Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 07, 2015

ဂီတသတင်းများ

ကေတီပယ်ရီ၊ မိုင်လီဆိုင်းရပ်စ် နဲ့ မက်ဒေါနား
မက်ဒေါနားရဲ့ ဂီတဗီဒီယိုအသစ်မှာ ကေတီပယ်ရီ နဲ့ မိုင်လီဆိုင်းရပ်စ်တို့ ပါဝင်ကြလိမ့်မယ်လို့ မက်ဒေါနားက ကြေညာလိုက်ပါတယ်။ အသက် ၅၆ နှစ်အရွယ် မက်ဒေါ်နားရဲ့ စင်ဂဲလ်အသစ် 'B***h I'm Madonna' မှာ အံ့အားသင့်ရမယ့် ဧည့်သည်အဆိုတွေဖြစ်တဲ့ နီကီမီနာ့ခ်ျ၊ ရီတာအိုရာ နဲ့ ဒီပလိုတို့လည်း ရက်ပ်နေရာ ပါဝင်သီဆိုကြလိမ့်မယ်။ မက်ဒေါနားက သူမရဲ့ Instagram ဓာတ်ပုံမှာ ရီတာနဲ့အတူ ပါဝင်သူတွေကို tag ပြီးတင်ထားခဲ့တော့ လူငယ်ပရိတ်သတ်တွေအတွက်ပါ စိတ်လှုပ်ရှားစရာ ကြေညာချက်တစ်ခုဖြစ်လို့သွားတယ်။ ကြေညာချက်ထုတ်အပြီး ရက်သတ္တသုံးပတ်အကြာလောက်မှာ ရီတာလည်း မက်ဒေါနားနဲ့ ရိုက်ကွင်းမှာ အတူရှိနေခဲ့ကြပြီ။

၂၀၁၂ က Ora ဆိုတဲ့အယ်လ်ဘမ်ထွက်ရှိခဲ့တဲ့ ငယ်ငယ်ရွယ်ရွယ် အင်္ဂလိပ်ပေါ့ပ်အဆိုတော်မလေး ရီတာကတော့ မယုံကြည်စရာစွမ်းဆောင်ချက်လို့တောင် သူမကတင်စားခဲ့တယ်။ showbiz ပွဲတွေမှာ မက်ဒေါနားတဲ့ တွေ့ဆုံဖူးခဲ့ကြပြီး ဆက်သွယ်မိခဲ့ကြတယ်။ မက်ဒေါနားက ရီတာ့ကို ဆက်သွယ်ကမ်းလှမ်းခဲ့ပါတယ်။ Instagram က ဓာတ်ပုံမှာ အဝတ်အစားဒီဇိုင်းနာ အရီယာနဲ့ဖီလစ်ပ်စ်၊ ဆံပင်အလှဖန်တီးသူ အန်ဒီလက်ကွန်ပ်တာ၊ ဖက်ရှင်ဒီဇိုင်းနာ ဂျဲရဲမီစကော့ထ် တို့ကိုလည်း tag ထားခဲ့တယ်။ မက်ဒေါနားရဲ့ ဗီဒီယိုဟာ ဒီနှစ်ထဲမှာ တေလာဆွစ်ဖ်ရဲ့ Bad Blood ရုပ်ရှင်ဇာတ်လမ်းတို အစမ်းပြပွဲအပြီး ဒုတိယဗီဒီယိုဖြစ်လာပါလိမ့်မယ်။ တေလာဆွစ်ဖ်ရဲ့ Bad Blood မှာ အယ်လီဂူးလ်ဒင်န်၊ ဆဲလီနာဂိုးမက်ဇ်၊ ကာရာဒီလီဗီန်၊ လီနာဒန်မန်၊ ကန်ဒရစ်ခ်လာမာ နဲ့ တခြားကျော်ကြားတဲ့သူတွေပါဝင်ထားကြတယ်။ မက်ဒေါနားဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ၁၃ ခုမြောက် Rebel Heart အယ်လ်ဘမ်ထွက်ရှိခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ Neverland ခြံကြီး ရောင်းတော့မယ်
"ပေါ့ပ်ဘုရင်" မိုက်ကယ်ဂျက်ဆင်ရဲ့ ခြံလို့ နာမည်ကြီးခဲ့တဲ့ Neverland စံအိမ်/ မွေးမြူရေးခြံကြီးကို ရောင်းချဖို့ ဈေးကွက်တင်လိုက်ပြီလို့ Wall Street Journal မှာဖော်ပြခဲ့တယ်။ မိုက်ကယ်လ်တစ်ချိန်က နေထိုင်ခဲ့တဲ့ ဧက ၂၇၀၀ ရှိ ကယ်လီဖိုးနီးယားကခြံဝင်းထဲမှာ နေထိုင်တဲ့ မိုက်ကယ်လ်အချစ်တော်ချင်ပန်ဇီ Bubbles ကိုလည်း ဒေါ်လာ သန်း ၁၀၀ နဲ့ ဝယ်ချင်သူတွေပိုင်ဆိုင်နိုင်မယ်လို့ဆိုထားတယ်။ (Bubbles ဟာ ကျန်းကျန်းမာမာရှိနေပါတယ်။ မိုက်ကယ်လ်ရဲ့ညီမ လာတိုယာကတော့ Bubbles ကို မနှစ်သက်လှဘူး။) Neverland ဟာ Santa Barbara အနီး Los Olivos မှာ တည်ရှိပါတယ်။ Peter Pan ကာတွန်းဇတ်ကောင်ပုံပါပန်းပင်တွေနဲ့ ပုံဖော်ထားရှိတဲ့ အဲဒီစံအိမ်ဟာ ကြီးပြင်းမသွားချင်တဲ့ လူငယ် ယောက်ျားလေး၊ မိန်းကလေးတိုင်း လိုချင်တပ်မက်ကြမယ့်အပြင်အဆင်တွေ ပြည့်လို့နေတယ်။ Sycamore Valley Ranch ကို Neverland Valley Ranch လို့ ပြောင်းလဲအမည်ပေးထားခဲ့တာပါ။ အိပ်ရာ ၆ခုပါ (ဝန်ထမ်းတွေအတွက်အပါအဝင်) ပြင်သစ် နော်မန်ဒီစတိုင်လ် စံအိမ်ကြီးဟာ ၁၂၀၀၀ စတုရန်းပေရှိပြီး အိပ်ခန်း ၄ ခန်းပါ ဧည့်သည်အိမ်ခန်း၊ အိပ်ခန်း ၂ ခန်းပါ ဧည့်သည်အိမ်ခန်းပါရှိတယ်လို့ ဖော်ပြထားပြီး ခြံကြီးထဲမှာရှိနေတဲ့ တခြားအဆောက်အဦတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ကျယ်ပြန့်လှတဲ့ခြံမှာ တင်းနစ်ကစားကွင်း၊ ဘတ်စ်ကက်ဘောကစားကွင်း၊ ထိုင်ခုံ ၅၀ စာ ရုပ်ရှင်ကြည့်ခန်းမ၊ နားခိုစရာအိမ်ခန်းပါ ရေကူးခန်း နဲ့ မျက်လှည့်ပြစင်တို့ ရှိကြတယ်။ စံအိမ်ကြီးထဲက မိုက်ကယ်လ်ရဲ့ ခြေရာလက်ရာအစအနတွေ ပျောက်ဆုံးရတော့မှာပါပဲ။ Ferris ရဟတ်ကြီးနဲ့ တခြား အပန်းဖြေကစားကွင်းက ဆော့ကစားစရာတွေလည်း ရှိမနေကြတော့ပါဘူး။ ၂၀၀၈ ခုနှစ်ကတည်း ဘာမင်ဂန်က Archway Amusements က ဝယ်ယူသွားခဲ့ပါပြီ။ ဒါပေမဲ့ တောင်အမေရိက ကုလားအုတ် llama တစ်ကောင်ရှိနေသေးတယ်လို့ WSJ က ရေးထားတယ်။ စိတ်ဝင်စားသူတွေ ဝယ်ယူနိုင်ပါလိမ့်မယ်လို့ ဖော်ပြထားတယ်။ ဒဏ္ဍာရီသဖွယ် သီချင်းအဆို/ အက ထင်ရှားကျော်ကြားခဲ့တဲ့ မိုက်ကယ်လ်ဟာ ၂၀၀၉ မှာ ဆေးဝါးအလွန်အကျွံသုံးစွဲခဲ့တာကြောင့် ဝမ်းနည်းဖွယ်ရာ သေဆုံးခဲ့ရတယ်။ Neverland စံအိမ်ကို ၁၉၈၇ ခုနှစ် ဒေါ်လာ ၁၉.၅ သန်း နဲ့ မိုက်ကယ်လ်ဝယ်ယူခဲ့တယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့ လေဒီဂါဂါက မိုက်ကယ်လ်ရဲ့ စံအိမ်ထဲက ကျန်ရှိနေသေးတဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူကူညီဖို့ ဆန္ဒရှိတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ပိုင်ရှင်အသစ်ဟာ မိသားစုဝင်ထဲက မဖြစ်နိုင်တဲ့အနေအထားပေါ့။ Neverland ရဲ့ အိမ်ခြံမြေအကျိုးဆောင်ကိုယ်စားလှယ်ကတော့ မိုက်ကယ်လ်ရဲ့Neverland ပုံရိပ်တွေ ကျန်ရှိနေအောင် ဝယ်သူကို အသေအချာ စိစစ်ရွေးချယ်ရမယ့်အချိန်ပါလို့ WSJ ကို ပြောခဲ့တယ်။


Grace ရဲ့ You don't own me
နွေရာသီ သီချင်းမှတ်တမ်းတွေထဲမှာ ballad သီချင်းတွေကလည်း နေရာရနေတာကို တွေ့ရတယ်။ နွဲ့နှောင်းညက်ညောနေတဲ့ချပ်ချပ်ရပ်ရပ်ဝတ်စုံလေး ပူနွေးတဲ့နွေရာသီမှာဝတ်ဆင်ကြည့်လိုက်ရင် ဒီလိုသီချင်းတွေ ဘာကြောင့် နေရာရနေသလဲဆိုတာ သိလာရလိမ့်မယ်လို့ ညွှန်းဆိုကြတယ်။ ဒီနှစ်နွေရာသီမှာတော့ "You Don't Own Me" ဆိုတဲ့သီချင်းဟာ လူငယ်ဂီတပရိတ်သတ်တွေရဲ့ နှလုံးသား ခုန်လှုပ်နေတာကိုရပ်နားသွားအောင် ဒါမှမဟုတ် ပိုမိုမြန်ဆန်လာအောင် စတင်ကျီဆယ်နေပါပြီတဲ့။ ၁၉၆၃ ခုနှစ်တုန်းက အမေရိကန် ပေါပ်/ ရော့ခ်အဆိုတော် Lesley Gore ရဲ့ hit ဖြစ်ခဲ့ဖူးတဲ့သီချင်း You Don't Own Me ကို သြစတြေးလျ အဆိုတော်လေး Grace နဲ့အတူ ရက်ပ်အပိုင်းကိုတော့ G-Eazy တို့ ပုံစံအသစ်နဲ့ သီဆိုထားတာပါ။ (Gore ရဲ့ #YDOM သီချင်းကို Quincy Jones နဲ့ John Madara တို့ ရေးသားခဲ့ကြတယ်။) Gore ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီမှာ အဆုတ်ကင်ဆာနဲ့ သေဆုံးခဲ့သူပါ။ Grace ပြန်ဆိုထားတဲ့ #YDOM ဟာ ဇာတိမြေ သြစတြေးလျမှာ နံပါတ် ၁ hit သီချင်းဖြစ်နေပါတယ်။ ဒီနှစ်ထဲမှာပဲ Grace အမေရိကန် record label RCA နဲ့ လက်မှတ်ထိုးခဲ့တယ်။ Grace ရဲ့ ထုတ်ဝေသူတွေကိုရော မှန်းဆကြည့်ပါဦး Puff Daddy နဲ့ အတူ Quincy Jones ကပဲ #YDOM သီချင်းနဲ့ လက်တွဲထားတာပါ။ ၂၀၁၅ နွေဦးက Grace ရဲ့ TBA ဆိုတဲ့အယ်လ်ဘမ်ထွက်ရှိခဲ့ပြီး EP "Memo" ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ထွက်ရှိခဲ့တယ်။


Walmart တွေမှာ သိပ်မဖွင့်ရမယ့်သီချင်းတွေ
ဂျပ်စတင်ဘီဘာရဲ့ အမာခံပရိတ်သတ်တွေအတွက်တော့ Walmart မှာ ဈေးဝယ်ထွက်တဲ့အခါ စိတ်မကောင်းဖြစ်ရမယ့် သတင်းပါ။ (တခြားသူတွေအတွက်ကတော့ သတင်းကောင်းဖြစ်ချင်ဖြစ်နိုင်တာပေါ့။) Walmart တွေ မှာ Justin Bieber နဲ့ Celine Dion တို့ရဲ့ သီချင်းတွေကို သိပ်မဖွင့်ရတော့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ Walmart ရဲ့ ရှယ်ယာရှင်၊ စူပါစင်တာတွေရဲ့အလုပ်အမှုဆောင် ဒုဥက္ကဌ Mike Moore က 
ဝန်ထမ်းတွေရဲ့ တုံ့ပြန်ချက်တွေကြောင့် ဒီကြေညာချက်ထုတ်ခဲ့တယ်လို့ ဆိုတယ်။ သူတို့ရဲ့ စတိုးဆိုင်တွေမှာ ဂျပ်စတင်ဘီဘာနဲ့ ဆီလွန်ဒီယွန်တွေရဲ့ သီချင်းတွေ မကြာခဏ ပြန်ကျော့ပြီး ဖွင့်ကြတဲ့အခါ သူတို့ စိတ်ရှုပ်ကြရတယ်။ သူတို့ဟာ အများစု ဘီဘာနဲ့ ဆီလင်းဒီယွန်ပရိတ်သတ်တွေမဟုတ်ကြဘူးလို့ ဆိုပါတယ်။ စတိုးဆိုင်တွေမှာ လပေါင်းများစွာ ဆီလင်းဒီယွန်ရဲ့ အအောင်မြင်ဆုံး hit ကို ထပ်ခါထပ်ခါဖွင့်နေတဲ့အခါ ထပ်ခါထပ်ခါ စိတ်ညစ်ညူးနေကြတယ်။ ဂျပ်စတင်ဘီဘာရဲ့ စီဒီကိုလည်း အဲလို ထပ်ခါထပ်ခါဖွင့်နေတာကြောင့် အင်မတန်စိတ်ရှုပ်ရပါတယ်လို့ ဆိုတယ်။ Walmart စတိုးတွေနဲ့ ဖြန့်ချိရေးစင်တာတွေမှာ soundtrack အသစ်တစ်ခု မကြာခင်ရရှိလာတော့မှာပါ။ အဲဒါကို Wal-Mart ရေဒီယိုလို့ ခေါ်နေကြပြီး DJ tune တွေပါဝင်လိမ့်မယ်။ Walmart ဟာ အမေရိကန်လက်လီဖြန့်ချိရေးကော်ပိုရေးရှင်းဖြစ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ စတိုးဆိုင်ပေါင်း ၁၁၀၀၀ ဆိုင်ရှိနေတယ်။ ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိကပိုင်၊ မိသားစုပိုင် စီးပွားရေးလုပ်ငန်းဖြစ်တယ်လို့ ၂၀၁၄ Fortune Global 500 မှာ ဖော်ပြခဲ့ပါတယ်။

ဂျာမနီက ရောခ့်ဂီတပွဲက လျှပ်တစ်ပြက်
အနောက်ဂျာမနီမှာ ညလုံးပေါက်သီဆိုဖြေဖျော်ပွဲမှာ လျှပ်တစ်ပြက်လျှပ်စီးလက် မိုးကြိုးပစ်ချခဲ့တာကြောင့် ဂီတပရိတ်သတ် ၃၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဂျာမနီအာဏာပိုင်တွေက ပြောပါတယ်။ ဂျာမနီနိုင်ငံ Mendig မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Rock am Ring ဂီတပွဲတော်မှာ မိုးကြိုးနှစ်ကြိမ်ပစ်ခဲ့တာပါ။ ရဲနဲ့ ပွဲစီစဉ်သူတွေပြောတာက ထုတ်လုပ်ရေးပိုင်း အဖွဲ့သား ၈ ဦး ဒဏ်ရာရခဲ့တာ ပထမတစ်ကြိမ် မနက် ၁ နာရီအချိန် စင်အောင်ဘက်ဧရိယာကို မိုးကြိုးပစ်ချခဲ့စဉ်တုန်းကလို့ ဆိုတယ်။ ပထမတစ်ကြိမ် မိုးကြိုးပစ်ချခဲ့ပြီးနောက်ပိုင်း ပွဲစီစဉ်သူတွေက ဂီတဖြေဖျော်ပွဲတွေကို ရပ်နားထားလိုက်ပြီး ပရိတ်သတ်တွေကို မိုးကြိုးကာကွယ်နိုင်တဲ့ မိုးကာတဲ့ အမိုးအကာကြီးကြီးအောက်မှာ နေစေခဲ့ပါတယ်။ အဲဒီနောက် မနက် ၄ နာရီမထိုးခင်လောက်မှာ ဂီတပွဲတော်ကျင်းပရာဧရိယာထဲကို နောက်ထပ်တစ်ကြိမ်ထပ်ပြီး မိုးကြိုးပစ်လိုက်တာကြောင့် နောက်ထပ် ၂၅ ဦး ဒဏ်ရာရခဲ့ပြန်ပါတယ်။ ဒဏ်ရာရသူအားလုံးကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်။ စူးစမ်းလေ့လာမှုတွေပြုလုပ်ပြီး ကုသမှုပေးခဲ့တယ်။ တစ်ဦးတစ်ယောက်မှတော့ မိုးကြိုးတိုက်ရိုက်ထိမှန်တာမျိုး မရှိခဲ့ကြပါဘူး။ အဲဒီဂီတပွဲတော်ကို ဇွန် ၅/ ၆/ ၇ ရက်နေ့တွေ နှစ်စဉ် ၃ ရက်ကျင်းပကြတာပါ။ နောက်ရက်တွေကိုတော့ စီစဉ်ထားတဲ့အတိုင်းပဲ ဖြေဖျော်ခဲ့ကြတယ်။ ၂၀၁၅ အတွက် ပါဝင်တဲ့ ရောခ့်အဖွဲ့သားတွေက Foo Fighters, Die Toten Hosen, Slipknot, The Prodigy, Interpol နဲ့ တခြား ရောခ့်နာမည်ကျော်အဖွဲ့တွေ အများကြီးပဲ ပါဝင်ကြတယ်။ Rock am Ring ရောခ့်ဂီတပွဲတော်ကို ၁၉၈၅ ခုနှစ်ကတည်းက နှစ်စဉ်ပြုလုပ်ခဲ့တာပါ။ ဂျာမနီမှာ နှစ်စဉ်ကျင်းပတဲ့ အဲဒီ Rock am Ring (Rock at the Ring) နဲ့ နောက်ထပ်ရောခ့်ဂီတပွဲ Rock im Park (Rock in the Park) တို့ဟာ ကမ္ဘာ့အကြီးဆုံး/ ပရိတ်သတ်အများဆုံးဂီတဖြေဖျော်ပွဲတွေထဲက တစ်ခုပါ။ ၂၀၀၇ Rock am Ring ပွဲတော်မှာဆိုရင် ရောခ့်ပရိတ်သတ် ၁၅၀၀၀၀ ကျော်နွှဲခဲ့ကြတယ်။

လက်တင် ကျူးဘား ရက်ဂေး နဲ့ မာခ့်အန်ထော်နီ
လက်တင် Salsa သီချင်းတွေနာမည်အကျော်ကြားဆုံးဖြစ်ခဲ့တဲ့ Marc Anthony နဲ့ ကျူးဘန်း ရက်ဂေးအဆိုတော် Gente de Zona တို့ နှစ်ဦးသီဆိုထားတဲ့ ရွှင်မြူးဝမ်းမြောက်စရာလမ်းမပေါ်မှာ ကခုန်နေကြတဲ့ ဗီဒီယိုဟာ ဒီနှစ်နွေရာသီအတွက် hit ဖြစ်မယ့် သီချင်းပါပဲ။ ၂၀၀၄ ခုနှစ်က Latin song of the year မှာ ထိပ်ဆုံးအထိ ခုန်လွှားတက်ခဲ့တဲ Enrique Iglesias ရဲ့ Bailando သီချင်းလိုပဲ လမ်းမပေါ်မှာ ထူးထူးကဲကဲကခုန်မြူးထူးပြီး သီဆိုခဲ့ကြတဲ့ပုံသေနည်းအတိုင်း လိုက်နာရိုက်ကူးခဲ့တာပါ။ အန်ထော်နီရဲ့ ဗီဒီယိုအသစ် "La Gozadera" ကို ကျူးဘန်းဒါရိုက်တာ Alejandro Perez က ရိုက်ကူးထားတယ်။ ရိုက်ကွင်းတွေကို ကျူးဘားနိုင်ငံမြို့တော် ဟာဗားနားမှာပဲ တော်တော်များများ အသုံးပြုထားပါတယ်။ ဒါရိုက်တာကတော့ လူပေါင်း သန်း ၉၀၀ ကျော်ကြည့်ရှုခဲ့ကြတဲ့ Bailando ဗီဒီယို clip ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါပဲ။ ဒီတစ်ကြိမ်မှာလည်း ကျူးဘန်း dancer တွေနဲ့ သွက်သွက်လက်လက် ဖန်တီးထားပါတယ်။ ကကွက်စီစဉ်ဖန်တီးသူ Roclan Gonzalez ကလည်း Bailando မှာ အားဖြည့်ခဲ့တဲ့သူပါပဲ။ dancer တွေရဲ့ ကိုယ်ခန္ဓာမှာ Cuban, Ppuerto Rican နဲ့ တခြား လက်တင်အမေရိကန်အလံတွေက အရောင်တွေခြယ်သထားကြတယ်။ Sony Music Latin ကပြောတာကတော့ အန်ထော်နီရဲ့ ဗီဒီယိုဟာ ကျူးဘားမှာ မဟုတ်ဘဲ Dominican Republic မှာ ရိုက်ကူးထားတယ်လို့ ဆိုတယ်။ La Gozadera သီချင်းရဲ့ အဓိပ္ပါယ်မှာ စပိန်စကားပြောကမ္ဘာကြီးက နိုင်ငံတွေကို ဖိတ်ခေါ်ထားတယ်။ အဲဒီနိုင်ငံတွေက လူတိုင်း ဂီတပွဲဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်တဲ့ပုံစံပါ။ ဒီဗီဒီယို clip ဟာ ကျူးဘားနိုင်ငံကို ကြော်ငြာထားတဲ့ ဗီဒီယိုပါပဲ။ လမ်းမပေါ်မှာ မကခုန်သေးတဲ့အချိန် ဂန္တဝင်ရှေးကောင်းကားတွေရဲ့ ကားလမ်းပိတ်ဆိုတာနဲ့ စထားတယ်။ ဒီဗီဒီယိုကို ကြည့်ပြီးရင်တော့ ကျူးဘန်း salsa အက/ အရွေ့ဟာ လူတိုင်း လွယ်လွယ်ကူကူသင်ယူနိုင်မယ်ဆိုတာ သိလာလိမ့်မယ်လို့ ဆိုတယ်။ လာမယ့် အားလပ်ရပ်အစီအစဉ်တွေမှာ ဟာဗားနားဆီခရီးထွက်ဖို့ ပြင်ဆင်မထားဘူးဆိုရင်တောင် La Gozadera ထွက်ရှိတဲ့အချိန်ကတော့ တကယ့်အချိန်ကောင်းပါပဲ။        ။
(Yati Magazine, July, 2015)
 ဖြိုးဖြိုး
(Yati Magazine, July, 2015)

No comments: