Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, January 30, 2014

ညွှန်းတဲ့ ရုပ်ရှင်

Winter’s Tale
Drama / Fantasy / Mystery
Warner Bros. Pictures
ဒါရိုက်တာ - Akiva Goldsman
ထုတ်လုပ်သူ - Akiva Goldsman, Marc E. Platt, Michael Tadross, Tony Allard
ဇာတ်ညွှန်း - Akiva Goldsman
ဝတ္ထု - Based on Winter's Tale by Mark Helprin
သရုပ်ဆောင်များ - Colin Farrell, Russell Crowe, Jessica Brown Findlay, Jennifer Connelly, Will Smith

ဇာတ်ညွှန်းရေး၊ ထုတ်လုပ်သူလည်းဖြစ်နေတဲ့ အမေရိကန်ဒါရိုက်တာ Akiva Goldsman ရဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ လွမ်းမောဖွယ်အချစ်ကို ခံစားနိုင်မယ့်ရုပ်ရှင်တစ်ကားပါ။ Goldsman ဟာ ၂၀၀၁ ခုနှစ်က A Beautiful Mind ရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ညွှန်းပြင်ဆင်ဖန်တီးဆုနဲ့ အကောင်းဆုံးရုပ်ရှင် အော်စကာဆုရရှိခဲ့တယ်။ Forever, Batman & Robin နဲ့ The Da Vinci Code ဇာတ်လမ်းတွဲတွေမှာဇာတ်ညွှန်းရေးတယ်။ I am Legend နဲ့ Mr. & Mrs. Smith မှာ ထုတ်လုပ်သူ နဲ့ Paranormal Activity ရုပ်ရှင်တွေမှာလည်း အမှုဆောင်ထုတ်လုပ်သူဖြစ်ခဲ့တယ်။ ရုပ်ရှင်တစ်ကားမှာ နေရာများစွာကနေဖန်တီးပုံဖော်နေတဲ့ Goldsman ဟာ ဒီ Winter’s Tale မှာလည်း ဇာတ်ညွှန်းအတွက်ပြင်ဆင်ရေးသားပါတယ်၊ ထုတ်လုပ်သူကိုယ်တိုင်နဲ့ ဒါရိုက်တာအဖြစ်လည်းပါဝင်ရိုက်ကူးခဲ့တာပါ။ ၁၉၁၆ ခုနှစ်နေ့ရက်တွေထဲက ပီတာလိတ်ခ်(Colin Farrell) ရဲ့ ဘဝတစ်ခုအကြောင်းပေါ့။ ပီတာလိတ်ခ်ဟာ အိုင်းရစ်ဖောက်ထွင်းရေးသမားတစ်ဦး၊ သူ ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့အိမ်က မိန်းမငယ်လေး ဘီဗာလီပဲန်း(Jessica Brown Findlay)ကို ချစ်မက်စွဲလမ်းသွားတယ်။ မိန်းကလေးက သေအံ့ဆဲဆဲအနေအထားမှာပါ။ လိတ်ခ်ကို တူးတူးခါးခါးမုန်းတီးနေတဲ့ ဂိုဏ်းစတားအရူးအနှမ်း ပါးလီဆုမ်းစ်(Russell Crowe) နဲ့ သူ့ရဲ့ ဂိုဏ်းသားတွေကြမ်းကြမ်းရမ်းရမ်းလိုက်လံဖမ်းဆီးကြတော့ လှို့ဝှက်ဆန်းကြယ်နတ်မြင်းဖြူ အေသန်ဆော က ကယ်ဆယ်လိုက်တယ်။ ချစ်ခြင်းမေတ္တာနဲ့ ကံကြမ္မာကြားမှာ၊ အလင်း နဲ့ အမှောင်ကြားမှာ အံ့ဘနန်းဖြစ်ရပ်ဆိုတာ ဖြစ်ပျက်နိုင်တယ်တဲ့။ လိတ်ခ် က နောက်ဘဝတစ်ခုထိ အတောင်ပံတွေဆန့်တန်း ဖြန့်ကျက်ပြီး သူ့မိန်းကလေးကိုရှာနေဆဲပဲ။ အင်္ဂလိပ်အဆိုတော်မလေး Birdy ရဲ့ “Wings” သီချင်းသံက ခပ်ချိုချို၊ ဆွေးမြည့်လှိုက်မောဖွယ်။ လိတ်ခ်ရဲ့ မျက်ရည်တွေပြည့်လျှံလာခဲ့ပြီ။ Winter’s Tale ကို လာမယ့် Valentine’s Day မှာ ပြသမှာပါ။

Pompeii
Action / Adventure / Drama
Constantin Film (Germany)
TriStar Pictures (US and Canada)
Lionsgate Films (International)
Icon Productions (Australia)
ဒါရိုက်တာ - Paul W. S. Anderson
ထုတ်လုပ်သူ - Paul W. S. Anderson, Jeremy Bolt, Don Carmody
ဇာတ်ညွှန်း - Paul W. S. Anderson, Janet Scott Batchler, Lee Batchler, Julian Fellowes, Michael Robert Johnso
သရုပ်ဆောင်များ - Kit Harington, Emily Browning, Kiefer Sutherland, Jared Harris, Jessica Lucas

ဗစ်တိုးရီးယားဘုရင်မလက်ထက် နယူးကာဆယ်မြို့စားတစ်ဦးလည်းဖြစ်ခဲ့တဲ့ စာရေးဆရာ Edward Bulwer-Lytton (Lord Lytton) ရဲ့ အင်မတန်ကျော်ကြားခဲ့တဲ့ဝတ္ထု “ပွန်ပီမြို့ရဲ့ နောက်ဆုံးနေ့များ” ကို ပြန်လည်အမှတ်ရမိစရာပါပဲ။ အေဒီ ၇၉ ကာလ ပွန်ပီမြို့က ငွေဝယ်ကျွန် မိုင်လို(Kit Harington) ရဲ့ ကြမ်းတမ်းခက်ထန်ရဲ့ ဘဝနေ့ရက်ပုံပြင်တစ်ပုဒ်ပါ။ မိုင်လိုက ငွေဝယ်ကျွန်အဖြစ်ကနေ အနိုင်မခံအရှုံးမပေးဇွဲသန်လှတဲ့ Gladiator တစ်ဦးအဖြစ် ရှင်သန်နေထိုင်ရဖို့ဖြစ်လာတယ်။ အရာရာရင်ဆိုင်နိုင်ဖို့တွန်းအားပေးခဲ့တာက မိုင်လိုရဲ့ အချစ်စစ်ကလေး ကက်ဆီရာ(Emily Browning) ပါ။ မိန်းမချောလေး ကက်ဆီရာက သူကြွယ်ကုန်သည်ကြီးတစ်ဦးရဲ့ သမီးလေးပေါ့။ သူကြွယ်ကြီးဟာ လာဘ်စား/ အကျင့်ပျက်ရောမလွှတ်တော်အမတ်ကြီးတစ်ဦး၊ သူ့ရဲ့ သမီးချောလေး ကက်ဆီရာကို လက်ထပ်သိမ်းပိုက်မှာကို ငြင်းလည်း မငြင်းဆန်ဝံ့ဘူး။ ပျော်လည်း မပျော်ပိုက်ဘူး။ မိုင်လိုက ကက်ဆီရာ ကို ကယ်ဆယ်ဖို့ တိုက်ခိုက်ရတော့မယ်။ မိုင်လို သတ်ကွင်းထဲ အသင့်ဖြစ်နေတဲ့တစ်နေ့မှာ ဗီဆူးဗီးယပ်စ်မီးတောင်ကြီး မြည်ဟည်းပေါက်ကွဲလာတော့တယ်။ မီးလျှံမီးခဲ ချော်ရည်တွေ ပွန်ပီမြို့ကြီးဆီကို အရှိန်အဟုန်နဲ့ ပြေးဆင်းလာကြပြီ။ ဘယ်သူတွေ ပေါ်ထွက်လာမလဲ။ ဘယ်သူတွေ ပြိုလဲကျရှုံးမလဲ။ ဘယ်သူတွေလွတ်မြောက်မလဲ။ မီးတောင်ကြီးရဲ့ အရိပ်အောက်မှာရှိနေကြတဲ့ ပွန်ပီမြို့သားတွေဟာ မီးတောင်ဆိုတာ တစ်နေ့နေ့မှာဒီလို ပေါက်ကွဲပြီးချော်ရည်ချော်မြှုပ်တွေ အံထုတ်လာနိုင်တယ်ဆိုတာမသိနိုင်ဘဲ နေမြဲအတိုင်းလှုပ်ရှားနေခဲ့ကြတယ်။ ပွန်ပီမြို့ကို ချော်ရည်တွေနဲ့ ဖုံးအုပ်ပျောက်ကွယ်သွားစေခဲ့တဲ့ ဗီဆူးဗီးယပ်စ်မီးတောင်ကြီး လှုပ်ရှားခုန်ပေါက်၊ ပြိုဆင်းကျလာပုံတွေကို 3D နဲ့ ကြည့်ရှုနိုင်ကြမှာပါ။ ခန့်မှန်းကုန်ကျငွေ ဒေါ်လာ သန်း ၁၀၀ သုံးထားပါတယ်တဲ့။

RoboCop
Action / Crime / Sci-Fi
Metro-Goldwyn-Mayer, Columbia Pictures, StudioCanal (UK)
ဒါရိုက်တာ - José Padilha
ထုတ်လုပ်သူ - Marc Abraham, Eric Newman
ဇာတ်ညွှန်း - Joshua Zetumer
ဝတ္ထု - Based on 1987 Screenplay by Edward Neumeier, Michael Miner
သရုပ်ဆောင်များ - Joel Kinnaman, Gary Oldman, Michael Keaton, Samuel L. Jackson

“ကျွန်တော်ဘယ်မှာလဲ”  “ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်။ ခင်ဗျား အခု ဆေးရုံမှာ” “ဘယ်လောက်ကြာပြီလဲ” “၃ လ” “ကလာရာ … ကျွန်တော်ဇနီး .. သားလေး သူတို့ရော” “ခင်ဗျား မိသားစု အားလုံး အဆင်ပြေတယ်” “ကျွန်တော် … လှုပ်လို့မရတော့ဘူး။ ကျွန်တော့်အစိတ်အပိုင်းတွေ သေဆုံးကုန်ပြီထင်တယ်”။ မဟုတ်ပါဘူး။ တကယ်တော့ ပိုပြီးသန်စွမ်းရှင်သန်လာခဲ့တာပါ။ သက္ကရာဇ် ၂၀၂၈ မှာ OmniCorp ရိုဘော့ကော်ပိုရေးရှင်းကြီးဟာ ရိုဘော့စက်ရုပ်တွေဖန်တီးထုတ်လုပ်ပေးနေတယ်။ ပင်လယ်ရပ်ခြားက စစ်တပ်ဌာနတွေအတွက်ပါ။ ကမ္ဘာတလွှားမှာ OmniCorp ရဲ့ ဘီလီယံနဲ့ချီနေတဲ့ ရိုဘော့ထုတ်လုပ်မှုတွေလှုပ်ရှားနေတယ်။ သူတို့ရဲ့ အငြင်းပွားဖွယ်ရာနည်းပညာကို မိခင်မြေမှာပါ လက်တည့်စမ်းအသုံးပြုခွင့်၊ ရွှေအခွင့်အရေးကြီးတစ်ခုရရှိလာခဲ့ပါပြီ။ အင်မတန်ချစ်ခင်ကြင်နာတတ်တဲ့ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ တာဝန်ကျေလှတဲ့ ရဲအရာရှိကောင်း အဲလက်စ်မာဖီ(Joel Kinnaman)ဟာ ဒက်ထရွိုက်မှာ မြင့်တက်နေတဲ့ ပြစ်မှု/ အကျင့်ပျက်ခြစားမှုဒီရေကျသွားအောင် အတတ်နိုင်ဆုံးကြိုးစားနေတယ်။ တာဝန်ချိန်အတွင်း ကားဗုံးပေါက်ကွဲမှုနဲ့အတူ သူရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပြင်းပြင်းထန်ထန်ထိခိုက်သွားခဲ့ပြီ။ OmniCorp က ဒီအခွင့်အရေးကို ဆုပ်ကိုင်ဖမ်းယူထားလိုက်ပြီး လူတစ်ပိုင်း ရိုဘော့တစ်ပိုင်းရဲအရာရှိတစ်ဦးဖန်တီးလိုက်တော့တယ်။ OmniCorp ရဲ့ ထုတ်လုပ်ဖန်တီးခဲ့ဖူးတဲ့ ရိုဘော့တွေက အမေရိကလမ်းမတွေပေါ်မှာ ပြည့်နှက်လာတဲ့အခါ။ အဲလက်စ်မာဖီက သူ့ကိုသန်စွမ်းရှင်သန်စေခဲ့တဲ့ OmniCorp ကိုအထောက်အပံ့ပေးမှာလား။ OmniCorp ကလူတွေ မေ့လျော့သွားခဲ့တာက ရိုဘော့စက်ရုပ်တစ်ရုပ်အတွင်းမှာ အကောင်းအတိုင်းကျန်ရှိနေသေးတဲ့ လူသားအစစ်ပါ။ အဲဒီလူသားရဲ့ တရားမျှတမှုကိုချစ်မြတ်နိုးဆဲ စိတ်ဓာတ်တစ်ခုကို သူတို့လျှော့တွက်ခဲ့ကြတယ်။
The Monuments Men
Action / Biography / Comedy
Columbia Pictures(United States)
20th Century Fox (International)
ဒါရိုက်တာ - George Clooney
ထုတ်လုပ်သူ - George Clooney, Grant Heslov
ဇာတ်ညွှန်း - George Clooney, Grant Heslov
ဝတ္ထု - Based on The Monuments Men by Robert M. Edse
သရုပ်ဆောင်များ - George Clooney, Matt Damon, Bill Murray, John Goodman, Jean Dujardin, Bob Balaban, Hugh Bonneville, Cate Blanchett

ဂျော့ခ်ျကလူးနီရိုက်ကူး ထုတ်လုပ်တဲ့ စစ်ပွဲသမိုင်းတွေထဲက ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။ အမေရိကန်စာရေးဆရာ Robert M. Edsel ရဲ့ The Monuments Men: Allied Heroes, Nazi Thieves and the Greatest Treasure Hunt in History ကိုရိုက်ကူးထားတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်အဆောက်အအုံတွေ၊ အနုပညာလက်ရာ ပန်းချီကားတွေကို ဟစ်တလာရဲ့ နာဇီပါတီအင်အားစုတွေမဖျက်ဆီးခင် မဟာမိတ်တပ်ဖွဲ့တွေ ကာကွယ်ကြရတယ်။ လက်ရာမြောက်ပန်းချီကားတွေ ပိုင်ရှင်အစစ်အမှန်ဆီပြန်လည်ရောက်ရှိနိုင်အောင် စောင့်ရှောက်ကြတယ်။ မဖြစ်နိုင်တဲ့စစ်ဆင်ရေးတစ်ခုလိုပါပဲ။ ရန်သူစစ်ကြောင်းနောက်မှာ ပိတ်မိနေတဲ့အနုပညာလက်ရာတွေ၊ ဂျာမန်စစ်တပ်ကျဆုံးတဲ့အခါ အားလုံးကို ဖျက်ဆီးဖို့ အမိန့်အာဏာတွေအောက်မှာ ပြတိုက်၇ခုက ဒါရိုက်တာတွေ၊ ပြတိုက်မှူးတွေနဲ့ အနုပညာသမိုင်းပညာရှင်တွေအားလုံးဟာ မိုက်ကယ်အိန်ဂျလိုရဲ့ လက်ရာမြောက်အနုပညာလက်ရာတွေထက် M -1 လို တပ်ဖွဲ့ရဲ့ စစ်ဗျူဟာမြောက်အခြေအနေတွေနဲ့ပဲ ပိုပြီး အကျွမ်းတဝင်ရှိနေကြတာမဟုတ်လား။ အောင်မြင်ဖို့ မျှော်လင့်နိုင်ပါ့မလားပဲ။ ဒါပေမဲ့ Monuments Men လို့ ခေါ်နေကြတဲ့ တပ်သားတွေဟာ သက်တမ်း ၁၀၀၀ ခန့်ရှိနေတဲ့ ယဉ်ကျေးမှုလက်ရာတွေဖျက်ဆီးခံရမယ့်အခြေအနေကို တားဆီးဖို့ကြိုးစားကြမှာပါ။ စစ်ဗိုလ်လေး ဂျိမ်းစ်ရိုရင်းမားအဖြစ် မက်ဒေမွန်သရုပ်ဆောင်ခဲ့ပါတယ်။ ဒယ်နီရယ်ကရေ့ခ်ျကို သရုပ်ဆောင်စေဖို့ မူလကစီစဉ်ထားခဲ့ပေမဲ့ ရက်အားမရှိတာကြောင့် မက်ဒေမွန်သရုပ်ဆောင်ဖြစ်ခဲ့တယ်လို့ဆိုတယ်။ အမေရိကန်စစ်ပွဲနဲ့ လေယာဉ်တွေအပါအဝင်တိုက်ပွဲပြကွက်တွေကို ယူကေ၊ Cambridgeshire က Imperial War Museum Duxford နဲ့ ဂျာမနီ၊ Potsdam က Babelsberg Studios မှာ ရိုက်ကူးခဲ့ပြီး outdoor ရိုက်ကွင်းတွေကိုတော့ ဂျာမနီရဲ့ နာဇီပါတီသမိုင်းမှာအရေးကြီးခဲ့တဲ့ Harz ဒေသ အော့ဇ်ဝစ်ခ်ျမြို့၊ Berlin-Brandenburg မှာရိုက်ကူးခဲ့ကြတယ်။ ၆၄ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်အတွင်း ၂၀၁၄ ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ စတင်ပြသမယ်လို့ ကြေညာထားပါတယ်။
ဖြိုးဖြိုး
(Yati Magazine, February, 2014)

No comments: