Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, July 05, 2017

ကတ္တီပါသားတော်လှန်ရေးအောင်မြေ ပရတ်ဂ်မြို့ဆီ (အပိုင်း ၁)

ဒီနှစ်နွေရာသီအပမ်းဖြေခရီးအတွက် သွားလည်ချင်တဲ့နေရာရွေးကြတဲ့အခါ ချမ်းအေးလှတဲ့ဆောင်းကာလကတည်းက စိတ်ကူးထားမိတဲ့ Czech Republic နိုင်ငံ Prague ပရတ်ဂ်မြို့ကိုပဲ Tour နဲ့ သွားကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ tour တွေလိုက်ကြည့်ကြတော့ ဈေးနှုန်းရယ် ကိုယ်သွားချင်တဲ့ရက်တွေလိုက်ကြည့်ပြီး tour ကိုရွေးလိုက်ကြပါတယ်။ ခရီးစဉ်ထဲ boat trip ၊ Spa နဲ့ နောက်ထပ် ဂျာမနီနိုင်ငံထဲက မြို့လေးဆီသွားကြမယ့်ခရီးစဉ်တွေအတွက် လိုက်ချင်တဲ့သူတွေက ကျသင့်တဲ့ဈေးနှုန်းထပ်ပြီးပေးရမှာပါ။

Velvet Revolution အကြောင်းဖတ်ဖူး၊ ရေးဖူးထားတာရယ်၊ ချက်နိုင်ငံ ပထမဆုံးသမ္မတ ဗာဆလာဗ့်ဟာဗဲလ်ကိုလည်းချစ်ခင်နှစ်သက်လှတာမို့ ချက်သမ္မတနိုင်ငံ ပရတ်ဂ်မြို့ကိုသွားရမယ့် ခရီးစဉ်က ကျွန်မအတွက် စိတ်လှုပ်ရှားပျော်ရွင်စရာကောင်းလွန်းလှတယ်။ ကျွန်မတို့ရဲ့ ကလေးတွေဖြစ်တဲ့ ကြောင်လေးလူဝီ၊ ခွေးလေးဂျက်ကီ နဲ့ ဟက်ပီတို့ကို နဲ့နတ်ရဲ့အဖေက ရွာကအိမ်မှာ လာစောင့်ပေးမယ်ဆိုတော့ ကလေးတွေအတွက် ပိုပြီးအဆင်ပြေသွားတာပေါ့။ ကြောင်လေးလူဝီဟာ အရင်တုန်းက မြို့မှာ တော်တော်ကြာတိုက်ခန်းထဲမှာနေခဲ့တာပါပဲ။ အခု မြေကြီးပေါ်မှာပဲဆော့ကစားနေကြဆိုတော့ မြို့ကိုသွားကြတဲ့အခါ သူလေးအတွက် တစ်ည နှစ်ညဟာ သည်းမခံနိုင်စရာအချိန်တွေဖြစ်နေပြီပေါ့။ အိမ်မှာဆိုရင်တော့ ညတွေမှာ တစ်ရေးတောင်မနိုးဘဲ ငြိမ်နေအောင်အိပ်ပြီး မိုးလင်းတာနဲ့ ခြံထဲပြေးဆော့နေတတ်တာကိုး။ မြို့က တိုက်ခန်းမှာ ညဆို တံခါးတွေကို ကုတ်ခြစ် တအီအီအော်ကာ မအိပ်နိုင်ဖြစ်နေတာပါ။ အဲဒါနဲ့ပဲ ကလေးတွေကို ရွာကအိမ်မှာပဲ ထားဖို့ ဆုံးဖြတ်ကြတယ်။ စာရွက်စာတမ်းတွေတင်တော့ ကျွန်မလိုက်စရာမလိုပါဘူး။ finger print အတွက်လိုတဲ့နေ့ကျတော့ ကျွန်မသွားရတယ်။ အဲဒီနေ့က မှတ်မှတ်ရရပါပဲ။ ချက်သံရုံးမှာ လက်ဗွေနှိပ်ပြီး ကိစ္စတွေပြီးလို့ ဗီဇာယူရမယ့်နေ့ သံရုံးကပြောလိုက်ပြီးပြန်လာကြတော့ ချက်သံရုံးနဲ့ လမ်းတစ်ဘက်ခြမ်း မလှမ်းမကမ်းမှာရှိနေတဲ့ ပါလီမန်အဆောက်အဦရှေ့နားမှာ လူတွေအများကြီးပဲ စောင့်နေကြတယ်။ သမ္မတသစ် Aleksandar Vučić သမ္မတတာဝန်ထမ်းဆောင်တဲ့ပထမဆုံးနေ့အဖြစ် မိန့်ခွန်းပြော နှုတ်ဆက်စကားဆိုမှာဖြစ်တဲ့အတွက် စောင့်နေကြတာပါ။ ကျွန်မတို့အဲဒီအဆောက်အဦရှေ့လည်းအရောက် သမ္မတလည်း ထွက်လာ မိန့်ခွန်းစပြောတော့ နားထောင်ခဲ့ရပါသေးတယ်။ 
ချက်နိုင်ငံထဲဝင်နေပြီ

နံနက်စောစော ၄ နာရီခွဲလောက်ပဲ ရှိဦးမှာ လင်းထိန်နေပြီ

ချက်မြေပေါ်က စားသောက်ဆိုင်မှာ နံနက်စာအတွက် ခနနား

ပန်းချီကားလှလို့

ကျေးလက်အရသာပေါ့

စာရွက်စာတမ်းကိစ္စတွေလည်း ပြီးရော အိမ်အလုပ်တွေအားရင်အားသလို ပရတ်ဂ်မြို့က စိတ်ဝင်စားစရာတွေအားလုံး google လုပ်ရှာဖွေစပ်စုကြပါတယ်။ ကျွန်မကတော့ ဟိုးအရင်ကတည်းက မေမေရေးထားဖူးတဲ့စာတစ်ပုဒ် “ကမ္ဘာကြီးပေါ်က ထူးထူးဆန်းဆန်းအဆောက်အဦကြီးတွေ" ထဲမှာပါတဲ့ Dancing House ရယ် ကျွန်မရေးဖူးတဲ့ “ကမ္ဘာ့အလှဆုံး စာကြည့်တိုက်တွေ”  ထဲမှာပါတဲ့ Strahov စာကြည့်တိုက်ဆီကိုသွားချင်တယ်။ ပြီးတော့ Václav Havel အမှတ်တရတွေရှာဖွေချင်တယ်ဆိုပြီး စဉ်းစားထားတာပြောပါတယ်။ ရဲတိုက်တွေ ဘုရားကျောင်းတွေကတော့ ဥရောပဗိသုကာလက်ရာခမ်းခမ်းနားနားအဆောက်အဦတွေအဖြစ်တည်ရှိနေကြမှာပါပဲ။ အဲဒီနေရာတွေကိုတော့ tour itinerary မှာ ကြည့်ထားပြီးသားဆိုတော့ ပရတ်ဂ်ရဲတိုက်သွားမယ်၊ Charles Bridge သွားမယ် စသဖြင့် သိနေကြပြီးပြီပေါ့။ အဲဒီမှာ ကျွန်မက 10 crazy  things to do in Prague ဆိုတာသွားတွေ့တာနဲ့ ကျွန်မကိုယ်တိုင်လည်းဖတ်ရင်း သူ့ကိုပါ ဖတ်ပြပါတယ်။ 1. sex museum ၊ 2. toilet museum ဘယ်နားမှာ ဘယ်လိုဆိုဖတ်ပြနေရင်း သူက toilet museum idea ကောင်းကောင်းတွေရှိမှာဆိုပြီးပြောလိုက်တော့ သွားကြည့်ပါမယ်ဆို ဒုက္ခပဲ အဲဒီလိုတွေးပြီး ခရေးဇီးနေရာတွေကို ဆက်ပြောမပြလိုက်တော့ဘူး။ စိတ်ဝင်စားဖို့မကောင်းပါဘူးလို့ပြောပြီး နောက်ထပ်ရှာဖတ်ရတော့တယ်။ သူကတောင်စနောက်နေသေးတယ်။ ဆက်မခရေးဇီး တော့ဘူးလားဆိုပြီး။ ကျွန်မလည်း “ဟုတ်တယ် သွားနေမှာစိုးလို့” အဲဒီလိုပဲပြောရတော့တာပေါ့။ နေရာအသစ်တစ်ခုကို သွားလာစူးစမ်းကြမယ်ဆိုရင် အဲဒီနေရာမှာ ဘာတွေရှိနိုင်မလဲ ကိုယ်စိတ်ဝင်စားရာကို googling လုပ်ပြီး ရှာဖွေဖတ်ရှုထားတာအကောင်းဆုံးပါပဲ။ အဲဒါမှ အကန့်အသတ်ရှိနေတဲ့အချိန်လေးအတွင်း အချိန်တွေ အပိုကုန်ဆုံးမသွားဘဲ ကိုယ်သွားချင်တဲ့နေရာလေးတွေမြန်မြန်နဲ့ များများစားစားလေ့လာနိုင်ကြမှာပါ။ ဒီဘက်က ရုံးဝန်ထမ်းတွေ၊ မိသားစုတွေအများစုသွားတတ်ကြတဲ့ ဂရိကမ်းခြေတွေဘက်ကို ၁၀ ရက် ခရီးဆိုတာမျိုးကတော့ အပမ်းဖြေခရီးစစ်စစ်ဆိုတော့ ရေကူးမယ်၊ အစားအစာအသစ်တွေမြည်းစမ်း အားပါးတရစားကြမယ်။ ပြီးတော့ နီးစပ်ရာနေရာလေးတွေကို စိတ်ဝင်စားသလိုသွားကြတာမျိုးပါ။ သိပ်ပြီးတော့အလျင်စလိုမနိုင်လှသလို အပမ်းဖြေခရီးစစ်စစ်ဆိုတော့ ပိုပြီးတော့ ကိုယ်စိတ် အနားရတတ်တာပေါ့။ 

ကျွန်မတို့ ခရီးမစခင် တစ်ရက် ကျွန်မအမျိုးသားရဲ့အဖေ တာတာက ရွာကအိမ်ကို တစ်ရက်ကြိုရောက်လာပါတယ်။ ခရီးသွားမယ့်နေ့နံနက်စောစော ကျွန်မတို့အထုပ်အပိုးပြင်လို့ ဘဲလ်ဂရိတ်မြို့ဆီသွားကြတယ်။ ဘဲလ်ဂရိတ်အိမ်ရောက်တော့ အမျိုးသားရဲ့အမေ မာမားကို ခေါင်းမှာ ပိုက်ဖြူဖြူလေးစွပ်ထားတာတွေ့လို့ နဲ့နတ်မျက်နှာကို လှမ်းကြည့်လိုက်တော့ သူ့မျက်နှာက ခပ်ငယ်ငယ်ရယ်။ “အို” လို့ ခပ်တိုးတိုးညည်းလိုက်တာကို ကျွန်မကြားလိုက်ရသေးတယ်။ တာတာဂျီးမနေ့က လာတုန်းက မာမားချော်လဲလို့ ခေါင်းနည်းနည်းပေါက်သွားတယ်။ ကျန်တာဘာမှမဖြစ်ဘူး။ ဓာတ်မှန်တွေလည်း ချက်ချင်းရိုက်ကြည့်ပြီးပြီ အပေါ်ယံပဲလို့ပြောပြလို့ ကျွန်မတို့ကြိုပြီးသိထားကြတယ်။ အဲဒီလိုပိုက်လေးစွပ်ထားတဲ့မြင်ကွင်းကိုတော့ ကိုယ်က ပုံဖော်မထားမိတော့ မြင်မြင်ချင်းမှာ မာမားကိုကြည့်လိုက်ရတာ အသီးလေးကို ပိုက်စွပ်ထားသလိုလေးရယ်။ ခပ်ပျော်ပျော်နေတတ်တဲ့မာမားက ဆံပင်လေးတွေကို ထိပ်မှာ  အပေါ်ကို ထုတ်ထားပြီး အလှပြင်ထားသလိုလုပ်ပြနေသေးတာ။ drama လုပ်တာမကြိုက် ပေါ့ပေါ့ပါးပါးနေတတ်တဲ့ မာမားက ချော်လဲတဲ့ပုံစံကိုတောင် ဟန်ကျပန်ကျပြောပြခဲ့တယ်။ သူ့ကို စိတ်မကောင်းတဲ့ပုံစံနဲ့ကြည့်မှာကိုတောင် သိပ်ကြိုက်လှတယ်မထင်မိဘူး။ ရယ်ရယ်မောမောပြောပြနေခဲ့ပါတယ်။ ထိပ်မှာ ဆံပင်လေးတွေက မတ်မတ်ကလေးထောင်ပြီး ပိုက်ဖြူဖြူလေးနဲ့ မာမားကို ကြည့်ရတာ နာနတ်သီးလေးလိုပဲလို့ စိတ်မကောင်းလျက်က တွေးလိုက်မိသေးတယ်။ လူကြီးတွေလည်း အသက်ကြီးလာကြပြီ။ တာတာဂျီးက ကျွန်မအဖေနဲ့ အသက်မတိမ်းမယိမ်း၊ မာမားကလည်း မေမေနဲ့ အသက်မကွာလှဘူး။ 

ပထမည
ညနေ Buvljak ဈေးမျက်နှာချင်းဆိုင် ကား parking ကွင်းပြင် tour bus ရှိရာကို သွားကြတယ်။ tram နဲ့စီးသွားတော့ ကားပေါ်မှာပဲ အထုပ်အပိုးတွေနဲ့ မိသားစုတစ်စုရယ်၊ အသက်ကြီးကြီးအမျိုးသားနဲ့ အမျိုးသမီးကြီးစုံတွဲတစ်တွဲကလည်း အဲဒီ parking ဆီဦးတည်ကြတော့ ကိုယ်နဲ့ ခရီးတစ်ခုအတူသွားကြမယ့်သူတွေဖြစ်နိုင်တယ်ဆိုတာတွေးမိပြီး နည်းနည်းလေးစူးစမ်းနေမိတယ်။ သူတို့မိသားစုက အရောင်အသွေးတောက်တောက်ပပ ပေါ့ပေါ့ပါးပါး ဝတ်စားထားကြပြီး ပျော်ရွှင်နေကြတဲ့ပုံစံလေးတွေ။ ကျွန်မဆီလည်း သူတို့အပျော်တွေကူးစက်လာမိတာပေါ့။ စိတ်ကိုအပေါ့ပါးဆုံးထားပြီး ခရီးမှာ စိတ်ဝင်တစားပျော်ရွှင်ဖို့က အရေးကြီးလှတယ်မဟုတ်လား။ ညနေ ၆ နာရီဆိုတဲ့အချိန်ဟာ မစောလှပေမဲ့ နွေရာသီရဲ့ အလင်းကတော့ စောနေဆဲ၊ အားကောင်းနေဆဲ၊ စူးစူးရဲရဲလင်းဖြာနေဆဲအချိန်ပါ။ နွေရာသီမှာ ည ၉ နာရီလောက်မှပဲ နေအလင်းရောင်ငုပ်လျှိုးလို့ ညအချိန်ရောက်လာတတ်တယ်။ အထုပ်အပိုးတွေနဲ့ ခရီးတစ်ခုအတွက်တပြင်ပြင်ဖြစ်နေကြတဲ့ ခရီးသွားတွေအုပ်စုလိုက် တော်တော်များများရှိနေကြပြီ။ tour bus ၃ စီးလောက်လည်းရှိနေပြီ။ တချို့ကားပေါ်ကို လူတွေတက်နေကြသလို ကိုယ် tour bus ကို ဆက်ပြီးစောင့်နေကြတဲ့သူတွေလည်း အများကြီးပဲ။ ကျွန်မတို့ ရွေးထားကြတဲ့ tour ရဲ့ ပရတ်ဂ်ခရီးစဉ်အတွက် ကား ၂ စီးဆိုတာ tour agency က ပြောပြထားလို့ ကျွန်မတို့သိထားကြတယ်။ ကျွန်မတို့ရဲ့ tour leader က ယောဗန်နာတဲ့။ ချက်နိုင်ငံဆိုတာ ဆားဘီးယားနိုင်ငံနဲ့ မဝေးလှတာမို့ ဒီခရီးစဉ်အတွက် လူသိပ်မများလှဘူးလို့ ထင်မှတ်ထားပေမဲ့ အဲဒီပရတ်ဂ်ခရီးစဉ်အတွက် လူတွေများလှတာကြောင့် tour bus ၂ စီး စီစဉ်လိုက်ရတယ်တဲ့။ tour agency က ပြောပြပါတယ်။ ညနေ ၇ နာရီ မတိုင်ခင်မှာ ကျွန်မတို့သွားကြမယ့် tour ရဲ့ နှစ်ထပ် tour bus တစ်စီးရောက်လာပါတယ်။ ဒါပေမဲ့ ကျွန်မတို့ tour leader ယောဗန်နာမဟုတ်၊ ကျွန်မတို့ စီးရမယ့် ကားမဟုတ်သေးပါဘူး။ ကျွန်မတို့စီးရမယ့်ကားက နောက်ထပ်ရောက်လာမယ်လို့ ပြောပါတယ်။ ရောက်နေတဲ့ နှစ်ထပ် tour bus မှာ အိတ်တွေထင်ကြ၊ ခရီးသည်တွေကားပေါ်တက်ကြနဲ့ တခဏလေးပဲခရီးသည်တွေအကုန်ပြည့်သွားပြီး ခရီးစတင်ထွက်ခွာသွားကြတယ်။ ကျွန်မတို့နဲ့ တခြား အုပ်စုတွေက နောက်ထပ်တစ်စီးကို ဆက်ပြီးစောင့်ကြပါတယ်။ ဘေးမှာလည်း ဂရိဘက်နဲ့ တခြားနိုင်ငံတွေဆီကို သွားကြတဲ့ tour bus တွေလည်း ရှိနေကြတယ်။ ခရီးသွားတွေအများကြီးပါပဲ။ ကျွန်မတို့ စောင့်နေကြပြီး သိပ်မကြာပါဘူး။ ကျွန်မတို့ စီးရမယ့် tour bus ရောက်လာပါပြီ။ ယောဗန်နာက ခရီးသွားတွေကို မိတ်ဆက်ပြီး နာမည်စာရင်းမှာရေးထားတဲ့ ထိုင်ခုံနံပတ်ပြောပြတယ်။ ကျွန်မတို့လည်း bus ကားပေါ်တက်ခဲ့ကြတယ်။ တူတူပါပဲ၊ ခဏလေးပဲ။ ကားပေါ်လူတွေအားလုံးနေရာယူပြီးကြပြီ ပစ္စည်းတွေလည်း တင်ပြီးကြပြီ။ ခရီးစခဲ့ကြပါပြီ။ 

ဟန်ဂေရီနယ်စပ်ရောက်တော့ ဆားဘီးယားနယ်စပ်ဘက်မှာ တစ်ခါရပ်ပါတယ်။ ယောဗန်နာက ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်ထုတ်ထားကြဖို့ ဓာတ်ပုံပါတဲ့စာမျက်နှာကို ဖွင့်ထားပေးဖို့ပြောထားတာကြောင့် အားလုံးက နိုင်ငံကူးလက်မှတ်လေးတွေလက်မှာကိုင်ပြီး အဆင်သင့်စောင့်နေလိုက်ကြတယ်။ ဆားဘီးယန်းရဲတစ်ဦး ကားပေါ်တက်လာပြီးတော့ နိုင်ငံကူးလက်မှတ်က ဓာတ်ပုံကိုကြည့်လိုက် မျက်နှာကိုကြည့်လိုက်နဲ့ ၂ ခါလောက်စီကြည့်ပြီးတဲ့အခါ နိုင်ငံကူးလက်မှတ်တွေစီပြီးကိုင်ကာ ပြန်ဆင်းသွားပါတော့တယ်။ ခဏနေတော့ ယောဗန်နာ နိုင်ငံကူးလက်မှတ်တွေကိုင်ပြီး ကားပေါ်တက်လာလိုက်တယ်။ တစ်အုပ်စီ အားလုံးကို ပြန်ဝေပေးတာပေါ့။ ဟန်ဂေရီဘက်အခြမ်းမှာတော့ ကျွန်မတို့ ကားပေါ်ကဆင်းပြီး ရုံးခန်းထဲဝင်ရပါတယ်။ အဲဒီမှာလည်း ခဏပါပဲ ပတ်စ်ပို့နဲ့ မျက်နှာ ၂ ကြိမ်လောက်ကြည့်ပြီး တုံးထုပြီး ပြန်ပေးလိုက်တယ်။ ရုံးခန်းအပြင်ဘက်လေးမှာ အားလုံးစုံအောင်စောင့်နေကြပြီး ကားပေါ်ပြန်တက်ကြတယ်။ ဟန်ဂေရီနယ်စပ်ဖြတ်ပြီးတဲ့နောက်မှာတော့ ဘယ်မှာမှ စစ်ဆေးမယ့်ဂိတ်မရှိတော့တာမို့ အေးအေးဆေးအေး အနားယူလို့ရပါပြီလို့ ဟောဗန်နာကပြောပြပါတယ်။ မနက်ဖြန် ခရီးစဉ်အကြောင်းရှင်းပြလာတယ်။ ပရတ်ဂ်ကို ရောက်တာနဲ့ ပထမဆုံး ပရတ်ဂ်မြို့ရဲ့အထင်ကရ ပရတ်ဂ်ရဲတိုက် Hradčany ကို လမ်းညွှန်တစ်ဦးကဦးဆောင်ခေါ်သွားမယ်။ ဟိုဟိုဒီဒီလမ်းလျှောက်ပြီးကြည့်ကြရမှာမို့ သွားလာရလွယ်ကူတဲ့ walking shoe လေးတွေပဲစီးထားပေးဖို့ပြောပါတယ်။ ၁၁၄၃ ခုနှစ်က ခရစ်ယာန်ဘုန်းတော်ကြီးနှစ်ပါးနဲ့ မြို့စားတစ်ဦးတို့ စတင်တည်ဆောက်ခဲ့တဲ့ကျော်ကြားတဲ့စာကြည့်တိုက်ပါရှိတဲ့ Strahovskog ဘုန်းတော်ကြီးကျောင်းနဲ့ Loreta ဘုရားကျောင်းတို့ကိုတော့ အတွင်းပိုင်းဝင်ကြည့်ကြမှာမဟုတ်ဘဲ ဖြတ်သွားကြမယ်လို့ပြောပါတယ်။ Loreta ဘုရားကျောင်းက ထင်ရှားလှတာက နာရီစင်ပါရှိပြီ ၁၆၉၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က စတင်ကြားခဲ့ရတဲ့ သာယာလှတဲ့ခေါင်းလောင်းသံကြောင့်လို့ ရှင်းပြပါတယ်။ ၁၆၉၄ ခုနှစ်မှာ နာရီတည်ဆောက်သူ Peter Neumann က ခေါင်းလောင်းအသေး၊ အကြီး အလုံး ၃၀ နဲ့ တည်ဆောက်ခဲ့ပါတယ်တဲ့။ ပရတ်ဂ်ရဲတိုက်ထဲကိုတော့ ဝင်လေ့လာကြမယ်။ ပရတ်ဂ်ရဲတိုက်ဝန်းထဲမှာပဲ တည်ရှိနေတဲ့ St. Vita ဘုရားကျောင်း၊ ရှေးဟောင်းတော်ဝင်နန်းတော်၊ St. George ဘုရားကျောင်းတွေကို သွားကြမှာဖြစ်ပြီး tour group ထဲမှာပါသူတွေဆန္ဒအတိုင်း လမ်းတွေဟိုဝင်ဒီထွက်လျှောက်ကြည့်ကြမယ်။ ပြီးရင်တော့ Charles တံတားပေါ် လမ်းလျှောက်ကြမယ်။ အဲဒီမှာ များလှတဲ့ ခရီးသွားအသွေးအရောင်စုံ တံတားပေါ်က အတီးအမှုတ်အုပ်စုလေးတွေအမျိုးမျိုးနဲ့ တံတားပေါ်က ပန်းပုရုပ်တွေရဲ့ ရာဇဝင်တွေစူးစမ်းလေ့လာကြည့်ကြဖို့ ယောဗန်နာက စိတ်ဝင်စားသဖွယ် အားတက်သရောရှင်းပြပါတယ်။ Vltava မြစ်ကို ဖြတ်ပြီးတည်ဆောက်ထားတဲ့တံတားတွေထဲက နာမည်ကျော် Charles bridge အစမှာ ဆားဘီးယန်းသံရုံးလည်းတွေ့နိုင်မယ်။ တံတားအဆုံးမှာ ပရတ်ဂ်မြို့ဟောင်းဘက်ဆီ ခရီးဆက်ပြီး သိပ်ကိုထူးခြားလှတဲ့ နေ လ အသွားအလာတည်ရှိမှုကို တည်ပြီးတည်ဆောက်ထားတဲ့ ဗေဒင်ဟောပေးနိုင်တဲ့ နာရီစင် Prague astronomical clock (Staroměstská - Prague Orloj) ဆီသွားကြမယ်လို့ ဆက်ပြောပါတယ်။ တစ်နာရီတစ်ခါ အသံမြည်ပြီး ရုပ်ပုံတွေပြောင်းလဲပြနိုင်တဲ့ အဲဒီနာရီစင်ကို အပြင်မှာ အသံနားထောင်ကြည့်ချင်၊ ရုပ်ပုံလေးတွေပြောင်းလဲတာကို သိပ်ကြည့်ချင်တဲ့ကျွန်မအတွက်တော့ စိတ်ဝင်စားစရာကောင်းလှတာပေါ့။ (နောက်တစ်ပိုင်းမှာ Charles Bridge နဲ့ Prague astronomical clock နာရီစင်တည်ဆောက်ပုံ ဘာတွေဘယ်လိုဟောပြောပြတယ်၊ ဘယ်လိုအလုပ်လုပ်တယ်၊ ဒေသခံတွေ ဘယ်လိုယုံကြည်ကြတယ်ဆိုတဲ့အကြောင်းတွေအသေးစိတ်ကို ရေးထားပါမယ်။) နာရီစင်မှာ စောင့်ကြည့်ကြပြီးရင်တော့ အဲဒီ ပရတ်ဂ်မြို့ဟောင်းမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေ့လယ်စာစား၊ ပြီး လူစုပြီး ဟိုတယ်ကို ပြန်နားကြမယ်။ ညနေပိုင်းမှာတော့ metro မြေအောက်ရထား ဘယ်လိုစီးရမလဲဆိုတာ ယောဗန်နာက ဦးဆောင်ရှင်းပြပေးပြီးရင်တော့ ကိုယ့်ဘာသာပဲ metro လက်မှတ်ဝယ်၊ metro ရထားလျှောက်စီး ဟိုသွားဒီသွားလျှောက်ကြည့် အတွေ့အကြုံတွေ စုဆောင်းကြဖို့ပါ လို့ ယောဗန်နာက ရှင်းပြပေးတာပါ။ နောက်တစ်ရက်မှာတော့ ချက်နိုင်ငံနယ်စပ် ဂျာမနီနိုင်ငံထဲက Dresden မြို့လေးဆီသွားကြမှာပါ။ အဲဒီခရီးစဉ်ကတော့ မိတ်ကပ်အလှပြင်ပစ္စည်းစိတ်ဝင်စားသူတွေအတွက် ဈေးဝယ်ထွက်ကြမယ့်ခရီးပါ။ ကျွန်မတို့တော့ အဲဒီဂျာမနီမြို့လေးဆီ အလှပြင်ပစ္စည်းဈေးဝယ်ထွက်တဲ့ခရီး မရွေးလိုက်တော့ပါဘူး။ ကျွန်မမှာ နှုတ်ခမ်းနီဆိုရင် အကြိုက်ဆုံးအရောင် ၂ ချောင်း ၃ချောင်းလောက်ပဲရှိထားပြီး နှုတ်ခမ်းနီဝယ်မယ်ဆိုတိုင်း လူဝီလေး အသားဗူးဆို ဘယ်နှဘူးရတယ် ကျွန်မက တွက်ချက်မိနေတာနဲ့ပဲ မဝယ်ဖြစ်ခဲ့တာများနေတာပါ။ အလှပြင်ပစ္စည်းပိုက်ဆံချွေတာချင်တာကြောင့် အဲဒီခရီးလေးမလိုက်တော့ဘဲ ပရတ်ဂ်မြို့ထဲမှာပဲ Velvet Revolution memorial တွေနဲ့ သူသွားချင်တဲ့ ပြတိုက်တချို့ပဲ သွားရှာကြည့်ကြဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ကြတယ်။ နောက်ဆုံးရက်မှာတော့ Bohemia နယ်ထဲက Karlovy Vary ရေပူစမ်းရယ်၊ boat trip ရယ် အဲဒီခရီးတွေကိုတော့ ကျွန်မတို့ လိုက်မယ်လို့ ရွေးလိုက်ကြတယ်။ ခရီးစဉ်တွေ ရှင်းပြပြီးတော့ ရွေးလိုက်တဲ့ ခရီးစဉ်တွေအတွက် ယောဗန်နာကပဲ ပိုက်ဆံလိုက်ကောက်ပါတယ်။ Karlovy Vary ရေပူစမ်းခရီးအတွက် တစ်ဦး ၂၅ ယူရိုနဲ့ boat trip ကတော့ ယူရို ၁၀ စီပါ။ boat trip ပြီးရင်တော့ လူပြန်စုပြီး ပရတ်ဂ်မြို့ကို နှုတ်ဆက်ကာ ဘဲလ်ဂရိတ်မြို့ဆီပြန်ကြမယ်ပေါ့။ ညလည်း နက်သထက်နက်လာခဲ့ပြီ။ ကားပေါ်မှာ ကားမောင်းသူ ၂ ဦး၊ ယောဗန်နာရယ်၊ တစ်ဦးတည်းခရီးထွက်လာတဲ့ ပခုံးကျော်ဆံပင်ငွေရောင်ဖြောင့်ဖြောင့်စင်းစင်းလေးနဲ့ အမျိုးသမီးလေးရယ်၊ သက်ကြီးပိုင်းပေမဲ့ သန်သန်မာမာသွက်လက်လှတဲ့ အမျိုးသမီးနှစ်ဦး၊ ကျွန်မတို့နောက်မှာ ဟန်ဂေရီမဝင်ခင်နယ်စပ်မြို့လေးရောက်မှ တက်လာတဲ့ အသက်ခပ်ငယ်ငယ်စုံတွဲလေး၊ အဖိုးအဖွား၊ မြေးမလေးနဲ့ ဆယ်ကျော်သက်ယောက်ျားလေးတစ်ဦးနဲ့ ဇနီးမောင်နှံ၊ အားကစားသမားတစ်ဦးပုံစံ ကြွက်သားခပ်ထွားထွားနဲ့ သက်လတ်အမျိုးသမီးနဲ့ သူ့သူငယ်ချင်းတစ်ဦးရယ်၊ ညီအစ်မဖြစ်ပုံရတဲ့ ရုပ်ချင်းခပ်ဆင်ဆင် မတိုမရှည်ဆံပင်ရွှေရောင်ဖြောင့်စင်းစင်းဆယ်ကျော်သက်လေးနှစ်ယောက်ရယ်၊ အဲဒီအချိန် ကျွန်မသတိထားမိသလောက် ခရီးသွားဖော်တွေနဲ့ တခြားခရီးသွား ကျွန်မတို့အပါအဝင် အားလုံး ၅၀ခန့် ကားပေါ်မှာပါလာခဲ့ကြတယ်။ အိပ်ချင်လာတဲ့သူက အိပ်ဖို့ ကြိုးစားနေကြသလို စကားတိုးတိုးပြောရင်း ခပ်အုပ်အုပ်ရယ်မောသူက ရယ်မောနဲ့ ခရီးသစ်တစ်ခုကို ကြိုဆိုဖို့ အသင့်ဖြစ်နေကြပြီပေါ့။ ကျွန်မလည်း အိပ်မောကျသွားနိုင်မယ့် အနေအထားကို အမျိုးမျိုးပြောင်းလဲကြည့်ရင်းနဲ့ပေါ့။ စကားသံတွေနီးလာလိုက် ဝေးသွားလိုက်နဲ့ပဲ။ အပြင်မှာတော့ ဟန်ဂေရီမြို့ရဲ့ ညတစ်ညက ခပ်မှောင်မှောင်၊ အလင်းတချို့ ဖြတ်ခနဲ လှစ်ခနဲ ချန်ရစ် ကျန်ရစ်ခဲ့ကြတယ်။

အဆောက်အဦတွေ တိုင်လုံးတွေရဲ့ ထိပ်အပေါ်မှာ ခုန်ချတော့မလို ဝဲပျံတော့မလို ဟန်တပြင်ပြင်ပန်းပုရုပ်တွေနဲ့

အဲဒီ ဟန်တပြင်ပြင် ပန်းပုရုပ်တွေကို စိတ်ဝင်စားနေမိတာ

ဘာရေးထားလည်း မသိလိုက်နိုင်ပါဘူး ကားပေါ်ကလှမ်းမြင်လိုက်လို့

ပရတ်ဂ်ရဲတိုက်ဆီ သွားကြမယ်
လူစုပါ

ခရီးသွားတွေ များလှတယ်

tour leader က ကိုယ့်အဖွဲ့နဲ့ကိုယ်သိသာအောင် နှင်တံလေးတွေနဲ့ ပုံစုံလေးတွေကမျိုးစုံ
အုပ်စုတစ်စုနဲ့ တစ်စုတွေ့ရင် tour leader တွေအချင်းချင်း နှင်တံလေးတွေထိခတ် စနောက်ကြတယ်












ယောဗန်နာမဟုတ်ဘူး
ပရတ်ဂ်ရဲတိုက်အတွက်ပြောပြပေးတဲ့ special guide တဲ့
လေဒီကြီးနာမည် မကြားလိုက်မိဘူး




ရုပ်တုတွေက အသက်ဝင်လွန်းပါတယ်






St. Vita Cathedral


























သက်တမ်းအရှည်ဆုံး စပျစ်ခြံလေးတဲ့








Czech Senate





လှေကားလေးက ကျဉ်းလို့လို့ ဆင်းကြည့်သူကြည့် ဓာတ်ပုံရိုက်သူရိုက်ပေါ့



Charles Bridge ပေါ်ကို တက်ကြည့်ကြမယ်




တံတားပေါ်မှာ ခရီးသွားတွေသိပ်များပါတယ်





ဘယ်လက်နဲ့ ထိကိုင်ရင် ဘာကံကောင်းတယ်
ညာလက်နဲ့ဆို ဘယ်လို အယူရှိကြတယ်
(Charles Bridge အကြောင်းရေးတော့ ရေးထားမယ်နော်)








ဗေဒင်ဟောတဲ့နာရီစင်ကြီး
မြည်တော့မယ်
ဗီဒီယိုရိုက်ဖို့အသင့်ပြင်ပါ



အပိုင်း (၂)  ပရတ်ဂ် ရဲတိုက်၊ Charles bridge နဲ့ နာရီစင် Prague astronomical clock ခရီး (မြန်မြန်ရေးပါ- ကိုယ့်ဘာသာပြော)

ချက်နိုင်ငံအကြောင်းသိချင်စရာတွေ

ကြွေလွင့်ခဲ့သော အလင်းတစ်စ (သို့မဟုတ်) ချက်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတဟာဗဲလ်

No comments: