





အော်သိုဒေါ့စ်ခရစ်ယာန်တွေအများစုရှိကြတဲ့ ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့က ဆာဗာဘုရားကျောင်းဟာ အော်သိုဒေါ့စ်ဘုရားကျောင်းတွေထဲမှာ အကြီးဆုံးလို့လူသိများကြတယ်၊ အဲဒီဘုရားကျောင်းကို စိန့်ဆာဗာ(St.Sava) အတွက်ရည်ညွှန်းတည်ဆောက်ခဲ့ပါတယ်၊ ဆားဘီယားခေတ်လယ်ပိုင်းမှာထင်ရှားတဲ့ ဘုရားကျောင်းပါ၊ တူရကီအော်တမန်အင်ပါယာစစ်သူရဲ စီနန်ပါရှားက ၁၅၉၅ခုနှစ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေမီးရှို့ဖျက်ဆီးခဲ့ရာက ဆာဗာဘုရားကျောင်းလဲပျက်စီးခဲ့တယ်၊ ဘဲလ်ဂရိတ်မြို့သားတွေရဲ့ အလှူငွေနဲ့တည်ဆောက်ခဲ့တဲ့ မော်ကွန်းဝင်အဆောက်အဦးတစ်ခုပါ၊
ဆာဗာဘုရားကျောင်းရဲ့ ဗိသုကာလက်ရာဟာဘဲလ်ဂရိတ်မှာရှိနေတဲ့ ကာလာမန်ဒန်ခံတပ်၊ ပြည့်သူ့ရင်ပြင် တဲရာဇီရဲ၊ မိုးမျှော်အဆောက်အဦးအယ်လ်ဘေးနီးယားနန်းတော်နဲ့ ဆလာဗီယာရင်ပြင်အဆောက်အဦးတွေရဲ့ဗိသုကာလိုပဲ ဘဲလ်ဂရိတ်မြို့သမိုင်းမှာ အရေးပါလှတယ်၊ ဘုရားကျောင်းပုံစံဟာ ဂရိတွေရဲ့လေးနားညီလက်ဝါးကတ်တိုင်ပုံ တည်ဆောက်ထားတယ်၊ အလယ်မှာအကြီးဆုံးအမိုးခုံးကို ဘေးပတ်ပတ်လည်က အမိုးခုံးလေးခုနဲ့ထောက်ပံ့ပေးထားပါတယ်၊ အဲဒီအမိုးခုံးလေးခုရဲ့ အတွင်းပိုင်းမှာ ပန်းချီအနုပညာလက်ရာတွေနဲ့ ခြယ်မှုန်းထားတယ်၊ အမိုးခုံးကြီးက မီတာ ၇၀ မြင့်ပြီး ရွှေပြားတွေနဲ့ ပြုလုပ်ထားတဲ့လက်ဝါးကပ်တိုင်က ၁၂မီတာမြင့်ပါတယ်၊ ပင်လယ်ရေမျက်နှာပင်အထက် ၁၃၄မီတာမြင့်ပြီး ဆာဗာမြစ်အထက် ၆၄မီတာမြင့်နေတာကြောင့် ဘဲလ်ဂရိတ်မြို့ရဲ့ ဘယ်နေရာပဲကြည့်ကြည့်ဆာဗာဘုရားကျောင်းကို မြင်တွေ့ရတယ်၊ အရှေ့ မှအနောက် ၉၁မီတာ၊ မြောက်မှတောင်ကို ၈၁ မီတာကျယ်ဝန်းပြီး အမိုးခုံးတွေမှာ အရွယ်အစားအမျိုးမျိုး ရွှေပြားလက်ဝါးကပ်တိုင်ပေါင်း ၁၈ခုပါရှိကြတယ်၊ ခေါင်းလောင်းမျှော်စင်မှာတော့ သြစတြီးယန်းခေါင်းလောင်းပုံသွင်းစက်ရုံလက်ရာ ခေါင်းလောင်းပေါင်း ၄၉ ခုရှိနေပါတယ်၊
ဘုရားကျောင်းအတွင်း ၃၅၀၀စတုရန်းမီတာကျယ်ဝန်းကာ တကြိမ်မှာ လူပေါင်း ၁သောင်းခန့်ဝတ်ပြုဆုတောင်းနိုင်ကြတယ်၊ မြေတိုက်ခန်းမှာ စိန့်လာဇာ(ဆားဘီးယန်းနဲ့ဂရိဘုရင်တစ်ဦး)ရဲ့ ဂူဗိမာန်ရှိနေပါတယ်၊ မျက်နှာစာပိုင်းက စကျင်ကျောက်သားနဲ့ ဂရင်းန်နစ်ထ်ကျောက်(လိပ်သည်းကျောက်)တွေနဲ့တည်ဆောက်ထားပြီး အတွင်းပိုင်းကတော့မှန်စီရွှေချဒီဖိုင်းဆင်ထားတယ်၊ ပင်မအမိုးခုံးမှာအော်သိုဒေါစ့်ဘုရားကျောင်းတွေရဲ့ရိုးရာစည်ကမ်းအရ ခရစ်တော်ကိုကိုယ်စားပြုတဲ့ (Christ Pantocrator)မှန်စီရွှေချရုပ်ပုံကိုထည့်သွင်းရေးဆွဲထားပြီး အခြားအမိုးခုံးငယ်တွေမှာလဲ စိန့်(သူတော်စင်)တွေရဲ့ မှန်စီရွှေချပုံတွေခြယ်မှုန်းကြတယ်၊ တူရကီစစ်ဘုရင်က ဆာဗာဘုရားကျောင်းကိုမီးရှို့ခဲ့ပြီး အနှစ်၃၀၀ကြာမြင့်တဲ့အခါ ဆာဗာဘုရားကျောင်းပြန်လည်တည်ဆောက်ရေးအတွက်အဖွဲ့တည်ထောင်ခဲ့တယ်၊ ၁၉၀၅ခုနှစ်မှာ အဆောက်အဦး ဒီဖိုင်းအတွက်ပြိုင်ပွဲပြုလုပ်ခဲ့ပေမဲ့ အစီအစဉ်ပျက်ပြယ်ခဲ့တယ်၊ မကြာခင် ၁၉၁၂မှာ ပထမဘဲလ်ကန်စစ်ပွဲစတင်ခဲ့ပြီး ဒုတိယဘဲလ်ကန်စစ်ပွဲလဲ ထပ်မံဖြစ်ပွားခဲ့ပြန်တယ်၊ နောက်ပိုင်းပထမကမ္ဘာစစ်ဖြစ်ပွားလာပြီး ဘုရားကျောင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအားလုံးရပ်တန့်ကုန်တော့တယ်၊ စစ်အပြီး ၁၉၁၉ခုနှစ်မှာ ပြန်လည်တည်ဆောက်ရေး အသင်းဖွဲ့စည်းခဲ့ပြီး အဆောက်အဦးပုံစံပြိုင်ပွဲဝင် ၂၂ဦး ပါဝင်ယှသ်ပြိုင်ခဲ့ကြတယ်၊ ပထမဆုနဲ့ တတိယဆုရသူတွေရဲ့ ဒီဖိုင်းတွေကိုမရွေးချယ်ခဲ့ပဲနဲ့ ဒုတိယဆုရရှိခဲ့သူ ဗိသုကာပညာရှင် အလက်ဇန်းဒါးဒဲရောကော် ကို ရွေးချယ်လိုက်တယ်၊ ၅၁ကြိမ်မြောက်ခရစ်ယာန်ဂိုဏ်းချုပ်ဂါဗရီလိုဒေါ့ရွီးချဲခ်ျကအုတ်မြစ်ချပေးခဲ့တယ်၊ နံရံအမြင့်က ၇ပေ၁၁လက်မအထိ တည်ဆောက်ခဲ့ပြီး ၁၉၄၁ ဘဲလ်ဂရိတ်ကိုမဟာမိတ်တပ်တို့ ဗုံးကြဲခဲ့ပြီးနောက် ဘုရားကျောင်းတည်ဆောက်မှုရပ်တန့်ခဲ့ရပြန်တယ်၊ ၁၉၅၈မှာ ခရစ်ယာန်ဂိုဏ်းချုပ်ဂျာမဲန်က နည်းပညာအသစ် ဗိသုကာအသစ်နဲ့ ဘုရားကျောင်းကိုအသစ်တဖန် တည်ဆောက်ဖို့ စီစဉ်ခဲ့ပြီး ၁၉၈၅ခုနှစ်မှာမှဘုရားကျောင်းကိုပြန်လည်စတင်တည်ဆောက်ခဲ့ပြီး နံရံအမြင့်ပေ ၄၀ထိ ထပ်ပြီးမြှင့်တင်ခဲ့တယ်၊ တန်၄၀၀၀လေးလံတဲ့ပင်မအခုံးကိုမတင်ခဲ့ရာမှာ ရက်ပေါင်း ၄၀ခန့်အချိန်ယူခဲ့ရတယ်၊
၁၉၈၉ခုနှစ် ဇွန်လမှာပြီးဆုံးခဲ့ပါတယ်၊ ၂၀၀၉ခုနှစ်မှာ ဘုရားကျောင်းတည်ဆောက်မှုပြည့်စုံလုနီးပါးပြီးစီးခဲ့ပြီး ခေါင်းလောင်းတွေနဲ့တံခါးတွေတပ်ဆင်ဖို့ရှိနေဆဲပါ၊ မျက်နှာစာပိုင်းအားလုံးပြီးစီးခဲ့ပေမဲ့အတွင်းပိုင်းမှာ ပြီးဆုံအောင်တည်ဆောက်ဖို့ကျန်နေပါသေးတယ်၊ ခရစ်ယာန်ဘာသာဝင်တွေနဲ့ အလှူရှင်တွေလှူဒါန်းတဲ့ငွေကြေးနဲ့သာတည်ဆောက်ခဲ့ရတာမို့ စိန့်ဆာဗာဘုရားကျောင်း တည်ဆောက်ရေးမှာ အခက်အခဲတွေ အများကြီးတွေ့ခဲ့ကြတယ်၊ စိန့်ဆာဗာဘုရားကျောင်းအားလုံးမပြီးဆုံးခင်မှာပဲ ကမ္ဘာ့အကြီးဆုံးအော်သိုဒေါ့စ်ခရစ်ယာန် ဘုရားကျောင်း အဖြစ်စာရင်းဝင်နေခဲ့ပါပြီ။ ။
No comments:
Post a Comment