လီလီယာကို ကျွန်မပထမဆုံးစတွေ့ခဲ့တုန်းက ကျွန်မက မီးဖိုချောင်ထဲ နေ့လယ်စာအတွက် ပြင်ဆင်ချက်ပြုတ်နေတဲ့အချိန်ပေါ့။ ကျွန်မအမျိုးသားနဲ့ အိမ်ထောင်ကျကာစက ယောက္ခမတွေနဲ့ အတူတူလိုက်နေဖြစ်တယ်။ လီလီယာက ကျွန်မ ယောက္ခမ မာမားရဲ့ အိမ်နီးချင်းပါ။ မာမားသိပ်သဘောကျတဲ့သူငယ်ချင်းလို့လည်း ပြောနိုင်မယ်ထင်တယ်။ မာမားက လီလီယာရောက်လာတဲ့အချိန်တိုင်း သိပ်ကို ပေါ့ပါးသွက်လက်နေတော့တာပဲ။ မာမားနဲ့ လီလီယာ စကားပြောသံလေးတွေဟာ မိန်းမငယ်လေးတွေရဲ့လေသံလို ချိုချိုရွှင်ရွှင်သွက်လက်နေမြဲမို့ လီလီယာက မာမားသဘောကျလှတဲ့သူငယ်ချင်းဖြစ်ရမယ်လို့ ကျွန်မ ကိုယ့်ဘာသာပဲတွေးထားလိုက်တော့တာ။
လီလီယာရောက်လာတဲ့နေ့က ကျွန်မက မာမားသင်ပေးတဲ့ ငရုတ်ပွချိုချိုမှာ ချိစ်အစာသွပ်ကို ဆီနဲ့ပြန်ကြော်ဖို့ ကြိုးစားနေခဲ့တာ အမြဲမှတ်မိနေခဲ့တယ်။ ကျွန်မ မာမားကြော်တုန်းက တစ်ခါ နှစ်ခါ စောင့်ကြည့်ထားခဲ့ပြီးပြီ။ အခုတစ်ခါတော့ ကိုယ့်ဘာသာ အစအဆုံးပြင်ဆင်ပြီး ကြော်တော့မယ်ဆိုပြီး အစာသွပ်မယ့် ချိစ်ကိုပြင်ဆင်တာကအစ ကိုယ့်ဘာသာပဲလုပ်ကြည့်ခဲ့တာ။ ချိစ့်အဖြူရယ်၊ တရုတ်နံနံ parsley အရွက်လေးတွေ သေးသေးနုတ်နုတ်လေးတွေလှီးထားတာရယ်။ ကြက်ဥတစ်လုံးညက်ညက်ကြေအောင်မွှေခေါက်ထားတာရယ်၊ ဆားရယ်၊ အကုန်ရောမွှေ၊ blender နဲ့ မွှေလိုက်ရင်လည်း ပိုပြီးကောင်းတယ်လို့လည်း မာမားကပြောသေးတယ်။ ဒီအတိုင်းပဲကြက်ဥခေါက်သလိုညက်နေအောင် မွှေပေးလိုက်လည်းရတာပါပဲတဲ့။
ငရုတ်ပွအချိုတွေက မီးဖုတ်ပြီး မီးကျွမ်းနေတဲ့အခွံလေးတွေကို အမဲမှုန်လေးမကျန်အောင် စိတ်ရှည်ရှည်ခွာပြီး freezer ထဲမှာ ခဲထားတာပါ။ အဲဒါကိုတော့ ကျွန်မရဲ့ ယောက္ခထီး တာတာက(ဆားဘီးယန်းလို အဖေကို တာတာလို့ခေါ်ကြတာပါ) အမြဲ ပြင်ဆင်ပြီး ပလတ်စတစ်လေးတွေနဲ့ တစ်ထုတ်စီသိမ်းပေးလေ့ရှိတယ်။ ငရုတ်ချိုသီးတွေကြော်မယ်ဆိုရင်တော့ အဲဒီနေ့မနက်ခပ်စောစောကတည်းက freezer ထဲက ထုတ်ထားလိုက်တယ်။ မီးဖုတ်ပြီးအခွံခွာတုန်းက ငရုတ်ပွပွကြီးက အသားတွေပဲ့နေတတ်တာကြောင့် ငရုတ်ပွထဲ ချိစ်အစာသွပ်တဲ့အခါ မနည်းလွန်းမများလွန်းအနေတော်လေးဖြစ်အောင် ဇွန်းလေးနဲ့ထည့်ပြီး တစ်ခုထဲအစာသွပ်ပြီးပြီးဆိုတာနဲ့ အသင့်ပြင်ထားတဲ့ ဂျုံမှုန့်တစ်ပန်းကန်၊ ကြက်ဥအနှစ်ခေါက်ထားတဲ့တစ်ပန်းကန် နဲ့ ပေါင်မုန့်ခြောက်မှုန့် breadcrumb အဲဒီ တစ်ပန်းကန်စီမှာ ဂျုံမှုန့်ပန်းကန်ထဲတစ်ခါနှစ် ဂျုံမှုန့်ကပ်၊ နောက်တစ်ခါ ကြည်ဥနှစ်ရည်ထဲစိမ်၊ ပြီးတော့မှ breadcrumb လေးတွေမျက်နှာပြင်အနှံ့ကပ်ပြီး ဆီများများဆူအောင်တည်ထားတဲ့အိုးထဲထည့်ကြော်လိုက်တာပါ။ စားလိုက်ရင်သာ စားလို့ကောင်းပေမဲ့ တော်တော်လေးတော့ အလုပ်များသားပဲ။ ပဲ့မထွက်အောင်၊ အစာသွပ်ထားတဲ့ချိစ်တွေ အပြင်ထွက်မကျအောင် ခရင်းခွနဲ့ အသေအချာကိုင်ထားရင်းနဲ့ပဲ တစ်ဖက်ကလည်း ခရင်းနဲ့ထိန်းပြီး ဆီအိုးထဲကို အသာအယာထည့်လိုက်ရတာကိုး။ ကျွန်မက ကိုယ်ကြိုက်တဲ့အစားအစာမျိုးဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ ပြင်ဆင်ချက်ပြုတ်ဖို့ ဝန်လေးတတ်သူမဟုတ်ဘူးဆိုတော့ အဲဒီနေ့က ကြိုးစားပမ်းစား မီးဖိုခန်းထဲချက်ပြုတ်နေခဲ့တာပေါ့။ ပြောပြချင်တာက လီလီယာအကြောင်းပါပဲ။ ဒါပေမဲ့ လီလီယာအကြောင်းကို တွေးလိုက်တိုင်း ကျွန်မ ဗျာများနေခဲ့တဲ့အချိန်လေး ကျွန်မတို့ ပထမဆုံးတွေ့ဖြစ်တဲ့အချိန်ကိုအရင်ဆုံး သတိရတာနဲ့ပဲ အဲဒါကို ချရေးထားရသေးတာပါ။လီလီယာရောက်လာတဲ့နေ့က ကျွန်မက မာမားသင်ပေးတဲ့ ငရုတ်ပွချိုချိုမှာ ချိစ်အစာသွပ်ကို ဆီနဲ့ပြန်ကြော်ဖို့ ကြိုးစားနေခဲ့တာ အမြဲမှတ်မိနေခဲ့တယ်။ ကျွန်မ မာမားကြော်တုန်းက တစ်ခါ နှစ်ခါ စောင့်ကြည့်ထားခဲ့ပြီးပြီ။ အခုတစ်ခါတော့ ကိုယ့်ဘာသာ အစအဆုံးပြင်ဆင်ပြီး ကြော်တော့မယ်ဆိုပြီး အစာသွပ်မယ့် ချိစ်ကိုပြင်ဆင်တာကအစ ကိုယ့်ဘာသာပဲလုပ်ကြည့်ခဲ့တာ။ ချိစ့်အဖြူရယ်၊ တရုတ်နံနံ parsley အရွက်လေးတွေ သေးသေးနုတ်နုတ်လေးတွေလှီးထားတာရယ်။ ကြက်ဥတစ်လုံးညက်ညက်ကြေအောင်မွှေခေါက်ထားတာရယ်၊ ဆားရယ်၊ အကုန်ရောမွှေ၊ blender နဲ့ မွှေလိုက်ရင်လည်း ပိုပြီးကောင်းတယ်လို့လည်း မာမားကပြောသေးတယ်။ ဒီအတိုင်းပဲကြက်ဥခေါက်သလိုညက်နေအောင် မွှေပေးလိုက်လည်းရတာပါပဲတဲ့။
လီလီယာ ရောက်လာတဲ့နေ့ကပေါ့။ လူခေါ်ခေါင်းလောင်းမြည်လာခဲ့တယ်။ အဲဒီအချိန် မာမားကလည်း မီးဖိုးခန်းထဲမှာ ကျွန်မ ဘေးကနေ ကြည့်ပေး ပြောပြပေးနေတာပါ။
“မာမား ရတယ်။ ကျွန်မ လုပ်တတ်နေပါပြီ။ သေချာကြည့်ထားလိုက်မယ်။ မာမား သွား သွား”
မာမားက လှစ်ကနဲ တံခါးနားရောက်သွားလိုက်ပြီ။
“ဟေး လီလီယော်”
နှုတ်ဆက်လိုက်ရင်တော့ မာမားက နာမည်ကို ခေါ်လိုက်တဲ့အသံမှာ လီလီယော်ဆိုပြီး နည်းနည်းလေး ကွဲပြားသွားတတ်တယ်။
မာမားနဲ့ လီလီယာတို့ အပြန်အလှန်နှုတ်ဆက်သံတွေ အခန်းတံခါးနားမှာညံစီသွားတာပေါ့။ ကျွန်မလှမ်းကြည့်လိုက်တော့ လီလီယာကလည်း ကျွန်မကိုလှမ်းကြည့်ပြီး အားပါးတရပြုံးရယ်ပြတော့တယ်။ မာမားရဲ့ “ဖြူဖြူလေ၊ နဲရှာရဲ့ဇနီး”ဆိုပြီး မိတ်ဆက်ပြောပြသံနဲ့အတူ လီလီယာက ကျွန်မ အနားကိုရောက်လာပါတယ်။ ကျွန်မက မီးဖိုခန်းထဲ ပြာယာခတ်နေခဲ့တာဆိုတော့၊ လက်ဆွဲနှုတ်ဆက်ဖို့၊ ဆားဘီးယန်းတွေဓလေ့ထုံးစံအရ ပါးချင်း ညာ၊ ဘယ်၊ ညာ သုံးခါအပ်ဖို့လည်း အခွင့်မသာခဲ့ဘူးပေါ့။ လီလီယာက “ဖြူဖြူနော်၊ တွေ့ရတာဝမ်းသာလိုက်တာကွယ်။ ဖြူဖြူက မျက်နှာချိုချိုလေးကွဲ့” ဆိုပြီး ကျွန်မရဲ့ မျက်ဝန်းတွေဆီ ရင်းနှီးချိုမြတဲ့အကြည့်လေးနဲ့ ခပ်စိုက်စိုက်ကြည့်တယ်။ ပြီးတော့ ခေါင်းလေးတစ်ချက်စောင်းငဲ့လိုက်ပြီး လီလီယာက ထပ်ပြီးပြုံးပြနေပြန်ရော။ ကျွန်မက အဲဒီကို စပြီးရောက်ခါစ ဆားဘီးယန်းစကားကိုလည်း သိပ်မပြောတတ်သေးတော့ လီလီယာနဲ့ စတင်မိတ်ဖွဲ့ခဲ့မိခဲ့တာ အပြုံးလေးတွေနဲ့ပါပဲ။ အပြန်အလှန်ပေါ့။ ကျွန်မအတွက် မျက်စိထဲစွဲသွားအောင်မှတ်မိသွားစေခဲ့တဲ့ မျက်လုံးတောက်တောက်လေးတွေနဲ့ အပြုံးလှလှလေးတွေပိုင်ဆိုင်ထားတဲ့ လီလီယာက တကယ်ကို ချစ်စရာကောင်းတဲ့အမျိုးသမီးတစ်ဦးပါ။ လီလီယာက အသက် ၆၀ ဝန်းကျင်အမျိုးသမီးတဲ့။ ကျွန်မနောက်ပိုင်းမှ အသက်ကို မေးကြည့်ခဲ့မိတာ။ မာမားကတော့ အသက် ၇၀ ကျော်နေပြီလေ။
နောက်ပိုင်း လီလီယာ အိမ်လာလည်တဲ့အခါ မာမားနဲ့ ကော်ဖီသောက် စကားဝိုင်းဖွဲ့ကြတဲ့အခါ ကျွန်မကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာပဲများတော့ အတူတူစကားပြောဖြစ်ကြတယ်လည်း မရှိခဲ့ပါဘူး။ ကျွန်မနဲ့ နဲရှာတို့ အတူတူအပြင်သွားကြတဲ့အခါ တစ်ခါတလေ လီလီယာကိုတွေ့ဖြစ်ကြတယ်။ တွေ့ဖြစ်ကြတိုင်း လီလီယာက တစ်ယောက်တည်း သွက်သွက်လက်လက်နဲ့ပဲ။ ကျွန်မနဲ့ နဲရှာက အပြင်ထွက်တိုင်း လက်တွဲထားဖြစ်ကြတယ်။ အဲဒီလိုဆိုရင် လီလီယာက ကျွန်မတို့ကိုတွေ့တဲ့အခါ အပြုံးချိုချိုလေးနဲ့ အဝေးကအရင်ပြုံးပြနှုတ်ဆက်ပြီး အနီးရောက်လာရင်တော့ ကျွန်မတို့တွဲချိတ်ထားတဲ့ လက်တွေဆီမျက်ဝန်းလေးငဲ့စောင်းလို့ကြည့်မယ်။ “သိပ်သဘောကျဖို့ ကောင်းတာပဲ၊ ဖြူဖြူတို့ကို ကြည့်ရတာ သိပ်ပြီးကြည်နူးစရာပဲ။ ကောင်းတယ်ကွယ်။ တစ်ဦးကိုတစ်ဦး ဂရုတစိုက်ကြင်နာကြတာ သိပ်ကောင်းတာပေါ့” ဆိုပြီး အမြဲပြောပြဦးမယ်လေ။
တစ်ခါတော့ ကျွန်မတို့ အိမ်ပြန်လာတဲ့အချိန် လီလီယာကလည်း အပြင်ကပြန်လာတာ ဓာတ်လှေကားအဝမှာတွေ့ကြတယ်။ လီလီယာ ၄ လွှာမှာနေတယ် ကျွန်မတို့က ၆လွှာမှာ၊ ကျွန်မတို့တိုက်ခန်းမှာ ဓာတ်လှေကားက အကြီးတစ်ခု၊ အသေးတစ်ခုရှိတယ်။ လီလီယာနဲ့တွေ့တဲ့နေ့ကတော့ ဓာတ်လှေကားအသေးကို အတူတူဖွင့်မိလျက်သားဖြစ်ခဲ့ကြတယ်။ လူ ၄ ယောက်လောက်ပဲ စီးလို့ရတဲ့ ဓာတ်လှေကားထဲမှာဆိုတော့ လီလီယာရယ်၊ ကျွန်မရယ်၊ နဲရှာရယ် ၃ ယောက်သား နီးနီးကပ်ကပ် စီးကြရတယ်။ လီလီယာကပဲ ပြုံးရယ်ကာ နှုတ်ဆက်စကား စပြီးဆိုပါတယ်။ အနီးကပ်သေသေချာချာကြည့်မိမှ လီလီယာဟာ မျက်တောင်လေးတွေကို မျက်တောင်ကော့ဆေးနက်နက်လေးဆိုးလို့ အပြာရောင်ကြည်ကြည်မျက်လုံးရှဲဒိုးလေးတွေ တလက်လက်နဲ့ အလှပြင်ထားသေးတာ။ လီလီယာဟာ အသက်အရွယ်ထက်စာရင် ပိုပြီး နုပျိုဝင်းလက်တဲ့ အသက်ဝင်လှတဲ့ မျက်လုံးတောက်တောက်လေးတွေနဲ့ပါ၊ ချစ်စရာမျက်လုံးလေးတွေ တကယ်ပဲလုံးလုံးဝန်းဝန်းလေးရယ်။ နှုတ်ခမ်းသားလေးမှာတော့ ပန်းရောင်ပြေးအဆီလေးတင်ထားတယ်။ လီလီယာဟာ အမြဲရယ်မောပြုံးရွှင်နေတတ်တဲ့ သူမို့လို့ အရွယ်တင်တာနေမှာပဲ။ အဲဒီလို တွေးကြည့်မိလေ လီလီယာကို ပိုပြီး သဘောကျနေမိလေပေါ့။ အဲဒီနေ့က ကျွန်မက ပလတ်စတစ် နားကွင်းအနီလေးရယ်၊ လက်မှာ ဖန်စီဖန်သားလက်ကောက်လေးဝတ်ထားခဲ့တာ ပြန်အမှတ်ရမိသေးတယ်။ လီလီယာက ဖန်စီပစ္စည်းလေးတွေ သဘောကျတတ်သေးတယ်ထင်တယ်။ နားကွင်းနီနီလေးကို ပြုံးကြည့်လိုက် ဖန်လက်ကောက်နီနီလေးကို ကြည့်လိုက်နဲ့၊
“ဖြူဖြူက သိပ်ချစ်စရာကောင်းတာပဲ။ တို့လည်း အဲဒီလိုလေး ဝတ်ချင်လိုက်တာ။ အို ဝတ်ချင်တာမဟုတ်ပါဘူး။ တို့လည်း အဲဒီလိုလေးတွေ အမြဲဝတ်တယ်။ ကြုံမှ ဖြူဖြူ့ကို တို့ ဖန်စီလက်ဝတ်ရတနာလေးတွေ ပြရဦးမယ်ကွယ်။ တို့ခင်ပွန်း စတဲဖန်က တို့ကြိုက်တာလေးတွေမကြိုက်တာတော့ စိတ်မကောင်းစရာကိစ္စကြီးပဲ။ နဲရှာကတော့ ဖြူဖြူ ဘာဝတ်ဝတ်သဘောကျနေတာပဲမလား" တဲ့။
လီလီယာက သူ့ဘာသာပဲပြောရင်း သူ့ဘာသာအတည်ပြုပစ်လိုက်ရင်း တခစ်ခစ်ရယ်မောနေတော့တာပါပဲ။ အဲဒီနေ့က လီလီယာက ၄ လွှာ သူ့အခန်းမှာ မဆင်းဘဲ ကျွန်မတို့နေတဲ့ ၆ လွှာအထိတက်လိုက်လာပြီး မာမားဆီလာလည်ခဲ့သေးတယ်။ "အစက ရေခဲမုန့်စားချင်လို့ အိမ်မှာ ရေခဲမုန့်ကုန်နေတာနဲ့ သွားဝယ်တာ၊ အခုတော့ ဗက်စ်နာဆီ အလည်လိုက်ပြီး ကော်ဖီသောက်မယ်ကွယ်" လို့ ပြောလိုက်သေးတယ်။ အဲဒီလို စိတ်ထဲပေါ်လာသလို လုပ်ပစ်လိုက်ပြီး ပျော်နေတတ်တဲ့ လီလီယာကိုမြင်တိုင်း ကျွန်မလည်း ပျော်ရတာပဲ။ ကျွန်မအတွက်တော့ ကျွန်မ သိကျွမ်းရသမျှ ပတ်ဝန်းကျင်အသစ်က လူအသစ်တွေကြားထဲမှာ လီလီယာဟာ တကယ့်လူအဟောင်း မိတ်ဆွေအဟောင်းလို ရင်းနှီးခင်မင်စရာကောင်းလွန်းလှတဲ့ သူတစ်ဦးပေါ့။
အဲဒီနောက်ပိုင်း လီလီယာမှာ သိပ်ခန့်တဲ့ ကြည့်ကောင်းတဲ့ ခင်ပွန်းရှိတယ်။ သားနှစ်ယောက်ရှိတယ်။ တစ်ယောက်က ကနေဒါမှာနေတယ်။ လခသိပ်ကောင်းတဲ့ ဆရာဝန်တစ်ဦးတဲ့။ ခင်ပွန်းကတော့ စိတ်ပညာတက္ကသိုလ်က အငြိမ်းစားပါမောက္ခတစ်ဦး၊ တပည့်တွေများလှတဲ့ အောင်မြင်လူသိများလှတဲ့သူမှန်း သိလာရတယ်။ ကနေဒါမှာနေတဲ့သားက ပြန်လာလည်တာ မတွေ့ကြဘူးလို့ အိမ်နီးချင်းတွေက ပြောကြတယ်။ နဲရှာ မေမေ ဗက်စ်နာကလည်း ပြီးခဲ့တဲ့ လေး ငါးနှစ်က တစ်ခါလားပဲ တွေ့လိုက်ကြတယ်လို့ ပြောပြပါတယ်။
ပြောရဦးမယ်။ လီလီယာဟာ ကျွန်မတို့ရဲ့ ခပ်ဆိုးဆိုးခွေးလေး ဂျက်ကီကိုလည်း သိပ်ချစ်ရှာတယ်။ တကယ်ဆို ဂျက်ကီက စိတ်ကောင်းရှိတဲ့ ခွေးမလေးပါ။ ဒါပေမဲ့ သူလေးက အင်မတန်အူတိုတတ်သူလေးဆိုတော့ အိမ်ကို လာသမျှဧည့်သည်တိုင်းကို မညည်းမညူ အူတိုငြူစူတယ်။ ခြေဆောင့် ခေါင်းခါနဲ့ ခုန်ပေါက်ပြီး ဟောင်နေတော့တာ။ လီလီယာကိုလည်း မနားတမ်းဟောင်တာပဲ။ လီလီယာကတော့ ဂျက်ကီကို မငြူစူပါဘူး။ ဂျက်ကီ ဟောင်နေလည်း လီလီယာက တခစ်ခစ်နဲ့ ပြုံးရယ်ပြီး သဘောတွေကျတော့တာ။ ဂျက်ကီဟောင်လေလေ လီလီယာက ပိုပြီးရယ်မောနေလေပဲ။ ကျွန်မကသာ ဘေးကကြည့်ပြီး အားတုံ့အားနာဖြစ်ခဲ့ရသေးတာ။ ဘေးအခန်းက ရူးရစ်ဆာဆိုတဲ့ အမျိုးသမီးကြီးနဲ့တော့ တစ်ခြားစီပေါ့။ ရူးရစ်ဆာကတော့ မာမားဆီလာလည်ရင် ဂျက်ကီဟောင်သံကို နားမခံနိုင်ရှာဘူး။ တစ်ခါတလေ တံခါးလေး ဖွင့်၊ အသံပြုလိုက်တာနဲ့ ဂျက်ကီက ပြေးဟောင်ပြီဆို “ဟေး ဗက်စ်နာရေ ကိုယ်လာလည်မယ်ကွယ်၊ ဂျက်ကီကိုတော့ အခန်းထဲ အရင်ထည့်သိမ်းလိုက်ပါဦး၊ ကိုယ် မကြိုက်ဘူး” လို့ အရင်ဆုံးကြိုပြောထားသေးတာ။ ပြီးရင် လှစ်ကနဲတံခါးလေးပိတ်ပြီး ပြန်ပျောက်သွားလိမ့်မယ်။ အဲဒါဆို ကျွန်မက ဂျက်ကီကို အခန်းထဲထည့် တံခါးပိတ်ပြီး အသင့်ဖြစ်ပြီဆို မာမားကို အချက်ပြရတယ်။ အဲဒီတော့မှ မာမားက တံခါးမကြီးကို ဖွင့်ပြီး “ရူးရစ်ဆာရေ၊ အသင့်ဖြစ်ပါပြီ” လို့ အသံပြုရတာပေါ့။
လီလီယာကတော့ သူကြိုက်တာမကြိုက်တာထက် ဂျက်ကီက ဘာလို့ သူ့ကိုမကြိုက်ပါလိမ့်လို့ပဲ တဖွဖွပြောရင်း တွေးတောနေရှာတယ်။ မာမားကတော့ ပြောပါတယ်။ “မဟုတ်တာကွယ်၊ လီလီယာကို မကြိုက်တာမဟုတ်ပါဘူး ဂျက်ကီက ဘယ်သူ့ကိုမှ မကြိုက်တာ။ အိမ်ကို လာတဲ့ဧည့်သည်မှန်သမျှ ဘယ်သူ့ကိုမှ မကြိုက်တာပါ” လို့ ပြောပြရတာပေါ့။ အဲဒီကိုလည်း လီလီယာ စိတ်ကျေနပ်ပုံမရဘူး။ တွေးတွေးဆဆနဲ့ ပြန်ပြန်သွားရှာတယ်။ တစ်နေ့တော့ နေ့ခင်းပိုင်းကြီး လီလီယာရောက်လာပါရော၊ လက်ထဲမှာလည်း တစ်သျှးစက္ကူဖြူဖြူတွေနဲ့ ထုတ်ထားတဲ့အထုပ်လေးကိုင်ပြီး ရောက်လာတယ်။ အဲဒီနေ့က ကြက်သားချက်တော့ အရိုးသိပ်ကြိုက်တဲ့ ဂျက်ကီကို သတိရလို့ အကြံရသွားလို့ ဂျက်ကီကို မိတ်ဆွေဖွဲ့ဖို့ အရိုးတွေစုပြီးယူလာခဲ့တာတဲ့။ အသားတွေလည်း အကုန်ဖဲ့မစားဘဲ ဒီအတိုင်းယူလာခဲ့တာလည်းပါသေးရဲ့။ လီလီယာ အဲဒီလို အရိုးတွေယူလာတော့ ဂျက်ကီကို ကျွေးရှာတယ်။ သိပ်ဆိုးတဲ့ဂျက်ကီပါ။ လီလီယာ အရိုးတစ်ခု ကျွေးတိုင်း မရဲတရဲနဲ့ သွားယူ အခန်းဘက်ကို ပြေး၊ တဂျွတ်ဂျွတ်နဲ့ စားတယ်။ စားနေရင်းနဲ့တောင် ရပ်ပြီး ဝုတ် ဝုတ် ဆို ဟောင်လိုက်သေးတာ။ ကုန်သွားရင် ဧည့်ခန်းထဲ ပေစောင်းစောင်းနဲ့ ပြန်ရောက်လာပါရော။ ဟောင်လည်းဟောင်သေးတာပါပဲ။ လီလီယာထပ်ပေးရင် ကျွန်မကို လှည့်ကြည့်တယ်။ ကျွန်မက စား စား လို့ ပြောလိုက်ရင် လီလီယာလှမ်းကျွေးတဲ့ အရိုးကို သာသာလေးလှမ်းယူပြီး ပြန်ပြေးနဲ့၊စားတာပါ။ အရိုးတွေသာ ကုန်သွားတယ် လီလီယာကို တဝုတ်ဝုတ်ဟောင်တုန်းပဲ။ နောက်ပိုင်း လီလီယာ အရိုးထုတ်လေး ခဏခဏလာပေးရှာတယ်။ လာပေးလည်း ဂျက်ကီက ယူစား၊ ပြီးရင် တဝုတ်ဝုတ်ဟောင် လီလီယာက တခစ်ခစ်ရယ်မောမြဲပဲ။ လီလီယာကတော့ စိတ်ညစ်မသွားဘူး။ လက်မလျှော့ပါဘူး။ သူ့ကိုဂျက်ကီ သဘောကျလာဖို့ ကြိုးစားမြဲပဲ။ ကျွန်မတို့မှာ ရှိတဲ့ကြောင်ဝတုတ်လေး လူဝီကိုလည်း လီလီယာက ချစ်တာပါပဲ။ လူဝီကို ဂါးဖီးလေးလို့ အမြဲခေါ်တတ်တယ်။ လီလီယာပြန်ခါနီးလို့ လူဝီက တံခါးနားရောက်လာရင် “ပါးဖောင်းဖောင်းနဲ့ ဂါးဖီးလေး” လို့ တဖွဖွပြောပြီး လည်ပင်းလေးကို ပွတ်သပ်ပေးနေသေးတာ။ လီလီယာဟာ အဲဒီလို သနားကြင်နာတတ်တဲ့အမျိုးသမီးတစ်ဦးပါ။
လီလီယာနဲ့ ပတ်သက်လို့ နောက်ထပ်အမှတ်ရစရာတစ်ခုဆိုရင် လီလီယာပေးတဲ့ ဆံပင်သန်ဆေးနည်းပေါ့။ လီလီယာ အိမ်လာလည်တုန်းက ကျွန်မနဲ့ စကားပြောဖြစ်ကြသေးတယ်။ လီလီယာ ဆံပင်က ရွှေဝါရောင် မေးစိလောက်အထိ အထပ်လေးတွေ ကောက်သားလှလှလေးတွေနဲ့ပါ။ ကျွန်မကတော့ ဆံပင်အရောင်တစ်ခါမှမဆိုးဖူးသူပါ။ ကျွန်မ ဆံပင်က အနက်ရောင် ဆံလုံးကြီး ဖြောင့်စင်းစင်းနဲ့ ငယ်ငယ်ကတော့ ဆံပင်သားကောင်းလှတယ်။ လီလီယာကလည်း ကျွန်မ ဆံပင်နက်နက်လေးကို သဘောကျသတဲ့။ ဒါပေမဲ့ အဲဒီတလောက ဘာကြောင့်မှန်းမသိ ဆံပင်တွေကျွတ်လို့ ကျွန်မက စိတ်ညစ်ညစ်နဲ့ ညည်းညည်းညူညူ လီလီယာကို ပြောပြမိတာပေါ့။ လီလီယာက ချက်ချင်းပါ သူ့မှ ဆံပင်မကျွတ်တဲ့သဘာဝဆေးနည်းကောင်းရှိသတဲ့။ အဲဒီအချိုးအဆဆေးနည်းပေးမယ်ဆိုပြီး သူ အိမ်ပြန်သွားတယ်။ ခဏနေတော့ လီလီယာ ဆေးနည်းရေးထားတဲ့ စာရွက်အပိုင်းလေးနဲ့ ပြန်ရောက်လာရော၊ ဆေးနည်းကတော့ Kosili ခေါင်းလျှော်ရည်၊ nettle herbal drops ဆိုပြီးရောင်းတဲ့ ခွေးလှေးယားသီးကထုတ်ထားတဲ့အဆီ၊ ဗီတာမင် AD, burdock oil ရယ်၊ pantenol ရည် နည်းနည်း၊ ဗီတာမင် B6 နဲ့ Beviplex ampula အဲဒါလေးတွေ ရောမွှေပြီး ဆံပင်မှာသုတ်လိမ်း ခဏနေခေါင်းလျှော်ဆေးချပေးရတာပါ။ အဲဒီဆေးနည်းအတိုင်း ကျွန်မတော့ လိုက်လုပ်ကြည့်တာပါပဲ။ အဲဒီတုန်းကတော့ ချက်ချင်းသိပ်မသိသာလှသလိုပဲ။ နောက်ပိုင်းဆံပင်သား သိသိသာသာပြန်ကောင်းလာပါတယ်။ ပျားရည်ပါတဲ့ ခေါင်းလျှော်ရည်လည်း ပြောင်းသုံးကြည့်ပြီး ဆံပင်သားတော်တော်လေးပြန်ကောင်းသွားခဲ့တာ အခုထိ မဆိုးတော့ပါဘူး။ အဲဒီအတွက်လည်း လီလီယာကို ကျွန်မ အမြဲကျေးဇူးတင်နေမိတော့တာ။
တစ်ခါကတော့ အံ့သြစရာ for men Nivea cream တစ်ဗူးလက်ဆောင်ယူလာပေးလို့ ကျွန်မက နဲရှာကိုမေးတာပေါ့။ လီလီယာက ဘာလို့ပေးတာလဲဆိုတော့ နဲရှာပြန်ပြောပြတဲ့စကားအဆုံး ကျွန်မ လီလီယာကို သနားသွားမိလိုက်တာ။ အမှန်က သူ့သားအတွက် ဝယ်လာတာပါ။ သားက Nivea cream မကြိုက်ဘူးတဲ့။ မသုံးဘူးလို့ ပြောသတဲ့။ နောက်တစ်ခါ အဲဒီလိုမျိုးပဲ လီလီယာက သားအတွက် shaving cream တစ်မျိုး ဝယ်ပေးတော့လည်း သားက အဲဒီအမျိုးအစားမကြိုက်လို့ဆိုကာ နဲရှာကို လာပေးပြန်တယ်။ စိတ်မကောင်းဖြစ်နေပုံရပေမဲ့ လီလီယာမျက်နှာလေးက ပြုံးရယ်နေဖို့တော့ အမြဲအဆင်သင့်ဖြစ်နေတာပါပဲ။ လီလီယာရဲ့ မျက်ဝန်းလက်လက်လေးမှာပေါ့ ဝမ်းနည်းရိပ်လေးယှက်သန်းလို့ ကျွန်မမြင်လိုက်မိသေးတယ်။
တစ်ရက်ကျွန်မတို့ အပြင်က ပြန်လာတော့ အိမ်နားလေးမှာ လီလီယာရဲ့ခင်ပွန်းဆိုသူ စတဲဖန်နဲ့ တွေ့မိတယ်။ စတဲဖန်က တကယ်ပဲ စမတ်ကျကျခန့်ညားတဲ့ရုပ်ရည်မျိုးပါ။ နောက်တော့ ကျွန်မက မေးကြည့်မိလို့ လီလီယာခင်ပွန်း စတဲဖန်အကြောင်း နဲရှာဆီက သိရသလောက်တော့ စတဲဖန်က လီလီယာကို ဂရုမစိုက်ဘူးတဲ့။ အိမ်မှာရှိတဲ့ သားအငယ်ကလည်း စိတ်ကစဥ့်ကလျားရောဂါ(စကွီဇိုဖရီးနီးယား)ပုံစံဖြစ်နေသတဲ့။ လီလီယာကတော့ အိမ်လာတိုင်း အမြဲရယ်ရယ်ပြုံးပြုံးနဲ့ ပျော်ရွှင်အောင်နေတတ်တဲ့သူပါ။ မာမားနဲ့ လည်း Gym တစ်ပတ် ၂ ခါ၊ ရေကူးကန်ကိုလည်း တစ်ပတ် ၂ ခါ အတူတူသွားကြတယ်။ လီလီယာကပဲ အပေါ်ထပ်ကို တက်လာ မာမားကို စောင့်ခေါ်လေ့ရှိပါတယ်။ လီလီယာက ကျန်းမာရေးလည်း ကောင်းမွန်ပုံရတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်တာကြောင့်ပဲ အရွယ်တင်နုပျိုတယ်လို့ပဲ ကျွန်မက သိထားခဲ့တာ။
အဲဒီနောက်ပိုင်း ကျွန်မတို့ ယောက္ခမတွေနဲ့ အတူမနေဖြစ်တော့ပဲ နဲရှာနဲ့ကျွန်မတို့ ဘဲလ်ဂရိတ်ကနေ တစ်နာရီလောက်ကားမောင်းရတဲ့ စကဲလာရွာက အိမ်ကို ပြောင်းနေဖြစ်ကြတယ်။ ဂျက်ကီတို့က မြို့ကအိမ်မှာ နေရတာ စိတ်ကျဉ်းကျပ်ပုံရတာရယ် ကျွန်မနဲ့ နဲရှာကလည်း ရွာကအိမ်မှာ ပိုပြီးပျော်တာကြောင့်ပဲ ကျွန်မတို့ ပြောင်းခဲ့ကြတာပေါ့။ လီလီယာနဲ့ ကျွန်မ သိပ်မတွေ့ဖြစ်တော့ဘူး။ လီလီယာအကြောင်းတောင် မကြားမိသလောက်ပါ။ ကျွန်မတို့ ဘဲလ်ဂရိတ်မြို့ကို သွားဖြစ်ကြတဲ့အခါ လီလီယာကတော့ မာမားဆီလာလည်နေဆဲ ကျွန်မတို့ဆုံဖြစ်ကြတယ်။ အပြုံးချိုချိုလေးနဲ့ပဲ ကျွန်မကိုလည်း ခင်မင်ရင်းနှီးတဲ့ပုံစံလေးနဲ့ပဲ အမြဲနှုတ်ဆက်စကားဆိုတတ်တယ်။
တစ်နေ့ ဆောင်းတွင်းကြီး သိပ်အေးတဲ့ညခင်းမှာ ကျွန်မ ဘယ်လိုမှ မယုံနိုင်လွန်းတဲ့ သတင်းစကားကြားလိုက်ရတယ်။ ကျွန်မတို့ စကဲလာက အိမ်မှာပေါ့။ ညနေစာ စားပြီးကြတဲ့အချိန် ပုံမှန် မာမားဖုန်းခေါ်တယ်၊ နဲရှာနဲ့ တစ်နေ့တာ ကိစ္စပြောစရာရှိတာတွေပြောပြီး ဖုန်းချသွားပြီးတဲ့အခါ နဲရှာက ပြောပြလာတာပါ။ လီလီယာက suicide လုပ်လိုက်သတဲ့။ ဆေးလုံးတွေအများကြီးပဲ သောက်လိုက်သတဲ့။ ဘာဆေးလုံးတွေလဲတော့ ကျွန်မကိုပြောမပြပါဘူး။ နဲရှာလည်းသိချင်မှသိပါလိမ့်မယ်။ အခု ဆေးရုံမှာ coma ဝင်သွားတယ်။ သတိပြန်လည်မလာဘူးတဲ့။ အို ဖြစ်မှဖြစ်ရလေ..... ကျွန်မတို့နှစ်ယောက် အဲဒီညက စကားမဆိုနိုင်ကြတော့ဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ။ ကျွန်မစိတ်ထဲမှာတော့ ဘာကြောင့်လဲ ဘာကြောင့်လဲ မေးခွန်းတွေ အထပ်ထပ်အခါခါ မေးနေမိတယ်။ လီလီယာဆီ သွားကြည့်ကြမလားဆိုတော့ ဆေးရုံမှာ တွေ့ရဖို့မလွယ်ဘူးလို့ နဲရှာကပြောပြတယ်။ လီလီယာခင်ပွန်း စတဲဖန်ကလည်း မာမားတို့ကို အကျိုးအကြောင်း သေသေချာချာပြောပြလိုစိတ်မရှိဘူးတဲ့။ သတိပြန်လည်မလာတဲ့အချိန် လီလီယာရဲ့ စိတ်ဝိညာဉ်လေးက ဘယ်နေရာတွေ၊ ဘယ်သူတွေဆီသွားနေမှာလဲ။ ဘာတွေလုပ်နေမလဲ သိချင်ခဲ့မိလိုက်တာ။ အဲဒီနေ့ကနေ ညနေတိုင်း မာမားဖုန်းဆက်ချိန် လီလီယာဘယ်လိုလဲ မေးမိကြတယ်။ သတိပြန်လည်မလာပါဘူး ဆိုတာကိုပဲ ကျွန်မတို့ သိခွင့်ရတာပါ။ ဒါပေမဲ့ coma ဝင်သွားပြီး တစ်ပတ်လောက်မှာတော့ လီလီယာ သေဆုံးသွားပြီတဲ့။ မာမားကပြောပါတယ်။ လီလီယာရဲ့ ဈာပနကိုလည်း ကျွန်မတို့ မသွားနိုင်ခဲ့ကြပါဘူး။ လီလီယာရဲ့ အရိုးပြာကို လီလီယာဆန္ဒအတိုင်း ပြာမှုန်တွေကို တခြားသူတွေရဲ့ ပြာမှုန်တွေနဲ့အတူ ကြဲချပေးတဲ့ scattered ash group bury ပုံစံမျိုးနဲ့ ဘဲလ်ဂရိတ်မြို့က Novo Groblje သင်္ချိုင်းမှာတဲ့။ လီလီယာက ဘယ်လိုမြှပ်နှံပေးရမယ်ဆိုတာ စာရေးထားခဲ့တာလား။ ကျွန်မ မသိပါဘူး။ လီလီယာခင်ပွန်း စတဲဖန်နဲ့ လီလီယာ သားရဲ့ စိတ်ထဲမှာရော ဘယ်လိုခံစားနေရမလဲ။ အဲဒါတွေလည်း ကျွန်မ မသိနိုင်ခဲ့ပါဘူး။ Novo Groblje (Belgrade New Cemetery) မှာ သေဆုံးသူတွေရဲ့အလိုအရ ပြာမှုန်တွေကို ကြဲချပေးတဲ့ပုံစံနဲ့လည်း သဂြိုဟ်နိုင်ပါတယ်တဲ့။ သေဆုံးသူတွေရဲ့ ပြာတွေရောယှက်သွားပြီး မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မကွဲမကွာ အထီးကျန်မဆန်ဘဲနေနိုင်တယ်လို့ ယုံကြည်သူတွေရှိကြတာမို့ အဲဒီလို သဂြိုဟ်တဲ့ ပုံစံကိုရွေးချယ်ကြသူတွေရှိပါတယ်။ လီလီယာဟာ သေဆုံးသွားပြီးတဲ့အချိန်မှာတောင် အထီးကျန်နေရမှာကို ကြောက်လန့်သွားခဲ့မှန်း အဲဒီတော့မှ ကျွန်မ သိခဲ့ရတော့တယ်။
************************************
နွေရာသီနေ့တစ်နေ့မှာ ကျွန်မတို့ရဲ့ သူငယ်ချင်းမလေးတွေ မာရီယာ၊ ဂေါ်ဆာတို့ လာလည်ကြပါတယ်။ ကျွန်မက မာရီယာတို့ကိုကျွေးမွေးဧည့်ခံဖို့ ပြင်ဆင်ချက်ပြုတ်နေသလို၊ နဲရှာကတော့ မြစ်ထဲ လှေစီးကြဖို့ လှေကို သန့်ရှင်းဆေးကြောနေတယ်။ မာရီယာတို့လည်း ရောက်နေကြပြီပေါ့။ မာရီယာတို့က လက်ဆောင်ပစ္စည်းလေးတွေဝယ်လာကြတယ်။ ကော်ဖီ၊ ဝိုင်၊ မုန့်အချိုလေးတွေ၊ ရေခဲမုန့် ကွတ်ကီးစသဖြင့်ပေါ့။ အဲဒါတွေအတူတူပြင်ဆင်ကြရင်း ကျွန်မတို့ ခြံထဲ လမ်းလျှောက်စကားပြောကြပါတယ်။ ကျွန်မတို့ အိမ်အရှေ့ထောင့်မှာ နှင်းဆီနီနီလေးကိုတွေ့တော့ ပန်းချစ်တဲ့ မာရီယာက ပန်းလေးသိပ်လှတာပဲတဲ့။ ဟုတ်တယ် နှင်းဆီနီနီလေးက အရိုးလေးဖြောင့်ဖြောင့်လေးနဲ့ ပွင့်ချပ်များများစွင့်ကားကား နှင်းဆီနီလေးပါ။ နှင်းဆီပန်းလေးတွေပွင့်လာရင် ကျွန်မ သိပ်သဘောကျပါတယ်။ ပန်းလေးတွေပွင့်လာပြီဆိုရင်တော့ ခူးပြီး ဘုရားပန်းကပ်၊ ပန်းအိုးထိုးဖို့ကတော့ မပျင်းရိတတ်သူကျွန်မပေါ့။ မြေကြီးတူးဆွ ဂရုတစိုက်ပြုစုယုယဖို့ကျတော့ အပျင်းကြီးတတ်တယ်။ နဲရှာ မြေကြီးတကိုင်ကိုင် ဟိုအပင်ဒီအပင်လေးတွေ စိုက်နေတာ ခဏခဏတွေ့နေမိပေမဲ့ ဘာပင်လေးတွေလည်းတောင် သတိထားမကြည့်မိခဲ့ပါဘူး။
“ဖြူ … အဲဒီနှင်းဆီနီလေးက လီလီယာ ပေးထားတဲ့အပင်လေးလေ၊ ဒီနှစ်နွေရာသီ ပထမဆုံးပွင့်လာတာ”
ကျွန်မတို့ အနားကိုရောက်လာတဲ့ နဲရှာက ပြောလိုက်တာပါ။ လီလီယာ.. ကျွန်မ လီလီယာကို နင့်နင့်သည်းသည်းသတိရလိုက်တာ။ အို ... ကျွန်မ မသိလိုက်ပါလား။ ဒီနှင်းဆီပင်လေးက လီလီယာပေးထားခဲ့တာတဲ့။ နှင်းဆီပွင့်နီနီလေးက လီလီယာရဲ့ အပြုံးလေးတစ်ပွင့်လိုပဲ သိပ်လှတာပဲ။ မာရီယာက ကျွန်မဘေးမှာ ရှိနေတာမို့ မာရီယာကို လီလီယာအကြောင်းပြောပြလိုက်တယ်။ ကျွန်မ လီလီယာအကြောင်းစာတစ်ပုဒ်ရေးချင်တဲ့အကြောင်း၊ လီလီယာအကြောင်းလေးတွေးမိတိုင်း သူ့ခံစားချက်တွေနောက်လိုက်ပါခံစားမိရင်းနဲ့ ကျွန်မအနားမှာရှိနေတဲ့ သူတွေကို ကျွန်မ ပိုဂရုစိုက်ချင်တဲ့အကြောင်း၊ တတ်နိုင်သလောက် ပိုပိုပြီး ဂရုစိုက်ဖို့ ကြိုးစားနေတဲ့အကြောင်းတွေ ပြောပြမိတယ်။ လီလီယာက ကျွန်မကို သင်ခန်းစာတွေပေးသွားသလိုပဲလို့လည်းပြောပြမိတယ်။ အဲဒီတော့ သူငယ်ချင်းမလေး မာရီယာက မျက်ရည်တွေအိကနဲ ဝေ့တက်လာတာကို ထိန်းလိုက်ရင်း “ဖြူ … လီလီယာကို သိပ်ပြီး ဂရုမစိုက်မိခဲ့ဘူးဆိုပြီး နောင်တရမိလား” တဲ့ ကျွန်မကိုမေးတယ်။
“ဟင့်အင်း တို့က အဲဒီအချိန်တုန်းက ဆားဘီးယန်းစကားလည်း သိပ်မပြောတတ်ခဲ့သေးပါဘူး။ လီလီယာပြောသမျှကိုတောင် မနည်းကြိုးစားနားထောင်ခဲ့ရတာ။ စကားတွေများများမပြောဖြစ်ခဲ့ဘူး။ ဒါပေမဲ့ လီလီယာရဲ့ အပြုံးတွေ တို့ အမြဲ လက်ခံယူခဲ့တယ်။ တို့ကလည်း အပြုံးတွေ ပြန်လှယ်ခဲ့တာပဲ။ ငါတို့ အပြုံးတွေ ဖလှယ်ခဲ့ကြတာပါ။ အခုလည်း တို့ ကြိုးစားနေပါတယ်။ လီလီယာ သိနိုင်ရင် သူ သဘောကျမှာပါ” လို့ပဲ ကျွန်မ ပြောပြခဲ့ပါတယ်။
စိမ်းကားပြတ်တောက်တဲ့ ဥပေက္ခာကို ရင်မဆိုင်နိုင်တော့လို့ ထွက်ပြေးအရှုံးပေးသွားခဲ့တဲ့ လီလီယာရဲ့ သေဆုံးခြင်း၊ ကင်ဆာရောဂါကို ကြံ့ကြံ့ခံအံတုရင်း သိပ်မကြာခင်လေးကမှ နောက်ဆုံးလက်လျှော့အရှုံးပေးသွားခဲ့ရတဲ့ ကျွန်မ အစ်မလတ်ရဲ့ သေဆုံးခြင်း အဲဒီလို သေဆုံးခြင်းမျိုးတွေ တွေ့ကြုံလာရတော့ သေဆုံးခြင်းတွေအကြောင်းတွေးမိလာသလို ကျွန်မရဲ့ သေဆုံးခြင်းကရော ဘယ်လိုမျိုးဖြစ်လာမလဲ စဉ်းစားလာမိတယ်။ ကျွန်မ မသေဆုံးခင်အချိန်မှာတော့ ကျွန်မ ပတ်ဝန်းကျင်က သက်ရှိ၊ သက်မဲ့လေးတွေကို တတ်နိုင်သလောက် ဂရုစိုက်၊ အလေးထားပေးဖို့ ကြိုးစားမှာပေါ့။
ရယ်စရာမောစရာဆိုရရင်တော့ နဲရှာ ကောက်ယူယူလာတတ်တဲ့ သစ်ရွက်ပုံဆန်းဆန်းလေးတွေ၊ ကွေ့ကွေ့ကောက်ကောက် စက္ကူအပိုင်းအစလေးတွေကို တိတ်တိတ်လေး လွှင့်မပစ်ဘဲ သူ sketch ဆွဲပြီးချိန်ထိ ရှိခွင့်ပေးထားဖို့၊ အချိန်တိုင်း နဲရှာအနားတိုးကပ်အိပ်နေလွန်းလို့ ကျွန်မ နဲရှာပေါင်ပေါ်အိပ်ချင်တဲ့အခါ နေရာမရှိတာကြောင့် တွန်းတွန်းလွှတ်ရတဲ့ ဂျက်ကီလေးကိုလည်း သူအိပ်ချင်သလောက် အိပ်ခွင့်ပေးလိုက်ဖို့၊ အဲဒီလို ကိစ္စလေးတွေကအစ သည်းခံ ဂရုစိုက်သွားပေးဖို့ လာမယ့် နှစ်အသစ်တစ်ခုမှာ ကျွန်မ ပိုပြီး ကြိုးစားရဦးမယ်။ အခုလောလောဆယ်တော့ စိတ်ထဲပေါ်လာတာလေးတွေ ချရေးထားလိုက်တော့တယ်။ နောက်ထပ် ဂရုစိုက်စရာ၊ အလေးထားစရာလေးတွေလည်း ဖြည့်တွေး ဖြည့်ရေး၊ ကြိုးစားနေဦးမှာပါ။
၂၀၁၈ နှစ်အသစ်အတွက်အမှတ်တရ စာတစ်ပုဒ်အဖြစ်
လီလီယာအတွက် အမှတ်တရ အပြုံးတစ်ပွင့်အဖြစ်
လီလီယာအနားမှာ။ ။
ဝန်ခံချက် - လီလီယာအကြောင်းအဖြစ်မှန်ပါ။ နှင်းဆီပင်လေးလည်း လီလီယာပေးခဲ့တဲ့အပင်လေးပါပဲ။ လီလီယာခင်ပွန်းနာမည်တော့ အမည်ပြောင်းရေးထားပါတယ်။
ဝန်ခံချက် - လီလီယာအကြောင်းအဖြစ်မှန်ပါ။ နှင်းဆီပင်လေးလည်း လီလီယာပေးခဲ့တဲ့အပင်လေးပါပဲ။ လီလီယာခင်ပွန်းနာမည်တော့ အမည်ပြောင်းရေးထားပါတယ်။
ဖြိုးဖြိုး
No comments:
Post a Comment