Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, January 11, 2015

ကမ္ဘာကြီးငြိမ်းချမ်းဖို့  သီတဂူမေတ္တာရေ

Iran နိုင်ငံ    Teheran   မြို့ တော်တွင် ကျင်းပခဲ့သော ဘာသာရေးဆိုင်ရာ အပြန်အလှန် နှီးနှောဖလှယ်ပွဲ (Interreligious  Dialogue )တွင် မိန့် ကြားခဲ့သော
သီတဂူ ဆရာတော်ကြီး၏ တရားအနှစ်ချုပ်။ 

အီရန်နို်င်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဖိတ်ကြားသဖြင့် တက်ရောက် ဟောကြားခဲ့သော တရားတော်
အပိုင်း(၁) 

မြန်မာနိုင်ငံအတွင်းက သတင်းတွေကို  မီဒီယာ အဆင့်ဆင့် ဖြတ်ကျော် လက်ခံ ကြရတဲ့အတွက် အီရန်နိုင်ငံက အထင်လွဲမှားစရာ  ရှိနိုင်ပါတယ်။ ဒီလိုပါပဲ အီရန်နိုင်ငံအကြောင်းကိုလည်း မြန်မာတို့  လက်ခံ သိရှိကြရာမှာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ သို့သော် ဒီကနေ့  ဘုန်းကြီးတို့ လာရောက်ပြီး အမြင်ချင်းဖလှယ် နှီနှော ခွင့် ရရှိပြီဖြစ်လို့  နိုင်ငံနှစ်ခုအတွက် ဘာသာနှစ်ခုအတွက် ငြိမ်းချမ်းစွာ ညီညွတ်စွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြပြီလို့  ဘုန်းကြီးတို့  မျှော်လင့် ယုံကြည်တယ်။


ဒီကနေ့  ကမ္ဘာ့နေရာတိုင်းမှာလိုလိုဖြစ်ပျက်နေတဲ့  ပဋိပက္ခတွေ ပြသနာတွေ ကို အားလုံး သိရှိပြီးဖြစ်ကြတဲ့အတိုင်း ဘုန်းကြီးတို့ ဘာသာရေး ခေါင်းဆောင်တွေ ဖြေရှင်း နိုင်ဖို့  အဖြေရှာတတ်ဖို့ လိုပါလိမ့်မယ်။ အဖြေရဖို့  အကြောင်းရင်းအမှန်တရားကို ရှာရမှာ ဖြစ်တယ်။ အဓိက တည်ဆောက်ဖို့  အလိုအပ်ဆုံးက လူသားထုတရပ်လုံးအတွက်  ငြိမ်းချမ်းရေး။ လုံခြုံတည်ငြိမ်ရေးပဲ။ခု ကမ္ဘာမှာ ဖြစ်နေတာက လောဘမီး ဒေါသမီး မောဟမီးတွေ လောင်ကျွမ်းနေခြင်းပဲ။ ဒါတွေကို ဘုန်းကြီးတို့  ဘာသာရေး ခေါင်းဆောင်ပိုင်းက  လျော့ချပေးနိုင်ရမယ်။ ပဋိပက္ခတွေ ငြိမ်းအေးအောင် ဘာသာတရားရဲ့  အဆုံးအမတွေ သင်ကြားပို့ ချ ပေးနိုင်ရမယ်။ ဘာသာတိုင်းက ဆုံးမနေတဲ့ သည်းခံခြင်း။ ခွင့်လွှတ်ခြင်း၊ ကြင်နာသနားခြင်း။မိမိကိုယ်ကို ဝေဖန်စီစစ်ခြင်း။ သူတပါးကို နားလည် စာနာခြင်းစတဲ့ပျောက်ဆုံး နေတဲ့  inner core  အတွင်းပိုင်း  အနှစ်သာရတွေ ဖေါ်ထုတ်ပေးကြရမယ်။ လူပုဂ္ဂိုလ်တယောက် တယောက် စီရဲ့  နှလုံးသားမှာ ငြိမ်းချမ်းမှု မရှိရင်  အပြင် လောကကြီးကို ငြိမ်းချမ်းမှု မျှဝေနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ကိုယ်တွင်း ငြိမ်းချမ်းမှု ရအောင် ပြုပေးနိုင်တဲ့  ကျင့်စဉ်ကတော့  Insight meditation ဝိပဿနာကမ္မဌာန်း ပဲ။ တယောက် တယောက် စီ ကစလို့ ဆင့်ပွားလို့  ကျင့်ကြံအားထုတ်သွားရင် လောဘ ဒေါသ မောဟ တရားတွေ ကင်းစင် သွားပါလိမ့်မယ်။ လူမျိုးစွဲ ဘာသာစွဲတွေ ပျောက်ကွယ် သွားပါလိမ့်မယ်။ မိမိကိုယ်ကို သိပ္ပံနညးကျကျ သို့မဟုတ် အဘိဓမ္မာကျကျ သုံးသပ်လေ့လာ သောနည်း The technique of  self-observation နည်းဖြင့် ဝေဖန်ဆန်းစစ်ဖို့ လိုပါတယ်။ မိမိရဲ့  အတွင်းသဏ္ဍာန်မှာရှိတဲ့ သစ္စာ တရားကို မျက်မှောက်ပြုခြင်း self-realizationကို  ကြည့်တတ်ဖို့  လိုပါတယ်။ ဒါ့ကြောင့် မည်သည့် ဘာသာဝင်မဆို self-observation ဆိုတဲ့ Insight meditation ကို   အားထုတ်ကြည့်ကြပါ။ inner core  သို့ မဟုတ် inner peace ဆိုတဲ့ ကိုယ်တွင်းသဏ္ဍာန်မှာရှိတဲ့ သစ္စာတရားနဲ့  ငြိမ်းချမ်းရေးကို ဒီဘ၀မှာပင် လက်တွေ့ ရရှိ ခံစားနိုင်မှာ ဖြစ်ပါတယ်။ Insight meditation ကို အားထုတ်ကြည့်မှ စိတ်နှင့် ကိုယ် Mind and  Body (ရုပ်နှင့်နာမ်) အပြန်အလှန် မှီတွယ် အလုပ်လုပ်နေကြတာ ကိုယ်တွေ့ မြင်ရလိမ့်မယ်။ လောဘ ဒေါသ မောဟ တဏာ မာန စသည်စိတ်ဆိုး စိတ်ယုတ်တွေ တရှိန်းရှိန်းတက်လာရင် အဲဒီ စိတ်ဆိုး သောင်းကျန်းမှုတွေက ကိုယ်ခန္ဓာကို လောင်မြိုက် စေလိမ့်မယ်။အကယ်၍ ခန္တီ ကရုဏာ မုဒိတာ ပညာ ဆိုတဲ့ positive state ယဉ်ကျေးသော စိတ်စေတသိတ်တွေ အရှိန်မြင့်တက်လာရင် နှစ်လိုမြတ်နိုးဖွယ် ငြိမ်းချမ်းသောအရာတွေ ကိုယ်တွင်းမှာ စီးမျော လျှံတက်လာလိမ့်မယ်။လူ့ စိတ်ဟာ ဆန်းကျယ်ပါတယ်။ ခဏတိုင်း ခဏတိုင်း ပြောင်းလဲနေတယ်။ ချစ်ခြင်း မုန်းခြင်း သနားခြင်း မြတ်နိုးခြင်း ၀မ်းသာခြင်း ၀မ်းနည်းခြင်း စက်ဆုတ်ခြင်း ရွံ ရှာခြင်း ရက်စက်ခြင်းကြမ်းကြုတ်ခြင်း မနာလို အူတိုခြင်းစသည် တို့ ကို အဆက်မပြတ် ထုတ်လုပ် နေတယ်။မြစ်တွေမှာ ရေလျှံသလို နှစ်လိုဖွယ် ခံစားမှု မနှစ်လိုဖွယ် ခံစားမှု ဆိုတဲ့ ရေစီးကြောင်းနှစ်ခုဟာခန္ဓာကိုယ်မှာ  အတူယှဉ်တွဲ စီးဆင်းလျှံတက်နေတယ်။စိတ်ဦးဆောင်ရာသို့  ကိုယ်က လိုက်လုပ် တော့တယ်။ဒီတော့ ၀ိပဿနာ တရားကိုအားထုတ်ကြည့်ပါ။  အားထုတ်မိပြီဆိုရင် အစွန်းရောက်နေတဲ့ စိတ်ကို တည့်မတ်အောင်းထိန်းညှိနိုင်မယ်။မိမိစိတ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ဖို့ က ၀ိပဿနာ နည်း တခုပဲ ရှိတယ်။ဒီလို ဟန်ချက်ညီအောင် ထိန်းမတ်နိုင်တဲ့ ပုဂ္ဂိုလ် တဦးကနေ ဆင့်ပွားလို့ တဦးပြီး တဦး  တယောက်ပြီး တယောက် ပေါ်ပေါက်လာရင်ကမ္ဘာ လောက ကြီး ငြိမ်းချမ်းဖို့  မလွဲတော့ဘူး။တည်ညိမ်တဲ့ စိတ်ဓါတ် ခွန်အားတွေ ပေါင်းစု ထိန်းညှိလိုက်ရင် ကမ္ဘာကြီး မလွဲမသွေ တည့်မတ်သွားပါလိမ့်မယ်။တည်ငြိမ် အေးချမ်းသွားပါလိမ့်မယ်။အားလုံးသော ဘာသာရေးကျမ်းစာများဟာရန်ငြိုးပြေဖို့  ဒေါသကို ထိန်းချုပ်စေဖို့  အာဃာတတွေ မထားကြဖို့  ငြိမ်းချမ်းရေးနဲ့  ညီညွတ်ရေးကိုသာ ဟောပြော တောင်းဆိုနေကြတာပါ။
 ဘယ်ဘာသာမဆို အစွန်းမရောက် အစွဲမထား ညီညွတ်သင့်တင့်စွာ နေထိုင်ရန်သာ ဘာသာတိုင်းက သင်ကြားထားပြီး ဖြစ်ပါတယ်။

ခင်မေသစ် ဝေမျှသည်။၂၀၁၅ခုနှစ်အတွက် လက်ဆောင်ဖြစ်ပါသည်။

အပိုင်း (၂) 
ဘယ်ဘာသာကို ကိုးကွယ် ကိုးကွယ် အသားအရောင်မခွဲခြား အမျိုးဇတ်မခွဲခြားပဲ Insight meditation ဝိပဿနာတရားကို အားထုတ်ကြည့်နိုင်ပါတယ်။ ဝိပဿနာအားထုတ်ရင်းလည်း မိမိကိုးကွယ်နေကျ ဘာသာကို ကိုးကွယ်ပိုင်ခွင့် ရှိပါတယ်။ တယူသန်စိတ်အစွဲအလန်းကြီးမှု အလွန်အကျွံအစွန်းရောက်မှုတွေဟာ ပဋိပက္ခကို ဖြစ်ပေါ်စေတဲ့  အတွင်း ရန်တွေပါပဲ။ တကယ်တော့ ပါတီပြောင်းခြင်း မပြောင်းခြင်း။ ဘာသာပြောင်းခြင်း မပြောင်းခြင်း၊ နိုင်ငံသားပြောင်းခြင်း မပြောင်းခြင်းတို့ က အရေးမကြီးပါဘူး။ conversion ပြောင်းလဲခြင်း ဆိုတာဟာ negative mind  မကောင်းတဲ့ စိတ်ဆိုး စိတ်ယုတ်တွေကို positive mind မွန်မြတ်တဲ့ စိတ်ကောင်း  ဖြစ်အောင် ပြောင်းလဲနိုင်ဖို့ သာ အရေးကြီးပါတယ်။ violence  ဆူပူသောင်းကြမ်းလိုခြင်းကို peace ငြိမ်းချမ်းခြင်း ငြိမ်းအေးခြင်း အဖြစ်သို့  ပြောင်းလဲရမှာ ဖြစ်ပါတယ်။ တနည်း ပြောရရင် မသိနားမလည်ခြင်းအ၀ိဇ္ဇာကို သိနားလည်ခြင်း ၀ိဇ္ဇာသို့  ပြောင်းလဲရမှာဖြစ်တယ်။ ၀ိပဿနာတရားဟာ  ဒီလို ပြုပြင် နိုင်စွမ်းရှိပါတယ်။

ယနေ့ လူသားတွေမှာ spiritual pollution ဆိုတဲ့ စိတ်အညစ်အကြေးတွေ စိတ်မသန့် ရှင်း မလတ်ဆတ်မှုတွေ ဖုံးလွှမ်းအားကြီးနေတယ်။ စက်ရုံ အလုပ်ရုံ ထူထပ်တဲ့ မြို့ ကြီး ပြကြီးတွေမှာ air pollution တွေ မီးခိုးတွေ ထူထပ် ဖုံးလွှမ်းနေသလိုမျိုးပါ ပဲ။အဲဒီ စိတ်စေတသိတ်တို့  ရဲ့  စိတ်ညစ်ညမ်းမှုအခိုးအငွေ့ ဆိုတာက တော့ မကျေနပ်မှု မရောင့်ရဲ မှု သဘောမတူမှု ငြင်းခုံမှု အပြစ်ရှာမှု ခွင့်လွှတ်သည်းခံနိုင်ခြင်း မရှိမှု စိတ်ပူပန်မှု တယူသန်မှု စာနာခြင်းမရှိမှု စတာတွေပဲ ဖြစ်ပါတယ်။ အဲဒီ မကောင်းတဲ့ စိတ်တွေဟာ လူ့ အဖွဲ့ အစည်းအတွင်း လူ့ ပတ်ဝန်းကျင်အတွင်း ကူးစက် ပြန့်ပွား ဖုံးလွှမ်းလာနိုင်ပါတယ်။ဒါကို ကာကွယ်ကြရမှာပါ။ ဒီမကောင်းတဲ့ မလိုလားအပ်တဲ့ စိတ်ညစ်ညမ်းမှုတွေ negative spiritual pollutionတွေကို ဖယ်ရှားသုတ်သင်နိုင်ပါမှ လူ့ လောက တခုလုံး ညီညွတ် ငြိမ်းချမ်းတဲ့  တိုင်းပြည် တည်ဆောက် ထူထောင်နိုင်မှာပါ။ထို့ အပြင် စိတ်ဓါတ်ဟန်ချက်ညီမှ တည်ငြိမ်မှ လူနဲ့ လူ့ပတ်ဝန်းကျင် တခုလုံးရဲ့  ငြိမ်းချမ်းသာယာမှု ဖြင့် နိုင်ငံအေးချမ်းအောင် တည်ဆောက်နိုင်မှာပါ။ ဒါဟာ ဗုဒ္ဓရဲ့  တရားတော်က လူ့ လောက ကို စောင့်ရှောက်နေတယ် ဆိုတာ ပေါ်လွင် စေပါတယ်။

Islamic Culture and Relation organization ရဲ့   Shahid Rahimi Conference Hall ကြီးမှာ မြန်မာ ၊ထိုင်း၊ သီရိလင်္ကာ၊ အီရန် လေးနိုင်ငံ ဗုဒ္ဓဘာသာနှင့် အစ္စလမ်းဘာသာ ရေး ခေါင်းဆောင်များ ခုလို ဆွေးနွေး တိုင်ပင်နေကြတာဟာ လူနဲ့  လု့  ပတ်ဝန်းကျင် လူ့ လောက ကို ဘယ်လို ကာကွယ် စောင့်ရှောက်ကြမည်လဲ ဆိုတာကို အဖြေရှာဖို့  ဖြစ်ပါတယ်။ ရုပ်ဝတ္ထု ရုပ်တရားများ ထွန်းကား ဖွံ့ ဖြိုး နေတဲ့ ဒီခေတ်မှာ စီးပွားရေး ပညာရေး ချို့ တဲ့ မွဲတေတဲ့ အောက်ခြေအဆင့်ထိဘာသာရေး အဆုံးအမတွေ နှံ့ စပ် စိမ့်ဝင်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတာ  ဆွေးနွေး နေကြတာဖြစ်တယ်။ economical poverty စီးပွားရေး ဆင်းရဲ မွဲတေသော educational poverty ပညာရေး ဆင်းရဲ မွဲတေသော အောက်ခြေအဆင့် လူသားတွေရဲ့  လောက သို့  ကိုးကွယ်ရာဘာသာတရားရဲ့  အပေါ်ယံ အကာ မဟုတ်တဲ့ အတွင်းပိုင်း အနှစ်သာရ ကို ထိုးဖေါက် စိမ့်ဝင်နိုင်အောင် ပြုလုပ် ပေးဖို့  စဉ်းစား ပေးကြရမှာ ဖြစ်တယ်။ဘာ့ကြောင့်လဲဆိုတော့ ပဋိပက္ခ ဆိုတာ အဲဒီ အောက်ခြေအဆင့်က grassroots level မှာ စတင် ဖြစ်ပေါ်တယ်လို့  ယူဆမိတယ်။religion ဆိုတာ ရဲ့  အနက်အဓိပ္ပါယ်အနှစ်သာရအမှန်ကို မသိနားမလည်ခြင်းဟာ ပဋိပက္ခကို ဖြစ်စေတယ်လို့  ယူဆပါတယ်။ မည်သည့် ဘာသာရေး လူမျိုးရေး ပဋိပက္ခနဲ့  ဆူပူမှုများကိုမဆို ဘုန်းကြီးက  ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ မည်သည့် ရက်စက်ကြမ်းကြုတ် သတ်ဖြတ်မှု မျိုးကို မဆို မည်သည့် စစ်ပွဲမျိုးကို မဆို  ရှုံ့ချ ကန့်ကွက်ပါတယ်။ငြိမ်းချမ်းသော လူ့ ဘောင်လောကကို တည်ဆောက်ဖို့ အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် ဘုန်းကြီးတို့ တတွေ သည်းခံ ခွင့်လွှတ်ခြင်း။သနားညှာတာခြင်း တကိုယ်ကောင်းမဆန်ခြင်း။အစွန်းမရောက်ခြင်း။ ကိုယ်ချင်းစာနာခြင်း သဘောထားကြီးခြင်း ရိုးသားဖြောင့်မတ်ခြင်းစတဲ့ positive mind များကို ရှာဖွေ စုဆောင်း ပျိုးထောင် ဖြည့်ဆည်းကြပါစို့ လို့  ဘုန်းကြီး တိုက်တွန်းလိုပါတယ်။ မိမိကိုးကွယ် ယုံကြည်ရာ ဘာသာ တိုင်းမှာ အနှစ်သာ ရ ရှိပါတယ်။ အဲဒီ အနှစ်သာရကို မြင်အောင် ကြည့်တတ်ဖို့ နှင့် လက်တွေ့ ကျင့်ကြံ အားထုတ်လိုက်ရင် ပဋိပက္ခဆိုတဲ့ မကောင်းဆိုးဝါး မပူးကပ်နိုင်ပါဘူး။ Religion for Peace, Religion for Harmony , Religion for Security, Religion for Stability .ကို  ဘာသာတရားတိုင်းသည် လူသားတိုင်း၏ ငြိမ်းချမ်းရေး။သာယာရေး လုံခြုံရေး တည်ငြိမ်ရေး  လို့  ဘုန်းကြီး က ခံယူပြန်ဆိုချင်ပါတယ်။ ဘုန်းကြီးတို့တတွေ လူမျိုးရေး ဘာသာရေး နိုင်ငံရေး ပဋိပက္ခမျာကို အတူတကွ ပူးတွဲ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့ လို့  နိုးဆော်လိုက်ပါတယ်။

အပိုင်း(၃) 
ဘာသာတရားတိုင်းမှာ outer shell and inner core ဆိုတဲ့ အပြင် အကာနှင့် အတွင်းအနှစ် နှစ်မျိုး ရှိပါတယ်။ ရှိခိုးခြင်း ကန်တော့ခြင်း ကိုးကွယ်ခြင်း  ယုံကြည်ခြင်း ဆုတောင်းခြင်း ပူဇော်ခြင်း ပန်းကပ်ခြင်း အခမ်းအနားကျင်းပခြင်း ရွတ်ဖတ်ခြင်း စတာတွေဟာ ဘာသာတရား တိုင်းရဲ့  အပေါ်ယံ အကာများသာဖြစ်ပြီး  အဲဒီ အကာ တွေက ဘာသာတရား တခုနဲ့ တခုကိုးကွယ်သူ တစ်စုနဲ့ တစ်စု အကြီးအကျယ် ခြားနားသွားစေတယ်။ အတွင်းပိုင်း အနှစ် သာရ မှာတော့ 

ဒါန=ပေးကမ်းလှူဒါန်းခြင်း။ဝေငှခြင်း။ 
သီလ=ကိုယ်နှုတ်နှလုံး  စောင့်ထိန်းခြင်း ။
သမာဓိ=စိတ်ကို စောင့်ထိန်းခြင်း။
ပညာ= ကြောင်းကျိုး ဆက်စပ် အမှားအမှန်ဝေဖန် ပိုင်းခြား သိနားလည်ခြင်း။
မေတ္တာ= ချစ်ခင်ခြင်း ။
ကရုဏာ=ကြင်နာသနားခြင်း။
မုဒိတာ=ကြည်နူးဝမ်းသာခြင်း။
 ခန္တီ=သည်းခံခြင်း။
သစ္စာ=  အမှန်ကိုသိမြင်ခြင်း။

 စသည်တို့ ဖြစ်ပြီး မည်သည့် ဘာသာ ကို ကိုးကွယ် ကိုးကွယ် မည်သူမဆို အမှန်တကယ် ကျင့်ကြံအားထုတ်သင့်တဲ့ တရားတွေပါ။ ဒါတွေဟာ လူသားတိုင်းလိုက်နာသင့်တဲ့ humanism ဖြစ်ပါတယ်။မိမိတို့ ရဲ့  အယူဝါဒသာ မှန်ကန်သည်ဟုတဇွတ်ထိုး  ငြင်းခုံ မနေသင့်ဘူး။

ဗုဒ္ဓဘုရားရှင်​ကိုယ်​​တော်​တိုင်​ကလည်း အသင်​တို့ ငြင်းခုံခြင်းဖြင့်​စိတ်​ဝမ်းမကွဲကြလင့်​။ မတူညီမှုများထဲက တူညီမှု က​လေးများစုစည်း​ကောက်​ယူ၍ အချင်းချင်းသင့်​တင့်​မျှတစွာ ​နေထိုင်​ကြကုန်​​လော့ လို့ မိန့်​ကြားဖူးပါတယ်​။

ဗုဒ္ဓဘုရားရှင်က လည်း အမျက်ဒေါသထွက်ခြင်းကို ပြန်လည် တုံ့ ပြန် အမျက် ထွက်ခြင်းဖြင့် ငြိမ်းချမ်းမှုကို မရနိုင်။ ချစ်ခြင်း သနားခြင်း ခွင့်လွှတ်ခြင်းဖြင့်သာ ငြိမ်းချမ်းစေနိုင်သည်ဟု အတိအလင်း ဟောခဲ့ပါပြီ။ဆူပူသောင်းကျန်းမှုကို ပြန်လည် တုံ ပြန်ဆူပူ နှိမ်နင်းခြင်းဖြင့် မအေးငြိမ်းရာ။ သည်းခံခြင်း ခွင့်လွှတ်ခြင်းဖြင့်သာ အနိုင်ယူ ငြိမ်းအေးရာသည်ဟု ဟောခဲ့ပါတယ်။

ယခုလို အီရန် သာသနာရေးနှင့် ယဉ်ကျေးမှု  ဌာန မှ ဦးဆောင် သော ဘာသာရေး ခေါင်းဆောင်များ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နှီးနှော ဖလှယ်ခွင့် ရသည့်အတွက် အီရန်နိုင်ငံနှင့် ဘာသာရေး ခေါင်းဆောင်များ အားလုံး ကို  ကျေးဇူး အထူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ သတ္တ၀ါအားလုံး ငြိမ်းချမ်းကြပါစေ။ 

သီတဂူ ဆရာတော် မိန့် ကြားခဲ့သော တရားတော်အား အနှစ်ချုပ် ထုတ်လုပ်`၍ ဝေငှပါသည်။
ကိုးကား = ကြေးမုံ သတင်းစာ။

ခင်မေသစ်

No comments: