Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, July 29, 2016

မျက်လှည့်ဆန်တဲ့ ဗီယင်နာသမိုင်း Time Travel ခရီးစဉ်လေး

(၂၀၁၃ ခုနှစ် သြဂုတ်လက သွားဖြစ်တဲ့ခရီးကို ခုမှပဲရေးဖြစ်တော့တယ်။ အချိန်သိပ်မကွာပါဘူး။ )
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ သယ်ယူပို့ဆောင်ရေးသိပ်ကောင်းပါတယ်။ ဘတ်စ်ကား၊ ရထား၊ ဓာတ်ရတား (tram) နဲ့ မြေအောက်ရထားလိုင်းတွေကလည်း ကိုယ်သွားချင်တဲ့နေရာ အချိန်တိတိကျကျရောက်အောင် ရွေးချယ်စီးနိင်ကြတယ်။ Wiener Linien ဗီယင်နာအများပြည်သူသယ်ယူပို့ဆောင်ရေးကနေ မြေအောက်လိုင်း ၅ လိုင်းရှိပြီး ဓာတ်ရထား၂၉ လိုင်း၊ ဘတ်စ်က ၉၀ လိုင်းရှိကြတယ်။ အဲဒီထဲက ၂၄ လိုင်းဟာ ညပဲ ပြေးဆွဲပါတယ်။ ကျွန်မတို့ ဗီယင်နာရောက်ရောက်ချင်းပဲ ကမ္ဘာလှည့်ခရီးသည်အများစုဝယ်ကြသလို ဗီယင်နာကတ်ဝယ်လိုက်ကြတယ်။ ဗီယင်နာကတ်က၂ ရက် အတွက် ၂၁ ယူရိုခန့် နဲ့ ၃ ရက်စာကတ်ဆိုရင် ၂၄ ယူရိုခန့်ပေးရပါတယ်။ အဲဒီ ၂ ရက်/ ၃ ရက်အတွင်း ကြိုက်တဲ့ရထားစီးလို့ရပါတယ်။ 

ဗီယင်နာမြို့ထဲကို ဟိုဟိုဒီဒီလေ့လာကြဖို့က Hop on Hop off လက်မှတ်ဝယ်လိုက်ကြတယ်။ အဲဒီ ခရီးအတွက် အနီ၊ အဝါ နဲ့ အပြာ ၃ လိုင်းရှိပါတယ်။ ကားပေါ်မှာလည်း audio guide လေးတွေ ခုံမှာ နားကြပ်လေးတွေနဲ့ပေးထားကြတယ်။ ကြိုက်တဲ့ ဘာသာစကားပြောင်းလဲ နားထောင်နိုင်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့နေရာရောက်ရင် ဆင်းခဲ့လို့ရတယ်။ hop off ပေါ့။ 
အဲဒီနေရာတစ်ခုခုမှာ ကိုယ်စိတ်ဝင်စားသလောက် ကြည့်ရှုလေ့လာနိုင်ပြီး အပြင်မှာ တချိန်လုံးပြေးဆွဲနေတဲ့ hop on hop off ကားတွေကို ကားမှတ်တိုင်မှာစောင့်ပြီး ကိုယ်ဝယ်ထားတဲ့ အရောင်အတိုင်းရွေးချယ်ကာ လိုက်သွားနိုင်တယ်။ hop on hop off လမ်းညွှန်စာအုပ်လေးထဲက လမ်းကြောင်းပြမြေပုံမှာ hop on hop off လမ်းကြောင်းပေါ်မှာ ရှိတဲ့ ကိုယ်သွားချင်တဲ့နေရာလေးတွေ အရင် ကြည့်ပြီးစဉ်းစားရွေးချယ်ထားတာပိုကောင်းပါတယ်။ အဲဒါမှ ကိုယ်က ဘယ်နေရာပြီး ဘာအနီးဆုံးသွားမယ် စသဖြင့် ကိုယ်စိတ်ဝင်စားတဲ့နေရာ ကြည့်နိုင်တာပေါ့။ ဒါမှမဟုတ်လည်း မျက်ဝါးထင်ထင်တွေ့လိုက်တော့မှ ကိုယ်စိတ်ဝင်စားသွားခဲ့တဲ့နေရာဆိုရင် စွေ့ခနဲဆင်းနေခဲ့လိုက်ကာ ဝင်ခွင့်လက်မှတ်ဝယ်ပြီး ကြည့်နိုင်တာပါပဲ။ tourist sightseeing အတွက် အဆင်ပြေလွယ်ကူလှတဲ့ သယ်ယူပို့ဆောင်ရေးမျိုးပါ။ hop on hop off လိုင်းတွေက နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိပြေးဆွဲကြတယ်။ ပြတိုက်တွေ ပြခန်းတွေ၊ စားသောက်ဆိုင်တွေမှာ ဗီယင်နာကတ်ပြနိုင်ရင် discount တွေလည်း ရနိုင်ပါတယ်။ ဗီယင်နာကတ်ဝယ်တုန်းက ပေးလိုက်တဲ့ အညွှန်းစာအုပ်မှာ ဗီယင်နာမြို့ကထိပ်တန်း tourist attraction နေရာတွေနဲ့ စားသောက်ဆိုင်တွေ ဘယ်နေရာ၊ ဘယ်စားသောက်ဆိုင်တွေမှာ ဗီယင်နာကတ် discount လက်ခံတယ်ဆိုတာကိုပါ ဖော်ပြထားတယ်။

ဗီယင်နာမြို့မှာဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ ပေါ်ပြူလာအဖြစ်ဆုံးနေရာတွေက သြစတြီးယားဘုရင်မ Sisi ရဲ့ နွေရာသီစံအိမ် Schönbrunn Palace ၊ Schönbrunn Zoo ၊ St. Stephen's Cathedral ၊ ဒီနေ့ခေတ်မှာ သြစတြီးယားသမ္မတ ရုံး၊ အရေးကြီးတဲ့ကွန်ဂရက်စင်တာနဲ့ များပြားလှတဲ့ အနုပညာလက်ရွေးစင်တွေစုဆောင်းထားရှိတဲ့ Imperial Palace- Hofburg၊ သြစတြီးယန်းပန်းချီဆရာ Gustav Klimt ရဲ့ ရွှေရောင်လွှမ်းတဲ့ နာမည်ကျော်ပန်းချီကား "The Kiss" နဲ့ "Judith" မူရင်းလက်ရာတွေအပါအဝင် အလယ်ခေတ်ကနေ လက်ရှိကာလအထိ သြစတြီးယန်းအနုပညာလက်ရာတွေထိန်းသိမ်းထားရှိတဲ့ Belvedere ပြတိုက်၊ ဗီယင်နာအထိမ်းအမှတ်လိုဖြစ်နေတဲ့ The Giant Ferris Wheel ရဟတ်ကြီးနဲ့ ရင်ပြင်၊ ကမ္ဘာမှာ တန်ဖိုးအကြီးဆုံး ၂၀ ရာစုခေတ်ပြိုင်လက်ရွေးစင်ပန်းချီကားတွေရှိတဲ့ ပြတိုက်တွေထဲက တစ်ခုဖြစ်တဲ့ Albertina ၊ အနုပညာသမိုင်းပြတိုက် Kunsthistorisches Museum Wien ၊ MuseumsQuartier ၊ Danube မျှော်စင် ၊ ၅.၃ ကီလိုမီတာရှည်လျားတဲ့ ခံညားထည်ဝါလှတဲ့ အဆောက်အဦတွေနဲ့ အနုပညာလက်ရာတွေ ကြည့်ရှုလေ့လာနိုင်တဲ့ Vienna's Ringstrasse ၊ သဘာဝသမိုင်းပြတိုက် Naturhistorisches Museum Vienna ၊ ငါးပြတိုက် ၊ နည်းပညာပြတိုက်နဲ့ အရောင်စုံပြူတင်းပေါက်တွေ၊ ကွေ့ကွေ့ကောက်ကောက်အဆောက်အဦပုံစံပေါ်မှာ စိမ်းမြမြသစ်ပင်လေးတွေတွယ်ကပ်ပေါက်နေတဲ့ Hundertwasser အိမ်ရာ စသဖြင့် အဲဒီနေရာတွေကတော့ မသွားမဖြစ်သွားရောက်လေ့လာသင့်တဲ့နေရာတွေလို့ ညွှန်းကြပါတယ်။
Schönbrunn Palace (ရှန်ဘရွန်းနန်းတော်)ကြီးရဲ့ ဂိတ်တံခါးမကြီးကနေမဝင်ခင် အရှေ့ဘက်နားမှာ ရွှေရောင်အမျိုးသမီးနဲ့ အမျိုးသားရုပ်တုနှစ်ခုတွေ့လိုက်ရတော့ တကယ့်ကို ရုပ်တုတွေလို့ ထင်မြင်လိုက်ပေမဲ့ အဲဒါ ရုပ်တုမဟုတ်ပါဘူး။  ကလေးငယ်တစ်ယောက်က ရွှေရောင်လူရုပ်ကြီးတွေရှေ့တည့်တည့်မှာမတ်မတ်ရပ်လို့ စူးစူးစိုက်စိုက်ငေးမောနေတယ်။ ပြီးမှ တခစ်ခစ်ရယ်မောရင်း ရွှေရောင်ရုပ်တုကြီးတွေ လှုပ်ရှားလာမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေတော့တာပေါ့။ ခရီးသွားတွေကို ရည်ညွှန်းပြီး performance လုပ်နေကြတာပါ။ ကားလက်ကိုင်ပုံစံကို ရွှေရောင်အမျိုးသားကကိုင်ထားပြီး အမျိုးသမီးကတော့ ထီးတစ်ချောင်းကိုဆောင်းလို့ ဘေးမှာထိုင်ရက် ကားတစ်စီးနဲ့ ခရီးသွားနေကြသလို သရုပ်ဆောင်နေကြတယ်။ 
ရှန်ဘရွန်းနန်းတော်က ကြီးမားခမ်းနားလှပြီး မြင်ကွင်းကျယ်တစ်ခုလုံး ငေးလို့ မဆုံးနိုင်အောင် ဘယ်နေရာကြည့်ကြည့် အဆုံးသတ်မသွားသလို ကျယ်ပြန့်လွန်းလှတာပါ။ သစ်ပင်တွေနဲ့တည်ဆောက်ထားတဲ့ ဝင်္ကဘာထဲ ဝင်သွားကြသူတွေ ထွက်လာကြသူတွေလည်း အများကြီးပါပဲ။ အရောင်စုံပြူတင်းပေါက်တွေ ကွေ့ကွေ့ကောက်ကောက် အမြင်ဆန်းလှတဲ့ အဆောက်အဦအိမ်ရာ Kunst Haus Wien ကလည်း အင်မတန်ထူခြားပြီး လှပတဲ့အဆောက်အဦပုံစံပါ။ Kunst Haus Wien ကို ဒီဇိုင်းထွင်တည်ဆောက်ခဲ့သူက ပန်းချီဆရာ Friedensreich Hundertwasser ဖြစ်ပါတယ်။ 
သြစတြီးယားနန်းတော်တွေ ပြတိုက်တွေရဲ့ တည်ဆောက်ပုံဟာ ၁၇ ရာစုကနေ ၁၈ ရာစုအလယ်ပိုင်းမှာ ဥရောပမှာ ဖွံ့ဖြိုးလာခဲ့တဲ့ အနုပညာနဲ့ ဗိသုကာဆိုင်ရာလက်ရာကို ပေါင်းစပ်ပြီး ထင်းလင်းနေတဲ့လက်ရာမျိုး ကွေ့ကွေ့ဝိုက်ဝိုက်ရွှေရောင်အမွှန်းအပြောက်တွေနဲ့ အသေးစိတ်ပုံဖော်တည်ဆောက်ထားတဲ့ Baroque စတိုင်လ်လက်ရာတွေပါ။ အဆောက်အဦတွေရဲ့ ထိပ်ပိုင်းအဝန်းအဝိုက်အဆင်တန်ဆာတွေမှာ ရွှေရောင်တွေတော်တော်များများ မြင်တွေ့ရလေ့ရှိတယ်။ The Kiss ပန်းချီကားမူရင်းထိန်းသိမ်းထားတဲ့ Belvedere ပြတိုက်ကလည်း အင်မတန်ခမ်းနားလှပါတယ်။ နန်းတော်တွေခမ်းခမ်းနားနား၊ လက်ရာမြောက်လှတဲ့ ပန်းချီကားတွေ ဆန်းဆန်းပြားပြားအပြင်အဆင်တွေနဲ့ ကြည့်ရှုငေးမောစရာတွေ မဆုံးနိုင်အောင်ရှိနေကြပေမဲ့ နန်းတော်ကြီး၊ ပြခန်းကြီး၊ အခန်းလွတ် အခန်းကျယ်ကြီးတွေဟာ ကမ္ဘာလှည့်ခရီးသည်တွေကို အလှပြရုံသက်သက် အဆုံးစွန်ခမ်းနားဖို့အတွက် တည်ရှိနေကြသလိုပါပဲ။

ဗီယင်နာမြို့ရဲ့ ခမ်းနားတောက်ပမှုတွေထဲက မျက်လှည့်ဆန်တဲ့ ဗီယင်နာသမိုင်း Time Travel ပြခန်းလေးကလည်း စိတ်ဝင်စားစရာအင်မတန်ကောင်းလှပါတယ်။ သြစတြီးယားသမိုင်းကို စိတ်ဝင်တစား သိနားလည်ချင်သူတွေအတွက်တော့ ဗီယင်နာမြို့က ခမ်းနားကျယ်ပြောလှတဲ့ ရွှေရောင်အမွှန်းအပြောက်အဆောက်အဦတွေဆီမသွားခင် အဲဒီ Time Travel ပြခန်းလေးကို အရင်ဆုံးသွားစေချင်မိတယ်။ ဗီယင်နာကတ်စာရင်းထဲမှာ မပါပေမဲ့ သြစတြီးယားနိုင်ငံသမိုင်းနဲ့ ဗီယင်နာမြို့အကြောင်း အားလုံးသိရှိသွားနိုင်တာကြောင့် ကျွန်မတို့လည်း စိတ်ဝင်စားခဲ့တာနဲ့ အရောက်သွားခဲ့ကြတယ်။ ဗီယင်နာမြို့လယ် လမ်းလျှောက်သွားရတဲ့ ဧရိယာထဲမှာပါပဲ Graben/ Michaelerplatz အနီးမှာရှိပါတယ်။ ၁၃၀၀ စတုရန်းမီတာ အကျယ်အဝန်းရှိတဲ့ အဲဒီ ပြခန်းလေးအတွင်းထဲ ရောက်သွားလိုက်တာနဲ့ စွန့်စားခန်းကမ္ဘာလေးတစ်ခုထဲ ရောက်သွားခဲ့ရသလိုပါပဲ။ လူကြီးတစ်ဦးအတွက် ယူရို ၂၀ ဖြစ်ပြီး အသက် ၅ နှစ်ကနေ ၁၄ နှစ်ကလေးတွေအတွက်က ၁၆ ယူရိုပါ။ ကျောင်းသူကျောင်းသားအုပ်စုတွေအတွက် ဈေးတစ်မျိုးနဲ့ အသက် ၅ နှစ်အောက် ကလေးငယ်လေးတွေက အခမဲ့ဖြစ်ကြတယ်။

ပထမဆုံးတော့ ဧည့်လမ်းညွှန်တစ်ဦးက ဗီယင်နာ သမိုင်းအကျဉ်းချုပ်ကိုရှင်းပြပေးပါတယ်။ ဧည့်လမ်းညွှန်မိန်းကလေး ရှင်းပြတဲ့အခန်းရဲ့ နံရံမှာ ပန်းချီကားချပ် ၅ချပ်ပုံစံ ၃ ရှိနေခဲ့တယ်။ မိန်းကလေးက ရှင်းပြနေရင်း ပန်းချီကားထဲက မျက်နှာအရိပ်တွေက လှုပ်ရှားလာပြီး အချင်းချင်း အပြန်အလှန်စကားပြောဆိုကြတော့တယ်။ အဲဒီအခန်းကနေ နောက်တစ်ခန်းမှာတော့ အချိန်ခရီးသွား 5D ရုပ်ရှင်ပြခန်းလေးပါ။ Animago Award ဆုရ 5D အချိန်ခရီးသွားရုပ်ရှင်ကြည့်ဖို့ နေရာယူကြရတယ်။ 5D ဆိုတော့ ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကို ကိုယ်က ပြန်ရောက်သွားခဲ့တဲ့အချိန်ကနေစတော့တယ်။ ခုံတွေက တစ်လှုပ်လှုပ်၊ လေတွေကလည်း တိုးတိုးဝှေ့ဝှေ့တိုက်ခတ်နေတော့ ချမ်းစိမ့်လာတော့တာ။ 3D နဲ့ အထူးပြုလုပ်ချက်ရုပ်ရှင်ထဲ ကိုယ်တိုင်ရောက်ရှိသွားခဲ့ရသလို အင်မတန် အသည်းအေးကနဲထိတ်လန့်စရာခံစားမှုမျိုးနဲ့ပေါ့။ အချိန်ခရီးသွားကာလစာ အလယ်ခေတ်က ဗီယင်နာကိုပြထားတယ်။ ပလိပ်ရောဂါဖြစ်လာတာတွေနဲ့ တူရကီတွေ ၁၆၈၃ ခုနှစ်မှာ ဝန်းရံသိမ်းပိုက်ခဲ့တာတွေပြပါတယ်။ ပထမဆုံး ဘီစီ ၁၅ ရာစု(အေဒီ ၄၀၀ ခန့်)က ရောမအင်ပါယာက Vindobona ရောမန်စစ်စခန်းတစ်ခုမှာ ကင်းလှည့်တပ်သားတစ်ဦးအဖြစ် ကိုယ်တိုင်ပါဝင်ကင်းလှည့်နေရတယ်။  တပ်မှူး အင်ပါယာ Marcus Aurelius ရဲ့ စစ်စခန်းမှာပါ။ ဗီယင်နာဟာ ၁၅ ဘီစီမှာ ရောမအင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တယ်။ ရောမတွေက Danube မြစ်ဆီရောက်လာခဲ့ပြီ။ အဲဒီ စစ်စခန်း Vindobona ကနေ နောက်ထပ် အချိန်ခရီးသွားက ပလိပ်ရောဂါစတင်ဖြစ်ပွားလာခဲ့တာက ၁၆၇၉ ခုနှစ်မှာပါ။ ကိုယ့်ရဲ့ဘေးမှာ ကြွက်တွေတိုးဝှေ့ပြေးတိုက်နေကြတယ်။ ခြေထောက်ကိုပါ တိုးတိုက်သွားကြသေးတာပါ။ ထိုင်ခုံတွေကလည်း လှုပ်ယမ်းယိမ်းခါလို့ပေါ့။ ဘေးက တခြားခရီးသွားမိန်းကလေးတစ်ဦးဆီက ကြောက်လန့်တကြားအော်သံထွက်လာတယ်။ ကျွန်မ ခြေထောက်ကိုလည်း ပူပူနွေးနွေးအရာ ကြွက်တစ်ကောင်လို လာတိုးတော့ သူများတွေလိုပဲ အော်မိပြီး ခြေထောက်တွေအပေါ်ဆန့်ထားလိုက်ရော။ ခြေထောက်တွေမြှောက်ထားရင်းနဲ့ အောက်ကိုလည်း  ငုံ့ကြည်မိလိုက်သေးတယ်။ ပလိပ်ရောဂါကြောင့်သေဆုံးနေကြတဲ့လူတွေက ကိုယ့်ဘေးမှာ ဟိုမှာဒီမှာ ပြန့်ကျဲနေတဲ့မြင်ကွင်းမျိုးက ကြောက်လန့်စရာပါ။ Graben က Pestsäule Column ဟာ ဒီနေ့မှာတော့ Black Death ဆိုပြီးခေါ်ဆိုနေကြတယ်။ ပလိပ်ကပ်ရောဂါကလအတွင်း ဂီတသမား Augustin က ကျော်ကြားလာခဲ့သတဲ့။ တစ်နေ့သူက အလွန်အမင်းမူးယစ်နေခဲ့ပြီး မြို့အပြင်က ပလိပ်ရောဂါသည်တွေအတွက်ထားတဲ့ ပွင့်နေတဲ့ဂူထဲပြုတ်ကျသွားခဲ့တယ်။ နောက်တစ်နေ့နံနက်မှာတော့ သီချင်းဆိုလျှက်နဲ့ပဲ ပြန်ထွက်လာနိုင်ခဲ့တယ်ဆိုတာကိုလည်း ပြသွားခဲ့တယ်။
နောက်ထပ်မြင်ကွင်းမှာ ကိုယ်က ခိုတွေနဲ့အတူ St. Stephen's Cathedral ဆောက်လုပ်ရေး site ကို လိုက်ကြည့်နေခဲ့ရတယ်။ အဲဒီအချိန်ကတော့ မျှော်စင်ဟာ ဥရောပမှာ အမြင့်ဆုံးလို့ ဆိုပါတယ်။ St. Stephen's Cathedral ရဲ့ ပထမဆုံးအပိုင်းကို ၁၁၃၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ အချိန်ခရီးသွားနောက်တစ်ခန်းမှာ တူရကီစစ်တပ်ဟာ မြို့နံရံကိုတိုက်ခိုက်ဖြိုဖျက်ပြီး အလုံးအရင်းနဲ့ စီးနင်းဝင်ရောက်လာကြတယ်။ ဒါပေမဲ့ Turk တွေဟာ ၁၅၂၉ ခုနှစ် သူတို့စီးနင်းတိုက်ခိုက်စဉ်ကတည်းက အရေးနိမ့်နေခဲ့ကြပါပြီ။ ၁၆၈၃ ခုနှစ်မှာ ဒုတိယအကြိမ်စီးနင်းတိုက်ခိုက်ဖို့ အားယူနေခဲ့ကြတာပါ။ Grand Vizier Kara Mustafa ဟာ တပ်သား ၂ သိန်းခန့်နဲ့ မြို့ကို ဝိုင်းထားလိုက်တယ်။ ဥမင်လိုဏ်တွေရဲ့အကူအညီနဲ့ မြို့နံရံတွေကို မိုင်းခွဲခဲ့တဲ့ ပြကွက်တွေမှာ ကိုယ်က တစ်ချိန်လုံးဘေးမှာရှိနေခဲ့ရသလို အသည်းထိတ်စရာပါ။ နောက်ပိုင်းမှာတော့ ၁၆၈၅ ကနေ ဒီနေ့ခေတ်အချိန်ထိအချိန်ခရီးသွားပြကွက်တွေပါ။ တူရကီတွေစစ်ရှုံးကြတော့ သူတို့ဆုတ်ခွာထားရစ်ခဲ့တဲ့ စခန်းတွေထဲမှာ ကြီးကြီးငယ်ငယ် အိတ်တွေတွေ့ရှိခဲ့ကြပြီး အညိုရောင်ကော်ဖီစေ့တွေ တူရကီတွေချန်ထားရစ်ခဲ့ရတဲ့ တဲတွေအတွင်းက ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီနောက်ပိုင်း သိပ်မကြာတဲ့အချိန်လေးမှာပဲ အာမေးနီးယန်းကုန်သည် Johannes Diodato က ပထမဆုံးဗီယင်နာကော်ဖီဆိုင် ဖွင့်လှစ်ခဲ့ပါတယ်။ သြစတြီးယန်းအထူးစပယ်ရှယ်ကော်ဖီဟာ နွားနို့နဲ့ နွားနို့မလိုင်အမြုပ်အပေါ်မှာပြင်ဆင်ထားတဲ့ Melange ကော်ဖီပါ စသဖြင့် အချိန်ခရီးသွားရုပ်ရှင်မှာ ပြသွားခဲ့ပါတယ်။

နောက်တစ်ခန်းမှာတော့ သြစတြီးယားဘုရင်နဲ့ ဘုရင်မစီစီ တို့ရဲ့ ဖယောင်းရုပ်တွေအပြန်အလှန်စကားပြောရင်း family tree ကို ရှင်းပြသွားခဲ့တဲ့အခန်းပါ။ ပြီးရင်တော့ အသက်ဝင်လှတဲ့ Amadeus Mozart နဲ့ Johann Strauss တို့ကို ငယ်ငယ်ရွယ်ရွယ်အသွင်နဲ့မြင်တွေ့ရမှာပါ။ မိုးဇက်ရဲ့ အကျော်ကြားဆုံးတေးသွားတွေနဲ့အတူ အရောင်စုံ Waltz Ride ကိုစီးရင်း အလင်းအမှောင်နဲ့ ဂီတရဲ့သက်ဝင်လှုပ်ရှားနေတဲ့ဖမ်းစားမှုမှာ ကြည်နူးနှစ်သက်စရာပါပဲ။ စစ်ရဲ့အတွေ့အကြုံကို ကိုယ်တိုင်ခံစားနိုင်မယ့် War Years အခန်းလည်းရှိသေးတယ်။ ဒုတိယစစ်အတွင်း လေကြောင်းကဗုံးကျဲတဲ့အခါ ဗုံးခိုကျင်းတွေထဲ ပြေးဝင်ခိုလှုံကြရသလို အခန်းပုံစံတစ်ခုအဖြစ် တည်ဆောက်ထားတယ်။ အုတ်သားမြေတိုက်အခန်းမျိုး ဘေးနံရံတွေမှာ တီဗီကင်မရာတွေက ပြတင်းပေါက်မြင်ကွင်းလို အပြင်ဘက်ကို ကိုယ်ကလှမ်းကြည့်နေရသလိုမျိုး တပ်ဆင်ထားပါတယ်။ အပြင်ဘက်မှာ စစ်သားတွေစစ်ဖိနပ်ခွာသံတွေ နီးလာလိုက် ဝေးသွားလိုက် စကားသံတွေ အနီးအေဝးအတိုးအကျယ်၊ စိတ်လှုပ်ရှားစရာကောင်းလှတယ်။ လေယာဉ်သံတွေနီးလာပြီး ဗုံးကျဲချလိုက်တဲ့အခါ အခန်းတစ်ခုလုံးသိမ့်သိမ့်တုန်ခါပြီး မီးမှောင်ကျသွားခဲ့တဲ့အတွေ့အကြုံဟာ တစ်ကြိမ်ထဲနဲ့ စစ်ရဲ့အတွေ့အကြုံကို သွေးပျက်မတတ်ထိတ်လန့်သွားစရာပါပဲ။ ဗုံးကျဲချလိုက်တဲ့အသံနဲ့အတူ မီးလုံးကြီးတွေဝင်းကနဲ လက်ကနဲ အခန်းထဲ လင်းလက်သွားပြီး တစ်ခါမှောင်မိုက်တိတ်ဆိတ်သွားပြန်ရော။ အင်မတန်ကြောက်ရွံ့စရာကောင်းလှတဲ့ အတွေ့အကြုံမျိုးပါ။ သိပ်မကြာတဲ့အခါငြိမ်သက်သွားခဲ့တယ်။ အပြင်ဘက်မှာ စကားပြောသံတွေ၊ ဖိနပ်ခွာသံတွေကြားလာရပြီး "စစ်ကြီးပြီးပြီ" လို့ ဝမ်းသာအားရအော်သံအုပ်အုပ်ကို ကြားလိုက်ရပါတယ်။ ရုရှားလိုအော်လိုက်တဲ့အသံပါ။ စစ်ကြီးပြီးတော့ Austria State Treaty စာချုပ်မူရင်းဗီဒီယိုကို ပြပါတယ်။  အဲဒီမှာ ပြထားတဲ့စာချုပ်စာရွက်ကတော့ နမူနာပုံစံဖြစ်ပြီး မူရင်းကတော့ မော်စကိုမှာသိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။ နောက်ဆုံးအခန်းဖြစ်တဲ့ Occupied Vienna အခန်းမှာ ၁၉၄၅-၁၉၅၅ ခုနှစ်တွေက ဗီယင်နာအကြောင်း မဟာမိတ်တွေကြီးစိုးခဲ့ပြီး ဇုံ ၄ ခုကွဲခဲ့တာနဲ့ Austria State Treaty မှာ "Austria is free" လို့ စာချုပ်လက်မှတ်ထိုးပြီး ပျော်ရွှင်မြူးထူးတဲ့အဖြစ်အပျက် အတွေ့အကြုံကို ရရှိစေတယ်။
အဲဒီအခန်းတွေကနေ ခြေလှမ်းထွက်လိုက်တဲ့အခါ အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်အခန်းလေးထဲ ရောက်သွားခဲ့ပါတယ်။ အဲဒီအခန်းလေးမှာ သြစတြီးယားအမှတ်တရ The Kiss ပန်းချီပါ လက်မှုပစ္စည်းလေးတွေ၊ ကြောင်ပုံဒီဇိုင်းလက်မှုပစ္စည်းလေးတွေ အပါအဝင် ချစ်စရာလက်မှုပစ္စည်းအမျိုးအစုံအလင် ရွေးချယ်ဝယ်ယူနိုင်တာပေါ့။ Time Travel ပြခန်းလေးဟာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ရဲ့ ထိပ်တန်း tourist attraction တစ်ခုမဟုတ်ပေမဲ့ ဗီယင်နာမြို့ရဲ့သမိုင်းကြောင်းကို ထူးခြားတဲ့အတွေ့အကြုံနဲ့ ကိုယ်တိုင်ပါဝင်ခံစားပြီး စုံစုံလင်လင်သိခွင့်ရခဲ့တာကြောင့် ကျွန်မအတွက်တော့ အပြည့်စုံဆုံး အချိန်ခရီးသွားပြခန်းတစ်ခုအဖြစ် အမှတ်တရဖြစ်ခဲ့ရပါတယ်။

Ref: www.timetravel-vienna.at
ဖြိုးဖြိုး

No comments: