ဟော ကဲ .. ဒီနေရာကို ကျုပ်ရောက်လာတာနဲ့ ကြောင်ကို တွေ့ရတော့တာပဲ၊ ဒီကြောင်ဟာ ကျုပ်ကို အမြဲပဲ စောင့်ကြိုနေတတ်တယ်။ တခါတလေတော့ ကျုပ်အိမ်တံခါးကို သော့ဖွင့်ဝင်လိုက်တာနဲ့ ညောင် လို့ အော်ပြီး အနားကိုရောက်လာလိုက်ပြီ၊ အိမ်ထဲကို ကျုပ်က ခြေလှမ်းပြင်ကာစ ပဲရှိသေးရဲ့ ကျုပ်ခြေထောက်တွေကို ရှောင်တိမ်းပြီး သူက လွှားကနဲ ခုန်ဝင်လိုက်ပြီ၊ ပြီးတော့ ဆောင့်ကြီးအောင့်ကြီးအသံနဲ့ စပြီး အော်တော့တာပဲ၊ ကျုပ်က ဟေ့ ကြောင်လို့ ခေါ်လိုက်တာနဲ့ အသံကို ညောင့် လို့ ဆောင့်အောင့်ပြီး ပြန်ထူးတတ်သေးတယ်။ ရယ်တော့ရယ်ဖို့ကောင်းတဲ့ ကောင်ပဲ၊ ကျုပ်ခေါ်တိုင်း ပြန်ထူးတယ်။ ကျုပ် အကြိမ်ပေါင်းများစွာစမ်းကြည့်ပြီးပြီ၊ သူ အိပ်နေတဲ့ အချိန်မှာတောင် ကျုပ် က ဟေ့ကြောင် လို့ ခေါ်လိုက်တာနဲ့ ခေါင်းကိုဆတ်ကနဲကြွလိုက်ပြီး လှည့်မကြည့်ပဲ ညောင် လို့တော့ ပြန်ထူးလိုက်သေးတာပဲ၊ ကျုပ်က ဒီအိမ်ကို အမြဲမလာနိုင်ဘူး၊ အရင်က ဦးလေးနေခဲ့တဲ့အိမ် ဦးလေးလည်းမရှိရော အိမ်က တံခါးပိတ်ထားလိုက်ရတော့တာပဲ၊ ကျုပ်က အလုပ်အားတဲ့ရက်တွေမှ တစ်လတစ်ခါလောက်ဖြစ်ဖြစ်ပေါ့ဗျာ၊ အဲဒီလောက်မှ လာနိုင်တာ၊ လာတိုင်း သစ်တုံးလေးပေါ် ကျကျနနလေးထိုင်နေတဲ့ ဒီကြောင်ထီးကို တွေ့ရတယ်။ ကျုပ်ကတော့ ကျုပ်ကိုစောင့်နေတယ်လို့ ပဲ ပိုပိုသာသာလေးတွေးပစ်လိုက်တာပဲ၊ ပြီးတော့ မုန့်တွေချကျွေးတာပေါ့၊ သူ့ရဲ့ ပန်းကန်ထဲ နွားနို့ထည့်ပေးတဲ့အခါ လက်တစ်ဘက်က သူ့ကို ဆွဲထားရသေးတယ်။ ဒီကောင် ဘောလုံးသမားသေလို့များ ၀င်စားသလားတော့မသိဘူး၊ အင်မတန် ခေါင်းနဲ့ တိုက်တယ်။ ကျုပ်နွားနို့ထည့်ပေးရင် နွားနို့ဗူးကို ခေါင်းနဲ့ ၀င်တိုက်တယ်။ သူ့ပန်းကန်ကို ကိုင်ပြီး ထည့်ပေးရင်လည်း ပန်းကန်ပြန်အချမှာ သေသေချာချာကို စောင့်ပြီး ခေါင်းနဲ့ တိုက်လိုက်သေးတာ၊ ခူး ခလူး .. ခူး ခလူးနဲ့ လည်း တချိန်လုံးမြည်နေတာပဲ၊ ကြောင်တွေကျေနပ်ပီတိဖြာနေရင် အဲဒီလိုအော်မြည်နေတတ်တယ်လို့ ထင်တာပဲဗျာ၊ ဟုတ်မဟုတ်တော့ ကြောင်မှပဲ သိမှာပဲ။
ဒီကြောင်က ခေါင်းကို ကိုင်ရင် သိပ်ကြိုက်တဲ့ကောင်၊ ကျုပ် သူ့ကို ဓါတ်ပုံရိုက်ချင်လို့ ချိန်လိုက်တာနဲ့ ကျုပ်ရှိရာ အမြီးဆန့်တန်း မြန်မြန်ပြေးလာ၊ ခလူး ခလူးအော်မြည်ရင်း ကင်မရာကို ခေါင်းနဲ့ ပြေးတိုက်သေးတယ်။ ကျုပ် လက်ကို နဲနဲမြှောက်ထား၊ သူမမှီတမှီအနေလောက်ပေါ့၊ လက်ကိုမြှောက်ပြီးများ ဟေ့ ကြောင် လို့ သူ့ကို ခေါ်ကြည့် မတ်တပ်ထရပ်ပြီး မမှီမကမ်းက ကျုပ်လက်ကို ခေါင်းနဲ့ ပြေးဆောင့်လိုက်သေးတယ်။ ပြီးတော့ ခေါင်းကို ဘယ်လှည့်လိုက်၊ ညာနွဲ့လိုက်နဲ့ ပွတ်သပ်နေတာဗျို့၊ သူ ပွတ်သပ်ပုံက အတော်တော့ ကြမ်းတယ်။ တစ်ခါ ကျုပ်ထမင်းစားနေတုန်း လက်ကိုမြှောက် ဇွန်းကို ပါးစပ်ဆီပို့ကာပဲ ရှိသေး၊ ဒုတ်ကနဲ ခေါင်းနဲ့ ပြေးဆောင့်တာများ ဇွန်းထဲက ထမင်းလုပ်ဟာ ကျုပ်ပါးစပ်ထဲ မရောက်နိုင်လိုက်ဘူး၊ အောက်ကို ဖွားကနဲ လွင့်ကျကုန်တာ၊ သိပ်ခေါင်းပြင်းတဲ့ကောင်ပေါ့။
ကျုပ် ခြံထဲမှာ မြေကြီးတွေတူး၊ အပင်တွေစိုက်နေပြီဆိုရင်တော့ ကျုပ်နဲ့ နီးနီးနားနား မနေတော့ဘူး၊ ခပ်လှမ်းလှမ်းက သစ်တုံးပေါ်ဖြစ်ဖြစ်၊ သစ်ရွက်ခြောက်တွေပေါ်ဖြစ်ဖြစ် အမြီးနဲ့ ကိုယ်ကို လှလှပပလေး ခွေရစ်ပြီး ထိုင်စောင့်နေတယ်။ ကျုပ် မြက်တွေရိတ်ပြီဆိုရင် ပိုပြီး ဆူညံလာတဲ့ အသံတွေကို မကြိုက်တော့ဘူး၊ အဲဒီအချိန်မျိုးဆိုရင် သူ့ရဲ့ မူပိုင် ဆောင့်ကြီးအောင့်ကြီးအသံနဲ့ တညောင်ညောင်အော်ပြီး ဝေးရာထွက်သွားတော့တာပဲ၊ ကျုပ်ကို မြည်တွန်တောက်တီးသွားတာနေမှာပေါ့၊ ကျုပ် ပင်ပမ်းလို့ အိမ်ထဲဝင်နားပြီဆိုရင်တော့ ဘယ်အချိန်က ဘယ်လိုများ စောင့်ကြည့်နေတယ် မသိဘူး၊ ဗြုန်းဆို ရောက်လာလိုက်တာပဲ၊ နေ့လည်စာ စားကြပြီဆို သူက အနားကနေ ခေါင်းနဲ့ ဝှေ့၊ ကျုပ်က ထမင်းတွေ ဟင်းတွေ၊ ချကျွေး သူတစ်ဝက် ကိုယ်တစ်ဝက် စားလိုက်ကြတာပဲ၊ ကြောင်စာလောက်ပဲ စားတယ်ဆိုတဲ့ စကား ဒီကောင်နဲ့ တော့ အမှားကြီးဗျို့၊ ဒီကြောင်ကတော့ ဘယ်လောက်ချကျွေးကျွေး ခေါင်းကို ဆတ်တောက်ဆတ်တောက်ခါပြီးကို မြိန်ရည်ရှက်ရေ စားတတ်တဲ့ကောင်၊ ကျုပ်ကျွေးသမျှ အကုန်စားတယ်။ မကြိုက်တာလည်းမရှိဘူး၊ ဗိုက်ပြည့်သွားတဲ့အချိန်ရယ်လို့လည်းမရှိဘူး၊ သူစားတဲ့ ပုံမြင်ရတာ အားရပါးရရှိလှတာနဲ့ ကျုပ်က ချကျွေး သူကလည်း သူ့ရဲ့အစားဂုဏ်ကို ထိမ်းသိမ်းတယ်။ စားတယ်၊ ဒီလိုနဲ့ ကျုပ်တို့ နေ့လည်စာက မြိုင်မြိုင်ဆိုင်ဆိုင်ရှိကြသားပဲ။
ထမင်းစားပြီးရင်တော့ ကြောင်တွေများ အိပ်ဖို့ပြင်တာပဲ၊ သူလည်း နောက်ထပ် အစားထပ်စားရမှာ မဟုတ်တော့ဘူးလို့ သေချာသွားပြီးဆိုရင် သူ့တစ်ကိုယ်လုံးလက်လှမ်းမှီသမျှ၊ အဲ မဟုတ်ဘူး လျှာလှမ်းမှီသမျှလို့ ပြောရမယ်။ လျှာလှမ်းမှီသမျှ နေရာအနှံ့ကို စိမ်ပြေနပြေလျက်တော့တယ်။ သိပ်ပြီးအသန့်အပြန့်ကြိုက်တဲ့ကောင်၊ ဒါကြောင့်ဖြစ်မယ် သူ့ အမွှေးတွေ သပ်ကြည့်လိုက်တဲ့အခါများ ပြောင်ချောပြီး အေးနေတာပဲ၊ အမွှေးလည်း မကျွတ်တတ်တဲ့ ကြောင်မျိုး၊ ကျန်းမာရေးကောင်းတဲ့ ကြောင်လို့ ပြောရမယ်၊ ကြောင်တွေ ၀က်သားစားရင်အမွှေးကျွတ်တယ်တော့ ကြားဖူးသားပဲ၊ ကျုပ်နဲ့ ရှိနေတဲ့ ရက်တွေတော့ ဒီကောင်ကြီး ဘယ်တော့မှ ၀က်သားစားရလိမ့်မယ်မဟုတ်ဘူး၊ ကျုပ်က ၀က်သားမစားဖူး၊ အမဲသားမစားဖူး၊ ကျုပ်မရှိတဲ့ ရက်တွေတော့ ဒီကြောင် ဘာသားတွေစားသောက်လည်း မပြောတတ်ပါဘူး၊ ကျုပ် ဒီအိမ်မှာ ရှိပြီ ဆိုရင်တော့ နေ့ရော ညရော တချိန်လုံး ကျုပ်နဲ့ပဲနေတာပဲ။
အဲ .. သန့်တယ်ဆိုလို့ ဒီကြောင် သူ လျှာလှမ်းမမှီတဲ့နေရာ ဂုတ်သားနောက်ပိုင်းနဲ့ လည်ပင်းအောက်တွေမှာ မြက်ထဲက သွေးစုပ်ပိုးကောင်တွေ တွေ့ရတတ်တယ်။ ဒီကောင်က မြက်ထဲမှာလည်း အိပ်နေတတ်သေးတာဆိုတော့ မြက်ထဲမှာနေတဲ့ bug တွေ သူ့လည်ဂုတ်မှာ ခေါင်းကို နစ်ဝင်နေအောင် ကိုက်ခဲနေတာ ကျုပ်တွေ့ဖူးတယ်။ ပထမစတွေ့တုန်းက ကျုပ်က သူ့လည်ပင်းကို ပွတ်သပ်ပေးနေတုန်းပေါ့၊ လည်ပင်းမှာ ခပ်ဖုဖုတွေ့တော့ ကျုပ်က အနာလို့ ထင်မိသေးတာ၊ အသာဖြဲရှာတော့ အိုး ... အကောင်ပဲ၊ အကောင်က ခေါင်းကို အသားထဲ နစ်နေအောင် နှစ်ထားပြီး သွေးစုပ်နေတာဗျို့၊ ကျုပ်က သူ့ကို ချုပ်ပြီး အဲဒီသွေးစုပ်ကောင်ကို လိမ်ပြီးဆွဲထုတ်ရတယ်။ မဟုတ်ရင် အဲဒီပိုးကောင်က တော်တော်ကြီး ကုပ်ကပ်ပြီးနေတာ၊ ညတိုင်း သူ့ရဲ့ လည်ပင်း လည်ဂုတ်ဖြဲပြီး ပိုးကောင်ရှာရတာလည်း အလုပ်တစ်လုပ်ပဲ၊ ပိုးကောင်ကိုရှာပြီးတော့လည်း ရှာပြီးရုံတင်မဟုတ်သေးဘူး၊ သတ်ရသေးတယ်။ သတ်ဖြတ်လိုတဲ့ဆန္ဒကြီးနဲ့ သတ်တာတော့မဟုတ်ပေမဲ့ အဲလိုမှ မလုပ်ရင် ကြောင်ဂုတ်ကနေ ကျုပ်ဂုတ်က သွေးကို အဲဒီသွေးစုပ်ကောင်က နေရာပြောင်းစုပ်တော့မှာလေ၊ သွေးစုပ်ဖုတ်ကောင်ကိုက်တာမဟုတ်ပဲ သွေးစုပ်ပိုးကောင် ကိုက်လို့ ဆေးခန်းပြေးနေရမှာတော့ ကျုပ်လည်း ကြောက်တာပဲ၊ ဒီအကောင်တွေက အန္တရာယ်ကြီးတဲ့ကောင်လည်း ရှိသေးတယ်တဲ့။ ထမင်းစားပြီးရင်တော့ ကြောင်တွေများ အိပ်ဖို့ပြင်တာပဲ၊ သူလည်း နောက်ထပ် အစားထပ်စားရမှာ မဟုတ်တော့ဘူးလို့ သေချာသွားပြီးဆိုရင် သူ့တစ်ကိုယ်လုံးလက်လှမ်းမှီသမျှ၊ အဲ မဟုတ်ဘူး လျှာလှမ်းမှီသမျှလို့ ပြောရမယ်။ လျှာလှမ်းမှီသမျှ နေရာအနှံ့ကို စိမ်ပြေနပြေလျက်တော့တယ်။ သိပ်ပြီးအသန့်အပြန့်ကြိုက်တဲ့ကောင်၊ ဒါကြောင့်ဖြစ်မယ် သူ့ အမွှေးတွေ သပ်ကြည့်လိုက်တဲ့အခါများ ပြောင်ချောပြီး အေးနေတာပဲ၊ အမွှေးလည်း မကျွတ်တတ်တဲ့ ကြောင်မျိုး၊ ကျန်းမာရေးကောင်းတဲ့ ကြောင်လို့ ပြောရမယ်၊ ကြောင်တွေ ၀က်သားစားရင်အမွှေးကျွတ်တယ်တော့ ကြားဖူးသားပဲ၊ ကျုပ်နဲ့ ရှိနေတဲ့ ရက်တွေတော့ ဒီကောင်ကြီး ဘယ်တော့မှ ၀က်သားစားရလိမ့်မယ်မဟုတ်ဘူး၊ ကျုပ်က ၀က်သားမစားဖူး၊ အမဲသားမစားဖူး၊ ကျုပ်မရှိတဲ့ ရက်တွေတော့ ဒီကြောင် ဘာသားတွေစားသောက်လည်း မပြောတတ်ပါဘူး၊ ကျုပ် ဒီအိမ်မှာ ရှိပြီ ဆိုရင်တော့ နေ့ရော ညရော တချိန်လုံး ကျုပ်နဲ့ပဲနေတာပဲ။
ညအိပ်ကြပြီဆိုရင် ဒီကြောင်က သူ့ကိုယ် အတ္တဘောကြီးကို ကျုပ် ကိုယ်ပေါ်ပစ်တင်ပြီးအိပ်သေးတာ၊ ကျုပ်က စောင်ကိုခြုံထားရင် စောင်ပေါ်ကနေ ခြေနှစ်ချောင်းကြားထဲဖြစ်ဖြစ် ရင်ဘတ်ပေါ်ဖြစ်ဖြစ်တက်အိပ်တတ်သေးတယ်။ ဟား ဟား ဒီကြောင်ရဲ့ အားနည်းချက်ပြောရဦးမယ်၊ ကျုပ်လည်း အစတော့ မသိပါဘူး၊ သူက ခေါင်းကို တစ်ခေါင်းလုံးဘယ်နေရာကိုင်ကိုင် နှုတ်သီးပဲ ကိုင်ကိုင် သိပ်ကြိုက်တယ်။ ဒါပေမဲ့ဗျို့ လည်ဂုတ်ကနေ ကျော်လာပြီ ကျောပေါ်ရောက်လာပြီဆို သူ မျက်လုံးပြူးလာပြီ၊ ကျောကို ရှုံ့တွရှုံ့တွလုပ်ပြီး ကျုပ်လက်ကို ခါထုတ်ချင်တဲ့ပုံ လုပ်လာပြီ၊ လား လား .. သူ့အမြီးနားကို များ ကျုပ်လက် ရောက်သွားပြီဆို ခုနကအထိ ဘယ်လောက်ပဲ ကျုပ်ကို သဘောတွေ့နေပါစေ၊ စပြီး ရန်မူတော့တာပဲ၊ ကျုပ်က သူ့ကို မတော်မတရား လုပ်မှာကျနေတာပဲ၊ ကျုပ် အစက မသိတော့ သူ့ခြေထောက်ကိုင်ကြည့် အမြီးလေးကိုင်ကြည့်လုပ်ဖူးသေးတယ်။ သူလည်း ခဏတော့ သည်းခံနေလိုက်သေးတယ်။ ပြီးတော့ ဆတ်ကနဲ ကျုပ်လက်ကို ဆွဲကုတ်ယူပြီး ကိုက်ခဲတာ၊ ညောင့် ညောင့် လို့လည်း အော်လိုက်သေးတယ်။ ကျုပ်မှ သူမကြိုက်တာမသိပဲ၊ ကိုင်မိတာပေါ့။ သူ မကြိုက်တာသိသွားတော့လား၊ ကိုင်တာပဲလေ၊ ကျုပ်က စချင်နောက်ချင်သေးတာကိုး။ သူ့ ကျောကုန်းကို လက်နဲ့ သာသာလေး တို့ကြည့်တယ်။ ကျောက တွန့်ကနဲ တွန့်ကနဲ ဖြစ်ပြီး ဒီကောင်ကြီး အသင့်အနေအထားဖြစ်လာတယ်။ သူ နည်းနည်းစောင့်ကြည့်တယ်။ ကျုပ် ရပ်သွားမလားလို့၊ ကျုပ်က မရပ်ပဲ နောက်နည်းနည်းလေး ဗိုက်နားကိုဖြစ်ဖြစ် ကုတ်လိုက်ရင်တော့ အော်ပြီး ကိုက်ဖို့ ကြိုးစားတော့တာပဲ၊ ကုတ်ဖဲ့ဖို့ ပြင်တယ်၊ တကယ်ရယ်ရတဲ့ ကြောင်ပဲဗျာ။
နှင်းတွေကျတဲ့ ရက်တွေ တစ်ခါ ဒီအိမ်ကို ကျုပ် ရောက်လာခဲ့သေးတယ်။ နှင်းတွေကြားထဲမှာ ဒီကြောင် စောင့်နေတာ တွေ့ရသေးတာပဲ၊ ကျုပ်နဲ့ အတူ နှင်းတွေထဲ ခုန် ခုန်ပြီး လမ်းလျှောက်လိုက်လား လိုက်သေးရဲ့၊ နှင်းတွေထူထပ်တဲ့ ညတစ်ညမှာပေါ့ ချမ်းချမ်းစီးစီးနဲ့မို့ ကျုပ်နဲ့ ကြောင် မီးလင်းဖိုကြီးနားမှာပဲ အိပ်ကြတယ်။ အဲဒီညက ခွေးတစ်ကောင်က ကျုပ်တို့ အိမ်ဘက်ကို စူးစူးဝါးဝါးကြီးကြည့်ပြီးဟောင်တယ်။ ကျုပ်ဘယ်လိုလုပ်သိလဲတော့ ကပ်သီးကပ်သပ်ပြန်မမေးနဲ့ပေါ့ဗျာ၊ ခွေးဟောင်သံက ကျုပ် အိမ်ဘက်က အတိုင်းသားကြားနေရကိုးဗျ၊ နောက်တော့ ကြောင်က အိပ်ရာပေါ်က ခုန်ဆင်းပြေးတယ်။ ပြီးတော့ ကျုပ်က ဟေ့ ကြောင် ဟေ့ကြောင် ဘယ်လောက်ပဲ ခေါ်ခေါ် ပြန်မလာဘူး၊ အိမ်အတွင်းကနေ အပြင်ဘက်ကို သေချာစိုက်ကြည့်နေတယ်။ နောက်အိမ်ကို တစ်ပတ်လှည်ြ့ပီး လိုက်ကြည့်တယ်။ နောက် ကျုပ် အိပ်ရာ ခေါင်းရင်းနားကို အကြာကြီးထိုင်ပြီး စောင့်ကြည့်နေတာ ကျုပ်မှာ ဘာသရဲမှ မကြောက်တတ်ပဲနဲ့တောင် ကျောထဲက စိမ့်လာသလိုလို၊ နဖူးက ချွေးတွေပြန်လာသလိုလို လန့်လာခဲ့သေးတယ်ဗျို့၊ ဘယ်လိုမှ ခေါ်မရဘူး၊ နောက်တော့ ကျုပ်လည်း မျက်ခွံတွေပိကျ အိပ်ငိုက်လာတာနဲ့ အိပ်ပျော်သွားပါလေရော၊ အိုး မနက်မိုးလင်းတော့ နှင်းတွေပြည့်နေတဲ့ခြံထဲ ကျုပ်အိမ်ဘေးပတ်လည်မှာ ခြေရာတွေ တွေ့ရပါရောလား၊ ခြေရာတွေက .. အင်း ခွေးခြေရာတွေလို့တော့ ကျုပ်ထင်မိတာပဲ၊ ဒါပေမဲ့ ခြေရာတွေက ခွေးခြေရာတွေထက် တော်တော်ကြီးကို ကြီးနေတာတော့ ကျုပ် မသိချင်ပဲ သိနေရသေးတယ်။ ဒါပေမဲ့ပေါ့ဗျာ ကျုပ်က မကြောက်တတ်ပါဘူး၊ ရှာကြံပြီး ကြောက်တတ်တဲ့သူမှ မဟုတ်တာ၊ ခွေးခြေရာတွေပါ သေချာပါတယ်ဗျာ၊ နှင်းထဲ နှစ်လိုက်ရတော့ ခြေရာဆိုတာမျိုးက ပိုကြီးတတ်တာပဲမလား၊ ဟို ကြောင်ကတော့ သိမှာပဲ၊ သူ ... ည က သေချာ စောင့်ကြည့်နေခဲ့တာပဲ။
ဟေ့ ကြောင် .. ခွေးခြေရာလား .. ဘယ်သူ့ခြေရာတွေလည်း၊ ကျုပ် လှမ်းအော်ပြီး မေးလိုက်တယ်။
ကြောင် က သူ့ရဲ့ မူပိုင် အသံအတိုင်းပဲ ဆောင့်ကြီး အောင့်ကြီး ဖြေပါတယ်။
ညောင့် .... ညောင့် .... ညောင့် ...
9 comments:
ကြောင်ချစ်သူမို့ အရောက်လာပြီး ဖတ်သွားပါတယ်ရှင်။
ကြောင်တွေက ခေါင်းပွတ်ရင် ဇိမ်ပဲ။
ကျောပေါ်နဲ့ ဝမ်းဗိုက်ပိုင်းဆိုရင် ယားတတ်တယ်၊ အမြီးဆိုရင်တော့ နာကျင်လွယ်လို့ စိတ်ဆိုးတယ်။
ခေါင်းတိုက်တာက ချွဲနေတာလေ။
ကြောင်လေးက ချစ်စရာလေးနော်။
မဖြိုးဖြိုးလှိုင်ရဲ့ ကြောင်လေးက ချစ်စရာလေး၊
ကျနော် အခု ရေးလက်စ သရဲဇာတ်လမ်းပြီးရင်
နောက်ရေးဖြစ်မယ့် ဇာတ်လမ်းက ကြောင်သရဲ ... :P
ကြောင် အကြောင်းထက် တခုခု ပြောချင် နေသလိုပဲ။
သူတို့ကတော့ အခု ရေးထားတဲ့ အတိုင်းပဲ မစားရလည်း ညောင် ၊ စားရလည်း ညောင်နေတာပါပဲ။ တညောင်ညောင် ဆိုတာပေါ့။
မဖြိုးက ကြောင်တွေ သဘာဝကို သေသေချာချာ ရေးထားတာပဲ။ ရို့စ်လည်း ကြောင်ချစ်တယ်။ ပာုတ်တယ်... ကြောင်တွေက အဲ့လိုပဲ သူတို့ ကျောကုန်း နောက်နားကို ကိုင်ရင် တွန့် တွန့် သွားတယ်။ ရို့စ် မီးညောင်လေးလို အဲ့လိုပဲ။ ဒါပေမယ့် သူက စိတ်မဆိုးဘူး။
ပုံထဲက ကြောင်လေးက ၀၀လေး ချစ်စရာလေး
အပေါ်ဆုံးက ပန်းချီက ဘယ်သူ့လက်ရာပါလိမ့်... တော်လိုက်တာနော်...
ကြောင်တွေရဲ့ သဘောသဘာဝကို သေချာအသေးစိတ်ရေးထားတာဘဲ.. ကြောင်ဘယ်လောက်ချစ်တယ်ဆိုတာ သိသာတယ်။
နောက်ဆုံး နှင်းတောထဲက ခြေရာကြီးတွေကို စိတ်ဝင်စားတယ်.. ဘယ်သူ့ခြေရာပါလိမ့်..
အော် ညတုန်းက ပျင်းလို့ လမ်းလျှောက်ထွက်တာ ဖြိုးတို့အိမ်နားကို ရောက်လာတယ်.. အဲဒါ ဖြိုးမသိလိုက်ဘူး မဟုတ်လား
ကြောင်ကလေးတော့ တွေ့လိုက်တယ်
သူ့ကိုပြန်မေးကြည့်. ဘယ်သူ့ခြေရာလဲလို့
ကြောင် အကြောင်းက တို့လို့တန်းလန်း..
ဘာများပြောချင်ပါလိမ့် တွေးလိုက်အုံးမယ်။
ပျော်ရွှင်ဖွယ်ရာ မင်္ဂလာနှစ်သစ်ဖြစ်ပါစေ.
ချစ်ဖို့ ကောင်းလိုက်တဲ့ ကြောင်ပဲး))
Post a Comment