Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, May 09, 2015

ခရီးသွားသတင်းများ

အီဂျစ်မြို့တော်သစ်တည်ဆောက်မယ်
အီဂျစ်နိုင်ငံ၊ မြို့တော်ကိုင်ရိုဟာ လူဦးရေထူထပ်များပြားလာတာကြောင့် မြို့တော်အသစ်တည်ဆောက်မယ့်အစီအစဉ်တွေကို အီဂျစ်အစိုးရပိုင်းက ကြေညာခဲ့ပါတယ်။ အီဂျစ်သမိုင်းထဲက ဒဏ္ဍာရီတွေပြည့်နှက်နေဆဲ ပိရမစ်တွေ၊ တာဟီယာရင်ပြင် နဲ့ နိုင်းလ်မြစ်တွေကို မေ့ထားလိုက်ပြီး တောက်ပသွက်လက်တဲ့ ခေတ်မီမြို့တော်တစ်သစ်တစ်ခုတည်ဆောက်တော့မယ်လို့ ကြေညာလိုက်တယ်။ အခုဆို အီဂျစ်ဟာ စိတ်ပျက်ဖွယ်ရာ လေထုညစ်ညမ်းမှု၊ ရွေ့လို့မရအောင်ကိုပိတ်သွားတတ်တဲ့ ယဉ်အသွားအလာမျိုးနဲ့ လမ်းတွေ၊ ပြည့်လျှံလာတဲ့လူဦးရေအတိုင်း တစ်ဟုန်ထိုးခုန်တက်လာတဲ့ အိမ်ငှားခတွေနဲ့ တကျွိကျွိတကျွတ်ကျွတ်မြည်နေတဲ့ အဆောက်အဦးတွေ ပိုလို့များလာနေတယ်။
အဲဒါကြောင့် ယူအေအီးနိုင်ငံက အိုးအိမ်တည်ဆောက်ရေးပညာရှင်တစ်ဦးပါ အဖွဲ့နဲ့ ပူးပေါင်းပြီး ကမ္ဘာ့ခေတ်အမီဆုံးအဆောက်အဦးအစီအစဉ်တွေထဲက တစ်ခုဖြစ်အောင် မြို့တော်သစ်ကို တည်ဆောက်မယ်လို့ ဆိုတယ်။ အမည်ရွေးချယ်နေဆဲ မြို့တော်ဟာ ၁၅၀ စတုရန်းမိုင်ကျော်မှာဖြစ်ပြီး ယူအက်စ်၊ ကော်လိုရာဒိုပြည်နယ်ထဲက မြို့တော် ဒန်ဗာနဲ့ အရွယ်အစား အကြမ်းဖျဉ်းတူညီပါလိမ့်မယ်။ လူဦးရေ ၇သန်းနေထိုင်နိုင်မယ့် အိုးအိမ်တွေပါရှိမယ် လို့ တည်ဆောက်ရေးပညာရှင်တွေနဲ့ အစိုးရပိုင်းက ကြေညာခဲ့တာပါ။ တကယ်ဆို လက်ရှိမြို့တော် ကိုင်ရိုဟာ သမိုင်းဆိုင်ရာအမွေအနှစ်တွေပြည့်နှက်နေသလို၊ မြူးကြွစိုလွင်တဲ့ မြို့တော်ဖြစ်ခဲ့ပြီး လူဦးရေ ၁၈ သန်းကျော်တို့ရဲ့ အိမ်ပါ။ ဒါပေမဲ့ မြို့တော်တစ်ဝိုက်နေထိုင်လှုပ်ရှားကြသူတွေအတွက်တော့ စိတ်ပျက်ဖွယ်၊ စိတ်ညစ်ညူးဖွယ်ရာ ဖြစ်လာနိုင်ပါတယ် တဲ့။ ဒီစိတ်ကူးဟာ ပြည့်ကျပ်ဆို့ပိတ်လာတဲ့ ကိုင်ရိုရဲ့အနေအထားကို လျှော့ချစေဖို့၊ လာမယ့် ဆယ်စုနှစ်တွေမှာ နှစ်ဆမြင့်တက်လာမယ့် လူဦးရေအတွက် အစီအစဉ်ရေးဆွဲခဲ့တာပါလို့ အစိုးရက ပြောပါတယ်။ နေရာအတည်အကျမကြေညာသေးပါဘူး။ ဒါပေမဲ့ ကိုင်ရိုအရှေ့ဘက်ပိုင်းမှာဆောက်လုပ်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ပင်လယ်နီဘက်နဲ့ နီးစပ်ပါလိမ့်မယ်။ အဓိက အဝေးပြေးလမ်းမတွေဖြစ်တဲ့ စူးအက်ဇ်နဲ့ အိမ်ဆော့ခ်နာ  လမ်းမနှစ်ခုကြား ဖြစ်နိုင်ပါတယ်။ စီမံကိန်းဟာ အင်မတန် ကြီးကျယ်ပါတယ်။ သံရုံးတွေနဲ့ အစိုးရအဆောက်အဦအသစ်တွေလည်း တည်ဆောက်ရေးထဲမှာ ပါဝင်တယ်။ ဟိသရိုးလေဆိပ်ထက်ကြီးတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်လည်းပါဦးမယ်။ နေရောင်ခြည်စွမ်းအင်သုံး စိုက်ပျိုး၊ မွေးမြူရေးခြံတွေရယ်၊ ဟိုတယ်အခန်း ၄၀၀၀၀ ၊ ကျောင်း ၂၀၀၀ နဲ့ ဆေးရုံ ၁၈ လုံးပါရှိတယ်။ အားလုံးဟာ မိုင်ပေါင်း ၆၀၀၀ ကျော်တဲ့ လမ်းသစ်တွေနဲ့ ချိတ်ဆက်နေကြပါလိမ့်မယ်။ အိပ်မက်ကကြီးသလို၊ ကုန်ကျစရိတ်ကလည်း ပိုလာမှာပါပဲ။ ခန့်မှန်းကုန်ကျစရိတ်ဟာ ယူအက်စ် ဒေါ်လာ ၄၅ ဘီလီယံရှိတယ်လို့ Sharm el Sheikh မှာပြုလုပ်ခဲ့တဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးညီလာခံမှာ အိုးအိမ်ဝန်ကြီး မိုစတာဖာမက်ဘူလီက ကြေညာခဲ့ပါတယ်။ အီဂျစ်ဟာ မြို့တော်အသစ်ပြောင်းရွှေ့တည်ဆောက်ဖို့ စီစဉ်တဲ့ ပထမဆုံးနိုင်ငံတော့မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ လူဦးရေးကျပ်တည်းလာတဲ့ ရန်ကုန်မြို့ကနေ နေပြည်တော် မြို့တော်သစ်ပြောင်းရွှေ့တည်ဆောက်ခဲ့ပြီးပါပြီ။ နိုင်ဂျီးရီးယားက ၁၉၉၀ ခုနှစ်မှာ အဘူယာ ဆိုတဲ့ မြို့တော်သစ်၊ ဘရာဇီးက ဘရာစီးလီယာမြို့တော်ကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က တည်ဆောက်ပြီးစီးခဲ့ပါတယ်။






စပိန်နိုင်ငံက အန္တရာယ်ကြီးတဲ့လူကူးတံတားလျှောက်တွေ
စပိန်နိုင်ငံက ရင်သပ်ရှုမောဖွယ်ရာ၊ ကမ္ဘာ့အန္တရာယ်အကြီးဆုံး အံ့ဘနန်းထူးခြားတဲ့လူကူးတံတားတွေကို ဆယ်စုနှစ်တစ်ခုစာပိတ်ထားခဲ့ရာက မတ်လ ၂၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပါပြီ။ ဥရောပမှာ ဆောင်းတွင်းကာလအနွေးဆုံးမြို့လို့ နာမည်ကြီးတဲ့ စပိန်နိုင်ငံ၊ Malaga မြို့မှာ ရှိတဲ့ Canminito del Rey (King's Little Path)ဟာ ဂွာဒယ်ဟော်စဲမြစ်ရဲ့အထက် မီတာ ၁၀၀ အမြင့်မှာ တည်ရှိတယ်။ လျှောက်လမ်းဟာ မာလာဂါတောင်ပိုင်းဒေသ El Chorro ရွာလေးက စတင်ပါတယ်။ ၁၉၀၀ ခုနှစ်အစောပိုင်းမှာ တည်ဆောက်ခဲ့တာပါ။ မူလက ရေတံခွန်နှစ်ခုကနေ ထုတ်လုပ်တဲ့ ရေအားလျှပ်စစ်လုပ်ငန်းက အလုပ်သမားတွေသွားလာဖို့ တည်ဆောက်ခဲ့ကြတာပါ။ နှစ်တွေကြာလာတော့ လျှောက်လမ်းတွေ ပျက်စီးယွင်းလာခဲ့တယ်။ ၁၉၉၉ နဲ့ ၂၀၀၀ ခုနှစ်မှာ တံတားပျက်စီးနေတဲ့နေရာကနေ လူတချို့ပြုတ်ကျသေဆုံးခဲ့တာကြောင့် အစိုးရက ဖြိုဖျက်ပိတ်သိမ်းထားလိုက်တယ်။ အဲဒီအချိန်ကတည်းက ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ စီစဉ်ခဲ့ကြပေမယ့် ၂၀၁၄ ပိုင်းကျမှပဲ စတင်နိုင်ခဲ့တာပါ။ ၂၀၁၄ မတ် ၁၃ ရက်နေ့မှာ စတင်ပြုပြင်ခဲ့ကြပြီး စပိန်နိုင်ငံရဲ့ နှစ်စဉ်ကျင်းပနေကြ Holy Week ဘာသာရေးအခမ်းအနားတွေကျင်းပတဲ့အချိန် မတ်လထဲမှာ ပြန်ပြီးဖွင့်လှစ်နိုင်ခဲ့တာပါ။ စပိန်နေ့စဉ်သတင်းစာ El Pais မှာ ဖော်ပြထားတဲ့သတင်းမှာ ပြည်နယ်အစိုးရဟာ အဲဒီ စီမံကိန်းအတွက်  ကုန်ကျစရိတ် ၅.၅ သန်း ယူရို သတ်မှတ်ထားခဲ့တယ်လို့ ဖော်ပြထားတယ်။ လမ်းကြောင်းတစ်ခုလုံးက ၇.၇ ကီလိုမီတာ ရှည်ပါတယ်။ နာမည်အကြီးဆုံးအပိုင်းကတော့ Balconcillo de los Gaitanes တံတားပါ။ လျှောက်လမ်းတစ်ခုလုံးစာ လမ်းလျှောက်မယ်ဆိုရင် ၄ နာရီကနေ ၅ နာရီအထိ ကြာမြင့်နိုင်တယ်။ တချို့နေရာတွေမှာ နည်းနည်းမတ်စောက်တယ် လို့ ခရီးသွားလုပ်ငန်းဌာနက ကြေညာထားပါတယ်။ မတ်လ ၂၆ ၇က် ပြည်လည်ဖွင့်လှစ်ပြီးချိန်ကနေ ပထမ ၆ လ အတွင်းမှာ ခရီးသွားတွေအတွက် ဝင်ကြေးအခမဲ့ပါ။ ဧပြီလ ၁ ရက်နေ့ ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ သွားရောက်နိုင်တဲ့အချိန်က (မနက် ၁၀ နာရီကနေ ညနေ ၅ နာရီ)ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့ကနေ ၂၀၁၆ မတ် ၃၁ ရက်နေ့အထိ (မနက် ၁၀ နာရီကနေ ညနေ ၂ နာရီ)မှာ ခရီးသွားတွေ လေ့လာနိုင်ကြပါတယ်။ သွားရောက်လေ့လာကြည့်ရှုဖို့ ပြင်ဆင်နေကြသူတွေအတွက် www.caminitodelrey.info မှာ ကြိုတင်စာရင်းပေးသွင်းရပါလိမ့်မယ်။



ဥရောပကနေ ယူအက်စ်ဆီ စူပါအဝေးပြေးလမ်းဖောက်မယ်
စူပါအဝေးပြေးလမ်းရဲ့ လမ်းကြောင်းဟာ ရုရှားအရှေ့ဘက်နယ်စပ်ကနေ ယူအက်စ်က အလာစကာပြည်အထိရှိပါတယ်။ အင်မတန်ရှည်လျားတဲ့ ဆိုက်ဘေးရီးယန်းအဝေးပြေးလမ်းမတစ်ခုအဖြစ် ရုရှား အဆိုပြုထားတဲ့ စီမံကိန်းပါ။ Siberian Times မတ် ၂၃ ရက်နေ့သတင်းအရ ရုရှားမီးရထားဌာန ဥက္ကဌ ဗလာဒီမာ ယာကူနင်ဟာ အဲဒီ ကြီးကျယ်လှတဲ့ Trans-Siberian အဝေးပြေးလမ်းစီမံကိန်းကို အဆိုပြုခဲ့တယ်လို့ ဆိုတယ်။ ရုရှားအရှေ့ပိုင်းနယ်စပ်ကနေ ယူအက်စ်၊ အလာစကာပြည်နယ်ဆီဖောက်မယ့် လမ်းကြောင်းမှာ အာရှနဲ့ မြောက်အမေရိကကို ပိုင်းခြားထားတဲ့ ကျဉ်းမြောင်းတဲ့ ဘာရင်းပင်လယ်ကို ဖြတ်လျှက်အနေအထားရှိပါတယ်။ ဒီစီမံကိန်းကို မော်စကိုအခြေစိုက် ရုရှားသိပ္ပံအကယ်ဒမီ အစည်းအဝေးမှာ ဖွင့်ဟပြောကြားခဲ့တာပါ။ Trans-Eurasian Belt Development (TERR) လို့ အမည်ပေးထားတဲ့ စီမံကိန်းဟာ ရှိပြီးသား Trans-Siberian မီးရထားလမ်းတစ်လျှောက် ဖောက်လုပ်သွားမှာပါ။ Trans-Siberian မီးရထားလမ်းဟာ ရထားလမ်းကွန်ယက်သစ်ဖြစ်ပြီး ရေနံဆီနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်တည်ရှိပါတယ်။ Siberian Times သတင်းစာ မှာ "ဒါဟာ နိုင်ငံအချင်းချင်း၊ လူမျိုးစုအချင်းချင်းဆက်သွယ်တဲ့ စီမံကိန်းတစ်ခုပါ"ဆိုတဲ့ ယာကူနင်ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့တယ်။ စီမံကိန်းဟာ ကမ္ဘာ့ "အနာဂတ်ဇုံ" တစ်ခုဆီ အလှည့်အပြောင်းဖြစ်သင့်ပါတယ်လို့ ယာကူနင် ကဆိုတယ်။  ဒီလမ်းကြောင်းဟာ ရုရှားနိုင်ငံတစ်လျှောက်ဖြတ်သွားမှာ ဖြစ်ပြီး ဥရောပ အနောက်ပိုင်းနဲ့ အာရှဆက်သွယ်ထားတဲ့ ရှိပြီးသားလမ်းစနစ်တွေနဲ့ ချိတ်ဆက်မှာပါ။ ရုရှားအနောက်နဲ့ အရှေ့ပိုင်း နယ်စပ်ကြား အကွာအဝေးဟာ အကြမ်းအားဖြင့် ကီလိုမီတာ ၁၀၀၀၀ (၆၂၀၀ မိုင်) ရှိပါတယ်။ ရုရှားနဲ့ မြောက်အမေရိကကို ရုရှားရဲ့ ဝေးလံလှတဲ့ အရှေ့ဘက်ပိုင်း ချူကော့ထ်ကာဒေသ ကတဆင့်၊ ဘာရင်းရေလက်ကြားကို ဖြတ်ပြီး အလာစကာရဲ့ စီးဝါ့ဒ်ကျွန်းဆွယ်ဆီကူးမှာပါ။ အလာစကာကိုဝင်တဲ့အခါ နှစ်စဉ် Iditarod စွပ်ဖားခွေးပြိုင်ပွဲပြုလုပ်ရာမှာ နာမည်ကျော်တဲ့ မြောက်ပိုင်းမြို့လေး နုန်းမ် မှာ အဆုံးသတ်မှာပါ။ ဆိုက်ဘေးရီးယားနဲ့ အလာစကာကြား ပင်လယ်ဆက်ကြောင်းကို ဖယ်ရီနဲ့လား၊ လိုဏ်ဖောက်မလား၊ တံတားဆောက်မလား ဘယ်လိုကူးကြမယ်ဆိုတာတွေတော့ အဆိုပြုချက်ထဲ အတိအကျမပါဝင်ပါဘူး။ ရုရှားပင်မနယ်မြေနဲ့ အလာစကာပင်မနယ်မြေကြား အတိုဆုံးအကွာအဝေးဟာ ခန့်မှန်းခြေ ၈၈ ကီလိုမီတာ (၅၅ မိုင်) ရှိတယ် လို့ အလာစကာ ပြည်သူနယ်မြေများသတင်းစင်တာတွေမှာ ဖော်ပြထားတယ်။ လန်ဒန်ကနေ မောစကိုကို ဖြတ်ပြီး အလာစကာဆီခရီးမှာ ၁၂၉၇၈ ကီလိုမီတာ (၈၀၆၄ မိုင်) ရှိပါတယ်။ အလာစကာထဲက နုန်းမ်မြို့ကို ပြည်နယ်ထဲကနေ ကားလမ်းစနစ်ရှိမနေပါဘူး။ ၈၃၆ ကီလိုမီတာလျော့လျော့ (၉၅၂၀ မိုင်) ဒေသဟာ လူသူကင်းမဲ့တဲ့ဒေသတွေဖြစ်နေတယ်။ နုန်းမ်မြို့လေးကို အနီးဆုံးပင်မမြို့တော်၊ အလာစကာ အဝေးပြေးလမ်း မြောက်ပိုင်းအဆုံးမှာရှိတဲ့ ဖဲဘန့်စ်က လမ်းတွေနဲ့ ပိုင်းခြားထားတယ်။ ဖဲဘန့်စ် ကနေ၊ ကနေဒါ နဲ့ တခြား ထိစပ်နေတဲ့ ယူအက်စ် ပြည်နယ် ၄၈ ခုဆီ ကားလမ်းတွေနဲ့  ရောက်ရှိနိုင်တယ်။ ကုန်ကျစရိတ်တွေကို ဘယ်သူကပေးမလဲဆိုတဲ့အမေးအတွက် ယာကူနင်ရည်ညွှန်းတာက ရုရှားသမ္မတ ဗလာဒီမာပူတင်ပါ။ သူဟာ အင်မတန်ရင်းနှီးတဲ့သူငယ်ချင်းလို့ဆိုတယ်။  ကုန်ကျစရိတ် ဒေါ်လာ ထရီလီယံပေါင်း များစွာကုန်ကျပါလိမ့်မယ်။ ဒါပေမဲ့ ယာကူနင်ပြောတာက ရင်းနှီးငွေများပြားလှပေမယ့် ကြီးကျယ်တဲ့စီးပွားရေးဆိုင်ရာအကျိုးအမြတ်ရှိတယ် တဲ့။ အမြတ်အစွန်းပြန်လာမယ့်အခြေအနေမျိုးလို့ တွက်ချက်ပြထားပါတယ်။

ရေလယ်ကျွန်းပေါ်က ပြင်သစ်ရှေးဟောင်းဘုရားကျောင်း
ထူးကဲလှတဲ့ ဒီရေမြင့်တက်မှုကြောင့် ပြင်သစ်နိုင်ငံက ကျော်ကြားလှတဲ့ Mont Saint-Michel ဘုရားကျောင်းဟာ ရေလယ်ကျွန်းမှာ တည်ဆောက်ထားသလို ရေပတ်လည်ဝိုင်းသွားခဲ့တာကြောင့် ခရီးသွားထောင်ပေါင်းများစွာ သွားရောက်ကြည့်ရှုခဲ့ကြတယ်။ "ရာစုနှစ်ရဲ့ ဒီရေ" လို့တောင် ခေါ်ဆိုရတဲ့ ဒီလို ထူးထူးကဲကဲ ဒီရေမြင့်တက်မှုဟာ ၁၈ နှစ်တိုင်းမှာ တစ်ကြိမ်ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသ စာရင်းဝင် Mont Saint-Michel ဘုရားကျောင်းဟာ ပြင်သစ်နိုင်ငံ နော်မန်ဒီဒေသမှာရှိပြီး အနောက်မြောက်ကမ်းရိုးတန်းနဲ့ ၁ ကီလိုမီတာအကွာမှာ တည်ရှိတယ်။  ပင်မကုန်းမြေနဲ့ ဆက်သွယ်ထားတာက ကျဉ်းမြောင်းတဲ့ တာရိုးတစ်ခုနဲ့သာ ဆက်သွယ်နေတာပါ။ စူပါဒီရေ မြင့်တက်လာခဲ့တော့ အဲဒီတာရိုးလေးဟာ မြင်းတစ်ခုန်စာ ရေတွေမြင့်တက်လာခဲ့ပြီး ဘုရားကျောင်းဟာ ရေလယ်မှာ သီးခြားတည်ရှိသလို ဖြစ်သွားခဲ့ရတယ်။ ဒီရေကျတဲ့အချိန်မှာ ရေကြမ်းပြင်ပေါ်တိုးချဲ့ခင်းထားတဲ့လမ်းပေါ်ကနေပဲ ဧည့်သည်တွေကို လျှောက်ခွင့်ပေးပြီး အဲဒီနေရာကနေ ဘုရားကျောင်းဆီသွားနိုင်တာပါ။ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ဒီရေအမြင့်ဆုံးတက်ခဲ့ပါတယ်။ ပုံမှန်ထက် ၁၃ မီတာ ပိုပြီး မြင့်တက်ခဲ့တာပါ။ ရေပတ်လည်ဝိုင်းတဲ့အနေအထားကိုကြည့်ရှုနိုင်ဖို့  ခရီးသွားဧည်သည့်တွေကို မနက်ခင်းဒီရေကျချိန် ၂ နာရီထက်စောပြီး အရောက်လာကြဖို့ သတိပေးထားပါတယ်။ Mont Saint-Michel ဘုရားကျောင်းဟာ ၁၁ ရာစု နဲ့ ၁၆ ရာစုကြားကာလမှာ တည်ဆောက်ခဲ့တယ်။ ကောင်းကင်တမန်နတ်မင်း Michel ကို ရည်စူးတည်ဆောက်ခဲ့တာပါ။ ဘုရားကျောင်းဝန်းကျင်မှာ ၁၅ ရာစု၊ ၁၈ ရာစုလက်ရာ ပြတိုက်၊ ဈေးဆိုင်တွေနဲ့ အိမ်တွေဝန်းရံလျှက်တည်ရှိကြတယ်။ Mont Saint-Michel ဘုရားကျောင်းကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း ၃ သန်းခန့် လာရောက်လေ့ရှိကြပါတယ်။       ။

ဖြိုးဖြိုး
(Living Fashion Magazine, May, 2015)

No comments: