Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 12, 2015

ဂီတသတင်းများ

ကျွန်းလေးပေါ်မှာ ဘီဘာနဲ့ ဂီတပရိသတ်များစွာ
Justin Biber ရဲ့ သြစတြေးလျဂီတဖြေဖျော်ပွဲကို Sydney Harbour က Cockatoo ကျွန်းမှာပြုလုပ်ခဲ့တော့ Biber ရဲ့ သြစတြေးလျပရိသတ် ဆယ်ကျော်သက်မလေးတွေအများစု ပရိသတ် ၁၂၀၀ခန့် သည်းသည်းလှုပ်လှုပ်ဟစ်အော်အားပေးခဲ့ကြတယ်။ Cockatoo ကျွန်းလေးကိုတောင် Biber ကျွန်းလို့ ခေါ်လိုက်ကြတယ်။ Biber ကျွန်းမှာ What do you mean သီချင်းနဲ့ စဖွင့်ခဲပါတယ်။
နံနက်ခင်း ခပ်စောစောမှာ စတင်သီဆိုခဲ့တာပါ။ Seven Network ရဲ့ Sunrise တီဗီအစီအစဉ်ကနေလည်း အော်စီတို့ရဲ့ နံနက်စာအဖြစ် Biber သီချင်းတွေကို တိုက်ရိုက်လွှင့်ထုတ်ပေးခဲ့ပါတယ်။ Jack Ü ဒီဂျေသမားနှစ်ဦးရဲ့ hit သီချင်း Where are Ü Now သီချင်းရယ်၊ Boyfriend ၊ acoustic versions နဲ့ All That Matters သီချင်း ၊ As Long As You Love Me ၊ Baby သီချင်းတွေကို ဆိုပါတယ်။ အမေရိကန် record label "Def Jam" ရဲ့ စီစဉ်တင်ဆက်မှုတွေနဲ့အတူ ဘီဘာ ပေါ့ပါးမြူးထူးစွာပဲ ဖြေဖျော်ပါတယ်။ ဂီတဖြေဖျော်ပွဲလေးဟာ school camp ပုံစံမျိုးနဲ့ ဆင်တူနေခဲ့တယ်။ ဂီတပွဲအပြီးမှာ မိန်းမငယ်လေးတွေဟာ ကော်ဇော်နီပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချရင်း သူတို့ရဲ့ ဖုန်းတွေနဲ့ ဖမ်းယူထားတဲ့ ဗီဒီယိုဖိုင်လေးတွေ ပြန်ပြီးဖွင့်ကြည့်နေကြတယ်။ ဖုန်းထဲက ဗီဒီယိုဖိုင် အသံသေးသေး ပြာပြာလေးတွေဟာ ကျွတ်စီကျွတ်စီညံလို့နေကြတယ်။ ပရိသတ်ထဲက လူငယ်လေးတစ်ဦးက ပြောပါတယ်။ "ဂီတပါရမီရှိပြီး ကြွယ်ဝချမ်းသာနေတဲ့ အသက် ၂၁အရွယ် လူငယ်လေးကိုကြည့်ပြီး အားကျနေတယ်လို့တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က သူ့ရဲ့ ပရိသတ် အမြဲဖြစ်ခဲ့တယ်။ ဟိုတုန်းကတည်းက။ အခု ဒီပွဲပြီးတော့လည်း ဘီဘာနဲ့ပတ်သက်လို့ ဂုဏ်ပြုချီးကျူးစရာအသစ် ထပ်ပေါ်လာသေးတာပဲ။ သူဘာကြောင့်ဒီလို လုပ်ဆောင်နိုင်သလဲ။ ကျွန်တော် သူ့ကိုယုံကြည်တယ်။ ကျွန်တော့်က Belieber ပေါ့" တဲ့။ သြစတြေးလျမှာ ဘီဘာအဖျားအတွက် နောက်ထပ်တစ်ကြိမ် ဆေးကျွေးတဲ့အချိန်လို့ပြောရမှာပါပဲ။ ၂၀၁၃ တုန်းက ဘီဘာရဲ့ Believe Tour အဖြစ် သြစတြေးလျမှာ ဆစ်ဒနီ၊ ဘရစ်စဘိန်း၊ မဲလ်ဘန်း၊ အဒဲလ်လိတ်ဒ်နဲ့ ပါ့သ်မြို့တွေမှာ ဖြေဖျော်ခဲ့သေးတယ်။ Cockatoo Island ဟာ ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုဧရိယာ စာရင်းဝင်ပါ။ Cocktoo Island ဂီတပွဲတော်ကို ၂၀၀၅ အီစတာပွဲတော် ကစလို့ နှစ်စဉ်ပြုလုပ်ကြတယ်။ အဲဒီဂီတပွဲတော်မှာ rock, hip hop နဲ့ electronic ဂီတသမားတွေ ဖြေဖျော်ကြလေ့ရှိတယ်။

Woman of the Year လေဒီဂါးဂါး
Born This Way သီချင်းသီဆိုခဲ့သူလေး Lady GaGa ဟာ Billboard ရဲ့ ၂၀၁၅ ခုနှစ် Woman of the Year အဖြစ် ဂုဏ်ပြုခံရပါတယ်။ ပြီးခဲ့တဲ့နှစ်က Taylor Swift ဂုဏ်ပြုဆုရရှိခဲ့တုန်းက Aretha Franklin, Ariana Grande, Iggp Azalea, Jessie J, Charli XCX နဲ့ Idina Menzel တို့ပါ ပါဝင်ဆင်နွှဲပြီး အခမ်းအနားကျင်းပခဲ့ကြသေးတယ်။ ဒီနှစ်ရဲ့ တခြား Women in Music ဂုဏ်ပြုဆုရသူတွေကို လာမယ့်ရက်သတ္တပတ်မှာ ထုတ်ပြန်ပါလိမ့်မယ်။ အဲဒီပွဲကို Lifetime TV ကလည်း Billboard နဲ့အတူပူးပေါင်းပြီး တီဗီအစီအစဉ်ကပြသဖို့ စီစဉ်နေပါတယ်။ ဂီတလောကထဲမှာ အမျိုးသမီးတွေကိုပဲဦးစားပေးထုတ်လွှင့်ဖော်ပြတဲ့ Lifetime TV နဲ့ Billboard တို့ ၃ နှစ်စာချုပ်ချုပ်လိုက်တာပါ။ Billboard က ပြုလုပ်တဲ့ Women in Music ဂီတဂုဏ်ပြုဆုပေးပွဲကို Lifetime TV က ပြသမယ့်အစီအစဉ်ဟာ အမျိုးသမီးဂီတဆု သက်တမ်း ၁၀နှစ်မှာ ပထမဆုံးအကြိမ်ဖြစ်နေပါတယ်။ တခြား Billboard ဂီတဆု၊ Oscars, Emmys နဲ့ Super Bowl ဆုပေးပွဲတွေမှာ စီစဉ်တဲ့ Don Mischer ထုတ်လုပ်ရေးကလည်း လာမယ့် ဒီဇင်ဘာ ၁၁ ရက်၊ နယူးယောက်က Cipriani Midtown မှာပြုလုပ်မယ့် ဖွင့်ပွဲ အစီအစဉ်တွေကို တီဗီမှာပြသဖို့ ရိုက်ကူးပါလိမ့်မယ်။ များလှတဲ့ဂီတပရိသတ်တွေနဲ့ ဒီလို ထူးခြားတဲ့အစီအစဉ်ကို ပထမဆုံးအကြိမ်အဖြစ် Billboard နဲ့ လက်တွဲခွင့်ရလို့ ဝမ်းမြောက်ရတယ် လို့ Lifetime အလုပ်အမှုဆောင်ဒုတိယဥက္ကဌ၊ အစီအစဉ်မှုး Liz Gateley က ပြောပါတယ်။ Lady GaGa ဟာ သာမန်ထက်ထူးခြားတဲ့အနုပညာရှင်တစ်ဦးပါ။ ခွန်အားကြီးမားတဲ့ အမှတ်အသားဖြစ်တယ်။ သတ္တိကောင်းပြီး ဇွဲကြီးတဲ့သူမျိုးပါ။ သူ ဖြေဖျော်တဲ့အနုပညာပုံစံတိုင်းကို Lifetime TV က ထုတ်လွှင့်ပြသနိုင်တော့မှာ ရင်ဖိုလွန်းလှတယ်လို့ ဆိုတယ်။ Billboard ရဲ့ Woman of the Year ဂုဏ်ပြုဆုကို ၂၀၀၇ ခုနှစ်က စပြီးပေးခဲ့တာပါ။ ၂၀၀၇ မှာ Reba McEntire, 2008 မှာ Ciara, ၂၀၀၉ မှာ Beyoncé, ၂၀၁၀ မှာ Fergie, ၂၀၁၁ နဲ့ ၂၀၁၄ မှာ Taylor Swift, ၂၀၁၂ မှာ Katy Perry, ၂၀၁၃ မှာ P!nk နဲ့ အခု ၂၀၁၅ မှာ Lady GaGa တို့ ဆုရရှိခဲ့ကြတာပါ။ Billboard ဟာ TV အစီအစဉ်ကနေ Billboard Music Awards ကို Dick Clark ထုတ်လုပ်ရေးနဲ့၊ Billboard Latin Music Awards ကို Telemundo တို့နဲ့ ရိုက်ကူးထုတ်လွှင့်နေပါတယ်။ အစီအစဉ် ၂ ခုလုံးဟာ ၂၀၁၅ မှာ ကြည်ရှုသူနှုန်း အင်မတန်မြင့်တက်လာခဲ့တယ်။

ရောခ့်ဂီတသမား ရော့ဒ်စတီးဝပ်ရဲ့ထုတ်မယ့် ကဗျာစာအုပ်
Rod Stewart ဟာ Rolling Stones အဖွဲ့သား Ronnie Wood နဲ့တွဲပြီး ကဗျာစာအုပ်ထုတ်ချင်တယ် လို့ ဆိုပါတယ်။ ၁၉၇၁ ခုနှစ်က hit သီချင်း Maggie May ကို ရေးခဲ့တဲ့ Rod ဟာ Faces ဂီတအဖွဲ့သား Ronnie နဲ့ ထူးခြားတဲ့ ခင်မင်မှုမျိုးရှိကြတယ်။ သူတို့မှာ ကိုယ်ပိုင်ဘာသာစကားရှိကြတယ်။ ကိုယ်ပိုင်အတွေး/ အရေးရှိတယ်လို့ ဆိုရပါမယ်။ အခု အဲဒီလို ကိုယ်ပိုင်အတွေးနဲ့ ချရေးထားတဲ့ကဗျာတွေကို စာအုပ်ထုတ်ဖို့ စွဲလမ်းနေပါတယ်။ သူတို့ အရင်ကတည်းက ရေးသားထားတဲ့ကဗျာတွေကို မြူးထူးပျော်ရွှင်စရာစာပေ ပရောဂျက်လို့ ခေါ်ဆိုတယ်။ ၁၉၆၇ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ Jeff Beck ဂီတအဖွဲ့မှာ Ronnie နဲ့ ဆုံမိကြကတည်းက ကဗျာတွေ၊ ပုံတွေ ရေးရေး/ ဆွဲဆွဲလုပ်နေခဲ့ကြတာပါ။ Ronnie ရဲ့ ပုံကြမ်းတွေနဲ့ ကျွန်တော်တို့ ကဗျာတွေဟာ သိပ်ပြီးရယ်မောစရာကောင်းလှတယ်။ သူတို့ကို ဘယ်လိုညွှန်းဆိုရမလဲတောင် မသိနိုင်ဘူး။ သူတို့ကို ဆွဲထုတ်ယူလာဖို့  စိတ်ဝင်စားမိတယ် လို့ Rod က ပြောပါတယ်။ Rod နဲ့ Ronnie တို့ဟာ Jeff Beck အဖွဲ့မှာကတည်းက သူငယ်ချင်းတွေစတင်ဖြစ်လာခဲ့ကြတယ်။ အဖွဲ့ခေါင်းဆောင်က သူတို့ရဲ့ ရင်းနှီးတဲ့ခင်မင်မှုကို မလိုမုန်းထားရှိခဲ့တယ်။ ပိုက်ဆံကောင်းကောင်းမပေးခဲ့ဘူး။ အစားမကျွေးဘဲ ပစ်ထားခဲ့တာတွေရှိတယ်။ Ronnie ကို ၃ ကြိမ်တိုင် အဖွဲ့က ထုတ်ပစ်ခဲ့သေးတယ်။ ပိုက်ဆံလောက်လောက်ငငမရှိခဲ့တဲ့အချိန်တွေမှာ Jimi Hendrix ရဲ့ မိန်းကလေးမိတ်ဆွေက Rod တို့ကို ကျွေးမွေးခဲ့ရတယ်လို့ ဆိုတယ်။ စကော့တစ်ရှ် အဆိုတော် Rod ဟာ Maggie May နဲ့ Sailing တို့လို သီချင်းတွေကို ရေးခဲ့တော့ ဘယ်သူမဆို Rod ရဲ့ သီချင်းရေသားနိုင်မှုကို ယုံကြည်ချက်ရှိနေကြပြီးသားပါ။ Rod ကတော့ သူ့ဘာသာ ဟန်ဆောင်ညာဖြီးနေတဲ့ သီချင်းရေးဆရာ လို့ ဝေဖန်နေပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်မှာ ကိုယ်တိုင်ရေးအတ္ထုပတ္တိကိုလည်း အနုပညာမြောက် ရေးသားနိုင်ခဲ့သေးတာပါ။ ၂၀၁၃ မှာ ထုတ်ခဲ့တဲ့ Time အယ်လ်ဘမ်ရဲ့ သီချင်းတွေကိုလည်း ရေးသားခဲ့သေးတယ်။ အောက်တိုဘာ ၂၃ ရက်နေ့မှာလည်း Capitol Records ကနေ Another Country အယ်လ်ဘမ်ထွက်ရှိခဲ့တယ်။ အဲဒီ ၂၉ ခုမြောက် အယ်လ်ဘမ်မှာလည်း Rod ကိုယ်ပိုင်ရေးထားတဲ့သီချင်းတွေနဲ့ပဲ ဖန်တီးခဲ့တာပါ။ Rod ငယ်ငယ်က ရေးခဲ့တဲ့ Maggie May သီချင်းမှာဆိုရင် အသက်ပိုကြီးတဲ့ အမျိုးသမီးတစ်ဦးနဲ့ ချစ်ကျွမ်းဝင်မိတဲ့ လူငယ်တစ်ဦးရဲ့ စိတ်ခံစားချက်တွေကို ပုံဖော်ရေးသားခဲ့တာပါ။ Rod ရဲ့ကိုယ်ပိုင်အတွေ့အကြုံစစ်တွေလို့ ဆိုပါတယ်။ Rod ရဲ့ ရောခ့်ပရိသတ်တွေကတော့ Rod ကဗျာတွေဟာ ရောခ့်မဆန်ဘဲ မြူးထူးပျော်ရွှင်စရာစာပေအမျိုးအစားဆိုလည်း ခံစားဖတ်ရှုလိုက်ဖို့ အသင့်ဖြစ်နေကြတာပါပဲ။

ကလေးတွေရဲ့ ရွေးချယ်မှုအတိုင်းဆိုတဲ့ ရီဟားနား
Rihanna ဟာ ၃ နှစ်အရွယ် ကလေးငယ်တွေရဲ့ အကူအညီကို ယူပြီး သူမ ထုတ်ရမယ့် single သီချင်းတွေကို ရွေးချယ်လေ့ရှိတယ်။ ကလေးတွေက "ခမ်းနားတဲ့တေးသွားတွေ"ကို သိပ်နှစ်သက်ကြတယ်လို့ Rihanna က ပြောပါတယ်။ Four Five Seconds ဆိုတဲ့ hit သီချင်းပိုင်ရှင်လေးဟာ သူမရဲ့ သီချင်းတွေကို ကလေးငယ်တွေဖွင့်ပြတိုင်း တုံ့ပြန်မှုကောင်းကောင်းရလေ့ရှိတယ်။ ဘာကို ကောင်းကောင်းမွန်မွန်ဖန်တီးရမလဲ သိနိုင်တယ်လို့ ဆိုတယ်။ Artists and repetoire (A&R) ဂီတထုတ်လုပ်ရေးက ကလေးငယ်တွေကို သီချင်းတွေဖွင့်ပြရတာသဘောကျတယ်။ ပြီးတော့ ဘယ်သီချင်းတွေကို သူတို့ဘယ်လို တုံ့ပြန်ကြလဲဆိုတာ စောင့်ကြည့်ပါတယ်။ သူတို့ဟာ ၃ နှစ်အရွယ်ကလေးတွေပါ။ ကလေးတွေဟာ ခမ်းနားလှပတဲ့တေးသွားတွေကို အကောင်းဆုံးခံစားနိုင်တယ်။ သူတို့ နှစ်သက်ကြတယ်လို့ Rihanna က ပြောပါတယ်။ အသက် ၂၇ နှစ်အရွယ် အဆိုရှင်မလေးက သူမရဲ့ သီချင်းတွေကို တက်တူးတွေနဲ့ နှိုင်းယှဉ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှိနေခဲ့ပြီးတဲ့ တက်တူးတွေကို အဝေးမှာချန်ရစ်ထားလိုက်ဖို့မဖြစ်နိုင်သလို သီချင်းတွေကလည်း သူမနဲ့ အမြဲမခွဲမခွာရှိနေမှာပါတဲ့။ သူမယုံကြည်တဲ့အတိုင်း ဂီတကို ဖန်တီးမှာဖြစ်သလို တခြားဘယ်သူ့အတွက်မှ ဖန်တီးတာမျိုးမဟုတ်ဘူးလို့လည်း ဆိုတယ်။ "တစ်ဦးတစ်ယောက်အတွက် ဒါမှမဟုတ် ရေမြေအခြေအနေအကြောင်းတရားတွေအရ သီချင်းတစ်ပုဒ်ကို မဖန်တီးနိုင်ပါဘူး။ ကျွန်မ အဲဒါကို ချစ်ရင် အဲဒါကို ကျွန်မ ဆိုမယ်။ ဖန်တီးမယ်။ ကျွန်မဘဝအတွက် အနားရစေဖို့ လုပ်ဆောင်ရမယ် ဆိုတာ သီချင်းတွေနဲ့ ပတ်သက်တဲ့ Rihanna ရဲ့သဘောထားပါပဲ။ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ စတုတ္ထမြောက် အယ်လ်ဘမ် "Rated R" မှာလည်း သီချင်းတွေနဲ့ပတ်သက်ပြီး တစ်ဦးတစ်ယောက်ကိုပဲ ရည်ညွှန်းနေတယ်လို့ ဝေဖန်ခံခဲ့ရဖူးပါတယ်။ Rihanna ရဲ့ အမြဲတမ်း မိတ်ဆွေကြီးဖြစ်ခဲ့တဲ့ R&B ဂီတသမား Ne-Yo ကတောင် MTV News အမေးအဖြေတစ်ခုမှာ Rihanna ရဲ့ ချစ်သူ Chris Brown အတွက်တော့ သီချင်းတစ်ပုဒ်ရေးမပေးနိုင်တော့ပါဘူးလို့ ဖြေခဲ့တယ်။ ထုတ်လုပ်သူ Chuck Harmony ကတော့ Rihanna ထွက်တဲ့ single တစ်ပုဒ်တွေ့လိုက်တာနဲ့ ဘယ်လိုအမျိုးအစားပဲဖြစ်နေပါစေ Brown ကို ဦးတည်တဲ့ သီချင်းလို့ပဲ ချက်ချင်းသွားမြင်နေတော့တယ်လို့ ဆိုတယ်။ Rihanna ရဲ့ ချစ်သူဖြစ်ခဲ့ဖူးတဲ့ ယူအက်စ် ဟစ်ပ်ဟောပ့်သမား Chris Brown ဟာ လာမယ့် ဒီဇင်ဘာ သြစတြေးလျမြို့တော်တွေမှာပြုလုပ်မယ့် ဂီတပွဲတွေမှာ ဖြေဖျော်ဖို့ အတွက် ဗီဇာပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ သြစတြေးလျလူဝင်မှုကြီးကြပ်ရေးဝန်ကြီး Peter Dutton ရဲ့ ပြောရေးဆိုခွင့်ရှိသူက Brown ကို သတိပေးစာပေးပို့ခဲ့တာပါ။ Brown ဟာ ၂၀၀၉ ခုနှစ်တုန်းက ချစ်သူ Rihanna ကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၅နှစ်တာ ပြစ်ဒဏ်ကျခံရတာဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီက ပြီးဆုံးခဲ့ပါတယ်။ 

ပေါပ့်စတား နစ်ကီမီနာ့ခ်ျရဲ့ အတ္ထုပတ္တိရုပ်ရှင်
Nicki Minaj ဟာ သူမရဲ့ ထင်ရှားထူးခြားတဲ့ ဖြေဖျော်တင်ဆက်မှုစတိုင်လ်ဟန်ပန်နဲ့ ရက်ပ်သံခပ်ပြင်းပြင်းရွတ်ဆိုရာမှာ နှစ်သက်လှတဲ့ သူမရဲ့ရွေးချယ်မှုကြောင့် လူသိများလာခဲ့တဲ့ သူလေးပါ။ အခုတော့ ရက်ပ်အဆှိုရှင်လေးကနေ ပေါပ့်စတားဖြစ်လာခဲ့ပြီး သူမရဲ့ အတ္ထုပတ္တိဇာတ်မြူးရုပ်ရှင်ကို ABC Family တီဗီအတွက်ရိုက်ကူးနေပါတယ်။ အဲဒီရုပ်ရှင်အတွက် အမှုဆောင်ထုတ်လုပ်သူအဖြစ်တာဝန်ယူထားတယ်။ သူမ အဘွားနဲ့ အတူကြီးပြင်းခဲ့တဲ့ Trinidad and Tobago ကနေ အသက် ၅ နှစ်အရွယ်မှာ နယူးယောက်၊ Queens ကို ပြောင်းရွေ့ခဲ့တဲ့နောက် သူမရှင်သန်နေထိုင်ခဲ့တဲ့ ဘဝအကြောင်းကို ရိုက်ကူးဖို့ စီစဉ်ထားတာပါ။ "ဒါဟာ ကျွန်မ စတင်လုပ်ဆောင်ခဲ့သမျှ ပိုပြီးထူးခြားတဲ့စွန့်စားခန်းတွေထဲက တစ်ခုပါ"လို့ အွန်လိုင်းဖြေဖျော်ရေးမဂ္ဂဇင်း Deadline အမေးအဖြေတစ်ခုမှာ ဖြေထားပါတယ်၊ Minaj ဟာ ဂီတလောကထဲ မဝင်ရောက်ခင်မှာ LaGuardia အထက်တန်းကျောင်းမှာ သရုပ်ဆောင်သင်တန်းတက်ခဲ့ပါတယ်။ အမေးအဖြေတွေမှာ သူမငယ်စဉ် ကြီးပြင်းခဲ့တဲ့အချိန်တွေထဲက ဖခင် အရက်နဲ့ ဆေးဝါးသုံးစွဲခဲ့တဲ့အချိန်၊ တွေ့ကြုံရတဲ့အဖြစ်အပျက်တွေလည်း ထည့်ပြီးပြောလေ့ရှိတယ်။ Minaj ရဲ့ မိခင်က သူနာပြုအကူတစ်ဦးအဖြစ်အလုပ်လုပ်ပြီး Minaj နဲ့ မောင်ငယ်ကိုလည်း ထိန်းကျောင်းခဲ့ရတာကိုလည်း ပြောပြခဲ့တယ်။ "အဲဒါဟာ ထိတ်လန့်ဖို့ကောင်းလှတယ်။ ဘာကြောင့်လဲဆိုတော့ အဖေက စိတ်ကောင်းဝင်နေတဲ့အချိန်မှာ သူဟာ ငြိမ်းချမ်းအေးဆေးနေတာပဲ။ သူ အရက်သောက်လိုက်ပြီဆိုတဲ့အခါ အသံတွေဆူညံကျယ်လောင်လာပြီ။ ကြမ်းကြမ်းတမ်းတမ်းဖြစ်လာပြီပေါ့။ ကျွန်မ ကလေးအရွယ်တုန်းက အဖေ့အနားကနေ ထွက်ပြေးနိုင်ဖို့ နေရာတွေ ခဏခဏပြောင်းရွှေ့နေခဲ့ရတယ်။ ကျွန်မတို့ အိမ်အသစ်ရရော၊ နေစရာတစ်နေရာလည်းရရော ဘယ်အချိန်ပဲဖြစ်ဖြစ် အဖေ ကျွန်မတို့ကို ရှာတွေ့တော့တာပဲ" လို့ Guardian မဂ္ဂဇင်းမှာ ဖြေခဲ့တယ်။ ABC Family ရဲ့ အစီအစဉ်ပိုင်း အမှုဆောင်ဒုဥက္ကဌ Karey Burke က ပြောပါတယ်။ "နစ်ကီက နိုင်ငံကျော်စူပါစတားတစ်ဦးပါ။ အခုထိတော့ သူမရဲ့ ဘဝအစစ်အမှန်ဟာ ဘယ်လောက် စိတ်ဝင်စားစရာကောင်းတယ်။ ဘယ်လောက် သောသောညံအောင် ရယ်မောစရာကောင်းတယ်ဆိုတာ လူတိုင်းသိကြဦးမယ်မဟုတ်ဘူး။ အဲဒါကို ကမ္ဘာကို ဝေမျှဖို့ ကျွန်မတို့ မစောင့်နိုင်တော့ဘူး" တဲ့။ Minaj ရဲ့ သရုပ်ဆောင်အတွေ့အကြုံတွေမှာဆိုရရင် Saturday Night Live မှာ သဘောကျလောက်စရာတွေ့မြင်ရပြီးပါပြီ။ ဇာတ်မြူးရုပ်ရှင်ကား The Other Woman မှာ Cameron Diaz နဲ့ ယှဉ်ပြီး သရုပ်ဆောင်ခဲ့တာကလည်း နှစ်သက်စဖွယ်ပါ။

ဆင်းရဲခြင်းအဆုံးသတ်မယ့် Global Citizen ဂီတဖြေဖျော်ပွဲ
ဂီတဖြေဖျော်ပွဲတစ်ပွဲဟာ ကမ္ဘာ့ကြီးရဲ့ဆင်းရဲငတ်မွတ်မှုတွေကို အဆုံးသတ်ဖို့ မဖြစ်နိုင်ပေမယ့် အဲဒီဂီတဖွဲကို စီစဉ်သူတွေ၊ ဖြေဖျော်သူဂီတအနုပညာရှင်တွေနဲ့ ဂီတပွဲကိုအရောက်လာခဲ့ကြတဲ့ ဂီတပရိသတ်တွေရဲ့ ရင်ထဲမှာတော့ ကမ္ဘာ့ကြီးရဲ့ဆင်းရဲငတ်မွတ်မှုတွေအဆုံးသတ်ဖို့ တူညီတဲ့ဆန္ဒ ပြင်းပြစွာရှိနေကြပါတယ်။ Global Citizen Festival ဟာ A-list ထင်ရှားကျော်ကြားတဲ့ဂီတအနုပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေပူးပေါင်းကြတဲ့ ဂီတပွဲတစ်ခုပါ။ Global Citizen ရဲ့ ရည်မှန်းချက်တွေကတော့ အင်မတန်ကျယ်ဝန်းပါတယ်။ ၂၀၃၀ မှာ ကမ္ဘာ့ဆင်းရဲခြင်းလုံးဝအဆုံးသတ်သွားဖို့ ရည်မှန်းချက်ထားပြီး လုပ်ဆောင်နေတာပါ။ UN, Big Bird ကုမ္ပဏီနဲ့ Bono တို့လို့ ပူးပေါင်းစီစဉ်ကြတဲ့ ဂီတဖြေဖျော်ပွဲဖြစ်ပြီး ဂီတပွဲတက်ရောက်လိုသူတိုင်း အခမဲ့လက်မှတ်ထုတ်ယူနိုင်ကြတယ်။ ဒါပေမဲ့ Global Citizen ရဲ့ ကုသိုလ်ဖြစ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပေးရမှာပါ။ ဒီဂီတပွဲဟာ ပွဲတက်ရောက်သူတွေဆီက ပိုက်ဆံကိုရှာဖွေယူဆောင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအစား သူတို့ရဲ့ အချိန်တွေကိုတော့ ယူထားမယ်။ ဂီတပွဲလာသူတွေဟာ Global Citizen က ပေးချင်တဲ့ ရည်မှန်းချက်တွေကို နိုင်ငံရေးသမားတွေဆီစာရေးရမှာပါ။ Twitter မှာလည်း tweet နိုင်ပါတယ်။ တခြား Facebook တို့လို လူမှုကွန်ယက်အဖွဲ့အစည်းတွေမှာလည်း Post တင်ပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က နယူးယောက်စီးတီး၊ Great Lawn Central Park မှာပြုလုပ်ခဲ့တဲ့ ဂီတဖြေဖျော်ပွဲမှာ ပရိသတ် ၆၀၀၀၀ ခန့်လာရောက်အားပေးကြတယ်။ Stephen Colbert နဲ့ Hugh Jackman တို့က ပရိသတ်နဲ့ ပွဲစီစဉ်သူတွေကြား ဖြေဖျော်ရင်း၊ သတင်းအချက်အလက်ဆက်သွယ်ဖလှယ်ပေးကြတယ်။ Coldplay က ပထမဆုံးသီဆိုခဲ့ပြီး တခြားဂီတလှုပ်ရှားမှုတွေဖြစ်တဲ့ Ariana Grande ကို ဖိတ်ခေါ်ပါတယ်။ Coldplay အဖွဲ့သား Chris Martin နဲ့ Grande တို့ Just A Little Bit of Your Heart သီချင်းဆိုခဲ့ကြတယ်။ အဆုံးသတ်မှာ Coldplay ရဲ့ A Sky Full of Stars သီချင်းနဲ့ နည်းနည်းလေးတော့ အိပက်အိပက်နိုင်လှတဲ့ သီချင်းသစ် Amazing Day တို့ သီဆိုသွားတယ်။ ပြီးတော့ မက္ကဆီကန် သရုပ်ဆောင်မလေး Salma Hayek Pinault နဲ့ ဂျော်ဒန်ဘုရင်ကြင်ယာတော် Queen Rania of Jordan တို့က ဆီးရီးယားက ကလေးငယ်တွေရဲ့ ဒုက္ခဆင်းရဲအကြောင်းဆွေးနွေးခဲ့ကြတယ်။ အဲဒီနောက်မှာ Mark Zuckerberg က Global Citizen လှုပ်ရှားမှုသတင်းစကားကို သိသာစေဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းထားတဲ့ဗီဒီယိုကို ပိတ်ကားကြီးမှာပြသခဲ့ပါတယ်။ ၂၀၃၀ မှာ ငတ်မွတ်မှုနဲ့ အဟာချို့တဲ့မှု သက်သာပြေပျောက်စေရေးအတွက် လှုပ်ရှားမှုအကြောင်းကို Delaware က လွှတ်တော်အမတ် Chris Coons နဲ့ Usher တို့က ပရိသတ်ကိုရှင်းပြကြတယ်။ Unilever ကုမ္ပဏီ CEO Paul Polman က အိန္ဒိယ Tamil Nadu မြို့လေးမှာ အလုပ်သမားတွေ ပြဒါးဆိပ်သင့်ခဲ့တယ်ဆိုပြီး ကုမ္ပဏီကိုအထောက်အထားမရှိ တရားစွဲခဲ့တာအတွက် ပြန်လည်ထုချေတာကို ဆွေးနွေးပါတယ်။ Leonardo DiCaprio ကတော့ ဟာရီကိန်းမုန်တိုင်းတွေ၊ အပူလှိုင်းကြီးမြင့်လှတာနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာ၊ ကမ္ဘာကြီးရာသီဥတုပြောင်းလဲလာတာတွေကို ဆွေးနွေးရှင်းလင်းပါတယ်။ World Bank အုပ်စုဥက္ကဌ Dr Jim Yong Kim နဲ့ Big Bird တို့က ရွေ့လျားအိမ်သာတွေအကြောင်း ပြောခဲ့ကြတယ်။ Salma Heyek က  Beyoncé နဲ့ ပရိတ်သက်ကို မိတ်ဆက်ပေးလိုက်တယ်။ Beyoncé နဲ့ Sheeran တို့က Drunk in Love သီချင်းကို acoustic ဂစ်တာ အတီးနဲ့ သီဆိုခဲ့ပါတယ်။ Beyoncé သီဆိုပြီးတော့ Michelle Obama ကို ဖိတ်ခေါ်လိုက်တယ်။ Michelle ကနေ Bono၊ Bono က Malala Yousafzai ကို ဖိတ်ခေါ်ပြီး၊ Malala ကနေ Ban-Ki-Moon တို့ကို မိတ်ဆက်ကြတယ်။ ပြီးတဲ့အခါ အမေရိကန် ရောခ့်အဖွဲ့ Pearl Jam က ဆိုပါတယ်။ အဲဒီဖြေဖျော်ပွဲကို ယူအက်စ်မှာတော့ စက်တင်ဘာ ၂၇ က်နေ့က MSNBC က နေ ထုတ်လွှင့်ပြသခဲ့တယ်။ စက်တင်ဘာ ၂၈ ရက်နေ့မှာ ယူကေက BBC One မှာ ပြသခဲ့ပါတယ်။ ပြင်ဆင်တည်းဖြတ်ထားတဲ့ အဲဒီဖြေဖျော်ပွဲကို သြစတြေးလျမှာ စက်တင်ဘာ ၃၀ရက်နေ့က Nine Network ကနေ ပြသခဲ့ပါတယ်။

ယိုကိုအိုနိုပေးတဲ့ ဂျွန်လင်နွန်အတွက် အကောင်းဆုံးမွေးနေ့လက်ဆောင်
            ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က John Lennon ရဲ့ ၇၅နှစ်မြောက်မွေးနေ့ပါ။ ယိုကိုအိုနိုဟာ ဆုံးပါးသွားခဲ့တဲ့ ခင်ပွန်းရဲ့ မွေးနေ့အမှတ်တရ ကမ္ဘာ့အကြီးဆုံး လူသားငြိမ်းချမ်းရေးအမှတ်အသားပုံစံအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က နယူးယောက်က Central Park မှာ ပုံဖော်ခဲ့ပါတယ်။ သူမ မျှော်လင့်ခဲ့သေးတာက ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်ဖြစ်နိုင်အောင်လို့ပါ။ ဒါပေမဲ့ လာရောက်စုဝေးခဲ့ကြတဲ့ လူတွေက ကမ္ဘာ့မှတ်တမ်းကိုစံချိန်တင်နိုင်လောက်အောင် အရေအတွက်မပြည့်ခဲပါဘူး။ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောတာက မှတ်တမ်းဝင်စံချိန်ချိုးနိုင်ဖို့ဆိုရင် လူဦးရေအရေအတွက် ၅၀၀၀ ကျော်ဖို့လိုပါတယ်တဲ့။ ယိုကိုအိုနိုနဲ့အတူ ပူးပေါင်းပုံဖော်ခဲ့ကြတဲ့ ဂျွန်လင်နွန်ကို ချစ်ခင်မြတ်နိုးကြတဲ့ပရိသတ်တွေက ၂၀၀၀ ကျော်ပဲရှိခဲ့တာပါ။ အိုနိုကတော့ ၆၀၀၀ ကျော် ၁၀၀၀၀ခန့် ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။ John Lennon Educational Tour Bus NGO အဖွဲ့ကိုလည်း အထောက်အပံ့ပေးဖို့ အိုနိုက ပြောကြားခဲ့ပါသေးတယ်။ အိုနိုမျှော်လင့်ခဲ့သလို ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန်မဝင်နိုင်ခဲ့ပေမယ့် သူမက ပူးပေါင်းပါဝင်ခဲ့သူအားလုံးကိုကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြောပြခဲ့ပါတယ်။ "ဒါဟာ ဂျွန်အတွက် အကောင်းဆုံးမွေးနေ့လက်ဆောင်ပါ" လို့ ငြိမ်းချမ်းရေးအမှတ်အသားပုံဖော်ပွဲနေ့မှာ ပြောသွားခဲ့တယ်။ John Lennon Educational Tour Bus (Lennon Bus) ကို ၁၉၉၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ Lennon Bus ခရီးသွားဘတ်စ်ပေါ်မှာ အရုပ်/ အသံ ရိုက်ကူးတည်းဖြတ်နိုင်တဲ့ စတူဒီယိုပါရှိတယ်။ အဲဒီဘတ်စ်ကားပေါ်မှာ အင်ဂျင်နီယာ ၃ ဦး ရှိနေပြီး အဆင့်အမြင့်ဆုံးနည်းပညာတွေနဲ့ audio/ HD video တွေတည်းဖြတ်ကာ မှတ်တမ်းရုပ်ရှင်ကားတွေ တစ်နေ့တည်းနဲ့ ဖန်တီးလွှင့်ထုတ်နိုင်အောင် ပြင်ဆင်ထားတာပါ။ လူငယ်၊ ကျောင်းသူကျောင်းသားလေးတွေ သီချင်းတစ်ပုဒ် ဒါမှမဟုတ် မှတ်တမ်းတစ်ကားဘယ်လိုရေးသားရမယ်ဆိုတာ လေ့လာနိုင်ကြတယ်။ ပြီးတော့ မှတ်တမ်းတင်၊ တည်းဖြတ် ထုတ်လုပ်တာ၊ သီချင်းဗီဒီယိုတွေ ဘယ်လိုရိုက်ကူးရတယ်ဆိုတာ လက်တွေ့စူးစမ်းနိုင်ကြတယ်။ အရည်အသွေးမြင့် ဂီတဗီဒီယိုလွှင့်ထုတ်ဖို့ တစ်နေ့တည်းမှာပဲ အားလုံးပြီးစီးတဲ့အထိ လေ့ကျင့်သင်ကြားပေးတာပါ။ Apple audio/ video တွေဖန်တီးနိုင်ဖို့ Apple compuuters ကလည်း အထောက်အပံ့ပေးထားသလို Gibson နဲ့ Epiphone ဂစ်တာတွေနဲ့ အတူ Yamaha ကီးဘုတ်နဲ့ ဒရမ်တွေလည်း စီစဉ်ပေးထားပါတယ်။ Lennon bus ဟာ ယိုကိုအိုနိုရဲ့ သဘောတူခွင့်ပြုချက်နဲ့ Apple, Montblanc, Sony, Neutrik, Yamaha, Musician's Friend, Gibson ကုမ္ပဏီတွေအပါအဝင် ဂီတထုတ်လုပ်ရေးနဲ့ အသံဖမ်း နာမည်ကြီးကုမ္ပဏီတွေအများကြီးက စီစဉ်ထောက်ပံ့ပေးထားကြတာပါ။

ဖြိုးဖြိုး
(Yati Magazine, November, 2015)

No comments: