၂၀၁၃ က ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးပါ။
၁၃ ဂဏန်းနဲ့ပတ်သက်ပြီး နိမိတ်ဖတ်ခဲ့ကြပေမဲ့ ကက်စရိုကတော့ ၂၀၁၆ ခုနှစ်အထိ အသက်ရှင်သန်နေထိုင်သွားနိုင်ခဲ့ပါတယ်။
စာတွေမရေးနိုင်ဖြစ်နေလို့ စာအဟောင်းပြန်ဖတ်ကြည့်ရင်း ကက်စထရိုသေဆုံးတဲ့နေ့အမှတ်တရ ပြန်တင်ထားလိုက်ချင်လို့။
Fidel Alejandro Castro Ruz (August 13, 1926 – November 25, 2016)
မက္ကဆီကိုကွေ့ထဲက ကျူးဘားနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ဟာဗားနားမှာပေါ့။ Virgin of Regla နတ်ကွန်းရဲ့ အပြင်ဘက်နားလေးမှာ ရှေ့ဖြစ်ဟောပြောသူတစ်ဦးဟာ ဖြတ်သွားဖြတ်လာတွေဆီက ငွေကြေးအဖြစ်ပြောင်းလဲရရှိနိုင်မယ့် ကနုကမာခွံတွေ မြှောက်ကာပစ်ကာ လှုပ်လှုပ်ရှားရှားရှိနေပါတယ်။ သူ့ဆီမှာ လာမေးကြတဲ့သူတွေဆီက တူညီတဲ့မေးခွန်းတွေပဲ နေ့တိုင်းရနေတာပဲ။ “သူတို့ အချစ်မေတ္တာရှာတွေ့နိုင်ကြပါ့မလား” တဲ့။ “အိမ်တစ်လုံး ဝယ်ယူဖို့ သူတို့တတ်နိုင်ပါ့မလား” တဲ့။ “မဝေးတော့တဲ့အနာဂတ်မှာ အပမ်းဖြေခရီးထွက်ဖို့ သူတို့ တတ်နိုင်ပါ့မလား” တဲ့။ ဒီလိုမေးခွန်းတွေ သူတို့ မေးကြတယ်။ ပြီးတော့ သူတို့ အားလုံးက “ဘယ်တော့ ပြီးဆုံးမှာလဲ” ဆိုတဲ့မေးခွန်းတစ်ခုကိုလည်း အမြဲမေးကြတယ်။
ရှေ့ဖြစ်ဟောသူရဲ့ ဖောက်သည်တွေဟာ ရိုးရှင်းသိုဝှက်တဲ့စကားလုံးနဲ့ သုံးနှုန်းပြီး မေးကြတယ်။ တချို့ကတော့ “တော်လှန်ရေး”၊ တခြားသူတွေက “အာဏာရှင်စနစ်” လို့ ရည်ညွှန်းကြတယ်။ ဒါပေမယ့် အများစုက ရိုးရှင်းတဲ့စကားလုံး “စနစ်” လို့ သုံးစွဲပြီးမေးမြန်းကြတယ်။ စွေးစွေးနီလက်သည်းတွေနဲ့ ခေါင်းပေါင်းအဖြူလွလွထုပ်ပေါင်းထားတဲ့ ရှေ့ဖြစ်ဟောအမျိုးသမီးအတွက် ဒါဟာသိပ်ကိုခက်ခဲတဲ့ မေးခွန်းပေါ့။ တိတိကျကျ ဖြေလို့မဖြစ်တဲ့အခြေအနေမှာရှိတာကိုး။ ဘာကြောင့်လည်းဆိုတော့ အစိုးရလုံခြုံရေးအေးဂျင့်တွေဟာ အရပ်သားဝတ်စုံဝတ်ဆင်၊ သာမန်အရပ်သားပုံစံနဲ့ သူမဆီမှာ မေးမြန်းနိုင်တယ်လေ။ အဲဒါကြောင့်ပဲ ကနုကမာအခွံရဲ့ အနေအထားကိုကြည့်ပြီးတော့ လေသံဖွဖွနဲ့ “မကြာခင်ပေါ့။ အဲဒါ မကြာခင်ဖြစ်လာတော့မယ်” လို့ပဲ သူမ ခပ်တိုးတိုးပြောရတယ်။
ကျူးဘားအစိုးရရဲ့ ဇီဝနာရီဟာ နှေးကွေးလာပြီ။ ပြီးခဲ့တဲ့ ၅၄ နှစ်တာခရီးမှာ ဒဏ်ရာဗရပွနဲ့ မောပမ်းနွမ်းလျနေခဲ့ပါပြီ။ သန်းခေါင်ယံအချိန်ကိုရောက်နေပြီဆိုတာ တိုးလို့သာ သိသာထင်ရှားနေပါပြီ။ မိနစ်တိုင်းဟာ ကျူးဘားအစိုးရရဲ့ ခေတ် တိမ်ကောပျောက်ကွယ်ဖို့ နည်းနည်းချင်း ပိုနီးလာနေတာပဲ။ နိုင်ငံရဲ့အသက်ရှင်ရပ်တည်မှုဟာ အဲဒီခေါင်းဆောင်တွေရဲ့ လူငယ်တွေနဲ့ အိုမင်းမစွမ်းဆွေမျိုးတွေဆီမှာပဲ နီးစပ်ရာချိတ်ဆက် တွယ်ဖက်မနေသင့်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မတို့ကျွန်းလေးမှာ လူကြီးတွေလူငယ်တွေခေတ်အထိ အတူတူပဲ အနာဂတ်တွေ ထူးပြီးပြောင်းလဲမလာကြသေးဘူး။ သတ္တဝါတစ်ကောင်လို ပုံဖော်ပြီး ကြီးပြင်းရှင်သန်တယ်။ ကိုယ်ကိုယ်တိုင် ဘုရားသခင်ဖြစ်တယ်လို့ ယုံကြည်နေတဲ့ အမျိုးသားတစ်ဦး၊ ကျူးဘားရဲ့လက်ရှိနိုင်ငံရေးမော်ဒယ်ကြီးဟာ ဖန်ဆင်းရှင်နတ်ဘုရားတွေလို ထာဝရရှင်သန်နေနိုင်အောင် အသက်ဆွဲဆန့်ထားနိုင်မှာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၁၀စုနှစ် ၅ ခုကျော်ခန့် ပြုလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေ၊ ခြေလှမ်းတွေတိုင်းဟာ ဦးတည်ရာတစ်ခုတည်းမှာရှိနေတယ်။ ဆုပ်ကိုင်ထိန်းချုပ်ထားဖို့ ခက်ခဲတဲ့လူအဖွဲ့အစည်းလေးက လက်တစ်ဆုပ်စာလောက်ပဲရှိတာပါ။ အဲဒါ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ဖီဒယ်လ်ကက်စ်ထရိုနဲ့ သူ့ အပေါင်းအဖော်တွေပေါ့။ ၂၀၀၆ခုနှစ်က ကျန်းမာရေးပြဿနာပေါ်ခဲ့ပေမယ့် ကျူးဘားလူမျိုးတချို့လောက်ပဲ မြေပုံထဲညွှန်ပြနိုင်မယ့်နေရာလေးတစ်ခုမှာ ပြန်ပြီး နလန်ထူလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က ဖီဒယ်လ်ရဲ့ ညီ ရာအူးလ်ဟာ အုပ်ချုပ်ရေးနဲ့ အစိုးရလုပ်ငန်းပိုင်းဆိုင်ရာနေရာတွေမှာ လူငယ်တချို့ပြောင်းလဲခန့်အပ်ခဲ့တယ်။ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တွေကတော့ ရာအူးလ် ထိန်းချုပ်ထားတဲ့ ဂျိုစေရာမိုမာချာဒို-(အသက် ၈၂ နှစ်) ရဲ့လက်ထဲမှာ ကျန်ရှိနေတုန်းပါ။ တက်ကြွလှုပ်ရှားနေတဲ့စာတန်ဟာ သူရဲ့ ကလေးသူငယ်တွေကို ကိုယ်တိုင်ဝါးမျိုဖျက်စီးသလိုပါပဲ။ နိုင်ငံရဲ့ အဓိကခေါင်းဆောင်တွေဟာ လူငယ်လူရွယ်တွေက သူတို့ကို လွှမ်းမိုးလာနိုင်တဲ့အခွင့်အရေးတွေ ကို ပိတ်ဆို့ထားခဲ့တယ်။
ကက်စ်ထရိုညီအစ်ကိုတွေရဲ့ တစ်ပါးသူအပေါ်သံသယလွန်ကဲမှုတွေကြောင့် စာနာထောက်ထားမှုကြီးတယ်လို့ ကျော်ကြားတဲ့ ဒုတိယသမ္မတ ကာလောစ့်လာ့ခ်ျ နဲ့ နိုင်ငံခြားရေးဝန်ကြီး ဖဲလစ်ပ်အဲ ပါရက်ဇ်ရိုကေးတို့ကို ၂၀၀၉ မှာ ရာထူးကနေ တွန်းထုတ်ဖယ်ရှားလိုက်ပါတယ်။ နှစ်ဦးစလုံးဟာ ကျူးဘားနိုင်ငံအတွက် အလားအလာကောင်းရှိတဲ့ နိုင်ငံရေးသမားတွေဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ လာ့ခ်ျ ကို ဖီဒယ်လ်ကက်စ်ထရိုစွပ်စွဲလိုက်တဲ့ စကားလုံးတွေက “အာဏာရဲ့ ပျားသကာအရသာကို စွဲလမ်းနေပြီ” တဲ့။
(နောက်ပိုင်းမှာလည်း ကျူးဘားနိုင်ငံသားတွေက လာ့ခ်ျကို ဝန်ကြီးချုပ်အစစ်လို့ပဲ လက်ခံနေကြတယ်။ လာခ်ျ့ဟာ ကျူးဘားအစိုးရအဖွဲ့အစည်းထဲ ဝင်မလာခင်တုန်းကတော့ ကလေးအထူးကုဆရာဝန်ပါ။ ယူအက်စ်သမိုင်းနဲ့ နိုင်ငံရေးမှာ ကျွမ်းကျင်သူအဖြစ်လူသိများကြတယ်။ ဒီမိုကရက်တစ်နိုင်ငံရေးပိုင်းမှာ ကျွမ်းကျင်နားလည်သူတစ်ဦးလို့လည်းဆိုကြတယ်။ ကျူးဘားနိုင်ငံရေးစနစ်ကို ခိုင်ခိုင်မာမာထောက်ခံအားပေးခဲ့သူပါတဲ့။ ကျူးဘားကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗြူရိုအဖွဲ့ဝင်တစ်ဦးဖြစ်သလို၊ သမ္မတရဲ့အကြံပေးအရာရှိလည်းဖြစ်ပါတယ်။ ဥရောပခေါင်းဆောင်တွေနဲ့လည်း ဆက်ဆံရေးပြေပြစ်ချောမောသူတစ်ဦးပါ။)
သူတို့ရဲ့တစ်ကိုယ်ကောင်းဆန်မှုဟာ ကျူးဘားခေါင်းဆောင်တွေကို နိုင်ငံရေးလောကထဲက ဆက်တိုက်စွန့်ခွာစေခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်စေဖို့ အချိန်တွေလည်းကုန်လွန်ခဲ့ရပါပြီ။ သံလွင်စိမ်းရောင်ဝတ် အမျိုးသားအိုကြီးတွေ တည်ခင်းထားတဲ့လမ်းကြောင်းအတိုင်းဆက်သွားမယ့်လူတွေပဲ ရှိနေတယ်။ တစ်ဦးတစ်ယောက်မှ ရိုးသားမှု မရှိကြတော့ဘူး။
ရာအူးလ်ကရော၊ သူကလည်း ကျူးဘားပြည်သူတွေရဲ့ သံသယတွေကင်းစင်သွားအောင် ပြုလုပ်နိုင်သူမဟုတ်ပါဘူး။ ပူပန်စိုးထိတ်မှုတွေ ဆက်ပြီးပေးတာပါပဲ။ ရာအူးလ်က “အချိန်က သိပ်တိုနေပါတယ်”တဲ့။ သူနဲ့ သူရဲ့အဖွဲ့သားတွေနေရာမှာ အစားထိုးနိုင်မယ့် မျိုးဆက်သစ်တွေဟာ အဆင်သင့်မဖြစ်သေးဘူး လို့ ကြေညာတယ်။ ၂၀၁၃ မှာတော့ ရာအူးလ် ဆင်ခြေပေးထားတဲ့တိုတောင်းတဲ့အချိန်ကာလ အဆုံးသတ်ဖို့ တွန်းအားပေးကြပါလိမ့်မယ်။ ရာအူးလ်ရဲ့ ဆင်ကန်းတောတိုးလုပ်ငန်းစဉ်ကြောင့် အနာဂတ်မှာ သူတို့ရဲ့ကွန်မြူနစ်မူဝါဒပိုင်းဆိုင်ရာ အားနည်းလာမယ်။ ကက်စ်ထရိုခေတ်ကောင်းရေး ထောက်ပံ့မှုမှန်သမျှလည်း ဆုံးပါးကုန်မှာပါပဲ။
ကက်စ်ထရိုရဲ့ ယာယီ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကလည်း တိုင်းသူပြည်သားတွေအပေါ် ထိန်းချုပ်နိုင်မှုမရှိ၊ လက်လွှတ်ရမလိုဖြစ်နေပါပြီ။ ပုဂ္ဂလိကကဏ္ဍချဲ့ထွင်ခြင်း၊ အခွန်အခစည်းကြပ်ကောက်ခံခြင်း၊ လယ်သမားတွေကို လယ်ယာမြေငှားရမ်းခြင်း နဲ့ စိုက်ပျိုးရေးထက် စီးပွားရေးအကျိုးတူပူးပေါင်းမှုတွေပြုလုပ်ခြင်းနဲ့ ကျူးဘားလူမျိုးတွေရဲ့ နေ့စဉ်ဘဝထဲက တိုင်းပြည်ရဲ့ဖိအားတွေကို ဖြည်းဖြည်းချင်းလျှော့ချနေပါတယ် လို့တော့ဆိုတယ်။ ကျူးဘားရဲ့ စီးပွားရေးဟာ ခုန်ပျံကျော်လွှားတဲ့နည်းနဲ့ စတင်ရွေ့လျားရမယ်လို့ ရာအူးလ်မြင်နေနိုင်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်တစ်ခုက ပြည်သူပြည်သားတွေဟာ အစိုးရရဲ့မူဝါဒပိုင်းကို ယုံကြည်အားကိုးမှု လျော့ပါးပျက်သုဉ်းပါလိမ့်မယ်။ အဲဒီကွန်မြူနစ်အစိုးရရဲ့ထောက်ပံ့ကြေးတွေ၊ အကျိုးစီးပွားတွေဟာလည်း နည်းသည်ထက်နည်းလာမှာပါ။ အာဏာပိုင်တွေရဲ့ လုပ်ထုံးလုပ်နည်းအဆင့်တိုင်းဟာ ပြောင်းလွယ်ပြင်လွယ် သဘောမျိုးနဲ့ လုပ်ကိုင်လာတာပါ။ ဘာနဲ့ တူနေသလဲဆိုရင် သူတို့ပိုင်တဲ့ ကွန်မြူနစ်နတ်ကွန်းကို “မောင်းတင်ထားတဲ့ သေနတ်တစ်လက်”နဲ့ သူတို့ကိုယ်တိုင် ချိန်ရွယ်နေသလိုပါပဲ။
“စနစ်”ဟာ ကျွန်မတို့ရဲ့ ဘဝတွေကို အသေးအဖွဲကဏ္ဍလေးကအစ ကျပ်ကျပ်တည်းတည်းထိန်းချုပ်ထားတယ်။ ဒါပေမဲ့ အဲဒီချုပ်နှောင်မှုတွေဟာ သူ့အလိုလို ပြည်ကျပြုတ်ထွက်နေပါတယ်။ အဲဒါကိုတော့ မထိန်းချုပ်နိုင်ပါဘူး။ ပြုပြင်ပြောင်းလဲရေးဟာ တိုင်းပြည်ရဲ့ လက်ရှိအရေးကိစ္စတွေရဲ့ သေခြင်းတရားပါ။ ပုဂ္ဂလိကရင်းနှီးငွေလက်ခံမယ့်စနစ်ဖွင့်ပေးပြီး ဘဏ္ဍာရေးရှင်သန်ဖို့ အာမခံလုပ်ဆောင်တဲ့ဗျူဟာတွေဟာလည်း သေဒဏ်တစ်ခုအတွက် စရံသတ်ထားတာတွေပါပဲ။
၂၀၁၃ ခုနှစ်မှာ ကျုးဘားဟာ ဗဟိုကနေချုပ်ကိုင်ထားတဲ့စီးပွားရေးစနစ်ကနေ ထိန်းချုပ်ထားမှုတွေ ဖြုတ်ပစ်ပြီး ခွဲဖြာလုပ်ကိုင်မယ့်စီးပွားရေးအဖြစ် ပြောင်းရွှေ့လှုပ်ရှားတော့မှာပါ။ အစိုးရလုပ်ငန်းတွေကနေ လစာ လက်ခံရယူနေသူတွေဟာ သူတို့ရဲ့အလုပ်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ကာ မိသားစုတွေကို ထောက်ပံ့လာကြမယ်ဆိုရင် နိုင်ငံရေးသြဇာလွှမ်းမှုလျော့နည်းလာမယ်။ ပိုပြီး လွတ်မြောက်မှုရှိလာမှာ အသေအချာပါ။
Oswaldo Payá - Leader of opposition group "Christian Liberation Movement" |
နိုင်ငံရေးလောကထဲက ရဲတွေရဲ့ ဖိနှိပ်မှုတွေ အားကောင်းနေဆဲဖြစ်နေပေမယ့်၊ ဒီနေ့ အတိုက်အခံအဖွဲ့တွေက ပိုပြီး လှုပ်ရှားသွက်လက်လာပါတယ်။ ၂၀၀၃ ခုနှစ် “အနက်ရောင်နွေဦး” တော်လှန်ရေးဖြစ်ပွားခဲ့ပြီးကတည်းက အတိုက်အခံ ၇၅ ဦးတောင် ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးခံခဲ့ရတဲ့ အဲဒီ စာနယ်ဇင်းသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေဟာ အများစုက ကာလရှည် အကျဉ်းသားအဖြစ် ချုပ်နှောင်ခြင်းခံခဲ့ရတယ်။ “ခရစ်ယာန်လွတ်မြောက်ရေးလှုပ်ရှားမှု” (Christian Liberation Movement) အဖွဲ့အစည်းကို တည်ထောင်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားသူ အောစ့်ဝဲလ်ဒိုပေးယာ(Oswaldo Payá) ဟာ လွန်ခဲ့တဲ့ ၂၀၁၂ မှာ ဆုံးပါးသွားခဲ့ပေမယ့် အဖွဲ့အစည်းရဲ့ အဓိကပုဂ္ဂိုလ်တွေက သွက်သွက်လက်လက်၊ ထင်ထင်ရှားရှားရှိနေဆဲပါ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အရေအတွက်လည်း ပိုပြီး တိုးလာပါတယ်။ သူတို့ဟာ အခက်အခဲတွေရင်ဆိုင်ဖြေရှင်းနိုင်မယ့် လတ်ဆတ်၊ ခေတ်မှီအတွေးအခေါ်တွေ ဆောင်ယူလာကြတယ်။
(အောစ့်ဝဲလ်ဒိုပေးယာ ဟာ ရိုမန်ကက်သလစ်ဘာသာဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူပါ။ ကျူးဘားကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့ Christian Leberation Movement အဖွဲ့အစည်းကို ၁၉၈၇ မှာ တည်ထောင်ခဲ့ပါတယ်။ ၂၀၁၂ ဇူလိုင် ၂၂ ရက်နေ့၊ အသက် ၆၀ အရွယ်မှာ ကားမတော်တဆတိမ်းမှောက်မှုနဲ့ သေဆုံးသွားခဲ့တယ်။ အစိုးရသတင်းဌာနက ပေးယာရဲ့ ယာဉ်မောင်းဟာ သတိလက်လွတ်ဖြစ်ပြီး သစ်ပင်ကိုဝင်တိုက်ကာ မတော်တဆဖြစ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ပေးယာရဲ့ မိသားစုကတော့ လုပ်ကြံမှုလို့ စွပ်စွဲပါတယ်။ ပေးယာရဲ့ သားက ဖခင်ဟာ အသက်အန္တရာယ်လုပ်ကြံမှု အကြိမ်ကြိမ်ကြုံခဲ့ရပြီး လွတ်မြောက်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အသက်ဆုံးပါးသွားခဲ့ရပြီ လို့ဆိုတယ်။)
(အောစ့်ဝဲလ်ဒိုပေးယာ ဟာ ရိုမန်ကက်သလစ်ဘာသာဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူပါ။ ကျူးဘားကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့ Christian Leberation Movement အဖွဲ့အစည်းကို ၁၉၈၇ မှာ တည်ထောင်ခဲ့ပါတယ်။ ၂၀၁၂ ဇူလိုင် ၂၂ ရက်နေ့၊ အသက် ၆၀ အရွယ်မှာ ကားမတော်တဆတိမ်းမှောက်မှုနဲ့ သေဆုံးသွားခဲ့တယ်။ အစိုးရသတင်းဌာနက ပေးယာရဲ့ ယာဉ်မောင်းဟာ သတိလက်လွတ်ဖြစ်ပြီး သစ်ပင်ကိုဝင်တိုက်ကာ မတော်တဆဖြစ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ပေးယာရဲ့ မိသားစုကတော့ လုပ်ကြံမှုလို့ စွပ်စွဲပါတယ်။ ပေးယာရဲ့ သားက ဖခင်ဟာ အသက်အန္တရာယ်လုပ်ကြံမှု အကြိမ်ကြိမ်ကြုံခဲ့ရပြီး လွတ်မြောက်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အသက်ဆုံးပါးသွားခဲ့ရပြီ လို့ဆိုတယ်။)
ထူးခြားတဲ့ဘလောဂ့်ဂါတွေ၊ performance အနုပညာရှင်တွေ အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာတယ်။ ကျူးဘားပြည်သူတွေရဲ့ လူမှုဒုက္ခတွေကို အနုပညာနဲ့ ဝေဖန်သရော် ပုံဖော်လာကြတယ်။ ရဲဝံ့တဲ့ ဂီတသမားတွေဟာ သူတို့ရဲ့ ဟစ်ပ်ဟော့ပ် နဲ့ ရက်ဂေး သီချင်းတွေရဲ့ သီချင်းစာသားတွေမှာ တကယ့်အဖြစ်မှန်တွေကို ပြောပြလာကြတယ်။ တချိန်တည်းမှာပဲ သတင်းကွန်ယက်တွေ(Twitter နဲ့ တခြား လူမှုရေးကွန်ယက်တွေအပါအဝင်) ဖုန်းကနေတဆင့်အသုံးပြူနိုင်လာကြတာဟာလည်း ကျွန်မတို့ရဲ့ ကျွန်းနိုင်ငံလေးထဲမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ပြင်ပကမ္ဘာကို အမှန်အတိုင်းဆက်သွယ်ပြောကြားနိုင်လာတာပါ။ ဒါဟာ တိုင်းပြည်ရဲ့အာဏာရှင်ဆန်မှုကို ရိုက်ဖျက်ဖို့ ကူညီပေးနေပါတယ်။
ကွန်မြူနစ်ပါတီဝင်တွေ (nomenklatura) အသက်ရလာတာနဲ့ အတိုက်အခံအဖွဲ့ဝင်တွေ တိုးပွားလာတာ၊ ပုဂ္ဂလိကအခန်းကဏ္ဍကျယ်ပြန့်လာတွေကပဲ ၂၀၁၃ အတွင်း “စနစ်”အားနည်းလာရေးအတွက် အရှိန်အဝါရှိလာနိုင်တာမဟုတ်ပါဘူး။ ဗင်နီဇွဲလားခေါင်းဆောင် ဟူဂိုချားဗက်ဇ် ရဲ့ ကျန်းမာရေး ပိုပြီး ညံ့လာတာဟာလည်း ပြိုလဲကျဖို့ အကူပစ္စည်းတစ်ခုပါပဲ။ သူ့ရဲ့ အားကြီးတဲ့ထောက်ခံအားပေးမှုကင်းမဲ့ရင် ဗင်နီဇွဲလားရဲ့ အကြီးဆုံးမြို့တော် ကရာကက်စ်ကနေ ရေနံထောက်ပံ့ပေးနေတာ ပြတ်တောက်သွားနိုင်တယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှု ပိုပြီး မြန်ဆန်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဖို့ ရာအူးလ် အရှိန်မြှင့်လုပ်ကိုင်ရပါတော့မယ်။ ဆိုဗီယက်ကွန်မြူနစ်တွေပြိုလဲကျရှုံးမှုနဲ့အတူ သူတို့ရဲ့အမာခံကျေးဇူးရှင်ပျောက်ဆုံးသွားခဲ့ရတဲ့ ကက်စ်ထရိုတွေအတွက်တော့ ဗင်နီဇွဲလားကဆုမွန်ကောင်းတောင်းပေး၊ အလင်းပြပေးခဲ့တာဟာ ဘုရားပေးတဲ့ မမျှော်လင့်တဲ့ကံကောင်းမှုပါ။ ၄၂၀၀၀ စတုရန်းမိုင်အကျယ်၊ မှီတင်းနေထိုင်သူ ၁၁သန်း ရှိ ကျူးဘားဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ဖို့ တခြားနိုင်ငံတစ်ခု မိုးကုပ်စက်ဝိုင်းအောက်မှာ ထပ်ပြီး ပေါ်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။
ယူအက်စ်သမ္မတ ဘားရက်အိုဘားမား ပါဝင်လာနိုင်မယ့်ကဏ္ဍတော့ရှိနေပါတယ်။ ယူနိုက်တက်စတိတ်က ပြည်ပကုန်သွယ်ရေးပိတ်ထားတာတွေ ကန့်သတ်ချက်လျှော့ချမယ်။ ဒါမှမဟုတ် ရုတ်သိမ်းလိုက်မယ်ဆိုရင် အစိုးရအတွက် ဘဏ္ဍာရေးမှာယာယီအသက်ရှုချောင်သွားနိုင်မှာပါ။ ဒါပေမဲ့ တခြားတစ်ဘက်ကကြည့်ရင်တော့လည်း အဲဒီအပြောင်းအလဲဟာ စီးပွားရေးကျဆင်းမှုအတွက် ကက်စ်ထရိုအစိုးရပြောနေကြ စိတ်ကြိုက်နိုင်ငံရေးဆင်ခြေကို ရှင်းလင်းလိုက်သလိုဖြစ်မှာပါ။ ဒါဆိုရင်တော့ ကျူးဘားရဲ့မကောင်းတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေအပေါ် ကြာရှည်အပြစ်တင်နိုင်တော့မှာမဟုတ်တော့ဘူး။ ကျူးဘားရဲ့ ကွန်မြူနစ်မူဝါဒပိုင်းအပေါ်ပဲ ထိုးနှက်ချက်တွေပြင်းထန်လာပါလိမ့်မယ်။
အဲဒီအချက်အလက်တွေအားလုံးထည့်သွင်းစဉ်းစားရင် လာမယ့်နှစ်မှာ “စနစ်” ရှင်သန်ဖို့ ခက်ခဲတယ်။ ကာလရှည်ကြာစွာ အသက်ရှည်နေဖို့ မသေချာတော့ပါဘူး။ ဒါပေမဲ့ ရှေ့ဖြစ်အမျိုးမျိုးဟောနေကြလည်းပဲ ဟာဗားနားရဲ့အာဏာရှင်ခေတ်ဟာ နှစ်ရှည်ဆန္ဒဖော်ထုတ်မှုတွေကြားမှာ ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာ ကျွမ်းကျင်နေပါပြီ။ ကျူးဘားရဲ့ စီးပွားရေးဟာ နှစ် ၂၀ စာ အကျပ်အတည်းထဲမှာ ကျင်လည်ခဲ့ပြီးပါပြီ။ နိုင်ငံတိုးတက်ကြီးပွားဖို့မျှော်လင့်နိုင်တဲ့အနေအထားထက် အရေးပေါ်အခြေအနေတွေထဲကနေပဲ ပိုကောင်းလာအောင် နည်းလမ်းရှာနေပါပြီ၊ ကြိုးစားနေပါပြီလို့ ခေါင်းဆောင်တွေက ချော့မော့နှစ်သိမ့်ခဲ့ကြတယ်။ ကျူးဘားပြည်သူတွေဟာ အဖွဲ့အစည်းတွေမှာ အားကြိုးမာန်တက်တာဝန်ထမ်းနေရမယ့်အစား ကြက်သားနှစ်ပေါင်လောက်ဝယ်ယူဖို့ကိုပဲ တန်းစီစောင့်ဆိုင်းကာ အချိန်နာရီတွေဖြုန်းတီးပစ်နေရတာပါ။ ဒီလိုဆိုတော့၂၀၁၃ မှာ ဟာဗားနားမြို့လယ်ခေါင်ထဲ ကိုင်ရိုကတာရီယာရင်ပြင်မှာလို ကြီးကျယ်တဲ့ဆန္ဒပြပွဲမျိုး မြင်ရလေမလားပဲ။ ကျူးဘားရဲ့ လူမှုဒုက္ခပေါက်ကွဲမှုကတော့ တိုင်းပြည်ကနေ လူတွေတခြားနိုင်ငံကို ထွက်ပြေးလွင့်စင်တဲ့ပေါက်ကွဲမှုမျိုးနဲ့ပဲ အဆုံးသတ်တော့မလိုပါ။ လမ်းမပေါ်ထွက်ပြီး အစိုးရကိုဖြုတ်ချမယ့်ဆန္ဒပြခွင့် အခွင့်အရေးနဲ့ ခနော်ခနဲ့ဝါးဖောင်အသုံးပြုပြီးတော့ပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ ပင်လယ်ထဲပစ်ချနိုင်မယ့်အခွင့်အရေး၊ အဲဒီအခွင့်အရေးနှစ်ခု ကျူးဘားပြည်သူတွေကို ပေးကြည့်ရင် ကျူးဘားပြည်သူသန်းပေါင်းများစွာဟာ ဒုတိယအခွင့်အရေးကိုပဲ ပိုပြီးနှစ်သက်ကြမှာပါ။ အဲဒါကမှ ပင်လယ်ရဲ့တစ်ဘက်က ဖလော်ရီဒါကို ရောက်သွားနိုင်သေးတာကြောင့်ပါ။ ကျွန်မတို့ရဲ့ စိတ်အချဉ်ပေါက်မှုတွေဟာဆိုရင် အုံနဲ့ကျင်းနဲ့ဆန္ဒဖော်ထုတ်ပွဲထက် သံရုံးတွေရဲ့အရှေ့မှာစောင့်ဆိုင်းပြီး ပြည်ဝင်ခွင့်ဗီဇာရရှိရေးကိုပဲ ဦးတည်နေကြပါပြီ။
သေချာတာတစ်ခုက၊ လူတွေလမ်းမပေါ်မထွက်ရပါပဲနဲ့လည်း “စနစ်” ဟာ သူကိုယ်တိုင် ပြိုလဲကျဆုံးလု မကြာခဏဖြစ်နေပါတယ်။ ဒီနေ့ ကျူးဘားရဲ့ ကဏ္ဍတိုင်းမှာ အဂတိလိုက်စားမှုတွေ စိမ့်ဝင်ပျံ့နှံ့နေတာဟာ အော်ဂလီဆန်စရာအနံ့ထောင်းထောင်းထနေပါပြီ။ အစိုးရလုပ်သားတွေဟာ နိုင်ငံပိုင်လုပ်ငန်းတွေမှာလုပ်ကိုင်ပြီး ကိုယ်ကျိုးအတွက်ကြည့်ရှုစောင့်ရှောက်မှုတွေပဲ တိုးလို့လာနေတယ်။ ကျူးဘားမိသားစုဝင် အများစုဟာလကုန်ရက်အထိ လုံလောက်အောင်မသုံးစွဲနိုင်ဘူး။ စာရင်းအမှားတွေ၊ အရည်အသွေးညံ့ညံ့ကုန်ပစ္စည်းတွေ နဲ့ အုပ်ချုပ်ရေးဆိုင်ရာကေဒါတွေရဲ့ စီးပွားလုပ်ကိုင်မှုပိတ်ပင်ထားမြစ်ထားချက်တွေကြောင့် ရသမျှငွေဟာ နောက်ဖေးပေါက်ကနေ အဆက်မပြတ်လျှောကျကွယ်ပျောက်ကုန်တော့တယ်။
ဆယ်စုနှစ်တွေအတော်ကြာ ငြင်းဆန်နေကြပေမယ့်လည်း ကျွန်မတို့တိုင်းပြည်မှာ အဂတိလိုက်စားမှုဟာတည်ရှိနေဆဲပါ။ အစိုးရကလည်း ထိန်းမထားနိုင်တဲ့အဆင့်တွေရောက်နေပြီဆိုတာ သတိထားမိလာပါပြီ။ ရာအူးလ်က အဲဒီလက်တွေ့ဖြစ်ပျက်နေတာတွေမျက်ကွယ်ပြုပြီး ဘာသာရေးစစ်ပွဲပုံစံပဲ ခင်းကျင်းပါတယ်။ ထိပ်တန်းအဆင့်တွေရဲ့ အဂတိလိုက်စားမှုအတွက် စာရင်းစစ်ကြပ်မတ်ဖို့ကိုတော့ သူ့ရဲ့ အခင်းအကျင်းထဲမှာ မပါဝင်ဘူး။ အားကောင်းတဲ့အကြီးအကဲတွေ (အလွန်အမင်းစည်းစိမ်ပြည့်ဝစွာနေထိုင်ကြသူတွေ)ကို ကိုင်တွယ်ပြီး အဂတိလိုက်စားမှုအဆုံးသတ်စေရမယ့်စစ်ဆင်ရေးဟာ စတင်နေဆဲအနေအထားမှာပဲရှိနေပါတယ်။ အဲဒါကြောင့်ပဲ စစ်ဗိုလ်ချုပ်-သမ္မတကြီးဟာ သူ့ရဲ့ ခြေလှမ်းတိုင်း အဆင့်တိုင်းမှာ ရန်သူအသစ်တွေရှိနေပေမယ့်(ရန်သူတွေထဲမှာ စစ်ယူနီဖောင်းဝတ်ဆင်ထားသူတွေ ပါဝင်နေသည့်တိုင်အောင်) အဲဒီ ရန်သူတွေကို သူ အနိုင်ရပါတယ်။ ရာအူးလ်က အဲဒါတွေကို ရှင်းလင်းဖို့လှုံဆော်နိုင်ပါ့မလားပဲ။
ဂဏန်းဗေဒင်မှာ အာဏာရှင်ခေတ်ကိုဆန့်ကျင်တဲ့အဟောအပြောနဲ့ နိမိတ်ဖတ်နေပါတယ်။ အစိုးရထုတ်သတင်းစာတွေမှာတော့ အင်မတန်မြင်တွေ့ရခဲတဲ့ နိမိတ်တွေပါ။ ဒါပေမဲ့ Virgin of Regla နတ်ကွန်းအပြင်ဘက်က ရှေ့ဖြစ်ဟောသူတွေနဲ့ ဖောက်သည်တွေရဲ့ စိတ်ထဲမှာတော့ ကျိန်စာသင့်တဲ့ နံပါတ် ၁၃ အကြောင်း စွဲထင်နေခဲ့ပါပြီ။ ဖီဒယ်လ်ရဲ့ ဘဝမှာ အရေးပါတဲ့ဖြစ်ရပ်တွေဟာ ၁၃ ဂဏန်းနဲ့ သက်ဆိုင်နေပါတယ်တဲ့။ သြဂုတ် ၁၃၊ ၁၉၂၆ မှာ မွေးဖွားခဲ့တယ်။ အဲဒီနေ့ရက်နဲ့ အတူတူ ၁၉၉၃ မှာ ကျူးဘားမှာ ယူအက်စ်ဒေါ်လာကိုင်ဆောင်/သုံးစွဲခွင့်ပြုလိုက်တယ်။ ၁၃ ဂဏန်းပါတဲ့နှစ်ဟာ နိုင်ငံရေးအပြောင်းအလဲတစ်စုံတစ်ရာထက် ဖီဒယ်လ်ရဲ့ ချူချာချိနဲ့တဲ့ကျန်းမာရေးကြောင့်ပဲ သူ့ရဲ့ “ခမ်းနားကြီးကျယ်တဲ့ဈာပနပွဲ” ဖြစ်လေမလား မျှော်လင့်နိုင်မှာပါ။
အခုတော့ ကျွန်မတို့ ကျူးဘားပြည်သူတွေဟာ သဘာဝလွန်ဟောကိန်းတွေကိုပဲ ဖက်တွယ်နေရတော့တာပါပဲ။ ရှေ့ဖြစ်ဟောသူတွေရဲ့ စားပွဲပေါ်က ဖဲချပ်တွေ၊ ကနုကမာခွံလေးတွေကပြောမယ့် နိမိတ်တွေရဲ့ အရိပ်အခြည်ကိုပဲ စောင့်ကြည့်နိုင်တော့တယ်။ ဒါပေမဲ့ နတ်ကွန်းရှေ့က ရှေ့ဖြစ်မေးနေကြတဲ့သူတွေကတော့ သည်းမခံနိုင်တော့ပါဘူး။ သူတို့ သိပ်ကို စိတ်စောနေကြပါပြီ။ ။
Source : Midnight in Havana by YOANI SÁNCHEZ
YOANI SÁNCHEZ |
ဆန်းချက်ဇ် ရရှိခဲ့တဲ့ ဆုတွေဖော်ပြပေးလိုက်ပါတယ်။
2008 – Ortega y Gasset Prize for Journalism
2008 – "100 Most Influential People in the World” – Time magazine
2008 – "100 most notable Hispanoamericans" – El País newspaper
2008 – "10 most influential people of 2008" – Gatopardo Magazine
2008 – “10 Most Influential Latin American Intellectuals” of the year – Foreign Policy magazine
2009 – "25 Best Blogs of 2009" – Time magazine
2009 – "Young Global Leader Honoree" – World Economic Forum
2009 – Maria Moors Cabot prize – Columbia University Prize
2010 – World Press Freedom Hero – International Press Institute
2010 – Prince Claus Award – Prince Claus Fund
2012 – “10 Most Influential Ibero American Intellectuals” of the year – Foreign Policy magazine
ဖြိုးဖြိုး
Nweni Magazine, March, 2013 |
No comments:
Post a Comment