Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, April 16, 2012

ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၂)

ဘက်ပေါင်းစုံက ပိတ်ပင်တားဆီးမှုတွေစုပြုံရရှိခဲ့ပြီး အာရပ်လိဂ်အပြင်ဘက်ရောက်ခဲ့ရတဲ့ အာရပ်နိုင်ငံတစ်နိုင်ငံရဲ့ လမ်းကြောင်းပြောင်းလဲလာလေမလား။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ခြေလှမ်းတွေကို စောင့်ကြည့်ရပါဦးမယ်။ သမ္မတအာဆတ်ဒ်ကတော့ နိုင်ငံအတွက် အသေခံဖို့ဆန္ဒရှိတယ်လို့ ပြောနေပါတယ်။ နိုင်ငံအတွက်ထားတဲ့ သမ္မတအာဆတ်ဒ်ရဲ့ဆန္ဒအတိုင်းပဲ ဆီးရီးယားနိုင်ငံရဲ့အနာဂတ်လှပလာလေမလား မျှော်လင့်စောင့်စားကြရမှာပါပဲ။ ပိတ်ပင်တားဆီးမှုတွေကို သမ္မတအာဆတ်က ဂရုပြုခဲ့ဟန်မတူပါဘူး။ အကြမ်းဖက်နှိမ်နင်းတိုက်ခိုက်မှုတွေဟာလည်း တစ်နှစ်ကျော်လာခဲ့ပါပြီ။ ပြင်းထန်နေဆဲအကြမ်းဖက်မှုတွေကို အဟန့်အတားဖြစ်စေဖို့ ယူအန်-အာရပ်လိဂ်သံတမန်အဖွဲ့ကို ဆီးရီးယားနိုင်ငံထဲဝင်ရောက်ခွင့်နဲ့အတူ ကြိုးပမ်းချက်တစ်ရပ်အဖြစ် အချက် ၆ချက်ပါတဲ့ ညွှန်ကြားချက် ကို ကုလသမ္မဂအထွေထွေအတွင်းရေးမှူးဟောင်း ဂါနာလူမျိုး သံတမန် ကိုဖီအာနန်က ၁၉၁၂ ဖေဖေါ်ဝါရီ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချက်တွေမှာ >>

(၁) သံတမန်အဖွဲ့ကို ဆီးရီးယားပြည်သူတွေလိုလားထောက်ခံတဲ့ ဆီရီးယားပြည်သူတွေဦးဆောင်တဲ့နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲရေးမှာ ပါဝင်လက်လုပ်ကိုင်ခွင့်ပြုရမယ်။

(၂) ပြည်သူပြည်သားတွေကိုကာကွယ်ဖို့ နဲ့ နိုင်ငံတည်ငြိမ်စေဖို့၊ လက်နက်ကိုင်တိုက်ခိုက်တဲ့ အဖွဲ့အစည်းမှန်သမျှကို ယူအန်ရဲ့ထိရောက်တဲ့အကူအညီနဲ့ အပစ်အခတ်တွေရပ်တန့်အောင်ကြိုးပမ်းရာမှာခွင့်ပြုရမယ်။ (ဒီလိုအပစ်အခတ်အဆုံးသတ်မှုမှာ ဆီးရီးယားအစိုးရကလည်း ချက်ချင်းဆွေးနွေးညှိနှိုင်းပြီး တပ်သားတွေပြန်ရုတ်သိမ်းရပါမယ်။ လူစည်ကားရာနေရာတွေမှာ လက်နက်ကြီးတွေ အသုံးပြုနေတာတွေရပ်တန့်ရမယ်။ အစိုးရဆန့်ကျင်တဲ့အဖွဲ့အစည်းတွေရဲ့လက်နက်ကိုင်တိုက်ခိုက်မှုတွေကိုရပ်တန့်ရေးမှာ ယူအန်ရဲ့ယန္တရားအကာအကွယ်ယူသင့်တယ်။)

(၃) လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းတွေရဲ့ဆေးဝါး၊ ရိက္ခာအထောက်အပံ့ပေးရေးအတွက် တစ်နေ့မှာ ၂နာရီခန့် အချိန်အတိအကျ အပစ်အခတ်ရပ်စဲဖို့ ကြိုးပမ်းရမယ်။

(၄) ငြိမ်းချမ်းတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေတွေမှာ ပါဝင်ခဲ့တဲ့သူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ ကို ထိမ်းသိမ်းခံရတဲ့သူတွေကို လွှတ်ပေးပြီး နေရာတိုင်းဒေသအသီးသီးက ဖမ်းဆီခံရသူတွေကို နှောင့်နှေးခြင်းမရှိ စာရင်းထုတ်ပြန်ဖို့ ကြိုးစားရမယ်။

(၅) စာနယ်ဇင်းသမားတွေအတွက် လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပြုပြီး သူတို့တွေအတွက် ပြည်ဝင်ခွင့်ဈည်းမျဉ်း ခွဲခြားသတ်မှတ်တာတွေ မရှိရဘူး။

(၆) ငြိမ်းချမ်းစွာဆန္ဒဖော်ဆောင်ကြသူတွေရဲ့အခွင့်အရေးကိုလေးစားရမယ်၊ တရားဥပဒေအရအကာအကွယ်ပေးရပါမယ် ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ သမ္မတအာဆတ်ဦးဆောင်တဲ့ လက်နက်ကိုင်တပ်သားတွေက အပစ်အခတ်ရပ်စဲလိုက်ပြီလို့တော့ ပြောလာပါတယ်။

ကိုဖီအာနန်ရဲ့ အချက်၆ချက်ပါညွှန်ကြားချက်ထဲက တစ်ခုကို လိုက်လျောခဲ့တယ်လို့ဆိုပေမယ့် လူစည်းကားတဲ့နေရာတွေမှာ လက်နက်ကြီးတပ်ဆင်ထားမှုတွေနဲ့ တပ်သားတွေအပြည့်အသိပ် တပ်ဖြန့်ချထားဆဲပါပဲ။ အတိုက်အခံ ဒေသခံညိနှိုင်းရေးကော်မတီ(LCC)ရဲ့ ထုတ်ပြန်ချက်အရ ဧပြီ ၁၃ရက်နေ့မှာပဲ ဟာမာ၊ ဒါရား၊ ဟာစာကာ၊ အိဒ်လိဘ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ၁၃ဦးခန့်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရကတော့ အကြမ်းဖက်အုပ်စုတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလို့ အပြစ်တင်လိုက်တယ်။ အစိုးရသတင်းဌာန ဆီးရီးယားအာရပ်သတင်းဌာန(SANA) က ဟာမာမှာ လက်နက်ကိုင်အကြမ်းဖက်အုပ်စုတစ်ခုဟာ အရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့တယ်။ အစိုးရရုံးစိုက်ရာအကြီးဆုံးမြို့တော် အာလပ်ပိုမြို့တော်မှာ အရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အုပ်စုနဲ့အမျိုးအစားအတူတူပဲလို့ ကြေညာခဲ့ပါတယ်။ အဲဒီလိုအုပ်စုတွေနဲ့ သူတို့ကိုထောက်ခံသူတွေဟာ ငြိမ်းချမ်းရေးအစီအစဉ်ကို ဘေးချော်စေဖို့ ရည်ရွယ်နေကြတယ်လို့ SANAက ကြေညာပါတယ်။ ၂၀၁၁ မတ်လကစတင်ခဲ့တဲ့ ဆီးရီးယားရဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ သေဆုံးခဲ့သူပေါင်း အနည်းဆုံး ၉၀၀၀ ခန့်ရှိပြီလို့ ယူအန်က စာရင်းထုတ်ပြန်ခဲ့ပီး LCC က သေဆုံးသူပေါင်း ၁၁၀၀၀ ကျော်တယ်လို့ ဆိုတယ်။

ကမ္ဘာကြီးရဲ့ထောင့်ပေါင်းများစွာမှာ အကြမ်းဖက်မှုတွေရှိနေကြပါတယ်။ ဆီးရီးယားကိစ္စတွေဟာ အထူးသဖြင့် အမေရိကန်တွေအတွက် ဘာကြောင့်များ အရေးကြီးနေရပါသလဲလို့ မေးခွန်းထုတ်နေကြတယ်။ စီအန်အန်သတင်းဌာနက အမေရိကန်တွေဘာကြောင့် ဆီးရီးယားကို ဂရုပြုသင့်သလဲဆိုတဲ့မေးခွန်းကို ဟီလာရီမန်းလဲဗရက်ထ်၊ ဂျိုးဇက်ဟောလီဒေး (ယူအက်စ်စစ်သားဟောင်း နိုင်ငံခြားရေးမူဝါဒလေ့လာသူ)နဲ့ ရောဘတ်ဇာရိတ်ထ် (ဘူမိနိုင်ငံရေးကျွမ်းကျင်) တို့ကို မေးမြန်းခဲ့ပါတယ်။ သူတို့ဖြေခဲ့တာက -----

သဘာဝကုန်းမြေအနေအထား
အရှေ့အလယ်ပိုင်းရဲ့ဗဟိုချက်အဖြစ်ရှိနေတဲ့ ဆီးရီးယားတည်နေရာကို ထည့်ပြီးတွေးကြပါတယ်။ အဲဒီနေရာမှာအားနည်းနေရင်၊ မတည်မငြိမ်ဖြစ်နေမယ်ဆိုရင် ကိုယ်ခန္ဓာမှာပြင်းထန်တဲ့ဒဏ်ရာရဖို့ ပိုပြီးထိရောက်လွယ်ကူပါလိမ့်မယ်။ ဆီးရီးယားက အကြမ်းဖက်မှုဟာ နယ်မြေချင်းထိစပ်နေတဲ့ အီရတ်ထဲကို အလွယ်တကူစိမ့်ဝင်နိုင်တယ်။ အီရတ်မှာက ၂၀၀၃မတ်လကနေ ၂၀၁၁ ဒီဇင်ဘာလအထိ နွှဲခဲ့တဲ့စစ်ပွဲ ပြီးဆုံးကာစ အခြေအနေပဲရှိနေပါသေးတယ်။ အဲဒီမှာ ယူအက်စ်တပ်သားတွေ၊ အမေရိကန်အရပ်သားတွေ အလုပ်လုပ်လက်စရှိနေကြသေးတယ်။ အီရတ်အလွန်မှာ ယူအက်စ်မဟာမိတ် တူရကီနဲ့ ဂျော်ဒန်၊ လက်ဘနွန်တို့မှာလည်းအတူတူပါပဲ။ ဆီးရီးယားရဲ့ဆန့်ကျင်တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ကို ဆိုးဆိုးဝါးဝါးရိုက်ခတ်မယ်ဆိုရင်၊ လက်ဘနွန်မှာ အရင်ဆယ်စုနှစ်တွေတုန်းက ဖြစ်ခဲ့ဖူးသလို ပြည်တွင်းစစ်အတွင်း ရောက်သွားနိုင်ပါတယ် လို့ ဟောလီဒေးက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမျိုးဟာ နောက်ထပ်နိုင်ငံရေးနဲ့ သံတမန်ဆိုင်ရာပြဿနာ မီးတစ်စ ယူနိုက်တက်စတိတ်ကို လွင့်ကျသလို ရင်ဆိုင်ရနိုင်တယ်။

အယ်လ်ကေးဒါး
ယူနိုက်တက်စတိတ်ရဲ့ နံပါတ်တစ် ရန်သူ အယ်လ်ကေးဒါးတွေက အရှေ့အလယ်ပိုင်းစစ်ဆင်ရေးမှာ အမေရိကန်ရှုံးနိမ့်တဲ့နောက်ထပ်နိုင်ငံပေါ်လာပြီဆိုပြီး လိုလိုလားလား ကြိုဆိုနေပါလိမ့်မယ်။

အီရန်
ဆီးရီးယားက အီရန်ကိုအထောက်အပံ့ပေးပါတယ်။ ဆယ်စုနှစ်တွေမှာ ယူနိုက်တက်စတိတ်နဲ့ အီရန်တို့ရဲ့ ဆက်ဆံရေးက အထိမခံတဲ့အခြေအနေရှိနေခဲ့ကြတယ်။ ဘုရှ်ရဲ့ စကားကို အမှတ်ရနေကြဦးမှာပါ။ အီရန်၊ မြောက်ကိုးရီးယား နဲ့ အီရတ်နိုင်ငံတို့ကို “မိစ္ဆာဝင်ရိုးတန်းနိုင်ငံများ” လို့ သုံးနှုန်းခဲ့ဖူးတယ်။ “ဆီးရီးယားဟာ အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ မောင်းတံပါ” လို့ ဇာရိတ်ထ်ကပြောတယ်။ အီရန်ဟာ ဆီးရီးယားကို စစ်ရေးလေ့ကျင့်တဲ့ကွင်းလို အသုံးပြုတယ်။ အီရတ်နိုင်ငံထဲကို ဖြတ်ဝင်လာပြီး ကျွန်တော်တို့တပ်သားတွေကို ထိခိုက်အနာတရဖြစ်စေမယ့် စစ်သွေးကြွတွေ ထောက်ပံ့ပေးတယ်။ တစ်ခြားအကြမ်းဖက်လှုပ်ရှားမှုတွေကိုလည်း လေ့ကျင့်ပေးနေပါတယ်။ ပြီးတော့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ပါပဲ။ အီရန်က နျူကလီးယားလက်နက်လုပ်နိုင်စွမ်းရှိနေပြီလားဆိုတာ ယူအက်စ်နဲ့ ကမ္ဘာက သေချာမသိနိုင်ကြသေးပါဘူး။

လောင်စာဆီဈေးနှုန်း
ဆီးရီးယားဟာ လစ်ဗျားထက်လောင်စာဆီထုတ်လုပ်နိုင်မှု နည်းပါးတယ်ဆိုတောင်မှ ဥပမာအားဖြင့် ဆီးရီးယားက အကြမ်းဖက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာလောင်စာဆီဈေးကစားမှုနဲ့ ဈေးနှုန်းတွေကို သက်ရောက်မှုရှိနိုင်ပါတယ် လို့ လဲဗရက်ထ်က ပြောပါတယ်။

စီးပွားရေး
ဆိုးပါတယ်။ ယူနိုက်တက်စတိတ်မှာ အခု အီရတ်စစ်ပွဲအကြောင်း မစဉ်းစားကြတော့ပါဘူး။ ဒါပေမယ့် သူတို့ပြောတာက အဲဒီစစ်ပွဲအတွက်ကုန်ကျစရိတ်ဟာ ခန့်မှန်းခြေ ဒေါ်လာ တစ် ထရီလီယံလောက် ရှိခဲ့တယ်ဆိုတာကို မေ့မပြစ်ဖို့ အရေးကြီးတယ်တဲ့။ ဆီးရီးယားမှာ အထောက်အပံ့ပေးတာပဲဖြစ်ဖြစ်၊ အတိုက်အခံလုပ်တာပဲဖြစ်ဖြစ် စစ်ရေးအရကြားဝင်ခဲ့မယ်ဆိုရင်ကုန်ကျစရိတ်တွေဟာ အမေရိကန်စီးပွားရေးကို အကျိုးသက်ရောက်မှုရှိမှာပါပဲ။

ကမ္ဘာအနှံ့ပျံ့နှံ့နေတဲ့ဂုဏ်သတင်း
ကမ္ဘာတ၀ှမ်းကလူတွေက ကျွန်တော်တို့ရဲ့ မပြောင်းလဲတဲ့ နိုင်ငံခြားရေးမူဝါဒကို စောင့်ကြည့်နေကြတယ်။ အာရပ်နွေဦးအဓိကရုဏ်းတွေအတွင်းမှာတော့ မတူညီမှုတွေရှိတယ်လို့ အပြစ်တင်ခံခဲ့ရတယ် လို့ ဇာရိတ်ထ်ပြောပါတယ်။ ယူနိုက်တက်စတိတ်ဟာ နေတိုးဦးဆောင်တဲ့နည်းနဲ့ ၂၀၁၁က လစ်ဗျားမှာ စစ်ရေးကြားဝင်မှုရှိခဲ့တယ်။ အီဂျစ်သမ္မတဟိုစနီမူဘာရတ်ကို အီဂျစ်နိုင်ငံသားတွေဆန့်ကျင်ကြတုန်းက ၀ါရှင်တန်က အနည်းဆုံးစကားလုံးတွေနဲ့ အထောက်အပံ့ပေးခဲ့တယ်။ ပြည်သူ့အစိုးရ၀ါဒအခြေခံသဘောတရားတွေကို အကာအကွယ်ပေးနိုင်မယ့် ကမ္ဘာ့ခေါင်းဆောင်အဖြစ် တာဝန်ယူရပ်တည်တာက အမေရိကရဲ့ အမျိုးသားရေးတန်ဖိုးပါလို့ ဆိုတယ်။

ဆီးရီးယားနိုင်ငံတစ်လျှောက်က သေသေကြေကြေတိုက်ပွဲသတင်းတွေကို သတင်းယူနိုင်ဖို့အတွက် ယူအန်လုံခြုံရေးကောင်စီ ရဲ့ မဲခွဲဆုံးဖြတ်မှုဟာ ဧပြီ ၁၄ရက်နေ့မှာတော့ အဖွဲ့ဝင်၁၅ နိုင်ငံအားလုံးက တညီတညွတ်တည်း မဲပေးလိုက်ကြပါပြီ။ လက်နက်မပါတဲ့ လေ့လာစောင့်ကြည့်တဲ့အဖွဲ့ကို ဖြစ်နိုင်သမျှအမြန်ဆုံးစေလွှတ်မယ်လို့ ယူအန်အထွေထွေအတွင်းရေးမှုး ဘန်ကီမွန်းက ပြောကြားခဲ့ပြီး နောက်တစ်နေ့မှာပဲ ပထမဆုံးအဖွဲ့ဝင်၆ဦးပါ အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ခဲ့ပါတယ်။ ကျန်နေသေးတဲ့အဖွဲ့ဝင် ၂၄ဦးဟာလည်း  မြို့တော် ဒမတ်စကပ်ကို အမြန်ဆုံးရောက်ရှိလိမ့်မယ်လို့ ယူအန်ရုံးအဖွဲ့ကပြောပါတယ်။ လေ့လာစောင့်ကြည့်တဲ့အဖွဲ့ဝင် ၂၅၀အထိ ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အဖွဲ့သားတွေ နောက်တစ်သုတ်တပ်ဖြန့်ချထားဖို့ကိုတော့ အပစ်အခတ်ရပ်စဲရေးသဘောတူညီထားတာကို ဘယ်လောက်အထိ လိုက်နာသလဲဆိုတာ ဆီးရီးယားနဲ့ အာနန်တွေ့ဆုံဆွေးနွေးမှုတွေရဲ့ တိုးတက်မှုကိုကြည့်ပြီး စေလွှတ်မှာပါ။ ဆီးရီးယားအစိုးရကလည်း အတိုက်အခံအဖွဲ့အစည်းတွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အခွင့်ကောင်းယူပြီး အကြမ်းဖက်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ ဆိုနေပါတယ်။

ဒီနေ့ထက်ထိ လုပ်ကြံမှုအန္တရာယ်တွေက ဆီးရီးယားမှာတော့ အတောမသတ်နိုင်သေးပါဘူး။ ဆီးရီးယားဟာ အသေခံကားဗုံးခွဲမှုတွေနဲ့ ဒဏ်ရာဗရပွဖြစ်ခဲ့ရပြန်ပါပြီ။ မေလ ၁၁ရက် သောကြာနေ့က မြို့တော်သတင်းဌာနက ဆီးရီးယားရဲ့အကြီးဆုံး မြို့တော် အလက်ပိုရဲ့ မြောက်ပိုင်းမှာ ကားဗုံးတစ်ခုနဲ့ တိုက်ခိုက်ဖွယ်ရှိတာကို ရှင်းလင်းခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ ကားထဲမှာ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ၁၂၀၀ကီလိုဂရမ်(၂၆၄၀ပေါင်)သယ်ဆောင်ထားပြီး ဗုံးခွဲမယ့်သူလို့ထင်မြင်ရသူတစ်ဦးကို လုံခြုံရေးတပ်သားတွေက အသေပစ်သတ်ခဲ့ရတယ် တဲ့။ မြို့တော်သတင်းမှာပြောသွားပါတယ်။ အလက်ပိုမြို့တော်ဟာ ဆီးရီးယားအုပ်ချုပ်ရေးနယ်မြေ ၁၄ခုထဲက လူဦးရေ အထူထပ်ဆုံးမြို့တော်တစ်ခုပါ။ ဆီးရီးယားလူဦးရေစုစုပေါင်းရဲ့ ၂၃ရာခိုင်နှုန်း ၂၀၁၀ ကောက်ယူထားတဲ့စာရင်းအရ လူဦးရေ ၄၇၄၄၀၀၀ ရှိပါတယ်။ အဲဒီနေ့ မတိုင်ခင် ကြာသပတေးနေ့က အင်မတန်လူအသေအပျောက်များခဲ့တဲ့ ဗုံးခွဲမှု ဒမတ်စကပ်မှာဖြစ်ပွားခဲ့ပါတယ်။ ဒမတ်စကတ်အသေခံဗုံးခွဲမှုကြောင့် လုံခြုံရေးတပ်သားတွေပိုပြီး သတိကြီးကြီးထားခဲ့ကြရဟန်တူရဲ့။ ဒမတ်စကတ်မှာ အသေခံဗုံးခွဲမှု နှစ်ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၅ဦးအနည်းဆုံး သေဆုံးခဲ့ပြန်တယ်။ ဒဏ်ရာရသူတွေက ၃၇၀ခန့်ရှိခဲ့တယ် လို့ ဆီးရီးယားအာဏာပိုင်တွေက ပြောပါတယ်။ ဆီးရီးယားအတိုက်အခံပုန်ကန်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၁၄လအကြာမှာ အသေအပျောက်အများဆုံးလုပ်ကြံဗုံးခွဲမှုတစ်ခုဖြစ်ခဲ့ပါပြီ။ လူအသွားအလာအများဆုံးအချိန်မှာ တစ်မိနစ်တောင်အချိန်မကွာလိုက်ပဲ ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲပါတယ်။

ကားဒါဇင်ပေါင်းများစွာ လောင်ကျွမ်းပျက်စီးကာ အနီရောင်မီးတောက်တွေရဲ့အလွန်မှာတော့ အနက်ရောင်မီးခိုးတွေဟာ လေထဲမှာ တလိပ်လိပ်ဝေ့၀ဲနေပါတော့တယ်။ ကာဇာ့ရပ်ကွက် အဝေးပြေးလမ်းမရဲ့ဘေးဘက်က အစိုးရလုံခြုံရေအဆောက်အဦ၀င်းထဲမှာဖြစ်ပွားခဲ့တဲ့ အဲဒီဗုံးခွဲမှုမှာ၊ ကားဗုံးခွဲသူတွေဟာ သူတို့ရဲကားတွေကို မနက်စောစော လူတွေအပြေးအလွှားအလုပ်များတဲ့အချိန်၊ အချိန်ကိုက် ဖောက်ခွဲခဲ့တယ် လို့ ဆိုတယ်။ အသုံးပြုခဲ့ကြတဲ့ ပေါက်ကွဲပစ္စည်း ၁၀၀၀ကီလိုဂရမ်ရဲ့ အားဟာ အဝေးပြေလမ်းမအထိပါ ကြီးမားတဲ့ချိုင့်ကြီးတွေဖြစ်ပေါ်ခဲ့ကြတယ်။ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးတဲ့အခါတိုင်း တိုက်ခိုက်မှုအတွက်တာဝန်ရှိတဲ့သူအဖြစ် ဘယ်သူကမှ ဖော်ထုတ်ကြေညာခြင်းမရှိပါဘူး။ ဆီးရီးယားအစိုးရကလည်း သမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ကိုဆန့်ကျင်တဲ့အဖွဲ့အစည်းနောက်ခံရှိနေတဲ့ အကြမ်းဖက်သမားတွေရဲ့လက်ချက်လို့ပဲ ချက်ချင်းအပြစ်တင်လိုက်ပါတယ်။ ဆီးရီးယားအမျိုးသားကောင်စီကတော့ ယူအန်လေ့လာစောင့်ကြည့်တဲ့အဖွဲ့ကို ခြောက်လှန့်စေဖို့နဲ့ အတိုက်အခံလှုပ်ရှားမှုတွေကို အမည်းစက်စွန်းထင်းစေဖို့ လုပ်ဆောင်နေတဲ့၊ အစိုးရရဲ့ဇာတ်ကွက်ဇာတ်လမ်းတွေထဲက တစ်ခုပါပဲလို့ ပြောလိုက်တယ်။ လွတ်လပ်တဲ့ဆီးရီးယားစစ်တပ်ကို လတ်တလောကူးပြောင်းခဲ့တဲ့ ဗိုလ်ချုပ်ဖာရက်ဇ်အမ်းမရိုက အာရေဘီယျတီဗီကိုပြောပါတယ်။ ဆီးရီးယားနိုင်ငံတွင်းမှာ ဒီလိုဗုံးမျိုးမရနိုင်ပါဘူး၊ နိုင်ငံခြားအထူးကျွမ်းကျင်တပ်ဖွဲ့တွေမှာသာရနိုင်တဲ့ ဖောက်ခွဲပစ္စည်းတွေကိုအသုံးပြုထားပါတယ် တဲ့။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာအနီးအနားမှာ အမျိုးသမီးငယ်တစ်ဦး ငိုရှိုက်နေတယ်။ ပြီးတော့ သူမက မေးနေတယ်။ ဘယ်သူတွေကများ ဒီလိုတိုက်ခိုက်မှုမျိုးလုပ်ထိုက်တယ်လို့ထင်နေကြသလဲ တဲ့။ နောက်အမျိုးသားတစ်ဦးကလည်း ပြောပြတယ်။ ပထမဗုံးကွဲပီးတော့ သူ့ရဲ့ကလေးတွေကို ပြတင်းပေါက်နားကနေ ခပ်ဝေးဝေးကိုခွာစေခဲ့တယ်။ နောက်ထပ်ဗုံးတစ်လုံးပေါက်ပြီးတဲ့အခါမှာတော့ အဲဒီနေရာမှာမှန်ကွဲစတွေ ကွန်ကရစ်တုံးအပိုင်းအစတွေအနီးအနား ဟိုဒီမှာ ပြန့်ကျဲနေခဲ့ပါပြီ။ အဆောက်အဦးနံရံတွေလည်း ပြိုပျက်ကွဲထွက်ကုန်ကြပြီ။ ဗုံးခွဲမှုတွေဟာဆီးရီးယားအတွက် ဘေးအန္တရာယ်ပါ။ အင်မတန်သေချာတာကတော့ ဒီလိုအကြမ်းဖက်မှုမျိုးလုပ်တဲ့သူ ဘယ်သူမဆို သိစေချင်ပါတယ်။ ဒါဟာ ပြဿနာတွေကိုဖြေရှင်းနိုင်မယ့်နည်းလမ်းမျိုးမဟုတ်ပါဘူး။ ဒီလိုအကြမ်းဖက်ဗုံးခွဲမှုတွေဟာ ဆီးရီးယားပြည်သူပြည်သားတွေအတွက် ပြင်းထန်တဲ့ဆင်းရဲဒုက္ခကို ဖန်တီးပေးနေတာပါပဲ။ ဆီးရီးယားအပြင်ဘက်၊ ဆီးရီးယားအတွင်းဘက်လူတိုင်းကို နားလည်စေချင်ပါတယ် လို့ ဆီးရီးယားပြည်သူပြည်သားတွေအားလုံးက ပြောနေကြပါပြီ။

မပြီးပြတ်နိုင်သေးတဲ့ ဆီးရီးယားအရေးမှာ ယူအန်ကရော ဘယ်လိုစောင့်ကြည့်ထိန်းချုပ်ပေးနိုင်မှာလဲ။
သမ္မတအာဆတ်ကရော ဆီးရီးယား ပြည်သူတွေရဲ့ အသံတွေကို ဆက်ပြီးလစ်လျူရှုထားနေဦးမှာလား၊။
ဘယ်အချိန်မှာ သေကြေပျက်စီးမှုတွေရပ်တန့်ပြီး ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ဖြစ်တဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာမှာလဲ။
ဆီးရီးယားအနာဂါတ်အပြောင်းအလဲဆီသို့ ဦးတည်လှုပ်ရှားမှုတွေဟာ တစ်နှစ်ကျော်လာတဲ့အထိ ရင်ထိတ်စရာကောင်းနေပါသေးတယ်။        ။

ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၁)

 
 source : CNN


နွယ်နီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၂

2 comments:

Unknown said...

ဆီးရီးယား ပြသနာက လွယ်လွယ် ပြေလည်မယ်မထင်ပါ
နိုင်ငံခြားရောက်နေတဲ့ ဆီးရီးယားတွေ လက်ရှိ အစိုးရကို ထောက်ခံသူနဲ့ သူပုန်ထောက်ခံသူတွေ အုပ်စုကွဲနေပါတယ်
လက်ရှိသူပုန်တွေက မူဆလင် ရှရီယာ ဥပဒေနဲ့ နိုင်ငံထူထောင်ချင်နေတယ်။
လက်ရှိအာဆပ်အစိုးရက ဘာသာရေလွတ်လပ်မှု အထိုက်အလျှောက် လွတ်လပ်မှုပေးတဲ့ လူနဲစုတွေကို နားလည်တဲ့ လဘ်စားတဲ့ အစိုးရပါ။
အာရပ်နွေးဦး အဆုံးမှာ အီဂျစ်၊ လစ်ဗျာMuslims Brother တွေအာဏာရလာပါတယ်။ လစ်ဗျားမှာဆို အမေရိကန်သံအမတ် အသတ်ခံရတဲ့အထိပါ။ ဒါကြောင့် လစ်ဗျားမှာ အမေရိကန်က လေသေနပ်နဲ့ပဲ ပစ်မှာ။
အာဆပ်အစိုးရပြုပ်ရင်တောင် နောက်တက်မယ့်သူပုန်တွေဟာ မူဆလင် လိုလားတဲ့ အစိုးရပဲ ဖြစ်မှာ။
ပြီးတော့ ဒီသူပုန်အဖွဲ့တွေက အစိုးရထောက်ခံသူတွေကို သတ်တာ၊ အရပ်သားကြားမှာနေပြီး အစိုးရကိုတိုက်တာ ရှိနေပါတယ်။ အစိုးရဘက်ကလဲ အလားတူ ရက်စက်မှုတွေရှိနေပါတယ်။ဒါကြောင့်သူတို့အနာဂတ်ဟာ မကောင်းနိုင်ပါ

Unknown said...

ဆီးရီးယား ပြသနာက လွယ်လွယ် ပြေလည်မယ်မထင်ပါ
နိုင်ငံခြားရောက်နေတဲ့ ဆီးရီးယားတွေ လက်ရှိ အစိုးရကို ထောက်ခံသူနဲ့ သူပုန်ထောက်ခံသူတွေ အုပ်စုကွဲနေပါတယ်
လက်ရှိသူပုန်တွေက မူဆလင် ရှရီယာ ဥပဒေနဲ့ နိုင်ငံထူထောင်ချင်နေတယ်။
လက်ရှိအာဆပ်အစိုးရက ဘာသာရေလွတ်လပ်မှု အထိုက်အလျှောက် လွတ်လပ်မှုပေးတဲ့ လူနဲစုတွေကို နားလည်တဲ့ လဘ်စားတဲ့ အစိုးရပါ။
အာရပ်နွေးဦး အဆုံးမှာ အီဂျစ်၊ လစ်ဗျာMuslims Brother တွေအာဏာရလာပါတယ်။ လစ်ဗျားမှာဆို အမေရိကန်သံအမတ် အသတ်ခံရတဲ့အထိပါ။ ဒါကြောင့် လစ်ဗျားမှာ အမေရိကန်က လေသေနပ်နဲ့ပဲ ပစ်မှာ။
အာဆပ်အစိုးရပြုပ်ရင်တောင် နောက်တက်မယ့်သူပုန်တွေဟာ မူဆလင် လိုလားတဲ့ အစိုးရပဲ ဖြစ်မှာ။
ပြီးတော့ ဒီသူပုန်အဖွဲ့တွေက အစိုးရထောက်ခံသူတွေကို သတ်တာ၊ အရပ်သားကြားမှာနေပြီး အစိုးရကိုတိုက်တာ ရှိနေပါတယ်။ အစိုးရဘက်ကလဲ အလားတူ ရက်စက်မှုတွေရှိနေပါတယ်။ဒါကြောင့်သူတို့အနာဂတ်ဟာ မကောင်းနိုင်ပါ