ကျွန်မရေးတဲ့ “မေမေ့အကြောင်း”
အမေများနေ့ သူငယ်ချင်းတွေရေးထားတဲ့ အမေအကြောင်းလေးတွေဖတ်ရတော့ မေမေ့ကို ပိုသတိရမိတယ်၊
အမြဲတမ်း အချိန်တိုင်း သတိရနေတတ်ပေမဲ့ ဒီနေ့တော့ မေမေ့စာလေးတွေပြန်ရှာဖတ်ပြီး လွမ်းမိတယ်။
ကျွန်မ စာတွေ ရေးချင်တာတွေ့ကရာလျှောက်ရေးနေဖြစ်ပေမဲ့ ကျွန်မဖေဖေနဲ့ မေမေ အကြောင်းတော့ခုထိ မရေးဖြစ်ခဲ့သေးဘူး။ မေမေ ရေးထားတဲ့ မေမေ့ အဖေ၊ အမေ အကြောင်းလေးတွေ ဖတ်ဖြစ်တိုင်း ငယ်ငယ်က မေမေ့ပုံစံလေးကို မြင်မိတယ်။ မေမေက မိသားစုဘ၀နဲ့ သားသမီးတွေကို သိပ်ချစ်ခဲ့ပေမဲ့ မေမေ့ရဲ့ ဘ၀ကိုတော့ စိတ်တိုင်းမကျခဲ့ဖူးထင်တယ်။ မေမေဖြစ်ချင်တာက တက္ကသိုလ်ကဆရာမကြီးလို၊ အမျိုးသမီးသံတမန်တွေလို။ အန်တီစု အမေ ဒေါ်ခင်ကြည်ကိုလည်း သိပ်သဘောကျပြီး ချစ်ရှာတယ်။ “မေမေတို့ ခေတ်တုံးကလေ Girl Guide ဌက်ပြာမယ်ဆိုတာရှိတယ်၊ ဗိုလ်ချုပ်ကတော်က ဥက္ကဌပေါ့လို့” အစချီပြီး ခဏခဏပြောပြလေ့ရှိတယ်၊
အဲလို အသင်းအဖွဲ့တွေမှာလည်း အမြဲအဖွဲ့ဝင်အဖြစ်ပါခဲ့တာပဲ။ ဧည့်သည်တွေလာရင် စကားထိုင်ပြောပြီး အချိန်ကုန်ရမှာ စိတ်ညစ်ညူးတတ်တဲ့ မေမေက နိုင်ငံရေးအကြောင်းပြောဖြစ်ရင်တော့ အဲဒီဧည့်သည်နဲ့ ချက်ကျကျ မမောမပမ်းနိုင်ပြောတတ်ပါတယ်။ “ငါတို့ ဗမာပြည်မှာကွယ် မိဘတိုင်းကကွယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးကြရမယ်” ဆိုတဲ့သီချင်းကိုလည်း မေမေ သိပ်သဘောကျတယ်။ ဆိုပြရှာတယ်။ “အာဇာနည်နေ့ကိုဖြင့် မမေ့ရက်နိုင်ပြီ” ဆိုတဲ့ သီချင်းလေးကြားတိုင်းလည်း မျက်ရည်လေးဝဲ၀ဲနဲ့ နားထောင်ရှာတယ်။ မိသားစုတာဝန်တွေ ကလေး ၇ ယောက်တာဝန်တွေနဲ့ မေမေလုပ်ချင်တဲ့အလုပ်တွေ မလုပ်နိုင်ခဲ့ရှာဘူး။ ကလေးတွေကြီးပြင်းကုန်ကြပြီး တစ်ယောက်ပြီးတစ်ယောက်အနားက ထွက်ခွာသွားတဲ့ အခုအချိန်မှာမှ မေမေ ရေးချင်တဲ့ စာလေးတွေ ရေးနိုင်တယ်၊ ခုချိန်မှ မေမေ ဖတ်ချင်တဲ့ စာတွေ စိတ်ကြိုက်ဖတ်နိုင်လာတယ်။
မေမေက ဒဂုန်တာရာကိုတောင်မှ စကားလုံးလေးတွေ နုရွ လွန်းလို့ ဆိုပြီး မကြိုက်ခဲ့ပြန်ဘူး။ မေမေ့ဆီမှာ ခင်နှင်းယု စာအုပ်တွေတော့ အားလုံးရှိခဲ့တယ်။ မေမေ့ဆီက ခင်နှင်းယုစာအုပ်တွေ ငယ်ငယ်က ဖတ်ခဲ့ရဖူးတယ်။ ဒဂုန်ရွှေမျှားတို့၊ ရွှေဥဒေါင်းတို့ မေမေ သိပ်ကြိုက်တယ်။ ကျောက်မြောင်း ကျားကွက်သစ်လမ်းမှာ ဖွင့်ထားတဲ့ စာပေလောကစာအုပ်ဆိုင်လေးကို မေမေ၊ အစ်မ နဲ့ သုံးယောက်သား သွားဖြစ်ကြတိုင်း “ရွှေဥဒေါင်းစာအုပ်တွေ၊ ဒဂုန်ရွှေမျှားစားအုပ်တွေ အကုန်လုံးသာ မေမေ ၀ယ်ထားချင်တော့တာပဲ” လို့ ခပ်ညည်းညည်းလေး ပြောတတ်လေ့ရှိတယ်။ အဲဒီအချိန်တုန်းက ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ဖူးပါတယ်။ မေမေ လိုချင်သလောက် စာအုပ်တွေ အကုန်ဝယ်မပေးနိုင်ခဲ့ဘူး။ အခုထိလည်း မေမေ့အတွက် ကျွန်မလုပ်ပေးနိုင်တာတွေ မများခဲ့ဘူး။ ထူးထူးခြားခြား ဘာမှ မရှိခဲ့ပါဘူး။
ညတွေမှာ မေမေလက်ကို ဆွဲယူပြီး အိပ်ခဲ့ဖူးတာတွေလည်း လွမ်းမိတယ်။ ကျွန်မ ၀မ်းနည်းအားငယ်ခဲ့တာတွေနဲ့ ညတွေမှာ အိပ်မက်ထဲကြောက်လန့်ပြီး တရေးနိုးမိရင် မေမေ့လက်ကိုဆွဲပြီး မေမေ ဘုရားစာရွတ်ပေးပါ ပြောတတ်ခဲ့တယ်။ မေမေက အဲဒီအချိန်ဆို အိပ်ချင်မူးတူး နဲ့ “ဂင်္ဂါဝါဠု သဲဆုအမျှ ပွင့်တော်မူကြကုန်သော် မြတ်ဘုရားရှင်ကိုယ်တော်အပေါင်းတို့သည် .... ” ကနေအစချီ ဘုရားပင့်ပြီး ဓါရဏပရိတ်ရွတ်၊ ပရိတ်တွေ၊ သုတ်တွေရွတ်ပြီး ပြန်အိပ်မောကျသွားတတ်တယ်၊ ကျွန်မက အိပ်မပျော်နိုင်သေးရင် မေမေ ရွတ်ပါဦး ဆိုပြီး ဆိုးတတ်ခဲ့သေးတယ်။ မေမေ့ ဘုရားစာရွတ်သံကိုကြားရရင် ကြောက်လန့်အားငယ်စိတ်တွေ ပျောက်သွားပြီး ကျွန်မ ပြန်အိပ်ပျော်နိုင်ခဲ့တယ်။ မေမေက သူကိုယ်တိုင်စာရေးချင်၊ စာရိုက်ချင်တော့ ကျွန်မနဲ့လည်း စာရိုက်ပြီးစကားပြောချင်တော့ ဆရာခေါ်ပြီး သင်တယ်၊ ဇွဲကောင်းတဲ့ မေမေက ခဏလေးနဲ့ စာကောင်းကောင်းရိုက်တတ်သွားပါတယ်။ အရင်ကလည်း စာနည်းနည်းရိုက်တတ်ပေမဲ့ လက်ကွက်သိပ်မမြန်ခဲ့ဘူး။ အခုတော့ မေမေ လက်ကွက်မြန်မြန်နဲ့ ရိုက်တတ်သွားပါပြီ။
မေမေက မေမေ့ ဖေဖေ၊ မေမေအကြောင်းကို စီကာပတ်ကုံးရေးပို့ခဲ့တယ်။
ကျွန်မရေးတဲ့ မေမေ့အကြောင်းကတော့ ဟိုရောက်ဒီရောက်နဲ့ မသပ်မရပ်ရှိလိုက်တာ။
ဒါပေမဲ့ ကျွန်မ မေမေနဲ့ ဖေဖေကို ကျွန်မ သိပ်ချစ်ပါတယ်။
မေမေနဲ့ ဖေဖေအကြောင်း တစ်နေ့သေချာရေးကြည့်ပါဦးမယ်။
အမေများနေ့မှာ ချစ်ရတဲ့ မေမေနဲ့ ကမ္ဘာကြီးထဲက မေမေ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
မေမေအားလုံး ဘေးဘယာဝေးကွာပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်နိုင်ပါစေ။ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြပါစေ။
အမေများနေ့မှာ ဆုတောင်းလိုက်ပါတယ်။
No comments:
Post a Comment