Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Sunday, April 30, 2017
Florist ရဲ့ဒိုင်ယာရီ
နာဂစ်အကြို ဧပြီလ ၃၀ရက်
မိုးရွာထားလို့  အေးမြနေတယ်၊ မေလ တလလုံးမုန်တိုင်းရှိနေမယ်ဆိုပဲ။ မုန်တိုင်းကြောင့် မို၇ွာမယ်ဆို၇င် အဲဒါ ပျော်စရာကြီး။ ဖြိုးဖြိုးရုံးအဆင်း အင်ဖေါ်မေးရှင်း တခု ယူလာ ။ကြောက်စရာကြီးတဲ့။ ပခုံးတွန့်ပြီး ပြုံးစိစိပြောသေး။ ထူးခြားတဲ့ သတင်းလို့လည်း ဆိုတယ်။ ဘာပါလိမ့်၊ စုစုနဲ့ အတူ ဒီသတင်းကို ဖတ်တယ်။ “Severe Cyclonic storm Nargis in forecast to strike Myanmar at about 18;00GMT on 2 May တဲ့။
Tropical Storm Risk (TSR)  က တပ်လှန့်ထား။ ဆိုင်ကလုံးအဆင့် နှစ် နာဂစ်မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်ပြင်မှာ ဗဟိုပြု အားဖြည့်ပြီး အဆင့် သုံး ဖြင့် တနာရီ မိုင် ၁၂၇ ကျော် အရှိန်အဟုန်ပြင်းစွာမြန်မာနိုင်ငံ တောင်ဘက်စွန်း ဒေသတွေဆီ ဦးတည်လာနေပြီ ဆိုပဲ။
ပုလဲဆိပ်ကမ်းအခြေစိုက်   US Navy နှင့်    Air Force   တို့ က    Typhoon Warning Center ကို ဆက်သွယ်ပြီး ထုတ်ပြန်ဝေငှလိုက်တဲ့  သတင်း။ ဖြိုးဖြိုးက ကွန်ပြူတာ ဖန်သားပြင်ပေါ်ကနေ မြေပုံနဲ့ တကွ တိတိကျကျ ခိုင်ခိုင်မာမာ ပြောပြတယ်။
(ဧရာဝတီ မြစ်ဝကျွန်းပေါ် ရန်ကုန် မွန် ကရင် စသည့် ဒေသတ၀ိုက် စက်ဝိုင်းနဲ့ အချင်း အကျယ်အ၀န်း ညွှန်းပြထား။National Weather Agency  နဲ့ ပူးပေါင်းအကြံညာဏ်ယူ ကြိုတင်ပြင်ဆင်နိုင်ဖို့ ၄၈နာရီ တင်ကူးပေးပို့  တပ်လှန့် ထား။)
တဆက်တည်း ဘင်္ဂလားဒေ့ရှ်  နိုင်ငံ ဗြီတိန်နိုင်ငံတို့ မှ မိုးလေ၀သ ပညာရှင်တို့ က ၂၀၀၇ခုနှစ် နိုဝင်္ဘာလ ၁၅ရက်နေ့ က တိုက်ခတ်သွားသော စူပါဆိုင်ကလုံး    Sida နှင့် နှိုင်းယှဉ်ပြီး ၄၈နာရီ ကြိုတင် သတိပေး ဟောကိန်းထုတ်ပြန်ပေးခဲ့ ကြ။  Us Navy ရဲ့  ကြေညာချက်ထဲမှာ    TroPical Cyclone Nargis in strengthened into a category 3 storm with sustained winds of 204 kilo meters (127 miles) an hour as it approached the coast of Myanmar.လို့  ပါရှိ။ဒါ့အပြင် ဘယ်လောက် တိကျလိုက်သလဲဆိုရင် ပျက်စီး ဆုံးရှုံ့း နိုင်မဲ့  ၀တ္ထုပစ္စည်း (ဥပမာ)့ လှေ  သင်္ဘော ဆိပ်ခံဘောတံတား အိုးအိမ်အဆောက်အဦးများ ပြိုလဲခြင်း မြေပြိုခြင်း ခေါင်မိုး တံခါး သစ်ပင်ကအစ အကြီးမားဆုံး သော ကျွတ်ထွက် ပျက်စီးဆုံးရှုံးမှု များကို ကြုံတွေ့ ရနိုင်တယ် လို့  ဖေါ်ညွှန်းထားတယ်။အဲတော့ ကြောက်ခမန်းလိလိ ဆုံးပါးနိုင်တယ်ဆိုတာ မြေကြီးလက်ခတ် မလွဲတော့ဘူး။
မေလ (၁)ရက်နေ့ 
ဒီနေ့ မိုးရွာတယ်။ သိက္ခာရှိရှိလေးပါပဲ။ အေးအေးမြမြရှိလိုက်တာ။ အင်း မုန်တိုင်းသတင်းကိုတော့ မေ့မသွားဘူး။ သမီးတို့ ရုံးသွားရင် ထီးယူသွားဖို့ မှာကြားရ။(ခုအချိန်ဆို သက်ဆိုင်ရာ ဌာနလူကြီးတွေ ခေါင်းပူနေပြီ။အလုပ်တွေ ရှုပ်နေပြီ။ကမ်းရိုးတန်း ဒေသအတွက် ကြိုတင်ပြင်ဆင် နေကြပြီလို့  တရိရိ တွေးနေမိ။)၂၈ပေ အမြင့်ရှိတဲ့  လှိုင်းလုံးကြီးတွေ လှိမ့်ဆင်းလာမတဲ့။ မုန်တိုင်းဗဟို မျက်စိနားမှာ  လှိုင်းလုံးဟာ ၈.၅မီတာ (၂၈ပေ)အမြင့်ရှိမယ် လို့ လည်း ဆိုတယ်။ to strike Myanmar  ဆိုတဲ့ အသုံးအနှုံးကြီးက တကယ့်ကို အသည်းယားဖွယ်။နီးရာလူ ပြောပြမိပေမဲ့ သူတို့ က အလေးအနက်ထား စိတ်ဝင်စားမှုမရှိကြ။ရန်ကုန်နဲ့ ဘာဆိုင်တာမှတ်လို့  ပေါ့။လေမိုးထန်တာလောက်တော့ ရှိလိမ့်မပေါ့။ ဖေါ့ဖေါ့လေးတွေး စိတ်ဖြေလိုက်တယ်။ မြေပုံထဲမှာကဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ ရန်ကုန်းတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်  ဗဟိုမျက်စိနားမှာ ၁နာရီ ၁၂၇မိုင်နှုံး မကြုံစဖူး။မကြားစဖူး မိုင်နှုံးများ။ 
Tropical Cyclone Nargis gains in strength on way toward Myanmar ( အပူပိုင်းဒေသ ဆိုင်ကလုံး မုန်တိုင်း နာဂစ် ဟာ မြန်မာနိုင်ငံ တောင်ဘက်စွန်းဒေသကို တည့်တည့်ကြီး ချဉ်းကပ်ဝင်ရောက် နေပြီဖြစ်ကြောင်း) 
မေလ(၂)ရက်နေ့ 
မိုးမှောင်ကြီးကျနေတယ်။ ညကလည်း မိုးတော်တော်ရွာတယ်။ ခုလည်းရွာနေတုံးပဲ။ မြင်မြင်ကရာ သစ်ပင်ကြီးငယ် အားလုံးစိမ်းလို့  စိုလို့ ။အင်း မုန်တိုင်း လာနေပြီထင်တယ်။ ဟုတ်တယ်။ နာဂစ်မိန်းမဆိုးလေး လာနေပြီ။ စိတ်ပူလေ့ရှိတဲ့ florist  က သမီးတွေကို ရုံးမသွားဖို့  ပြော။လေမိုးထန်ရင် အနည်းဆုံး လမ်းသွားရခက်မယ်လေ။
မနက် (၈)နာရီလောက်မှာ မိုးတိတ်သွားတယ်။ နေသာသလို ဟန်ရေးပြ ကောင်းနေတယ်။ ဖြိုးဖြိုးက ရုံးသွားမှ သတင်းလေး ဘာလေး ကြည့်၇မှာ တဲ့။ ထမင်းချိုင့်ဆွဲ ထီးယူ ထွက်သွား။ နေ့လည် (၃)နာရီမတိုင်ခင် ပြန်ရောက်လာ။စိတ်အေးသွား။   အပျော်ကြီး ပျော်သွားခဲ့။မုန်တိုင်းသတင်းးကြောင့်ရုံးဆင်းပေး။ စုစုမလာသေး။ဂျပ်ဆင်ကို ဖုံးဆက်ကြည့်။မရှိ။ရုံးမှာတွေ့ တယ်။အိမ်ပြန်ခဲ့တော့ ပြောရ။
လေသုတ်သုတ်ဖြူးဖြူး တိုက်ခတ်နေ။ ခါတိုင်းအနေအထားနဲ့  မတူတာအမှန်။ထူးခြားမှုတော့ ရှိသည်။စုစုရောက်လာ။ စိတ်အေးသွာ;။ဒါပေမဲ့. ကြောက်တယ် ဘုရားစာတွေ ရွတ်နေမိ ။မန္တလေးက သားသမီးမြေးတွေထံ နာဂစ်အကြောင်းပြောပြ သတိနဲ့  နေဖို့ ပြော။
မေလ (၂)ရက်နေ့  ည (၈)နာရီ။
မီးလာရက်မို့  တီဗွီကြည့်။ MRTV 4  မုန်တိုင်းသတင်း သာမန်မျှသာဖေါ်ပြ။  emergency သတင်းအဖြစ် အရေးတယူ ဖေါ်ပြခြင်းမရှိ။(နိုင်ငံပိုင် သတင်းစာနှင့် ရေဒီယို တို့ မှ ထိုင်းနိုင်ငံဘက်သို့  တနာရီ မိုင် ၄၀ ။  ၅၀ နှုံးဖြင့် အားလျေုာ့ထွက်ခွာသွားပြီ လို့  ဖေါ်ပြခဲ့ကြောင်း နောင်အခါ သိရ။)
မေလ (၂)ရက် ည(၉)နာရီ
စုနဲ့ ဖြိုး မုံ့ ပဲသရေစာအပြည်နဲ့ ပျော်ပွဲစားမယ် တဲ့ ။စားပွဲဝိုင်းအပုလေးမှာ မုံ့ ထုပ်တွေ အပြည့်။ နာဂစ်မင်းသမီးကို ကြိုမယ် တဲ့ ။ ပြောလိုက်သေး။တယောက်က ဘယ်လောက်စွမ်းမလဲ ကြည့်စမ်းမယ် တဲ့။ အို   ဟဲ့။လို့  ဆိုမိရင်း အိန္ဒိယမင်းသမီး နာဂစ်ကို ပြေးမြင်မိသေး။
ဘီဘီစီ ဗွီအိုအေ  တို့ ကလည်း မုန်တိုင်းသတင်းနဲ့  ပတ်သက်ပြီး မိုးလေ၀သ ဦးထွန်းလွင်နဲ့   အမေးအဖြေပြု ။ သူက ရန်ကုန်အစပ်ရောက်နေပြီလို့လည်းပြော။ ခေါင်မိုးတွေ လန်တာလောက်တော့ ရှိမှာပေါ့ဗျာ လို့ လည်း ပြော။ ပေါ့တီးပေါ့ဆနိုင်သည်ထင်။ ဘာ့ကြောင့် to strike Myanmar  လို့  သုံးထားရသလဲ။ နားမလည်နိုင် ။ TSR  ရဲ့  ထုတ်ပြန်ကြေညာချက်ကို ဟာသဖြစ်စေနိုင်။florist  ဘ၀င်မကျ။ထိုစဉ် လေကလေးတချက် နှစ်ချက် ခပ်ပြင်းပြင်း သုတ်ဖြူးတုန်ခါလာ။ နာဂစ်ဆိုတာ ဒါလား။ လို့  ဖြိုးက ပြောတော့ အတွန့် တက်တတ်သူ စု က ကိုယ်ယူလာတဲ့ သတင်း ကိုယ် ယုံကြည် ၇မှာပေါ့့  တဲ့ ။ ထေ့လိုက်သေး။
မေလ (၂)ရက် ည (၁၀)နာရီ
မှန်ပြတင်းတွေ ကြိုကြား ကြိုကြား တုန်ခါလာ ။စု က  ဟော..လာပြီ  တဲ့ ။ တပ်လှန့်။  နာဂစ်လာပြီ  တဲ့။ မှန်ပြတင်းဆီ မြှော်ကြည့်ရင်း အင်း..နော် လို့  ပြော။  (BBC VOA  တို့ က ဆန္ဒမဲပေးပွဲ  အကြောင်း စကားဝိုင်းဖွဲ့ လို့  ကောင်းတုန်း။အခုအချိန်မှာတော့ ဘာမဲမှ စိတ်မ၀င်စား။မုန်တိုင်းမှာပဲ စိတ်ရောက်နေ။
to strike Myanmar at  about 18;00 GMT on May . 
အလို   ၁၁နာရီ ထိုးတော့မယ်။
မေလ  (၂)ရက် ည (၁၁)နာရီ 
မီးပျက်သွားပြန်ပြီ။ ဒီလိုပဲ   သူက ပျက်ရင် အချိန်မှန်သည်။ ဖြိုးဖြိုးက ၀ရံတာဘက်မှာ ရပ်နေသည်။ တိမ်တွေ ပြေးလွှားနေပုံ ဖရိုဖရဲ နိုင်တာပြရင်း  မန္တလေးက ဆေးကျောင်းသား တူတော်မောင်ထံ နာဂစ်အကြောင်း message  ပို့ သည်။လေတိုက်နှုန်းက မြင့် မြန် စိပ်လာ။တခါ တရံ ၀ုန်း   ၀ုန်း  အသံတွေ ကြားလာရ။.လူကြီးဖြစ်သူက မကြောက်ဟန်ဆောင် ပေအိပ်။တွတ်တွတ် တွတ်တွတ် နှင့် ဘုရားစာတွေ ရွတ်။ဗုဒ္ဗေါမေသရဏံ အညံ နတ္ထိ။ဘုရားမှ တပါး ကိုးကွယ်ရာ မရှိ။
ဘုရားစာလည်းရွတ်ရော။တန်း အိပ်ပျော်သွား။ အိမ်မက်များတောင် မက်နေလိုက်သေး။ အိမ်မက်ထဲမှာ ချီထားတဲ့  ကလေး ၀တုတ်ဖီးလေးက မျက်စိမှိတ်ပြ ပြောင်ပြ နေ။ အသံထွက်ပြီးရယ်။ရယ်လို့ ကောင်းလိုက်တာ လို့  ပြောမိသေး။
မေလ (၃)ရက်နေ့ မနက် (၂)နာရီ
လေတိုက်နှုံး ကြမ်းသည်ထက် ကြမ်းလာ။မှန်ပြတင်းများ ဖြတ်ဖြတ်ခါနေ။ တကယ့် ကြောက်ခမန်းလိလိ။ဆက်တိုက်မဟုတ်သဖြင့် တော်သေး။ဒါပေမဲ့  မုန်တိုင်းဟာ ရွှီကနဲ ရွှီကနဲ  လေချွန်သံပေးပြီး အဝေးက အပြေးအလွှား ၀င်ဆောင့်တာမျိုး ရှိလာတယ်။မိမိ အကြောက်တရားတွေ ပိုက်ပွေ့ လို့  ဘီရိုဘေး ကုတင်ခြေရင်း အချိုင့်လေးမှာ ပုန်းလျိုး ကွယ်လျိုး ငြိမ်သက် တိတ်ဆိတ် နေ။မှန်တခါးတွေ တချွမ်းချွမ်းမြည်လာ  လျှပ်စီးမလက် မိုးကြိုးမပြစ် မိုးမခြိမ်းပါပဲ မိုးပြင်းရွာ  မိုးသည်းထန်လာ။ လေတိုက်နှုံး စိပ် စိပ် လာ။ နာဂစ်က အစွမ်းပြလာရော့ထင့်။ကြမ်းသည်ထက် ကြမ်းလာ။ဝှေ့ရမ်း မွှေနှောက်  တိုက်ခတ်နေ။ရထားခရီးကြမ်းဝယ် ရထားလမ်းစီးနေရသလို တလှုပ်လှုပ် နဲ့ ။ခေါင်းတွေမူးလာ။
မေလ (၃)ရက် နေ့ မနက် (၃)နာရီ 
ကုတင်ပေါ်ငုတ်တုတ်ထိုင် မေတ္တာပို့။ ၀ုန်းကနဲ  ဒိုင်းကနဲ အသံတွေကြောင့် ရူပကလျာဏီ ၀တ္ထုကို ပြေး သတိရ။တောင်ပေါ်သခင်မနှင့် တောင်အောက် သခင်မ တို့ ရဲ့  တိုက်ပွဲ ခေါ်သံများ။ ပီပြင်စွာ ကြားနေရသလို။
လာလေ့ရော့ဟဲ့  ဂျုံး  ..ဂျုံး   ..ဂျုံး   …
မှတ်ပလားဟဲ့  ..ဒုန်း …ဒုန်း  ဒုန်း 
ငါမှန်း ..သိပလား ဟဲ့   ..၀ုန်း…၀ုန်း..၀ုန်း.. ဟုန်း..
ရူပကလျာဏီ ၏ အမျက်ဒေါသကို ဆရာကြီး ရွှေဥဒေါင်းက ခုလို ပုံဖေါ်ခဲ့သည်။နာဂစ် မိန်းမဆိုးလေးသည်လည်း အတုမရှိ ပြိုင်ဖက်ကင်းစွာ  မင်းမူးရော့လား။ သူမ ဘယ်လောက်အထိ အစွမ်းပြ နေဦးမတဲ့ လဲ။ မတွေးဝံ့ ။
မေလ (၃)ရက် မနက် (၄)နာရီ
သမီးတို့ ကို ခေတ္တအနားယူ အားဖြည့် ဖို့  အိပ်ခိုင်း၇သည်။လူစွမ်းကောင်းကြီးလုပ် အားပေး နှစ်သိမ့်။
အမေတို့  ဒီမုန်တိုင်းရန်က ဘုရားတန်ခိုးနဲ့ ကြံ့ကြံ့ခံ ကျော်လွှားနိုင်မှာပါ။
ဒါပေမဲ့….။
မေလ (၃)ရက် မနက်(၅)နာရီ 
၅နာရီ ထိုးပြီးရာမှာတော့ နာ၈စ်က သူမတူအောင်ပိုမိုသောင်းကြမ်း ဆိုးဝါးလာပြီး ကျောက်မြောင်းက ကန်ထရိုက်တိုက်ခန်းတွေကို စိန်ခေါ်နေလေရော့သလား။ဘုရား  ဘုရား…။
ဝရံတာ တခါးရွက်ကြီးတွေ ပွင့်ထွက်တော့မတတ် လုပ်လီ လုပ်လဲ့ ။မစဉ်းစားရဲ။ လေမုန်တိုင်းကျစဉ် တံခါးအလုံပိတ် မထားရ ဆိုတော့ ဖွင့်ထားတဲ့ ပြတင်းပေါက်ကလေး က   ၀င်လာတဲ့ လေပြင်းနဲ့  ကပ်ပါလာတဲ့ မိုးရေတွေက  တိုက်ခန်းထဲ  ၀င်လာနေပြီ။ 
ရွှီကနဲ …ရွှီကနဲ..အသံပေးရင်း  အဝေးကြီးက သဲ့ သဲ့ ပေါ်လာတဲ့  လေချွန်သံဟာ တဖြည်း ဖြ..ည်း  ကျယ်လောင်လာပြီး  တိုက်ခန်းတွေကို အပြေးဝင်ဆောင့် မွှေနှောက့်  ခြောက်လှန့် နေတယ်။  အိမ်ရှေ့ တိုက်က သွပ်တွေ  အချပ်လိုက် အတွဲလိုက် လွင့်စင်လာ။သဲထိတ်ရင်တုန်ဖွယ် မြင်တွေ့ နေရ။ တညလုံး တဂိန်၈ိန် အော်နေတဲ့  လမ်းပေါ်က ခွေးတွေ  အော်ဟစ် ညည်းတွားသံ သွေးပျက်ခြောက်ခြားဖွယ်  ကြားနေရ။  ၀ုန်း   ဂွမ်း..။အမလေး..လုပ်ကြပါအုံး…။ တံခါးကြီး  ပွင့်ထွက်သွားပြီ..။လို့  အော်လိုက်မိ။သမီးနှစ်ယောက် အိပ်ယာမှ အပြေးထလာ  .။သူတို့ လက် နုနုငယ်ငယ်လေးနှင့်  တံခါးရွက်ကြီးကို အားကုန်ဖိထား။မိမိက တူနှင့်သံရှာ မင်းတုန်းကို ပြန်ကပ်ရိုက်။
မေလ (၃)ရက် မနက် (၉)နာရီ
ဝရံတာကနေ မိုးကာ လေကာရွက်ထည်ကြီးပြုတ်ကျသွားသည်။လွင့်ပျံကျသွားသော သွတ်ပြားများ သွတ်ပြားအောက်ခံ ဆင့်တုံးများ လေမှာပျံဝဲ ရီလေးခိုကာ ဓမ္မာရုံခေါင်မိုး ကို ထိုးဖေါက် စိုက်ဝင် သွားတာ အတိုင်းသား မြင်နေရ။  တိုက်ခန်းတခုလုံး  တုံဟီး လှုပ်ခတ်နေ။သားအမိသုံးယောက် ရေစို အ၀တ်တွေ လှုပ်စိ လှုပ်စိ လဲလှယ် ၀တ်ဆင် ကြရ။အလယ်ခန်းတွင် သာ စုပြုံ ပြီး နွေးနွေးထွေးထွေး ကွေးနေကြ။ ခြေဖျားလက်ဖျားတွေ ကြင်ခဲနေသည်မို့  ကျော်ရှောက် ပရုပ်ဆီလူးကြ။သမီးများကို အားမငယ်ရန် ပြောနေသော်လည်း။ မိမိ သေလုအောင် ကြောက်နေခဲ့ .။တခါတရံတော့  ဟောလီဝုဒ်မှာ ငါတို့  ရုပ်ရှင် ရိုက်နေတာပဲ လို့  သွေးနထင်ရောက်စွာ တွေးနေမိသေး။
တော်ပါတော့  နာဂစ်ရယ်..။ရပ်ပါတော့လို့   အခါခါ တောင်းပန်နေမိ။ စုစုတယောက် ကုတင်ပေါ် စောင်ကြီးခြုံ  ငုတ်တုတ်ထိုင်ကာ  jesus ထံ ဆုတောင်းနေဟန်ပါပဲ။ အိပ်ပါ  မေမေတို့ အရာရာ ကျော်လွှားနိုင်ပါပြီ။ လို့ အားပေးနေရသေး။ 
မေလ (၃)ရက် မနက် ၁၀နာရီ 
မိုးကောင်းကောင်း လိုက်လာသည်။မိုးပြင်းရွာသည်။ဆက်တိုက်ဆိုသလို့ သည်းကြီးမည်းကြီး ရွာချသည်။ ထင်သည့်အတိုင်း လေငြိမ်သွားသည်။ တချက်  တချက်  ၀ှီခေါ် ပြေးဝင်ဆောင့်တာမျိုး ကတော့ ရှိဆဲပါ။ဒလကြမ်းကြီး သုန်မှုန်  တိုက်ခတ်နေတာမျိုးလည်း မဟုတ်တော့ဘူး။သမီးတွေ ဆာနေတော့မယ် လို့  မီးဖိုချောင် ၀င်ရန် စိတ်ကူးပေမဲ့  သိမ့်သိမ့်ခါရမ်း လှုပ်နေဆဲ။
မေလ (၃)ရက်နေ့  မနက်၁၁နာရီ 
မနက် ၁၀နာရီ နောက်ပိုင်းမှာ ပြင်းအားအဆင့် ၃။ ၄ ရှိနိုင်တဲ့  ဆိုင်ကလုန်းမုန်တိုင်း နာဂစ် ဟာ အသိတရားရှိလာဟန် တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာ သွားတော့တယ်။ သူမဖျက်ဆီးခဲ့သမျှ အားရ တင်းတိမ် ကျေနပ် သွားဘိအလား နောက်ပြန်လှည့်မကြည့်တော့ဘဲ ရန်ကုန် နယ်နမိတ်ကို စွန့်ခွာ ထွက်သွားတော့တယ်။
မေလ (၂)ရက်နေ့  ညဦးပိုင်း( ၁၁ )နာရီတိတိက (ရန်ကုန်မှာ )နောက်တနေ့ မနက် မေလ၃ ရက် ၁၁နာရီအထိ ရှည်ကြာချိန် ၁၂ နာရီအတွင်းသူမပေးခဲ့တဲ့  ဒါဏ်ရာဒါဏ်ချက်တွေ ဗလပွနဲ့  ဘယ်နေရာမှာ ဘာတွေ
ထိခိုက် ဆုံးရှုံးသွားတယ်ဆိုတာ မကြားဝံ့ မကြားရက် မမြင်ဝံ့ မမြင်ရက် ကြားနေ မြင်နေရမှာ မြေကြီးလက်ခတ် မလွဲပါဘူး။
Florist
Note about Cyclone Nargis
Cyclone Nargis approaching landfall in Myanmar on May 2
Formed April 27, 2008
Dissipated May 3, 2008
Highest winds 3-minute sustained: 165 km/h (105 mph)
1-minute sustained: 215 km/h (130 mph)
Lowest pressure 962 hPa (mbar); 28.41 inHg
Fatalities 138,366 total
(Fifth deadliest tropical cyclone on record)
Damage $12.9 billion (2008 USD)
(Costliest cyclone in Indian Ocean in recorded history)
Areas affected Bangladesh, Myanmar, India, Sri Lanka
source: wiki
No comments: