ရဲရဲနီ တောက်ပတဲ့အသွေးရှိတဲ့ “အနီ” ဟာ ရောင်စဉ်တွေအားလုံးလိုလိုနဲ့ ရောယှက်အလှဆင်လို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အနီရောင်နဲ့ အလှဆင်တဲ့အခါ လွန်ကဲမသွားစေဖို့ အရေးကြီးပါတယ်တဲ့။ အနီရောင်ဟာ စွဲလမ်းတပ်မက်မှု၊ ပြင်းပြတဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့အရောင်လို့ ဆိုကြတယ်။ တောက်ပပြီး လှပတဲ့ အနီသွေးရဲရဲအရောင်ကို အိမ်ခန်းတစ်ဝိုက် အလှဆင်ရမှာ လူတော်တော်များများကတော့ စိုးရွံ့တတ်ကြပါတယ်။ အနီရောင်လို အသွေးရင့်တဲ့အရောင်မျိုးဟာ နဂိုထဲက အမှောင်ကျနေတတ်တဲ့ အိမ်အတွင်းပိုင်းတွေ နေရာတွေမှာအသုံးပြုမယ်ဆိုရင် နည်းနည်းတော့ ထိတ်လန့်စရာဖြစ်သွားတတ်တယ်။ အနီရောင်ရဲ့ မူလပိုင်ဆိုင်ထားတဲ့ရသပြင်းပြင်းကို ကိုယ့်စိတ်ကြိုက်တွေ့သလို နေရာအနှံ့အပြား ခြယ်မှုန်းလိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အိမ်လေးဟာ ငြိမ်းချမ်းမှုနဲ့ ကင်းကွာသလိုဖြစ်သွားနိုင်တာကို သတိပြုရပါမယ်။ “အနီရောင်ဟာ ကြည်နူးရွှင်ပြမှုနဲ့ ပျော်ရွှင်မှုကနေ ဒေါသနဲ့ ရန်လိုမှုတွေဆီ နေရာတိုင်းကို လှည့်လည်သွားလာနိုင်တယ်” လို့ ချီကာဂို Civility Design က ဒီဇိုင်းဆရာ ဒွန်ရာနေးက ပြောပါတယ်။ ဒါကြောင့် အနီရောင်ကို ကိုင်တွယ်တဲ့အခါ ထိန်းထိန်းသိမ်းသိမ်းရှိရပါမယ်တဲ့။
အသွေးရင့်အနီရောင်ကို ထူးခြားတဲ့အဆင်အပြင်ရလာအောင် အလှဆင်အသုံးပြုနိုင်တဲ့ လှို့ဝှက်ချက်တွေရှိနေပါတယ်။
ပထမဆုံးလျှို့ဝှက်ချက်ကတော့ အလွန်အကျွံအသုံးမပြုဖို့ပါပဲ။ အလွန်အကျွံအသုံးပြုလိုက်ရင် မျက်စိစပါးမွှေးစူးစရာဖြစ်သွားနိုင်တယ်။ အနီရဲရဲရဲ့ တောက်ပမှုက တခြားအသွေးအရောင်တွေကို ဖိနှိပ်ပစ်နိုင်ပါတယ်။ လှည့်စားချက်လေးတွေနဲ့ အနီရောင်ကို အသုံးပြုပါတဲ့။