Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 02, 2014

ပျော်ရွှင်ချမ်းမြေ့ချင်လိုလျှင် မမေ့စေချင်

ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘဝလေးကို တလက်လက်တောက်ပတဲ့ စိန်ပွင့်လေးတွေ၊ မွေးပျံ့လန်းဆန်းပန်းပွင့်တွေနဲ့ပဲ ပြုလုပ်ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ သေးသေးမွှားမွှား၊ ရိုးရိုးရှင်းရှင်းအချက်လေးတွေက ပိုပြီး ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ ရိုးရှင်းပေမယ့် ကျေနပ်စရာကောင်းမယ်ဆိုတော့ ဒီအချက်လေးတွေ သိထားရင် အကောင်းဆုံးပါပဲ။

၁. တစ်နေ့တစ်ကြိမ်တော့ ကျေးဇူးတင်စကား ပြောပေးပါ။
တခြားလူတွေကိုတော့ လောကဝတ်လေးတွေပိုပိုသာသာဖြည့်တင်းပြီး ကျေးဇူးတင်စကားတွေမကြာခဏပြောဖြစ်ကြတယ်။ ကိုယ့်ရဲ့ လက်တွဲဖော်ကိုရော ကျေးဇူးတင်တယ်ပြောမိရဲ့လားပဲ။ တစ်ဦးနဲ့တစ်ဦး အကူအညီအမြဲယူနေကြတာကို ရှောင်ကြဉ်နိုင်ဖို့ ဒါမှမဟုတ် သတိထားမိနိုင်စေဖို့ ကိုယ့်ရဲ့ကျေးဇူးတင်စကားလေးကိုပြောပြဖို့ ကြိုးစားကြည့်ပါ။ အဲဒီအလုပ်ဟာ သူ ဒါမှမဟုတ် ကိုယ်လုပ်ရမယ့်အလုပ်ပဲဖြစ်နေပါစေ(ဥပမာ ပန်းကန်ဆေးတာ) ကျေးဇူးတင်လိုက်တာ လို့ ပြောပြပေးပါ။ သေးသေးမွှားမွှားအလုပ်လေးပဲဖြစ်ဖြစ်၊ ကြီးကြီးမားမားအလုပ်ပဲဖြစ်ဖြစ် ပြောပြပါ။ ချီးမွမ်းခြင်းကြောင့် ကိုယ့်ရဲ့လက်တွဲဖော်ဟာ ကိုယ့်အချစ်ကို သတိရမိစေတယ်။ နောက်ထပ် တခြားအိမ်အလုပ်လေးတွေလုပ်စရာပေါ်လာရင်တောင် ကူညီပေးဖို့ ဆန္ဒရှိလာမယ်။ ကူညီရတာကို နှစ်သက်သဘောကျလာတတ်ကြတယ်။

၂. ဇနီးမောင်နှံအသစ်စက်စက်လေးတုန်းကလိုပဲ တစ်ခုခုလုပ်ဆောင်ပေးပါ။
အပြင်မှာအလွယ်တကူဝယ်စားနိုင်ရင်တောင်မှ လုပ်ရတာလည်းမခက်ခဲ၊ သူလည်းကြိုက်တတ်တဲ့အိမ်လုပ်မုန့်လေးတွေ ပြင်ဆင်ပေးပါ။ ဇနီးလေးအတွက် ပန်းလေးတွေပေးပါ။ သူ့ရဲ့ လက်ဆွဲအိတ်ထဲ မှတ်စုတိုလေးတွေထည့်ပေးတာ၊ သူမဆီကို voice mail လေးတွေချန်ထားပေးတာတွေလည်း သိပ်နုလွန်းတယ် မလိုအပ်ပါဘူးလို့ မယူဆဘဲပြုလုပ်ကြည့်ပါ။ စိတ်ချင်းဆက်သွယ်ခံစားမှု အသစ်လေးတွေဖြစ်ပေါ်စေရုံမျှမကဘဲ ပျားရည်ဆမ်းကာလတုန်းကလိုပဲ နွေးထွေးတဲ့အမှတ်တရအသစ်တွေပိုင်ဆိုင်လာနိုင်ဖို့ ဒီအပြုအမူလေးတွေက ကူညီပေးမှာပါ။

၃. လေးနက်တဲ့စကားစမြည်လေးတွေနဲ့ ဆက်ဆံရေး ပြန်လည်ပျိုးထောင်ပါ။
သမီးရည်းစားစုံတွဲ date လုပ်ကြတုန်းက လက်ရှိအဖြစ်လေးတွေပဲပြောနေခဲ့လား၊ ဒါမှမဟုတ် ဘဝရဲ့ အဓိပ္ပါယ်အကြောင်းတွေများပြောခဲ့တာများလား။ အခုတော့ ကိုယ်ပြောနေတဲ့စကားတွေအားလုံးက ဈေးစာရင်း ဒါမှမဟုတ် ဆိုဖာအသစ်အတွက် ဘယ်လောက်ငွေသုံးကြမလဲ ဆိုတာတွေပဲဖြစ်နေပြီ။ ဒီလိုမျိုးလေးကြိုးစားကြည့်ပါ။ တစ်ညလောက် တီဗီရှေ့မှာဖြစ်ဖြစ်၊ ကားထဲမှာပဲဖြစ်ဖြစ်တစ်နေရာရာမှာ ကိုယ့်ရဲ့ဇနီး/ ခင်ပွန်း စိတ်ဝင်စားတဲ့အကြောင်းကို စိတ်ဝင်တစားမေးမြန်းစပ်စုကြည့်ပါ။ ဥပမာ - အားကစား၊ နိုင်ငံရေး ဘာပဲဖြစ်ဖြစ် သူစိတ်ဝင်စားတဲ့အကြောင်းလေးတွေပေါ့။ အဲဒါလေးတွေ အဆက်မပြတ်ပါစေနဲ့။ ပြီးတော့ ရယ်စရာပုံပြင်ဇာတ်လမ်းတွေလည်းပြောပါဦး။ ရယ်မောပျော်ရွှင်စရာအတွေ့အကြုံလေးတွေလည်း အချင်းချင်းဖလှယ်ကြပြီး နှစ်ဦးသားညိနိုင်တဲ့ ကိစ္စလေးတွေတော့ တတ်နိုင်သမျှလျှော့ချပေးပါ။

၎. အတူတကွ လှုပ်လှုပ်ရှားရှား
ကစားနည်းတစ်ခုခု အတူတကွဆော့ကစားကြတာ၊ အတူတကွရှိနေနိုင်ကြတာတွေဟာ တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားမှု ပိုပြီးများလာစေတယ်။ ကိုယ်နဲ့အတူပါဝင်လာအောင် လက်တွဲဖော်ကို ဘယ်လိုဆွဲဆောင်မလဲ။ ဖြည်းဖြည်းချင်းချဉ်းကပ်ပါ။ ပန်းခြံထဲမှာအကူအညီလေး နည်းနည်းလိုတယ်။ ရေချိုးခန်းထဲ ဟိုပြောင်းဒီရွှေ့ရှင်းလင်းဆေးကြောလိုတယ်စသဖြင့် စည်းရုံးပါ။ ဒါမှမဟုတ်လည်း သူငယ်ချင်းက ကပွဲတစ်ခုခု လက်မှတ်နှစ်စောင်ပေးထားလို့ သွားကြည့်ကြရအောင်ဆိုပြီးချဉ်းကပ်တာမျိုးပါ။ အတူတကွကစားခွင့်၊ ကပွဲသွားခွင့် အဲဒီအခွင့်အရေးလေးတွေရခဲ့ပြီဆိုရင် နောက်တစ်ကြိမ်ထပ်ပြီး ကစားချင်၊ သွားချင်နေတော့မှာပါ။ စိတ်စွမ်းအား၊ ကိုယ်စွမ်းအားပြန်ပြီးတိုးတက်စေမယ့် လှုပ်ရှားမှုတွေဟာ နှစ်ဦးသား ပိုနီးသွားစေမယ့် နည်းလမ်းတွေပါ။

၅.  နံနက်ခင်းတစ်ခုစီတိုင်း "ဒီနေ့အစီအစဉ် ဘာလဲ" မေးကြည့်ပါ။
သူ့မှာ အရေးတကြီးအစည်းအဝေးရှိနေမလား၊ သူမလေး အရေးကြီး client ဆီ ဖုန်းဆက်ဖို့ စိုးရိမ်ပူပန်နေလား။ သူမလေး သူငယ်ချင်းဟောင်းနဲ့ နေ့လယ်စာအတူစားနေမလား။ တစ်နေ့စာအသေးစိတ်လှုပ်ရှားမှုလေးတွေအကြောင်းပြောဖြစ်ကြတာဟာ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ ကြောက်ရွံ့စိုးထိတ်မှုတွေ ဝေမျှသလိုပဲ အရေးကြီးလှပါတယ်။ အဲဒါကြောင့် အသေးစိတ်အစီအစဉ်လေးတွေအကြောင်း မေးမေးပြောပြောနည်းလမ်းလေးဟာ တစ်ဦးနဲ့ တစ်ဦးအပြန်အလှန် နားလည်မှု၊ ချစ်ခင်ရင်းနှီးမှုတည်ဆောက်နိုင်တဲ့နည်းလမ်းကောင်းတစ်ခုပါ။ ညပိုင်းမှာဖြစ်ဖြစ် ပြီးသွားခဲ့တဲ့အစည်းအဝေး၊ ဖုန်းခေါ်ဆိုမှုနဲ့ နေ့လယ်စာ ဘယ်လိုပုံစံလေးနဲ့ဖြတ်သန်းခဲ့လဲ မေးကြည့်ဖို့လည်း မမေ့ပါနဲ့ဦး။ ကိုယ့်ရဲ့ သတိတရရှိမှုဟာ လက်တွဲဖော်အတွက် ချစ်မြတ်နိုးစရာဂရုစိုက်မှုလေးအဖြစ် သူ ခံစားမိသွားနိုင်တာကြောင့်ပါ။

၆. ခင်ပွန်း/ ဇနီးကို လူရှေ့မှာ လေးလေးစားစား ချီးမွမ်းပေးပါ။
ပါတီပွဲတစ်ခုမှာ၊ အလုပ်ကိစ္စအစည်းအဝေးတစ်ခုမှာ ဒါမှမဟုတ် အေးအေးလူလူ အပမ်းဖြေလမ်းလျှောက်နေတဲ့အချိန်လေးမှာပဲဖြစ်ဖြစ် ဟန်လုပ်ထိန်းချုပ်မထားတဲ့ သိမ်မွေ့ညံ့သက် ဆက်ဆံမှုမျိုးပေးပါ။ သူ့ရဲ့ လက်ကို ဆုပ်ကိုင်ထားပါ။ သူမကို ပြုံးမြမြအကြည့်မျိုးနဲ့ ကြည့်ပါ။ မိတ်ဆွေတွေနဲ့ စကားပြောနေချိန်မှာလည်း သူမလေးအနီးအနားမှာ ကိုယ့်ရဲ့လက်မောင်းရှိနေပါစေ။ ဥပမာ - သူမရဲ့ ပခုံးပေါ်ကို ကိုယ့်ရဲ့လက် အသာအယာတင်ထားတာ၊ သူမရဲ့ လက်မောင်းကိုနောက်ကနေသိုင်းဖက်ထားတာ - စတဲ့ အပြုအမူလေးတွေဟာ ဇနီးသည်ကအမှတ်တွေအများကြီးပေးမယ့် ခင်ပွန်းသည်တစ်ဦးရဲ့ဂရုစိုက်ကြင်နာမှုပါပဲ။ လူအများရှေ့မှာ ကိုယ့်ရဲ့ လက်တွဲဖော်အကြောင်း အပျော်သဘောကျီစယ်တဲ့စကားမျိုး အပြုအမူမျိုး ဘယ်တော့မှမလုပ်မိပါစေနဲ့။

၇. သူနဲ့ ကိုယ် ကတောက်ကဆတ်ဖြစ်ရင် လမ်းလျှောက်ထွက်ပါ။
သူနဲ့ ကိုယ်တို့ စကားပြောအဆင်မပြေ၊ အခြေအနေတမျိုးကြီးဖြစ်နေပြီးဆိုရင်တော့ အပြင်လမ်းလျှောက်ထွက်ကြဖို့ စကားစကြည့်ပါ။ ကြောင်တိကြောင်တောင်ဖြစ်နေတဲ့အခြေအနေတွေကို ရှင်းထုတ်ပစ်ရအောင်ပါ။ အပြင်ဘက်မှာဆိုရင် မြဲမြဲမြံမြံလှမ်းလျှောက်နေတဲ့ ခြေလှမ်းနဲ့အတူ တင်းအားတွေပြေလျော့သွားလိမ့်မယ်။ ရိုးရှိုးရှင်းရှင်းစကားပြောဖို့လည်း ပိုပြီးလွယ်ကူသွားမယ်။ ညှိနှိုင်းမယ်၊ တောင်းပန်မယ် အဲဒီအခြေအနေလေးတွေပြုလုပ်ဖို့ လွယ်ကူသွားပါလိမ့်မယ်။

၈. ဘယ်လိုမျက်ကွယ်ပြုရမယ် သင်ယူပါ။
ရေစိုမျက်နှာသုတ်ပဝါ ကြမ်းပြင်ပေါ် အပုံလိုက်ကျနေမယ်။ ကိုယ်က ညည်းညည်းညူညူလုပ်ချင်တယ်။ အပြစ်တင်လိုက်မယ် အဲဒီစိတ်လေးအောင့်ထားလိုက်ပါ။ သည်းမခံနိုင်လောက်အောင် ဒေါသထွက်နေချိန်မှာ အဲဒီလိုအဖြစ်အပျက် မကြာခဏတွေ့လိမ့်မယ်။ တစ်ကြိမ်ပြီး တစ်ကြိမ်ထပ်ဖြစ်နေလိမ့်မယ်။ ဆူပူမယ့်အစား စိတ်ကို အေးဆေးတည်ငြိမ်အောင်ထိန်းပြီး "ငါ မပြောင်းလဲနိုင်တဲ့အရာတွေကို ငါ လက်ခံပါတယ်" ဆိုတဲ့ ဆုတောင်းစကားလေး ရွတ်နေလိုက်ပါ။ ကိုယ့်ရဲ့ မကျေမချမ်းစိတ်ဟာ လျှင်လျှင်မြန်မြန်ပြေလျော့သွားတာ အံ့အားသင့်စရာကောင်းလောက်အောင်သိလိုက်ရပါလိမ့်မယ်။ အပတ်စဉ် မိသားစုဆွေးနွေးပွဲပုံစံလေးလုပ်ထားပြီး အဲဒီအချိန်မှာ မကျေနပ်ချက်လေးတွေကိုတော့ ပြောပြဖို့ကြိုးစားပါ။ သိုဝှက်သိမ်းဆည်းမထားပါနဲ့။ ဘာတွေက စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုတာ တည်တည်ငြိမ်ငြိမ်လေးပဲ ပြောပြပါ။ မကြာခဏ ဆူဆူပူပူမပြောမိအောင် ကြိုးစားပေးပါ။

၉.  နားဝင်ချိုချို ဘယ်လိုကူညီခိုင်းမလဲ သင်ယူရဦးမယ်။
ကိုယ်က သူ့ကို စင်လေးတစ်ခုပြင်ဆင်ချိတ်ဆွဲခိုင်းချင်လား။ မြက်ခင်းမှာ မြက်သွားရိတ်စေချင်လား။ သူမကို အဝတ်တစ်ခြင်းကြီး လျှော်စေချင်လား။ တောင်းဆိုတဲ့ပုံစံမျိုးထက် လုပ်ပေးနိုင်မလားဆိုပြီး ချိုချိုသာသာမေးမြန်းပါ။ အမိန့်မဆန်တဲ့ အကူအညီတောင်းခံတဲ့ပုံစံသေချာအောင် ဂရုစိုက်ပေးပါ။ ဥပမာ - "မင်းလုပ်သင့်တယ်/ လုပ်ရမယ်" ဆိုတာထက် "လုပ်ပေးနိုင်မလား" ဆိုပြီး မေးတဲ့ပုံစံပါ။ ကိုယ့်ရဲ့ စကားလုံးတွေအောက်မှာ စုဖွဲ့ရစ်နှောင်မှု၊ ယုံကြည်နားလည်မှုတွေ ကျဆုံးမသွားစေဖို့ သိပ်ကိုအရေးကြီးပါတယ်။

၁၀. အတူတကွ ရုပ်ပိုင်း အာရုံနိုးကြွချိန်ကိုလည်း အလေးထားပါ။
အိပ်ချိန်လေးမှာ တိုးဝှေ့ပူးကပ်နေကြည့်ပါ။ အဲဒါဟာ နေ့တစ်နေ့ကုန်ဆုံးဖို့ ချစ်စရာနည်းလမ်းလေးပါ။ နံနက်ခင်း အပွေ့အဖက်လေးကလည်း တစ်နေ့လုံး တစ်ဦးနဲ့ တစ်ဦး ခံစားချက်တွေနီးကပ်စေနိုင်ပါတယ်။ alarm ကို ၅ မိနစ်လောက်စောပေးထားပါ။ အဲဒီအချိန်လေးဟာ စကားစမြည်ပြောချိန်လေးပါ။ နှစ်ဦးတည်း ရင်းရင်းနှီးနှီးရှိချိန်လေးမှာ အိပ်ခန်းဟာ ငြိမ်ဆိတ်နေပါစေ။ အခန်းထဲမှာ အိပ်ချိန်၊ နိုးထချိန်တွေမှာ ရှုပ်ရှုပ်ထွေးထွေး ပစ္စည်း/ စကားလုံးတွေနဲ့ ဖြည့်တင်းမထားပါနဲ့။ အိပ်ခန်းဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုမရှိနိုင်ဘူးဆိုရင် သူနဲ့ ကိုယ် ရှောင်ဖယ်နေကြပါလိမ့်မယ်။

၁၁. ကိုယ်ပိုင်အချိန်ထားပါ။
ကိုယ်စိတ်ဝင်စားတဲ့ စာညွန့်ရေးနည်းသင်တန်း၊ ဒါမှမဟုတ်တခြား စိတ်ဝင်စားရာကို ဆက်ပြီးလုပ်နေပါ။ ကိုယ်ရော ကိုယ့်ရဲ့ လက်တွဲဖော်ပါ တစ်ဦးချင်း စိတ်ပါဝင်စားရာကို ဖန်တီးနိုင်ပါစေ။ အဲဒါဟာ တစ်ဦးရဲ့ လိုအပ်ချက်တိုင်းကို ဖြည့်ပေးနေရတဲ့ ဖိအားတွေကနေ လျှော့ချပေးနိုင်တယ်။ ကိုယ့်မှာလည်း ပုံမှန် မိန်းကလေးသူငယ်ချင်းတွေနဲ့ ညပိုင်းတွေပါ သွားသွားလာလာရှိသင့်သလို သူလည်း သူငယ်ချင်းတွေနဲ့ နေ့ပွဲ ညပွဲ မိတ်ဆွေသူငယ်ချင်းတွေနဲ့ သွားပါစေ။ အဲဒီလို သွားသွားလာလာမရှိကြတဲ့ စုံတွဲတွေဟာ ကိုယ်ပိုင်မိတ်ဆွေကဏ္ဍရှိထားကြတဲ့စုံတွဲတွေလောက် အိမ်ထောင်သည်ဘဝကို စိတ်ကျေနပ်မှုမရှိကြဘူးလို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

၁၂.  ကိုယ့်ရဲ့အချစ်မှာ ရိုးသားမှုရှိပါစေ
love letter ဒါမှမဟုတ် e-mail ပဲ ဖြစ်ဖြစ်ရေးပါ။ ကိုယ်ဟာ စာရေးဆရာမဟုတ်လည်း စိတ်မပူပါနဲ့။ ရိုးရှင်းပြီး ရိုးသားတဲ့ စာတစ်စောင်ဟာ romantic ဖြစ်ဖို့ အထူးတလည်အားထုတ်ထားတဲ့ စာတစ်စောင်ထက်ပိုပြီး ဆွဲဆောင်မှုရှိနေမှာပါ။ ကိုယ့်ရဲ့ ခင်ပွန်း/ ဇနီးဟာ ကိုယ့်အတွက် ဘယ်လိုခံစားမှုတွေဖန်တီးပေးတယ်၊ ဘယ်လို ပျော်ရွှင်ကြည်နူးခဲ့ရတယ် စသဖြင့် မှတ်မှတ်ရရရှိနေတဲ့ တချို့အဖြစ်အပျက်လေးကို အသေးစိတ်ရေးကြည့်ပါ။ ပြီးခဲ့တဲ့ အတူတကွအချိန်လေးတွေကို ပြန်ပြောင်းပြောပြပါ။ ပြီးရင်တော့ အနာဂတ်မျှော်လင့်ချက်လေးတွေကို သူ့ကို မျှဝေပါ။ တစ်နှစ်တစ်ကြိမ် ကတိကဝတ်လေးတွေ အသစ်ထပ်ပြီး ပြန်စပါ။ တစ်နှစ်တစ်ကြိမ်ဖြစ်တဲ့ နှစ်ပတ်လည်အစီအစဉ်လေးတွေကိုလည်း မပျက်မကွက် အမှတ်တရတစ်ခုခုဖန်တီးဖို့ကြိုးစားပါ။

၁၃. ကိုယ်တိုင် တိုးတက်မှုရှိနေအောင် ကြိုးစားနေပါ။
ကိုယ့်ရဲ့  အချစ်ကို စာတစ်စောင်နဲ့တင်မဟုတ်ဘဲ အလုပ်နဲ့လည်း လက်တွေ့ပြပါ။ ဥပမာ - သူမက ကိုယ့်ကို ပိုပြီး ကျန်းကျန်းမာမာမြင်ချင်နေတယ်။ ဒါဆိုရင် အားကစားရုံသွားတာ၊ ညနေတွေလမ်းလျှောက်တာ၊(သူမလေးနဲ့အတူ) လေ့ကျင့်ခန်းယူတာတွေကိုလုပ်ရမှာပါ။ သူက အသန့်အပြန့်ကြိုက်တဲ့သူဆိုရင် ကိုယ်က ခြေအိတ်ညစ်ညစ်ပေပေတွေ ကြမ်းပြင်ပေါ် ဟိုဒီ ချွတ်ပစ်ထားတာ၊ ပန်းကန်တွေချက်ချင်းမဆေးဘဲ စုပုံထားတတ်တာတွေကို ရပ်ပစ်ရပါလိမ့်မယ်။ "ကိုယ် မင်းကိုချစ်တယ်" ဆိုတဲ့စကားလုံးလေးဟာ အမြဲတမ်း ကြည်နူးစရာပါပဲ။ ဒါပေမဲ့ အခြေခံကျကျပဲ လက်တွေ့နဲ့ ထင်ရှားစေသင့်ပါတယ်။

၁၄. ကိုယ်တို့ရဲ့ အိမ်ထောင်ရေးဟာ အမြဲ ပထမဆုံးပါ။
ဒါဟာ ရွှေရောင်နည်းဥပဒေပါတဲ့။ လူမှုဆက်ဆံရေးအားလုံးမှာ ကိုယ့်ရဲ့ ခင်ပွန်း/ ဇနီးကပဲ အမြဲ ပထမဆုံးဖြစ်ရမှာပါ။ နောက်ဆုံးမှာ သားငယ်သမီးငယ်အားလုံးဟာ ကိုယ့်လမ်းကို လျှောက်လှမ်းသွားကြလိမ့်မယ်။ သူ့အတွက် ကိုယ်၊ ကိုယ့်အတွက် သူကပဲ သက်ဆုံးတိုင်ရှိနေနိုင်မယ့်သူပါ။ ရက်သတ္တတစ်ပတ်မှာ တချို့ညတွေကို ကလေးငယ်တွေမပါဘဲ  သူနဲ့ ကိုယ်ပဲရှိနေမယ့် ညစာစားပွဲလေးတစ်ခုအဖြစ် ဖန်တီးကြတာမျိုးကလည်း အရေးပါတဲ့အချိန်လေးတွေပါ။ (အဲဒီလိုနေ့မျိုးဆိုရင် သားငယ်သမီးငယ်တွေကို စောစောစီစီး ညစာကျွေးထားလိုက်ရမှာပေါ့။)

Source : Happy Marriage Advice Every Couple Could Use

ဖြိုးဖြိုး
(Living Fashion Magazine, November, 2014)

2 comments:

Lorem Ipsum said...

i love it :)

မြတ်မွန် said...

မြန်မာပြည်က မြန်မာအမျိုးသားတွေ ဒီလိုလေးတွေလုပ်ရင်သိပ်ကောင်းမယ်