၁. ခွဲစိတ်ပြုပြင်ရတော့မယ့် လေဒီဂါဂါ
စူပါစတား လေဒီဂါဂါရဲ့ တတိယအကြိမ်မြောက် ဂီတဖျော်ဖြေပွဲ Born This Way Ball ရဲ့ ကျန်ရှိနေသေးတဲ့ ယူအက်စ် နဲ့ ကနေဒါပွဲစဉ်တွေကို ဖျက်လိုက်ပါတယ်။ တင်ပါးခွဲစိတ်ကုသမှုခံယူမှာကြောင့် ပွဲစဉ်တွေဖျက်လိုက်တာပါ။ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒုတိယအယ်လ်ဘမ် Born This Way ထဲက သီချင်းတွေအများစုကြော်ငြာဖျော်ဖြေတဲ့ အဲဒီ tour ခရီးစဉ်တွေမှာ ပြင်းပြင်းထန်ထန်အားသုံးတဲ့လှုပ်ရှားမှုတွေထပ်ကာထပ်ကာပြုလုပ်ခဲ့တော့ သူမရဲ့ ညာဘက်တင်ပါး labrum တင်ပဆုံရိုးကွင်းဆက်လေး ဆုတ်ပြဲခဲ့ပါတယ်။ tour စီစဉ်သူက “သူမ ခွဲစိတ်ကုသပြီး ပြုပြင်ဖို့လိုပါတယ်။ ပြီးတော့ လုံးဝပြန်ကောင်းလာတဲ့အချိန်အထိ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျဂရုစိုက်ဖို့လိုအပ်တယ်။ ကံမကောင်းစွာပဲ ဒီကုသမှုကြောင့် သူမရဲ့ ကျန်တဲ့ tour ခရီးစဉ်တွေရပ်ဖို့ဖြစ်လာခဲ့တယ်” လို့ဆိုတယ်။ ဂါဂါပြောတာက ဒဏ်ရာကြောင့် ပွဲစဉ်တွေအများကြီးဖျက်ပြီး ကျွန်မပုန်းနေရပါဦးမယ်။ တစ်ခါတစ်ရံ ဒဏ်ရာက အလွန်အမင်းနာကျင်လှတယ်။ ပြီးခဲ့တဲ့လကစလို့ အခြေအနေပိုပြီးဆိုးလာခဲ့တာပါ။ ကုသပျောက်ကင်းဖို့ ဆုတောင်းနေပါတယ်။ အဲဒီအတွက် ပရိသတ်တွေကို ခွင့်လွှတ်ဖို့တောင်းပန်ပါရစေ တဲ့။ ၂၀၁၂ ဇွန် ၃ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမှာ ဖျော်ဖြေမယ့် tour ကိုလည်း ဖျက်သိမ်းခဲ့ရဖူးပါတယ်။ အဲဒီ tour မှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ Islamic Defenders Front (FPI) အဖွဲ့က ကန့်ကွက်ဆန္ဒပြတာကြောင့်ပါ။ “မကောင်းဆိုးဝါးရဲ့ သံတော်ဆင့်” လို့ လေဒီဂါဂါကို ရည်ညွှန်းပြီး ခြိမ်းခြောက်မှုတွေရှိခဲ့တယ်။ အင်ဒိုနီးရှားရဲအဖွဲ့ကလည်း ဖျော်ဖြေခွင့်မပြုခဲ့ပါဘူး။


ကမ္ဗောဒီးယားနိုင်ငံရဲ့ ဘုရင်ဟောင်း Norodom Shhanouk ဟာ လွန်ခဲ့တဲ့ ၂၀၁၂ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဆုံးပါးခဲ့ပါတယ်။ ဆုံးပါးခဲ့တဲ့နေ့ကတည်းက ကမ္ဗောဒီးယားနိုင်ငံမြို့တော် Phnom Penh မှာ လာရောက်ကြည့်ရှုဂါရဝပြုတဲ့သူတွေဟာ လူစုလူဝေးအများကြီးပါပဲ။ နောက်ဆုံးအနေနဲ့ ရုပ်အလောင်းကို ဂါရဝပြုကြသူတွေက ရပ်ဝေးကပါ တဖွဲဖွဲရောက်လာနေခဲ့ကြပြီး တော်ဝင်နန်းတော်ရှေ့မှာ ငိုကြွေးခြင်း ဆုတောင်းခြင်းတွေပြုလုပ်နေခဲ့ကြတာပါ။ သေဆုံးချိန်မှာ အသက် ၈၉နှစ်ရှိခဲ့ပြီဖြစ်တဲ့ Sihanouk ကို ကမ္ဗောဒီယားပြည်သူပြည်သားတွေချစ်မြတ်နိုးမှုက အံ့ဘနန်းရှိလှတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြတယ်။ နန်းသက်က ၁၉၄၁ ကနေ ၁၉၅၅ ထိ တစ်ကြိမ်၊ နောက်ပိုင်းဖြုတ်ချခံရပြီး ၁၉၉၃ မှာ နန်းပြန်တက်ပါတယ် ၂၀၀၄ ခုနှစ်အထိပါ။ ကမ္ဗောဒီးယားရဲ့ “ဘုရင်-ဖခင်ကြီး”လို့ ခေါ်ဆိုကြပါတယ်။ ဘုရင် Norodom Suramarit နဲ့ ဘုရင်မ Sisowath Kossamak တို့ရဲ့ သား ဖြစ်တဲ့ Sihanouk ဟာ တကယ်တော့ ၁၉၄၁ ခုနှစ်ကတည်းက ရာထူးနေရာပေါင်းများစွာကို ချုပ်ကိုင်ယူထားသူအဖြစ် နာမည်ကြီးလွန်းတာကြောင့် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှာတောင်ဖော်ပြခံရသူပါ။ အဲဒီစာအုပ်မှာ နိုင်ငံရေးနယ်ပယ်မှာ ကမ္ဘာ့အရေးအကြီးဆုံးရာထူးနေရာတွေပိုင်ဆိုင်သူ နိုင်ငံရေးသမားအဖြစ် ဖော်ပြခံခဲ့ရတယ်။ ဘုရင်အဖြစ် အခေါ်အဝေါ်နှစ်မျိုး၊ အာဏာရှင်မင်းသားအဖြစ်နှစ်ကြိမ်၊ တစ်ခုက သမ္မတ၊ နောက်ထပ်နှစ်ခုက ဝန်ကြီးချုပ်ရာထူး နဲ့အတူ တခြား အစိုးရအုပ်ချုပ်ရေးပိုင်းက များပြားလှတဲ့ ခေါင်းဆောင်နေရာ ရာထူးတွေကိုပါ ပိုင်ဆိုင်ခဲ့သူတစ်ဦးပါ။ ၁၉၇၅ ကနေ ၁၉၇၆ မှာ ခမာနီအစိုးရရဲ့ ရုပ်သေး ခေါင်းဆောင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးတာပါပဲ။ အဲဒီရာထူးတွေအများစုမှာ ဂုဏ်ပြုခံရတဲ့ ရာထူးတွေလို့လည်းဆိုကြတယ်။ နောက်ဆုံးရာထူးဟာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရတင်မြှောက်ခံရတဲ့ ကမ္ဗောဒီယားဘုရင်ရာထူးဖြစ်ပါတယ်။ သူဟာ အတ္တကြီးသူ၊ မာနထောင်လွှားသူ၊ ရက်စက်သူလို့တောင်ဆိုကြပေမယ့် သူ့ရဲ့အရည်အချင်းတစ်ခုက လူတွေ၊ တိုင်းသူပြည်သားတွေက သူ့ကို ချစ်ခင်အောင်စွမ်းဆောင်နိုင်ခဲ့တာပါ။ သူ့ရဲ့တိုင်းပြည်နဲ့ ကျေးလက်ဒေသက ရွာသူရွာသားတွေကို အင်မတန်ချစ်မြတ်နိုးမှုမှာ နာမည်ကြီးပါတယ်။ ဈာပနာအခမ်းအနားကို ဖေဖေါ်ဝါရီ ၈ ရက် သောကြာနေ့ကနေ တနင်္လာနေ့အထိ ခမ်းနားစွာကျင်းပခဲ့ကြတယ်။

၆. နှင်းတွေထဲမှာလည်း မမှုပါ၊ ရေခဲမုန့်စားမယ် ဖေဖေ ဝိန်းရာ
အေးခဲနေတဲ့ကာလတွေမှာတောင် အလွန်ရွှင်တဲ့မြူးတဲ့ကလေးငယ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရှေ့တန်းကစားသမား ဝိန်းရွန်းနီ ရဲ့ သား ကိုင်းရွန်းနီပါပဲ။ မန်ချက်စတာ နှင်းလျှောစီးစင်တာကို သွားခဲ့ကြတဲ့ ခရီးမှာ ဖခင် ဝိန်းရွန်းနီက ရေခဲမုန့် ဝယ်ကျွေးလိုက်တော သုံးနှစ်အရွယ်လေး ကိုင်း ဟာ အလွန်းအမင်း ခုန်ပေါက်မြူးတူးသွားခဲ့ပါတယ်တဲ့။ ဖခင် ဝိန်းလိုပဲ အနက်ရောင်ဂျာကင်ကို ဝတ်ဆင်ထားပြီး နှင်းတွေပတ်လည်ဝိုင်းနေတဲ့ နေရာမှာ အေးအေးလူလူရေခဲမုန့်စားနေတာကို မြင်တွေ့လိုက်ရတဲ့သူတချို့က ကိုင်းကို သဘောအကျကြီးကျသွားကြပါတယ်။ နောက်တစ်ယောက်ကိုယ်ဝန်လွယ်ထားတဲ့ ကိုင်းရဲ့ မေမေကောလင်းန် ကလည်း သားမွှေးထူထူထဲထဲကော်လာအောက်မှာ နွေးထွေးနေတဲ့ပုံပါပဲ။ ကိုင်းလိုပဲ ကောလင်းန်ကလည်း ရေခဲမုန့်စားတာပါပဲ။ ဝိန်းကိုချစ်တဲ့ ပရိတ်သတ်တွေကတော့ ဝိန်းတစ်ယောက် အအေးအလွန်ကြိုက်ကြတဲ့ ဇနီးနဲ့ သား တို့ အကြား အအေးမမိစေဖို့ မျှော်လင့်ပါတယ် တဲ့။ မဟုတ်ရင်လည်း Snow-Man United အသင်းမှာ သူ ကစားဖြစ်ပါလိမ့်မယ်လို့ စနောက်နေကြပါတယ်။
၈၅ ကြိမ်မြောက် အော်စကာဆု ဇကာတင်စာရင်းဝင်တဲ့ Beasts of the Southern Wild ရုပ်ရှင်ဟာ “စွမ်းအားအကြီးဆုံး အရေးကြီးဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားပါပဲ” လို့ ပြောလိုက်ပါတယ်။ ဖေဖေါ်ဝါရီ ၂၄ရက်နေ့မှာ ပြုလုပ်မယ့် အော်စကာဆုပေးပွဲမတိုင်ခင် နှစ်ပတ်လောက်မှာ ပြောကြားလိုက်တာပါ။ District of Columbia နဲ့ နယူးအော်လိန်းစ် က အလယ်တန်းနဲ့ အထက်တန်းကလေးငယ်တွေ ၈၀ ခန့် နဲ့ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ လူမည်းသမိုင်း ဆွေးနွေးပွဲတစ်ခုမှာ အဲဒီရုပ်ရှင်အကြောင်းမှတ်ချက်ခဲ့တာပါ။ Beasts of the Southern Wild ရုပ်ရှင်ကို လူဝီစီယားနားပြည်နယ်မှာ ဇာတ်ဝင်ခန်းတည်ရိုက်ကူးခဲ့တာပါ။ ကျောင်းသားလေးတွေဟာ ရုပ်ရှင်ကြည့်အပြီးမှာ ဒါရိုက်တာ Benh Zeitlin ၊ သရုပ်ဆောင်တွေဖြစ်တဲ့ Dwight Henry နဲ့ ဟက်ရှ်ပါ့ပီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ၉နှစ်သမီးလေး Quvenzhane Wallis တို့ကို မေးခွန်းထုတ်မေးမြန်နိုင်ခဲ့ကြတယ်။ Wallis ဟာ Bathtub ရေစပ်စပ်ကျွန်းစပ်စပ်ဒေသလေးမှာ ဖခင်နဲ့အတူနေထိုင်တဲ့ ကလေးမလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ရုတ်တရက်ရာသီဥတုအပြောင်းအလဲ မုန်တိုင်းတိုက်ခတ်လိုက်ပြီးတဲ့အခါ အောရပ်စ်ဆိုတဲ့ သမိုင်းဦးခေတ်က သတ္တဝါတွေ တပ်နဲ့ချီလာတာ တကယ့်အဖြစ်အပျက်တွေရော အိပ်မက်လိုလိုဒဏ္ဍာရီလိုလို ဆန်းကြယ်တဲ့အဖြစ်အပျက်တွေနဲ့ ထူးခြားပြောင်မြောက်စွာ သရုပ်ဆောင်ထားတာပါ။ အဲဒီရုပ်ရှင်ဟာ ဇကာတင်စာရင်း ၄ ဆု ဝင်နေပါတယ်၊ အကောင်းဆုံးဓာတ်ပုံ၊ သရုပ်ဆောင်နဲ့ ဒါရိုက်တာဆုတွေအပါအဝင်ပါ။ မီရှဲလ်အိုဘားမားက ဒီ ၉၃ မိနစ်ကြာရုပ်ရှင်ကို ပြီးခဲ့တဲ့နွေရာသီမှာ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ အများကြီးအုပ်စုလိုက်ကြည့်ဖြစ်ခဲ့ကြပါတယ်တဲ့။ အသက် ၃ နှစ်ကနေ အသက် ၇၃ အရွယ်ထိ ပါတဲ့ မီရှဲလ်တို့အဖွဲ့ဟာ ရုပ်ရှင်ကားမှာ စူးစူးနစ်နစ် စိတ်ဝင်တစားကြည့်ရှုခဲ့ကြတယ်။ “ဒီလို အသက်အရွယ်စုံပရိတ်သတ်မျိုးကို အပြည့်အဝညို့ငင်ဆွဲဆောင်ထားနိုင်တဲ့ရုပ်ရှင်မျိုးရှာဖွေရဖို့ ခက်ခဲပါတယ်။ ဒီရုပ်ရှင်က ခက်ခဲတဲ့အထဲက ရုပ်ရှင်တစ်ကားပါ။ ရုပ်ရှင်မှာ သဘာဝရဲ့ခမ်းနားလှပမှုတွေပါဝင်တယ်။ ပျော်ရွှင်စရာလည်းကောင်းတယ်။ ပြီးတော့ စိတ်ထိခိုက်စရာကောင်းလှတဲ့ ရိုးသားမှုတွေလည်း ပြည့်နေတဲ့ရုပ်ရှင်ပါ” လို့ ဆိုတယ်။
Visual art လှုပ်ရှားမှုတွေမှာ ဦးဆောင်ဖန်တီးခဲ့သူအဖြစ် နာမည်ကြီးခဲ့တဲ့ အမေရိကန် pop art ပန်းချီဆရာ အန်ဒီဝါဟောရဲ့ ပိုလာရွိက်ဓာတ်ပုံတွေကို လန်ဒန်မှာ ပြပွဲတစ်ခု ပြသခဲ့ပါတယ်။ ဓာတ်ပုံတွေမှာ ကိုယ်တိုင်ရေးပုံတူတွဲတွေလည်းပါဝင်ပြီး မစ်ခ်ဂျက်ဂါ နဲ့ အယ်လစ်ဇဘက်သ်တေလာ အပါအဝင် နာမည်ကျော်တွေရဲ့ ရှားပါးဓာတ်ပုံတွေပါဝင်ပါတယ်။ ဓာတ်ပုံအများစုဟာ ပရိတ်သတ်ထဲ အရင်က ချမပြခဲ့ဖူးတဲ့ဓာတ်ပုံတွေဖြစ်ကြတယ်။ ဓာတ်ပုံစုဆောင်းသူ ဂျိမ်းစ်ဟက်ဂျက်စ် ပိုင်ဆိုင်ထားတဲ့ ပိုလာရွိက်ဓာတ်ပုံတွေပါ။ ပြပွဲကို လန်ဒန်မြို့ Grosvenor လမ်းက Privatus ပြခန်းမှာ မတ်လ ၁ ရက်နေ့အထိ ပြသထားမှာဖြစ်ပါတယ်။ တခြားထူးခြားတဲ့ ပုံတွေက ကြောင်စာတွေဖြည့်ထားတဲ့ ကုန်စုံဆိုင်တွေရဲ့ ကောင်တာအဆင့်ဆင့်၊ နောက်ပြီးတော့ ပုလင်းတွေစုထားတဲ့ပုံမျိုးလို still-life ရိုက်ချက်တွေပါဝင်တယ်။ ဝါဟောဟာ ၁၉၆၀ ခုနှစ်တွေက ကျော်ကြားလှတဲ့ pop art ပန်းချီဆရာတစ်ဦးဖြစ်ခဲ့ပါတယ်။ ၁၉၈၇ အသက် ၅၈ နှစ်အရွယ်မှာ သေဆုံးခဲ့တယ်။
ပီယာ့စ်ဘရောစ်နန်ဟာ အော်စကာဆုပေးပွဲမှာ ဂျိမ်းစ်ဘွန်း ဂုဏ်ပြုချီးမြှောက်ကြတဲ့အခါ တစ်ယောက်တော့ ပျောက်နေပါလိမ့်မယ်လို့ အရိပ်အမြွက်ပြောသွားခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ပြုလုပ်မယ့် အော်စကာဆုပေးပွဲမှာ 007 ရဲ့ အနှစ် ၅၀ မြောက်အခမ်းအနားကိုပါ အထူးကဏ္ဍအဖြစ် ပြုလုပ်သွားဖို့ရှိနေပါတယ်။ စီစဉ်တင်ဆက်မယ့်သူတွေကတော့ ဂျိမ်းစ်ဘွန်းအဖြစ် ရုပ်ရှင်ပိတ်ကားပေါ်မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားခြောက်ဦးလုံး တက်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။ မာလီဘူးက ဈေးဝယ်စင်တာတစ်ခုမှာ ဈေးဝယ်ထွက်နေတဲ့ဘရောစ့်နန်ကို ဓာတ်ပုံဆရာတစ်ဦးက လျှပ်တပြက်မေးလိုက်တဲ့အခါ ဘရော့စ်နန်က ရယ်ကာပြုံးကာနဲ့ “ကောင်းပါပြီဗျာ၊ သူတို့ တစ်ယောက်ပျောက်နေတာတွေ့လိမ့်မယ်” လို့ ဖြေပါတယ်။ အဲဒီဓာတ်ပုံဆရာကပဲ “ဘယ်သူများလဲ၊ ရှောင်ကွန်နရီလား၊ ခင်ဗျားလား၊ ဘယ်သူပျောက်နေမှာပါလိမ့်” လို့ ထပ်ပြီးမေးတဲ့အခါမှာတော့ အသက် ၅၉ နှစ်အရွယ် ချောမောခန့်ညားနေဆဲ အိုင်းရစ်မင်းသားဟာ ပခုံးတွန့် ပြုံးရုံသာပြုံးပြပြီး ကားထဲခုန်ဝင်သွားပါတော့တယ်။ ၁၉၆၂ ခုနှစ်က စတင်ပြီးရိုက်ကူးခဲ့တဲ့ စာရေးဆရာ Ian Fleming ရဲ့ အထူးစုံစမ်းထောက်လှမ်းရေးသူလျို ဂျိမ်းစ်ဘွန်းဇာတ်ကောင်နေရာမှာ ရှောင်ကွန်နရီ၊ ဂျော့ခ်ျလေဇန်ဘေ၊ ရော်ဂျာမိုး၊ တင်မိုသီဒဲလ်တန်၊ ဘရောစ့်နန် နဲ့ ဒန်နီရယ်ကရေ့ခ်ျတို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ ဘရောစ့်နန်ကတော့ ၁၉၉၅ နဲ့ ၂၀၀၂ ခုနှစ်ကြား ဘွန်းရုပ်ရှင် ၄ ကားမှာ သရုပ်ဆောင်ခဲ့ပါတယ်။ သြစတြေးလျသရုပ်ဆောင် လေဇန်ဘေ က ၁၉၆၉ ခုနှစ်က ဘွန်းရုပ်ရှင်တစ်ကားသာသရုပ်ဆောင်ခဲ့တယ်။ အဒဲလ်က အော်စကာစာရင်းဝင် ဘွန်းသီချင်း Skyfall ကို အော်စကာဆုပေးပွဲအခမ်းအနားအစီအစဉ်တစ်ခုအဖြစ် သီဆိုခဲ့ပါတယ်။

ဖြိုးဖြိုး
No comments:
Post a Comment