Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 07, 2013

ပူတာအိုသွားကြမယ် သစ်ခွတွေကိုကြည့်မယ်


ပူတာအိုမြို့ဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်ရဲ့ မြောက်ဘက် အကျဆုံးနဲ့ ကချင်ပြည်နယ်ရဲ့အရေးပါဆုံး မြို့တစ်မြို့ ဖြစ်ပါတယ်။ နွေရာသီတွေမှာ ကားလမ်းကနေတောက်လျှောက် မောင်းနှင်သွားလို့ရပေမယ့် အများ အားဖြင့် လေ့လာရေးကွင်းဆင်းသူတွေ၊ တိုးရစ်ခရီးသည် တွေဟာ လေကြောင်းခရီးနဲ့ပဲ လာရောက်ကြတယ်။

ပူတာအို အနီးတစ်ဝိုက်မှာ ဒေသအလိုက် ပျော်ပါးမွေ့ လျော်ကြတဲ့ ငှက်ပေါင်းစုံ နေထိုင်ကျက်စားပြီးတော့ အဖိုးတန် သစ်ခွရောင်စုံတွေက သဘာဝအလျောက် ဟိုမှာ ဒီမှာ ပြန့်ကြဲပေါများကြွယ်ဝကြတယ်။ များသော အားဖြင့် သစ်ခွနက်လို ရှားပါးသစ်ခွတွေ မြောက်မြားစွာ တွေ့မြင်နိုင်ပါတယ်။ ပူတာအိုဟာ ရှားပါးသစ်ခွတွေ ကြောင့် နာမည်ကြီးတာပါလို့ ပြောရင် မမှားပါဘူး။


တောင်တက်ဝါသနာပါသူတွေကို အလွန်ဆွဲဆောင် အားကောင်းတဲ့ ခါကာဘိုရာဇီရဲ့ တောင် တက် စခန်းကလေး တွေက အ သင့် ဖိတ်ခေါ်နေပါတယ်။ ခါကာဘိုရာဇီနဲ့ တခြားနှင်းဖုံး တောင်တန်းကြီးတွေကို တအံ့တသြ ငေးမောကြည့်ရှု နိုင်တယ်။ ခါကာဘိုရာဇီဟာ အိန္ဒိယ မြန်မာနယ်စပ်အနီး မြန်မာနိုင်ငံ အနောက်မြောက် ဘက်အရပ်မှာ တည်ရှိပြီး တော့ ပင်လယ်ရေမျက်နှာပြင် အထက် ၅၈၈၁ မီတာ အ မြင့်မှာ တည်ရှိနေတာဖြစ်တယ်။အရှေ့တောင်အာရှရဲ့ အမြင့်ဆုံး နှင်းဆောင်းတောင်တန်း ဖြစ်တယ်။ ၁၉၉၆ ခုနှစ်က ဧရိယာ စတုရန်းမိုင် ၁၄၇၂ ရှိတဲ့ အမျိုးသား ဥယျာဉ်ကြီးတစ်ခုကို ထူထောင်ခဲ့တယ်။

ရှေးယခင်က အဲဒီနေရာဒေသတွေမှာ ခန္တီးလုံ ခေါ် ခန္တီးရှမ်းတွေအခြေချနေထိုင်ခဲ့ကြတာဖြစ်တယ်။ ယခု အခါ မှာတော့ ရဝမ်၊ လီဆူး စတဲ့ ကချင်မျိုးနွယ်တွေလည်း လာရောက်အခြေချနေထိုင်နေပါပြီ။ ခုနစ်ရက်လောက် ပူတာအို တောင်တန်းတွေဆီ ခရီးပြင်းနှင်လိုက်ရင် ထရုံ ခေါ်တဲ့ အရပ်၎ပေသာရှိတဲ့လူပုလေးတွေနေထိုင်ရာ ကို ရောက်ရှိမှာပါ။ ခု တော်တော်လေး မျိုးသုဉ်းသလောက် ရှိနေပါပြီ။ 

နှင်းဖုံးဒေသ ကချင်ပြည်နယ်ဟာ ဆိုရင် ပြည် ထောင် စု မြန်မာနိုင်ငံအတွင်း မြောက်ဘက်အစွန်ဆုံးမှာ ရှိပြီး တရုတ်ပြည်ရဲ့ အရှေ့မြောက်၊ အိန္ဒိယပြည်ရဲ့ အ နောက်ဘက်မှာရှိတယ်။ ကချင်ဒေသဟာ လူတွေကို မျက်စိပသာဒရှိအောင် ဆွဲဆောင်ရာမှာ အလွန် ထိပ် တန်းကျတဲ့ ပြည်နယ်ပါ။ အသက်ရှူမှားလောက် အောင်၊ တမေ့တမောငေး ရလောက်အောင် သူ့အလှ ကွန်ရက်ကို အားကုန်ဖြန့်ကျက်ထားတယ်လို့ ကျော် ကြားနေတယ်။

အိန္ဒိယ-မြန်မာ နယ်စပ် အ နောက်မြောက်ဘက်မှာ တော့ လိပ်ပြာ မျိုးစိတ်ပေါင်း များစွာ ရှားရှားပါးပါး တွေ့နိုင်တဲ့ ခါကာဘိုရာ ဇီ အမျိုးသား ဥယျာဉ်ကြီးပေါ့။ ပြည်တွင်းပြည်ပ ကမ္ဘာလှည့် ခရီးသွားတွေ အံ့သြယူရမယ့် နေရာတွေပါ။လူသူအရောက်အပေါက်နည်းတဲ့ တခြား ရေခဲ နှင်းဖုံးတောင်ထွတ်တွေ များစွာရှိပါသေးတယ်။ 

Mt. Phung Gan တောင်တန်းကတော့ စွန့်စားသွား လာလိုသူတွေ၊ တောင်တက်လိုသူတွေ အကြိုက်ပါပဲ။ ပူတာအိုက မြို့မဈေးကြီးထဲမှာတော့ ကချင် ဆေးဖက်ဝင်အပင်တွေ မဂျစ် သစ်ဥသစ်ဖုတွေ၊ ဒေသ ထွက် ရှောက်၊ လိမ္မော်သံပုရာပင်များ ပျားရည်နဲ့ သစ်ခွ အမျိုးမျိုး လိမ္မော်၊ သစ်ကြား၊ သစ်အယ် စတဲ့သစ်သီး အမျိုးမျိုး တောကောင်တွေရဲ့ သားရေတွေ၊ ကျားရိုး ကျားစွယ် ဆေးဖက်ဝင်တွေ ဝယ်ယူရရှိနိုင်တယ်။ပူတာအိုနဲ့ မချမ်းဘော မြို့ကို မလိခ ကြိုးဆိုင်းတံတားနဲ့ ဆက်သွယ်ပေါင်းကူးပေးထားတယ်။

ကောင်းမှုလုံဘုရား (Kaunghmu Lung Pagoda) ကတော့ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ် အမြတ်ပဲပေါ့။ ကြည်နူးစွာ ဖူးတွေ့ရမှာပါ။ ဧရာဝတီကို ဖြစ်ပေါ်စေတဲ့ မေခ ၊ မလိခ မြစ်နှစ်ဖြာ ကတော့ မသိသူ မရှိပါဘူး။ မြစ်ဆုံဟာ မြစ်ကြီးနားမြို့ မြောက်ဘက် ကီလိုမီတာ ၄၃ အကွာမှာ တည်ရှိနေတာ ပါ။ စွန့်စားလိုသူတွေက ကယပ်လှေ (ကနူးလှေ) ဖောင် စတာတွေနဲ့ စုန်ဆင်းသွားလာကြတယ်။ စမ်းချောင်း ကလေးတွေက ဘေးကနေစီးဝင်နေပြီး မတ်စောက်တဲ့ လျှိုမြောင်၊ချောက်ကမ်းပါးတွေနဲ့ ရေတံခွန်တွေအထပ် ထပ် သွယ်ကျဖြာဆင်းနေပုံ လိမ်ယှက်ခွေရစ်နေတဲ့ နွယ်ပင်တွေက မြွေနဂါးကြီးတွေ အလား တလှုပ်လှုပ် တရွရွနဲ့ အသည်းယားဖို့ ကောင်းလှသတဲ့။ 

ကဲ သစ်ခွတွေ ပေါတယ်။ လိပ်ပြာလှလှလေးတွေ ကြည့်ကြမယ်။ ငှက်ပေါင်းစုံ မြင်တွေ့ရမယ် ။ ရေတံခွန် တွေမှာ ရေချိုးနိုင်မယ်။ ပူတာအိုကို လေယာဉ်စီးလို့ သွားကြမလား။ ပြည်တွင်းလေကြောင်းလိုင်းတွေ ပေါပါတယ်။

Florist
Living Fashion Magazine, 2013

1 comment:

စံပယ်ချို said...

ညီမငယ်လေးရေ.....မြန်မာပြည်မှာနေရာအတော်များများကိုေ၇ာက်ခဲ့ဖူးပေမဲ့လဲ ပူတာအို
(ရေခဲတောင်)ကိုတခါမှ မရောက်ခဲ့ဘူး စွန့်စားသွားရတာကိုလဲသဘောကျတယ် ခုတော့ကျန်းမာရေးကြောင့် သွားနိုင်မယ်မထင်ဘူးညီမငယ်ရေ စာဖတ်ပြီးအရစာခံတာတော့ ရတယ် ဖတ်ရလို့လဲဝမ်းသာတယ်
ပုံလေးတွေကြည့်ရတာလဲ စိတ်ချမ်းသာတယ်