Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, April 30, 2016

အောင်မြင်ကျော်ကြားသူတို့ သတင်းများ

ကတ်ကိုဘိန်းအသုံးပြုခဲ့တဲ့ သေနတ်တစ်လက်တဲ့
ရော့ခ်ဂီတသမိုင်းထဲက ဝမ်းနည်းဖွယ်ရာစာမျက်နှာပေါ်မှာရှိခဲ့ဖူးတဲ့ အဓိကသက်သေအထောက်အထားတစ်ခုကို အာဏာပိုင်တွေက ထုတ်ပြလိုက်ပါတယ်။ အဲဒါက ကတ်ကိုဘိန်းသေဆုံးမှုအကြောင်းနဲ့ ပတ်သက်ပြီး လှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ယူဆနေကြတာတွေကို ဖြေဖျောက်စေဖို့ ကြိုးပမ်းမှုနောက်တစ်ခုလို့ပဲ ပြောရမှာပါ။ ကိုဘိန်းကို အသက် ၂၇ နှစ်အရွယ်၊ ၁၉၉၄ ခုနှစ် ဧပြီ ၈ ရက်နေ့က Seattle နေအိမ်မှာသေဆုံးနေတာတွေ့ရှိခဲ့ကြတယ်။ သူ့ရဲ့သေဆုံးမှုကို သေကြောင်းကြံစည်မှုလို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လလယ်လောက်တုန်းက စုံထောက်တစ်ဦး ထင်ထင်ရှားရှားကိုင်ဆောင်ပြထားတဲ့ (သေကြောင်းကြံစည်ရာမှာ အသုံးပြုခဲ့တဲ့) Remington shotgun တစ်လက်ပါ ဓာတ်ပုံ ၅ ပုံကို Seattle ရဲက ပြသခဲ့ပါတယ်။
လူအများမြင်သာအောင် ရဲကထုတ်ပြလိုက်တဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး "သေနတ်ကို သက်သေအထောက်အထားအဖြစ်က ဖျောက်ထားတာ၊ ဖြစ်နိုင်ခြေရှိတဲ့ လူသတ်သမားကို ဖုံးကွယ်ထားတာလို့ယူဆနေကြတဲ့ကောလဟာလ လွင့်ပြယ်စေဖို့လား"လို့ CBS News က မေးခွန်းထုတ်ခဲ့ပါတယ်။ Seattle ရဲကတော့ ကိုဘိန်းသေဆုံးမှုမှာသက်ဆိုင်တဲ့ အချက်အလက် ရာပေါင်းများစွာနဲ့ ဓာတ်ပုံ ဒါဇင်ပေါင်းများစွာထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ နာဗားနားရောခ့်အဖွဲ့ခေါင်းဆောင် ကိုဘိန်း သေကြောင်းကြံစည်ရာမှာ အသုံးပြုခဲ့တဲ့ သေနတ်ကိုတော့ ဒီ့အရင်ဘယ်တုန်းကမှထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး လို့ ဆိုတယ်။ ပြီးခဲ့တဲ့ ၂ နှစ်၊ ကိုဘိန်းသေဆုံးခဲ့တဲ့ ၂၀နှစ်မြောက်နှစ်ပတ်လည်မှာ အခင်းဖြစ်ပွားခဲ့ရာနေရာက စုဆောင်းမိခဲ့တဲ့ အထောက်အထား၊ မှုန်ဝါးဝါးဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဆေးထိုးပိုက်တွေပြည့်နေတဲ့ သေတ္တာတစ်လုံးနဲ့ စွန်းထင်းနေတဲ့ဇွန်းတစ်ချောင်း၊ မီးခြစ်တစ်လုံး၊ စီးကရက်ဗူး နဲ့ တခြား ကြမ်းပေါ်မှာပြန့်ကျဲနေခဲ့တဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေပါဝင်ကြတယ်။ အာဏာပိုင်တွေဟာ ပြစ်မှုဖြစ်တဲ့နေရာကို ရေးဆွဲထားတဲ့ပုံတွေတစ်ခုမှ မထုတ်ပြန်ပါဘူး။ ဒါပေမဲ့ လှို့ဝှက်ပူးပေါင်းကြံစည်မှုသဘောတရားသမား Richard Lee က ကိုဘိန်းရဲ့ကိုယ်ခန္ဓာဓာတ်ပုံတွေပြသဖို့ တရားရုံးမှာတောင်းဆိုထားတာရှိပါတယ်။ ကိုဘိန်းရဲ့ ဇနီး Courtney Love နဲ့ သမီး Frances Bean Cobain တို့ကတော့ သူ့ရဲ့တောင်းဆိုမှုကို ဆန့်ကျင်ကြတယ်။ အဲဒီဓာတ်ပုံတွေဟာ ချောင်းမြောင်းနေသူတွေနဲ့ ရူးရူးမူးမူးခြိမ်းခြောက်သူတွေကို ပိုပြီးအနှောင့်အယှက်ပေးအောင် တိုက်တွန်းသလိုပဲ ဖြစ်လိမ့်မယ်လို့ ကိုဘိန်းမိသားစုကဆိုတယ်။

ဖော်မြူလာဝမ်းကားပြိုင်ပွဲမှာဖြေဖျော်မယ့် တေလာဆွစ်ဖ်
လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့မှာပြုလုပ်မဲ့ ယူနိုက်တက်စတိတ် Grand Prix ကားပြိုင်ပွဲမှာ ဂီတစူပါစတား Taylor Swift ဖြေဖျော်လိမ့်မယ်လို့ ပွဲစီစဉ်သူတွေက ကြေညာခဲ့ပါတယ်။ ပွဲစဉ်စောင့်ကြည့်ကြမယ့် ပရိသတ်အသစ် ၁၀၀၀၀၀ ခန့်ဆွဲဆောင်နိုင်မယ်လို့ စီစဉ်သူတွေက မျှော်လင့်နေကြတယ်။ ဒီနှစ်ဟာ တက္ကဆက်ပြည်နယ် Austin မြို့တော်မှာ Circuit of the Americas (COTA) လမ်းကြောင်းအတိုင်း ကားပြိုင်ပွဲပြုလုပ်ခဲ့တာ ၅ ကြိမ်မြောက်ပါ။ COTA ရဲ့ဥက္ကဌ Bobby Epstein က "ပရိတ်သတ်တွေ ဘယ်လောက်ချဲ့ထွင်ဆွဲဆောင်နိုင်မလဲ။ ရှိသမျှလက်မှတ်တိုင်း ရောင်းချနိုင်မယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Formula 1 နဲ့ Taylor Swift နှစ်ခုရဲ့ ပေါင်းစပ်မှုကြောင့်ပါ"လို့ ပြောပါတယ်။ COTA လမ်းကြောင်းမှာကားပြိုင်ပွဲတွေမစခင် တစ်ရက် အောက်တိုဘာ ၂၂ ရက်နေ့မှာ Swift ဖြေဖျော်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ၂၆ နှစ်အရွယ်အဆိုရှင်မလေးဟာ အလုပ်တွေရှုပ်နေတဲ့အချိန်ပါ။ ဒီနှစ်မှာ ၁၀ကြိမ်မြောက် ဂရမ်မီဆုဖြစ်တဲ့ Album of the Year ရရှိခဲ့တော့ ပေါ့ပ်စူပါစတားလမ်းကြောင်းပေါ်မှာလည်း ခိုင်မာသွားစေခဲ့တယ်။ ဆုလက်ခံယူတဲ့အခါ "Album of the Year ဂရမ်မီဆု နှစ်ကြိမ်ရခဲ့တဲ့ပထမဆုံးအမျိုးသမီးအဖြစ် အဲဒီမှာရှိနေတဲ့အမျိုးသမီးငယ်အားလုံးကို ပြောချင်ပါတယ်။ ရှင့်ရဲ့အောင်မြင်မှုကို ဈေးလျှော့လိုက်ဖို့ကြိုးစားမယ့်သူတွေ၊ ဒါမှမဟုတ် ရှင့်ရဲ့အောင်မြင်မှုတွေနဲ့ ရှင့်ရဲ့ကျော်ကြားမှုအတွက် ဂုဏ်ပြုမှုရယူလိုသူတွေ လမ်းတစ်လျှောက်မှာရှိနေကြတယ်။ ဒါပေမဲ့ ရှင့်ရဲ့အလုပ်ကိုပဲ အာရုံစိုက်ရင်တော့ အဲဒီလူတွေ ရှင့်ကို လမ်းလွှဲ၊ ဆွဲချယူမသွားနိုင်ပါဘူး။ တစ်နေ့မှာ ရှင်သွားနေတဲ့လမ်းကြောင်းအတိုင်းရသွားခဲ့ရင်၊ ရှင့်ဘေးဘီကိုကြည့်လိုက်၊ ရှင်သိလိမ့်မယ်။ အဲဒါ ရှင်ပဲ၊ ရှင့်ကိုချစ်ခင်တဲ့သူတွေ၊ ရှင့်ကို အဲဒီနေရာကို ဆွဲခေါ်ယူခဲ့သူတွေကို သိလာလိမ့်မယ်။ အဲဒါ ကမ္ဘာကြီးထဲမှာ အကြီးကျယ်ဆုံးသောနှလုံးသားခံစားမှုဖြစ်လာလိမ့်မယ်" လို့ Taylor Swift က ပြောခဲ့ပါတယ်။ Swift ရဲ့ ၅ ကြိမ်မြောက်အယ်လ်ဘမ် 1989 ဟာ ပြီးခဲ့တဲ့နှစ်အယ်လ်ဘမ်ထွက်ရှိပြီးနောက်ပိုင်း ၁.၃ သန်းကော်ပီရောင်းချခဲ့ရတယ်။ 

ဒေးဗစ်ရဲ့ Portrait ဓာတ်ပုံပြပွဲ
David Beckham ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးလောကကနေ အနားယူလိုက်ပြီးကတည်းက သူ့ရဲ့လူသားချင်းစာနာထောက်ထားတဲ့ ပရဟိတပရောဂျက်တွေမှာ အာရုံစိုက်နေခဲ့တာပါ။ David Beckham Unicef Fund နဲ့ Positive View Foundation က စီစဉ်ခဲ့တဲ့ David လက်မှတ်ထိုးပါဝင်တဲ့ portrait ဓာတ်ပုံတွေလေလံတင်ပွဲတစ်ခုမှာ ဂုဏ်ပြုဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့ပါတယ်။ လန်ဒန် Phillips Gallery မှာ ပြုလုပ်ခဲ့တဲ့ပွဲမှာ အသက် ၄၀ အရွယ်စတားဟာ မွန်ရည်ချေငံတဲ့အမူအရာဟန်ပန်အပြည့်ရှိနေခဲ့ပြီး သူ့ရဲ့ တန်ဖိုးကြီးနာရီလက်ရွေးစင်တွေထဲက နောက်ဆုံး ရွေးချယ်ဝတ်ဆင်ထားတဲ့ ပြက်ပြက်လွင်လွင်နာရီနဲ့ ဟန်ရေးပြနေခဲ့တယ်။ ကျစ်လစ်သွက်လက်နေတဲ့စတား ဝတ်ဆင်ထားတာက Patek Philippe နာရီအမျိုးအစားဖြစ်ပြီး တန်ဖိုး ပေါင် ၂၀၀၀၀၀ ဝန်းကျင်ခန့်ရှိပါတယ်။ စတိုင်ကျလှတဲ့ အားကစားသမားဟောင်းဟာ ဆွစ်နာရီ Breitling ရဲ့ brand ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ခဲ့ပါသေးတယ်။ ပေါင် ၆၀၀၀ တန် Rolex နာရီ အရင်က သူ့ရဲ့လက်မှာတွေ့ခဲ့ရပေမယ့် အခုတော့ အဆင်မြင့် ဆွစ်နာရီ Patek Philippe ကို ပိုပြီးနှစ်သက်နေပုံရပါတယ်။ Brat Pitt လည်းပဲ ဇနီး Angelina Jolie လက်ဆောင်ပေးခဲ့တဲ့ Patek Philippe ပလက်တီနံခရိုနိုမီတာနာရီကို အသည်းစွဲနေပါတယ်။ လေလံပွဲကရရှိတဲ့ ရံပုံငွေတွေကိုတော့ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်တွေနဲ့ ချို့ငဲ့သူ လူငယ်လေးတွေအတွက် ကောင်းတဲ့အပြောင်းအလဲဖန်တီးပေးနိုင်အောင်ကူညီပေးမှာပါ။ လေလံပွဲမှာ ဇနီး Victoria နဲ့ ကလေးအငယ်လေး ၃ ယောက် Romeo, Cruz နဲ့ Harper တို့တော့မတက်ရောက်နိုင်ခဲ့ပါဘူး။ အသက် ၁၆နှစ်ရှိပြီဖြစ်တဲ့ သားကြီး Brooklyn ကိုတော့ David နဲ့အတူ အတူတူတွေ့ခဲ့ရတယ်။ David ရဲ့ ဖခင် Ted နဲ့ မိခင် Sandra ၊ ညီမ Joanne တို့နဲ့ အတူ Victoria ရဲ့ ဖခင်Tony နဲ့ မိခင် Jackie Adams တို့လည်းတက်ရောက်ခဲ့ကြတယ်။ လေလံပွဲမှာ ပြသထားခဲ့တဲ့ဓာတ်ပုံတွေထဲက အမေရိကန် portrait ဓာတ်ပုံဆရာ Annie Leibovitz နဲ့ artist Tracy Emin တို့စိတ်ကြိုက်ဓာတ်ပုံတွေဟာ David Beckham ပရိတ်သတ်တွေအတွက် သိမ်းဆည်းစုဆောင်းထားချင်စရာ ပုံရိပ်တွေဖြစ်နေခဲ့ကြတယ်။ ဓာတ်ပုံဝယ်ယူစုဆောင်းလိုသူတွေနဲ့ Davud ပရိသတ်တွေပြည့်နှက်သွားခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။

ဂျိုလီနဲ့ ပစ် မိသားစုအပြောင်းအရွေ့
Angelina Jolie နဲ့ Brat Pitt တို့ဟာ ကလေး ၆ ယောက်နဲ့ အတူ အင်္ဂလန် အရှေ့တောင်ဘက်ပိုင်းက Surrey ကို ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကုန်ကပြောင်းရွှေ့ခဲ့ကြတယ်။ Jolie-Pitt တို့ရဲ့ အိမ်သစ်ဟာ အိပ်ခန်း ၈ ခန်းပါပြီး တစ်လကို ဒေါ်လာ ၂၁၀၀၀ နဲ့ ငှားခဲ့တဲ့အိမ်ပါ။ အိမ်အသစ်ဟာ လှပပြီး White House စတိုင်မျိုးလို့ ဖော်ပြကြတယ်။ လုံခြုံစိတ်ချရတဲ့နေရာမှာရှိနေပြီး လန်ဒန်ကို ခရီးဝေးအလုပ်ဆင်းကြတဲ့ ဧရိယာအဖြစ်လည်းပေါ်ပြူလာဖြစ်နေတယ်။ အိပ်ခန်း ၈ ခန်းပါတဲ့အပြင် ကျယ်ကျယ်ပြန့်ပြန့်ခြံဝင်းထဲမှာ အိမ်တွင်းရေကူးကန်၊ အားကစားရုံတွေလည်းရှိနေကြတယ်။ သိမ်းစ်မြစ်နဲ့ နဲ့ နီးတဲ့နေရာမှာ တည်ဆောက်ထားတယ်။ Pitt ရဲ့ လူကြိုက်များလှတဲ့ရုပ်ရှင် World War Z ရုပ်ရှင်ဇာတ်လမ်းတွဲဆက်ရိုက်နေချိန်မှာ မိသားစုနဲ့ အတူနေထိုင်နိုင်အောင် ၆ လ ငှားရမ်းခဲ့တာပါ။ Jolie ကတော့ အဲဒီ ၆ လတာ ယူကေမှာနေထိုင်တဲ့အချိန်တွေမှာ သူမရဲ့လူသားချင်းစာနာထောက်ထားတဲ့ပရောဂျက်တွေလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒုက္ခသည်တွေရဲ့အထူးသံတမန်အဖြစ် ယူအန်အထူးတာဝန်ပေးခံထားရတဲ့ Jolie က ဆီရီးယားဒုက္ခသည်အကျပ်အတည်းနဲ့ အီးယူအရေးကိစ္စတွေနဲ့ ဆက်စပ်တဲ့ကိစ္စတွေကို အာရုံစိုက်လုပ်ဆောင်မယ်လို့ ဆိုတယ်။ Maddox ၊ Pax ၊ Zahara ၊ Shiloh နဲ့ အသက် ၇ နှစ်အရွယ် အမွှာလေးတွေဖြစ်တဲ့ Vivienne နဲ့ Knox တို့ကတော့ လန်ဒန်မှာရှိတဲ့ Lycée Français Charles de Gaulle ကျောင်းမှာ စာရင်းသွင်းအပ်နှံဖို့ မျှော်လင့်ထားကြတယ်။ Pitt က Maddox နဲ့ အမွှာလေး၂ ဦးကိုပါခေါ်ပြီး လန်ဒန်က အိုးလုပ်တဲ့စတူဒီယိုတစ်ခုကို အနုပညာနဲ့လက်မှုပစ္စည်းတွေလေ့လာနိုင်ဖို့ ပြသရင်း Surrey ဒေသအလှအပမှာကြည်နူးပျော်မွေ့နေပါတယ်။ Jolie နဲ့ Pitt တို့ လန်ဒန်မှာ အိမ်ဝယ်ယူဖို့ ရှာဖွေခဲ့ကြပါသေးတယ်။ ဒါပေမဲ့ လုံလောက်တဲ့ လုံခြုံရေးနဲ့ သီးသီးသန့်သန့်မရှိလှတာကြောင့် မဝယ်ဖြစ်ခဲ့ကြသေးပါဘူး။ ပြီးခဲ့တဲ့နှစ်က Westminster က ဒေါ်လာ ၃၉ သန်းတန်ဂေဟာ နဲ့ Marylebone က အိမ်တစ်လုံးကြည့်ခဲ့ကြသေးတယ်။ Jolie တို့ မိသားစုလန်ဒန်မှာ နေထိုင်ကြတာ ဒါ ပထမဆုံးတော့မဟုတ်ပါဘူး။ Jolie-Pitt မိသားစုဟာ တစ်နေရာကနေ တစ်နေရာ မိသားစုလိုက် မကြာခဏခရီးသွား ပြောင်းရွှေ့နေထိုင်ကြတဲ့ ဘဝနေထိုင်မှုကိုပျော်မွေ့ကြသူတွေပါ။ New Orlean က သမိုင်းဝင်ပြင်သစ်ရပ်ကွက်မှာလည်း ဒေါ်လာ ၆.၅သန်းတန် အိပ်ခန်း ၅ ခန်းပါတဲ့အိမ်လည်း ပိုင်ဆိုင်ထားကြတယ်။ လော့စ်အိန်ဂျယ်လိစ်က ခေတ်ဆန်လှပတဲ့ Los Feliz မှာလည်း အိမ်ရှိနေကြတယ်။ ပြင်သစ်တောင်ပိုင်းက ဒေါ်လာသန်း ၆၀ တန်အဆောက်အအုံလည်းရှိနေပါသေးတယ်။

လီယိုနာဒိုရဲ့အိမ် ငှားလို့ရပါပြီ
ကိုယ့်ရဲ့အိမ်ရှင်က အော်စကာဆုရ Leonardo DiCaprio လို့ပြောလိုက်နိုင်တာထက်စိတ်ဝင်စားဖို့ကောင်းတာ ဘာများရှိနိုင်ဦးမလဲ။ ဟုတ်တာပေါ့ အကယ်ဒမီဆုရ DiCaprio က ကယ်လီဖိုးနီးယားပြည်နယ်၊ သဲကန္တာရအပမ်းဖြေမြို့တော် Palm Springs က သူ့ရဲ့ခေတ်မီ A-List နေထိုင်မှုစတိုင်အဆောက်အဦကို ငှားရမ်းဖို့ ဆုံးဖြတ်လိုက်ပါပြီတဲ့။ ၂၀ရာစု အလယ်ပိုင်းအဆောက်အအုံစတိုင် ဗိသုကာပညာရှင် Donald Wexler ရဲ့ ဒီဇိုင်းပါ။ သဲကန္တာရနေရာမျိုးမှာ ၁၃ ဧကကျယ်ဝန်းပြီး အိမ်က စတုရန်းပေ ၇၀၀၀ ရှိပါတယ်။ အိပ်ခန်းက ၆ ခန်း၊ spa အပြင်အဆင်၊ ရေပူရေကူးကန် နဲ့ တင်းနစ်ကစားကွင်းလည်းရှိနေတယ်။ အဆောက်အဦအတွင်းဘက်အလှဆင်ထားက ကြမ်းပြင်ကနေ မျက်နှာကြက်တွေမှာ မှန်နံရံတွေ၊ သစ်သားမျက်နှာကြက်တွေနဲ့ ကျောက်တုံးနံရံအပြင်အဆင်မျိုးတွေနဲ့ဆိုတော့ လင်းလက်နေတဲ့အိမ်ပုံစံလေးပါ။ Dinah Shore အဆောက်အဦလို့ သိထားကြတဲ့ DiCaprio ရဲ့အိမ်မှာ Wi-Fi ရတဲ့ဧရိယာဖြစ်နေပါသေးတယ်။ ငှားရမ်းခကတော့ ရှင်တို့ရဲ့ပိုက်ဆံအိတ်ကို ဆွဲညှစ်ထုတ်ယူလိုက်မယ့်ဈေးနှုန်းမျိုး တစ်ညကို ဒေါ်လာ ၄၅၀၀ ကနေ စတင်ပါတယ်။ ဒါပေမဲ့ ဟောလိဝုဒ်စတားရဲ့ ကမ္ဘာမှာ ဘယ်အရာမှတော့ ဈေးပေါပေါ၊ လွယ်လွယ်ကူကူရနိုင်မှာမဟုတ်ပါဘူး။ အိမ်အတွင်းကို လှည့်ပြီးငေးမောကြည့်ရရင်တောင် ကမ္ဘာ့အလှဆုံးအဆင်အသွေး၊ ပစ္စည်းလေးတွေရဲ့ ဖမ်းစားမှုကနေ ရုန်းမထွက်နိုင်ဖြစ်သွားနိုင်တယ်လို့ ညွှန်းနေကြတာပါ။ DiCaprio ရဲ့ အဲဒီအပမ်းဖြေအိမ်ဝန်းကျင်မှာ Frank Sinatra, Marlyn Monroe, Elizabeth Taylor နဲ့ Elvis Presley တို့လည်း နေထိုင်သွားခဲ့ကြဖူးတယ်။

ကာတွန်းကားထဲက Shakira မိန်းကလေး ပိန်သွယ်လွန်းလှတယ်
ဒစ်စနေးကရိုက်ကူးထုတ်လုပ်ခဲ့တဲ့ "Zootropolis" animation ရှပ်ရှင်မှာ Gazelle အဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ Shakira ဟာ သူ့ရဲ့ဇာတ်ကောင်အရုပ်လေးဟာ သိပ်ပြီးပိန်သွယ်လွန်းနေတယ်။ လက်တွေ့ကျကျလေးဖြစ်နေဖို့လည်း လိုအပ်ပါတယ်လို့ ပြောခဲ့ပါတယ်။ Shakira ရဲ့ ငယ်ငယ်ရွယ်ရွယ်ပရိသတ်တွေကို ဖမ်းစားနိုင်မှာသေချာလှတဲ့ Gazelle ရဲ့ ကိုယ်ခန္ဓာအချိုးအစားနဲ့ပတ်သက်ပြီး တင်သားတွေကို ပိုပြီးပြန့်ကားကြီးမားစေဖို့ စတူဒီယိုကဘောစ့်တွေကို ဆက်သွယ်တောင်းဆိုခဲ့တယ်။ အသက် ၃၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ Shakira က "ဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေက Gazelle ပုံစံလေးကျွန်မကို ပြလာတော့ သိပ်ကိုပိန်သွယ်နေတယ်လို့ ကျွန်မကတော့ ထင်ခဲ့တာပဲ" လို့ Good Morning America အစီအစဉ်မှာ ပြောပါတယ်။ သူက သိပ်ကို fit ဖြစ်လွန်းနေတယ်။ ဒါကြောင့် သူတို့ကို ကျွန်မပြောပါတယ်။ "ရှင်တို့ သူ့အရိုးမှာ အသားတချို့ထည့်ပေးပါဦး" လို့။ အဲဒီဇာတ်ကောင်မိန်းကလေးဟာ စွဲမက်ဖွယ်ရာ ကောင်းသထက်ကောင်းလာလိမ့်မယ်လို့ ကိုလံဘီယန်ပေါပ့်စတားက ကျိန်းသေယူဆထားပါတယ်။ "သူတို့ သူမရဲ့ မျက်လုံးအရောင်ကိုလည်း ပြောင်းလဲခဲ့တယ်။ ပြီးတော့ မျက်တောင်တွေလည်းပိုပြီးထပ်ထည့်ပေးလိုက်ကြတယ်" လို့ Shakira က ပြောပါတယ်။ Shakira က သူမ ယူထားခဲ့တဲ့ဇာတ်ကောင် အသွင်အပြင်ပင်ကိုစရိုက်ကိုပါ Shakira နဲ့ထပ်တူကျစေဖို့ ခွင့်ပြုထားခဲ့တာပါ။ "Gazelle အကြောင်း သူမ ဘာနဲ့တူညီတယ်၊ သူမရဲ့အသွင်အပြင်၊ သူမက ဘယ်လိုအနေအထားမှာ ရပ်တည်မှာလဲဆိုတာတွေ ကျွန်မကို ပြောပြဖို့ ဒစ်စနေးက ဆုံးဖြတ်ခဲ့ကြတယ်လို့ Shakira က People မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။ Zootropolis ရုပ်ရှင်ကားကို ဟာ ယူကေမှာ မတ်လ ၂၅ ရက်နေ့က ပြသခဲ့ပါတယ်။

ဖြိုးဖြိုး
(Yati Magazine, May, 2016)

No comments: