Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 17, 2015

စတိုင်များတဲ့ သူတို့တစ်တွေ

ပရိဘောဂစတိုင်တွေဟာ ဒီနေ့ခေတ်မှာ ကိုယ်နှစ်သက်တဲ့စတိုင်၊ ကိုယ်ရဲ့အခန်းအကျယ်အဝန်း၊ အသွေးအရောင်လေးတွေရောနှောပေါင်းစပ်ပြီး စတိုင်သစ်တွေထုတ်လာကြတယ်။ နည်းစနစ်ဟောင်းနဲ့ စတိုင်အမျိုးအစားနမူနာလေးတွေ တစ်ခုစီ သိထားနိုင်ရင်ဘာတွေရောနှောပေါင်းစပ်နိုင်မလဲ။ ဘယ်စတိုင်လေးတွေက လိုက်ဖက်ညီမလဲ ရွေးနှုတ်ကြည့်လို့ လွယ်ကူမှာပါ။ ကိုယ့်ရဲ့တစ်ကိုယ်ရေသုံးဧည့်ခန်းလေးထဲက ပရိဘောဂတွေကို ကိုယ်ပိုင်စတိုင်အတိုင်း ဖန်တီးကြည့်ရရင် စိတ်ဝင်စားဖို့ကောင်းနေမှာပဲနော်။ ဈေးကွက်ထဲမှာလည်း စတိုင်အမျိုးမျိုး ဝယ်ယူလို့ရနေပါတယ်။ ဒါပေမဲ့ အခေါ်အဝေါ်တွေက ခပ်များများဆိုတော့ဘာကိုဘယ်လိုခေါ်တယ်ဆိုတာ သိရဖို့ခက်နေတော့တာပေါ့။ ကိုယ်တကယ်နှစ်သက်တဲ့စတိုင်တစ်ခု ရရှိဖို့ ခေတ်အစားဆုံး၊ လူသုံးအများဆုံးစသဖြင့် ယှဉ်ပြီး ရွေးချယ်ကြည့်နိုင်အောင် အမျိုးအစားလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

Vintage Style 
Vintage Style
vintage wishbone chair
vintage wishbone chair
vintage wishbone chair
Antique vs. Vintage
Antique furniture တွေဟာ စောစောပိုင်း၊ ရှေးကျတဲ့ကာလက ဒီဇိုင်းမျိုးပါ။ များသောအားဖြင့် သစ်သားနဲ့ပြုလုပ်ကြပါတယ်။ ပရိဘောဂရဲ့သက်တမ်း၊ အခြေအနေ၊ ထူးခြားတဲ့ဒီဇိုင်းရယ်၊ စုဆောင်းသူတွေ ဘယ်လောက် စိတ်ဝင်စားလဲဆိုတာပေါ်မူတည်ပြီး ဈေးတွေမြင့်တတ်ပါတယ်။ antique ပရိဘောဂအစစ်တွေဟာ နှစ် ၁၀၀ နဲ့ အထက် သက်တမ်းရှိနေကြပြီး အတွေ့အကြုံပြည့်ဝတဲ့ရောင်းချသူတွေဆီက ခိုင်မာတဲ့အာမခံရရှိမှ ဝယ်ယူစုဆောင်းသင့်ကြတယ်။ 
Vintage furniture ဟာ အတိအကျဆိုရရင်တော့ နှစ်ပေါင်း ၃၀ နဲ့ ၁၀၀ ကြားသက်တမ်းရှိကြတယ်။ Vintage ထဲမှာမှ Mid-Century Modern တွေဟာ အလွန်ပေါ်ပြူလာဖြစ်တဲ့စတိုင်တွေပါ။ Vintage furniture တွေကို ပရိဘောဂပြပွဲတွေမှာပြသတဲ့အခါရွေးချယ်ဖို့က အရည်အသွေးအကောင်းဆုံးရဖို့ဆိုရရင် သက်ဆိုင်တဲ့ခေတ်ကာလပေါ်မူတည်ပြီး ပစ္စည်းအရည်အသွေးကွာတတ်ကြတယ်တဲ့။ vingtage ၁၉၄၀ wishbone ထိုင်ခုံတွေဟာ Vintage ၁၉၈၀ wishbone ထိုင်ခုံတွေမှာတောင် ကွာခြားမှုရှိကြတယ်။ တချို့လူတွေက အိုမင်းတဲ့ပရိဘောဂကို vintage လို့ပြောနေတတ်ကြသေးတယ်။ ရိုးရိုးရှင်းရှင်း အိုမင်းသွားတဲ့ပရိဘောဂဟာ Vintage ဖြစ်မသွားနိုင်ပါဘူး။

Traditional vs. Rustic
Traditional furniture တွေဟာ Victorian ခေတ်က တခမ်းတနားအသုံးပြုကြတဲ့ အဆင်အပြင်မျိုးပါ။ Queen Anne ခေတ်ပရိဘောဂတွေဟာ တင့်တယ်ခမ်းနားပြီး အသေးစိတ်ဖန်တီးတန်ဆာဆင်ထားကြတယ်။ Chippendale စတိုင်ကတော့ ၁၈ ရာစုစတိုင်ပါ။ အသားမှာ အနုပညာမြောက်အကွန့်အညွန့်ဒီဇိုင်းလ်လေးတွေပါပြီး အပြင်ဘက်လိုင်းကတော့ ဖြောင့်ဖြောင့်ရှင်းရှင်းပုံစံမျိုးပါပဲ။ Sheraton စတိုင်ကျတော့ ၁၈ ရာစုနှောင်းပိုင်းလက်ရာ ချောမွတ်တဲ့သစ်သား၊ ထိပ်ဖျားဘက် ထိုင်ခုံခြေထောက်တွေချွန်သွားတဲ့ပုံစံမျိုးဖြစ်ပြီး အတွင်းဘက်တွေမှာ အဆင်တန်ဆာမြှပ်သွင်းစီခြယ်တဲ့ စတိုင်မျိုးနဲ့ ကွဲပြားပါတယ်။ အားလုံးကတော့ သက်တောင့်သက်သာရှိစေပြီး လက်နဲ့ပုံဖော်ထုဆစ်ပြုလုပ်ကြတယ်။ နက်မှောင်တဲ့သစ်သားမျိုးတွေကိုပဲ အသုံးပြုတတ်ကြပါတယ်။ အမွေးပွပိုးသား၊ ချည်ထည်ဆိုဖာနဲ့ နုနုရွရွပိုးချည်မျှင်လေးတွေဝဲဖြာကျနေတဲ့ဆိုဖာသားတွေတပ်ဆင်တန်ဆာဆင်ကြတယ်။
Rustic style furniture တွေက နွေးထွေးပြီး သဘာဝဆန်တဲ့၊ ရိုးရှင်းတဲ့ပုံစံကို အဓိကထားပြီး ကွဲပြားတဲ့စတိုင်တွေလွှမ်းမိုးနေကြတယ်။ ကျေးလက်ဆန်တဲ့ ပရိဘောဂစတိုင်ပါ။ အဝါရောင်နွေးနွေးသစ်သား ဒါမှမဟုတ် တိရစ္ဆာန်သားရေလို သဘာဝပစ္စည်း၊ ချည်သားနဲ့ လီနင်သားတွေပေါင်းစပ်အသုံးပြုကြတယ်။ တခမ်းတနားစတိုင်မျိုးထက် ရိုးစင်းတဲ့စတိုင်မျိုးရှိကြတယ်။ စကန်ဒီနေးဗီးယန်း နဲ့ စက်မူလုပ်ငန်းသုံး Industrial ခေတ်ပရိဘောဂဒီဇိုင်းတွေဟာ rustic တွေနဲ့ ဆင်တူကြပါတယ်။

Art Deco vs. Retro
Art Deco ဟာ ၂၀ ရာစုနှစ် Machine Age ပုံရိပ်တွေနဲ့ ရိုးရာလက်မှုပညာနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေ ပေါင်းစပ်ထားကြတယ်။ ဒီစတိုင်ဟာ ဂျီသြမေတြီပုံစံတွေ၊ ထောင့်ချွန်းတွေပုံသဏ္ဍန်တွေဖြစ်ပြီး ခရိုမီယမ်သတ္တု၊ ဖန်၊ တောက်ပတဲ့အသား၊ မှန်နဲ့ မှန်ဖြတ်စအပိုင်းအစလေးတွေပေါင်းစပ်ပြီး လေယာဉ်ပုံ၊ ကား နဲ့ မိုးမျှော်တိုက်ပုံရိပ်တွေ ပုံစံတကျပြုလုပ်ထားဒီဇိုင်းဆင်ထားတဲ့ ပရိဘောဂမျိုးတွေပါ။ Great Gatsby ရုပ်ရှင်၊ Broadwalk Empire တို့လို TV ဇာတ်လမ်းတွဲတွေမှာ Art Deco စတိုင်တွေ ပြည့်ပြည့်ဝဝအသုံးပြုထားကြတယ်။
Retro furniture ကတော့ စတိုင် သတ်သတ်မှတ်မှတ်ပြောပြဖို့ ပိုပြီး ခက်ခဲနိုင်ပါတယ်။ ၁၉၅၀ ခုနှစ်တွေနဲ့ ၁၉၈၀ ခုနှစ်တွေကလက်ရာမျိုးလို့ပြောရမှာပါ။ retro ဆိုတဲ့ စကားလုံးအဓိပ္ပါယ်အတိုင်း နောက်ကြောင်းပြန်လက်ရာမျိုးဆိုပေမယ့် ပန်းချီကားမှာ စုတ်ချက်တွေခပ်များများ စုံလင်အောင်ဂရုတစိုက်အောင်ရေးခြယ်ထားနိုင်တယ်။ ကိုးရိုးကားရားနိုင်တယ်လို့တောင် ဆိုနိုင်ဦးမယ်။ ခေတ်မမီတဲ့ပရိဘောဂစတိုင်ကို စုတ်ချက်များများဒီဇိုင်းပါတဲ့ ဆိုဖာတွေနဲ့ မော်ဒန်ယဉ်ကျေးမှုထဲ ဆွဲယူထားတဲ့ပုံစံပါ။

Shabby Chic vs. French provincial
French provincial furniture ဟာ ၁၇ ရာစု၊ ၁၈ ရာစုက ပြင်သစ်ကကျေးလက်ဒေသတွေမှာ ခေတ်စားခဲ့တဲ့စတိုင်မျိုး ကျေးလက်အငွေ့အသက်ရတဲ့စတိုင်မျိုးပါ။ ထမင်းစားခန်းက ထိုင်ခုံတွေရဲ့ နောက်မှီမှာ ရေပြင်ညီလိုင်း၊ လှေကားထစ်ပုံသဏ္ဍန်မျိုးပါတတ်ပြီး ရက်ကန်းရက်လုပ်ထားတဲ့ဆိုဖာတွေနဲ့တွဲဖက်ကြတာထင်ရှားပါတယ်။ ဗီရိုကြီးတွေမှာဆိုရင်ဘေးဘက်တွေမှာ အပြောက်အမွမ်းနဲ့ ကြာယပ်ပုံဒီဇိုင်းထွင်းထုထားတာတွေဟာ ဒီစတိုင်ရဲ့ အဓိကလက္ခဏာတွေလို့ ပြောနိုင်ပါတယ်။ 
Shabby Chic furniture ကတော့ French provincial နဲ့ဆင်တူပုံစံပေမယ့် ပိုပြီးတော့ ရိုးရှင်းကြတယ်။ မိန်းကလေးဆန်တဲ့ အရောင်အသွေး အဖြူရောင်အများဆုံးအသုံးပြုကြပြီး romantic ဆန်တဲ့ခံစားမှုမျိုးရတယ်လို့ ညွှန်းဆိုကြပြန်တယ်။ French provincial က ပြင်သစ်ကျေးလက်ဒေသတွေမှာ အစပြုခဲ့ကြတဲ့ စတိုင်မျိုးဖြစ်ပြီး Shabby Chic က French provincial တွေကို ကိုယ်နှစ်သက်သလို မိန်းကလေးဆန်ဆန် အရောင်နုနုလှလှလေးတွေသုံးပြီး မွမ်းမံအလှဆင်ထားကြတာပါ။

Modern vs. Contemporary
Modern Furniture ဟာ ၁၉၀၀ ခုနှစ်တွေထဲက ခေတ်အမီဆုံးလက်ရာစတိုင်တွေဖြစ်ကြတယ်။ သားရေ၊ ဗီနိုင်းလ်၊ စတီးလ်၊ အထပ်သားတွေထွင်းထုတာရယ် ပလပ်စတစ်တွေပေါင်းစပ်ပြီး တစ်ရောင်တည်းမှာ အနုအရင့်အသွေးအရောင်အမျိုးမျိုးနဲ့ ကြော့မော့တောက်ပြောင်ပြီး စတိုင်ကျတဲ့ပရိဘောဂဒီဇိုင်းမျိုးဖန်တီးကြပါတယ်။ အဲဒီခေတ်ကနာမည်ကြီးလှတဲ့ ဒီဇိုင်းပညာရှင်တွေဖြစ်တဲ့ Heman Miller, Hans Knoll နဲ့ Charles & Eames တို့ရဲ့ ဒီဇိုင်းတွေနဲ့ ပုံစံတူပြုလုပ်ထားကြတဲ့ modern furniture ဒီဇိုင်းတွေဈေးကွက်ထဲမှာ အခု ရရှိနိုင်ကြတယ်။ Barcelona ထိုင်ခုံဆိုရင် မော်ဒန်ဒီဇိုင်းအတွက် အချိန်မရွေးပြသနိုင်တဲ့ ဥပမာဒီဇိုင်းတစ်ခုပါ။
Modern furniture ဒီဇိုင်းက စတိုင်အတိအကျသတ်မှတ်နိုင်ပြီး ခေတ်အမီဆုံးအချိန်ကာလ ဒီဇိုင်းအဖြစ်ရည်ညွှန်း ဖော်ပြနိုင်တယ်။ Contemporary furniture ကတော့ ပေါ်ပြူလာဖြစ်တာနဲ့ အခုလက်ရှိ လူသုံးများကြတဲ့ ဒီဇိုင်းမျိုးပါ။ ပရိဘောဂတွေမှာ modern and contemporary လို့ ဖော်ပြတတ်ကြပါတယ်။ အဲဒီလိုဖော်ပြထားမယ်ဆိုရင် ခေတ်မီဒီဇိုင်းဖြစ်သလို လူသုံးများလှတဲ့ ပေါ်ပြူလာဖြစ်လှတဲ့ဒီဇိုင်းဖြစ်တယ်ဆိုတာ သိရှိနိုင်ကြပါတယ်။

Source: What are the Different Types of Furniture Styles? by By Stephen Jones | www.houseofhome.com.au
ဖြိုးဖြိုး
(Living Fashion Magazine, November, 2015)

No comments: