Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, May 09, 2015

ဂီတသတင်းများ

ရီဟားနားနဲ့ သီချင်းအတူဆိုချင်တဲ့ ဂျေလို
ဂျနီဖာလိုပက်ဇ်ဟာ ရီဟားနားနဲ့ တကယ်ပဲ နှစ်ယောက်တွဲသီချင်းဆိုချင်ပါတယ်တဲ့။ "We Found Love" hit သီချင်းပိုင်ရှင်လေး ရီဟားနားနဲ့ Dreamworks Animation က ထုတ်လုပ်မယ့် 3D computer animated ဇာတ်မြူးရုပ်ရှင် Home မှာတော့ အတူတကွ အသံသရုပ်ဆောင်ထားကြတယ်။ Home မှာ ရီဟားနားက တစ်ပ် ဆိုတဲ့ကလေးမလေး၊ ဂျေလိုကတော့ တစ်ပ် ရဲ့ မိခင် လူစီတူစီအဖြစ် အသံသရုပ်ဆောင်ထားကြတာပါ။ အသံအတူတကွသရုပ်ဆောင်တော့ duet သီချင်းမဆိုချင်ဘူးလားလို့ သတင်းထောက်က မေးခဲ့တဲ့အခါ ဂေလိုက "အသေအချာပေါ့၊ ဘယ်သူက မဆိုချင်ဘဲရှိပါ့မလဲ" လို့ဖြေပါတယ်။
ဘာဘာဒိုစ့်ဇာတိဖွား ဘန်ဂျန်အလှပဂေးလေးရဲ့ အမာခံပရိတ်သတ်တစ်ယောက်ပါတဲ့။ ရီဟားနားဟာ စိတ်လှုပ်ရှားလွယ်တယ်။ မိန်းမဆန်တယ်။ သူမက ချစ်စဖွယ်ကလေးမလေးနဲ့ တူတယ်။ အဲဒါကြောင့်လည်း ပိုပြီး စိတ်ဝင်စားရပါတယ်လို့ E! News မှာဖြေခဲ့တယ်။ Home မှာ သရုပ်ဆောင်ထားတာလည်း တကယ့်ကို ချောက်ချား တုန်လှုပ်နေတဲ့အသံပီပြင်လှတယ်။ မြေကမ္ဘာကိုကျူးကျော်လာတဲ့ ဂြိုဟ်သားတွေရဲ့ ဖမ်းဆီးမှုကနေ ရှောင်ကွင်းနိုင်အောင် ကြိုးပမ်းခဲ့တဲ့ တစ်ပ် အဖြစ် သရုပ်ပေါ်လွင်လှတယ်လို့ ဆိုပါတယ်။ ရီဟားနားက ဂျေလိုရဲ့ စိတ်ကူးဆန္ဒကို ကြားရပြီးတဲ့အခါ duet သီချင်းအတွက် ဗီဒီယိုရိုက်ကူးကြရင်တော့ ဂျေလိုရဲ့ လုံးဝန်းတဲ့အောက်ပိုင်းအလှတွေ ယှဉ်နိုင်ဖို့ ပြင်ဆင်ရမှာတွေရှိတယ် လို့ မှတ်ချက်ပေးပါတယ်။ ရီဟားနားကပြောတယ်။ ဗီဒီယိုရိုက်ကူးမယ်ဆိုရင် ကျွန်မတော့အခုအခံတွေလိုတော့မှာပဲ တဲ့။ တခြား ပေါပ့်စတားအများစုထက် အသက်ကြီးရင့်နေခဲ့ပေမယ့် ဂျေလိုရဲ့ နုပျိုလှပမှု၊ သူမရဲ့ ပေါပ့်ဂီတ နှစ်မျိုးလုံးမှာ အောင်မြင်မှုတွေဟာ မလျော့ပါးဘဲ ဆက်လက်ပြီးတည်ရှိနေဆဲပါ။ ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျေလိုရဲ့ စင်ဂဲလ် If You Had My Love ဟာ ဂျေလိုပရိတ်သတ်တွေရဲ့အနှစ်သက်ဆုံးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။


ဂျပ်စတင်ဘီဘာရဲ့ ပေါက်ကွဲမှုပုံစံမှာ
ဂျပ်စတင်ဘီဘာဟာ ပြီးခဲ့တဲ့နှစ်က အိမ်နီးချင်း ဂျက်ဖ်ရွှာ့ထ်ဇ်ကို ကြက်ဥနဲ့ပစ်ပေါက်ခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရဖူးတယ်။ ပေါပ့်စတားဘီဘာရဲ့ ကိုယ်ရံတော်ကလည်း ရွှာ့ထ်ဇ်ကို  "ဂျူးကောင်ငယ်လေး" လို့ ခေါ်ခဲ့တာကြောင့် ရွှာ့ထ်ဇ်နဲ့ ဇနီးတို့ စိတ်ထိခိုက်နာကျင်ခဲ့ရတယ် ဆိုတဲ့ တရားစွဲဆိုမှုကို သတင်းတွေမှာ ဖော်ပြထားတယ်။ ဘီဘာရဲ့ ကိုယ်ရံတော်ာဟာ ၂၀၁၃ အထိမ်းအမှတ်နေ့ အားလပ်ရက်အပြီးမှာ တစ်ကြိမ် ၂၀၁၄ ဇန်နဝါရီမှာတစ်ကြိမ် ခေါ်ဆိုခဲ့တယ်။ တရားစွဲဆိုတိုင်တန်းမှုအရ၊ ၂၀၁၃ အဖြစ်အပျက်မှာ ရွှာ့ထ်ဇ် နဲ့ မိတ်ဆွေတို့ဟာ ဘီဘာတို့ မကျေမလည်ပြောဆိုရန်များနေတဲ့အချိန်မှာပါ။ ကယ်လီဖိုးနီးယားပြည်နယ်၊ သူတို့ရဲ့Calabasas အိမ်ဝန်းကျင်မှာ ဘီဘာတစ်ယောက် သူ့ရဲ့ဖာရာရီကား အရှိန်ပြင်းပြင်းမောင်းနှင်တာကြောင့် အနီးတဝိုက်နေထိုင်သူတွေကို အန္တရာယ်ဖြစ်စေတယ်။ အဲဒီလို ရွှာ့ထ်ဇ်က မကျေမနပ်အပြစ်တင်နေတဲ့အချိန် ဘီဘာရဲ့ ကိုယ်ရံတော်တွေရောက်လာခဲ့ပြီး ကိုယ်ရံတော်တစ်ဦးက "အဲဒီတော့ ဘာလုပ်မလဲ၊ ဂျူးကောင်ငယ်လေး" လို့ ထပ်ခါထပ်ခါ ပြောဆိုခဲ့တယ်လို့ဆိုတယ်။ ရွှာ့ထ်ဇ် ရဲ့ တိုင်ကြားချက်ထဲမှာ ဇနီးနဲ့ သမီးကိုလည်း ဆဲဆိုအော်ဟစ်တယ်။ ပါတီပွဲ ဆူညံသံတွေ အိမ်နီးချင်းတွေဆီပစ်လွှတ်တယ်။ ကားမောင်းပြိုင်ကြတယ်။ ရွှာ့ထ်ဇ်ကို တံထွေးနဲ့ထွေးတယ် စတဲ့ ဖြစ်ရပ်တွေကို ဆွဲထုတ်ရေးသားထားတယ်။ တိုင်ကြားချက်မှာ ရွှာ့ထ်ဇ်ဟာ ဘီဘာကို လျော်ကြေးငွေ ဘယ်လောက်အထိ တောင်းဆိုထားလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ အိမ်ကို ကြက်ဥနဲ့ ပစ်ပေါက်ခဲ့တာကြောင့်တော့ ဘီဘာက ရွှာ့ထ်ဇ်ကို ဒေါ်လာ ၈၀၉၀၀ ပေးဆောင်ခဲ့ရပြီးပါပြီ။ ပြုပြင်ထိန်းသိမ်းရေးစင်တာမှာ ၅ ရက်နဲ့ ဒေါသထိန်းချုပ်မှုအစီအစဉ်တစ်ခုမှာလည်း တက်ရောက်ခဲ့ရပြီး ရွှာ့ထ်ဇ်ရဲ့ မိသားစုနဲ့ ၂ နှစ်တာ အဝေးမှာနေထိုင်ရမယ်လို့ အမိန့်ချမှတ်ခံခဲ့ရတာပါ။ ကြက်ဥနဲ့ပစ်ပေါက်တာဟာ ဘီဘာရဲ့ နာမည်ဆိုးနဲ့အကျော်ကြားဆုံး ဒေါသပေါက်ကွဲမှုတွေထဲက နည်းလမ်းတစ်မျိုးဖြစ်နေပါတယ်။ Comedy Central Roast TV လိုင်းမှာ ပြသခဲ့တဲ့ စက္ကန့် ၃၀ စာ ပြကွက်မှာဆိုရင် ဘီဘာ ခနာကိုယ်အပေါ်ပိုင်းဗလာကျင်းနေပြီး၊ ကြက်ဥတွေနဲ့ ပစ်ပေါက်ခံနေရတာကို ပြသထားတယ်။ ဘီဘာရဲ့ ပေါက်ကွဲမှုပုံစံတွေထဲက တစ်ခုကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ဆိုတယ်။ ဘီဘာရဲ့ နွေရာသီ ဂီတဖြေဖျော်ပွဲအတွက် ယူကေ၊ ဘာမင်ဂန်စီးတီးတောင်ပိုင်း၊ Cofton ပန်းခြံမှာ ပြုလုပ်မယ့် Fusion Festival မှာ သီဆိုပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၁၃ တုန်းက Believe Tour ကာလအတွင်း ယူကေမှာ ဖြေဖျော်ခဲ့တယ်။ ဒီနှစ် Fusion Festival ဟာ ၂ နှစ်ကြာပြီးမှ ယူကေမှာ ပထမဆုံးပြန်လည်သီဆိုမယ့်ပွဲဖြစ်နေတာကြောင့် ဘီဘာက ဒီလို ပြောတယ်။ "ယူကေကို ကျွန်တော်ချစ်တယ်။ ဒီနှစ် Fusion မှာ ဖြေဖျော်ဖို့ စိတ်လှုပ်ရှားနေတယ်" တဲ့။
ဆွစ်ဖ်ရဲ့ အန္တရာယ်ကြီးတဲ့ ဒိုမိန်းတွေ
ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ဖ်ဟာ TaylorSwift.porn နဲ့TaylorSwift.adult ဆိုတဲ့ domain name တွေဝယ်ယူခဲ့ပါတယ်။ ဒီဒိုမိန်းတွေအသုံးပြုပြီး website အွန်လိုင်တင်မယ်ဆိုရင် အန္တရာယ်ကြီးလှတယ် ဆိုတာကိုသိထားတာပါပဲ။ ဒါပေမဲ့ ဆွစ်ဖ်ရဲ့ အဖွဲ့ကနေ ဝယ်ယူခဲ့တာပါ။ ဇွန်လ ၁ ရက်နေ့မှာ စတင်ကြည့်ရှုနိုင်မယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်။ အဲဒီ ဒိုမိန်းတွေနဲ့ ဘာတွေလုပ်မလဲ အသေအချာမသိရသေးပါဘူး။ Internet Corporation for Assigned Names and Numbers ဟာ ထင်ရှားတဲ့ထိပ်တန်းအဆင့် နာမည်တွေနဲ့ ဒိုမိန်းတွေဖန်တီးနေပါတယ်။ ပေါ်ပြူလာဖြစ်တဲ့ .com နဲ့ .net ဒိုမိန်းတွေရဲ့ အလွန် ဒီလို ဝေဖန်အငြင်းပွားဖွယ်ဒိုမိန်းတွေဖန်တီးရောင်းချလာကြတာကြောင့် လူသိများလှတဲ့အနုပညာရှင်တွေနဲ့ ကုမဏီတွေကပါ ဘယ်သူမှမဝယ်ယူခင် သူတို့ရဲ့ နာမည်နဲ့ မှတ်ပုံတင်ထားဖို့ စာရင်းပေးလာကြတယ်။ ဆွစ်ဖ်ကလည်း ဘယ်သူမှမဝယ်ယူခင် လက်ဦးမှုယူတဲ့သဘောဝယ်ယူတားလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ TaylorSwift.porn နဲ့TaylorSwift.adult ဒိုမိန်းတွေ ဇွန်လမှာ စတင်ကြည့်ရှုနိုင်တော့မယ်ဆိုတော့ ဆွစ်ဖ်ရဲ့ ပရိတ်သတ်တွေ အထိတ်တလန့်စိတ်ဝင်စားနေကြတယ်။ မိုက်ကရိုဆော့ဖ်ကလည်း Office.porn နဲ့ Office.adult ဒိုမိန်းတွေ ဝယ်ယူမှတ်ပုံတင်ထားခဲ့ပြီးပါပြီ။ မှတ်ပုံတင်ဖို့ ဒိုမိန်းတွေဟာ ဒေါ်လာ ၂၅၀၀ တိုင်အောင် တန်ကြေးရှိကြတယ်။ နာမည်ကျော်ကြားသူတွေအတွက် ကြိုတင်လက်ဦးမှုယူတဲ့သဘော ဝယ်ယူထားမလား။ တကယ်ပဲ အဲဒီ ဒိုမိန်းတွေကို ပိုင်ရှင်ကိုယ်တိုင်က အသုံးပြုကြမလား စောင့်ကြည့်လေ့လာနေသူတွေအများကြီးရှိနေကြတယ်။

ရော့ခ်သီချင်းတွေဖန်တီးဖို့ ရော့ခ်ဂီတသမားကြီးတွေ စတူဒီယိုထဲမှာ ဒီလို
အမေရိကန် Hard Rock အဖွဲ့ Guns N' Roses လိဒ်ဂီတာသမားဟောင်း ဂရမ်မီဆုရဂီတာသမားကြီး Slash နဲ့ မိတ်ဆွေကြီးတွေဖြစ်တဲ့ Myles Kennedy ၊ The Conspirators တို့ဟာ အမေရိကန်ဂီတသမား၊ ဂီတပစ္စည်းထုတ်လုပ်သူ Ernie Ball ရဲ့ Real to Reel မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက နောက်ဆုံးအပိုင်းအဖြစ် ပါဝင်တီးခတ်ထားကြတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာကထွက်ရှိခဲ့တဲ့ စလက်ရှ်ရဲ့ တတိယမြောက် solo အယ်လ်ဘမ်ဖန်တီးပုံကို ရိုက်ကူးထားပါတယ်။ Ernie Ball ဟာ ကမ္ဘာ့ထိပ်တန်း ဂီတာကြိုးတွေနဲ့ ဂီတဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချသူအဖြစ် ကျော်ကြားသူပါ။ Ernie Ball စီစဉ်တဲ့ တစ်နာရီကြာ မှတ်တမ်းရုပ်ရှင်ထဲမှာ ဂီတအယ်လ်ဘမ်တစ်ခုဖြစ်လာဖို့ နောက်ကွယ်မှာ ရောခ့်ဂီတသမားကြီးတွေနဲ့ ပရိတ်သတ်တွေဘယ်လိုအပြန်အလှန်ပံ့ပိုးကြတယ်။ စတူဒီယိုထဲမှာ ရော့ခ်အကျော်အမော်ကြီးတွေ ဘယ်လိုလှုပ်ရှားနေထိုင်၊ တီးခတ်သီဆိုကြတယ်ဆိုတာတွေ ဖျတ်ခနဲ ရိပ်ခနဲ အသွက်လက်ဆုံးပြသွားမှာပါ။ "အယ်လ်ဘမ်တစ်ခု ရိုက်ကူးအသံဖမ်းတယ်ဆိုတာဟာ ထူးထူးထွေထွေနိုးကြွလာတဲ့အတွေ့အကြုံ၊ ဂီတအာရုံတစ်ခုပါ။ အထူးသဖြင့် ဒီတစ်ခုဟာ ၂ လက်မ analog tape နဲ့ ဖမ်းယူတာတာကြောင့် ပိုပြီး စိတ်လှုပ်ရှားစရာဖြစ်နေပါတယ် လို့ စလက်ရှ်က ပြောပါတယ်။ Ernie Ball နဲ့ အတူတူရခဲ့တဲ့ ရိုက်ကူး/ အသံဖမ်းအတွေ့အကြုံဟာ စိတ်ပျော်ရွှင်မြူးထူးစရာကောင်းခဲ့တဲ့ အစီအစဉ်တစ်ခုပါပဲ။ ကမ္ဘာကို မျှဝေနိုင်မှာဖြစ်တဲ့အတွက် ကျွန်တော် စိတ်လှုပ်ရှားရပါတယ်တဲ့။ စလက်ရှ်ရဲ့ နွေဦး/ နွေရာသီ ဂီတပွဲတွေကို မတ်လ ၂၅ ရက်နေ့က စတင်လို့ ဇူလိုင် ၈ ရက်နေ့အထိ မက္ကဆီကို၊ နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ယူကေ၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ စပိန် စတဲ့ နိုင်ငံတွေ ခပ်များများမှာ ဖြေဖျော်မှာမို့ ရောခ့်ပရိတ်သတ်အကြိုက်တွေ့စရာပါ။ ဂီတပွဲလက်မှတ်ဝယ်ချင်ရင်၊ Tour ခရီးစဉ် အသေးစိတ်သိလိုရင် www.slashonline.com/tour မှာ  ကြည့်ရှုဝယ်ယူနိုင်ပါတယ်။

မက်ဒေါနားရဲ့ Dancer တွေ ဆင်နွှဲတဲ့ငွေရတုပွဲ
၁၉၉၀ မတ် ၂၀ ရက်နေ့က မက်ဒေါနားရဲ့ ဒုတိယအယ်လ်ဘမ် I'm Breathless ထဲက Vogue သီချင်းဗီဒီယိုစတင်ပြသခဲ့တယ်။ Vogue ဗီဒီယိုရဲ့ သက်တမ်းဟာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ဆိုရင် ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ စတိုင်လ်ကျကျ အဖြူ အမည်း ဗီဒီယိုကလစ်ဖြစ်ပြီး ဒါရိုက်တာက ဒေးဗစ်ဖင်ချာပါ။ အဲဒီ Vogue မှာ ပါဝင်ရိုက်ကူးခဲ့တဲ့ dancer တွေထဲက နှစ်ဦးဖြစ်တဲ့ Jose Extravaganza နဲ့ Salim “Slam” Gauwloos တို့နှစ်ဦးဟာ ဒီနေ့အထိ အကနည်းပြဖြစ်နေကြတယ်။ မက်ဒေါနားရဲ့ Vogue သီချင်းဗီဒီယိုမှာ ပါဝင်ခဲ့တဲ့ ၂၅ နှစ်မြောက်အဖြစ် သူတို့နှစ်ဦး လော့စ်အိဂျယ်လိစ်မှာ ပြန်လည်ပေါင်းစည်းမိကြပြီး ဂုက်ပြုတဲ့သဘောဗီဒီယို ရိုက်ကူးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ကပြခဲ့တဲ့ dancer တွေရဲ့ ကနည်း စတိုင်လ်ကို ပြန်ပြီးကြည့်ရှုနိုင်ကြမှာပါ။ ၁၉၉၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Vogue  ဗီဒီယိုမှာ dancer တွေရဲ့ နာမည်တွေကိုဖော်ပြထားခြင်းမရှိခဲ့ပါဘူး။ နောက်တစ်ခုက မက်ဒေါနားဟာ US Weekly နဲ့ အမေးအဖြေတစ်ခုမှာ သူမလုပ်စရာတွေထဲ အရေးကြီးဆုံးတစ်ခုကျန်နေသေးတယ်လို့ ဆိုတယ်။ အဲဒါက သမ္မတ အိုဘားမားနဲ့ တွေ့ဆုံနိုင်ဖို့ပါ။ ဒါပေမဲ့ အခုထက်ထိ သမ္မတက အိမ်ဖြူတော်ကို ဖိတ်ကြားခြင်းမရှိတဲ့အတွက် သူမ စိတ်ဆိုးဒေါသထွက်စရာဖြစ်ရတယ်။ နည်းနည်းစိတ်ပျက်မိပါတယ်တဲ့။ "ကျွန်မအတွေ့ချင်ဆုံးသူက သမ္မတအိုဘားမားပါ၊ ဘယ်အချိန်မှ သူ့ကို တွေ့ရပါ့မလဲ။ ကျွန်မက အဲဒီနေရာကိုဖိတ်ကြားဖို့ ကျွန်မက သိပ်ကိုချောက်ချားတုန်လှုပ်စရာလို့ သူထင်ကောင်းထင်နေမှာပဲ။ ကျွန်မ အလေးအနက်ပြောနေတာပါ။ ကျွန်မကသာ နည်းနည်းလေးလောက် ပိုပြီး အိနြေ္ဒကြီးနေခဲ့ရင်၊ ဒါမှမဟုတ် ဂျေဇီနဲ့ လက်ထပ်လိုက်ရင်၊ ကျွန်မ ဖိတ်ကြားခြင်းခံရမှာပဲ လို့ ဖြေခဲ့တယ်။

One Direction tour ခရီးမှာ လိုအပ်သမျှ
One Direction tour ခရီးစဉ် အာရှ၊ အာဖရိက၊ ဥရောပ၊ မြောက်အမေရိက ဖြေဖျော်ပွဲနေမှာ ပွဲစီစဉ်သူတွေကို တောင်းဆိုထားတဲ့အချက်တွေကို The Smoking Gun အွန်လိုင်းသတင်းစာမျက်နှာက ဖော်ပြခဲ့ပါတယ်။ One Direction ရဲ့ လိုအပ်ချက်တွေဟာ လက်ဖျားခါရလောက်အောင်များလွန်းလှလို့ ဘယ်အရာကို အရင်စတင်လုပ်ဆောင်ရမယ်  သိနိုင်မှာမဟုတ်ဘူးလို့ ဆိုတယ်။ ပထမတော့ အဝတ်လဲခန်း လေးခန်းပါရမယ်လို့ပဲ ဆွေးနွေးခဲ့ကြတယ်။ One Direction တောင်းဆိုထားကြတာက အဝတ်လဲခန်းတွေမှာ အ-စက်အပြောက်မရှိ သန့်ရှင်းနေရမယ်။ သန့်စင်ထားတဲ့ ရေချိုးခန်း၊ ရေပန်းစတဲ့ ပစ္စည်းပစ္စယအစုံအလင်၊ အဲဒီမှာ နူးညံ့တဲ့ ရေအိမ်စက္ကူနဲ့ အနံ့မရှိတဲ့ လေသန့်စင်စက်လည်း ပါဝင်တယ်။ အဝတ်လဲခန်းတွေမှာ နံရံတွေ လတ်ဆက်သန့်ရှင်းနေပြီး ကောဇောတွေမှာ အနံ့အသက်ပျောက်ဆေးသုံးထားပြီးသားဖြစ်ရမယ် တဲ့။ စိတ်ဝင်စားစရာ တောင်းဆိုချက်တစ်ခုမှာ အဝတ်လဲ ခန်းတွေထဲမှာ တစ်ခန်းကို ဆေးလိပ်သောက်ခွင့်ပြုရပါမယ် လို့ ဆိုတယ်။ ပြီးတော့ One Directions တွေဟာ ပင်ပေါင်နဲ့ တခြား ဂိမ်းတွေကိုလည်း ဆော့ကစားလိုကြတယ်။ အဝတ်လဲခန်းတွေမှာ အဲဒီကစားနည်းတွေကစားနိုင်ဖို့ ပြင်ဆင်ထားစေလိုတယ်။ အစားအသောက်ကိုလည်း ဂရုစိုက်သူတွေပါ။ ချက်ပြုတ်သူတွေဟာ တရုတ်နိုင်ငံကပဲဖြစ်ရမယ်တဲ့။ ဒေသတွင်း ဘီယာ ၃ မျိုး နဲ့ အစားအသောက်တွေမှာ KFC ကလို In-and-Out, Chick-Fil-A, Steak n’ Shakး အစားအသောက်တွေကိုလည်း ရွေးချယ်စေတယ်။ One Direction ဟာ On the Road Again tourခရီးစဉ် လှည့်လည်နေပါတယ်။ အဖွဲ့သား မာလစ်ခ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ခဏ အနားယူခဲ့တယ်။ စိတ်ဖိစီးမှုကြောင့်ခဏ အနားယူရမယ်လို့ ဆိုပါတယ်။ မတ်လ ၂၅ ရက်နေ့က ဂျာကာတာမှာ ဖြေဖျော်ခဲ့တယ်။ ပြီးရင်တော့ အာဖရိကဘက်ကို ခရီးဆက်ကြဖို့ရှိနေတယ်။ မာလစ်ခ် tour ခရီးကို ဘယ်တော့ ပြန်ပါလာမလဲ မသိကြသေးပါဘူး။        ။

ဖြိုးဖြိုး
(Yati Magazine, May, 2015)

No comments: