Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, December 05, 2014

ဟိုသတင်း ဒီသတင်း

ဂီတသတင်းများ

Pitbull ရဲ့ Live စွမ်းရည်
          လက်တင်ဂရမ်မီဆုပိုင်ရှင် အမေရိကန်ရက်ပ်ဂီတသမား ပစ်ထ်ဘူးလ်ဟာ TV Show အသစ်နှစ်ခုအတွက် မစ်ရှဲအိုဘားမား၊ ပေါလ်မက်ကာထ်နေးတို့နဲ့ အတူလက်တွဲဖို့ရှိနေပါတယ်။ Show တစ်ခုက The REAL Change Project ဖြစ်ပြီး ဂီတ၊ အားကစားနဲ့ နိုင်ငံရေးနယ်ပယ်ထဲက နာမည်ကြီးတွေနဲ့ အမေးအဖြေပုံစံမျိုးပါ။ မက်ကာထ်နေး၊ မစ်ရှဲအိုဘားမား၊ လေဒီဂါဂါ၊ တိုနီဘန်းနက်ထ် နဲ့ ဘတ်စ်ကက်ဘောကစားသမား ကိုဘီဘရိုင်ယန့်ထ် တို့လို နယ်ပယ်အသီးသီးက အကျော်အမော်တွေနဲ့ အဲဒီလှုပ်လှုပ်ရှားရှား ပြောပြောဆိုဆိုအစီအစဉ်အတွက် အတည်ပြုပြီးကြပါပြီ။ နာမည်ကျော်တွေရဲ့ ဘဝမှာကြုံရတဲ့ အတားအဆီးတွေကို ပြန်ငဲ့ကြည့်ပြီး ဘယ်လိုကျော်ဖြတ်ကြတယ်၊ ဘယ်သူတွေက အောင်မြင်အောင်ကူညီပေးခဲ့ကြတယ် စတဲ့ အတွေ့အကြုံတွေဝေမျှကြမှာပါ။
live permormance တွေလည်းပါဝင်လိမ့်မယ်။ အဲဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာအနှံ့အပြားက ပညာသင်ကြားပေးသူတွေအတွက် ရံပုံငွေထောက်ပံ့ပေးနိုင်ဖို့ပါ။ Weinstein ကုမ္ပဏီကစီစဉ်တဲ့ Pitbull: The Lyfe ဆိုတဲ့ reality TV Show မှာတော့ ပစ်ထ်ဘူးလ်ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ၊ အသံသွင်း အတွေ့အကြုံတွေနဲ့ ပရိတ်သတ်နောက်ကွယ်က သူ့ရဲ့ ဘဝအခင်းအကျင်းကိုလည်း ထုတ်လွှင့်ပြသသွားမှာပါ။ ရက်ပ်ဂီတသမား ပစ်ထ်ဘူးလ်(အမည်ရင်း-အာမန်ဒို ပဲရက်ဇ်)ရဲ့ အယ်လ်ဘမ်တွေဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်မှာ No. 1 hit ဖြစ်ခဲ့ပြီး ငါးသန်းကျော် ရောင်းချခဲ့ရတယ်။ ဂျနီဖာလိုပက်ဇ်နဲ့ တွဲဖက်ပြီး We Are One (Ole Olay) သီချင်းကိုလည်း ၂၀၁၄ ကမ္ဘာ့ဖလား သီချင်းအတွက်လည်း သီဆိုခဲ့ပါတယ်။ American Music Awards မှာ အစီအစဉ်ကြေညာသူအဖြစ် ၂ ကြိမ်ပါဝင်ခဲ့ပြီး FOX သတင်းဌာနရဲ့ New Year's Eve Special မှာလည်း အစီအစဉ်ကြေညာသူတာဝန်ယူဦးမှာပါ။ အဲဒီအတွေ့အကြုံတွေကပဲ live အစီအစဉ်တွေရဲ့ ရှေ့တန်းလူအဖြစ် ရပ်တည်နိုင်ခဲ့တာပါပဲ။ ၃ နှစ်သား အာမန်ဒို ပဲရက်ဇ်ဘဝမှာကတည်းက ကျူးဘားအမျိုးသားသူရဲကောင်း၊ ကဗျာဆရာ ဂျိုဆေးမာတီရဲ့ကဗျာတွေကို အလွတ်ရွတ်ပြနိုင်ခဲ့တဲ့ ထူးထူးခြားခြားလူငယ်လေးအဖြစ်လည်း နာမည်ကြီးခဲ့တယ်။


ဝှစ်တနီဟူစတန်Lifetime အတ္ထုပတ္တိရုပ်ရှင်ကို မိခင်က ဆန့်ကျင်
            ဟူစတန်မိသားစုဝင်တွေထဲက မိခင်ကလည်း ဝှစ်တနီဟူစတန်ရဲ့ ဘဝဇာတ်ကြောင်းရိုက်ကူးမယ့် အတ္ထုပတ္တိရုပ်ရှင် Lifetime ကို သဘောမတွေ့ပါဘူး။ ၂၀၁၂ ဖေဖေါ်ဝါရီ ၁၁ က ဆုံးပါးခဲ့တဲ့ဝှစ်တနီရဲ့ သမီး ဘော်ဘီခရစ်တီနာကလည်း Lifetime ပရောဂျက်ဒါရိုက်တာ အန်ဂျလာဘက်စ်စက်ထ် ကို အပြစ်တင်ခဲ့တယ်။ မိခင် ဆစ်စီကလည်း ဆန့်ကျင်တဲ့ဘက်ကပါ။ Lifetime ဟာ မိသားစုတွေ ကန့်ကွက်ထားတာတွေကို မျက်ကွယ်ပြုပြီး ရှေ့ဆက်တိုးနေတယ်။ ဒီရုပ်ရှင်အတွက် ဝှစ်တနီအကြောင်း၊ ဒါမှမဟုတ် သူမနဲ့ ဘော်ဘီဆက်ဆံရေးအကြောင်း ဘယ်သူကမှဆက်သွယ်မေးမြန်းတာမရှိခဲ့ကြပါဘူး" လို့ ဆစ်စီဟူစတန်က Entertainment Tonight ကို ဖြေကြားခဲ့တယ်။ ဝှစ်တနီသေဆုံးတာ ၂ နှစ်ကြာခဲ့ပြီးကတည်းက သူမနဲ့ သိပ်ကိုနီးနီးစပ်စပ် ဆက်ဆံရေးမျိုးရှိခဲ့ပါတယ်လို့ ပြောနေတဲ့ လူတွေအများကြီးပဲ ပေါ်ထွက်လာတယ်။ ဝှစ်တနီကို သိခဲ့ကြ/ ချစ်ခဲ့ကြတယ်လို့ယူဆရသူတွေ၊ အဲဒီလူတွေကို ယုံကြည်ဖို့ ခက်ခဲလှတယ်ဆိုတာတွေ့နေရတယ်။ သတင်းအမှားတွေနဲ့ ဝှစ်တနီကို မသိတဲ့သူတွေပေးနေကြတဲ့ ထင်မြင်ယူဆချက်တွေကြောင့် သူတို့ ခြေကုန်လက်ပန်းကျနေပြီ။ ကျေးဇူးပြုပြီး သူမကို အနားယူခွင့်ပေးလိုက်ပါလို့ မိခင်က ပြောပါတယ်။ ဝှစ်တနီအဖြစ် "America's Next Top Model" reality TV show ကြယ်တစ်ပွင့်ဖြစ်တဲ့ ယာယာ ဒါကိုစ်တာ သရုပ်ဆောင်မှာပါ။ သီချင်းတွေကိုတော့ R&B အဆိုတော် ဒီဘိုရာကောဇ့်က သီဆိုပါလိမ့်မယ်။ Lifetime ရုပ်ရှင်မှာ ဘော်ဘီဘရောင်းန်နဲ့ ဝှစ်တနီတို့ရဲ့ ဆက်ဆံရေးကိုအဓိကထားရိုက်ကူးကြမှာပါ။ ဝှစ်တနီနဲ့ ဘရောင်းန်တို့ဟာ ၁၉၈၉ Soul Train Music Awards ဆုပေးပွဲမှာ စတင်တွေ့ဆုံခဲ့ကြပြီး ၁၉၉၂ ဇူလိုင် ၁၈ မှာ လက်ထပ်ခဲ့ကြတယ်။ သူတို့ရဲ့ တစ်ဦးတည်းသော သမီး ဘော့ဘီခရစ်တီနာ ဘရောင်းန်ကို ၁၉၉၃ မတ် ၄ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ ၂၀၀၇ မှာတော့ သူတို့ရဲ့နှစ်ဦးရဲ့ အိမ်ထောင်ရေးအဆုံးသတ်သွားခဲ့တယ်။

ဟီလာရီဒပ်ဖ်ရဲ့  အပြန်ခရီး
            ဟီလာရီဒပ်ဖ် အမြဲဆိုနေကြသီချင်းကို မှတ်မိနိုင်ဦးမလားပဲ။ သီချင်းအဟောင်းတွေပဲ မှတ်ထားစရာမလိုတော့ပါဘူး။ ၂၀၁၄ မှာတော့ အယ်လ်ဘမ်အသစ်ထွက်ရှိတော့မှာပါ။ သီချင်းအသစ်တွေမဆိုတော့ဘဲ ပျောက်ကွယ်နေခဲ့တဲ့ ဟီလာရီဒပ်ဖ် ဒစ်စနေးသရုပ်ဆောင်မလေးဟာ ပြီးခဲ့တဲ့ ဇူလိုင်မှာ အယ်လ်ဘမ်အသစ်ထဲမှာ ပါဝင်မယ့်သီချင်း single "Chasing the Sun" ထွက်ရှိခဲ့တယ်။ အယ်လ်ဘမ်အသစ်အတွက် RCA Records နဲ့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တယ်။ "Chasing the Sun" ဟာ အယ်လ်ဘမ်အသစ်ကို စမ်းသပ်/ ချောင်းမြောင်းကြည့်ရှုလိုက်တဲ့ သီချင်းတစ်ပုဒ်ပါ။ ခက်ခက်ခဲခဲကြိုးစားထားတယ်၊ ကျွန်မဘဝထဲက  အတွေ့အကြုံတွေအသုံးပြုပြီး၊ ဒီနေရာကနေ ကျွန်မ အရောက်သွားလိုတဲ့နေရာကို ကိုယ်စားပြုထားတဲ့ အယ်လ်ဘမ်လို့ ဒပ်ဖ် ကပြောပါတယ်။ ဂီတ၊ သီချင်းသံတွေနဲ့ ဝေးရာကို ကာလအတန်ကြာသွားခဲ့ပြီး အခုပြန်လာပါပြီ။ ဒါပေမဲ့ သီချင်းတွေနဲ့ ဝေးဝေးမှာနေရင်းနဲ့ပဲ ခြေလှမ်းသစ်တွေရွေးချယ်ဖို့ စွမ်းအားတွေရလာခဲ့တယ်လို့ ဆိုတယ်။ "Chasing the Sun" သီချင်းဟာ နွေထွေးလင်းလက်ပြီး ပျော်ရွှင်မြူးထူးစရာကောင်းလှတဲ့ နွေရာသီအငွေ့အသက်တွေရရှိစေတယ်။ ပူပင်ကြောင့်ကြမဲ့တဲ့ ခံစားချက်မျိုးရရှိစေဖို့ အကူအညီပေးနိုင်မယ်မျှော်လင့်ထားပါတယ် တဲ့။ ဟီလာရီဒပ်ဗ်ဟာ ၂၀၀၂ မှာ Santa Claus Lane ၊ ၂၀၀၃ မှာ Metamorphosis ၊ ၂၀၀၄ မှာ Hilary Duff နဲ့ ၂၀၀၇ မှာ Dignity အယ်လ်ဘမ်တွေထွက်ရှိခဲ့ပါတယ်။ "Chasing the Sun" single ဟာ ကမ္ဘာ့တစ်လွှား ၁၅ သန်းကျော်ရောင်းချနိုင်ခဲ့တယ်။ ၂၀၀၇ ခုနှစ်ပြီးကတည်းက ဂီတလောကက ပျောက်ကွယ်နေချိန်မှာ စီးပွားရေးအတွက် ဖက်ရှင်လိုင်း ၂ လိုင်းမှာနေရာယူလိုက်တယ်။ တစ်ခုကတော့ ရေမွှေးလုပ်ငန်းပါ။ ၂၀၁၉ မှာ ဒပ်ဗ်ရေးသားတဲ့ ပထမဆုံး ဝတ္ထု Elixir ဖြန့်ချိပါတယ်။ ၂၀၁၁ မှာ Devoted နဲ့ ၂၀၁၃ မှာ  True ဝတ္ထုတွေရေးသားထုတ်ဝေခဲ့တယ်။ Chasing the Sun single ထဲမှာ မာလီဘူးကမ်းခြေက စွဲမက်ချစ်ခင်စရာဟန်ပန် နဲ့ ဒပ်ဗ်ကို မြင်တွေ့ထားကြတဲ့ ပရိတ်သတ်တွေက အယ်လ်ဘမ်အသစ်ထွက်လာမယ့်နေ့ကို စောင့်မျှော်နေကြပါပြီ။

ဖယောင်းရုပ်နှစ်ရုပ် ပိုင်ရှင်မလေး ဆွစ်ဖ်   
            ဝါရှင်တန် ဒီစီ နဲ့ ဟောလိဝုဒ် Madame Tussauds ဖယောင်းပြတိုက်နှစ်ခုစလုံးမှာ တေလာဆွစ်ဖ်ရဲ့ နောက်ထပ် ဖယောင်းရုပ်တစ်ရုပ်ထားရှိလိုက်ပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆွစ်ဖ်ရဲ့ ဖယောင်းရုပ်တုအသစ်ကိုပြတိုက်က ဖွင့်လှစ်ပြသလိုက်ပါတယ်။ ဝါရှင်တန်က သမ္မတဘားရက်အိုဘားမား၊ ဘီယွန်စ် နဲ့ ကိတ်တီပယ်ရီတို့ရဲ့ ဖယောင်းရုပ်တွေနားမှာ နီးနီးနားနားရှိနေတယ်။ ဆွစ်ဖ်ရဲ့ ဖယောင်းရုပ်ဟာ ပြတိုက်ရဲ့ နယူးယောက်စီးတီးနေရာက ပေါ်ပြူလာဖြစ်လှတဲ့ ဖယောင်းရုပ်သဏ္ဍန်ဖြစ်နေတယ်လို့ Madame Tussauds ပြတိုက်မှူးကပြောပါတယ်။ ဆွစ်ဖ်ရဲ့ မူလ ဖယောင်းရုပ်တုကို ၂၀၁၀ မှာ ထားရှိပြသခဲ့ပါတယ်။ ဆွစ်ဖ်ဟာ ပြတိုက်ဝန်ထမ်း artist အဖွဲ့နဲ့ အချိန်တွေအများကြီးအတူရှိနေခဲ့ပြီး အကောင်းဆုံးဖယောင်းရုပ်ရရှိဖို့ ကူညီခဲ့တယ်။ ပြတိုက်က Artist တွေဟာ ဆွစ်ဖ် နေထိုင်ရာ တင်နက်စီပြည်နယ် Nashville ကို သွားရောက်ခဲ့ကြပြီး အတိုင်းအထွာအတိအကျယူခဲ့ကြတယ်။ ကြယ်ပွင့်ငယ်လေးရဲ့ ဓာတ်ပုံတွေရယူခဲ့ကြတယ်။ ဆွစ်ဖ်ကိုယ်တိုင် သူမရဲ့ စိတ်ကြိုက်စတိုင်လ်ဟန်ပန် နဲ့ မိတ်ကပ်လိမ်းခြယ်လေ့ရှိတဲ့ပုံစံလေးတွေပါ ဝေမျှပြောပြခဲ့တာပါ။ ပထမ ဖယောင်းရုပ်ရဲ့ ဂစ်တာအတွက်လည်း သူမရဲ့ ဂစ်တာတွေထဲက ဂစ်တာတစ်လက်ကို စီစဉ်ပေးခဲ့ပြီး အဲဒီဂစ်တာဟာ Swarovski ပစ္စည်းတွေနဲ့ ပြုလုပ်ထားပါတယ်။ တချို့ကတော့ ဆွစ်ဖ်ရဲ့ ပထမဖယောင်းရုပ်ဟာ မျက်ဝန်းတစ်ဝိုက်ပဲ ခပ်ဆင်ဆင်တူပြီး တခြား ဘယ်နေရာမှ မတူပါဘူးလို့ ဝေဖန်ကြတယ်။ ဖယောင်းရုပ်ဖန်တီးတဲ့ artist တွေဟာ ရွှေရောင်ဆံပင်နဲ့ မိန်းကလေးငယ်မြင်တာနဲ့ ကိုယ်ဟန်ပြမယ်ဟန်ပန်ကနွဲ့ကလျပုံသွင်းလိုက်ကြတော့တယ်။  ဆွစ်ဖ်ရဲ့ အမာခံ ကန်းထရီးပရိတ်တွေ မကြာမကြာတွေ့မြင်ခဲ့ကြသလို ဂစ်တာတစ်လက်နဲ့ ခပ်ဆတ်ဆတ်မိန်းမငယ်လေးပုံစံမျိုးရအောင် ဖန်တီးတာကမှ ဆွစ်ဖ်ပရိသတ်တွေအတွက် ပိုပြီး စိတ်ကျေနပ်မှုရှိစေနိုင်တယ်လို့ ဆိုကြတယ်။ ဆွစ်ဖ်ကတော့ သူမရဲ့ အမွှာဖယောင်းရုပ်လေးအပေါ် အကောင်းမြင်ခဲ့ပါတယ်။ သူမရဲ့ Twitter စာမျက်နှာမှာ ဖယောင်းရုပ်လေးနဲ့ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ တင်ထားခဲ့တယ်။ ဆွစ်ဖ်ရဲ့ ဒုတိယဖယောင်းရုပ်အပေါ် မှတ်ချက်တွေတော့လောလောဆယ် မကြားရသေးပါဘူး။

သီချင်းအသစ်တွေနဲ့ သူတို့
 
            ရှနိုင်းယားတွိန်းရဲ့ ၂၀၀၂ ခုနှစ်က အယ်လ်ဘမ် Up နောက်ပိုင်းမှာ အယ်လ်ဘမ်အသစ်မထွက်ခဲ့ပါဘူး။ Man! Feel Like a Woman အဆိုတော်ရှနိုင်းယားဟာ သူမမှာသီချင်းအသစ်တွေရှိနေပါပြီ လို့ Las Vegas Sun သတင်းစာကိုပြောကြားလိုက်တယ်။ "အခု အယ်လ်ဘမ်တစ်စုတစ်စည်းတည်းဖြစ်အောင်စီစဉ်နေတာ အလယ်ပိုင်းတော့ ရောက်နေပြီ။ အဲဒါ သိပ်စိတ်လှုပ်ရှားဖို့ကောင်းလှတယ်ပါတယ် တဲ့။ ၂၀၀၄ ခုနှစ်ကနေစပြီး စင်မြင့်ဖျော်ဖြေပွဲတွေကပါ  အနားယူခဲ့တဲ့ ကနေဒီးယန်းကမ်းထရီးအဆိုတော် ရှနိုင်းယားဟာ ပြီးခဲ့တဲ့ ၂ နှစ်မှာတော့ Still the One ဂီတဖျော်ဖြေပွဲတွေကို Nevada က The Colosseum at Caesars Palace ကဇာတ်ရုံမှာ ပြန်လည်သီဆိုခဲ့တယ်။ ရှနိုင်းယားရဲ့ အယ်လ်ဘမ်တွေက Shania Twain (1993), The Woman in Me (1995), Come On Over (1997) နဲ့ Up! (2002) တို့ပါ။ အယ်လ်ဘမ်အသစ်အတွက် ရှနိုင်းယားချစ်တဲ့ပရိတ်သတ်တွေ မျှော်တလင့်လင့်ရင်ခုန်ရမှာပါပဲ။ အင်္ဂလိပ် ရောခ့်အဖွဲ့ Pink Floyd ရဲ့ အဖွဲ့သား ဒေ့ဗ်ဂီလ်မော ရဲ့ အယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေပါပြီ။ ၂၀၀၆ က ထွက်ရှိခဲ့တဲ့ solo LP "On An Island" ဟာ အခြေအနေကောင်းခဲ့တယ်။ သူ့ရဲ့ လူအိုကြီးရဲ့ဖျော်ဖြေပွဲ tour ခရီးစဉ်အတွက်လည်း စီစဉ်နေတယ်လို့ ရယ်ရယ်မောမောပြောခဲ့တယ်။ Pink Floyd အဖွဲ့ရဲ့ ရောခ့် အယ်လ်ဘမ် The Endless River ကိုလည်း နိုဝင်ဘာမှာ ထွက်ရှိမယ်လို့ အဖွဲ့ကကြေညာထားခဲ့ပါတယ်။ ၁၉၉၄ မှာ The Division Bell အယ်လ်ဘမ်ထွက်ခဲ့ပြီးကတည်းက အယ်လ်ဘမ်အသစ်နဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့တာပါ။ Pink Floyd  ရဲ့ The Endless River ဟာ သူတို့အဖွဲ့ရဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်နိုင်တယ်လို့လည်းဆိုတယ်။ နောက်ဆုံးဆိုပေမယ့် မဆုံးတမ်းစီးဆင်းသွားမယ့် မြစ်တစ်စင်းလိုရော့ခ်သီချင်းတွေကိုလည်း ရော့ခ်ပရိတ်သတ်တွေစောင့်ကြိုကြဦးမှာပါပဲ။ ရက်ပ်ဂီတသမား ပစ်ထ်ဘူးလ်ရဲ့ ၈ ခုမြောက်အယ်လ်ဘမ် Globalization ကိုလည်း ချောင်းကြည့်လိုက်ရအောင်ပါ။ စတိုင်လ်ကျကျ၊ ခေတ်မီတဲ့ ညစာစားပွဲဝတ်စုံတစ်ထည်လို အယ်လ်ဘမ်မျိုး ပြင်ဆင်နေပါတယ်တဲ့။ ပစ်ထ်ဘူးလ် ကြိုက်နှစ်သက်လှတဲ့မိတ်ဆွေကြီးတွေဖြစ်တဲ့ Chris Brown, Jennifer Lopez, Sean Paul, Jason DeRulo, Claudia Leitte, G.R.L ၊ Dr. Luke နဲ့ Bebe Rexha တို့နဲ့လည်း တွဲဖက်သီဆိုထားတဲ့ သီချင်းတွေပါဝင်ပါတယ်။ နိုင်္ဝဘာ ၂၄ မှာထွက်ရှိခဲ့ပါတယ်။

ဂျေလိုရဲ့ ရင်ခုန်သံအပြင်းဆုံးဘယ်ဆီမှာ

            ဂျနီဖာလိုပက်ဟာ ပြီးခဲ့တဲ့ဇွန်လပိုင်းက မာခ့်အန်ထော်နီနဲ့ တရားဝင်ကွာရှင်းခဲ့ပြီး မက်ဇ်နဲ့ အဲမာ ဆိုတဲ့ အမွှာသားနဲ့ သမီးမွေးဖွားခဲ့ပါတယ်။ ဂျေလိုဟာ ၂၀၀၂ တုန်းက ချစ်သူဟောင်းဖြစ်ခဲ့တဲ့ ဘန်အက်ဖ်လက်ခ်ကို ချစ်ခင်လွမ်းဆွတ်နေဆဲပါ။ "အဲဒါဟာ ပထမဆုံး အကြီးကျယ်ဆုံးအသည်းကွဲတာဖြစ်ခဲ့နိုင်ပါတယ်" လို့ Today သတင်းစာကိုဖြေကြားပါတယ်။ ၂၀၀၂ မှာ အကနည်းပြ ခရစ်ဂျူဒ်နဲ့ ကွာရှင်းခဲ့ပြီး ဘန်နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့တာပါ။ ဂျေလိုတို့ စုံတွဲဟာ စေ့စပ်ခဲ့ပြီး ဂျေလို၊ ဘန် တို့ရဲ့ ချစ်ဇာတ်လမ်းအကြောင်း မီဒီယာလောကမှာ အင်မတန်ပေါ်ပြူလာဖြစ်ခဲ့တယ်။ Bennifer ဆိုတဲ့ ဝေါဟာရသစ်တစ်ခုတောင် ပေါ်ထွက်လာခဲ့တဲ့အထိ နာမည်ကြီးခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၀၄ ဇန်နဝါရီမှာ Bennifer ဇာတ်လမ်းအဆုံးသတ်သွားပြီး ဂျေလိုက သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ မာခ့်နဲ့ လက်ထပ်ခဲ့ပါတယ်။ နှစ်တွေအများကြီးပဲ အကောင်းဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်၊ သူတစ်ကယ်ချစ်ခဲ့ပြီး နက်နဲတဲ့ဆက်ဆံရေးမျိုးနဲ့ သူ့ဘဝထဲကို မာ့ခ်လာခဲ့ပြီလို့ ဘန်ကနေ မာ့ခ်ဆီ ချစ်ဇာတ်လမ်း အကူးအပြောင်းကာလမှာ ဂျေလိုကပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ပြီးတွေးတောကြည့်တော့ ဂျန် ပြောခဲ့သလိုပဲ တစ်ဦးတစ်ယောက်ကို မှီတွယ်လွန်းတာထက် တစ်ဦးတည်းအချိန်ကြာကြာရှင်သန်နေထိုင်ကြည့်သင့်တယ်လို့ ဂျေလိုယူဆလာခဲ့တယ်။ "ဘယ်သူကမှ ကိုယ့်ကို ကယ်ဆယ်/ ကုသနိုင်မှာမဟုတ်ဘူး ဆိုတာ ကိုယ်တို့သိဖို့ လိုအပ်တယ်" လို့ ဂျေလိုက အမေးအဖြေမှာပြောပါတယ်။ မာ့ခ်နဲ့ ကွာရှင်းခဲ့ပြီး ဂျေလိုရဲ့ အသက် ၂၇ နှစ်အရွယ် back-up ချစ်သူ အကနည်းပြဆရာ ကက်စပါစမာ့ထ် နဲ့ ဇာတ်လမ်းနည်းနည်းရှိခဲ့ပေမယ့် အခုတော့ တစ်ဦးတည်းနေဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်ပါ တဲ့။ တစ်ဦးတည်းရှင်သန်နေထိုင်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြီးလေ့လာရဦးမယ် လို့ ဂျေလိုကပြောခဲ့ပါတယ်။      ။

ဖြိုးဖြိုး
(Yati Magazine, December, 2014)

4 comments:

Aunty Tint said...

သတင်းစုံလေးတွေ အမြဲရေးပေးတဲ့ ဖြိုးဖြိုးရေ...
အထူးတလည်ရှာစရာမလိုပဲ ဗဟုသုတတွေကို
ရသစုံနဲ့ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးနော်။ ♥♥♥

PhyoPhyo said...

Aunty Tint <3 <3
thank you so so much

Lorem Ipsum said...

စာကြွေးလာရှင်းပါတယ်ရှင့် <3 ခုမှ comment reply လေးတွေဖတ်လို့ရသွားပြီ ။ theme ပြောင်းပေးတဲ့အတွက်ကော ကျေးဇူးပါရှင့် မွမွ :P

Lorem Ipsum said...

ts ဒုတိယဖယောင်းရုပ်က ပိုတူတယ် မမဖြိုး.... ဒီမှာလဲရှိတယ်..တစ်ခါမှမရောက်သေးဘူး ၀ိတ်ကျမှ ဓါတ်ပုံသွားရိုက်မလို့ခစ်ခစ်