Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label စောင့်နေတဲ့ကြောင်လေး. Show all posts
Showing posts with label စောင့်နေတဲ့ကြောင်လေး. Show all posts

Wednesday, April 06, 2011

စောင့်နေတဲ့ကြောင်လေး

ဟော ကဲ .. ဒီနေရာကို ကျုပ်ရောက်လာတာနဲ့ ကြောင်ကို တွေ့ရတော့တာပဲ၊ ဒီကြောင်ဟာ ကျုပ်ကို အမြဲပဲ စောင့်ကြိုနေတတ်တယ်။ တခါတလေတော့ ကျုပ်အိမ်တံခါးကို သော့ဖွင့်ဝင်လိုက်တာနဲ့ ညောင် လို့ အော်ပြီး အနားကိုရောက်လာလိုက်ပြီ၊ အိမ်ထဲကို ကျုပ်က ခြေလှမ်းပြင်ကာစ ပဲရှိသေးရဲ့ ကျုပ်ခြေထောက်တွေကို ရှောင်တိမ်းပြီး သူက လွှားကနဲ ခုန်ဝင်လိုက်ပြီ၊ ပြီးတော့ ဆောင့်ကြီးအောင့်ကြီးအသံနဲ့ စပြီး အော်တော့တာပဲ၊ ကျုပ်က ဟေ့ ကြောင်လို့ ခေါ်လိုက်တာနဲ့ အသံကို ညောင့် လို့ ဆောင့်အောင့်ပြီး ပြန်ထူးတတ်သေးတယ်။ ရယ်တော့ရယ်ဖို့ကောင်းတဲ့ ကောင်ပဲ၊ ကျုပ်ခေါ်တိုင်း ပြန်ထူးတယ်။ ကျုပ် အကြိမ်ပေါင်းများစွာစမ်းကြည့်ပြီးပြီ၊ သူ အိပ်နေတဲ့ အချိန်မှာတောင် ကျုပ် က ဟေ့ကြောင် လို့ ခေါ်လိုက်တာနဲ့ ခေါင်းကိုဆတ်ကနဲကြွလိုက်ပြီး လှည့်မကြည့်ပဲ ညောင် လို့တော့ ပြန်ထူးလိုက်သေးတာပဲ၊ ကျုပ်က ဒီအိမ်ကို  အမြဲမလာနိုင်ဘူး၊ အရင်က ဦးလေးနေခဲ့တဲ့အိမ် ဦးလေးလည်းမရှိရော အိမ်က တံခါးပိတ်ထားလိုက်ရတော့တာပဲ၊ ကျုပ်က အလုပ်အားတဲ့ရက်တွေမှ တစ်လတစ်ခါလောက်ဖြစ်ဖြစ်ပေါ့ဗျာ၊ အဲဒီလောက်မှ လာနိုင်တာ၊ လာတိုင်း သစ်တုံးလေးပေါ် ကျကျနနလေးထိုင်နေတဲ့ ဒီကြောင်ထီးကို တွေ့ရတယ်။ ကျုပ်ကတော့ ကျုပ်ကိုစောင့်နေတယ်လို့ ပဲ ပိုပိုသာသာလေးတွေးပစ်လိုက်တာပဲ၊ ပြီးတော့ မုန့်တွေချကျွေးတာပေါ့၊ သူ့ရဲ့ ပန်းကန်ထဲ နွားနို့ထည့်ပေးတဲ့အခါ လက်တစ်ဘက်က သူ့ကို ဆွဲထားရသေးတယ်။ ဒီကောင် ဘောလုံးသမားသေလို့များ ၀င်စားသလားတော့မသိဘူး၊ အင်မတန် ခေါင်းနဲ့ တိုက်တယ်။ ကျုပ်နွားနို့ထည့်ပေးရင် နွားနို့ဗူးကို ခေါင်းနဲ့ ၀င်တိုက်တယ်။ သူ့ပန်းကန်ကို ကိုင်ပြီး ထည့်ပေးရင်လည်း ပန်းကန်ပြန်အချမှာ သေသေချာချာကို စောင့်ပြီး ခေါင်းနဲ့ တိုက်လိုက်သေးတာ၊ ခူး ခလူး .. ခူး ခလူးနဲ့ လည်း တချိန်လုံးမြည်နေတာပဲ၊ ကြောင်တွေကျေနပ်ပီတိဖြာနေရင် အဲဒီလိုအော်မြည်နေတတ်တယ်လို့ ထင်တာပဲဗျာ၊ ဟုတ်မဟုတ်တော့ ကြောင်မှပဲ သိမှာပဲ။