကယ်ရာမဲ့နေတဲ့ သန်းပေါင်းများစွာသော ဒုက္ခသည်လေးတွေကို အသံတစ်သံပေးချင်တယ်။ လူတိုင်းကိုလည်း ဒီမစ်ရှင်မှာ ကျွန်တော်နဲ့အတူ ပူးပေါင်းပါဝင်လာဖို့ တိုက်တွန်းချင်တယ်"လို့ Tyler က ပြောပါတယ်။ "နှစ်တွေကြာလာခဲ့ပြီ။ ပရိသတ်ထောင်ပေါင်းများစွာက ရေးပို့ခဲ့ဖူးတဲ့ သူတို့ရဲ့အဖြစ်အပျက်တွေအကြောင်းကျွန်တော့်စိတ်ထဲမှာ စွဲထင်နေခဲ့တယ်။ Janie's Got a Gun သီချင်းဟာ ဘယ်လောက်ထိ သူတို့ကိုခံစားမိစေခဲ့တယ်။ ဘယ်လောက်လှုံ့ဆော်ပေးခဲ့တယ်စတဲ့အကြောင်းတွေ ပရိသတ်တွေက စာရေးသားပြောပြခဲ့ကြတယ်" လို့ Janie's Fund website မှာ Tyler က ရေးထားပါတယ်။ ဂီတပရိသတ်တွေအတူ ပူးပေါင်းပါဝင်နိုင်မယ့် Prizeo စာမျက်နှာမှာ အလှူရှင်တွေအတွက် ဆုပေးအပ်မယ့်အစီအစဉ်တွေလည်း ဖော်ပြထားတယ်။ သင်က ၅ ဒေါ်လာလှူခဲ့မယ်ဆိုရင် ကံစမ်းမဲတစ်စောင်ရပြီး Ultimate VIP Rock Experience အတွက် Tyler ရဲ့အယ်လ်ဘမ်မိတ်ဆက်ပါတီပွဲကို တက်ရောက်နိုင်မှာပါ။ တကယ်လို့ ကံစမ်းမဲကနေ ဒေါ်လာ ၇၅၀၀၀ အထိရခဲ့မယ်၊ လှူဒါန်းလိုက်မယ်ဆိုရင် Janie's Angle ဖြစ်နိုင်ပါလိမ့်မယ်။ Tyler နဲ့ ညစာအတူစားခွင့်လည်းရရှိမှာဖြစ်ပြီး သူ့ရဲ့ လည်စည်းပုဝါစီးနှောင်ထားတဲ့ အထင်ကရ မိုက်ကရိုဖုန်း stand တွေထဲကတစ်ခု ပေးအပ်ပါလိမ့်မယ်။ Tyler လက်မှတ်ထိုးနဲ့ Janie's Got a Gun သီချင်းစာသားကော်ပီကိုလည်း ရရှိနိုင်မှာပါ။ Tyler ရဲ့၂၀၁၅ အကုန်လောက်မှာထွက်ရှိမယ့် solo အယ်လ်ဘမ်အသစ်ရဲ့ title သီချင်း Love is Your Name ဟာ ကမ်းထရီးသီချင်းတစ်ပုဒ်ပါ။ Tyler က အယ်လ်ဘမ်အသစ်အတွက် အလုပ်တွေရှုပ်နေမယ်ဆိုတော့ လာမယ့် ၂၀၁၆ tour ခရီးစဉ်တွေအတွက် စိတ်ပါလက်ပါရှိမှာမဟုတ်ဘူး လို့ အဖွဲ့သားတစ်ဦးဖြစ်တဲ့ ဂစ်တာသမား Brad Whitford က ညည်းတွားပါတယ်။ "ကျွန်တော့်အမြင်ပြောရရင် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေက သူ့သီချင်းသံကို နားထောင်ချင်ကြသလို သူ့ကိုလည်းအရှင်လတ်လတ်မြင်တွေ့ပြီး သူသီချင်းဆိုတာနားထောင်ချင်ကြမှာပဲပေါ့။ Tyler ဆိုတဲ့ငနဲဟာ သူလုပ်ချင်တာရှိနေပြီဆို သူ့ဦးခေါင်းပေါ် ကျွန်တော်က သေနတ်တစ်လက်နဲ့ ချိန်ရွယ်ထားလိုက်ရင်တောင် ဂရုစိုက်မှာမဟုတ်ဘူး။ အဲဒါတော်တော်လေးတော့ စိတ်ပျက်စရာပဲ" တဲ့။

ပေါပ့်ရောခ့်နဲ့ ဘလူးစ်ရောခ့်အဆိုတော်ကြီးနှစ်ဦးတွေ့တဲ့ ဂီတပွဲ
၁၉၆၀ အလယ်ပိုင်းလောက်က စတင်နာမည်ကျော်ကြားခဲ့တဲ့ ဝေလသား pop/ rock ဂီတသမားကြီး Sir Tom Jones နဲ့ အိုင်းရစ်ရှ်သား blues/ folk/ rock ဂီတသမားကြီး Sir Van Morrison တို့နှစ်ဦးရဲ့ Duet ဂီတဖြေဖျော်ပွဲကို လန်ဒန် O2 ကွင်းမှာ ပြုလုပ်ခဲ့တယ်။ အဲဒီ Prudential BluesFest ပွဲမှာ ဂီတပရိသတ်တွေ တစ်ဝကြီးနားထောင်ခဲ့ကြရတယ်။ ဝေလဂန္တဝင်ဂီတသမားနဲ့ အိုင်းရစ်ရှ်လွမ်းတေးဂီတသမားတို့ ရှားရှားပါးပါး တွေ့ဆုံခဲ့ကြတဲ့ ဂီတပွဲတစ်ပွဲပေါ့။ ဂီတပွဲကို ၃ ရက်ကြာကျင်းပကြပါတယ်။ ဂီတသမားကြီးနှစ်ဦးဟာ သီချင်းများစွာအတူတူသီဆိုကြတယ်။ အာဖရိကန်-အမေရိကန် ချီကာဂို Blues ဂီတသမား Howlin' Wolf ရဲ့ I've Been Abused သီချင်းကိုလည်း စိတ်ဝင်စားဖွယ်ရာ သီဆိုခဲ့ကြတယ်။ အခုလက်ရှိ အသက် ၇၀ ရှိနေပြီဖြစ်တဲ့ Van ဟာ ခိုင်မာတဲ့ပရိသတ် ၁၀၀၀၀ အနည်းဆုံးရှိနေဆဲဂီတသမားပါ။ Van နဲ့ Tom တို့ဟာ ငယ်သူငယ်ချင်းကောင်းတွေဖြစ်ကြတယ်။ Boston, Lincolnshire မှာတုန်းက ငယ်ငယ်ရွယ်ရွယ် အဲဒီ အဆိုဝါသနာရှင်လေးနှစ်ဦးဟာ The Starlight Rooms တွေမှာ သီချင်းအတူတူ သီဆိုဖြေဖျော်ခဲ့ကြတယ်။ Tom က အမှတ်တရတွေ ပြန်လည်တွေးတောရင်းပြောပါတယ်။ "သူတို့ ဘာကြောင့် Starlight Rooms လို့ ခေါ်မှန်း ကျွန်တော်မသိပါဘူး။ အဲဒီအခန်းဟာ ညစ်ထပ်ထပ်မြေအောက်ခန်းတစ်ခုသာဖြစ်ခဲ့တယ်" တဲ့။  အင်္ဂလိပ်ဂီတသမားတွေဟာ သိပ်ပြီး ဟန်ကြီးပန်ကြီးလုပ်ကြတယ်။ အဲဒီအလုပ်သင်ကာလဟာ ခက်ခဲကြမ်းတမ်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ သိပ်သဘောကျခဲ့တယ်။ ကျွန်တော်တို့ ပိုက်ဆံမရှာနိုင်ခဲ့ကြဘူး။ ကျွန်တော်တို့ သောက်စားပစ်လိုက်ကြတာပဲ။ အဲဒီနေ့ရက်တွေတုန်းက ကျွန်တော်တို့ဟာ သိပ်ကောင်းတဲ့သောက်ဖော်စားဖက်သူငယ်ချင်းတွေပေါ့" လို့ Tom ကပြောပြခဲ့တယ်။  Tom က စကားဆက်ပါတယ်။ "အခုလည်း ကျွန်တော်တို့ သောက်နေကြတုန်းပဲ။ ဒါပေမဲ့ အတော်များများက ဖိတ်စဉ်ပြီးကုန်တော့တာပဲ။ ဘာကြောင့်လဲဆို ကျွန်တော်တို့က အိုမင်းပြီပဲ" လို့ဆိုတယ်။ အဲဒီနေ့က ပွဲမှာ Van စတင်ဖြေဖျော်ခဲ့တဲ့ သီချင်းတွေက Born In the Game နဲ့ Ray Charles ရဲ့ hit သီချင်း I Can't Stop Loving You သီချင်းတွေပါ။ ပြီးတော့ Tom နဲ့ အတူတွဲလို့ Van ရေးခဲ့တဲ့ I'm not Feeling It Anymore ကို သီဆိုခဲ့တယ်။ အဲဒီသီချင်းကို ၁၉၉၁ ခုနှစ်တုန်းက Van ရေးခဲ့တာပါ။ Tom က လတ်တလော ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ထဲက blues-heavy စတိုင်သီချင်းတွေလည်း ဆိုသွားပါတယ်။ သူ့ရဲ့ classic hit သီချင်း Sex Bomb နဲ့ It's Not Unusual သီချင်းတွေကို ပရိသတ်တွေအကြိုက် ပျော်ရွှင်မြူးထူးစွာ သီဆိုသွားခဲ့တယ်။

အကောင်းဆုံးရုပ်ရှင်သီချင်းတွေဆိုတာ
ယူကေရဲ့ Classic FM ရေဒီယို နားထောင်ကြတဲ့ ဂီတပရိသတ်တွေက မဲပေးခဲ့ကြတဲ့ ရုပ်ရှင်သီချင်းတွေမှာ ကနေဒီယန်းတေးရေးဆရာ Howard Shore ရဲ့ The Lord of the Rings ရုပ်ရှင်သီချင်းကို အကောင်းဆုံး soundtrack အဖြစ်ရွေးခဲ့ကြတယ်။ အော်စကာဆု ၃ ဆုရရှိခဲ့တဲ့ Shindler's List ထဲက John WIlliam ရေးသားခဲ့တဲ့ရုပ်ရှင်သီချင်း နဲ့ Hans Zimmer ရေးသားခဲ့တဲ့ Gladiator ထဲက သီချင်းတွေကလည်း အပြိုင်ရွေးချယ်ခံရပါတယ်။ Star Wars, Harry Potter နဲ့ Jurassic Park သီချင်းတွေက ထိပ်ဆုံးသီချင်း ၁၀ပုဒ်ထဲမှာ နေရာယူထားကြသလို Saving Private Ryan, ET နဲ့ Raiders of the Lost Ark တို့ရဲ့ သီချင်းတို့နဲ့အတူ Williams ရဲ့ Shindler's List သီချင်းကလည်း ထိပ်ဆုံးသီချင်း ၃၀ ထဲမှာ ၈ ကြိမ်မြောက်နေရာရနေခဲ့ကြတာပါ။ ၂၀၁၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Interstellar သိပ္ပံဆန်းကြယ်ရုပ်ရှင်ကားထဲက ဂျာမန်တေးရေးဆရာ Hans Zimmer ရဲ့သီချင်းဟာလည်း သီချင်းနားထောင်ကြသူတွေပေးတဲ့ မဲပေါင်း ၂၁၀၀၀ နဲ့ နံပါတ် ၄၃အဖြစ် စာရင်းအသစ်ဝင်လာခဲ့ပါတယ်။ The Lord of the Rings ရုပ်ရှင်ထဲက hobbit  'Frodo Baggins' အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Elijah Wood က Classic FM ကို ပြောခဲ့ပါတယ်။ "ဂီတဟာ အဲဒီရုပ်ရှင်တွေနဲ့ ထပ်တူပဲ အရေးကြီးတဲ့အပိုင်းတစ်ပိုင်းပါ။ ရုပ်ရှင်တစ်ကားပရိသတ်ကြည့်နှုန်းများသွားတဲ့အတူ သီချင်းအပေါ်စိတ်ခံစားမှုဆက်သွယ်ပြီး သီချင်းကိုလည်း ကြိုက်နှစ်သက်သူပိုပြီးများလာတတ်ကြတယ်။ သီချင်းတေးသွားကို ပိုပြီးအာရုံစိုက်မိလာကြတယ်။ Hobbiton တေးသွားတွေအကြောင်းစဉ်းစားကြည့်မယ်ဆို အဲဒီသီချင်းတွေဟာ တကယ့် ဂန္တဝင်သီချင်းတေးသွားတွေပါ"။ Shore ဖန်တီးခဲ့တဲ့အထဲက ပေါ်ပြူလာသိပ်မဖြစ်လှတဲ့ Hobbit သီချင်းတောင်မှ အဆင့် ၃၅ ထိရောက်ရှိခဲ့ပါတယ်။ အချိန်တိုင်း အကောင်းဆုံး ရုပ်ရှင်တေးသွား ၁၀ ခုမှာ 
1. Lord of the Rings trilogy - Howard Shore
2. Schindler's List - John Williams
3. Gladiator - Hans Zimmer
4. Star Wars (1977) - John Williams
5. Out of Africa - John Barry
6. Dances with Wolves - John Barry
7. Harry Potter - Howard Shore
8. The Mission - Ennio Morricone
9. Jurassic Park - John Williams
10. Pirates of the Caribbean: The Curse of the Black Pearl - Klaus Badelt တို့ဖြစ်ကြတယ်။

ဖြိုးဖြိုး
(Yati Magazine, December, 2015)

No comments: