Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 08, 2009

နှင်းကျတဲ့နေ့က ကျွန်မ ပျော်ရွှင်ခဲ့တယ်

နှင်း ဖြူဖြူလေးတွေ ဘယ်တော့ကျလာမှာတဲ့လဲ၊ ဒီလို ခဏခဏ မေးရင်း ခဏခဏတွေးရင်း ရာသီဥတုက ပိုလို့ ပိုလို့အေးလာပါပြီ၊ ကျွန်မနေတဲ့မြို့ဆိုတာက နှင်းမကျတတ်ဘူး၊  နှင်းဖြူဖြူလေးတွေကို ဓါတ်ပုံတွေတဲမှာမြင်ရတိုင်း ကိုင်ကြည့်ချင်တဲ့ စိတ်က တားမနိုင်ဆီးမရ၊
“ကဲ နဲရှောရေ ဘယ်မှာလဲ .. ယူ ပြောတဲ့ နှင်းတွေက.. ဒီရက်ပိုင်းတွေမှာ ကျလာလိမ့်မယ်ဆို၊ နေပူလိုက်၊ လေတိုက်လိုက်၊ မိုးရွာလိုက်နဲ့၊ နှင်းကျရင် နှင်းတွေထဲ လိုက်ပို့ပေးရမယ်နော်” ဒီလိုမျိုးပဲ..
ကျွန်မနေ့တိုင်းလိုလို သူ့ကို ပူဆာနေကျပေါ့ .. နှင်းကတော့ ကျမလာသေးပါဘူး ..
အိပ်ရာကနိုးတိုင်း ပထမဆုံး မျက်လုံးတွေက ပြတင်းတံခါးဝဆီကို ၊ ပြီးတော့ ခန်းဆီးစကို ဆွဲမ၊ ဟင်း .. ဒီနေ့လဲ ကောင်းကင်ဖြူပိန်းပိန်းမှာ အဖြူရောင်သိပ်သိပ်မြူတွေပဲပြည့်လို့၊ ဒီလိုပဲ ဒီလိုပဲ နေ့တွေများလှပီ၊ ဘယ်မှာလဲ နှင်းစက်လေးတွေက၊

အဲဒီနေ့ကတော့ ခပ်စောစောအိပ်ရာကနိုးနှင့်နေပြီ၊
မိုးစက်လေးတွေ သေးသေးမွှားမွှား တဖွားဖွားလွင့်လို့၊ လေကလဲ ဟိုကဒီက ဝေ့၀ဲတိုက်ခတ်လို့၊ ပြတင်းပေါက်ဆီက အဖြူ အနီ ပန်းပင်လေးတွေ က လေတွေတိုက်လို့ ခပ်ခါခါ၊
သူ ကပြောတယ် “မပြောနိုင်ဘူး၊ ဒီမိုးစက်သေးသေးလေးတွေက နှင်းမှုန်လေးတွေ ဖြစ်သွားလိမ့်မယ်၊ ဒါ နှင်းစက်လေးတွေဖြစ်နိုင်တယ်” တဲ့။
ဟာ ဒါနှင်းမှုန်လေးတွေ .. ဘယ်လိုပဲ ကြည့်ကြည့် မိုးဖွဲဖွဲလေးရွာနေတာပါပဲ၊ သူ ကျွန်မစိတ်ကျေနပ်အောင်ပြောတာပဲဖြစ်ရမယ်။


ကျွန်မလဲ ရေချိုး၊ ပြီး ကွန်ပျူတာဖွင့် အင်တာနက်ကြည့်၊ ဂျီတော့ခ်မှာ အားတဲ့သူငယ်ချင်းတွေတွေ့ရင် စကားပြော၊ မေးလ် စစ်၊ ဘီဘီစီ၊စီအန်အန် ခေါင်းကြီးသတင်းတွေဟိုဟိုဒီဒီအပြေးဝင်ဖတ်၊ ခဏတော့ ကောင်းကင်ဖြူဖြူကြီးကိုမေ့လို့၊ နဲရှောကလဲ သူ့အဖေနဲ့ အလုပ်တွေရှုပ်လို့ သစ်သားဖြတ်စက်လေးနဲ့ ခုံလေးတွေ သူတို့ဘာသာလုပ်နေကြတယ်။ မာမား ကလဲ မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတယ်။
ခဏနေတော့ မာမားက နဲရှောကို ပြောသံကြားလိုက်တယ်၊ ကျွန်မ နာမည်ပါလို့ ကျွန်မကို တစ်ခုခုပြောခိုင်းမှန်းသိပေမဲ့ အခုထိ သူတို့စကားကို ကျွန်မနားမလည်နိုင်သေးပါဘူး၊ ခဏနေတော့ နဲရှောက အခန်းထဲဝင်လာပြီး “မာမားကပြောနေတယ်၊ ဖြိုးဖြိုးကို ပြတင်းပေါက်ဆီကြည့်ဖို့ သတိပေးလိုက်ပါဦးတဲ့” ကျွန်မလဲ ပြတင်းပေါက်ဆီကိုကြည့်လိုက်ရော ..
အိုး နှင်းစက်လေးတွေ .. တကယ်ပဲ မနက်က မိုးစက်သေးသေးလေးတွေက နှင်းစက်လေးတွေဖြစ်ကုန်ကြပြီ၊

ကောင်းကင်တစ်ခုလုံး အဖြူရောင်အစက်အပြောက်လေးတွေ ပြန့်ကျဲလို့နေတယ်၊ လေတိုက်နေတော့ သေးကွေးလွန်းတဲ့နှင်းစက်လေးတွေက ကောင်းကင်ကနေ ကျလာတာနဲ့မတူ၊ မြေကြီးပေါ်က ပျံတက်လာသလို ဦးတည်ရာမရှိ ဟိုဟိုဒီဒီပျံဝဲနေကြတယ်။ အဖြူရောင်ပိုးကောင်လေးတွေလို တစ်ခါတစ်ခါ နှင်းစက်လေးတွေက နှင်းချပ်လေးတွေလို အရွယ်ကြီးလာတတ်တယ်၊ ပြီးတော့ ပြန်ပြီးသေးကွေးသွားကြပြန်ရော၊ တံခါးကိုဆွဲအဖွင့် အေးစက်စက်လေ က မျက်နှာကိုလာတို့ထိ၊ “နဲရှောရေ ဓါတ်ပုံရိုက်ပေးပါဦး နှင်းစက်လေးတွေ” ကျွန်မ က ခပ်စူးစူးအော်ဟစ်နေသလို လက်တစ်ဖက်ကလဲ ပြတင်းအပြင်ဘက်ရောက်နေပြီ၊
သူက သိပ်အေးတယ် တံခါးမဖွင့်ပါနဲ့လို့ပြောနေပေမယ့် သူ ကျွန်မကိုဘယ်လိုမှ မတားနိုင်၊ လက်နဲ့ လှမ်းကိုင်ကြည့်ဖို့ ကျွန်မက ကြိုးစားနေနှင့်ပြီ၊ လက်ထဲမှာတော့ နှင်းစက်လေးတွေ ကြာရှည်မနေ၊ ရေစက်လေးလိုပဲ ချက်ချင်းပျောက်သွားကြတယ်။

ဒါနဲ့ပဲ ကျွန်မအပြင်ထွက်ဖို့ပြင်တော့တယ်၊ အကျီ အထပ်ထပ်ဝတ်၊ နောက်ဆုံး နှင်းကာဂျာကင်ရှည်၊ ဖိနပ်ရှည်ကြီးဝတ် အဆင်သင့်ဖြစ်နေပြီ ၊ နဲရှောလဲ ဘယ်လိုမှ မတားနိုင်၊ အပြေးအလွှား ကင်မရာအိတ်ဆွဲ အကျီထူထူကြီးတွေ အမြန်နှုန်းနဲ့ဝတ်ပြီး ကျွန်မနောက်က ခပ်သုတ်သုတ်လိုက်ရတော့တယ်။ အပြင်ရောက်တော့ နှင်းစက်လေးတွေက မျက်နှာကို ရိုက်ခတ်ပုံက စူးရှရှ၊ နှင်းစက်တွေနဲ့ အေးတဲ့ဒဏ်ကို အခုမှပဲကြုံဖူးတော့ ကျွန်မမှာ ခေါင်းကိုမဖော်နိုင်၊ ဓါတ်ပုံရိုက်ဖို့ကိုတောင်သတိမရနိုင်တော့ပါဘူး၊ ရှုးရှုးရှားရှားနဲ့ မျက်ရည်များတောင်ကျလို့ နှင်းစက်တွေထဲ ငိုယိုနေတဲ့သူလို၊ နဲရှောက ဘယ်လိုမှ ဟန်မပျက်လေဘူး၊ ကျွန်မ ကို ခေါင်းစွပ်ကြီး တင်းတင်းကျပ်ကျပ်စွပ်ပေး၊ မာဖလာပါ မျက်နှာတစ်ခြမ်းလောက်ထိအုပ်ပေး အသက်ရှုကြပ်လာလို့ ကျွန်မမှာ နှင်းစက်လေးတွေထဲ ပျော်ဖို့ သတိမရနိုင်လောက်အောင်ပါပဲ အလုပ်တွေကိုရှုပ်လို့၊

ဒါပေမယ့် အံ့ဩဖို့တော့ကောင်းပါတယ်၊ အဲလို ဖြစ်တာ အချိန်သိပ်မကြာလိုက်ဘူး၊ နောက်တော့ နဲရှော မသိခင် အသာလေး မာဖလာချွတ်ပစ်၊ ခေါင်းစွပ်ပါချွတ်ပစ်လိုက်တယ်၊ နှာတွေစေးပြီး မျက်ရည်ကျတာလဲ ရပ်သွားတယ်၊ ကျွန်မလဲ နှင်းစက်လေးတွေ ရဲရဲတင်းတင်းမော့ကြည့်နိုင်ပြီ၊ နဲရှောက “ဟန်နီရေ သိလား၊ ဒီလိုကျလာတဲ့ နှင်းလေးတွေက မြက်ခင်းတွေနဲ့ ပန်းပင်လေးတွေပေါ်ဖုံးကာထားပြီး၊ အရမ်းအေးလာတဲ့အချိန် သုညအောက်ထိ အပူချိန်သိပ်ကျသွားတဲ့ အချိန်မှာ အပင်လေးတွေရှင်သန်နေဖို့ အကာအကွယ်ပေးတယ်” တဲ့၊ ဒီလိုလား၊ တကယ်ကိုချစ်ဖို့ကောင်းတဲ့နှင်းစက်တွေပါပဲ၊

နေ့ခင်းပိုင်းကျော်လာတာနဲ့ နှင်းစက်လေးတွေကနေ နှင်းချပ်လေတွေ အဖတ်လိုက် အဖတ်လိုက် အရွယ်အစားကြီးလာကြတယ်၊ သိပ်မကြာပါဘူး၊ လမ်းမပေါ်မှာရပ်ထားတဲ့ ကားတွေဆီမှာ နှင်းဖြူဖြူလေးတွေ ဖုံးကာနေရာယူလိုက်ကြပြီ၊ မြက်ခင်းလေးတွေပေါ်မှာပါ ဖြူဖြူဖွေးဖွေး နှင်းချပ်လေးတွေလေးပြည့်နှက်လာကြပြီ၊ နှင်းစက်လေးတွေကနေ နှင်းချပ်လေးတွေဖြစ်လာတယ်၊ အိမ်နဲ့ သိပ်မဝေးတဲ့ open market ကို သွားဖြစ်ကြတယ်။ ဈေးထဲမှာလဲ တစ်ချို့ ဈေးဆိုင်တွေ သိမ်းနေကြပြီ၊ သူတို့တွေလဲ အအေးကိုကြောက်ကြတာပါပဲ။ ရာသီဥတုအေးအေးမှာ pancake ပူပူလေးဝယ်စားကြပြီး အိမ်ကိုပဲပြန်လာကြတယ်၊ ပိုပိုပြီးအေးလာတာကိုး။

အိမ်ရောက်တော့ မာမား(မေမေ)နဲ့တာတာ(ဖေဖေ)တို့ ၀ရံတာက ပန်းအိုးတွေကို အထဲကိုရွှေ့နေကြတယ်၊ အိမ်ထဲမှာ ပန်းအိုးတွေနေရာချကြနဲ့ အလုပ်တွေရှုပ်နေကြတယ်၊ ကျွန်မကတော့ မိုးအုံ့အုံ့၊ နှင်းစက်လေးတွေနဲ့ အဲဒီလိုရာသီဥတုမှာ အလိုလိုနေရင်း ပျော်နေတာပါပဲ၊ ညနေစောင်း နှင်းတွေမြေပြင်ပေါ်တော်တော်များများစုမိပြီဆိုရင် အပြင်ပြန်ထွက်ဦးမယ်၊ ထမင်းစား၊ ကော်ဖီဖျော်၊ ဥရောပသားတွေက ထမင်းစားပြီး ကိတ်၊ ကော်ဖီ ကို ဧည့်ခန်းမှာအေးအေးလူလူ ထိုင်သောက်ကြသေးတယ်၊ ကျွန်မကတော့ ကော်ဖီကို နည်းနည်းချင်းစီ သောက်နေတတ်တာ၊ နေ့လည်စာစားပြီး အဲလို ဧည့်ခန်းမှာ ထိုင်ပြီးမသောက်ချင် ဟိုသွား ဒီသွား၊ ကော်ဖီလေးသောက်လိုက် အင်တာနက်ကြည့်လိုက် စာအုပ်ဖတ်လိုက်၊ ခဏနေ ဒီနေရာ၊ နောက် ခဏနေ တခြားနေရာရောက်လိုက်နဲ့ ငြိမ်ငြိမ်မနေချင်တဲ့သူဆိုတော့၊ အိမ်ခန်းထဲ တတောက်တောက်နဲ့၊

နာရီတကြည့်ကြည့်၊ ညနေရောက်လာတော့ နှင်းတွေလဲ စုပုံ စုပြုံ နေကြပြီ၊ “နဲရှောရေ .. မြန်မြန်၊ အပြင်ထွက်ကြဦးစို့ရဲ့”.. ပြောလဲပြော ကျွန်မက အခန်းတံခါး အပြင်ဘက်ရောက်နေပြီ၊
လမ်းမပေါ်မှာ၊ ကားလေးတွေပေါ်မှာ၊ မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ၊ သစ်ရွက်စိမ်းစိမ်းတွေပေါ်မှာ နှင်းဖြူဖြူတွေ ပြည့်သိပ်လို့နေပါပြီ၊ ဒီတစ်ခါတော့ ကျွန်မ နှင်းလေးတွေကိုမကြောက်တော့ပါ၊ ဂုံးကျော်တံတားတွေရဲ့ လက်တမ်းပေါ်တစ်လျှောက်ဆွဲယူလာလိုက်တာ နှင်းတွေက ရေခဲချပ်တွေလို အရွယ်အစားကြီးလာတော့ အောက်ဘက်လမ်းမပေါ်ကားတွေပေါ်ကြမှာစိုးလို့ အရှိန်သပ်ရပါသေးတယ်။ မြက်ခင်ပေါ်ကနှင်းတွေဆွဲယူ လက်ထဲလုံးထွေးပြီး နဲရှောကို လှမ်းပစ်ရင်း ရန်ကုန်က သူငယ်ချင်းတစ်ယောက်ပြောဖူးတာ သတိရလိုက်မိလို့ ရယ်လိုက်မိသေးတယ်၊ သူပြောပုံက အဲဒီမှာ ရေခဲဒီလောက်ပေါတာ နှင်းကျရင် ရေခဲခြစ်လုပ်ရောင်းပါလားတဲ့၊ လမ်းတစ်လျှောက်တွေ့တဲ့ ကားမှန်တွေပေါ် ကာတွန်းရုပ်တွေလိုက်ဆွဲ၊ ကျွန်မ လျှောက်ဆော့သမျှ နဲရှော ကတော့ ဓါတ်ပုံတွေလိုက်ရိုက်နေတယ်။ တခြားဘယ်သူကမှ ကျွန်မလို နှင်းစက်လေးတွေကို စိတ်ဝင်တစားသိပ်မရှိကြပါဘူး၊ နှင်းကျတဲ့နေ့က ရန်ကုန်မှာလိုပဲ လပြည့်ကျော်နေ့ တူနေပါတယ်၊

နှင်းကျနေတဲ့ ကောင်းကင်မှာတိမ်လိပ်တွေထူသိပ်နေပေမဲ့ လရောင်ကြောင့်ကောင်းကင်ကြီးက လင်းထိန်လို့၊
မြေပြင်ပေါ်မှာတော့ နှင်းဖြူဖြူလေးတွေ၊
ကျွန်မ နှင်းစက်ဖြူဖြူလေးတွေကို သိပ်ကြိုက်ပါတယ်၊
သူတို့ မြေပြင်ပေါ်ဘယ်လောက်ကြာကြာနေနိုင်မှာတဲ့လဲ ..
အဲဒီနေ့က တကယ့်ကို ပျော်ခဲ့ပါတယ်၊
နှင်းကျတဲ့နေ့က ကျွန်မ ပျော်ရွှင်ခဲ့တယ် ...

No. 87၊ Teen Magazine? 2010

No comments: