Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, July 29, 2016

အံ့သြဖွယ်ရာ ထပ်ခိုးလှလှလေးတွေ

Loft ထပ်ခိုး ဆိုတဲ့အသုံးအနှုန်းဟာ အပေါ်ထပ် ဒါမှမဟုတ် အမိုးအောက်ကနေရာလေးကိုဖော်ပြဖို့ ယေဘူယျအသုံးပြုကြတယ်။ တခြားစကားလုံးနဲ့တော့ အမိုးအောက်ကနေရာလို့ တိုက်ရိုက်ခေါ်ဆိုနိုင်တာပေါ့။ ထပ်ခိုးပါတိုက်ခန်းဆိုရင် ပြောင်းလွယ်ပြင်လွယ်၊ နေရာလွတ် ကျယ်ကျယ်ပါတဲ့ တိုက်ခန်းမျိုးကို ရည်ညွှန်းတာပါ။ စက်ရုံအလုပ်ခန်း ဒါမှမဟုတ် တခြားနေရာလွတ်တွေကို လူနေပုံစံအသုံးပြုနိုင်အောင် ပြုပြင်ပြောင်းလဲပြီး ထပ်ခိုးလှလှလေးတွေနဲ့ ဖန်တီးတည်ဆောက်လိုက်ကြတယ်။ ဒီလို လွတ်လပ်တဲ့ဒီဇိုင်းအမြင်နဲ့ လိုက်လျောညီထွေဖြစ်အောင်ပြုပြင်တည်ဆောက်လိုက်တဲ့အခါ တချို့သိပ်လှတဲ့အံ့သြဖွယ်ရာ ထပ်ခိုးဒီဇိုင်းလေးတွေဖြစ်လာကြတယ်။ အထင်ကြီးလောက်စရာ ဒီဇိုင်းအမြင်နဲ့ ဖန်တီဆန်းသစ်မှုရှိလှတဲ့ ထပ်ခိုးပုံစံလေးတွေဖော်ပြလိုက်ပါတယ်။

၁. ထောင်လိုက်ထပ်ခိုး
သိပ်လှတဲ့ မြို့တွင်းတိုက်ခန်းပုံစံအိမ်က နယ်သာလန်စ်နိုင်ငံ Rotterdam မှာရှိပါတယ်။ အဲဒီ ခေတ်ပြိုင်ဒီဇိုင်းထပ်ခိုးကို ယိုယွင်းဟောင်းနွမ်းနေတဲ့ အဆောက်အဦမှာဖန်တီးထားတာပါ။ Shift Architecture Urbanism ရဲ့ စီမံကိန်းဖြစ်ပြီး နေရာလွတ်ကို အားလုံး အသစ်ပြုပြင်ဆောက်လုပ်ခဲ့ကြတယ်။ နံရံမပါဘဲ ထောင်လိုက်ထပ်ခိုးသုံးခုမှာ အရွယ်အစားတော်တော်ကြီးကြီး အလျား ၁၀ မီတာ နဲ့ အမြင့် ၉ မီတာရှိတဲ့ ဗီရိုက အထပ်တိုင်းကို ဆက်သွယ်ထားပါတယ်။ သိမ်းဆည်းစရာနေရာလွတ်အများကြီးရနိုင်တဲ့ ဒီဇိုင်းပါ။ မီးဖိုချောင်သုံးပစ္စည်းတွေ၊ စာအုပ်စင်နဲ့ အဝတ်အစားဗီရို၊ လူတစ်ရပ်ကျော်ဆံ့တဲ့ဗီရိုတွေ အများကြီးရနိုင်ပါတယ်။ အုတ်နံရံ နဲ့ မူလတံခါးတွေကို ထိန်းသိမ်းပြီး ထပ်ခိုးလေးတွေ ပေါင်းထည့်ထားတဲ့ ခေတ်ပြိုင်အဆောက်အဦအပြင်အဆင်တစ်မျိုးပါ။

၂. ရုံးခန်းဟောင်းကို ထပ်ခိုးပါတိုက်ခန်းအဖြစ်ပြောင်းလဲလိုက်တဲ့အခါ
စင်္ကာပူနိုင်ငံ Joo Chiat Ln မှာရှိတဲ့ တခြား ခေတ်ပြိုင်ထပ်ခိုးတိုက်ခန်းလေးပါ။ FARM ရဲ့ စီမံကိန်းဖြစ်ပြီး ၂၀၁၁ မှာ ပြီးစီးခဲ့တယ်။ ရုံးခန်းအဟောင်းတစ်ခုအဖြစ်အသုံးပြုခဲ့ကြတဲ့နေရာလွတ်ပါ။ တခြားပုံစံဖန်တီးပြင်ဆင်ရင် လွယ်ကူနိုင်ပေမဲ့ လှပတဲ့အိမ်လေးဖြစ်လာဖို့ကတော့ ခက်ခဲခဲ့ပါတယ်။ ဒီလို အနေအထားလေးဖြစ်လာဖို့အတွက်တော့ အရင်က နေရာလွတ်ဟောင်းကို အဓိကအပြောင်းအလဲတချို့ပြုလုပ်ခဲ့ရပါတယ်။ ဒုတိယထပ်မှာရှိပြီး အဲဒီ ဒီဇိုင်းအခင်းအကျင်းမှာ စိတ်ဝင်စားဖို့အကောင်းဆုံးက ကြောင်လိမ်လှေကားလို့ပြောလို့ရပါတယ်။ ကြောင်လိမ်လှေကားလက်ရမ်းနေရာ ဘောင်အသားအတွက် အုတ်ကွက်သဘောမျိုးခံစားရအောင် ပုံစံတူဖန်တီးထားပါတယ်။ အဲဒါကြောင့်ပဲ "အုတ်ထပ်ခိုးအိမ်လေး" လို့ နောက်ပိုင်းမှာခေါ်လာကြတယ်။

၃. ၄၈၀၀ စတုန်းပေရှိတဲ့ ထပ်ခိုး
နောက်ထပ် ထူးခြားအံ့သြဖွယ်ရာကောင်းတဲ့ထပ်ခိုးက ယူအက်စ်အေ New York City မှာ တည်ရှိပါတယ်။ အိမ်နီးချင်းတွေကတော့ Hell's Kitchen လို့ခေါ်နေကြတယ်။ အဲဒီစီမံကိန်းကိုတော့ New York City အခြေစိုက် Resolution: 4 ဗိသုကာ စတူဒီယိုက တည်ဆောက်ပါတယ်။ ၄၈၀၀ စတုရန်းပေရှိနေပြီး အနုပညာဝေဖန်ရေးနဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးအတွက် ဒီဇိုင်းဆင်ပေးထားတာပါ။ ထပ်ခိုးဟာ တစ်ထပ်လုံးအပြည့်နေရာယူထားပါတယ်။ ကြီးမားတဲ့ မြင်ကွင်းကျယ်ပြူတင်းပေါက်တွေရဲ့ တောက်ပလင်းလက်တဲ့မြို့ကြီးပေါ်ကို အပေါ်ဘက်မြင်ကွင်းကနေငေးမောနိုင်တယ်။ နေရာ ၃ နေရာက ကြီးမားတဲ့ပြူတင်းပေါက်တွေကနေ ကွဲပြားတဲ့ရှုထောင့်မြင်ကွင်းတွေကြည့်မြင်ရှုစားနိုင်မှာပါ။

၎. အိပ်ခန်း ၃ ခန်းပါ ထပ်ခိုးလေး
ယူအက်စ်အေ၊ မက်ဟက်တန်ထဲက Greenwich Village အနောက်ပိုင်း West Village မှာ ဒီထပ်ခိုးအိမ်လေးတည်ရှိတယ်။ ဘယ်လောက်အံ့ဘနန်းပြောင်းလဲနိုင်မလဲဆိုတဲ့ နောက်ထပ်ဥပမာတစ်ခုဖြစ်တဲ့ ထပ်ခိုးအိမ်ခန်းလှလှလေးပါ။ စက်ရုံတိုက်ခန်းအတွင်းပိုင်းအနေအထားကနေ အိပ်ခန်း ၃ ခန်း နဲ့ အိပ်ခန်း ၂ ခန်းကို အထပ်နှစ်ထပ် ဖြတ်ကူးဆောက်လုပ်ထားပါတယ်။ အထက်လွှာမှာ မျက်နှာကြက် ၁၆ ပေမြင့်ပြီး စုစုပေါင်း ၃၆၀၈ စတုရန်းပေ ဧရိယာရှိတယ်။ ဒီထပ်ခိုးအိမ်ကို ဈေးကွက်မှာ လတ်တလော ဒေါ်လာ ၅၁၉၅ သန်း တန်ကြေးရှိနေပါတယ်။ အလင်းရောင် ပြည့်ပြည့်ဝဝရရှိနေပြီး ကျယ်ပြန့်တဲ့နေရာလွတ်ရယ်၊ သိပ်လှတဲ့ အတွင်းအလှပြင်ဆင်မှုကလည်း တောက်ပမြူးကြွစေတဲ့အသွေးအရောင်ရယ်အသုံးပြုထားတယ်။ ပေါ်လွင်ထင်ရှားတဲ့အရောင်တွေကို အလေးပေးရွေးချယ်ထားတာ သိသာလှပါတယ်။ အေးစက်စက်ဗလာဟင်းလင်းနေရာတစ်ခုကို အခုလို နွေးထွေးသွက်လက်တဲ့အခင်းအကျင်းမျိုးပြောင်းလဲထားတာ သတိပြုစရာပါ။ 

၅. TriBeCa ထပ်ခိုးအိမ်
ဒီထပ်ခိုးအိပ်လေးဟာ နောက်ထပ် တောက်ပမြူးကြွပြီး အရောင်အသွေးစုံလင်လှတဲ့ ထပ်ခိုးလေးပါ။ နယူးယောက်စီးတီး၊ မက်ဟက်တန်ရပ်ကွက်က Tribeca က Jay Street မှာတည်ရှိပါတယ်။ စုစုပေါင်းစတုရန်းပေ ၄၀၀၀ ရှိနေပြီး လှပကျယ်ဝန်းလှတဲ့ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၂ ခန်းခွဲပါရှိတယ်။ classic နဲ့ industrial ရောမွှေထားတဲ့ ဒီဇိုင်းမျိုးနဲ့ နှစ်ဆကျယ်တဲ့အခန်းတွေပါ။ သံတိုင်လုံးတွေရဲ့စုံလင်လှတဲ့အရောင်သွေး၊ စိတ်ကြည်နူးဖွယ်ကောင်းလှတဲ့ အိမ်ခန်းအပြင်အဆင်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဧည့်ခန်း၊ ထမင်းစားခန်း၊ စာကြည်တိုက်တစ်ခန်း နဲ့ ရုံးခန်းတွေ သီးခြာစီမဟုတ်ဘဲ အားလုံးဆက်သွယ်နေကြတယ်။ အဲဒီထပ်ခိုးအိမ်ခန်းကို လက်ရှိ ဒေါ်လာ ၇ သန်းနဲ့ ဈေးကွက်တင်ထားပြီး ပိုင်ရှင်အသစ်ကို စောင့်မျှော်နေတာပါ။ 

၆. ဂျုံစက်ကနေ ထပ်ခိုးအိမ်လေးအဖြစ်
ကော်လိုရာဒိုပြည်နယ် Denver မှာရှိတဲ့ အိမ်လေးတည်ဆောက်ပုံအတိုင်းပဲ Flour Mill Lofts လို့ခေါ်တဲ့ ထပ်ခိုးအိမ်ကို ၁၉၉၉ မှာ ပြီးစီးခဲ့ပြီး ဈေးကွက်တင်ခဲ့ပါတယ်။ အထပ် ၄ထပ်မှာရှိတဲ့ အံ့သြဖွယ်ရာထပ်ခိုးအိမ်ပါပဲ။ မူလတည်ဆောက်ခဲ့တာက ၁၉၀၆ ခုနှစ်မှာဖြစ်ပြီး ဂျုံစေ့တွေသိုလှောင်သိမ်းဆည်းတဲ့ ကော်လိုရာဒိုက စက်ရုံအခန်းပါ။ နှစ်ပေါင်း ၄၀ခန့် စတိုခန်းအဖြစ်အသုံးပြုလာခဲ့ပြီး စွန့်ပစ်ထားခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ လှပတဲ့ထပ်ခိုးအိမ်လေးအဖြစ် အသုံးပြုဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဆင့်မြင့်ထပ်ခိုးအိမ်အဖြစ်ပြောင်းလဲခဲ့သူ ဖန်တီးရှင်က Dana Crawford ပါ။ ၂၁၉၈ စတုရန်းပေကျယ်ဝန်းပြီး အိပ်ခန်း ၂ ခန်း နဲ့ ရေချိုးခန်း ၂ ခန်းပါရှိတဲ့ ၄ လွှာမှာရှိတဲ့ထပ်ခိုးအိမ်ခန်းလေးပါ။ လက်ရှိ ဒေါ်လာ ၉၇၃၀၀၀ ဈေးတန်ကြေးရှိနေပြီး ဒီထပ်ခိုးလေးကလည်း ပိုင်ရှင်သစ်နောက်ထပ်ရှာနေပါတယ်။ အားရလောက်စရာနေရာလွတ်အကျယ်အဝန်းနဲ့ အဆင်မြင့်အခင်းအကျင်း၊ ကွေ့ကွေ့ကောက်ကောက်နံရံတွေနဲ့ သိပ်ကိုထူးခြားလှတယ်။

၇. ပါရီမြို့ကစိတ်ကူးစိတ်သန်းအလွတ် ဒါပေမဲ့ သွက်လက်ဖျတ်လတ်တဲ့အသွင်ဆောင်တဲ့ ထပ်ခိုးအိမ်လေးတဲ့
ပြင်သစ်နိုင်ငံ ပါရီမြိ့မှာရှိတဲ့ အတွင်းဘက်အခင်းအကျင်းစိတ်ဝင်စားစရာကောင်းကောင်း ထပ်ခိုးအိမ်ပါ။ ပြင်သစ်ဗိသုကာကုမ္ပဏီ Smoothcore Architects က ဖန်တီးထားပါတယ်။ အလွန်အမင်းကျယ်ဝန်းလှတဲ့နေရာမဟုတ်ပေမဲ့ ထပ်ခိုးလှလှအိမ်လေးဖြစ်နေတာ အထင်ကြီးလောက်စရာပါ။ အတွင်းဒီဇိုင်အပြင်အဆင်ဟာ ပွင့်လင်းလွတ်လပ်ပြီး လန်းဆန်းဆန်းသစ်လှတဲ့ အာရုံခံစားမှုနဲ့ ပြင်ဆင်ထားတဲ့အခင်းအကျင်းမှန်း မြင်လိုက်ရုံနဲ့ သိသာနိုင်လှတယ်လို့ဆိုတယ်။ ပရိဘောဂပစ္စည်းပစ္စယတွေ ခပ်နည်းနည်းပဲသုံးထားပြီး အိမ်ခန်းလေးထဲ ရှုပ်ပွမသွားအောင်လည်း အထူးဂရုပြုထားပါတယ်။ ဒီထပ်ခိုးအိမ်လေးရဲ့ အထင်ကြီးစရာအကောင်းဆုံး ဗိသုကာပညာဆိုင်ရာပါဝင်ပစ္စည်းတွေထဲက တစ်ခုမှာ မျောလွင့်နေတဲ့ပုံစံလို လှေကားဖြူဖြူလေးပါပဲ။ အကွေးအညွတ်တွေက သိပ်ကိုနူးညံ့ပြီး ခေတ်ပြိုင်လက်ရာခပ်ပြင်းပြင်းပေါင်းစပ်ထားတယ်။ အတွင်းဒီဇိုင်းအခင်းအကျင်းက တစ်ခုလုံးကိုလွှမ်းခြုံကြည့်လိုက်ရင် အဖြူနဲ့ အနက်ကို ဦးစားပေးထားပြီး စုံလင်တဲ့အသွေးအရောင်တွေ ခပ်ပါးပါးပဲသုံးထားလိုက်တယ်။ အဖြူရောင်းလင်းလင်းပါ အိမ်ခန်းဟာ ပိုကျယ်လာသယောင်ထင်မြင်ရစေပြီး ပရိဘောဂဖြန့်ကျဲမထားဘဲ ခပ်နည်းနည်းပဲအသုံးပြုထားတော့ ကျယ်ဝန်းတဲ့ထပ်ခိုးအိမ်လေးဖြစ်လာခဲ့တယ်။ ဒီထပ်ခိုးအိမ်လေးရဲ့ လှပတဲ့ အမိုးမှာ ဝရံတာနေရာလွတ်လေးလည်း ရှိနေပါတယ်။

၈. ၃၂၀၀ စတုရန်းပေရှိတဲ့ အရင်က ကုန်လှောင်ရုံလေး
ယူအက်စ်အေ၊ New York City က Soho မှာရှိတဲ့ ခေတ်ပြိုင်လက်ရာ လှပတဲ့နေရာလွတ်လေးတစ်ခုပါ။ ၂၀၀၆ မှာပြီးစီးခဲ့ပြီး New York City အခြေစိုက် Archi-Tectonics စတူဒီယိုရဲ့ စီမံကိန်းလက်ရာဖြစ်ပါတယ်။ ၃၂၀၀ စတုရန်းပေရှိပြီး အရင်ကတော့ ကုန်ပစ္စည်းသိုလှောင်တဲ့နေရာတစ်ခုဖြစ်ခဲ့တယ်။ ၈ လွှာမှာရှိတဲ့ ထပ်ခိုးအိမ်လေးရဲ့ အကျိုးကျေးဇူးက အိမ်ခန်းတိုင်းကနေပြီး မြင်ကွင်းကျယ်ခံစားကြည်ရှုနိုင်တာပဲပေါ့။ ဒီအိပ်ခန်းလေးမှာ ကျယ်ဝန်းမှုကို အလေးထားပြီး ဖန်တီးထားပါတယ်။ ပြူတင်းပေါက်တွေကလည်း ကြီးမားလှတယ်။ အရှေ့နဲ့  အနောက်ဘက်မှာ နေရာလွတ်ဝရံတာတွေပါရှိတယ်။ ဝရံတာတစ်ခုက အိပ်ခန်းကျယ်နဲ့ ဆက်ထားပြီး နောက်တစ်ခုက ဧည့်ခန်းနဲ့ ထမင်းစားခန်းနဲ့ ကပ်လျှက်ရှိတယ်။ အတွင်းဒီဇိုင်းဟာ သက်တောင့်သက်သာရှိပြီး အနားယူအပမ်းဖြေလိုသူတွေအတွက် အလေးထားတည်ဆောက်ထားပါတယ်။

၉. TriBeCa က အသစ်ပြုပြင်တည်ဆောက်ထားတဲ့ ထပ်ခိုး
ခေတ်ပြိုင်ဒီဇိုင်းအပြင်အဆင်နဲ့ အဟောင်းတွေအားလုံးကို ခေတ်မီဆန်းပြားအောင်ပြင်ဆင်ထားပါတယ်။ New York City မက်ဟန်တန်က TriBeCa ပိုင်းမှာ တည်ရှိပါတယ်။ New York City အခြေစိုက် ဗိသုကာ၊ ဒီဇိုင်းပညာရှင် William T. Georgis က ဒီနေရာလွတ်ကို အသစ်ပြုပြင်လိုက်ပြီး အဆင့်မြင့်နေအိမ်တစ်ခုပုံစံပြောင်းလဲခဲ့တာပါ။ ဒီထပ်ခိုးအိမ်လေးရဲ့ အထင်ကြီးလောက်စရာအကောင်းဆုံးအပိုင်းက ဧည့်သည်အိပ်ခန်းပါ။ မှန်အကွေးအဝိုက်နံရံထဲမှာ အိပ်ရာကို ပြင်ဆင်ထားတဲ့အခန်းပုံစံက ထူးခြားလှတယ်။ တခြားအခန်းတွေက ကျယ်ဝန်းလှတဲ့နေရာပုံစံမဟုတ်ပေမဲ့ ထောင့်ချိုးလိုင်းချိုး ခပ်ရှင်းရှင်းနဲံ အရောင်ဖျော့လေးတွေပဲ အသုံးပြုထားပြီး မလိုအပ်တဲ့ပစ္စည်းမရှိသလောက် ပစ္စည်း အထားအသို ဂရုစိုက်ထားပါတယ်။ လှပတဲ့ တိုင်လုံးတွေရယ် ပြီးတော့ စတိုင်ကျတဲ့ ခပ်မြင့်မြင့် မျက်နှာကြက်နဲ့ဆိုတော့ ကျယ်ဝန်းတဲ့ ထပ်ခိုးအိမ်ခန်းတစ်ခုပုံစံလိုပါပဲ။

၁၀. Union Square ထပ်ခိုးဒီဇိုင်း

နောက်ဆုံး ထူးခြားအံ့သြဖွယ်ရာထပ်ခိုးလေးက New York City မက်ဟက်တန်မှာပဲ တည်ရှိနေပါတယ်။ ၃၆၀၀ စတုရန်းပေ ကျယ်ဝန်းပြီး New York City အခြေစိုက် Naiztat + Ham Architects စတူဒီယိုရဲ့ ဒီဇိုင်းပါ။ Union Square Loft စီမံကိန်းကလည်း နေရာလွတ်တစ်ခုကို အားလုံးအသစ်ပြုပြင်ပြီး ပြန်လည်ပုံစံချထားတာပါ။ ခေတ်မီတဲ့နေထိုင် ရှင်သန်မှုစတိုင်အဖြစ် အသွင်ပြောင်းယူထားတယ်လို့ဆိုတယ်။ မူလနေရာကတော့ စက်ရုံပုံစံအသွင်အပြင်နဲ့ပါ။ မြင့်မားလှတဲ့မျက်နှာကြက်ဆီ စတီးလ်တိုင်လုံးတွေနဲ့ ပေါင်းကူးထားတယ်။ အစပိုင်းမှာ ဒီဇိုင်းပညာရှင်တွေက နံရံတွေကို အုတ်ကွက်ပုံစံဖော်ပြီးပြင်ဆင်ကြဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ခေတ်မီဒီဇိုင်းပုံစံအားလုံးပြောင်းလဲခဲ့ပါတယ်။ မီးဖိုချောင်က ဓာတ်လှေကားနဲ့ ကပ်လျှက်ရှိနေပြီး သဘာဝအလင်းရောင်ရရှိဖို့လိုအပ်တာကြောင့် ဓာတ်လှေကားနံရံတွေကို မီးခံမှန်သားတွေ ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။ အဲဒါဟာ ပြဿနာဖြေရှင်းတဲ့နည်းတစ်ခုပါပဲ။
Source: Top 10 most amazing loft designs we love | www.homedit.com

မယ်ရူပ
(Living Fashion Magazine, July, 2016)

No comments: