Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, June 08, 2015

ဂီတသတင်းများ


Baltimore က ဒဏ်ရာတွေကုစားပေးချင်တဲ့ Prince


အမေရိကန်လူမည်းအဆိုတော် Prince ဟာ Baltimore မှာ မေလ ၁၀ရက်နေ့က ဂီတဖြေဖျော်ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဧပြီလက ရဲတွေရိုက်နှက်မှုကြောင့် သေဆုံးခဲ့တဲ့ Freddie Gray ကို ဂုဏ်ပြုသီဆိုခဲ့တာလို့ ဆိုပါတယ်။ ပရင်စ့်ရဲ့ အဖွဲ့ 3RDEYEGIRL နဲ့အတူဖြေဖျော်ခဲ့တာပါ။ ဖရက်ဒီဂရေးသေဆုံးပြီးနောက်ပိုင်း ဘယ်လ်တီမိုးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ရပ်တွေဟာ ကမ္ဘာကို ချောက်ချားစေခဲ့တယ်။ မကျက်သေးတဲ့အနာတွေကို ပျောက်ကင်းအောင်ကုသဖို့ ကြိုးပမ်းမှုတစ်ခုလို့ ပရင့်စ်ကဆိုတယ်။ "ပျောက်ကင်းအောင်ကုသလို့တဲ့စိတ်နဲ့ ပြုလုပ်ခဲ့တဲ့ ဒီလှုပ်ရှားမှုဟာ ဘယ်လ်တီမိုးနဲ့ ယူအက်စ်ဒေသ အနှံ့အပြားမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့ အထောက်အကူတစ်ခုအဖြစ်ရည်ရွယ်ထားပါတယ်" လို့ သတင်းတွေမှာ ဖော်ပြခဲ့တယ်။
"တစ်ဦးနဲ့တစ်ဦး ကျွန်တော်တို့ဝေမျှရမယ့် လူသားဆန်မှုနဲ့ ချစ်ခြင်းမေတ္တာသင်္ကေတ ဖော်ဆောင်ကြမယ့်ဖြေဖျော်ပွဲတက်ရောက်သူတွေ မီးခိုရောင်တစ်ခုခုဝတ်ဆင်ခဲ့ဖို့ ပရင့်စ်က ဖိတ်ခေါ်ခဲ့ပါတယ်။ အကြမ်းဖက်မှုအတွင်း လတ်တလောဆုံးရှုံးခဲ့ရသူအားလုံးကို ဂုဏ်ပြုတဲ့ဂီတဖြေဖျော်ပွဲလို့ ဆိုတယ်။ အဲဒီ Healing ဂီတဖြေဖျော်ပွဲကို ဘယ်လ်တီမိုး Royal Farms Arena မှာ ပြုလုပ်ခဲ့ပါတယ်။ 3RDEYEGIRL အဖွဲ့ဟာ ပရင့်စ်ရဲ့ ဂီတအဖွဲ့ဖြစ်ပြီး မိန်းကလေး ၃ ဦးနဲ့ ဖွဲ့စည်းထားတယ်။ ကနေဒီးယန်းဂစ်တာသမား ဒေါ်နာဂရန်တစ်၊ အမေရိကန်ဒရမ်မာ ဟန်နာဝဲလ်တန် နဲ့ ဒိန်းမတ်ဘေ့စ်ဂစ်တာသမား အိုက်ဒါခရစ်စတင်းနယ်လ်ဆင် တို့ ဖြစ်ကြတယ်။ ၂၀၁၄ စက်တင်ဘာမှာ ထွက်ရှိခဲ့တဲ့ ပရင့်စ် ရဲ့ Plectrumelectrum အယ်လ်ဘမ်ကို 3RDEYEGIRL တို့ တီးခတ်ပေးထားကြတယ်။

အက်ဒ်ရှီရန် ရဲ့ ချစ်ခြင်းမေတ္တာ
Bloodstream အင်္ဂလိပ်အဆိုတော် Ed Sheeran ဟာ တက္ကဆက်ပြည်နယ် Austin မှာပြုလုပ်တဲ့ ဂီတဖြေဖျော်ပွဲမှာ All of the Stars သီချင်းသီဆိုနေရင်း ပရိတ်သတ်ထဲက  စုံတွဲတစ်တွဲ စင်ပေါ်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ အက်ဒ် ဖိတ်ခေါ်ခဲ့တဲ့ပရိတ်သတ် အမျိုးသားဟာ မထင်မှတ်ဘဲ ချစ်သူကောင်မလေးကို စိတ်ကူးယဉ်ဆန်ဆန် ချစ်စကားပြောပါတော့တယ်။ အဲဒီစူပါပရိတ်သတ်ကြီးက ပြောတယ် "ဒီနေရာမှာ စိတ်ထဲဝုန်းဒိုင်းကြဲတွေးနေမိတယ်။ ခင်ဗျားတို့သိလား ကျွန်တော့်ရဲ့ နေ့ရက်တွေမှာ လူတွေအများကြီးနဲ့ တွေ့ဆုံခဲ့ဖူးတယ်။ အဲဒီမှာ ဖြတ်လျှောက်လာခဲ့တဲ့ တစ်စုံတစ်ယောက်ဟာ သိပ်ပြီး အံ့အားသင့်စရာကောင်းတယ်။ သိပ်ပြီး ပင်ကိုစွမ်းရည်မြင့်လှတယ်။ အတွင်းစိတ်ရော အပြင်ပါ သိပ်ကိုလှလွန်းတယ်။ ကျွန်တော်သိခဲ့ပါပြီ။ အဲဒီမိန်းကလေးကို ထွက်သွားခွင့်ပြုလိုက်ဖို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ ကျွန်တော်ကိုယ်တိုင် ပြန်စဉ်းစားတယ်။ မြတ်နိုးစရာကောင်းမယ့်ဘဝအတွက် သူမကို ပိုပြီး ထွေးပွေ့ထားလိုက်တော့မယ်" တဲ့။ အဲဒီလို နူးညံ့ချိုမြတဲ့ ချစ်စကားလှလှလေးပြောလိုက်ပြီး သူ့ရဲ့ ဒူးတစ်ဖက်ကို ကွေးညွတ်လိုက်တော့တယ်။ စူပါပရိတ်သတ်ကြီးက သူ့မိန်းကလေးကို လက်ထပ်ခွင့်တောင်းလိုက်တာပါပဲ။ မိန်းကလေးကလည်း သူ့ရဲ့လက်ကို ဆုပ်ကိုင်ကာ ကမ်းလှမ်းတာကိုလက်ခံလိုက်တယ်။ အဲဒီအချိန်မှာတော့ စင်အောက်က အက်ဒ်ရှီရန် ပရိတ်သတ်တွေရဲ့ ကောင်းချီးသြဘာပေးသံတွေ လျှံကျလာတော့တယ်။ အက်ဒ်ကလည်း အဲဒီစုံတွဲရှိရာသွားလိုက်ပြီး ပွေ့ပိုက်ရင်းဂုဏ်ပြုစကားပြောပါတယ်။ လတ်တလော အမေရိကမြောက်ပိုင်း tour ခရီးထွက်နေတဲ့ အသက် ၂၄ နှစ်အရွယ် စတား အက်ဒ် ဒီလိုကူညီခဲ့တာမျိုးဟာ ပထမအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ဦးနှောက်ကင်ဆာနဲ့ ရာသက်ပန်ဖျားနာနေတော့မယ့် ဆယ်ကျော်သက်လေး ကေတီပက်ဝေါသ်ကို သူမရဲ့ အိပ်မက်တွေဖြည့်ဆည်းပေးခဲ့တယ်။ ကင်ဆာကြောင့် ပြီးခဲ့တဲ့နှစ်ကပဲ ကေတီ အမြင်အာရုံပျောက်ကွယ်ခဲ့ပါတယ်။ ကေတီက အက်ဒ်ကို အရူးအမူးချစ်မြတ်နိုးတဲ့ အမာခံပရိတ်သတ်တစ်ဦးပါ။ ၁၉ နှစ်အရွယ် ကေတီဟာ  အက်ဒ်ကို သူမဆွဲထားတဲ့ lego house ပန်းချီကား လက်ဆောင်ပေးချင်ခဲ့တယ်။ စကော့တလန် Glasgow က ဂီတဖြေဖျော်ပွဲမှာလည်း အက်ဒ်ကို infinity သင်္ကေတပုံရေးထားတဲ့ လက်စွပ်လေးပေးအပ်ခဲ့တယ်။ ချစ်ခွင့်ပန်တဲ့သဘောပေးအပ်တာကို အက်ဒ်က လက်ခံခဲ့ပါတယ်။ အက်ဒ်ဟာ ပန်းချီကားကို နှစ်သက်သဘောကျခဲ့တယ်။ သူ့ရဲ့ အိမ်နံရံမှာ သိမ်းဆည်းထားလိုက်မယ်လို့လည်းဆိုတယ်။ အက်ဒ်ရှီရန်ဟာ ၂၀၁၁ မှာ + (plus) အယ်လ်ဘမ် နဲ့ ၂၀၁၄ မှာ x (multiply) အယ်လ်ဘမ်တွေထွက်ရှိခဲ့ပါတယ်။

ကန်းထရီးအဆိုတော်မလေးရဲ့ အိမ်သစ်မှာ
ကန်းထရီးအဆိုတော်မလေး Miranda Lambert ဟာ သူမကယ်ဆယ်ထားတဲ့ အိမ်မွေးတိရစ္ဆာန်ငယ်လေး ၁၅ ကောင်ဆံ့မယ့် အိမ်သစ်တစ်လုံးတည်ဆောက်နေပါတယ်။ ၃၁နှစ်အရွယ် ဂရမ်မီဆုရ ကန်းထရီးအဆိုရှင်မလေးဟာ ဂီတသမား Blake Shelton နဲ့ လက်ထပ်ခဲ့တယ်။ မီရန်ဒါတို့ စုံတွဲဟာ အိမ်အသစ်ကိုပြောင်းရွှေ့ဖို့ပြင်ဆင်နေကြပါပြီ။ မီရန်ဒါတည်ဆောက်ထားတဲ့ အိမ်အသစ်ဟာ သူတို့ရဲ့ အကောင်ငယ်လေးတွေအတွက် အထူးဒီဇိုင်းထွင်တည်ဆောက်ထားမှာ သေချာလှတယ်။ "ကျွန်မသူငယ်ချင်းတစ်ယောက်ကပြောတယ် ရှင့်ရဲ့ Pinterest board မှာတင်ထားသမျှဓာတ်ပုံတွေမှာ ရှင်ဟာ ခွေးတွေရဲ့ အခန်းတွေထဲမှာချည်းပဲ"တဲ့။ Country Living မဂ္ဂဇင်း ဇွန်လထုတ်မှာ မီရန်ဒါ ပြောထားပါတယ်။ "ကျွန်မ ခင်ပွန်းနဲ့ ကျွန်မမှာ ကယ်ဆယ်ထားတဲ့အကောင်လေးတွေ ၁၅ ကောင်ရှိတယ်။ ကျွန်မ သူတို့ရဲ့နေရာမှာပဲ အချိန်တွေအများကြီးဖြုန်းဖြစ်တယ်။ ကျွန်မက အဲဒီလိုပါ။ အိုကေပါတယ်ရှင်။ မီရန်ဒါလမ်းဘာ့ထ်ကို ရေချိုးခန်းထဲ ပြောင်းထားရဖို့တော့ လိုကောင်းလိုမှာပေါ့" လို့ ဆိုတယ်။ မီရန်ဒါဟာ တက္ကဆက်ပြည်နယ် Lindale မြို့ငယ်လေးမှာ ကြီးပြင်းခဲ့တယ်။ အဲဒီမြို့လေးမှာ လူဦးရေဟာ ၅၀၀၀လောက်ပဲရှိတာပါ။ မီရန်ဒါက ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့ရတာကို ချစ်ခင်နှစ်သက်တယ်။ မီရန်ဒါနဲ့ ဘလိတ်ခ်တို့ အတူနေထိုင်ကြမယ့် အိမ်အသစ်ဟာလည်း မီရန်ဒါကလေးဘဝ ကျေးလက်ကအိမ်အပြင်အဆင်တွေပေါင်းစပ်ထားမှာပါ။ "ကျွန်မကြီးပြင်းခဲ့တဲ့ ကျေးလက်က အိမ်လေးဟာ တကယ်ဆို ပြစ်တင်ဝေဖန်စရာတွေရှိတယ်။ ဒါပေမဲ့ ကျွန်မမိခင်က အဲဒါကို ထူးခြားအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ ကောဇောတွေဟာ လိုက်ဖက်မှုမရှိဘူး။ ခန်းမတွေဟာ တကျိကျိတကျွတ်ကျွတ်မြည်လို့နေတယ်" လို့ မီရန်ဒါက ပြန်ပြောင်းပြောပြပါတယ်။ အဲဒီလို အဆီအငေါ်မတည့်တဲ့သေးသေးမွှားမွှားလေးတွေကပဲ အလိုက်ဖက်ဆုံးဖြစ်အောင်ပြုလုပ်ထားခဲ့သလိုပဲ။ ရယ်မောစရာကောင်းတယ်။ ကျွန်မသူငယ်ချင်းတွေမှာ ရေကူးကန်တွေနဲ့ တကယ့်ကိုကောင်းတဲ့အိမ်တွေရှိကြတယ်။ ဒါပေမဲ့ သူတို့အမြဲပဲ ကျွန်မတို့အိမ်ကို လာလည်ချင်နေကြတယ်။ ကျွန်မထင်ပါတယ် ကျွန်မတို့အိမ်မှာ ရှိနေတဲ့ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်မှာပဲ။ ဒါကြောင့်ပဲ ကန်းထရီးဂီတမှာ လူတွေအများကြီးနဲ့ ပြည့်လျှမ်းမြူးထူးနေကြတယ် တဲ့။ မီရန်ဒါ ခန့်မှန်းထားသေးတာက ဘလိတ်ခ်ဟာလည်း မြေကြီးတွေတူးဆွရင်းနဲ့ပဲ အချိန်တွေအများကြီးကုန်ဆုံးစေလိမ့်မယ်။ ခြံမြေတွေမှာ ဘယ်လိုရှင်သန်နေထိုင်ရမယ် ကျွန်မဖခင်က သင်ကြားပေးခဲ့ပါတယ်။ အခု ကျွန်မရဲ့ ကိုယ်ပိုင်ဥယျာဉ်ရှိပြီ။ ဘလိတ်ခ်က တကယ့်ကို ဥယျာဉ်မှူးတစ်ဦးပါပဲ။ ဒီနှစ် ခရမ်းချဉ်သီးနဲ့ စထရော်ဘယ်ရီတွေစိုက်ပျိုးဖို့ ကျွန်မတို့ စီစဉ်နေတယ်။ စထရော်ဘယ်ရီယိုထိုးကြမယ် လို့ မီရန်ဒါက က မဂ္ဂဇင်းအမေးအဖြေမှာ ပြောထားပါတယ်။

Yeah Yeah Yeahs ရဲ့ Oh, Nellie 
Karen O ရဲ့ solo အယ်လ်ဘမ် Crush Songs ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့ပါတယ်။ new wave ဂီတသမား Julian Casablancas ရဲ့Cult records ကနေ ထုတ်ခဲ့တာပါ။ ကာရန်အိုဟာ သီချင်းသစ်တွေလည်း ဆက်ပြီး ဖန်တီးနေခဲ့ပါတယ်။ မေလ ၅ ရက်နေ့တုန်းက Google က ထုတ်ပြန်လိုက်တဲ့ အထူး doodle လေးဟာ စူးစမ်းလေ့လာခဲ့တဲ့ဂျာနယ်လစ် Nellie Bly ရဲ့ ၁၅၁ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုခဲ့တာပါ။ doodle ဟာ Google search box မှာ အလှဆင်တင်ထားလေ့ရှိတဲ့ animation လေးတွေပါ။ မေလ ၅ ရက်နေ့က doodle လေးရဲ့ နောက်ခံသီချင်းမှာ ကာရန်အိုရဲ့ သီချင်းအသစ်ကို အသုံးပြုထားခဲ့ပါတယ်။ မူရင်းသီချင်း အမည်က Oh, Nellie ပါ။ ကာရန်အိုဟာ တောင်ကိုးရီးယားမှာ မွေးဖွားခဲ့တဲ့ အမေရိကန်အဆိုတော်၊ Yeah Yeah Yeahs အမေရိကန်ရောခ့်အဖွဲ့ရဲ့ခေါင်းဆောင်အဆိုရှင်ပါ။ တောင်ကိုးရီးယားနိုင်ငံ Busan မှာ မွေးဖွားခဲ့ပြီး မိခင်က ကိုးရီးယားလူမျိုးနဲ့ ဖခင်က ပိုလန်လူမျိုးတို့ဖြစ်ကြတယ်။ Bly ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ထားတဲ့ ၈၁ မိနစ်စာ animation ကို visual artist "Katy Wu" က ဖန်တီးခဲ့ပါတယ်။ ကာရန်အိုရဲ့ ချစ်ခင်စရာကောင်းလှတဲ့ အသံချိုအက်အက်လေးကြောင့် အဲဒီနေ့က doodle ဟာ ပိုပြီး အသက်ဝင်သွားခဲ့တယ်လို့ Google အသုံးပြုသူတွေက ချီးကျူးခဲ့ကြတယ်။ Nellie Bly ဟာ ၁၈၆၄ မေလ ၅ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၉၂၂ ဇန်နဝါရီ ၂၇ မှာ သေဆုံးခဲ့ပါတယ်။ Bly ဟာ ရဲဝင့်တဲ့သတင်းထောက်အဖြစ် ၁၈၈၉ မှာ ကမ္ဘာတစ်ဝှမ်း ၇၂ ရက်ခရီးသွားခဲ့တယ်။ အဲဒီခရီးဟာ ကျား/ မ ခွဲခြားမှုကို ရိုက်ချိုးလိုက်တဲ့ ခရီးအဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။ Bly ဟာ investigative journalism အမျိုးအစားအသစ်ကို စတင်မိတ်ဆက်ခဲ့တဲ့ စွန့်ဦးတီထွင်သူအမျိုးသမီးတစ်ဦးအဖြစ် ကျော်ကြားခဲ့ပါတယ်။

Joss Stone ရဲ့ အယ်လ်ဘမ်အသစ်
အသက် ၂၈ နှစ်အရွယ် soul အဆိုရှင်လေး Joss Stone ရဲ့ သတ္တမမြောက်အယ်လ်ဘမ်အသစ် Water For Your Soul ထွက်ရှိဖို့ အဆင်သင့်အနေအထားလို့ ကြေညာလိုက်ပါတယ်။ ဂျော့စ် နောက်ဆုံးထွက်ရှိခဲ့တဲ့ LP The Soul Sessions Vol.2 နဲ့ ခွဲထွက်ထားတယ်။ ရက်ဂေးဂီတအမျိုးအစားပိုဆန်မယ်လို့ ဆိုတယ်။ ဆာ မစ်ဂျက်ဂါ ရဲ့ super-group "Superheavy" မှာ ဘော့ပ်မာလေးရဲ့ သားအငယ်ဆုံး ဂျမေကန်ရက်ဂေးအဆိုတော် ဒေမီယံမာလေးနဲ့ သီချင်းဖန်တီးထားပါတယ်။ ဂျောစ့်ပြောတာက "အယ်လ်ဘမ်အသစ်မှာ တကယ့်ကို ကျွန်မကြိုက်တာတွေအားလုံး ပေါင်းစပ်ထားတယ်။ ကျွန်မ ရက်ဂေးကို အမြဲပဲချစ်တယ်။ ဒေမီယံကလည်း အဲဒီတံခါးကနေဖြတ်လျှောက်သွားဖို့ ယုံကြည်မှုတွေ ကျွန်မကိုပေးထားတယ်" တဲ့။ အယ်လ်ဘမ်ထဲမှာ ပထမဆုံး single က The Answer ပါ။ The Answer ကို ဂျော့စ်ရဲ့ hit ဖြစ်ခဲ့တဲ့ single သီချင်း Super Duper Love ကို ရေးပေးခဲ့ဖူးတဲ့ ဒဲနစ်ဘိုဗဲလ် ရေးထားတယ်။ အဲဒီရက်ဂေးဂီတသမားရဲ့ အရည်အသွေးနဲ့ အယ်လ်ဘမ်အပေါ် လွှမ်းမိုးမှုကို ဂျော့စ်ကရှင်းပြပါတယ်။ "သူက ရက်ဂေးစွယ်စုံကျမ်းတစ်စောင်နဲ့ တူတယ်။ သူ တကယ့်ကိုဆိုနိုင်တယ်။ သူ့ရဲ့အသံအဟုန်နဲ့ အဆင့်က ထူထူထဲထဲကြီး ထုထည်ကြီးတယ်။ ရယ်မောပျော်ရွှင်စရာလည်းကောင်းတယ်။ သူနဲ့အလုပ်လုပ်ရတဲ့အခါသိလိုက်ရတယ်။ သိပ်တော်တဲ့လူပါ" တဲ့။ ဂျော့စ်ပြောသေးတာက "အယ်လ်ဘမ်ရဲ့ အာဘော်ဆိုရရင် ကမ္ဘာကြီးပေါ်မှာ ရှင်သန်နေထိုင်တဲ့နည်းလမ်းအကြောင်း စကားစမြည်၊ ငြင်းခုန်မှုတွေ၊ အတွေးအခေါ်တွေ ရုန်းကြွခုန်ထွက်နေမယ်။ ဒီနေ့ ရှင်တို့ ရှင်သန်နေထိုင်နိုင်တာကို သဘောပေါက်ထားတဲ့ပုံစံ/နည်းလမ်းအာလုံး ဆွဲယူလှုပ်ခါပြထားတယ်။ အဲဒီတော့ ခရီးဆက်ကြပါပေါ့" တဲ့။ Water For Your Soul အယ်လ်ဘမ်ဟာ ဇူလိုင် ၁၇ မှာ ထွက်ရှိပါလိမ့်မယ်။ စင်မြင့်ဖြေဖျော်ပွဲတွေမှာ ဖိနပ်မစီးဘဲ သီဆိုလေ့ရှိတဲ့ ဂျောစ့်ရဲ့ စတိုင်လ်ဟာလည်း လူသိများလှတယ်။

အယ်လ်တန်ဂျွန်ပြောတဲ့ ကွန်ဂရက်မှာရှိတဲ့ အာဏာ
ဂီတသမား Sir Elton John ဟာ ယူအက်စ်ကွန်ဂရက်ကို HIV/ Aids တားဆီးရေးမှာ ခေါင်းဆောင်တာဝန်ယူဖို့ တောင်းဆိုခဲ့ပါတယ်။ Elton John Aids Foundation ကို ၁၉၉၂ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ အဆိုတော်ကြီးဟာ မေလ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆီးနိတ်လွှတ်တော်ကော်မတီကြားနာပွဲကို တက်ရောက်ခဲ့တယ်။ ဥပဒေပြုရေးကဏ္ဍကို HIV/ Aids ကာကွယ်တားဆီးရေးအတွက် ငွေကြေးထောက်ပံ့မှုမှာ ကမ္ဘာအနှံ့အဓိကနေရာကနေ ဦးဆောင်ဖို့ ပြောကြားခဲ့တယ်။ "ဘာကြောင့်လဲဆိုရရင် အမေရိကန်တွေမှာ မတူကွဲပြားတာပြုလုပ်ဖို့ အကောင်းမြင်ဝါဒရှိတယ်။ စဉ်းစားဥာဏ် နဲ့ ဆန္ဒလည်းရှိကြတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ခရီးလမ်းတစ်ဝက်ရောက်နေခဲ့တဲ့ လူသန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်ဆယ်နိုင်ခဲ့ပြီးပြီ" လို့ နိုင်ငံခြားရေးရာဆီးနိတ်ပဏာမ ဆပ်ကော်မတီကိုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ Aids ကပ်ရောဂါက ပြီးဆုံးမသွားသေးဘူး။ ပြီးတော့ အမေရိကရဲ့ ဆက်လက်တည်ရှိနေတဲ့ခေါင်းဆောင်မှုဟာ ဝေဖန်စရာတွေ ရှိလာတယ် လို့ ဆိုတယ်။ Aids အဆုံးသတ်ဖို့ "အခွင့်အရေးတံခါးပေါက်" ဆီသွားဖို့ ရည်ညွှန်းခဲ့တယ်။ ဆပ်ကော်မတီကိုလည်း အာဏာကိုအသုံးပြုဖို့ တိုက်တွန်းခဲ့ပါတယ်။ အတိအကျဆိုရရင် ဘဏ္ဍာရေးအမြောက်အမြားသုံးစွဲပေးဖို့ပါ။ အာရုံစိုက်မှုမရှိလို့ အဲဒီတံခါးပေါက်ပိတ်သွားတာမျိုးမဖြစ်အောင် ဂရုစိုက်ရမယ် လို့ သူကပြောပါတယ်။ "အမေရိက၊ အင်္ဂလန် နဲ့ အာဖရိကတစ်လျှောက် ကုတင်ပေါင်းများစွာဘေးမှာ ကျွန်တော်ရပ်ခဲ့ဖူးတယ်။ နာနာကျင်ကျင်သေဆုံးသွားတော့မယ့်သူတွေကို ကူကယ်စရာရှာမပေးနိုင်ဘဲ ကြည့်နေခဲ့ရတယ်တဲ့။ ရီပတ်ပလီကန် လွှတ်တော်အမတ် လင်ဆေးဂရေဟမ်နဲ့ ဒီမိုကရက် ပက်ထရစ်လီဟီ တို့ကို ကြားနာပွဲမှာ စကားပြောဖို့ အယ်လ်တန်ဂျွန်က ဖိတ်ကြားခဲ့ပါတယ်။ အဲဒီကြားနာပွဲဟာ PEPFAR(U.S president's Emergency Plan for Relief အစီအစဉ်အတွက် ငွေကြေးထောက်ပံ့ဖို့ ဆွေးနွေးကြတာဖြစ်ပြီး PEPFAR ဟာ ကမ္ဘာတစ်ဝှမ်းက HIV/ Aids ခံစားနေရတဲ့သူတွေကို သက်သာလွတ်မြောက်စေမယ့် အစီအစဉ်ပါ။ PEPFAR ကို သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘုရှ်အစိုးရ လက်ထက် ၂၀၀၃ မှာ စတင်ထူထောင်ခဲ့ပြီး ၂၀၀၈ မှာ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တယ်။ အယ်လ်တန်ဂျွန်ဟာ ပြီးခဲ့တဲ့ မေလအစောပိုင်းက ပြုလုပ်ခဲ့တဲ့ HIV နဲ့ Aids အကြောင်းဆွေးနွေးခဲ့တဲ့ ယူအက်စ်လွှတ်တော် ဆပ်ကော်မတီမှာ စကားပြောခွင့်ရခဲ့ပါတယ်။

ဖြိုးဖြိုး
(Yati Magazine, June, 2015)

No comments: