Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, March 01, 2013

ညွှန်းတဲ့ ရုပ်ရှင်

Jack the Giant Slayer
Adventure / Drama / Fantasy
Warner Bros. Pictures
ဒါရိုက်တာ - Bryan Singer
ထုတ်လုပ်သူ - Neal H. Moritz, David Dobkin, Bryan Singer, Patrick McCormick, Ori Marmur
ဇာတ်ညွှန်း - Darren Lemke, Christopher McQuarrie, Dan Studney
ဝတ္ထု - Darren Lemke, David Dobkin
သရုပ်ဆောင်များ - Nicholas Hoult, Eleanor Tomlinson, Stanley Tucci, Ian McShane, Bill Nighy, Ewan McGregorေ

ခေတ်မီထူးထွေဆန်းပြား မှော်ဝင်နတ်သမီးပုံပြင်ထဲကနေရာတစ်ခုမှာ လူယောက်ျားတွေ နဲ့ လူ့ဘီလူးကြီးတွေဟာ အလွန်နီးကပ်စွာ ကာလရှည်ကြာငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြတာပါ။ ပိုင်းခြားထားတဲ့အရာတစ်ခုကြားမှာ ငြိမ်းချမ်းစွာ နေနိုင်ခဲ့ကြတယ်။ အခု အဲဒီ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်ခံရပြီ။ အမှတ်မထင်ဖြစ်ပျက်သွားခဲ့တာပါ။ ဂျက်ခ်(Nicolas Hoult) ဆိုတဲ့ ယာလုပ်သားလေးဟာ လူ့ဘီလူးကြီးတွေရဲ့ ကမ္ဘာဆီသွားရာလမ်း ဝင်လမ်းတံခါးမကြီးကို မတော်တဆ ဖွင့်မိသွားတာကိုး။ အဲဒီမှာ ဒဏ္ဍာရီထဲက မကျေမချမ်းနိုင် မပြီးမစီးနိုင်တဲ့ စစ်ပွဲတစ်ခုက ပြန်ပြီးစတင်လာတော့တယ်။ လူ့ဘီလူးကြီးတွေက သူတို့ရဲ့ပျောက်ဆုံးနေတဲ့ရာစုနှစ်တွေပြန်ရယူဖို့ ကြိုးစားလာကြပြီ။ ဂျက်ခ်ကလည်း ရှိသမျှအင်အားသုံးလို့ မဆုတ်မဆိုင်း တိုက်ပွဲတစ်ခုဆင်နွှဲတာပေါ့။ ဂျက်ခ်ရဲ့ ကိုယ်ပိုင်ဘဝတစ်ခုအတွက် ကယ်ဆယ်ဖို့ပဲ မဟုတ်ဘူးလေ၊ သူတို့ရဲ့ ဘုရင့်နိုင်ငံတော်တစ်ခုလုံးအတွက် ပြီးတော့ သူအလေးထား လေးစားမြတ်နိုးရတဲ့ မင်းသမီးလေး အစ်ဆဘဲလ်(Eleanor Tomlinson ) အတွက်။ ဂျက်ခ်ဖခင်ရဲ့ ရှေးဟောင်းမှတ်တမ်းစာအုပ်အရ ဂျက်ခ်က နှိမ်နင်းနိုင်မယ့်နည်းကိုသိတယ်လို့ထင်နေတယ်။ မင်းသမီးလေးက ဂျက်ခ် ကို ယုံကြည်ပါတယ်။ ဒါပေမဲ့ “ရှင် ဒီ ဒဏ္ဍာရီကိုသိတယ်လား။ မဟုတ်ဘူး၊ တကယ်တော့ ရှင် မသိသေးပါဘူး” တဲ့ မင်းသမီးလေးက ခိုင်ခိုင်မာမာပဲပြောဖူးတယ်။ လူ့ဘီလူးတွေနဲ့ လူသားတွေရဲ့ကမ္ဘာ ရောထွေးယှက်လိမ်ကုန်တဲ့အချိန်မှာ လက်စားချေဖို့ အချိန်ကောင်းကိုစောင့်နေတဲ့ လိမ်လည်ကောက်ကျစ်တဲ့ လူလိမ်ယောက်ျားဆိုတာလည်းပေါ်ထွက်လာတယ်။ အားကြီးလှတဲ့ လူ့ဘီလူးကြီးတွေ ရီဝေထွေပြားအောင် သူက ဖြားယောင်းဦးဆောင်တယ်။ “မနက်ဖြန် ဒဏ္ဍာရီတစ်ခုကိုအဆုံးသတ်ဖို့ ငါ မင်းတို့ဘုရင်အဖြစ်ရှိနေမယ်” တဲ့။ လူ့ဘီလူးကြီးတွေရဲ့ “ဟေး” ခနဲ ညာသံပေးသံအောက်မှာ လှောင်ချိုင့်ထဲက မင်းသမီးလေးက “လုပ်ကြံဖန်တီးနေတာ” လို့  စိတ်ဆိုးဒေါသထွက်ပြီးအော်ဟစ်လိုက်တာပေါ့။ “မင်းသမီးလေး၊ မင်းကို ငါမပြောရပါလားကွယ်။ ငါ လူ့ဘီလူးကြီးတွေကိုပြောပြနေတာပါ” ရယ်သံစွက်စွက် ခပ်အက်အက်ရယ်သံကြီးနဲ့ အဲဒီလူကတော့ ပျက်စီးမယ့်လမ်းကို ဦးဆောင်နေပြီ။ တစ်ဘက်က လက်ရုံးအားကိုးနဲ့ ဒဏ္ဍာရီကြွေးဆပ်ဖို့ပဲ စိတ်ကူးရှိတဲ့ လူ့ဘီလူးတွေ။ အဲဒီလူလိမ်ယောက်ျားရဲ့ဦးဆောင်မှုနဲ့ပဲ လူသားကမ္ဘာကိုဖိသိပ်ချေမွှဖို့ ဂမူးရှုးထိုးတိုက်ခိုက်ကြတော့တယ်။ ဂျက်ခ်က လူ့ဘီလူးကြီးခြေထောက်အောက်မှာ ပြားကပ်သွားတော့မတတ်ပဲ။ “ကျွန်တော် သေများသေသွားပြီလားပဲ” လို့ပြန်မေးနေရတယ်။ ဖြေသံက “အခုတော့ မဟုတ်သေးဘူးပေါ့” တဲ့။ X-men နဲ့ Superman Returns ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ အမေရိကန် ဒါရိုက်တာ Bryan Singer ရဲ့ အထူးပြုလုပ်ချက်တွေဖောဖောသီသီ၊ အစကအဆုံးမပျင်းတမ်းကြည့်ရမယ့် ရုပ်ရှင်ပါပဲ။

Dead man down
Action / Crime / Drama
FilmDistrict
ဒါရိုက်တာ - Niels Arden Oplev
ဇာတ်ညွှန်း - J.H. Wyman
သရုပ်ဆောင်များ - Colin Farrell, Noomi Rapace, Dominic Cooper, Terrence Howard, Isabelle Huppert

The Girl with the Dragon Tattoo ရုပ်ရှင်ထဲက ဒါရိုက်တာ Niels Arden Oplev နဲ့ ဆွီဒစ်ရှ်မင်းသမီးလေး Noomi Rapace ပါဝင်ထားတယ်။ ဘီးထရစ်အဖြစ်နဲ့ပေါ့။ ဘီးထရစ်က  ဗစ်တာ(Colin Farrell) နဲ့ မျက်နှာချင်းဆိုင်တိုက်က။ အိမ်နီးချင်းဆိုတာ ဗစ်တာသိတယ်။ သူ့ရဲ့ခြေလှမ်းတွေကို အဝင်အထွက်လိုက်လို့ကြည့်နေတာ၊ သူအိမ်ပြန်လာရင် ဝရံတာမှာ စောင့်ကြည့်တာ ဒါတွေကို ဗစ်တာသိတယ်။ နောက်တော့ အမျိုးသမီးက သူ့ကို ဖုန်းနဲ့ဆက်သွယ်လာတယ်။ “မင်း ဘာလို့ ငါ့နောက် အရိပ်လိုလိုက်နေတာလဲ”  “ကျွန်မ ရှင့်အကြောင်း ပိုပြီးရှာဖွေချင်လို့ပေါ့။ ရှင့်ကို တစ်နေရာရာ ခေါ်သွားချင်တယ်” တဲ့။ ဗစ်တာ ဘီးထရစ်နဲ့ ကော်ဖီဆိုင်မှာတွေ့ဖြစ်ကြတော့တယ်။ အမျိုးသမီး နာနာကျင်ကျင်မျက်ဝန်းတွေကို သနားသလိုဖြစ်လာမိပေမယ့် အပိုင်တွက်ထားတဲ့ဟန်ပန်ကြီးကို မကြိုက်လှဘူး။ ဘီးထရစ် ဘာလိုချင်တာလဲ။ လိုချင်တာ ချက်ခြင်းပဲပြောပါတယ်။ ဘီးထရစ်က ဗစ်တာ(Colin Farrel) ကို လုပ်ကြံသတ်ဖြတ်မှုတစ်ခုအတွက် သိမ်းသွင်းချင်တာ။ ဘာမှန်းညာမှန်းမသိအရှုပ်အထွေးထဲ ဗစ်တာမဝင်ချင်ပါဘူး။ ဒါပေမဲ့ ဗစ်တာငြင်းလို့တော့ မရနိုင်ဘူး။ ဘီးထရစ်က သူမရဲ့ လက်ကိုင်ဖုန်းထဲကဗီဒီယိုဖိုင်ကို ဖွင့်ပြတယ်။ “ရှင် ဒီလူကို သတ်လိုက်တာ ကျွန်မ မြင်ခဲ့တယ်နော်။ အဲဒီညကလေ .. အစကနေ အဆုံး ကျွန်မ ….”  “မင်း ကွာ ..” ဘီးထရစ်က ဗစ်တာ့ဆီက တုံ့ပြန်စကား စောင့်မနေဘူး။ “ကျွန်မ သတ်စေချင်တဲ့သူက ….” ဆက်တိုက်ပြောသွားတယ်။ ဘီးထရစ်သတ်ခိုင်းတဲ့သူကို ဗစ်တာသိလိုက်ရပြီ။ ဗစ်တာနာကြင်တုန်ခိုက်စွာခံစားရတယ်။ ပြီးတော့ သတ်ဖြတ်ဖို့ လုပ်ငန်းစရတော့တာပဲ။ ဘီးထရစ်သတ်ဖြတ်ခိုင်းတဲ့လူရဲ့ နောက်ကွယ်က အားကြီးမှုတွေကကြောက်ခမန်းလိလိ။ ဗစ်တာ လန့်ထိတ်ဝမ်းနည်းစွာ ဟစ်အော်ရပြီ။ “သူတို့က ငါ့မိသားစုကို သတ်ဖြတ်ခဲ့တာကွ၊ ဒါကြောင့် ငါ …”။ သွေးဟာ သွေးကိုပဲ ဆာလောင်မွတ်သိပ်တာပါ။ လက်စားချေမှုဟာလည်းပဲ ...။

The Incredible Burt Wonderstone
Comedy
New Line Cinema
ဒါရိုက်တာ - Don Scardino
ထုတ်လုပ်သူ - Chris Bender, Steve Carell, Jake Weiner, Tyler Mitchell 
ဇာတ်ညွှန်း - John Francis Daley, Jonathan Goldstein
ဝတ္ထု - Chad Kultgen, Tyler Mitchell, John Francis Daley, Jonathan Goldstein
သရုပ်ဆောင်များ - Steve Carell, Steve Buscemi, Olivia Wilde, Alan Arkin, James Gandolfini, Jim Carrey

လမ်းမပေါ်လှည့်လည်ပြသနေတဲ့ မျက်လှည့်ဆရာ စတိဗ်ဂရေး(Jim Carrey) ဟာ အသည်းတထိတ်ထိတ် တုန်လှုပ်ချောက်ချားစေမယ့် ပြကွက်မျိုးတွေနဲ့ လူတွေကို ဖမ်းစားဖို့ အမြဲကြိုးစားနေတဲ့သူပါ။ လူတွေရဲ့အာရုံသိမ်းကျုံးယူငင်ဖို့ဆိုရင် မီးကျီးခဲတွေပေါ်လှဲအိပ်ပြရဖို့လည်း ဝန်လေးတတ်သူမဟုတ်ဘူး။ ဒါပေမဲ့ သူကိုယ်တိုင် အသည်းတထိတ်ထိတ်ဖြစ်ခဲ့တဲ့ အကြိမ်လည်း နည်းတော့မနည်းခဲ့ပါဘူး။ လာ့စ်ဗေးဂက်စ်မှာ အချိန်အတော်ကြာနာမည်ရနေတဲ့ မျက်လှည့်ဆရာ ဘာ့ထ်ဝန်းဒါးစတုံး(Steve Carell) နဲ့ လက်ထောက် အန်တန်လဗ်ခရက်ဖ်(Steve Buscemi) တို့ရဲ့ မျက်လှည့်ပြကွက်တွေဟာလည်း လူတွေရိုးအီငြီးငွေ့စပြုလာပြီ။ ဖန်တစ်ရာတေနေပြီကိုး။ အဲဒီအချိန် ကျော်ကြားမှုနောက်အမြဲလိုက်ချင်နေတဲ့ စတိဗ်ဂရေးက ဘာ့ထ်ဝန်းဒါးစတုံးတို့ရဲ့ ရေပမ်းစားမှုကို သိမ်းပိုက်ခိုးယူဖို့ အားစိုက်ကြိုးပမ်းတော့တာပေါ့။ စတိဗ်ဂရေးရဲ့ ကြောက်အားလန့်အားပိုစရာပြကွက်တွေနောက် လာ့စ်ဗေးဂက်စ်က လူတွေလိုက်ကုန်ကြပြီ။ ဘာထ့်မှာ နာမည်မရှိတော့၊ ကိုယ်တိုင်အပြစ်မြင်၊ စိတ်ကျနွမ်းနယ်လာပြီ။ ဘာ့ထ် … သူ့ရဲ့ ပကတိအနေအထားကိုမြင်နေပြီ။ အလုပ်မရှိတော့သလို၊ ပိုက်ဆံကလည်းမရှိပါဘူး။ လက်ထောက် အန်တန်ကလည်း အခြေအနေမဟန်တဲ့ ဘာ့ထ်ဆီကနေ စွန့်ခွာတော့မယ်။ ကမ္ဗောဒီယားကိုသွားပြီး မျက်လှည့်ပြသနိုင်မယ့် အကွက်အကွင်းရှာထွက်ဖို့ ဦးတည်နေတယ်။ ဘာ့ထ်ရဲ့ လက်ဦးဆရာ ရန်စ့်ဟန်စန်(Alan Arkin) က မှုန်ကုပ်စိတ်ပျက်နေတဲ့ ဘာ့ထ်ကို မျက်လှည့်ပညာအတွက် အရေးကြီးတဲ့ အာရုံစုစည်းမှုအကြောင်း ပြောပြတယ်။ ဘာ့ထ်ကို မျက်လှည့်လမ်းကြောင်းပေါ်ပြန်ပြီးဆွဲတင်နိုင်ဖို့ သူ့ရဲ့ ချစ်ခင်ကြင်နာတတ်တဲ့ သနားကမားလက်ထောက်မိန်းကလေး ဂျိန်း(Olivia Wilde) နဲ့ ဝိုင်းဝန်းကြိုးပမ်းကြတယ်။ မျက်လှည့်စင်ပေါ်မှာ လူငယ်လေးတစ်ယောက်လို ပြန်ပြီးနုပျိုသွက်လက်လာအောင်ပေါ့။ စတိဗ်ဂရေးဆီက သူ့ရဲ့ တချိန်ကရေပမ်းစားမှုကို ဘာ့ထ် ပြန်ပြီးရယူနိုင်ပါ့မလား။ “အိုး … ဒါ အမြဲတမ်းအတွက် အကောင်းဆုံးလှည့်စားမှုပဲ”  အံ့သြမှင်တက်မှုနဲ့အတူ သူ့ရဲ့ပရိသတ်တွေနှုတ်က အကြိမ်တော်တော်များများ ခုန်ထွက်ကျခဲ့ဖူးတဲ့ ဒီလို စကားလုံးတွေ။ ဘာ့ထ် ပြန်ပြီး ခြွေယူနိုင်ပါဦးမလား။

Upside Down
Drama / Fantasy / Romance
Warner Bros. (France)
Lionsgate (UK)
Millennium Entertainment (US)
ဒါရိုက်တာ - Juan Diego Solanas
ထုတ်လုပ်သူ - Claude Léger, Dimitri Rassam, Aton Soumache, Jonathan Vanger, Alexis Vonarb
ဇာတ်ညွှန်း - Juan Diego Solanas
သရုပ်ဆောင်များ - Jim Sturgess as Adam
Kirsten Dunst as Eden
Timothy Spall as Bob

အဒမ်(Jim Sturgess) နဲ့ အီဒင်(Kirsten Dunst) တို့ဟာ အမွှာကမ္ဘာဂြိုဟ်တစ်ခုစီမှာ နေထိုင်ကြသူလေးတွေ။  ကမ္ဘာတစ်ခုရဲ့ ဆွဲအားက တစ်ခုစီရဲ့ အလယ်ဗဟိုမှာပါပဲ။ ကမ္ဘာနှစ်ခုဟာ သီးခြားစီ အထက်အောက် ရှိနေကြတယ်။ တစ်ခါတစ်ရံ  အထက်ကမ္ဘာကအရာနဲ့ အောက်ကမ္ဘာကအရာ ထိတွေ့မိရင် ပြောင်းပြန်လောင်ကျွမ်းမှုဖြစ်တတ်တာလည်းရှိတယ်။ အထက်ကမ္ဘာဂြိုဟ်က ကြွယ်ဝချမ်းသာပြီး အောင်မြင်ကြီးပွားနေတဲ့အချိန် အောက်ကမ္ဘာဂြိုဟ်ကတော့ ဆင်းရဲပါတယ်။  အဒမ်က မိဘမဲ့ကလေးအဖြစ်ကြီးပြင်းလာခဲ့ပြီး အဒေါ်နဲ့ပဲနေခဲ့ရသူလေး။ ဆယ်ကျော်သက်လူငယ်လေး အဒမ် အထက်ကမ္ဘာက အီဒင်ကို မြင်တွေ့ပြီး ချစ်ခင်မြတ်နိုးသွားတယ်။ စပ်စုတဲ့ အဒမ်ဟာ လှို့ဝှက်တောင်ထွတ်တွေဆီတက်ပြီး အထက်ကမ္ဘာနဲ့ အနီးဆုံးနေရာထိရောက်အောင် တက်ကြည့်ခဲ့တာကိုး။ မြူခိုးမြူငွေ့တွေဝေနေတဲ့ တောင်ကုန်းပေါ်တက်ပြီး အထက်ကမ္ဘာက မျက်နှာချိုချို အီဒင်လေးကို မြင်တွေ့ရဖို့ အချိန်အကြာကြီးကုန်ပါစေ။ ထိုင်စောင့်တယ်။ အီဒင်ကလည်း အဒမ်ရဲ့ ဇွဲကြီးမှုနဲ့ ရိုးသားပြီးချစ်စရာကောင်းတာတွေကြောင့် ချစ်ခင်စုံမက်သွားတာပါပဲ။ တကယ်တော့ ကြွယ်ဝတဲ့အထက်ကမ္ဘာဟာ အောက်ကမ္ဘာက လောင်စာဆီကို ဈေးပေါပေါနဲ့ ဝယ်ယူတယ်။ ပြီးတော့ လျှပ်စစ်ဓာတ်အားကို ဈေးတင်ပြီး အောက်ကမ္ဘာကိုပြန်ရောင်းနေတာပါ။ အထက်ကမ္ဘာကို လာခွင့်ကိုလည်းကန့်သတ်ထားတယ်။ တစ်ခုတည်းသော ဆယ်သွယ်ရေးလမ်းကြောင်းက ထိန်းချုပ်မှုတွေများလှတဲ့ TransWorld ကုမ္ပဏီကနေတဆင့်တဲ့။ အဒမ် နဲ့ အီဒင် ၁ဝနှစ်ကျော်ကြာ ဇွတ်အတင်းသီးခြားစီခွဲနေခဲ့ကြရာက လူငယ်လေး အဒမ် က အီဒင်ဆီရောက်အောင်သွားနိုင်ဖို့ အန္တရာယ်ကြီးတဲ့စူးစမ်းရှာဖွေမှု ပြုလုပ်တော့တယ်။ အဒမ်ကို ကူညီပေးသူတွေရှိတယ်။ လေ့ကျင့်တယ်။ အထက်ကမ္ဘာက အီဒင်ဆီရောက်အောင်သွားတွေ့ခဲ့ပါတယ်။ အီဒင်ပြောတာက “အချစ်က ကမ္ဘာ့ဆွဲအားကို ရိုက်ချိုးဖျက်ဆီးနိုင်တယ်။ ကမ္ဘာမြေထုဆွဲငင်အားထက်ပိုပြီး သန်စွမ်းအားကြီးပါတယ်။ ကမ္ဘာနှစ်ခုပေမဲ့ အနာဂတ်က တစ်ခုတည်းပဲ” တဲ့။ လက်ရှိကမ္ဘာမှာ မဖြစ်နိုင်ဘူးလို့ထင်မြင်လိုက်စရာ သိပ္ပံဆန်းကြယ်ရုပ်ရှင်ကားဖြစ်နေပေမယ့် ဆွဲအားကိုယ်စီရှိနေကြတဲ့အထက် အောက် ကမ္ဘာနှစ်ခုစီအကြောင်း အဒမ်က ပြောပြနေဟန်နဲ့ ရုပ်ရှင်ကို စထားတာ၊ ပြီးတော့ မြင်လိုက်ရတဲ့မြင်ကွင်းတွေဟာ အံ့ဘနန်းစိတ်ဝင်စားစရာပါ။ ကိုယ့်ရဲ့ ဦးခေါင်းအထက်မှာ အဆောက်အဦးတွေ၊ လူတွေ မီးရောင်တလက်လက်၊ လှုပ်လှုပ်ခတ်ခတ်သွားလာလှုပ်ရှားနေတာကို မြင်နေရတဲ့ခံစားချက်မျိုးဟာ မကြုံမဆုံခဲ့ဖူးတဲ့အရသာတစ်မျိုးပါပဲ။ အဲဒီ မကြုံမဆုံဖူးတဲ့အရသာ Upside Down မှာ ရှာတွေ့နိုင်ပါလိမ့်မယ်။

မဉ္ဇူရီ
Living Fashion Magazine, March, 2013

1 comment:

မိုးနတ်ကြယ်စင် said...

thanks for u r sharing :)))
chit ma .....
arr bwarr :P