Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 09, 2011

ဓါတ်ပုံများကပြောသော အဆိုးနှင့်အကောင်းတွေ

သတင်းထောက် ဘီလဲဆာဝါရီဟာ ပြီးခဲ့တဲ့ ၁၀နှစ်တာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ဗရုတ်သုတ်ခ စစ်ခရီး အနိမ့်အမြင့်၊ အတက်အကျ ဘ၀အခြေအနေတွေကို ထင်ဟပ်စေတဲ့ သူ့ရဲ့ဓါတ်ပုံတွေနဲ့ အမှတ်ရစရာအဖြစ်အပျက်တွေ ပြောပြခဲ့ပါတယ်။
ဂီတသံတွေကြားရပြီ၊ မုတ်ဆိတ်တွေလည်း ရိတ်တော့မည်
၂၀၀၁ခုနှစ် တာလီဘန်တွေ မြို့တော်ကဘူးကနေ ထွက်ခွာသွားခဲ့ကြတုန်းက ပထမဆုံး ကျွန်တော်သတိပြုမိတာက ဆံသသမားတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာကိုပဲ။ သူတို့ရဲ့ဆိုင်ခန်းတွေ အမြန်ဆုံးပြင်ဆင်ကြတယ်။ သူတို့လုပ်ငန်းမှာ နှစ်ကြာကြာအသုံးမပြုပဲထားခဲ့ကြတဲ့ ပစ္စည်းတွေကို သိမ်းဆည်းထားရာကထုတ်လာကြတယ်။ လိုအပ်ချက်အဖြစ် တာလီဘန်တွေသတ်မှတ်ထားခဲ့ပေမဲ့ သူတို့ မလိုချင်ခဲ့ကြတဲ့မုတ်ဆိတ်တွေ ရှင်းလင်းပစ်ဖို့ ဆံသသမားတွေက လူခေါ်ကြပါတယ်။ ဆံသဆိုင်တွေရှေ့မှာ မုတ်ဆိတ်၊ ပါးမြိုင်းမွှေးတွေ ရှင်းလင်းကြမယ့်လူတွေ တန်းစီနေကြတယ်။ ရုတ်တရက်ကြီး၊ ကဘူးလမ်းမတွေပေါ်မှာ ဂီတသံတွေပြန်ကြားလာရပါပြီ။ လူတွေက အိုးတွေ၊ ဗုံတွေဝယ်ပြီး ပျော်ပျော်ရွှင်ရွှင်တီးခတ်ကြတယ်။ အိမ်တွေမှာ ဂီတသံတွေ၊ အကအခုန်တွေ ပြန်ပြီးနိုးထလာကြပြီ။ ပုံမှာ သားငယ်မွေးနေ့ပွဲမှာ ပျော်ရွှင်စွာကခုန်နေတဲ့သူကိုမြင်တွေ့ရမှာပါ။ တာလီဘန်တွေထွက်ခွာသွားခဲ့ပြီး လအနည်းငယ် ၂၀၀၂ခုနှစ် ဖေဖေါ်ဝါရီလောက်ကပါ။
သိပ်သည်းတဲ့နှင်းထုကျချိန်မှာ
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေထဲကတစ်ခုဆိုရင် ကျွန်တော် စလန်းတောင်ကြားလမ်းကနေ ခရီးသွားခဲ့တုန်းကပေါ့။ တောင်ကြားလမ်းကဖြတ်ခဲ့ပြီးတော့ သိပ်သည်းလှတဲ့နှင်းထုကြားမှာ ရယ်မောနေတဲ့ကလေးတွေကို တွေ့ခဲ့တယ်။ ကလေးတွေက တကယ့်ပျော်ပွဲရွှင်ပွဲအချိန်အခါမျိုးမှာ ရယ်မောနေကြတဲ့ပုံမျိုးပဲ။ ကလေးတွေရဲ့ နောက်ဘက်မှာ ထရပ်ကားတစ်စင်းက တိမ်းမှောက်နေပါတယ်။ အဲဒီကားပေါ်ကခရီးသည်တွေ တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီနေ့ကပဲ အဲဒီအန္တရယ်ကြီးလှတဲ့နေရာမှာ လူ ၁၅ဦးသေဆုံးခဲ့တယ်။ အရှေ့ဆုံးက ကလေးရဲ့အမည်က ဟာမစ် လို့ခေါ်ပါတယ်။ သူကပြောတယ် ဒီလိုနှစ်တိုင်းဖြစ်နေကြပါပဲ တဲ့။ ယာဉ်တွေ ဒီလိုပဲ ဦးစိုက်ဂျွမ်းပြန်ဖြစ်ကြတယ်။ လူတွေကလည်း သေဆုံးနေကြတယ်။ ဒီလိုကြမ်းတမ်းခက်ထန်ပြီး၊ ပြုပြင်ပြောင်းလဲလို့မရနိုင်တဲ့အခြေအနေကြားထဲမှာပဲ အာဖဂန်လူမျိုးတွေ နေထိုင်နေကြရတယ်။ ဒါပေမဲ့ အဲဒီကလေးငယ်တွေဟာ ကြောက်ရွံ့ခြင်းအလျဉ်းမရှိကြပါဘူး။

ဗလီဝတ်ကျောင်းထဲက တိုက်ခိုက်ရေးသမားတွေဟာ
သူတို့ကိုကြည့်ရတာ အနားယူနေပုံနဲ့မတူပါဘူး။ ဒါပေမဲ့ တကယ်တမ်းက အဲဒီတာလီဘန်တိုက်ခိုက်ရေးသမားတွေ ဗလီထဲမှာ အနားယူနေကြတာပါ။ ဒီပုံက အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ဆိုကြတဲ့ ဂါဇနီပြည်နယ်မှာ ပြီးခဲ့နှစ်အနည်းငယ်က ရိုက်ယူထားခဲ့တဲ့ပုံပေါ့။ ၂၀၀၁ခုနှစ်မှာ သူတို့ထွက်ခွာခဲ့ရတာတောင် တာလီဘန်တွေကတော့ သူတို့တတ်နိုင်သမျှနေရာတွေမှာ ရသလောက် ပြန်လာပြီးတိုက်ခိုက်ခဲ့ကြတယ်။ ညာဘက်က တိုက်ခိုက်ရေးသမားက ဆော်ဒီနိုင်ငံသားတစ်ဦးပါ။ သူက ဓါတ်ပုံအရိုက်ခံရမှာကို မကြိုက်ပါဘူး။ ဗလီထဲတပ်စွဲထားတဲ့ တာလီဘန်တွေက သူတို့အတွက်အစားအစာယူလာပေးဖို့ ဒေသခံတွေကို တောင်းဆိုကြတယ်။

ဒီမိုကရေစီ ဆေးရောင်ဆိုး လက်ချောင်းတွေ
အဲဒီ အမျိုးသမီးရဲ့ လက်မမှာ စွန်းထင်းနေတဲ့ဆေးရောင်က အာဖဂန်နစ္စတန်ရဲ့ ပထမဆုံး ဒီမိုကရေစီအလေ့အကျင့်ပါ။ ၂၀၀၄မှာပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ အမျိုးသမီးတစ်ဦးက သူ့ရဲ့ ဆေးရောင်စွန်းထင်းနေတဲ့လက်မကို ပြသခဲ့ပါတယ်။ အဲဒီတုန်းက အဖန်တရာတေလောက်အောင်ကြားခဲ့ရတဲ့ စကားတစ်ခွန်းရှိတယ်။ အစိုးရက ကျည်ဆံတွေအစား မဲပြားတွေနဲ့ကစားတော့မယ်တဲ့။ ဒါပေမဲ့ လူတွေကတော့ ပကတိအတိုင်းစိတ်လှုပ်ရှားခဲ့ကြတယ်။ မျှော်လင့်ခဲ့ကြတယ်။ နောက်ပိုင်းမှာ နည်းနည်းပါးပါးပဲ ပြောင်းလဲခဲ့ပါတယ်။ နောက်ရွေးကောက်ပွဲမှာတော့ လူတွေ စိတ်အားထန်သန်မှု မရှိကြတော့ဘူး။

လုံလောက်ပါပြီ
ပုံထဲက ဘတ်စ်ကားမောင်းသူဟာ ကဘူးနဲ့ ကန်ဒါဟာအဝေးပြေးလမ်းမှာ အသွားအပြန်မောင်းနှင်နေသူပါ။ သူ့ရဲ့လက်တွေကို မြှောက်ထားတယ်။ အလွန်အမင်း စိတ်ရှုပ်ထွေးနေပုံပါပဲ။ “လုံလောက်ပြီဆိုတာ လုံလောက်လို့ပဲပေါ့” လို့ သူက ပြောပါတယ်။ သူစိတ်ညစ်နေခဲ့ပါပြီ။ ရုံးဆိုင်ရာငွေကောက်ခံမှုတွေကြောင့် အဝေးပြေးလမ်းမမှာ ခဏခဏ ကားရပ်ပေးနေရတယ်။ ရွာသားတွေရင်ဆိုင်နေရတဲ့ အစိုးရဟာ ဘတ်စ်ကားတွေကို ရပ်ခိုင်းနေတယ်။ လာဘ်စားတာတွေ သူတို့မြင်တွေနေရတဲ့အချိန်ဟာ တာလီဘန်ခေတ်လိုပဲ ဘာမှအံသြစရာမရှိပါဘူး။ “ကျွန်တော်တို့ဟာ ငလျင်ကြီးရဲ့ တုန်ခါမှုတွေကြားထဲ ရှင်သန်နေထိုင်ရတယ်၊ စစ်ပွဲဆိုတဲ့ ငလျင်ကြီးပေါ့” လို့ သူက ပြောပြတယ်။
ဖုန်းနဲ့ အဆက်အသွယ်
၂၀၀၂ ခုနှစ်က အပြောင်းအလဲတွေလွယ်လွယ်ကူကူဖြစ်နေတဲ့ ဝေးကွာလှတဲ့ဇူးမက်ဒေသထဲ ခရီးတစ်ခုထွက်ဖြစ်ခဲ့တယ်။ ပက်တီရာ အရှေ့တောင်ပိုင်းမှာရှိတဲ့ဒေသထဲကိုပါ။ ဘီဘီစီကင်မရာသမားနဲ့အတူတူ သွားခဲ့ကြပါတယ်။ စစ်ပွဲပြီးစ အဲဒီအစောပိုင်းနေ့ရက်တွေမှာ ကျွန်တော်တို့ ပြင်ပကမ္ဘာနဲ့ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြတယ်။ ကျွန်တော်တို့မှာ ဂြိုဟ်တုဆက်သွယ်ရေးစနစ်သုံးဖုန်းတွေပဲရှိတာ။ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းမှာဆိုရင် မီဒီယာပေါက်ကွဲမှုဟာ ကြီးကျယ်တဲ့အောင်မြင်မှုတွေထဲက တစ်ခုပါ။ အခု မိုဘိုင်းဖုန်းတွေ နေရာအနှံ့သုံးနိုင်ပါပြီ။ အာဖဂန်တွေ Twitter နဲ့ Facebook သုံးနေကြပြီ။ လူတော်တော်များများ ကိုယ်ပိုင်မိုဘိုင်းဖုန်းတွေ သုံးနေကြပါပြီ။

ရေခဲမုန့်ခန်းမထဲက အမျိုးသမီးတွေ
ရေခဲမုန့်ခန်းမ (Ice Cream Parlour) တွေဟာ အာဖဂန်အမျိုးသမီးတွေ တွေဆုံစကားပြောရာ၊ အနားယူရာနေရာ ဖြစ်နေကြပါပြီ။ တာလီဘန်တွေလက်အောက်မှာ အမျိုးသမီးတွေက အဲဒီလို မသွားနိုင်ကြပါဘူး။ အခုတော့ အရောင်အသွေးစုံစုံလင်လင်နဲ့ တောက်ပတဲ့အခန်းလေးတွေမှာ အမျိုးသမီးလေးတွေကို မြင်တွေ့နိုင်ပါတယ်။ ကျောင်းသူလေးတွေလည်း မကြာဏရောက်လာပြီး အချင်းချင်းတွေ့ဆုံစကားပြောကြတယ်။ သူတို့ဟာ ဒီလို လူမှုရေးနဲ့ဆိုင်တဲ့နေရာလေးတွေမှာ ပျော်ရွှင်နေကြပါတယ်။ အဲဒါက ကော်ဖီယဉ်ကျေးမှုနဲ့ ညီမျှတဲ့ အာဖဂန်တွေရဲ့ ယဉ်ကျေးမှုအသစ်ပါ။

မူးယစ်ဆေးဝါး စွဲလမ်းမှု
မူးယစ်ဆေးစွဲမှုက မြောက်ပိုင်းမဟာမိတ်တိုက်ခိုက်ရေးသမားတစ်ဦးအတွက် ကျင့်သားရနေခဲ့ပါပြီ။ သူက ၂၀၀၁ မှာ ယူအက်စ်နဲ့အတူတကွတိုက်ခိုက်ခဲ့တယ်။ သူနေထိုင်လာခဲ့တဲ အနောက်မြောက်ဘက်ပြည်နယ် ချာရီကာမြို့တော်ရဲ့ မြို့လေးမှာ အနီးစပ်ဆုံး လူဦးရေ ၇၀၀၀၀မှာ လူပေါင်း ၁၅၀၀၀ခန့်ဟာ မူးယစ်ဆေးစွဲနေကြတယ် လို့ ဒေသခံအစိုးရရုံးတွေက ပြောပါတယ်။ အာဖဂန်နစ္စတန်ရဲ့နေရာတော်တော်များများမှာ ဘိန်းခင်းတွေဟာ ကောဇောတွေအပြည့်ခင်းထားသလို ပြည့်နှက်နေခဲ့ကြတယ်။ ဒါပေမဲ့ အခုကြီးထွားလာတဲ့ ပြဿနာအသစ်က စိုက်ပျိုးထုတ်လုပ်တာအပြင် မူးယစ်ဆေးစွဲမှု များပြားလာကြတာဖြစ်နေပါတယ်။

နေ့နဲ့ည မတူတဲ့အရှင်သခင်တွေ
ကန်ဒူးဇ်ပြည်နယ်က လယ်သမားတစ်ဦးဟာ သူ့ရဲ့ဂျုံစေ့အစုအပုံကြီးရှေ့မှာထိုင်ပြီး သူပေးရမယ့်အချိုးအဆတွေကို တွက်ချက်နေပါတယ်။ သူ့အတွက်တော့ ဘ၀ဆိုတာ စားပွဲပေါ်အစားအစာချထားလိုက်တာပဲ တဲ့။ သူက ပြောပါတယ်။ သူ့မှာ ရွေးချယ်စရာမရှိပါဘူး။ ဒါပေမဲ့ ဘယ်သူက အာဏာရှိသလဲ။ အစိုးရလား၊ တာလီဘန်လား ဆိုတာတော့ ဂရုပြုနေရတယ်တဲ့။ သူ့ရဲ့အကြီးမားဆုံးပြဿနာက နေ့ခင်းမှာ အစိုးရပြောတဲ့အတိုင်းလုပ်ရတယ်။ ညဘက်မှာ တာလီဘန်တွေပြောတာလုပ်ရတယ်။ အခုပုံကို ရိုက်ခဲ့တဲ့ ၂၀၀၉ခုနှစ်တုန်းကတော့ အဲဒီဒေသတစ်ဝိုက်မှာ တာလီဘန်တိုက်ခိုက်ရေးသမားတွေက နေ့ရော ညပါ မြန်မြန်ဆန်ဆန် ကျူးကျော်နေကြတာပဲလို့ ဆိုတယ်။

ကျောင်းကို လမ်းလျှောက်ကြတယ်
ယောက်ျားလေး မိန်းကလေး ကလေးငယ်တွေ ကျောင်းကိုလမ်းလျှောက်သွားနေကြတဲ့ ဒီလိုမြင်ကွင်းက မကြာခဏမြင်တွေ့နိုင်ပါတယ်။ ကျောင်းတွေမှာ  မျှော်လင့်ချက်တွေရှင်သန်နေတဲ့ အာဖဂန်ကလေးငယ်တွေပြည့်နေကြတယ်။ အဲဒီဘ၀ဟာ လုံခြုံမှုမရှိဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ကလေးငယ်တွေက အတန်းပညာရရှိရေးအတွက် ခက်ခက်ခဲခဲ ကြိုးစားနေကြဆဲပါ။

ဈာပနအခမ်းအနားနဲ့ လောက၀တ်
အာဖဂန်အများစုအတွက် “နောက်ထပ်ဆုံကြဦးစို့ရဲ့” ဆိုတဲ့စကားဟာ ကောင်းတဲ့စိတ်ဆန္ဒနဲ့ မပြောနိုင်တဲ့စကားမှန်း သိကြတယ်။ နောက်ထပ်တစ်ကြိမ်ဆိုတာ ဖြစ်နိုင်ချေနည်းလွန်းနေကြတယ်။ ဈာပနအခမ်းအနားတွေဟာ အာဖဂန်လူတွေရဲ့ဘ၀မှာ နေစဉ်ပုံမှန်ကိစ္စလို ဖြစ်နေခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ ဖြစ်ရပ်ဆိုးကြုံလာရင် စိတ်ဒုက္ခတွေကုသနိုင်မယ့် အချိန်အတိုင်းအတာဆိုတာ ရှိပါတယ်။ အာဖဂန်မှာတော့ အဲဒီလိုဖြစ်စဉ်မျိုးမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ တချိန်လုံးဖြစ်ပျက်နေတာကြောင့်ပါ။ ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အတန်းဖော်သူငယ်ချင်းတွေ ဆက်တိုက် သေကြေဆုံးပါးနေကြတယ်။ လူတိုင်းက သေခြင်းတရားကို လက်ခံနေကြရတယ်။ အသုဘအခမ်းအနားတွေမှာ လူတွေက ဘာကြောင့်ဆုံးပါးတာလဲ၊ ဘယ်လိုလဲ ဆိုတဲ့ မေးခွန်းမျိုးတွေမေးပြီး အချိန်မဖြုန်းကြတော့ဘူး။ အခမ်းအနားကိုလာတယ်၊ ကြည့်တယ်၊ နောက်တစ်ယောက်အတွက် စောင့်ကြပါတယ်။ ပုံမှာ ဒီနှစ်အစောပိုင်းက သေဆုံးခဲ့တဲ့ အာဖဂန်မြောက်ပိုင်းကအရေးပါတဲ့ ဗိုလ်ချုပ်ဒိုးဒိုရဲ့ဈာပနာအခမ်းအနားပါ။ လူတွေရဲ့မျက်နှာမှာ ပူပင်သောကတွေကို အတွဲလိုက်ချုပ်လုပ်ထားသလိုပဲ။ ၀မ်းနည်းပူဆွေးမှုတွေဟာ သူတို့ရဲ့ မျက်နှာမှာပြည့်လို့နေတယ်။ စကားများများစားစား… သူတို့ မဆိုနိုင်ကြပါဘူး။         ။

Source : The best and worst of 10 years in Afghanistan by Bilal Sarwary

3 comments:

မိုးယံ said...

ဗလီ ဆိုတာ ၀တ်ပြုဆုတောင်းတဲ့ နေရာလို့ ထင်တာ။ သိတာ.....


အခုကျတော့ လူရမ်းကား အကြမ်းဖက်သမားတို့ နားခိုရာကြီးကို ဖြစ်လို့..

အဲဒီကိစ္စတွေက ပြောလို့ မကောင်းဘူး.. ကိုယ်က အပြုသဘောပြောပေမယ့်... သိပ်အစွန်းရောက်တွေက အစ္စလာမ်ဆိုတဲ့ အနှစ်သာရကို မျက်ကွယ်ပြု (သေချာလဲမသိ) ပဲနဲ့ ကိုယ့်ကို လာတိုက်ခိုက်နေဦးမယ်...။

ဒီကိစ္စကို မဆွေးနွေးလိုတော့ပါ။ သည်အတိုင်းလေးပဲ ဖတ်ပြီး ပြန်သွားတော့မယ် မဖြိုးရေ။

မြသွေးနီ said...

အလှမ်းဝေးတဲ့ အကြောင်းအရာတွေမို့ စိတ်ဝင်တစား ဖတ်သွားပါတယ် ဖြိုးရေ...။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ယောကျာ်း မိန်းမ တန်းတူညီတူ အခွင့်အရေးတွေ ရစေချင်ပြီး၊ အာဏာရှင်တွေ၊ အစွန်းရောက်ဝါဒီတွေ ကျဆုံးစေချင်ပါတယ်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

လဲနေတဲ့ ထရပ်ကားကြီးရှေ့က လူတွေရဲ့အပြုံးက အပြစ်ကင်းစင်နေလိုက်တာ
တော်တော်ပျော်နေကြပုံဘဲ။
ယောက်ျား မိန်းမ ဆိုတာလေးကွဲပြားရုံနဲ့ အခွင့်အရေးတွေ မညီမမျှ ဖြစ်သွားရတာ တကယ်တမ်းတော့ မတရားပါဘူးနော်
လူသားချင်းအတူတူ အခွင့်အရေးလဲ အတူတူရသင့်တာပေါ့
ခုတော့ သူတို့နိုင်ငံတွေမှာ မိန်းမဖြစ်ရတာဘဲ ကံမကောင်းဘူး ပြောရမလိုဖြစ်နေတယ်