Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, March 09, 2013

ဂျိမ်းစ်ဘွန်းစတိုင်လ် အိမ်ကြီးရယ်၊ ပရီးမီးယားလိဂ်ရယ်

အင်္ဂလိပ်ဘောလုံးစတား ဒေးဗစ်ဘက်ခမ်းဟာ လက်ရှိ ပြင်သစ်နိုင်ငံက UEFA  League 1 ကလပ် ပဲရစ် စိန့်-ဂျာမိန်း(PSG) နည်းပြအဖြစ်တာဝန်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ၅လတာ စာချုပ်ချုပ်လိုက်ပါပြီ။ ပြင်သစ်မှာရရှိမယ့်လစာမှန်သမျှကို ဒေသခံကလေးငယ်တွေကို လှူဒါန်းမယ်လို့လည်း ကြေညာခဲ့တယ်။ ပဲရစ်မြို့မှာ ကာလတိုဘောလုံးနည်းပြလုပ်မယ်။ လန်ဒန်မှာပဲ မိသားစု ကလေးတွေအားလုံးအခြေချနေထိုင်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ အဲဒီအတွက် ဗစ်တိုးရီးယားဟာ လန်ဒန်အနောက်တောင်ပိုင်းမှာ တစ်လကြာ အိမ် လှည့်လည်ရှာဖွေခဲ့သေးတာပေါ့။ အချိန်များများပေး ရှာဖွေလိုက်တဲ့အခါ ရွေးချယ်စရာအိမ်တစ်အိမ်ကို တွေ့ခဲ့ပါတယ်တဲ့။ နောက်ကျခဲ့တဲ့ နှစ်သစ်ကူးလက်ဆောင်လို့တောင် ပြောနေကြပါတယ်။ ဘက်ခမ်းမိသားစုတွေ့ခဲ့တဲ့ နှစ်သစ်ကူးလက်ဆောင်ဟာ ပေါင် သန်း ၂၀ ကျော် တန်ကြေးရှိပြီး လန်ဒန်နာမည်ကြီး ဖက်ရှင် “Ghost” ရဲ့ သူဌေး ပိုင်ဆိုင်တဲ့အိမ်ပါ။ ကလေးတွေအတွက် ကျောင်းကောင်းကောင်းနဲ့နီးတဲ့နေရာဖြစ်တာကြောင့် အဲဒီလန်ဒန်တောင်ပိုင်း London City က ဖက်ရှင်ကျကျလှပတဲ့အိမ်ကို ရွေးချယ်ခဲ့ကြတယ် တဲ့။ ဘရွတ်ကလင်း ၁၃ နှစ်၊ ရိုမီယို ၁၀ နှစ်နဲ့ ခရုဇ် ၇ နှစ်တို့အားလုံး လန်ဒန်ကကျောင်းမှာ စာရင်းသွင်းပြီးကြပါပြီ။ အငယ်ဆုံးသမီးလေး ဟာပါဆဲဗင်း (၁ နှစ် ခြောက်လ)ကို အမေရိကမှာမွေးခဲ့တော့  ဟာပါအတွက် ယူကေဟာ သူမအတွက် ပထမဆုံးအတွေ့အကြုံဖြစ်နေမှာပါပဲ။ အမှန်တကယ်တော့ ဒေးဗစ်ရော ဗစ်တိုးရီးယားပါ အမေရိကကိုပိုပြီးသဘောကျကြတယ်။ သားတွေကတော့ အင်္ဂလန်ကိုပဲ ပြန်နေကြဖို့ အမြဲဆန္ဒရှိနေကြသတဲ့။ အဲဒီ အိမ်ဟာ အိမ်ခန်းလေးခန်းအနည်းဆုံးပါရှိပြီး ကြီးမားတဲ့ ကားဂိုဒေါင်ပါရှိတယ်။ ဒေးဗစ်ရဲ့ Range Rover ကားအပါအဝင် သူပိုင်ဆိုင်တဲ့ကားတွေ နေရာချသိမ်းဆည်းဖို့ လုံလုံလောက်လောက်ကြီးမားလှပါတယ်။ “ဂျိမ်းစ်ဘွန်းစတိုင်လ်”  အိမ်ဖြစ်ပြီး လုံခြုံရေးအမြင့်ဆုံးအနေအထားရှိတယ်။ နံရံတွေဟာမြင့်မားလှတယ်။ ခဲသားခံထားပြီး ကျည်ဆန်တိုးလို့မပေါက်နိုင်တဲ့ နံရံတွေပါ။ State of the Art လုံခြုံရေးကင်မရာတွေခြံစည်းရိုးတလျှောက် အပြည့် တပ်ဆင်ထားပါတယ်။ 

ဒေးဗစ်ဘက်ခမ်းရဲ့ ပိုင်ဆိုင်မှုတွေထဲက ကယ်လီဖိုးနီးယားပြည်နယ် Napa က စပျစ်ခြံဟာ ကြီးမားကျယ်ပြန့်လှတယ်။ ဗစ်တိုးရီးယားအတွက် ဒေးဗစ်ရဲ့လက်ဆောင်လို့ ဆိုပါတယ်။ ဒေးပစ်က ဗစ်တိုးရီးယားအမည်ပါတဲ့ စပျစ်ဝိုင်တစ်ပုလင်းအမှတ်တရလက်ဆောင်ပေးခဲ့ပါသေးတယ်။ ဝိုင် လုပ်ငန်းလုပ်ကိုင်ဖို့ အစီအစဉ်မရှိပါဘူး တဲ့။ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် သီးသန့်ပြုလုပ်ဧည့်ခံနိုင်မယ့် စပျစ်ခြံပါလို့ ဆိုတယ်။

ဒူဘိုင်းကမ်းရိုးတန်းက ဖန်တီးတည်ဆောက်ထားကြတဲ့ Palm Island မှာ အဆင့်မြင့် အိမ်တစ်လုံးပိုင်ဆိုင်ပါသေးတယ်။ အိပ်ခန်း ၇ ခန်း ပါရှိပြီး ဒေါ်လာ ၁.၆သန်းတန်ကြေးရှိပါတယ်။ အဲဒီ ကျွန်းအိမ်လေးတွေပိုင်ဆိုင်ကြတဲ့ အင်္ဂလိပ်ဘောလုံးသမားတွေက ဒေးဗစ်တစ်ယောက်ထဲမဟုတ်ပါဘူး မိုက်ကယ်အိုဝင်၊ ဝိန်းဘရစ်ခ်ျ၊ အက်ရှ်လေကိုးလ်၊ ကီရွန်ဒိုင်းရာ နဲ့ ဒေးဗစ်ဂျိမ်းစ်တို့လည်း ကျွန်းအိမ်လေးတွေပိုင်ဆိုင်ကြပါတယ်။

၂၀၀၉ ခုနှစ်မှာ ဒူဘိုင်းက Burj Khalifa အမြင့်ဆုံးမျှော်စင်အဆောက်အဦးမှာ အဆင့်မြင့်တိုက်ခန်းတစ်ခန်းပိုင်ဆိုင်ပါသေးတယ်။ ပေါင် ၅ သန်းတန်ပါတယ်။ အိပ်ခန်းက ၇ ခန်းပါရှိတယ်။ 

Beverly Hills Home - Italian villa in Beverly Hills in 2007

၂၀၀၇ ခုနှစ်က ဘီဗာလီဟေးလ်စ်မှာ အီတလီစတိုင်လ်အဆောက်အဦးဝယ်ယူခဲ့ကြပါတယ်။ အမေရိကန်ဘောလုံးအသင်း လော့စ်အင်ဂျယ်လီစ့်ဂလက်စီ ကလပ်အသင်းမှာပြောင်းရွှေ့ကစားပြီးတော့မှ အဲဒီအိမ်ကိုဝယ်လိုက်တာပါ။ သစ်မာသားနဲ့ ကျောက်ပြား အကွက်ကျကျ အလှပဆုံးခင်းထားတဲ့/ လေအေးပေးစက်အပြည့်တပ်ဆင်ထားတဲ့ အဆောက်အဦးလို့ဆိုတယ်။ မီးလင်းဖိုကလည်း ၆ခုပါရှိတယ်။ ၁၃၀၀၀ စတုရန်းပေကျယ်ဝန်းပြီး အခန်းတိုင်းကနေ ပင်လယ်ဘက်ဆီကြည့်မြင်နိုင်တဲ့ မြင်ကွင်းဟာ ရင်သပ်ရှုမောဖွယ်ရာပါပဲ။ ဒေါ်လာ ၂၂ သန်းကုန်ကျပါတယ်။ မင်းသားဝီလျံနဲ့ ကိတ်မစ်ဒဲလ်တန်တို့ဟာ မင်္ဂလာဧည့်ခံပွဲ ဆင်ယင်ကျင်းပပြီးတဲ့နောက် အဲဒီအဆောက်အဦးဆီ တော်ဝင်ဧည့်အဖြစ်လည်ပတ်ခဲ့ကြပါသေးတယ်။

၂၀၀၅ ခုနှစ်က ဒေးဗစ်ပိုင်ဆိုင်ခဲ့တဲ့ စပိန်စတိုင်လ်ရိပ်မြုံကတော့ ဒေါ်လာ ၆.၂၁သန်းတန်ကြေးရှိပါတယ်။ အိမ်ဖောက်ထွင်းသူတွေအတွက်အခွင့်အရေးမရရှိနိုင်တဲ့ လုံခြုံရေးစိတ်ချရတဲ့အိမ်တစ်အိမ်ပါ။ စောင့်ကြည့်လုံခြုံရေးကင်မရာ၊ အချက်ပေးစနစ် နဲ့ လျှပ်စစ်shock စနစ်တွေပါ တပ်ဆင်ထားကြတယ်။ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာတည်ရှိတာပါ။ အဲဒီအိမ်ဝန်းကျင်တစ်ဝိုက်ဟာ ကြွယ်ဝချမ်းသာပြီး ကျော်ကြားတဲ့သူတွေနေထိုင်တဲ့ ခန့်ညားလှပအိမ်တွေရှိတယ်။ ပြင်သစ်ဘုရင် Julan Carlos ပိုင်ဆိုင်တဲ့အိမ်လည်းရှိနေတာမို့ လေယာဉ်မပျံသန်းရဇုံသတ်မှတ်ထားတဲ့နေရာပါ။ အိပ်ခန်း ၅ ခန်း နဲ့ ရေချိုးခန်း ၆ ခန်းပါရှိတယ်။ အိမ်အပြင်ဘက်မှာ ရေကူးကန်၊ တင်းနစ်ကစားကွင်းနဲ့ ဘောလုံးကွင်းငယ်တစ်ခုရယ် ကစားကွင်းတစ်ခုရယ်ရှိနေကြတယ်။ အဆင့်မြင့်လုံခြုံရေးစနစ်တွေတပ်ဆင်ဖို့ ဒေါ်လာထောင်ပေါင်းများစွာသုံးခဲ့ကြတယ်လို့ ဆိုပါတယ်။ မက်ဒရစ်မှာ ကျော်ကြားတဲ့အိမ်နီးချင်းကတော့ ခရစ်စတီယာနိုရော်နယ်လ်ဒိုပါ။

၂၀၀၃ ခုနှစ်မှာ ဝယ်ယူခဲ့တဲ့အိမ်က Le Domaine Saint-Vincet လို့ အမည်ရှိတဲ့ ပြင်သစ်တောင်ပိုင်းက စံအိမ်ပါ။ ဈေးနှုန်းက ပေါင် ၂ သန်းဖြစ်ပြီး ၁၉ရာစုနှစ် ပြင်သစ်ရဲတိုက်စတိုင်လ်ပါ။ အိပ်ခန်း ၁၅ခန်းတောင်ပါရှိတယ်။ ဘုရားကျောင်းငယ် ရယ် စိမ်းစိမ်းလန်းလန်း စိုပြည်လှပတဲ့ လယ်ကွက်ရယ်၊ ပြီးတော့ ရေကူးကန်လည်း မပါမဖြစ်တွေ့ရမှာပါ။ အဲဒီအဆောက်အဦးကိုတော့ နောက်ပိုင်းမှာ ရောင်းချဖို့ ကြော်ငြာခဲ့တယ်လို့ ဆိုတယ်။

မန်ချက်စတာယူနိုက်တက်စတားဖြစ်ခဲ့တဲ့အချိန်တုန်းက ဒေးဗစ်ပိုင်ဆိုင်ခဲ့တဲ့စံအိမ်ကတော့ ဂျော်ဂျီယန်စတိုင်လ် Beckhingham Palace – Rowneybury House ပါ။ ၁၉၃၀မှာ ဆောက်လုပ်ခဲ့ပြီး ဒေါ်လာ ၃.၉ သန်းတန်ကြေးရှိပါတယ်။ ၂၁ ဧက ကျယ်ဝန်းတယ်။ အိပ်ခန်း ၇ ခန်းပါရိပြီး အတွင်းအိမ်ခန်းအလှဆင်မှုဟာ အလွန်အမင်းလှပတယ်လို့ ဆိုပါတယ်။ ဒေးဗစ်နဲ့ ဗစ်တိုးရီးယားတို့ကလည်း အိမ်ကို စိတ်ကြိုက်မွမ်းမံပြင်ဆင်မှုတွေနဲ့ ပိုပြီးခန့်ညားစေခဲ့တယ်။ အတွင်း/ အပြင်ရေကူးကန်၊ တင်းနစ်ကစားကွင်း၊ စနူကာအခန်း၊ အသေးစား တိရစ္ဆာန်ရုံ၊ အားကစားခမ်းမ၊ ရဟတ်ယာဉ်ဆင်းသက်နိုင်တဲ့ကွင်း နဲ့ အသံဖမ်းစတူဒီယိုတစ်ခုကိုပါ ဖြည့်စွက်ထားလိုက်ပါသေးတယ်။ အဲဒီ စံအိမ်ကတော့ ၅၂ပေ ကျယ်ဝန်းပါတယ်။ 
အင်္ဂလိပ်ဘောလုံးလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ဇနီး ဗစ်တိုးရီးယားဟာ ဖက်ရှင်လုပ်ငန်းတွေနဲ့ ယူကေမှာ အောင်မြင်သလို ယူအက်စ်မှာပါ ဈေးကွက် ထိုးဖောက်လုပ်ကိုင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ဗစ်တိုးရီးယားကိုယ်တိုင်လည်း ယူကေမှာ နေထိုင်အလုပ်လုပ်ကိုင်ရတာ ပိုပြီးပျော်မွေ့လာခဲ့တယ်။ ဘရွတ်ကလင်း၊ ရိုမီယိုနဲ့ ခရုဇ် တို့ကလည်း အင်္ဂလိပ်ဘောလုံးပွဲတွေကို ချစ်မြတ်နိုးတယ် သူတို့က ယူကေမှာပဲ အမြဲနေချင်ပါတယ် လို့ဆိုလာကြတယ်။ ဘောလုံးကစားနည်းကို အင်မတန်နှစ်ခြိုက်သဘောကျတယ်။ ပရီးမီးယားပွဲစဉ်တွေကိုလည်း မပြတ်စောင့်ကြည့်ကြသူလေးတွေပါ။ သူတို့ရဲ့ “ဂျိမ်းစ်ဘွန်းစတိုင်လ်” အိမ်ကြီးရဲ့လုံခြုံစိတ်ချရမှုရယ် အင်္ဂလိပ်ပရီးမီးယားဘောလုံးပွဲတွေရယ်ကြောင့် ယူကေကနေ တဖဝါးမှမခွာချင်ပါဘူး။ ယူကေမှာပဲ အမြဲနေချင်ပါတယ် လို့ တောင်းဆိုခဲ့ကြတယ်။
Ref: http://www.bornrich.com/david-beckham.html#estates


မဉ္ဇူရီ
Living Fashion Magazine, March, 2013

2 comments:

မိုးနတ်ကြယ်စင် said...

မိုးနတ်သိပ်သဘောကျ နှစ်သက်ရတဲ့ ချစ်စရာ
စုံတွဲလေးအကြောင်းနဲ့ သူတို့ကလေးတွေအကြောင်း
မျှဝေပေးတာ ကျေးဇူးကုဋေကဋာပါ မ အာဘွားးးးးးးးးးး

Han Kyi said...

သိပ်မကြာသေးခင်ကပဲ PSG မှာ ဘက်ခမ်းပထမဆုံး ၀င်ကစားတာ ကြည့်ဖြစ်လိုက်သေးတယ်...အသက်ထောက်လာပေမယ့် အားကစားကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ ဗီဇကို အတော်လေးစားလိုက်မိပါရဲ့...မန်ယူရဲ့ဂန္ထ၀င်ဘက်ခမ်းကိုတော့ ဘယ်အသင်းရောက်ရောက် သူရဲ့ အမှတ်အသားဖြစ်တဲ့ အလွတ်တည်ကန်ဘောတွေနဲ့တကွ သတိရနေတုန်း