Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, July 17, 2016

ပြောင်းလဲခြင်းရဲ့ ခပ်ပြင်းပြင်း အတောင်ပံခတ်သံတွေ

(၂၀၁၃ ခုနှစ်က ဆောင်းပါးအဟောင်းပါ။)
တူရကီမှာ ပြီးခဲ့တဲ့လက ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပေမယ့် ၂၅ ဦးမြောက်၊ လက်ရှိဝန်ကြီးချုပ် ရီဆက်ပ် တာရစ်ပ် အာဒိုဂန်ကတော့ ဗြောင်ကျကျရန်တုံ့လိုဟန်ရှိနေဆဲပါ။ ဇွန်လ ၇ ရက်သောကြာနေ့က အီစတန်ဘူလ်ရဲ့မနက်ခင်းစောစောမှာပဲ စုရုံးနေကြတဲ့လူစုလူဝေးကြီးအတွက် ကြေညာချက်ထုတ်လိုက်တာက “အမိန့်စည်းကမ်းတွေကိုဆန့်ကျင်တာဟာ ဥပဒေချိုးဖောက်လုနီးပါး အနေအထားဖြစ်နေပြီ။ အဲဒီတော့ အဲဒါကို ချက်ချင်းအဆုံးသတ်ရမယ်” တဲ့။ မတိုင်ခင်တစ်ရက်ကလည်း သူ့ရဲ့ရည်ရွယ်ချက်အတိုင်းပဲ ရှေ့ဆက်တိုးမယ် လို့ အာဒိုဂန်ပြောခဲ့သေးတယ်။ အာဒိုဂန် ရဲ့ အစီအစဉ်က အီစတန်ဘူလ်မြို့တော်ကြီးမှာကျန်နေသေးတဲ့ မြေနေရာလပ်စိမ်းစိမ်းအနည်းငယ်ထဲကတစ်ခုဖြစ်တဲ့ တက်ခ်စင်မ်ဂစ်ဇီ(အပန်းဖြေ)ပန်းခြံကို တွယ်ရာမဲ့ဖြစ်အောင်ပြုလုပ်သွားမယ့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပါ။ ၁၉၄၀ က ဖြိုဖျက်ခဲ့တဲ့ အော်တမန်အင်ပါယာ အထိမ်းအမှတ်စစ်တပ်ဆိုင်ရာအဆောက်အဦးပုံတူနဲ့ ဈေးဝယ်စင်တာတစ်ခု တည်ဆောက်ကြမယ့်စီမံကိန်ုးဟာ ပြည်သူတွေအပမ်းဖြေကြတဲ့နေရာကို ရှင်းလင်းပြစ်လိုက်မယ်ဆိုတော့ အီစတန်ဘူလ်သားတွေအတွက် မနှစ်မြို့စရာပါပဲ။
Abdullah Gul
ဒါပေမဲ့ အာဒိုဂန်ကတော့ သူ့ရဲ့စီမံကိန်းကို ဆန့်ကျင်လိုပုံရတဲ့သူ့ပါတီက တခြားအဖွဲ့သားတွေကိုတောင် တွန်းတွန်းတိုက်တိုက်ဖိအားပေးခိုင်းစေသွားဦးမယ့်ပုံပါ။ Justice and Development Party (AKP) ဟာ တကယ်တော့ ကျစ်လစ်ခိုင်မာလှတဲ့အဖွဲ့အစည်းမျိုးမဟုတ်ပါဘူး။ ဘာသာရေးကိုင်းရှိုင်းပုံရတဲ့မူစလင်တွေနဲ့ ညှိနှိုင်းရခက်ခဲတဲ့မဟာမိတ်အဖွဲ့၊ ကာဒစ်ရှ်လူမျိုးစုတစ်စိတ်တစ်ပိုင်း၊ စီးပွားရေးလုပ်ငန်းရှင်၊ အမ်နာတိုလီယမ်ဒေသတူရကီလူမျိုးအများစု နဲ့ တချို့ တူရကီအမျိုးသားရေးဝါဒစွဲပြင်းသူတွေကို ကိုယ်စားပြုနေတာပါ။ ဆန္ဒပြပွဲနိုးထလာတာနဲ့ ကွဲပြားမှုတွေဟာပိုလို့ ပုံကြီးချဲ့ယူလိုက်သလိုဖြစ်လာခဲ့တယ်။ ပါတီမှာ နိုင်ငံရေးပါတီဂိုဏ်း ၂ ခုရှိနေကြတယ်။ တစ်ဘက်က ၁၁ဦးမြောက် လက်ရှိ သမ္မတ  အဗ္ဗဒူလာဂူးလ် နဲ့ တခြားတစ်ဘက်ကတော့ အာဒိုဂန်ပေါ့။ ၂၀၀၂ မှာ ပါတီအင်အားကြီးလာတော့ အခြေခံယူဆချက်တွေအမျိုးမျိုးကွဲပြားနေတာကို ရှောင်ကြဉ်ဖို့/ အုပ်စုဂိုဏ်းကွဲမှုတွေထိန်းချုပ်ဖို့အတွက် ဥပဒေပြုလုပ်ငန်းစဉ် ဟန်ချက်ညီအောင်တွန်းအားပေးခဲ့ကြတယ်။ အချိန်တွေကြာလာတော့ အဲဒီရုန်းကန်လှုပ်ရှားမှုတွေဟာ လွန်ဆွဲနေတဲ့စစ်ပွဲတစ်ပွဲဖြစ်လုနီးပါး အခြေအနေရောက်လာခဲ့ပြီ။ ဂူးလ် ဘက်မှာ ပါတီဟာ ဂျာမနီရဲ့ ခရစ်ယာန်ဒီမိုကရက်တစ်အသင်းအဖွဲ့(CDU) ပုံစံမျိုး ရှေးရိုးစွဲ ဒီမိုကရက်တစ်လမ်းစဉ်နဲ့ သွားသင့်တယ်လို့ယူဆပြီး အဲဒီပုံစံ ပုံဖော်နေကြတယ်။ CDU လိုပဲ ဂူးလ်ဟာ သာသာရေးယုံကြည်သက်ဝင်မှုကိုအခြေခံပေမယ့် အမေရိကန်စတိုင်လ် ဘာသာရေးအယူဝါဒလွှမ်းမိုးမှုမရှိတဲ့နိုင်ငံရေးမူဝါဒကို ကြိုဆိုတယ်။ ပါတီဟာ အီးယူအဖွဲ့နဲ့ ပူးပေါင်းဆွေးနွေးနိုင်အောင် လိုအပ်တဲ့ဥပဒေပြုအဆင့်တွေကို ပြင်ဆင်ဖို့ အသားပေးလုပ်ဆောင်တယ်။ အဲဒီလုပ်ငန်းစဉ်ဟာ တူရကီကို ပိုပြီးတော့ လစ်ဘရယ်ကျကျအသွင်ပုံဖော်ခဲ့တာပါ။ တူရကီမှာ နှစ်ရှည်ဖိနှိပ်ချုပ်ချယ်မှုတွေပြုလုပ်ခဲ့တဲ့ ဘာသာရေးအယူအဆပြင်းထန်သူအများစုကိုပါ လက်ခံခဲ့ပါတယ်။ သူတို့ကိုယ်တိုင် ပိုပြီးလွတ်လွတ်လပ်လပ် ဖော်ပြပြောဆိုခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ် ရပ်တန့်သွားခဲ့ပြီးတော့ AKP ဟာ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ရန်လိုမှုတွေ/ အီးယူအဖွဲ့ဝင်အဖြစ်လက်မခံချင်တာတွေအပေါ် တုံ့ပြန်တော့တယ်။ နည်းလမ်းကတော့ ပါတီကို နေရှင်နယ်လစ် အဖြစ် အသွင်ပြောင်းပြစ်လိုက်တာပါ။ ၂၀၀၀ အစောပိုင်းလောက်မှာ ဥရောပယူနီယံအတွက်လိုအပ်သလို တူရကီဒီမိုကရေစီကို အသားပေးပြင်ဆင်ခဲ့ပြီးနောက် အခု ဒုတိယအကြီးဆုံးမြို့တော် အန်ကာရာအစည်းအဝေးမှာတော့ ဥရောပဟာသူတို့ရဲ့ စီးပွားရေးပြဿနာအဖျားအနာကိုကုစားဖို့ တူရကီကိုလိုအပ်နေတယ် လို့ အခိုင်အမာဆိုလိုက်တယ်။ အထူးသဖြင့် ၂၀၁၁ အထွေထွေရွေးကောက်ပွဲမှာ AKP ဟာ မဲ ၅၀ရာခိုင်နှုန်းနီးပါးအောင်မြင်ခဲ့တော့ နှစ်စပိုင်းကပြုလုပ်ခဲ့ကြတဲ့ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးလေလုံးထွားမှုတွေကို ပါတီရဲ့ အာဒိုဂန် အုပ်စုဘက်က ဖယ်ရှားပြစ်တော့တယ်။ မူဝါဒတွေကို မျှတအောင်ပြင်ဆင်မှုတွေကနေ ပိုဝေးသွားပြီး အခုတော့ ဘာသာရေးအယူဝါဒလွှမ်းမိုးတဲ့နိုင်ငံရေးမူဝါဒဆီ မှီတွယ်လိုက်တယ်။ အဲဒီပြောင်းလဲမှုအာစလျှာစပြင်းထန်ပုံကတော့ အသက်ရှုမှားလောက်စရာပါပဲ။ ဒေါ်လာ၄၀၀ ဘီလီယံကုန်ကျမယ့် ဒီလို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းမျိုးပေါ်ထွက်လာတော့တယ်။  AKP ပါတီကပေးချင်တဲ့ အဓိကနိုင်ငံရေးသတင်းစကားက ကိန်းကြီးခန်းကြီးနိုင်လှတဲ့ အတိတ်က အော်တမန်အင်ပါယာကြီးရဲ့ ဂုဏ်သတင်းကို ပဲ့တင်ထပ်မြည်ဟီးစေဖို့ပါပဲ။ AKP ရဲ့ နေရှင်နယ်လစ်အုပ်စုတွေကပဲ ဦးဆောင်လာတယ်။ အာဒိုဂန် အကြံပြုတာက နိုင်ငံသားတွေရဲ့ကိုယ်ပိုင်ဘဝတွေရဲ့ အနေအထားချိန်တွယ်ဖို့လိုအပ်တယ်။ တာ့ခ်မိသားစုတွေမှာ ကလေးတွေအရေအတွက်များများရှိသင့်တယ်။ ပေါင်မုန့်အမျိုးအစားကောင်းကောင်းစားနိုင်သင့်တယ် လို့ ဆိုလာတယ်။ အရက်သေစာသောက်စားသူတွေကို လတ်တလောမှာ အာဒိုဂန် ပြင်းပြင်းထန်ထန်ဆန့်ကျင်လာတယ်။ အရက်သေစာ ဝယ်ယူမှု နဲ့ ရောင်းချမှု ဆိုင်ရာ တားမြစ်ချက်ဥပဒေသစ်တွေ ပြဌာန်းခဲ့ပါတယ်။
ဂူးလ် ရဲ့ အုပ်စုဘက်မှာတော့ သြဇာကြီးတဲ့ ဘာသာရေးခေါင်းဆောင် ဖေတူးလာ ဂူလန် နဲ့ ပိုပြီးနီးစပ်လာခဲ့တယ်။ မိမိဘာသာနယ်နှင်ဒဏ်ပေးတိုင်းပြည်မှထွက်ခွာပြီး ယူနိုက်တက်စတိတ်မှာနေထိုင်နေသူ ဂူလန်ကို ဂူးလ် က ယုံကြည်ပါတယ်။ ဆန္ဒပြပွဲအတောအတွင်းမှာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ပိုပြီးအလေးထားဖို့သတိပေးတဲ့ ဂူးလ်ရဲ့ ပိုမိုပျော့ပြောင်းတဲ့သဘောထားကိုလည်း ဂူလန်က ထောက်ပံ့ပြောဆိုပေးခဲ့တယ်။ ဂူးလ်-ဂူလန် ပူးပေါင်းမှုဟာ အာဒိုဂန်ကို ဆန့်ကျင်မှုမှာ အားကောင်းတဲ့အုပ်စုပုံစံဖြစ်နိုင်ခြေရှိပါတယ်။ အထူးသဖြင့် ဝန်ကြီးချုပ်ဟာ အာဒိုဂန် နဲ့ ဂူးလ် ယှဉ်ပြိုင်ပွဲအတွက် စင်မြင့်ဖန်တီးပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုအတည်ပြုပေးနိုင်အောင် ဆွပေးတာတွေဆက်လုပ်နေတယ်။ အာဒိုဂန်ဟာ ၂၀၁၅ အထိ သူ့ရဲ့ ဝန်ကြီးချုပ်သက်တမ်းပြီးဆုံးတဲ့အခါ နောက်ထပ်ရာထူးသက်တမ်းအတွက် နေရာယူခွင့်မရှိတော့ပါဘူး။ အဲဒါကြောင့် သူရဲ့ နိုင်ငံရေးအနာဂတ်အတွက် ထင်ကြေးပေးမှုတွေ ပိုမိုပျံ့နှံ့နေတယ်။ ပိုပြီးအားကောင်းတဲ့ နောက်ထပ်ရာထူးသက်တမ်းအတွက် ဝန်ကြီးချုပ်ဟာ တားကစ်ရှ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချက်ထုတ်ပြန်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာ သူ့ရဲ့လုပ်ပုံကိုင်ပုံတွေက သက်သေပြနေပါတယ်။ ဖြစ်နိုင်ခြေရှိတယ်လို့ အားလုံးက ယူဆနေကြတာက အာဒိုဂန်ဟာ ရာထူးသက်တမ်းသစ်ကို လက်ခံလိမ့်မယ်တဲ့။ ဒါပေမဲ့ သူ့ရဲ့ အာဏာနဲ့ပတ်သတ်ပြီး ပါတီအတွင်းမှာ အငြင်းပွားမှုတွေများပြားနေဆဲပါ။ အာဒိုဂန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအဆိုပြုချက်ဟာလည်း ပါလီမန်ထဲမှာကန့်ကွက်မှုတွေနဲ့  ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရပြီးပါပြီ။ သူ့ရဲ့ ပါတီတွင်း အဖွဲ့သားတွေကတောင်မှ ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။ ဒါပေမဲ့ AKP ပါလီမန်အဖွဲ့ဝင်တွေကို ထိန်းချုပ်ပြီး အကောက်ဥာဏ်နဲ့ အသာစီးရအောင် အာဒိုဂန်ပြုလုပ်နိုင်သေးတယ်။ နိုင်ငံရေးဇာတ်ခုံနောက်ပိုင်းအခင်းအကျင်းတွေမှာ အလုအယက်ကြိုးပမ်းမှုတွေ ဆက်ပြီးရှိနေတယ်ဆိုတော့ ၂၀၁၄ နောက်ပိုင်း ပါတီကို ဘယ်သူက ထိန်းချုပ်နိုင်မလဲ အာဒိုဂန် နဲ့ ဂူးလ် ဘယ်သူ ဆုအစစ်ကို ပိုင်ဆိုင်နိုင်မလဲဆိုတာ ဒွိဟဖြစ်စရာပါ။ ၂၀၁၁ နောက်ပိုင်း ဂူးလ်ကို ထောက်ခံသူ AKP ရဲ့ လစ်ဘရယ်ပါလီမန်အမတ်တွေထုတ်ပယ်ပြစ်ပြီးနောက် နိုင်ငံရေးအယူဝါဒကွဲပြားမှုတွေ ပိုမိုဆိုးဝါးလာစေတယ်။ ပါတီတွင်းက လစ်ဘရယ်အုပ်စုတွေကို ဝိုင်းကြဉ်နိုင်မယ့် ဆုံးဖြတ်ချက်ချမှတ်တယ်။ AKP ပါလီမန်အမတ်တွေကို အားကြီးကြီးလွှမ်းမိုးနိုင်တဲ့ ပါတီစာရင်းကို အာဒိုဂန်က ချုပ်ကိုင်ထားတယ်။ ရလာဒ်အတိုင်းဆိုရင်၂၀၁၁ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပါတီဟာ နေရှင်နယ်လစ်အသွေးအရောင်ပိုပြင်းလာခဲ့တာပါပဲ။ ဒီလို ပါတီတွင်း ဂိုဏ်းကွဲမှုတွေဟာ မသင့်တော်လှပါဘူး။ အာဒိုဂန်ရဲ့ မထီတရီဥာဏ်ဆင်တတ်မှုတွေဟာ  ဂူးလ် အုပ်စုကို နိုင်ငံရေးအရှုပ်အထွေးတွေနဲ့ ဝင်တိုးမိစေခဲ့တယ်။ ဆန္ဒပြပွဲတွေ ဆက်ရှိနေဦးမယ်ဆိုရင် AKP ရဲ့ နှစ်ခြမ်းကွဲမှုအန္တရာယ်ကို ဒီ့ထက် အာဒိုဂန်ရင်ဆိုင်ရမှာပါ။ ပါတီတွင်းအတိုက်အခံအများစုကို ထိထိရောက်ရောက်ထုတ်ပယ်နိုင်ခဲ့ချိန်မှာတောင်မှ သူ့ရဲ့ ရာထူးသက်တမ်းရည်မှန်းချက်အတွက် ထောက်ခံမှုတညီတညွတ်တည်းရအောင် သိမ်းသွင်းလို့ မရနိုင်ခဲ့ပါဘူး။ အဲဒါကြောင့် အာဒိုဂန် ရဲ့ နိုင်ငံရေးသက်တမ်းမှာ အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်ရပါပြီ။ ဆန္ဒပြပွဲကိစ္စတွေထပ်ပေါင်းထည့်လိုက်ရင် ဝန်ကြီးချုပ်ဟာ ပါတီတွင်းမှာ တခြား မဲဆန္ဒရှင်တွေကိုဦးတည်စည်းရုံးရတော့မှာပါ။ တူရကီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပုံသွင်းဖို့ တစ်ခဲနက်ထောက်ခံမှုရဖို့ သူလိုအပ်ပါလိမ့်မယ်။ အခုတော့ အာဒိုဂန်ရွေးချယ်လိုက်တာက နေရှင်နယ်လစ်လက်ယာ လမ်းကြောင်းနဲ့လျှောက်မယ့် ပါတီအဖြစ်ပါ။ အဲဒီ ချဉ်းကပ်မှုအတိုင်းဆိုရင် လာမယ့်ရာထူးသက်တမ်းအတွက် သူ့ရဲ့ပုံစံထုတ်ထားတဲ့မူဝါဒတွေနဲ့ ပိုလို့သာရှုပ်ထွေးနေဦးမှာပါပဲ။

ဒီမိုကရက်၊ လစ်ဘရယ် နဲ့ AK ပါတီ
ဂစ်ဇီပန်းခြံဆန္ဒပြပွဲတွေမှာ…  ဘာတွေကြောင့်ဖြစ်ခဲ့ရလဲ။ တူရကီလူ့အဖွဲ့အစည်း၊ နိုင်ငံရေး နဲ့ အနာဂတ်အတွက် ဘယ်လိုအဓိပ္ပါယ်မျိုးလဲ နားလည်ဖို့ ကြိုးစားကြည့်ခဲ့ကြတယ်။ ဆန္ဒပြပွဲတွေအရှိန်မြင့်နေတဲ့အတောအတွင်း အစိုးရအတွက် တန်ပြန်ထိခိုက်နိုင်တာတစ်ခုသိသာစေပါတယ်။ တူရကီနိုင်ငံရေးအဖွဲ့အစည်း SETA ရဲ့ အကြီးအကဲ တာဟာအိုဇန် က “နိုင်ငံ့ဝန်ထမ်းတွေရဲ့ Kemalism ဟာ စီမံခန့်ခွဲမှုတွေ မှားယွင်းနေပြီး လစ်ဘရယ်လိမ်လည်လှည့်စားမှုတွေပြည့်နေတဲ့ Kemalism အဖြစ် မဆင်မခြင် တဆင့်တက်လိုက်တာပဲ” လို့ မှတ်ချက်ပေးလိုက်တယ်။ (Kemalism ဟာ တူရကီ ပထမဆုံးသမ္မတ/ စာရေးဆရာ/ တော်လှန်ရေးသမား၊ တပ်မတော်အရာရှိ Mustafa Kemal Atatürk ရဲ့ တူရကီ ခေတ်မီသမ္မတနိုင်ငံကိုဦးတည်တဲ့နိုင်ငံရေးသဘောတရား၊ အတွေးအမြင်စနစ်ပါ။ Kemal ကို တူရကီနိုင်ငံရဲ့ ဖခင် “Atatürk” လို့ နာမည်ပေးထားကြတယ်။)  
Mustafa Kemal Atatürk
အိုဇန်ဟာ တူရကီက ဆန္ဒပြပွဲတွေမှာ အစကနေစပြီး ပါဝင်ဆောင်ရွက်သူ/ အထောက်အပံ့ပေးသူ ဒီမိုကရက်တွေ၊  လစ်ဘရယ်တွေနဲ့ ပတ်သတ်ပြီး သူ့ရဲ့ အားမလိုအားမရဖြစ်ရပုံကို ပြောပြခဲ့တယ်။ ဒီမိုကရက်တွေနဲ့ လစ်ဘရယ်တွေဟာ AKP ကို အားပေးထောက်ခံနေကြတယ်ဆိုတာ ပိုပြီးသိသာလာစေတယ်။ အားလုံးပြီးသွားတဲ့အခါမှာလည်း မူလကတည်းက အားကြီးနေပြီးသား AKP ကပဲ တူရကီမှာ အောင်မြင်မှုအရှိဆုံးပါတီဖြစ်လာတာပါပဲ။ တုန်လှုပ်စရာစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့၊ Kemalist သဘောတရားအထူးအလေးထားတဲ့ ဒီနိုင်ငံမှာ AKP ဟာ အရပ်သား-စစ်တပ်ဆက်ဆံရေးကို ပုံပြောင်းဖို့ အဓိကတွန်းအားပေးခဲ့တယ်။ တူရကီကို EU နဲ့ စားပွဲတင်ဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်လာနိုင်အောင်ယူဆောင်ခဲ့ပြီး စီးပွားရေးတိုးတက်မှုမှာ အထင်ကြီးလောက်စရာဖြစ်အောင် ပံ့ပိုးဖို့ကြိုစားပါတယ်။ ၂၀၀၈ ခုနှစ်က ကို့ရို့ကားယားနိုင်လှတဲ့ပိတ်ဆို့မှုတွေနဲ့ ကြုံခဲ့တဲ့အခါမှာ ပြည်တွင်း၊ ပြည်ပကိစ္စတိုင်းမှာ ကာကွယ်နေခဲ့တယ်။ ၂၀၁၀မှာ AKP ၊ ဒီမိုကရက်၊ လစ်ဘရယ်၊ ကာ့ဒ် နဲ့ Nationalist Movement Party(MHP) တို့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းမဟာမိတ်ဖွဲ့နိုင်ခဲ့တာကြောင့် ပြည်သူ့ဆန္ဒခံယူပွဲကြီးကို အတိုက်အခိုက် ခပ်များများနဲ့ပဲ ပြုလုပ်နိုင်ခဲ့တယ်။ မဲပေးသူ ၅၈ ရာခိုင်နှုန်းရရှိပြီး အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် ထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၁ဝ ကနေစပြီး ဘယ်လိုအခြေအနေတွေဖြစ်ပွားခဲ့သလဲ။ ၂၀၁၁ မှာတော့ ပါလီမန်အုပ်စုတွေကို အကြီးအကျယ်စစ်ဆေးပြုပြင်မှုတွေ ပြုလုပ်လာခဲ့တယ်။ နိုင်ငံရေးအမြင်မျှတတဲ့ centralist တွေနဲ့ လစ်ဘရယ်အယူရှိသူတွေကို အများအပြားထုတ်ပယ်ခဲ့တယ်။ ပါတီဟာ ၂၀၀၇ ခုနှစ်က အခြေအနေမျိုး၊ ဗဟိုချုပ်ကိုင်စနစ်မျိုးဆီပြန်သွားနေတယ်လို့ နားလည်/ ယူဆထားတွေသူတွေကို ထုတ်ပစ်ခဲ့တာပါ။ ပါတီရဲ့အမှုဆောင်ဌာနတွေမှာရှိတဲ့ အဲဒီလိုသဘောထားတူညီတဲ့သူတွေကို ထုတ်ပယ်ဖြစ်လိုက်ပြီး ပါတီညီလာခံကို ၂၀၁၂ စက်တင်ဘာမှာပြီးစီးစေခဲ့တယ်။ တူရကီ သတင်းမီဒီယာတွေမှာ သမ္မတ အဗ္ဗဒူလာ ဂူးလ်နဲ့ နီးစပ်တဲ့သူတွေကို ထုတ်ပယ်ခဲ့တယ်လို့ ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ထုတ်ပြစ်ခဲ့တာပါ။

ဒီနှစ် ဧပြီလမှာဆိုရင် အီစတန်ဘူလ်ပါတီအဖွဲ့အစည်းက အာဏာကြီးတဲ့ဥက္ကဌ အဇစ် ဘာဘူစကူက ပွင့်ပွင့်လင်းလင်းပဲပြောလာခဲ့တယ်။ ပါတီဟာ တူရကီ လစ်ဘရယ်တွေရဲ့သဘောထားနဲ့ကွဲပြားတဲ့ လမ်းကြောင်းနဲ့သွားနေတယ် တဲ့။ ပထမဆုံးသမ္မတနိုင်ငံအဖြစ်တည်ဆောက်တဲ့အခါ လစ်ဘရယ်အယူရှိနေတဲ့လူတွေနဲ့ ဆက်လက်ပူးပေါင်းဖို့ မလိုအပ်တော့ပါဘူးလို့ ဆိုတယ်။ ဘာဘူစကူ က “လာမယ့်ဆယ်စုနှစ်တွေမှာ ကျွန်တော်တို့ရဲ့ ရှယ်ယာပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ ၁၀ နှစ်က ရှယ်ယာပိုင်ရှင်တွေမဖြစ်နိုင်တော့ဘူး။ တခြားနည်းနဲ့ပြောမယ်ဆိုရင် လစ်ဘရယ်တွေမရှိနိုင်တော့ဘူး။ ဒါပေမဲ့ အနာဝတ်မှာတော့ တည်ဆောက်ရေးလုပ်ငန်းစဉ်နဲ့ပဲသွားနေပါမယ်။ ဒီတည်ဆောက်ရေးခေတ်မှာ သူတို့(လစ်ဘရယ်)တွေမပါနိုင်ဘူး။ သူတို့တွေ ကျွန်တော်တို့နဲ့ အတူဆက်ပြီးရှိနေကြတော့မှာမဟုတ်ဘူး။ တူရကီရဲ့ အနာဝတ်ကို တည်ဆောက်မယ်။ ကျွန်တော်တို့ သွားမယ့်အနာဝတ်လမ်းကြောင်းမှာ သူတို့ကို လက်ခံထားတော့မှာမဟုတ်ဘူးလို့” ဗြောင်ကျကျပြောခဲ့တာပါ။ ဘာဘူစကူဟာ အဲဒီလိုပြောပြီး နောက်တစ်နေ့မှာငြင်းဆန်လိုက်ပေမယ့် Anatolia သတင်းအေဂျင်စီနဲ့ ခန်းမထဲက တိုက်ရိုက်နားထောင်ခဲ့ရတဲ့သူတွေကတော့ ဘာဘူစကူ အမှန်တကယ်ပြောခဲ့တယ်ဆိုတာ အတည်ပြုခဲ့ကြတယ်။

ဂစ်ဇီပန်းခြံထဲက ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေသူတွေကို သောကြာနေ့မနက်က ပြင်းပြင်းထန်ထန်တုံ့ပြန်တာရယ်၊ ဝန်ကြီးချုပ်ရဲ့ ခပ်ကြမ်းကြမ်းထုတ်ပြန်ချက်တွေလိုအမှားတွေနဲ့၊ တခြားအမှားအယွင်းတွေလည်း ပြုလုပ်လာခဲ့တော့ တူရကီ ဒီမိုကရက်တွေနဲ့ လစ်ဘရယ်တွေဟာ ဆန္ဒပြသူတွေဘက်က ရပ်တည်ဖို့ရွေးချယ်လိုက်ကြတာဟာ အံ့အားသင့်စရာတော့မဟုတ်လှဘူး။ Kemalist တွေနဲ့ ဒီမိုကရက်တွေ၊ လစ်ဘရယ်တွေ အတူတကွစုရုံးမိကြတာဟာ မတရားမှုအတွက်ချည်းပဲ မဟုတ်တော့ဘဲ တက်ခ်စင်မ်ရင်ပြင် နဲ့ တိုင်းပြည်နေရာတိုင်းက အမှန်တကယ်ဖြစ်ပျက်နေတာတွေကို မသိကျိုးကျွံပြုမှုတွေအတွက် သိသာထင်ရှားစေချင်ကြလို့ပါပဲ။ ဒီမိုကရက် နဲ့ လစ်ဘရယ်တွေကို ဗြောင်ကျလွန်းတဲ့အမှားတွေနဲ့ အပြစ်တင်နေတာတွေ အစိုးရဟာ ဒီအရေးအခင်းကာလတစ်လျှောက်လုံးပြုလုပ်လာခဲ့တာဟာ တာဝန်မဲ့တာပါပဲ။ လစ်ဘရယ်တွေဟာ လိမ်ညာလှည့်စားမှုတွေကို စိတ်မဝင်စားပါဘူး။ သူတို့ ရပ်တည်တာက လွတ်လပ်မှုတွေအတွက်နဲ့ ၂၀၀၃ ကနေ ၂၀၁၀ အထိ မပြောင်းလဲခဲ့တဲ့ပါတီရဲ့လုပ်ဆောင်ချက်တွေကို ခုခံကာကွယ်ဖို့ပါ။ ပူးပေါင်းမဟာမိတ်ပြုမှုမှာ တခြားပါတီတွေပြောင်းလဲစေဦးတော့ လစ်ဘရယ်တွေကတော့ မပြောင်းလဲပါဘူး။

တူရကီက ဆန္ဒပြပွဲတွေ
Islamist ယိမ်းတဲ့ Justice and Development Party (AKP) အာဏာယူထားတဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာ အင်အားအကြီးမားဆုံးလမ်းမတွေပေါ်က ဆန္ဒပြပွဲတွေပါ။ မေလ ၂၈ ရက်နေ့က စတင်ခဲ့ပြီး တက်ခ်စင်မ်ရင်ပြင်က ဂစ်ဆီပန်းခြံမှာ စတင်ခဲ့ကြတယ်။ ဘာသာရေးလွှမ်းမိုးမှုလက်မခံချင်ကြတဲ့ တာ့ခ်တွေနဲ့ ခေတ်မှီအီစတန်ဘူမြို့တော်သားတွေ စတင်ခဲ့ကြတာပါ။ အီစတန်ဘူလ်မြို့တော်မှာ ဆုတောင်းသူတွေအတွက် အစ္စလာမ်မစ်အဆောက်အဦးတွေ၊ ဗလီဝတ်ကျောင်းတွေ အများအပြားရှိနှင့်ခဲ့ပြီးပေမဲ့ အော်တမန်အင်ပါယာခေတ်က စစ်တပ်အဆောက်အဦးမျိုးဆောက်လုပ်မယ့်အစီအစဉ်ဟာ ဘာသာတရားလွှမ်းမိုးချုပ်ကိုင်မှု ပိုမိုလာတဲ့အနေအထားလို့ ဝေဖန်မှုတွေရှိခဲ့ကြတယ်။ ဆန္ဒပြသူတွေရဲ့ ဒေါသ မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားခဲ့ကြတာက ကနဦး ဆန္ဒပြသူအနည်းပါတဲ့အုပ်စုလေးတစ်ခု ဂစ်ဆီမှာနေရာယူခဲ့ကြတယ်။ ရဲက မျက်ရည်ယိုဗုံး နဲ့ ရေဖိအားသုံးပိုက်တွေနဲ့ ပစ်ခတ်ပက်ဖျန်းပြီးရှင်းလိုက်တယ်။ အဲဒီမှာ ဆူပူအုံကြွမှုဟာ ချက်ခြင်းဆိုသလို ကြီးမားတဲ့လူထုဆန္ဒပြပွဲကြီးအသွင် ပြောင်းလဲသွားခဲ့တာပါ။ 
ဇွန် ၁ ရက်နေ့က Bosphorus တံတားတစ်ဖက်ကနေ ရင်ပြင်ဆီ လူပေါင်း တစ်သောင်းခန့်ချီတက်လာခဲ့ပြီး စုစည်းညီညွတ်တဲ့ဆန္ဒပြပွဲတွေဟာ တာကစ်ရှ်မြို့လေးတွေနဲ့ တခြားမြို့ တစ်ဒါဇင်လောက်အထိ ပျံ့နှံ့သွားတယ်။ အစိုးရခွင့်ပြုချက်နဲ့ ရဲတပ်ဖွဲ့ တုန့်ပြန်မှုတွေဟာ လွန်လွန်ကဲကဲပါ။ ဆန္ဒပြသူ ၂၈၀၀ ခန့် အနည်းဆုံး ဒဏ်ရာရခဲ့ပြီး အများအပြားဒဏ်ရာပြင်းထန်ခဲ့ကြတယ်။ ၈၀၀ ခန့် ဖမ်းဆီးခံရပြီး အများစုကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း နှစ်ဦးသေဆုံးခဲ့ပါတယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြသူတွေဟာ လူငယ်တွေကနေ၊ ဘာသာရေးလွှမ်းမိုးမှုမလိုလားတဲ့ သဘောထားရှိသူ အမျိုးသမီးကျောင်းသူလေးတွေ၊ မြို့တွင်းကျောင်းတွေက ဘောလုံးပရိသတ်လူငယ်တွေလည်းပါဝင်ကြတယ်။ Taksim Solidarity Platform (TSP) က အစိုးရနဲ့ ညှိုနှိုင်းမှုတွေလုပ်ဖို့ကြိုးစားပါတယ်။ တစ်ဦးချင်းတစ်ယောက်ချင်း ဦးဆောင်တဲ့သူတော့ ပေါ်ထွက်မလာခဲ့ပါဘူး။ TSP ဟာ အကယ်ဒမစ်ကျောင်းသား၊ ဗိသုကာပညာရှင်တွေ နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးပညာရှင်တွေ ပါဝင်ကြတဲ့ ကော်မတီပါ။ ဘာသာရေးလွှမ်းမိုးမှုမလိုလားတဲ့ အတိုက်အခံအဖွဲ့ Republican People’s Party (CHP) ရဲ့ အဖွဲ့ဝင်ဘယ်လောက်အထိ ဆန္ဒပြသူတွေထဲလွှမ်းမိုးပါဝင်ခဲ့တယ် သေချာမသိနိုင်ခဲ့ပေမဲ့ အစိုးရကတော့ အဲဒီပါတီဟာ ဆန္ဒပြပွဲတွေမှာ အဓိကနေရာက ကစားနေခဲ့တာပါလို့ ဆိုတယ်။
TSP က ဖွံ့ဖြိုးရေးစီမံကိန်းဖျက်ပြီး ပန်းခြံကိုပြန်လည်ပြင်ဆင်တည်ဆောက်ပေးဖို့ရယ်၊ အီစတန်ဘူလ် နဲ့ တခြားမြို့တွေမှာ ရဲက ဖိအားသုံးတိုက်ခိုက်တာ၊ မျက်ရည်ယိုဗုံးအသုံးပြုတာတွေ တားမြစ်ပေးဖို့နဲ့ ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူတွေကို ပြန်ပြီးလွှတ်ပေးဖို့တောင်းဆိုပါတယ်။ အဲဒီဆန္ဒပြပွဲတွေဟာ ဝန်ကြီးချုပ် အာဒိုဂန်ရဲ့ ဆိုင်တွေမှာ ညအချိန်အရက်သေစာမရောင်းရ ကြေညာချက်ကို ပါလီမန်ကထုတ်ပြန်ခဲ့တဲ့နေ့ကနေ တစ်စတစ်စဖြစ်ပွားလာခဲ့တာပါပဲ။ အဲဒီညက အာဒိုဂန်ရဲ့ ကြေညာချက်ကို ပြောင်ပြောင်တင်းတင်းဖီဆန်ကြတဲ့ ဆန္ဒပြသူတွေဟာ ဘီယာဗူးခွံတွေကိုင်ဆောင်ပြီး ပြိုင်တူကိုင်မြှောက်ကာ ဆုတောင်းပျက်ရယ်ပြုခဲ့ကြတယ်။ အာဒိုဂန်ရဲ့ ဖွဲ့စည်းပုံဥပဒေတားမြစ်ချက်တစ်ခုမှာလည်း အစ္စလာမ်မစ်ခေါင်းစည်းပုဝါအသုံးပြုမှု နဲ့ လူမြင်ကွင်းမှာ နမ်းရှုံ့ခြင်းမပြုရ တားမြစ်ချက်တွေပါဝင်တယ်။ တခြား အာဒိုဂန်ရဲ့ အာဏာရှင်ဆန်လှတဲ့စနစ်ရဲ့ ကြမ်းတမ်းစွာဆက်ဆံပုံတွေကြောင့် အာဒိုဂန်ကို ဆန့်ကျင်တဲ့လှုံ့ဆော်မှုပြုလုပ်လာခဲ့ကြသေးတာပါ။

(အာရပ်နိုင်ငံတွေမှာ ဆန္ဒပြပွဲတွေဟာ တဆက်တည်းဟိုမှာသည်မှာ ဖြစ်ပွားနေကြတယ်။ အီဂျစ်မှာဆိုရင် ပြီးခဲ့တဲ ဇူလိုင် ၄ ရက်နေ့မှာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ် ဖာတာ အယ်စီစီက သမ္မတမော်စီကို ရာထူးကနေဖယ်ရှားခဲ့ပြီး တရားသူကြီးချုပ် အက်ဒ်လီမန်းစောကို ကြားဖြတ်ကာလ ယာယီသမ္မတအဖြစ်ကြေညာခဲ့တယ်။ အီဂျစ်ရဲ့ အမြင့်ဆုံး အစ္စလာမ်မစ် အာဏာပိုင်ဘာသာရေးခေါင်းဆောင် နဲ့ Coptic အော်သိုဒေါစ့်ဘုရားကျောင်း အကြီးအကဲတွေနဲ့ အတိုက်အခံခေါင်းဆောင် မိုဟာမက် အယ်လ်ဘာရားဒေ တို့က ထောက်ခံအတည်ပြုခဲ့ကြပါတယ်။  မိုဟာမက်မော်စီဟာ ၂၀၁၂ ဇွန်လက ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ မဲအရေအတွက်သိပ်မကွာဘဲနဲ့ အနိုင်ရသွားခဲ့တယ်။ ၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တာပါ။ အဲဒီရွေးကောက်ပွဲဟာ ယေဘူယျအားဖြင့်တော့ လွတ်လပ်ပြီး မျှတတယ်လို့ ဆိုနိုင်ခဲ့တယ်။ အီဂျစ်နိုင်ငံရဲ့ နှစ်ရှည်ခေါင်းဆောင် ဟိုစနီ မူဘာရက်ရဲ့ စစ်အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်လာကြတဲ့ ဆူဆူပူပူအုံကြွမှုတွေနောက်ပိုင်း ဖေဖေါ်ဝါရီ ၂၀၁၁ မှာ မူဘာရက်ကို ဖြုတ်ချပြီး ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲပါ။ မော်စီ သမ္မတသက်တမ်းမှာ အစ္စလာမ်မစ်ထောက်ခံအားပေးသူ နဲ့ သူတို့ရဲ့ အတိုက်အခံတွေရဲ့ သဘောထားကွဲလွဲမှုတွေဟာ ပိုလို့သာထင်ရှားလာခဲ့ကြတယ်။ မော်စီ အစိုးရရဲ့ အတိုက်အခံတွေမှာ လက်ဝဲသမား၊ လစ်ဘရယ်တွေ နဲ့ ဘာသာရေးအယူအဆလွှမ်းမိုးမခံလိုသူ(secularist) တွေပါ ပါဝင်ကြနေကြတယ်။ မော်စီကိုတော့ နေအိမ်အကျယ်ချုပ်ချထားလိုက်တယ်။ နိုင်ငံရေးအတိုက်အခံအဖွဲ့အစည်း Muslim Brotherhood ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဘာဒီ လည်း ဖမ်းဆီးခံရပါတယ်။ Muslim Brotherhood က ပြောတာက စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လက်တွဲမှာမဟုတ်ဘူးလို့ ဆိုတယ်။ မော်စီကို ထောက်ခံသူတွေဟာလည်း တန်ပြန်ဆန္ဒပြမှုတွေဖြစ်လာခဲ့တယ်။ နားစ် မြို့ Rabea Al-Adaweya ဗလီရှေ့မှာ မော်စီကိုအားပေးထောက်ခံသူပေါင်း ထောင်နှင့်ချီကာစုဝေးခဲ့ကြပါတယ်။ မော်စီအတွက် အသက်ပေးပြီး ထောက်ခံသွားမယ်လို့သစ္စာပြုခဲ့ကြပါတယ်။ အခုဆိုရင် မော်စီထောက်ခံအားပေးသူ လူအုပ်ထဲ အီဂျစ်တပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် သေကြေ ဒဏ်ရာရသူတွေလည်း ရှိလာခဲ့ပြန်ပါပြီ။ အီဂျစ်ရဲ့ လမ်းမတွေပေါ်မှာလည်း သွေးစွန်းခဲ့ကြပြန်ပါပြီ။)

တူရကီမှာ ဖြစ်ပွားခဲ့တဲ့ လှုပ်လှုပ်ခတ်ခတ်ဆန္ဒပြပွဲတွေကို “တာကစ်ရှ်နွေဦး” လို့ ပြောနိုင်မလားဆိုရင်တော့ ဒီမိုကရေစီကိုလုံးဝမမြည်းစမ်းဖူးသေးတဲ့ အာရပ်တိုင်းပြည်တွေနဲ့တော့ တူရကီကို နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ တူရကီမှာ ၂၀၁၁ မှာ AKP ရဲ့ အောင်မြင်မှုဟာ နိုင်ငံတကာကစောင့်ကြည့်သူတွေအကြား ယေဘူယျအားဖြင့်တော့ တရားမျှတမှုရှိတယ်လို့ ယုံကြည်လက်ခံခဲ့ကြတယ်။ မစ္စတာ အာဒိုဂန်နဲ့ သူ့ရဲ့ ပါတီဟာနိုင်ငံတစ်ခုလုံးကျယ်ကျယ်ပြန့်ပြန့်နေရာယူထားနိုင်တာ၊ တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်တွေထောက်ပံ့ပေးနိုင်တာကို သာယာကြည်နူးနေကြဆဲပါပဲ။ တာ့ခ် ၆၂ ရာခိုင်နှုန်းလောက်က အာဒိုဂန်ကို မျက်နှာသာပေးခဲ့ကြပါတယ်။ အီစတန်ဘူလ်မြို့ပေါ် နဲ့ ဘာသာရေးလွှမ်းမိုမှုမလိုလားတဲ့ တာ့ခ် တစ်ဦးချင်းစီသာ အာဒိုဂန်ကို ထောက်ခံလိုစိတ်မရှိကြတာပါ။ AKP ရဲ့ကာလမှာ တူရကီဟာ စီးပွားဖွံ့ဖြိုးတိုးတက်မှုမှာပျော်ရွှင်နေခဲ့ကြတယ်။ ဒေသတွင်း သြဇာကြီးလာတာကိုလည်း ကျေနပ်နေခဲ့ကြတယ်။ အာဒိုဂန်ကို သူ့ရဲ့ ပါတီက ထောက်ပံ့မှုပေးတာတွေလျော့ကျသွားတာကိုကြည့်မယ်ဆိုရင် ပါတီခေါင်းဆောင်တွေကြားထဲမှာ ကွဲပြားမှုရှိတဲ့လက္ခဏာတော့ တွေ့နေရပါပြီ။ ဒါပေမဲ့ အဗ္ဗဒူလာဂူးလ်ရော၊ မစ္စတာ အာဒိုဂန်ရဲ့ AKP မိတ်ဆွေကြီးတွေရော ဆန္ဒပြသူတွေနဲ့ ပိုပြီးပြေရာပြေကြောင်းအနေအထားမျိုးရောက်အောင် လုပ်ယူခဲ့ကြတယ်။ လက်ရှိတူရကီအာဏာပိုင်တွေက ပြောနေကြသေးတယ်။ “ဒီမိုကရေစီဆိုတာဟာ ရွေးကောက်ပွဲတွေကျင်းပပေးရုံပဲ မဟုတ်ဘူး။ အဲဒီတစ်ခုတည်းကိုပဲ ဆိုလိုတာမဟုတ်ပါဘူး” တဲ့။           ။

Ref : Wings of Change - By Aaron Stein, Foreign Policy,
        Democrats, liberals and the AK Party by SUAT KINIKLIOĞLU, Today Zaman
ဖြိုးဖြိုး
Nweni Magazine, August, 2013

No comments: