Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, March 05, 2013

ရိုးရှင်းတဲ့အပြင်အဆင်ထဲက နွေရက်လေးတွေမှာ


အေးမြတဲ့ဆောင်းရက်လေးတွေထဲကနေ အချိန်တရွေ့ရွေ့တိုးလို့ နေ့တွေခရီးရှေ့ဆက်လာလိုက်တာ နေရောင်လင်းလင်း စူးလဲ့တောက်ပတဲ့နွေရက်လေးတွေထဲ တိုးဝင်ဦးတော့မှာပါပဲ။ နွေနေ့ရက်နေလေးတွေဟာ အနားယူအပမ်းဖြေခရီးလေးတွေ သွားသွားလာလာပြုလုပ်နိုင်တဲ့ သွက်လက်တဲ့နေ့လေးတွေ၊ သာယာကြည်နူးစရာနေ့ရက်လေးတွေပါ။ အေးမြတဲ့ရာသီဥတုအိမ်ခန်းအပြင်အဆင် နွေးတဲ့ရောင်စဉ်၊ နွေးတဲ့သိုးမွှေး၊ ထူထူထဲထဲ ချည်သားကောဇောအသုံးအဆောင်လေးတွေကနေ ပေါ့ပေါ့ပါးပါးချည်သား၊ ဖဲသား၊ ပိုးသားစခန်းဆီး၊ ပရိဘောဂအစွပ်လေးတွေ၊ နေရောင်ဝဝစုပ်ယူ ဖူးပွင့်လာတော့မယ့် အလှဆင်ပန်းအိုးလေးတွေအပါအဝင်၊ တခြား ပေါ့ပါးသွက်လက် အိမ်တွင်းအလှဆင်ပစ္စည်းလေးတွေနဲ့ လန်းဆန်းတဲ့အသွေးအရောင်လေးတွေ ပြောင်းလဲခြယ်မှုန်းကြည့်နိုင်ပါတယ်။ မပြောင်းမလဲ မခြယ်မှုန်းပဲ နေရင်ရော၊ မရနိုင်ဘူးလားဆိုရင်တော့။ ရတာပဲပေါ့။ ကိုယ့်ရဲ့အိမ်ခန်းလေးမှာ ရာသီအလိုက်ပြင်ဆင်မနေဘဲ လှုပ်ရှားမှုမရှိတဲ့အဆင်အပြင်မျိုးနဲ့လည်း တသမတ်တည်းသေဝပ်စွာ ရှင်သန်နေထိုင်နိုင်တာပါပဲ။

ဒါပေမဲ့ ပြောင်းလဲဆန်းသစ်မှုမရှိတဲ့နေ့ရက်တွေထဲ ကိုယ်တို့တွေ အဟောင်းအတိုင်းငြိမ်သက်စွာနေထိုင်ရင်း အချိန်တွေကုန်ဆုံးပစ်လိုက်ရမှာတော့ နှမြောစရာပါ။ နေ့စဉ်အလုပ်တာဝန်တွေနဲ့ မအားမလပ်နိုင်အောင်ရှိနေကြတော့ အိမ်ခန်းလေးကို လှည့်မကြည့်နိုင်အောင်ဖြစ်ရတာကလည်း တကယ့်ကိုပဲ၊ အချိန်ပြည့်အလုပ်တွေရှုပ်နေကြတယ်။ အလုပ်တွေလုပ်နေကြရတယ်။ လူတိုင်းလူတိုင်း ဒီလိုပါပဲ။ ဒီလိုနဲ့ပဲ ရနိုင်သမျှအချိန်လေးဆွဲယူသိမ်းထုပ်ထားမယ်ဆိုရင်။ ခက်ခက်ခဲခဲရှာဖွေမှ ရလာနိုင်တဲ့ငွေကြေးကိုလည်း နိုင်းဆချိန်ညှိပြီးတော့ သုံးစွဲမယ်။ ပြီးတော့ အချိန်ရော ငွေကြေးရော ဟန်ချက်ညီညီသုံးစွဲပြီး အိမ်ခန်းလေးကို လှပတင့်တယ်အောင် ပြင်ဆင်မယ်ဆိုရင်တော့ အိမ်လေးထဲမှာ ပျင်းရိငြီးငွေ့စရာဆိုတာ ဘယ်လိုနည်းနဲ့မှ ရှာဖွေတွေ့နိုင်မှာမဟုတ်တော့ဘူး။ ကိုယ့်ရဲ့ အိမ်ခန်းလေးကပဲ ကိုယ့်ကို ဧည့်ခံဖျော်ဖြေနေသလို၊ ကဇာတ်တစ်ပုဒ်ကိုကြည့်နေရသလို ခံစားလာရမှာပါ။ အချိန်တွေကို သိပ်အနားပေးမထားဘဲများများအလုပ်ပေးနိုင်လေလေ တွေးတောငေးမောနေစရာ အချိန်မရှိနိုင်တော့ဘူးပေါ့။ အမြဲလို လန်းဆန်းသွက်လက်နေတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်နိုင်ပါသေးတယ်။

နွေရာသီအပမ်းဖြေနားနေနိုင်မယ့် ကမ်းခြေကအိမ်လေးတစ်လုံးရှိနေပါသလား။ ရှိခဲ့မယ်ဆိုရင် ကမ်းခြေဘက်ဆီ မိသားစုနဲ့အတူ အနားယူခရီးထွက်နိုင်ပါတယ်။ မရှိဘူးဆိုရင်လည်း စိတ်ပူစရာတော့မဟုတ်ပါဘူး။ နွေရာသီအိမ်ခန်းအလှပြုပြင်မွမ်းမံဖို့အတွက်က လွယ်ကူပါတယ်တဲ့။ ကိုယ့်ရဲ့တိုက်ခန်း၊ အိမ်ခန်းထဲမှာ လွတ်လပ်ပေါ့ပါးတဲ့ နွေရာသီဒီဇိုင်းအပြင်အဆင်လေးတွေ ခြယ်မှုန်းနိုင်တာပါပဲ။

ပရိဘောဂအတွက်ဆိုရင် - အမှောင်ကဲတဲ့အရောင်တွေ ခပ်မှိန်မှိန်ဖျော့တော့တဲ့အရောင်တွေဟာ ဆောင်းတွင်းကာလတွေအတွက် အပြည့်စုံဆုံးအရောင်အသွေးတွေပါ။ ဒါပေမဲ့ နွေရာသီမှာတော့ အပြင်ဘက်ပူပြင်းနေတဲ့အချိန် အိမ်ခန်းအတွင်းမှာ အရောင်ပြင်းတွေမသုံးသင့်ပါဘူး။ အေးမြလင်းလက်ပြီး ပေါ့ပါးတဲ့အရောင် light and airy color အရောင်လေးတွေရွေးချယ်သုံးကြည့်နိုင်ပါတယ်။ ဆက်တီတွေရဲ့ အစွပ်တွေကို ဖြုတ်နိုင်တပ်နိုင်တဲ့ ပိတ်သားနဲ့အဖုံးလေးတွေသုံးပါ။ အဖြူရောင်နဲ့ အရောင်ဖျော့လေးတွေအသုံးပြုပါ။ အဖြူ၊ ကာကီရောင်ဆက်တီစွပ်လေးတွေဟာ ထူးထူးခြားခြားမဟုတ်လှဘူးလို့ ထင်မြင်နိုင်စရာရှိပါတယ်။ ဒါပေမဲ့ အဲဒီအစွပ်လေးတွေကိုပဲ ရာသီအလိုက် အရောင်လေးတွေရွေးချယ်သုံးမယ်။ လျှော်ဖွပ်သန့်စင်ထားတဲ့အစွပ်လေးတွေလဲလှယ်လိုက်မယ်။ ပြီးတော့ မှီအုံးလေးတွေရဲ့ အစွပ်ကိုလည်း လိုက်ဖက်မယ့် အရောင်အဆင်သွေးလေးတွေ အသုံးပြုလိုက်မယ်ဆိုရင် ဧည့်ခန်းလေးဟာ တခဏလေးအတွင်းရှင်းသန့်သွက်လက်လာမှာပါ။

လိုက်ကာခန်းဆီးတွေကို - နွေညတွေရဲ့ လေညင်းးအေးမြမြအရသာခံစားနိုင်ဖို့အတွက် လေးလံပြီးအရောင်မှိုင်းမှိုင်းလိုက်ကာတွေ ဖြုတ်သိမ်းလိုက်တာ ပိုကောင်းပါတယ်။ အလှဆင်လိုက်ကာအစား ပေါ့ပါးပါးလွှာတဲ့ခန်းဆီးလေးတွေပဲ အသုံးပြုသင့်ပါတယ်။ ခန်းဆီးစလေးတွေက ပြောင်းလွယ်ပြင်လွယ်၊ ဖြုတ်ပြီးလဲလှယ်ရလွယ်ကူနိုင်တာမို့ နွေကာလတွေနဲ့ အသင့်တော်ဆုံးပါပဲ။ အပြင်ဘက်ကိုအတားအဆီးမဲ့မြင်တွေ့ဖို့ ပိုပြီးနှစ်သက်တယ်ဆိုရင်တော့ ပြူတင်းပေါက်တစ်ခုလုံးဖုံးကာမယ့် ခန်းဆီးစမသုံးပဲ နဖူးစည်းခန်းဆီးတိုလေးတွေပဲတပ်နိုင်ပါတယ်။ အဲဒီခန်းဆီစလေးတွေကို နွေရာသီနဲ့ လိုက်ဖက်မယ့် အဆင်အကွက်၊ အရောင် ရွေးချယ်တပ်လိုက်မယ်ဆိုရင် ကိုယ်တို့ပြူတင်းပေါက်လေးတွေအတွက် အလှအပပြည့်စုံသွားပါပြီ။
ဖြိုးဖြိုး
Living Fashion Magazine, March, 2013

1 comment:

Han Kyi said...

အင်း အော့ဖ်လိုင်းမှာ ရေးပေမယ့်လည်း အပြင်မဂ္ဂဇင်းတွေကို ယောင်လို့တောင် ကောက်မကိုင်ဖြစ်တဲ့ ဦးဟန်ကြည်တို့လို လူစားတွေအတွက်ကျတော့ အခုလို အွန်လိုင်းမှာ ပြန်တင်ပေးတာကပဲ ပိုပြီး အထာကျသကိုး...

ကွယ်...နွေရာသီရောက်ရင် ကိုယ်အောင်းတဲ့ဂူကလေးကို ပြင်ပြင်ဆင်ဆင်တော့ လုပ်ချင်တာပေါ့...သို့ပေမင့် အစစအရာရာ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ရွှေပြည်သားဖြစ်နေပြန်တော့လည်း ဂူပေါက်ကို အသာပိတ်ပြီး ကြုံရာနေရာ ခရီးလျှောက်သွားနေလိုက်တာ များတာပါပဲး)