Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, May 07, 2012

ကြွေလွင့်ခဲ့သော အလင်းတစ်စ

(သို့မဟုတ်)
ချက်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတဟာဗဲလ်
Memorial gathering of Václav Havel in Wenceslas Square in Prague
on the day of his death on 18 December 2011
ချက်ကိုစလိုဗက်သမ္မတ အဲဒီထက်အတိအကျဆိုရရင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ပထမဦးဆုံး ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခဲ့ကြတဲ့ ချက်သမ္မတ ဗာဆလာ့ဗ်ဟာဗဲလ် ရဲ့ ရုပ်အလောင်းကို မြို့တော်ပရတ် လမ်းတစ်လျှောက်ကနေဖြတ်သန်းကာ ပရတ်ရဲတိုက်ကြီးဆီသယ်ယူခဲ့ကြပါတယ်။ ဟာဗဲရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို ကြည့်ရှုခဲ့ကြတဲ့ လမ်းဘေးတစ်လျှောက်ဝဲယာပြည်သူတွေ ငိုကြွေးနေကြတယ်။ မြို့တော်ပရတ်က ဒေးလီးသတင်းထောက် ကာတရီနာကရီစီဆိုဗာ က ဟာဗဲလ်အပေါ်သူမရဲ့ အမြင်ကို ရေးသားပေးပို့ခဲ့ပါတယ်။

ဗာဆလာ့ဗ်ဟာဗဲလ် အမှတ်တရတွေမှာ
ဗာဆလာ့ဗ်ဟာဗဲလ်ဟာ လူလတ်တန်းစားမိသားစုနောက်ခံရှိတဲ့သူပါ။ အဲဒီအချိန်ကတော့ လူလတ်တန်းစားတွေကို “ဘူဇွာ”လို့ ရည်ညွှန်းခေါ်ဆိုကြတယ်။ ချက်နိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံရေးတွေ၊ ယဉ်ကျေးမှု၊ လူအဖွဲ့အစည်း အဲဒီအကြောင်းတွေ မကြာခဏဆိုသလို ဖောဖောသီသီကြီး ငြင်းခုံဆွေးနွေးနေကြတဲ့ နေရာမှာ ဟာဗဲလ်ဟာမိသားစုနဲ့အတူကြီးပြင်းလာခဲ့ပါတယ်။ ဟာဗဲလ်က အကြောင်းအရာတော်တော်များများကို စိတ်ဝင်စားတယ်။ ဥာဏ်ကောင်းတဲ့ ရှင်းရှင်းလင်းလင်းသိမြင်တတ်တဲ့ဥာဏ်ရှိတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ သူ့ရဲ့လုပ်ဆောင်ချက်တွေမှာ တွေ့မြင်နိုင်ခဲ့ကြပါတယ်။ မိသားစုနဲ့ ပတ်ဝန်းကျင်မှာ ဟာဗဲလ်ဟာ ကိုယ်ကျင့်တရားကောင်းမွန်သူ၊ ယဉ်ကျေးတဲ့အပြုအမူရှိသူ၊ ရိုးသားတဲ့သူအဖြစ် နမူနာယူစရာဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ကွန်မြူနစ်တွေကတော့ အဲဒီလိုလူမျိုးတွေကို အလိုမရှိကြပါဘူး။ ကွန်မြူနစ်တွေဟာ အဲဒီလိုလူငယ်တွေကိုကြောက်လန့်ကြတယ်။ အဲဒီလိုလူငယ်တွေတည်ရှိမှုကိုတောင် သူတို့က စိတ်အနှောင့်အယှက်ဖြစ်နေတတ်ကြတယ်။

အမှတ်ရမိပါသေးတယ်။ ၁၉၈၀ခုနှစ်ကာလတွေဟာဆိုရင် ကိုယ်ကျင့်တရား၊ ကျင့်ဝတ်နဲ့အညီနေထိုင်မှုတွေ လျော့ပါးနေခဲ့ကြတယ်။ ဘယ်သူကမှ တစ်ယောက်တစ်လေလေးကိုတောင် စကားပြောဆိုကြတာမရှိဘူး။ လူတွေက ၀ိညာဉ်ကင်းမဲ့နေတဲ့ ခန္ဓာကိုယ်တွေလိုပဲ လျှောက်လှမ်းနေကြတယ်။ လူတိုင်းက သူတို့ကိုယ်တိုင်အတွက်ပဲ စိတ်ဝင်စားကြတယ်။ အဲဒီနေရာမှာ ဘာဆိုဘာမှမရှိဘူး။ ဘာမှလည်း ဖြစ်မလာကြဘူး။ အားလုံးက အဟောင်းအတိုင်း ရိုးအီဆွေးမြည့်နေကြတယ်။ ဒီနေ့လူတွေ ဘယ်သူမှ အဲဒီကာလတွေအကြောင်း သိနိုင်ကြမှာမဟုတ်တော့ဘူး။ ၁၉၈၉ နိုဝင်္ဘာ ၁၇ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ကျောင်းသားတွေကိုထိခိုက်ခဲ့ရတော့ အဲဒီလိုအသက်မရှိတဲ့ကာလတွေဟာ ရုတ်တရက်အဆုံးသတ်သွားတော့တယ်။ စကားပုံလာ စကားလိုပေါ့။ နောက်ဆုံးကောက်ရိုးတစ်မျှင် ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့အားလုံး ကြောက်လန့်ခဲ့ကြတယ်။ ဒါပေမဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ ရင်ဆိုင်ခဲ့ကြတဲ့ ဗာဆလာ့ဗ်ဟာဗဲလ်နဲ့ တခြားကျောင်းသားတွေကို ကျွန်မတို့တလေးတစား ချီးမွမ်းခဲ့ကြတယ်။ အခြေအနေတွေအကောင်းဘက်ကိုပြောင်းလဲနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ ပထမဆုံးဒီမိုကရက်တစ်သမ္မတဘယ်သူဖြစ်လာမလဲ၊ အဆုံးအဖြတ်ပွဲမှာ ကျွန်မတို့ ဗာဆလာ့ဗ်ဟာဗဲလ်အတွက် လက်မှတ်ရေးထိုး၊ အသနားခံလွှာတင်လိုက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ဟာဗဲလ်ကို သမ္မတအဖြစ် အလိုရှိနေလို့ပါပဲ။
တော်လှန်ရေးပြီးဆုံးသွားတော့ နေ့တိုင်း ဗာဆလာ့ဗ်ဟာဗဲလ်ရဲ့ ခြေလှမ်းတိုင်း၊ လှုပ်ရှားမှုတိုင်းမြင်တွေခဲ့ကြရတယ်။ ဟာဗဲလ်သမ္မတအဖြစ် အချိန်ကြာကြာ မနေနိုင်ခဲ့တာတောင်မှ ကမ္ဘာကြီးမှာ ချက်ပြည်သူတွေကို အသိအမှတ်ပြုနိုင်လာအောင် အလုပ်တွေဆက်လုပ်ခဲ့တယ်။ အာဏာရှင်အုပ်စိုးတဲ့တိုင်းပြည်တွေက ပြည်သူပြည်သားတွေအတွက် ကူညီပါတယ်။ နှစ် ၂၀ကာလတွေဟာ ဘယ်လောက်မှမကြာလိုက်ဘူး။ သဘောထားကွဲလွဲသူ၊ စာရေးဆရာ၊ တော်လှန်ရေးအလွန်ကာလက ကျွန်မတို့ရဲ့ သမ္မတကြီး မစ္စတာဗာဆလာ့ဗ်ဟာဗဲလ် ဟာ ၂၀၁၁ ဒီဇင်ဘာ ၁၈ရက်၊ တနင်္ဂနွေနေ့ ညနေ ၆နာရီ ၁၂မိနစ်မှာ သေဆုံးသွားခဲ့ပါပြီ။ အဲဒီသတင်းကြောင့် ချက်နိုင်ငံနဲ့ အပြင်ဘက်ကမ္ဘာကပါ တုန်လှုပ်သွားခဲ့ကြပါတယ်။
ဟာဗဲလ်ဟာ သိက္ခာရှိပြီး ၀င့်ဝါပလွှားမှုမရှိတဲ့သူပါ။ ချက်ပြည်သူတွေအတွက် မြင့်မားတဲ့ပန်းတိုင် ရရှိအောင်ဖန်တီးပေးဖို့ မကြောက်မရွံ့ နောက်မဆုတ်တတ်သူပါပဲ။ အားကြီးတဲ့ဆိုဗီယက်အင်ပါယာကြီးရဲ့ ထမ်းပိုးအောက်ကနေ ကျွန်မတို့ကို ဆွဲထုတ်ကယ်ဆယ်ခဲ့တယ်။ အနောက်နိုင်ငံတွေနဲ့ အောင်မြင်စွာပေါင်းစည်းစေဖို့ ကူညီခဲ့တယ်။ ဟာဗဲလ်နဲ့အတူ တခြား Civic Forum နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ရမှာပါ။ ၁၉၆၈ခုနှစ်ကတည်းက နေရာယူခဲ့တဲ့ ဆိုဗီယက်တပ်သားတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။  ကွန်မြူနစ်ခေတ်ခေါင်းဆောင်တွေကို အာဏာ၊ နေရာတစ်ခုမှ မရယူစေအောင် ကာကွယ်နိုင်မယ့်ဥပဒေအပါအ၀င် ဟာဗဲလ်ရဲ့ လှုပ်ရှားမှုတွေဟာ တိုင်းပြည်အသွင်ကူးပြောင်းတဲ့အခါ လျှင်မြန်စေဖို့အရေးပါခဲ့တယ်။

ပထမဆုံးပြည်သူ့သမ္မတနိုင်ငံရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း၊ ဥပဒေတွေကိုလိုက်နာတဲ့ ဖွဲ့စည်းပုံဥပဒေသစ်ကို ဟာဗဲလ် ဦးဆောင်ရေးဆွဲခဲ့ပါတယ်။ နေတိုးအုပ်စု၊ အီးယူအဖွဲ၊ ယူအန်တို့နဲ့ ပေါင်းစည်းမိစေဖို့လည်း ကူညီခဲ့တယ်။ အဲဒီလုပ်ဆောင်ချက်တွေနဲ့ တခြားလှုပ်ရှားမှုတွေအတွက် ကျွန်မတို့ ဟာဗဲလ်ကို ကျေးဇူးတင်ပါတယ်။  တနင်္ဂနွေနေ့က ညနေ ၆ နာရီမှာ ဗာဆလာ့ဗ်ဟာဗဲလ်ကိုဂုဏ်ပြုတဲ့ ခေါင်းလောင်းသံတွေ မြို့အနှံ့အပြားမှာ ပျံ့လွင့်နေခဲ့ပါတယ်။ အဲဒီရက်သတ္တပတ် ဗုဓ္ဓဟူးနေ့ကနေ သောကြာနေ့အထိ ကြီးမြတ်တဲ့ပုဂ္ဂိုဟ်ဟာဗဲလ်ကို နှုတ်ဆက်ဂုဏ်ပြုတဲ့ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်အစိုးရက ကြေညာခဲ့တယ်။ ဟာဗဲလ်ရဲ့ အခေါင်းကို ပရတ်ရဲတိုက် ဗလာဒီဆလာဗ့်ခန်းမမှာ ဈာပနအခမ်းအနားပြုလုပ်မယ့် ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ထားရှိခဲ့ပါတယ်။ ဈာပနအခမ်းအနားကို စိန့်ဗီတပ်စ်ရိုမန်ကက်သလစ်ဘုရားကျောင်းမှာပြုလုပ်ခဲ့စဉ် ပြင်သစ်သမ္မတ နီကိုလပ်စ်ဆာကိုဇီ၊ ဘီလ်ကလင်တန်နဲ့ ဟီလာရီ၊ လက်ဝဲလ်လဲစာ၊ ဆလိုဗက်သမ္မတ အီဗန်ဂက်စ်ပါရိုဗစ်ဆ် နဲ့ ၀န်ကြီးချုပ် အီဗဲတာရာဂျစ်အော်ဗာ တို့ တက်ရောက်ခဲ့ကြတယ်။ ချက်အမျိုးသားသီချင်းနောက်ခံ သီချင်းသံသဲ့သဲ့နဲ့အတူ ဟာဗဲလ်ရဲ့မိန့်ခွန်းကိုနားထောင်ရင်း တစ်မိနစ်ငြိမ်သက်ကာ ကျွန်မတို့ ဟာဗဲလ်ကို နှုတ်ဆက်လိုက်ရပါတယ်။
ဝါရှင်တန်အခြေစိုက် National Endowment for Democracy(NED) မှာပြုလုပ်တဲ့ အောက်မေ့ဖွယ်အစည်းအဝေးမှာ အမေရိကန်သမ္မတအိုဘားမားက ပြောခဲ့တယ်။
“ဟာဗဲလ်ရဲ့ ကိုယ်ကျင့်တရားနဲ့ပြည့်စုံတဲ့ ခေါင်းဆောင်မှုဟာ မီးပြတိုက်က အချက်ပြမီးအလင်းတစ်စလို ကျန်ရစ်ပါတယ်” တဲ့။
“ဆလာ့ဗ်ဟာဗဲလ်ရဲ့ ငြိမ်းချမ်းတဲ့ခုခံမှုဟာ အင်ပါယာကြီးတစ်ခုရဲ့အုတ်မြစ်တွေကို ယိမ်းယိုင်လှုပ်ခါစေခဲ့တယ်။ ချုပ်ချယ်တဲ့အတွေးအမြင်စနစ်ရဲ့ အနှစ်သာရမဲ့မှုကို မြင်သာစေခဲ့တယ်။  ကိုယ်ကျင့်တရားနဲ့ ပြည့်စုံတဲ့ခေါင်းဆောင်မှုဟာ လက်နက်တစ်စုံတစ်ရာထက်ပိုပြီး အားကောင်းတယ်ဆိုတာ သက်သေပြခဲ့ပါပြီ” လို့ သမ္မတအိုဘားမားက ပြောပါတယ်။ “တခြားလူသန်းပေါင်းများစွာလိုပဲ သူ့ရဲ့စကားလုံးတွေနဲ့ ခေါင်းဆောင်မှုတွေက ကျွန်တော့်ကို စိတ်လှုပ်ရှားစေတယ်။  လွတ်လပ်ငြိမ်းချမ်းပြီး ပဲ့တင့်ရိုက်ခတ်သံတွေမြည်ဟည်းနေတဲ့ ဟရာဒ့်ကာနီရင်ပြင်မှာ ချက်ပြည်သူပြည်သားတွေနဲ့အတူ ရိုကျိုးနှိမ့်ချတဲ့သမ္မတအဖြစ် ရပ်တည်ခဲ့တယ်။ ဒီနေ့ကမ္ဘာမှာ လွတ်လပ်ရေးအတွက်ရုန်းကန်နေရဆဲအခြေအနေတွေအတွက် အချက်ပြမီးလို ဆက်ပြီးတာဝန်ထမ်းဆောင်ပါတယ်” လို့ အိုဘားမားက ဆိုတယ်။

NED ဥက္ကဌ ကားလ်ဂျာ့ရှ်မန်းက အီရန်သဘောထားကွဲလွဲသူ လာဒန်ဘိုရူမန်ဒ်ပြောထားခဲ့ဖူးတဲ့စကားကိုရည်ညွှန်းပြီး ဟာဗဲလ်ကို ဂုဏ်ပြုစကားပြောကြားပါတယ်။ “ကမ္ဘာတစ်ဝှမ်းက အာဏာရှင်အစိုးရနဲ့ သဘောကွဲလွဲသူအမျိုးသား၊ အမျိုးသမီးတွေအကြောင်းတွေဟာ အဲဒီတိုင်းပြည်အသီးသီးက လုံခြုံရေးတပ်သားတွေကလွဲပြီး သိရှိသူမရှိသလောက်မှေးမှိန်နေခဲ့တာကို မြင်သာအောင် ဟာဗဲလ်စွမ်းဆောင်ခဲ့ပါတယ်” တဲ့။ မြန်မာနိုင်ငံရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် များပြားလှတဲ့လှုပ်ရှားရေးသမားနဲ့ လေ့လာဆန်းစစ်သူတွေကလည်း ဂုဏ်ပြုစကားပြောကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ ဗီဒီယိုသတင်းစကားမှာ “ဟာဗဲလ်ဟာ နွေးထွေးတဲ့နှလုံးသား၊ ပကတိရိုးရှင်းတဲ့နားလည်နိုင်စွမ်းတွေနဲ့အတူ သူ့ရဲ့အသိဥာဏ်လက်ဆောင်တွေပေါင်းစပ်ပေးအပ်ခဲ့တဲ့ ရှားပါးလှတဲ့လူတစ်ဦးပါ” လို့ ပြောပါတယ်။

“အကြွင်းမဲ့အာဏာရှင်စနစ်အုပ်စိုးခဲ့တဲ့ နှစ်၅၀ အပြီး၊ သဘောတရား အများအပြားလက်ခံတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခုဆီ လျှောက်လှမ်းကြတဲ့လမ်းဟာ သိပ်ပြီးတော့ လွယ်ကူလှတာတော့မဟုတ်ပါဘူး” လို့ ဟာဗဲလ် သူမဆီ ရေးပို့ခဲ့တဲ့စာမှာ ရေးခဲ့ပါတယ်။ အဲဒီစာကို ဟာဗဲလ်သေဆုံးပြီး ရက်အနည်းငယ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တယ်။ “လှိုက်လှဲနွေးထွေပြီး၊ ၀ါကြွားမှုမရှိနိုင်သလောက်ကင်းတဲ့သူအဖြစ်” သိရှိရတယ်လို့ သူမက ပြောပါတယ်။ သူ့ရဲ့တိုင်းပြည်ဟာလည်း လုံးလုံးလျားလျားငြိမ်ဆိမ်နေတာတော့မဟုတ်သေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကို အထောက်အကူပြုနိုင်ဖို့ အသွင်ကူးပြောင်းရေးကာလအတွေ့အကြုံတွေကို ၀မ်းမြောက်စွာဝေငှလိုပါတယ် လို့ စာထဲမှာရေးသားထားပါတယ်။

“သူ့ရဲ့ လူ့အခွင့်အရေးအတွက် ခိုင်မာစွဲမြဲတဲ့သဘောထားဟာဆိုရင် သူကိုယ်တိုင် အခွင့်အာဏာ လုပ်ပိုင်ခွင့်ရှိတဲ့အနေအထားမှာတောင် နာကျည်းမှု၊ လက်စားချေမှုတွေ မရှိတာကိုပြသခဲ့တယ်။ အဲဒီအစား တညီတညွတ်တည်း ပြန်ပြီးသင့်မြတ်စေအောင် ကြိုးစားအလုပ်လုပ်ခဲ့ပါတယ်” လို့ ဒလိုင်းလားမား က ပြောပါတယ်။ ဟာဗဲလ်တည်ထောင်ခဲ့တဲ့ Forum 2000 ဖောင်ဒေးရှင်းရဲ့ တိကျတဲ့ရည်ရွယ်ချက်မှာ ကွဲပြားတဲ့ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံ၊ ဘာသာရေး နဲ့ စည်းကမ်းဥပဒေတွေရှိနေတဲ့ တိုင်းပြည်အသီးသီးကလူတွေကို အပြန်အလှန်အတူတကွ အလုပ်လုပ်နိုင်စေဖို့ပါရှိတယ်။ အဲဒါဟာ ဒီမိုကရေစီနိုင်ငံမဟုတ်သေးတဲ့နိုင်ငံတွေမှာ ဒီမိုကရေစီကို အားပေးထောက်ခံဖို့ အသင့်တော်ဆုံးနည်းလမ်းတစ်ခုလို့ မြင်မိပါတယ်။ လူအခွင့်အရေးလေးစားဖို့ အားပေးကူညီရမှာတွေ၊ ဒီမိုကရေစီပေါ်ထွန်းလာစေဖို့ သည်းခံရမှာတွေပါရှိတယ် လို့ ဒလိုင်းလားမားက ပြောပါတယ်။

“Charter 77 ထုတ်ဝေခဲ့ပြီး ၃၅နှစ်မြောက်မှာ ဒီအဖြစ်အပျက်ဟာ နေရာတကျ အံဝင်ဂွင်ကျဖြစ်လာပါပြီ။ ဟာဗဲလ်က အဓိကဇာတ်ကောင်အဖြစ်လှုပ်ရှားခဲ့တယ်”လို့ သမ္မတအိုဘားမားက ပြောပါတယ်။ ၁၉၈၉ နိုဝင်္ဘာ ၁၇ရက်ကနေ ဒီဇင်ဘာ ၂၉ အထိ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းတဲ့ "ကတ္တီပါလူထုတော်လှန်ရေး" အပြီးမှာ ချီကာဂိုတက္ကသိုလ်က ပရော်ဖက်ဆာ အက်ရှ်တိန်ကပြောပါတယ်။ “အခု အလင်းရောင်အဆုံးသတ် လိုဏ်ခေါင်းထဲကို ၀င်လာပါပြီ။ ဟာဗဲလ်ရဲ့ အတွေးအမြင်ဝါဒတွေနဲ့ လှုံ့ဆော်အသက်သွင်းနေချိန်၊ သူဟာ စိတ်ကူးယဉ်ဝါဒအဖြစ်ကို စိတ်ပြောင်းမသွားပါဘူး။ နိုင်ငံရေးအကူးအပြောင်းကာလအလွန်မှာ ကြုံတွေ့ရတဲ့ အကျပ်အတည်း၊ စိန်ခေါ်မှု၊ စုပုံနေတဲ့နိုင်ငံရေးအမှိုက်သရိုက်တွေကို ရှင်းထုတ်ဖို့ သူက အမြဲ စိတ်အားထက်သန်နေခဲ့ပါတယ်” တဲ့။
“ကွန်မြူနစ်အစိုးရကို လူအခွင့်အရေးလိုက်နာဖို့ ကတိခံဝန်ချက် ပျက်ကွက်ခဲ့တာတွေအတွက် တာဝန်ယူဆောင်ရွက်စေရန် Charter မှာ ဖော်ပြခဲ့တယ်။ သူတော်ကောင်းယောင်ဆောင်မှုနဲ့ အလိမ်အညာတွေပြည့်နေတဲ့ စနစ်တစ်ခုအဆုံးသတ်ဖို့ သူတို့လူ့အဖွဲ့အစည်းမှာ တစ်ဦးချင်းဆီက ပြောင်းလဲနိုင်တဲ့ပုံစံကို ငြိမ်းချမ်းတဲ့သဘောထားနဲ့ သမ္မတဟာဗဲလ် ပြသခဲ့တယ်။ အမှန်တရားဘောင်အတွင်းမှာ ရှင်သန်စေဖို့ ကြိုးပမ်းခဲ့တယ်”လို့ National Democratic Institue ဥက္ကဋ္ဌ၊ ယူအက်စ်အတွင်းရေးမှူးဟောင်း မက်ဒ်လင်းအောလ်ဘရိုက်ထ် ပြုလုပ်ခဲ့တဲ့ညီလာခံမှာ အိုးဘားမားက ဟာဗဲလ်အကြောင်း စာတမ်းဖတ်ခဲ့ပါတယ်။
နှစ်ပေါင်း ၂၁ခန့်ရှိခဲ့ပါပြီ။ ဟာဗဲလ်သမ္မတအဖြစ်ရွေးကောက်ခြင်းမခံရမှီ ရက်သတ္တတစ်ပတ်မတိုင်ခင် National Democratic Institute (NDI)ကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် မက်ဒ်လင်းအောလ်ဘရိုက်ထ်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခဲ့ကြတယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြစ်ပေါ်လာဖို့ အကြံပြုချက်အပါအ၀င် ဖြစ်နိုင်ချေရှိတဲ့အထောက်အပံ့တွေအကြောင်း ပြန်လည်ဆန်းစစ်ကြတဲ့အခါ ဟာဗဲလ်ရဲ့ ဒီမိုကရေစီနိုင်ငံရေးအသွင်ပြောင်းမှုမှာ စိတ်ပါဝင်စားမှု ထုထည်ခိုင်ခံ့တာကို တွေ့ရှိခဲ့ကြတယ်။ ဆွေးနွေးပွဲမှာ ဟာဗဲလ်က ချက်ချင်းဆိုသလိုခုန်ထလိုက်ပြီး မေးပါတယ်။ “သောကြာနေ့မှာ ခင်ဗျားတို့ရဲ့ကျွမ်းကျင်သူတွေ ဒီကိုလွှတ်ပေးမလား”  လို့ မေးလိုက်ပါတယ်။ အားလုံးရဲ့ အံ့အားသင့်ကြက်သေသေနေကြတဲ့ တုံ့ပြန်မှုကို ဟာဗဲလ်က တွေ့လိုက်တော့ သူ မျှမျှတတလိုက်လျောပြီးပြောပါတယ်။ “အိုကေ၊ ဒါဆို တနင်္လာနေ့ပေါ့” တဲ့။ ခိုင်မာတဲ့စိတ်ထားရှိပေမယ့် ဆွေးနွေးညိနှိုင်းရခက်ခဲတတ်တဲ့လူစားမျိုးမဟုတ်တာကလည်း ဟာဗဲလ်ရဲ့ ရိုးဖြောင့်တဲ့အရည်အသွေးတစ်ရပ်ပါပဲ။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကနေလွတ်မြောက်ခဲ့တဲ့ ဂျူးတွေရဲ့ “လွတ်မြောက်မှုဆိုတဲ့ခက်ခဲတဲ့စမ်းသပ်ပွဲ” အတွင်းက ရှင်သန်မှုအကြောင်းကို ဂျူးလူမျိုးစာရေးဆရာ ဆောလ်ဘဲလို တွေးဆဆင်ခြင်ခဲ့သလိုပါပဲ။ ဟာဗဲလ်ကလည်း အနှောင်အဖွဲ့က လွတ်မြောက်လာတဲ့ခေတ်သစ်နိုင်ငံသားတွေရဲ့ “အသိစိတ်မှေးမှိန်အားဖျော့နေမှု” နဲ့ “စိတ်ခံစားမှုယုတ်လျော့ပျက်စီးနေမှု” စတဲ့ ရုပ်ဝါဒီလက္ခဏာရပ်တွေကို ကြောက်ရွံ့စိုးထိတ်နေခဲ့ပါတယ်။

ဒီမိုကရေစီစနစ်ကို ရှင်သန်နိုင်ဖို့ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကိုယ်ကိုလေးစားမှုတွေကို ထိန်းထားနိုင်မယ့် ခိုင်မာတဲ့ကျောက်ဆူးတစ်ခု နှစ်မြုပ်ထားနိုင်ရပါမယ်။ ဟာဗဲလ်ရဲ့ အတွေးအမြင်ဟာ စိန်ခေါ်မှုတစ်ပါပဲ။ “ကျွန်တော်တို့ အမှန်တရားနဲ့ရှင်သန်နေထိုင်နိုင်ဖို့ဆိုရင် ပြန်ပြီးသင်ယူဖို့၊ စွန့်စားဖို့ ဘာတွေပြင်ဆင်ထားခဲ့ပြီလဲ” ဆိုတဲ့ စိန်ခေါ်မှုပါ။ လွတ်မြောက်မှုရဲ့ ရှေ့ပြေးအဖြစ် ဟာဗဲလ်ကူညီထောက်ပံ့ခဲ့တဲ့ ဘာလင်တံတိုင်းပြိုကျမှုဟာ ဘယ်သူ့ကိုမှ မချေမှုန်းနိုင်ခဲ့ပါဘူး၊ ဒါပေမဲ့ ပြန်ပြီးသင့်မြတ်စေဖို့ တံတားတစ်ခုတော့ ဖြစ်လာခဲ့တယ် ဆိုတာပါပဲလို့ ကျူးဘား ဗာရဲလားစီမံကိန်းတည်ထောင်သူ အောစ့်ဝဲလ်ဒိုပါရာက ဗီဒီယိုသတင်းစကားပြောကြားခဲ့ပါတယ်။ ဟာဗဲလ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ကျူးဘားပြည်သူတွေ ဆန္ဒပြင်းပြနေတဲ့ “ပြည်သူ့အသံ၊ အခွင့်အရေး၊ ဂုဏ်သိက္ခာ” ဒါတွေကို အနိုင်ရခဲ့ကြတယ်။ ကျူးဘားကျွန်းနိုင်ငံလေးရဲ့ ကွန်မြူနစ်အစိုးရ အလီလီစိတ်ပြီးပေးနေခဲ့တဲ့ “အယောင်ဆောင်ပြောင်းလဲမှု” အစား စစ်မှန်တဲ့ပြောင်းလဲမှုဆုပ်ကိုင်နိုင်ဖို့ သူတို့ကြိုးပမ်းမယ်လို့ ဆိုတယ်။

ဟာဗဲလ်က ကျွန်တော်တို့အကြောင်းတရင်းတနှီးသိနေသလိုပဲလို့ စာရေးဆရာ၊ သဘောထားကွဲလွဲသူ လျူဇီယိုဗိုပြောခဲ့ပါတယ်။ “တရုတ်နိုင်ငံက လစ်ဘရယ်ပညာတတ်တွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက် ဟာဗဲလ်က တိုက်ရိုက်ပြောကြားခဲ့တာပါပဲ” လို့  လီဆွန်ယွန်ကလည်း ပြောပါတယ်။  လီက အားကြီးတဲ့ အာဏာရှင်စနစ်အကြောင်းကို ဝေဘန်ပါတယ်။ သူမက အမှန်တရားကို ပြောဖို့ ကြိုးစားပါတယ်။ “တရားသဖြင့်ရှင်သန်နေထိုင်ခြင်း၊ မေတ္တာတရားခွင့်ပြုခြင်း၊ မုန်းတီးမှုနဲ့ လိမ်ညာမှုတွေကိုအနိုင်ယူခြင်း စတဲ့ ဟာဗဲလ်ရှင်သန်နေထိုင်သလို ကျွန်မတို့ ဘယ်လိုလုပ်နိုင်မလဲ” လို့ လီက ပြောတယ်။ ဟာဗဲလ်က ကျွန်မတို့ကို လမ်းညွှန်ပြောကြားနေတုန်းပါပဲ။ သူ ကျွန်မတို့အကြားမှာ ရှင်သန်နေဆဲပါ” တဲ့။

"သဘောထားကွဲလွဲသူအဖြစ်ကနေ သမ္မတအဖြစ်ပြောင်းလဲနိုင်ခဲ့တာဟာ ထူးခြားတဲ့လှုံ့ဆော်မှုပါ"လို့ အီဂျစ်သဘောထားကွဲလွဲသူ၊  Ibn Khaldoun စင်တာတည်ထောင်သူ ဆက်ဒ်အက်ဒင်အီဘရာဟင် က ပြောပါတယ်။ “ဗာဆလာ့ဗ်ဟာဗဲလ်၊ နဲလ်ဆန်မန်ဒဲလားနဲ့ အောင်ဆန်းစုကြည်တို့လို ခြေချစရာမရှိတဲ့အကျဉ်းခန်း မှောင်မိုက်တဲ့အချိန်နာရီတွေမှာနေခဲ့ရတဲ့ ပုဂ္ဂိုဟ်တွေဟာ လွတ်လပ်မှုအတွက်၊ ဒီမိုကရေစီအတွက် ကျွန်တော်တို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို မယိမ်းမယိုင်စေအောင် အထောက်အပံ့ပေးပါတယ်။  အဆုံးမှာတော့ အောင်ပွဲခံနိုင်စေလိမ့်မယ်” လို့  NED အစည်းအဝေးမှာပြောခဲ့တယ်။ ဟာဗဲလ်ရဲ့ သတ္တိပြောင်မြောက်တဲ့အဖြစ်အပျက်တွေမှာ လူထုအင်အားဟာ အောင်မြင်နိုင်တဲ့အဆုံးအဖြတ်ပဲဆိုတာ သရုပ်ပြခဲ့တယ်။ အာရပ်ဒေသမှာ ဗာဆလာ့ဗ်ဟာဗဲလ် ကျွန်တော်တို့အတွက် ကိုယ်စားပြုရပ်တည်ပေးခဲ့တာမပါဘဲနဲ့ အာရပ်နွေဦးတော်လှန်ရေးဟာပေါ်ထွက်လာနိုင်စရာမရှိပါဘူး လို့ အီဘရာဟင်က ပြောပြသွားတယ်။

ချက်ကိုစလိုဗက်သဘောထားကွဲလွဲသူတွေရဲ့ Charter 77 ဟာ တရုတ်နိုင်ငံရဲ့ Chartter 08 စံပြပုံစံတင်မကပဲ၊ ဒမတ်စကပ်ကြေညာချက်ကိုလည်း  လှုံ့ဆော်ပေးခဲ့ပါတယ် လို့ ဒမတ်စကပ်လူ့အခွင့်အရေးလေ့လာရေးစင်တာရှိ ဒါရိုက်တာ ရာ့ဒ်ဝန်ဇီယာဒါ က ပြောပါတယ်။ ချက်သမ္မတနိုင်ငံရဲ့ ကတ္တီပါတော်လှန်ရေးဟာ ငြိမ်းချမ်းစွာပြုလုပ်ခဲ့တယ်။ ကွဲပြားချက်က ဆီးရီးယားရဲ့ ရုန်းကန်လှုပ်ရှားမှုတွေမှာတော့ သေဆုံးခဲ့တဲ့လူဦးရေဟာ ၆၀၀၀ကျော်ရှိနေခဲ့ပါပြီ။ နှစ်ခုလုံးက အားကောင်းတဲ့တော်လှန်ရေးတွေပါ။ ဟာဗဲလ်ရဲ့ အတွေးအခေါ်ဟာ တိုင်းပြည်တစ်ခုရဲ့ အဆုံးသတ်ဒီမိုကရေစီအကူးအပြောင်းအတွက် မှတ်သားလိုက်နာဖွယ်ဖြစ်ပါတယ် လို့ ဆိုတယ်။

စလိုဗက်သဘောထားကွဲလွဲသူ မာတင်ဘူတိုရာကတော့ ၁၉၆၉ခုနှစ် ဆိုဗီယက်ကျူးကျော်မှု ပထမနှစ်ပတ်လည်မှာ စလိုဗက်နိုင်ငံရေသမား၊ ချက်ကိုစလိုဗက်ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ အလက်ဇန်းဒါးဒူးဘ်ချက် ဆီ ဟာဗဲလ် ရေးသားခဲ့တဲ့ စာတစ်စောင်ကို ရည်ညွှန်းခဲ့ပါတယ်။ “နိုင်ငံရေးအရအရေးပါတဲ့တိုးတက်မှုဆိုတာ ချက်ချင်းမျှော်လင့်ဖို့တော့ မဖြစ်နိုင်ပါဘူး၊ မြင်သာတဲ့နိုင်ငံရေးသက်ရောက်မှုဟာ တဖြည်းဖြည်းချင်း၊ ကွေ့ကွေ့ကောက်ကောက်နဲ့ပဲ အချိန် ပိုယူရပါတယ် လို့ ဟာဗဲလ်ရေးသားခဲ့တယ်။ အဲဒီစာဟာ တစ်ဦးချင်းစီရဲ့ စိတ်ကူးတွေနဲ့လက်တွဲလုပ်ဆောင်ရမယ်၊ တော်လှန်ရေးအတွက် ထိုက်တန်တဲ့ပမာဏ၊ ယုံကြည်ဖို့အတွက် ထိုက်တန်တဲ့ခေါင်းဆောင်တွေ တလုံးတစည်းတည်းရှိနေရမယ်ဆိုတာ လူတွေကို နားလည်သဘောပေါက်စေပါတယ်။ ဟာဗဲလ်ရဲ့ ဘ၀ရှင်သန်နေထိုင်မှုသဘောထားကို အနက်ဖွင့်နိုင်တဲ့စာတမ်းတစ်စောင်ဖြစ်ခဲ့တယ် လို့ ဘူတိုရာက မှတ်ချက်ချခဲ့တယ်။ World Uyghur Congress ရဲ့ ဥက္ကဌ တရုတ်နွယ်ဖွား လူ့အခွင့်အရေးလှုပ်ရှားသူအမျိုးသမီး ရဲဘီယာကာဒီရာ ကို တွန်းအားပေးလှုံ့ဆော်ခဲ့နိုင်တာလည်း သံသယဖြစ်စရာမရှိပါဘူး။ ဟာဗဲလ်က သူမကို ပြောပါတယ်။ “အမှောင်မိုက်ဆုံးအချိန်နာရီတွေမှာတောင်မှ မျှော်လင့်ချက်ကို ဘယ်တော့မှ လက်လွှတ်အရှုံးမပေးလိုက်ပါနဲ့” တဲ့။ “ဟာဗဲလ်ဟာ ကွန်မြူနစ်တွေရဲ့ဝါဒဖြန့်မှုကို အမြဲထိုးဖောက်ပြီးမြင်ခဲ့တယ်။ ဒါကြောင့်မို့ ဟာဗဲလ်ရဲ့စာပေအရေးအသား၊ အတွေးအမြင်တွေဟာ   တရုတ်နိုင်ငံက ဖိနှိပ်ချုပ်ချယ်တဲ့စည်းကမ်းတွေအောက်မှာ ရှင်သန်နေထိုင်နေရတဲ့ ကျွန်မတို့ဝေဟွာဂျင်း(Uyghur)တရုတ်လူမျိုးနဲ့ တခြားလူနည်းစုအတွင်းမှာ ခိုင်မာစွာပဲ့တင်ထပ်မြည်ဟီးနေပါတယ်” လို့ သူမက ပြောပြခဲ့ပါတယ်။

အီသီယိုးပီးယားလူမျိုး ဒီမိုကရေစီရေးလှုပ်ရှားသူ ဘီယာတူကန်မီဒက်စာ က ဟာဗဲလ်ရဲ့ ကျော်ကြားခဲ့တဲ့အက်ဆေးတွေထဲက “အာဏာမဲ့သူတို့ရဲ့ စွမ်းအား” အက်ဆေးကို ဖတ်ခဲ့ရပြီးတဲ့အခါ ဟာဗဲလ်ကို သွေးရင်းသားရင်းတစ်ယောက်လို လှိုက်လှိုက်လှဲလှဲခံစားမိပါတယ် လို့ ဆိုတယ်။ သူမဟာ နှစ်ရှည်တိုက်ပိတ်အကျဉ်းကျခံခဲ့ရသူပါ။

“ချက်နိုင်ငံက တစ်မူထူးလှပေမယ့် ပြည်သူပြည်သားတွေရဲ့စိတ်နှလုံးကတော့ အတူတူပါပဲ။ ဟာဗဲလ်က ကိုယ့်ကိုယ်ကို ဂုဏ်ရည်မသွေးတဲ့ ပညာတတ်လူနည်းစုထဲက တစ်ဦးပါ” လို့ ဟာဗဲလ်ရဲ့ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ယူအက်စ်သံအမတ်ဟောင်း သူငယ်ချင်း ၀ီလျမ်လောရက်စ်က ပြောပါတယ်။ ပိုလန်လူမျိုးသဘောထားကွဲလွဲသူ အဒမ်မစ်ခ်ျနစ်ခ် ကတော့ ဟာဗဲလ်သေဆုံးသွားခဲ့ပြီးမှ ဟာဗဲလ်အကြောင်းပြောရတာ သူ့အတွက်တော့ ခက်ခဲပါတယ်တဲ့။ “ရုရှသဘောထားကွဲလွဲသူတွေကို ကမ္ဘာကပိုသိကြတယ်။ ပိုလန်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာလည်း အရှိန်ကြီးမားခဲ့ပါတယ်။ ဒါပေမယ့် ဟာဗဲလ်ဦးဆောင်တဲ့တော်လှန်ရေးက ပန်းတိုင်နဲ့ အလှည့်အပြောင်းတွေ အလွန်အမင်းရရှိခဲ့တယ်။ ဟာဗဲလ်နဲ့ ကျွန်တော် Charter 77 နဲ့ KOR(အလုပ်သမားများကာကွယ်ရေးကော်မတီ) ကိုယ်စားလှယ်အဖြစ်နဲ့ ပိုလန်-ချက်ကိုစလိုဗက်နယ်စပ်မှာတွေ့ခဲ့ကြတယ်။

၃၄နှစ်လောက် ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ကြပါတယ်။ ဟာဗဲလ်ဟာ ကွန်မြူနစ်ဝါဒီကို ပြန်ပြီးအသက်မသွင်းလိုသူတွေထဲမှာရှိခဲ့တယ်။ လူပ်ရှားတက်ကြွတဲ့တော်လှန်ရေးကိုစည်းရုံးပြီး အလှည့်အပြောင်းရှိတဲ့ဘ၀တည်ဆောက်ခဲ့တဲ့သူတွေထဲမှာ ရှိခဲ့ပါတယ်။ ကျွန်ပြုခဲ့တဲ့လူအဖွဲ့အစည်းထဲမှာ သူတို့နေထိုင်ခဲ့ကြသည့်တိုင်အောင် ဟာဗဲလ်တို့ တည်ဆောက်ခဲ့တဲ့ဖွဲ့စည်းပုံကြောင့် လူတွေလွတ်လပ်လာခဲ့ကြတယ်။ ဟာဗဲလ်ရဲ့ ကိုယ်ကျင့်တရားပြည်စုံပြီး ခိုင်မာတဲ့ယုံကြည်မှုတွေဟာ အတိုက်အခံဘ၀ကနေ အစိုးရအဖွဲ့ထဲ ခြေချနိုင်ခဲ့တယ်။ ဆန့်ကျင်ဘက်အတိုက်အခံတွေနဲ့ အရပ်သားအဖွဲ့အစည်းတွေအတွက် အခက်အခဲတွေမကြာခဏကြုံတွေ့နေခဲ့ကြပေမယ့် ဟာဗဲလ်ကတော့ တော်လှန်ရေးကနေ နိုင်ငံရေးလောကဆီ အကူးအပြောင်းပုံဖော်နိုင်ခဲ့ပါတယ် လို့ မစ်ခ်ျနစ်ခ် က ပြောခဲ့တယ်။

ဆိုဗီယက်နျူကလီးယားရူပဗေဒပညာရှင်၊ လူအခွင့်အရေးလှုပ်ရှားသူ အန်ဒရေဆာ့ခရိုဗ် ရဲ့ အက်ဆေးပေါင်းချုပ်စာအုပ်အတွက် အမှာစာမှာ ဟာဗဲလ် ရေးပေးခဲ့တာက “သူရဲ့ ခေတ်ပြိုင် ကျွန်တော်တို့ကိုပဲ လှုံ့ဆော်စေနိုင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ရှေ့ရေးအနာဂတ်ကိုအလေးထားတဲ့ နောက်မျိုးဆက်သစ်တွေအတွက်လည်း အသိဥာဏ်ဖွံ့ဖြိုးစေပါတယ်” တဲ့။
“ပြီးခဲ့တဲ့နှစ်ပေါင်း၄၀မှာ သင်တို့ရဲ့အစိုးရက သင်တို့ကိုပြောခဲ့တယ်။ အရာအားလုံးက ဘယ်လောက်တောင်အောင်မြင်ခဲ့တာ။ သင်တို့ စတီးလ်တန်ပေါင်းဘယ်လောက်တောင် ထုတ်လုပ်နိုင်ခဲ့တာ။ ဒါတွေချည်းပါပဲ။ အဲဒီလို အလိမ်အညာတွေ သင်တို့ကို ထပ်ပြီးပြောဖို့အတွက်နဲ့ ကျွန်တော့်ကို မဲပေးခဲ့တာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိပါတယ်။ လူထုကြီး - အခု သင်တို့လက်ထဲကို သင်တို့ရဲ့ တိုင်းပြည်ပြန်၍ရောက်ခဲ့ပါပြီ”
ဟာဗဲလ်ရဲ့ အဲဒီမိန့်ခွန်းဟာ လူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့တယ်။ တရုတ်နိုင်ငံ ရဲ့ web portal “NetEase(www.163.com)” မှာ ဟာဗဲလ်ရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးလှုပ်ရှားမှု၊ ထောက်ပံ့အားပေးမှုတွေကို ချီးမွမ်းတဲ့အကြောင်းအရာတွေအသားပေးဖော်ပြခဲ့တယ်။ ဟာဗဲလ်ရဲ့ မိန့်ခွန်းကိုလည်း လူပေါင်း ၃၅၀၀၀ ကျော်က ချီးကျူးဂုဏ်ပြုတဲ့ထင်မြင်ချက်တွေ မဲပေးရေးသားခဲ့ကြပါတယ်။

National Endowment for Democracy ဥက္ကဌ ဂျာ့ရှ်မန်းက ဟာဗဲလ်အတွက် အခုလို ဂုဏ်ပြုစကားပြောကြားခဲ့တယ်။
“ဟာဗဲလ်ရဲ့ ဆန္ဒအတွေးအမြင်တွေအတိုင်း တရုတ်နိုင်ငံကိုလည်း တရုတ်ပြည်သူပြည်သားတွေ လက်ထဲပြန်၍ရောက်စေဖို့ ကျွန်တော်တို့ မျှော်လင့်ကြရအောင်ပါ။ ပြီးတော့ မြန်မာ၊ ကျူးဘား၊ အီရန်၊ ဘီလာရုစ်၊ ဆီးရီးယား၊ အီဂျစ်၊ အီသီယိုးပီးယား၊ တိဘက်၊ အရှေ့တာကစ္စတန် နဲ့ မြောက်ကိုးရီးယား နိုင်ငံတွေလည်းပဲ ပြည်သူပြည်သားတွေရဲ့လက်ထဲ တိုင်းပြည် ပြန်၍ရောက်စေချင်ပါတယ်။ ဟာဗဲလ် သူ့တိုင်းပြည်နဲ့ တခြားတိုင်းပြည်တွေအတွက် ကြိုးစားခဲ့သလို၊ ကမ္ဘာကြီးရဲ့ မှောင်မိုက်နေတဲ့နေရာတွေမှာ ပျော်ရွှင်မှုနဲ့ ဂုဏ်ကျက်သရေ ယူဆောင်ပေးနိုင်ဖို့ ကူညီရမယ်။ လုပ်ရမယ့်အလုပ်တွေအများကြီးပါပဲ” ။          ။
Special thanks to Ko ZawLuSane :
ဟာဗဲလ်အကြောင်းရေးဖြစ်ဖို့ မူရင်းစာတွေပို့ပေးခဲ့တဲ့ နွယ်နီမဂ္ဂဇင်းအယ်ဒီတာ ကိုဇော်လူစိမ်းကို ကျေးဇူးအများကြီးတင်ပါတယ်။

Source : http://www.demdigest.net/blog/2012/01/havel%E2%80%99s-moral-leadership-remains-a-beacon-obama-tells-memorial-tribute/
             http://www.thedaily.cz/vaclav-havel-remembered/

နွယ်နီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၂

1 comment:

မြစ်ကျိုးအင်း said...

အဖိနှိပ်ခံ ပြည်သူတွေအတွက် မီးရှူးတန်ဆောင်လူသားပါ။ အနစ်နာခံပြီး စေတနာအပြည့်နဲ့ လှုပ်ရှားခဲ့လို့လည်း လူသေသွားတာတောင် နာမည်ကောင်းက ပြည်သူတွေ တဖွဖွ ပြောရင်း ကျန်နေခဲ့ပါတယ်။
ဘာသာပြန်လေး ကောင်းတယ်။ ဖတ်ခွင့်ရတာ ကျေးဇူးပါ မဖြိုးရေ...။