Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, April 10, 2012

ကြည်လင်တဲ့ အပြာရောင်အိမ်ခန်းလေး

နွေရာသီရဲ့ နေ့ခင်းလေးတွေမှာ မြင်ရတဲ့ ကောင်းကင်ဟာ ကြည်လဲ့လဲ့ ပြာလွင်နေသလို ညအမှောင်ထုထဲတိုးဝင်သွားတဲ့ ကောင်းကင်ကြီးကတော့ အဆုံးမရှိ အပြာနက်နက်အရောင်တွေကြီးစိုးသွားလိုက်တာ။ ဒီလိုအပြာရောင်ရဲ့ အလှအပအသွေးအရောင်တွေကို လူတိုင်းကြုံတွေ့ဖူးကြမှာပါ။ အပြာရောင်က အလင်းကို စုပ်ယူလိုက်တယ်။ အကွာအဝေးကို ဖန်တီးတယ်။ မြင်ကွင်းကျယ်ကျယ်ရှုမျှော်ခင်းတွေကြည့်လိုက်တဲ့အခါ ခပ်ဝေးဝေးက တောင်တန်းတွေရဲ့အရောင်ဟာ အပြာပဲပေါ့။ ပြီးတော့ ပင်လယ်ကြီးနဲ့ ကောင်းကင်ပြာပြာ .. အဲဒီအပြာကြည်ကြည်လင်လင် အရောင်အသွေးကို အိမ်နံရံတွေပေါ်မှာ ဆေးခြယ်လိုက်တဲ့အခါ အိမ်ခန်းတွေဟာ ပိုပြီး ကျယ်ဝန်းလာသလို ခံစားနိုင်စေပါတယ်တဲ့။
ပင်လယ်ပြာ(Navy Blue)
ပင်လယ်ပြာရောင်ကတော့ ခပ်နက်နက်မှောင်လှနီးပါးအရောင်ပါ။ နေ့ခင်းရဲ့အလင်းရောင်နဲ့ ညရဲ့အမှောင်ကိုခွဲခြားထားပေးတဲ့အရောင်ပေါ့။ ဒီလိုအပြာနက်နက်အရောင်ကိုအားဖြည့်ပေးတဲ့အရောင်တွေက အဖြူနဲ့ လိမ္မော်ဝါရောင် မီးတောက်မီးလျှံအသွေးအရောင်မျိုးတွေဖြစ်ကြတယ်။
တော်ဝင်တဲ့အပြာ (Royal Blue)
တောက်ပပြီး အပြာစစ်စစ် ကြည်လင်ပြာလဲ့နေတဲ့ အရောင်ကို တော်ဝင်အပြာရောင်လို့ ခေါ်လိုက်ကြတယ်တဲ့။ ကလေးတွေရဲ့ကစားစရာလေးတွေ၊ အ၀တ်အစားတွေကို ဖန်တီးတဲ့ဒီဇိုင်းဆရာများက ဒီလိုအပြာရောင်ကိုအသုံးပြုကြပါတယ်။ စာအုပ်တွေမှာလည်း တော်ဝင်တဲ့အပြာသွေးကို အသုံးပြုကြပါတယ်။ ကြည်လင်တဲ့ဒီအပြာဟာ အဖြူများများ၊ လိမ္မော်ရောင်နဲ့ သဘာဝသစ်သားရောင်တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။
အပြာရင့်(Prussian Blue)
Berlin blue လို့လည်း ခေါ်ကြတဲ့အပြာရင့်ရောင်ဟာ ခရမ်းသွေးနည်းနည်းပါဝင်တဲ့အရောင်မျိုးပါ။ ခေတ်ဆန်တဲ့အရောင်အသွေးမျိုးဖြစ်ပြီး သဘာဝသစ်သားရောင်၊ ကောက်ရိုးမြက်ခြောက်အ၀ါသွေးနဲ့ ခပ်ထိုင်းထိုင်းငွေရောင်တွေနဲ့ အလှဆင်မယ်ဆိုရင် အံ့သြစရာကောင်းလှတဲ့အဆင်အပြင်မျိုးရတယ်လို့ ဆိုကြတယ်။
အပြာနွေးနွေး(Lilac)
Lilac ပင်က ပွင့်တဲ့ပန်းရောင်လို မျက်စိအမြင်အေးစေတဲ့ အပြာရောင် နွေးနွေးလေးလို့ပြောကြပြန်တယ်။ ဒီလိုအပြာရောင်လေးကိုတော့ တည်ငြိမ်အေးချမ်းတဲ့ခံစားမှုမျိုးလေးရချင်ရင် မီးခိုးရောင်ဖျော့ဖျော့၊ ပန်းရောင် ဒါမှမဟုတ် အညိုရောင်တို့နဲ့ အလှဆင်ကြည့်နိုင်တာပေါ့။
လာဗင်ဒါအပြာ(Lavendar)
လာဗင်ဒါအပြာရောင်ကလည်း ငြိမ်သက်နွေးထွေးစေတာပါပဲ။ ဒီအပြာရောင်က သူနဲ့နီးစပ်တဲ့အရောင်တွေဖြစ်တဲ့အပြာ၊ အစိမ်း၊ အ၀ါ၊ ကရင်မ်ရောင်၊ ငွေရောင်နဲ့ ကောင်းကင်ပြာရောင်တွေနဲ့ အလှဆင်ကြည့်ရင် သိပ်လှသွားတော့တာပဲတဲ့။
ကောင်းကင်ပြာ(Sky Blue)
ကြည်လင်တဲ့ကောင်းကင်ပြာရောင်နဲ့ ကင်းကွာတဲ့နေရာဆိုတာ ရှာရအခက်သားပဲနော်။ ကလေးကစားစရာလေးတွေနဲ့ ဂျင်းဘောင်းဘီတွေမှာလည်း ဒီလို အပြာရောင်လေးတွေတွေ့နိုင်ပါတယ်။
ရေသားအပြာ(Aqua Blue)
ရေမှာအရောင်အဆင်းမရှိဘူးလို့ဆိုကြပေမဲ့ စမ်းချောင်းထဲကရေလို စိမ်းပြာပြာသားအသွေးအရောင်လေးကိုတော့ ရေရောင်လို့ဆိုကြပြန်တယ်။ ရေသားအပြာဟာ အဖြူရောင် ရွှေရောင်ဖျော့ဖျော့လေးတွေနဲ့ သိပ်ကိုလိုက်ဖက်လှတာပေါ့။
တာကွိုက်(Turquoise)
တာကွိုက်ကျောက်အရောင်လို အပြာသွေးက စိုလက်တဲ့အရောင်မျိုးတွေနဲ့ အလှဆင်နိုင်ပါတယ်။ လိမ္မော်အသွေးကျကျ၊ ပန်းရောင်၊ အနီသွေးလုတဲ့အုတ်ခဲရောင်မျိုးတွေနဲ့ တွဲဖက်နိုင်ပေမယ့် အဖြူရောင်ကို သူတို့ကြားထဲမှာ ခပ်များများလေးသုံးပေးမှသာ အဲဒီအရောင်ပြင်းပြင်းတွေကို ထိန်းပေးနိုင်မှာတဲ့နော်။



ဖြိုးဖြိုး
Living Fashion Magazine, April, 2012

2 comments:

ခရစ္စတလ် said...

sky blue လို အရောင်မျိုးလေးနဲ့ အခန်းလေးမှာ အိပ်စက်ရတာ ငြိမ်းချမ်းတယ် :)

ဟန်ကြည် said...

အင်း ဖတ်ဖူးတဲ့ ဆောင်းပါးတစ်ခုထဲကလို ယောက်ျားလေးတွေက အရောင်ဆိုရင် အခြေခံအရောင်လောက်ပဲ သိသတဲ့...မိန်းကလေးများကျတော့ တစ်ရောက်တည်းကိုပဲ အနု၊ အရင့် ပေါင်းစုံခွဲပြီး ခေါ်တတ်ကြတယ်ဆိုတာကိုး...

အခုမှပဲ အပြာရောင်အမျိုးမျိုးရှိတာ သိတော့တာပဲ...ရေပြာရောင်ပါ ရှိသေးတာကိုး...