Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 11, 2019

မျက်တောင်လေးတွေမဆက်ခင် ကိုယ်သိထားချင်တာ

(ယောဂမဂ္ဂဇင်းတစ်ခုအတွက်ဟိုးတုန်းက ရေးထားဖူးတာ။
စာရေးဖို့ သွေးပူလေ့ကျင့်ခန်းလုပ်ချင်တာနဲ့ တင်လိုက်ပါတယ်။)

လာမယ့် ကိုယ့်နွေရာသီမင်္ဂလာပွဲလေးမတိုင်ခင်လေးမှာ ကိုယ့်စိတ်ကြိုက်မိတ်ကပ်ပညာရှင်က ညွှန်းလို့ ပထမဆုံးအကြိမ် မျက်တောင်ဆက်ကြည့်ခဲ့တယ်။ သူပြောတာက semi-permanent  မျက်တောင်တွေဟာ မျက်တောင်ကော့ဆေးသုံးထားတာထက်ပိုပြီး သဘာဝကျကျလှနေမယ်။ ဓာတ်ပုံထဲမှာ ပေါ်လွင်လှပနေမယ်တဲ့။ သူပြောတာ ၁၀၀ ရာခိုင်နှုန်းမှန်ခဲ့တာပဲ။ ကျွန်မရဲ့ မင်္ဂလာပွဲလေးမှာ လုံးဝစွဲမက်စရာအလှအပရှိနေတဲ့ကျွန်မလို့ ကိုယ့်ဘာသာခံစားခဲ့မိတယ်။ ဒါပေမဲ့ တစ်နှစ်မှာတစ်ကြိမ်ထက်ပိုပြီး ဆံပင်ညှပ်ဖို့တောင် အကြိမ်ကြိမ်စဉ်းစားတတ်သူ၊ တစ်ယောက်ယောက်ကို ယုံကြည်ပစ်လိုက်ဖို့ ခက်ခဲသူမျိုးဆိုရင်တော့ အဲဒီလို ပုံစံအသစ်ဖြစ်သွားမယ့်မျက်နှာလေးတစ်ခုရသွားဖို့က ကျွန်မတော့ သိပ်ပြီးမတိုက်တွန်းချင်ဘူး။ ကျွန်မတောင် မင်္ဂလာပွဲပြီးနောက်ပိုင်းမှာတော့ ဆက်ထားတဲ့မျက်တောင်လေးတွေကို ရှိမနေစေချင်တော့ဘူး။ ပြီးတော့ အဲဒီလိုအလှအပလေးတွေအတွက် ပိုက်ဆံဘယ်လောက်သုံးတတ်တဲ့အလေ့အကျင့်ရှိမလဲ၊ ပြီတော့အချိန်ရော၊ ကျန်းမာရေးနဲ့သက်ဆိုင်တာတွေဆိုတဲ့အကြောင်းတွေကြောင့်ပေါ့။


ကိုယ်တော့ ဒီအချက်လေးတွေကို မျက်တောင်မဆက်ခင်မှာ သိထားချင်ခဲ့တယ်လေ။
၁. Semi-permanent မျက်တောင်ဆက်တာဟာ ယာယီမျက်တောင်ဆက်နည်းနဲ့ မျက်တောင်တစ်ခုချင်းစီဆက်နည်း အဲဒါတွေနဲ့ကွဲပြားကြတယ်။ Semi-pernanant မျက်တောင်တွေဟာ မူလမျက်တောင်တွေရဲ့ထိပ်ပိုင်းမှာ ကော်နဲ့ တစ်ခုစီ ပညာရှင်က ဆက်ပေးရတာပါ လို့ ၁၂ ကျော်ကျွမ်းကျင်မှုရှိပြီးတဲ့ နယူးယောက်အခြေစိုက် မျက်တောင်ဆက်ပညာရှင် Courtney Akai က ပြောပါတယ်။ ဆက်ထားတဲ့မျက်တောင်တွေဟာ သင့်တော်သလိုဂရုစိုက်ပေးမယ်ဆိုရင် ရက်သတ္တ ၆ပတ်ကနေ ရက်သတ္တ ၈ ပတ်အထိခံနိုင်ပြီး မူလမျက်တောင်တွေက ပုံမှန်ကျန်ရစ်မယ်။ သူတို့ဘာသာ ကျွတ်ကျသွားကြပါလိမ့်မယ်။

၂. မျက်တောင်ဆက်တာဟာ မျက်လုံးတိုင်းရဲ့အခြေအနေနဲ့အဆင်ပြေမယ့် ကိစ္စမျိုးတော့မဟုတ်ပါဘူး။
မျက်တောင်ဆက်လိုက်တော့မယ်လို့ ကိုယ်တို့ဆုံးဖြတ်လိုက်ပြီးတာတောင် တခြားဆုံးဖြတ်စရာတွေအများကြီးပဲ ရှိနေဦးမှာပါ။ မျက်တောင်အမျိုးအစား မြွှေပါသားမွှေး mink, silk ပိုးသား ဒါမှမဟုတ် တခြား ဖန်တီးထားတဲ့ မျက်တောင်အသားမျိုးတွေရှိကြတယ်။ (mink က ဈေးပိုကြီးနိုင်တယ်။ ဒါပေမဲ့ ပိုပြီးနူးညံ့တယ်လို့ခံစားရတယ်။ ကြည့်ရတာ ပိုပြီးသဘာဝအတိုင်းဖြစ်နေစေတယ်။ ဒါပေမဲ့ တချို့ ဖန်တီးထားတဲ့ synthetic မျက်တောင်မျိုးတွေကလည်း အထူးပြုလုပ်ထားလာကြပြီးတော့ ကြည့်ရတာရော၊ ခံစားရတာရော သဘာဝအတိုင်းဖြစ်လာကြပြီ။ အဲဒီအမျိုးအစားတွေက mink မျက်တောင်ဈေးနှုန်းထက်တောင်ပိုများနိုင်ပါတယ်။) ပြီးတော့ မျက်တောင် အထူအကျဲသိပ်သည်းမှု (မျက်တောင်ပိုများရင် ပိုပြီးတော့ထူထူသိပ်သိပ်မျက်တောင်မျိုးရနိုင်တာပေါ့)။ မျက်တောင်ဘယ်လောက်ကော့မလဲ (ပိုပြီးခပ်မြင့်မြင့်ကော့မယ်ဆို အသွင်အပြင်မှာကွာသွားနိုင်သေးတာကိုး) ပြီးတော့ အရှည် ( တစ်ယောက်ချင်းစီရဲ့အကြိုက်အတိုအရှည်လည်းရွေးချယ်ဖို့ တကယ်ကို လိုအပ်လှတယ်။) အဲဒါတွေစဉ်းစားရွေးချယ်ပြီးပြီဆိုရင်နောက်ထပ် မျက်တောင်ကွေ့/ကော့ပုံ ကိုယ့်စိတ်ကြိုက်ပုံစံကို မျက်တောင်ဆက်ပညာရှင်ကို သေသေချာချာဆွေးနွေးပြောပြဖို့လည်း အရေးကြီးသေးတယ်။ natural look, cute cook, sexy နဲ့ glamorous ဆိုပြီး မျက်တောင်စိုက်နည်းပုံစံမတူ အသွင်အပြင်မတူဖြစ်သွားနိုင်တဲ့ပုံစံတွေလည်း ရှိနေသေးတာကြောင့်ပါ။ ကိုယ်က ချစ်စရာကောင်းတဲ့ အသွင်အပြင်လိုချင်တာလား sexy ကျကျပုံစံမျိုးလေးလား ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။

၃.  မျက်တောင်ပိုရှည်လေ မျက်တောင်ပိုများများလိုအပ်လေပါ။
Super-long မျက်တောင်တွေဟာ မျက်ခွံကနေမထိအောင်မျက်တောင်ကနေပဲ ဆက်ရတာပါ။ သဘာဝမျက်တောင်တွေထက် ကြည့်ရတာနည်းနေသလိုဖြစ်နေနိုင်တယ်။ အဲဒါကြောင့် ကျွန်မ ပထမဆုံးမျက်တောင်ဆက်ပြီးမြင်လိုက်ရတဲ့အသွင်အပြင်က ကျိုးတိုးကျဲတဲ ခပ်သော့သော့ပေါက်နေတဲ့ မျက်တောင်တွေလိုပဲ ကျွန်မထင်ခဲ့သေးတယ်။ ကျွန်မလည်း မျက်တောင်ဆက်ပြီး ၂ ရက်ကြာတော့ မျက်တောင်ဆက်တဲ့သူဆီပြန်သွားခဲ့တာပေါ့။ ကျွန်မ မင်္ဂလာပွဲမတိုင်ခင် မျက်လုံးတစ်လုံးမှာ မျက်တောင် ၃၀ လောက်ထပ်ပြီးစိုက်လိုက်ရတယ်။ မျက်တောင်တစ်ခုကို ၀.၅၀ ဒေါ်လာနဲ့ပါ။ ဒါပေမဲ့ ဒုတိယအကြိမ်မှာတော့ မျက်တောင်နည်းနည်း/တိုတာရွေးလိုက်တော့ ဈေးနည်းနည်းလျော့သွားခဲ့တယ်။


၎. မျက်တောင်ဆက်ပြီးရင်အနည်းဆုံး ၁၂ နာရီလောက်လှဲနေဖို့လိုအပ်ပါတယ်။
မျက်တောင်ဆက်ပေးတဲ့ပညာရှင်အများစုက မျက်တောင်ဆက်ပြီးတာနဲ့ ချွေးမထွက်စေဖို့၊ မငိုမိဖို့၊ ရေမကူးဖို့၊ မျက်နှာမသစ်ဖို့ အနည်းဆုံး ၁၂ နာရီလောက် သည်းခံနေပေးဖို့ပြောပါလိမ့်မယ်။ အဲဒါမှာ မျက်တောင်ဆက်ထားတဲ့ ကော် ခြောက်သွေ့ဖို့ စိတ်ချရမှာပါ။ ကော်က မခြောက်ခဲ့ရင် ပြုတ်သွားနိုင်တယ်။ မျက်လုံးဆီကို နေရာကျော်လွန်ရောက်သွားစေနိုင်တယ်လို့ Houston Baylor College of Medicine က မျက်စိပညာရှင် လက်ထောက်ပရော်ဖက်ဆာ Zaina Al-Mohtaseb က ပြောပါတယ်။ အဲဒီအခြေအနေဟာ မျက်လုံးတွေရဲရဲနီလာတာနဲ့ မျက်လုံးဓာတ်မတည့်မျက်စိကျိန်းတာလာတာမျိုးတွေ သက်တောင့်သက်သာမရှိတာတွေဖြစ်လာနိုင်ပါတယ်။
၅. မျက်တောင်ဆက်တာဟာ ဈေးကြီးပြီး ထိန်းသိမ်းပေးဖို့ကလည်း အချိန်ပေးရတာမျိုးပါ။
မျက်တောင်ဆက်တာဟာ mascara (မျက်တောင်ကော့ဆေး)လို အကျိုးဆက်ကတူတူပါပဲ။ ဒါပေမဲ့ ဆက်ထားတဲ့မျက်တောင်ပေါ်တော့ mascara မသုံးမိစေဖို့ အကြံပြုကြပါတယ်။ ဆက်ထားတဲ့မျက်တောင်တွေ ပျက်စီးနိုင်စေတာကြောင့်ပါ။ ဒါပေမဲ့ မျက်တောင်ဆိုးဆေးဝယ်သုံးစရာမလိုတော့ဘူး ပိုက်ဆံစုဆောင်းရာကျမယ်လို့တော့ ကလေးတွေးမတွေးလိုက်ပါနဲ့။ နယူးယောက်စီတီးမှာတော့ အခြေခံတစ်စုံစာကို ဒေါ်လာ ၁၀၀ အနည်းဆုံးပေးရမှာပါ။ (မျက်လုံးတစ်လုံးအတွက် မျက်တောင် ၇၀ ဒါမှမဟုတ် ၈၀ ကတော့ ထုံးစံအတိုင်းလိုအပ်ပါတယ်။) ပိုပြီးကျွမ်းကျင်တဲ့နာမည်ရမျက်တောင်ဆက်ပညာရှင်ဆို ဈေးပိုကြီးနိုင်သေးတယ်။ ဒေါ်လာ ၄၀၀ ဝန်းကျင်အထိကုန်ကျနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလောက်နဲ့ မရပ်သေးပါဘူး။ထိန်းသိမ်းဖို့ကုန်ကျငွေကျန်နေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ မျက်တောင်တွေဟာ ပေါက်နေ/ ရင့်သန်လာနေတာပါပဲ။ နောက်ဆုံးကျွတ်သွားကြတယ်။ အဲဒီတော့ ရက်သတ္တပတ်အနည်းငယ်ကြာတိုင်း ပြန်ပြန်ဖြည့်ဖို့ မျက်တောင်ဆက်ပညာရှင်နဲ့တွေ့ရပြန်တာပါပဲ။ အဲဒီအတွက် ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၁၆၅ ဝန်းကျင် ကိုယ်ဘယ်လောက်မျက်တောင်အသစ်လိုလဲဆိုတာအပေါ်မူတည်ပြီး ထပ်ပြီးကုန်ကျဦးမှာပါ။ ပိုရှည်တဲ့မျက်တောင်ဖြည့်မယ်ဆိုတိုင်း မျက်တောင်ပိုများများလိုဦးမှာပါပဲ။ တချို့မျက်တောင်ဆက်ပညာရှင်တွေက ပိုပြီးအသေးစိတ်လုပ်ရတဲ့ မျက်တောင်ပြန်ဖြည့်တာမျိုးမလုပ်ချင်ကြဘဲ တစ်စုံစာ အသစ် ပြန်ဆက်လိုက်တာကမှ ဈေးသင့်တယ်ဆိုပြီးတိုက်တွန်းနိုင်တယ်။ မျက်တောင်ပြန်ဖြည့်တာကိုလည်း ဈေးတင်ပြီးတောင်းနိုင်သေးတယ်။ တစ်စုံစာပြန်ဆက်မယ်ဆိုရင်လည်း ဈေးက ကုန်ကျနေတာပါပဲ။


၆. ဆက်ထားတဲ့မျက်တောင်တွေကြောင့် မျက်လုံးအလှဆင်မိတ်ကပ်ရှဲဒိုးတွေ သိပ်ပြီးမလိုတော့ပါဘူး
ကျွန်မပထမဆုံး မျက်တောင်ဆက်ပြီးတော့ အသွင်အပြင်က မျက်တောင်ကော့ဆေးဆိုထားသလိုပဲ။ ဆက်ထားတဲ့မျက်တောင်အခြေနားမှာ မျက်လုံးလိုင်နာလိုပဲ ထင်ရအောင်ဖန်တီးထားတယ်ဆိုတာ ကျွန်မ သဘောမပေါက်ခဲ့ဘူး။ ကျွန်မက အစကတည်းက မိတ်ကပ်ထူထူဘယ်တော့မှလိမ်းလေ့မရှိခဲ့ဘူး။ ဒါတောင် မျက်တောင်ဆက်ပြီး/ ကျွန်မ မင်္ဂလာပွဲပြီးတော့ မျက်လုံးမှာလိုင်နာ ရှဲဒိုးမိတ်ကပ်လိမ်းတာတွေရပ်လိုက်တယ်။ ဒါပေမဲ့ စက္ကန့်တိုင်း မင်းသမီးတစ်ဦးလို လှလှပပလေးခံစားနေရတယ်။ အရိုးသားဆုံးပြောရရင်တော့ အိပ်ရာထဲကထရင်၊ အားကစားလုပ် အပြေးလေ့ကျင့်ပြီးတာတောင် ကြွကြွရွရွလေး လှတဲ့မျက်တောင်တွေ ကျွန်မနဲ့အတူရှိနေသလို ခံစားရတယ် အဲဒီလောက်ပါပဲ။

၇. ဆက်ထားတဲ့မျက်တောင်လေးတွေက လိုင်နာဆိုးတဲ့အခါ ဖျက်တဲ့အခါမှာ သတိထားစရာ
မိတ်ကပ်အပြည့်ပြင်ဆင်ရမယ့်ကိစ္စရှိလာပြီဆို မျက်လုံးအတွက်လိုင်နာလေးဆိုရတာကိုက တကယ့်ကို ခက်ခက်ခဲခဲပဲ။ ဖန်တီးချဲကားထားတဲ့မျက်တောင်လေးတွေရဲ့ထောင့်ချိုးတွေက ကိုယ်တို့အမြင်ကို အတားအဆီးလုပ်ကြရော၊ လိုင်နာဆိုးရမယ့်လမ်းကြောင်းကို မြင်ရဖို့ခက်နေတတ်တာပေါ့။ လိုင်နာဖျက်မယ်ဆိုရင်လည်း မျက်လုံးကို ဖိပွတ်မယ်ဆို သဘာဝမျက်တောင်တွေဆုံးရှုံးပျက်စီးရတတ်တယ်။ ဂွမ်းလုံး ဒါမှမဟုတ် အဆီပါတဲ့မိတ်ကပ်ဖျက်တဲ့ cotton လေးတွေနဲ့ မျက်လုံးပေါ်ရှိနေတဲ့မိတ်ကပ်တွေဖျက်တဲ့အခါ လှလှပပမျက်တောင်တုလေးတွေအကြီးအကျယ်ဖရိုဖရဲဖြစ်စေနိုင်သေးတယ်။ မတော်တဆ သူတို့ကို ဆွဲခွာသလိုဖြစ်တာ ဒါမှမဟုတ် ကော်က ဆီနဲ့ပျော်ဝင်သွားနိုင်တာတွေဖြစ်တတ်တယ်။ အဲဒီတော့ မျက်လုံးမှာ လိုင်နာ ရှဲဒိုး မိတ်ကပ်အပြည့်အစုံအလှဆင်ဖို့လိုခဲ့တယ်ဆိုရင် အဲဒီညပြန်ဖျက်တဲ့အခါ ဆီမပါတဲ့ pad မျိုးနဲ့ အသာအယာတို့ထိ ဖျက်ပေးရမှာပါ။

၈. နေ့စဉ်ထိန်းသိမ်းရတာ သက်တောင့်သက်သာရှိနေမှာမဟုတ်ဘူး။
မျက်တောင်တွေဟာ အိပ်နေတဲ့အခါ ဒါမှမဟုတ် ရေစိုတဲ့အခါ ဖိုးရိုးဖားရားဖြစ်နေနိုင်ပြီး ကြည့်ရတာရှုပ်ယှက်ခတ်နေသလို ဖြစ်နေနိုင်တယ်။ ပြီးတော့ ဖုန်မှုန့်တွေသိမ်းယူမိထားနိုင်တယ်။ အဲဒါကြောင့် mascara သုံးတဲ့ brush အသန့်လေးနဲ့ နံနက်အိပ်ရာထချိန်၊ ရေချိုးပြီးချိန်နဲ့ ညတိုင်း နူးနူးညံ့ညံ့လေးကိုင်တွယ်သန့်ရှင်းပေးဖို့ အရေးကြီးလှပါတယ်။ (ညပိုင်းမျက်တောင်သန့်ရှင်းပေးဖို့အတွက် baby shampoo အပျော့စားလေး သုတ်လိမ်းပေးနိုင်တယ်။) မျက်တောင်တွေမဆေးမကြောသင့်ဘူးဆိုတာ ယုံတမ်းစကားပါလို့ Akai က ပြောပါတယ်။ ဒါပေမဲ့ ဆက်ထားတဲ့မျက်တောင်လေးတွေကို လက်နဲ့ပွတ်သပ်ကိုင်တွယ်ကြည့်နေတာ၊ ဆော့ကစားနေတာ၊ ပွတ်တိုက်တာမျိုးတွေတော့ မပြုလုပ်ဖို့ Akai က သတိပေးထားပါတယ်။

၉. ဆက်ထားတဲ့မျက်တောင်လေးတွေဟာ ကိုယ့်တို့မျက်လုံးတွေနဲ့ အသည်းအသန်အရှုပ်အထွေးဖြစ်နိုင်တယ်။
ကျွန်မ တတိယအကြိမ်မျက်တောင်ဆက်တော့ အလှပြင်ခန်းမကထွက်လာတုန်းက သိပ်လှတဲ့မျက်တောင်လေးတွေနဲ့ပါပဲ။ ဒါပေမဲ့ မျက်လုံးတွေက တကယ့်ကိုနီရဲလာခဲ့တယ်။ (တတိယအကြိမ်ဆက်တော့ Akai ဆီမှာမဟုတ်ဘူး) နောက်နေ့နံနက် မျက်လုံးတွေနီနေတုန်းပဲ။ ယားယံတာပါထပ်ဖြစ်လာတော့ စပြီးစိတ်ပူလာတော့တယ်။ အဲဒီညမှာ မျက်လုံးထောင့်နားတွေမှာ အဝါရောင်မျက်ဝတ်တွေထွက်လာတာ သတိပြုမိလိုက်တယ်။ ပြီးတော့ ဘယ်ဘက်မျက်လုံးမှာ အသားမကျတစ်ခုခုပြင်ပပစ္စည်းဝင်နေသလိုခံစားမှုဖြစ်လာရော၊ နောက်တစ်နေ့ သူနာပြုဆရာမနဲ့ မျက်လုံးသွားစစ်ပါတယ်။ သူနာပြုဆရာမက အမြန်ဆုံး မျက်တောင်တွေပြန်ဖယ်ထုတ်ဖို့ အလှပြင်ခန်းမကို ပြန်သွားပါလို့ပြောလိုက်ပေမဲ့ ကျွန်မ မသွားဖြစ်ဘူး။ မျက်ကြည်လွှာပျက်စီးမှုရှိမရှိကိုဘဲ စစ်ဆေးဖို့ အရေးပေါ်မျက်စိစစ်တဲ့နေရာကိုသွားခဲ့ပါတယ်။ အရေးပေါ်ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး ဗက်တီးရီးယားပိုးကူးစက်မှု conjunctivitis (pink eye) ဖြစ်တယ်လို့အဖြေထုတ်ပါတယ်။ မျက်တောင်ဆက်ပညာရှင်က ကျွန်မမျက်လုံးကို လက်အိပ်မပါ လက်ဗလာနဲ့ အလုပ်လုပ်ခဲ့တာကြောင့်ပိုးကူးစက်မှုဖြစ်နိုင်တယ်လို့ ကျွန်မထင်ခဲ့တယ်။ (Akai ပြောတာကတော့ လက်အိပ်နဲ့ မျက်တောင်ဆက်တာပြုလုပ်လို့မရပါဘူးတဲ့။ လက်အိပ်နဲ့ဆို သူတို့အကုန်ရောကုန်ကြလိမ့်မယ် လို့  နောက်ပိုင်း Akai ကရှင်းပြခဲ့ပါတယ်။) ဆရာဝန်က antibiotic မျက်စိအစက်ချဆေးရည်ပေးပါတယ်။ အဲဒီဆေးရည်သုံးနေတဲ့အချိန် ၇ ရက်ပြီးတာတောင် ယားယံနေတာ ပျောက်မသွားဘူးဆိုရင်တော့ မျက်တောင်အသစ်တွေကို ပြန်ပြီးဖယ်ရှားပစ်ရမယ်လို့ပြောတယ်။ ကျွန်မကတော့ ဆေးရည်အစက်ချတာ ၃ ရက်ကြာပြီး ယားယံတာပျောက်သွားပါတယ်။ မျက်စိနီနေတာကတော့ နောက်ရက်အနည်းငယ်ကြာတော့ ပျောက်သွားခဲ့တယ်။ အဲဒီဖြစ်နိုင်ချေတွေနည်းပါးစေဖို့က မျက်တောင်ဆက်ပညာရှင်က client တစ်ဦးပြီးတိုင်း လက်သေချာဆေးဖို့၊ မျက်နှာဖုံးတပ်ဖို့၊ ပိုးသတ်သန့်စင်ထားတဲ့ခေါင်းအုံးစွပ်၊ အသေအချာပိုးသတ်သန့်စင်ထားတဲ့ မွေးညှပ်၊ ဇာဂနာကိရိယာနဲ့ တစ်ခါသုံးမျက်တောင်သုံး brush တွေကို အသုံးပြုပေးဖို့ အရေးကြီးလှတယ်လို့ Akai ကပဲ ရှင်းပြတယ်။ မျက်တောင်ဆက်ထဲ့အခါ တုံ့ပြန်မှုဖြစ်တာ အင်မတန်အဖြစ်များလှတယ်။ ဂျပန်မှာစစ်တမ်းကောက်ယူထားတဲ့စာရင်းတစ်ခုမှာ ၂၆.၅ ရာခိုင်နှုန်းခန့်ဟာ မျက်တောင်ဆက်ပြီးတော့ မျက်လုံးနီရဲ၊ ဓာတ်မတည့်ယားယံတာ၊ မျက်ခွံရောင်တာတွေဖြစ်ကြတယ်လို့ ဖော်ပြထားတယ်။ အဲဒါဟာ မျက်တောင်ဆက်ကော်ထဲမှာပါတဲ့ formaldehyde နဲ့ ဓာတ်မတည့်တာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အမေရိကန်လုပ်ကော်တွေမှာတော့ အဲဒီပါဝင်ပစ္စည်းမျိုးသုံးမထားဘဲ စိတ်ချရတဲ့အမျိုးအစားတွေရှိတယ်လို့ဆိုတယ်။ ကော်တွေမှာ butylcyanoacrylate နဲ့ octylcyanoacrylate တို့နဲ့ပြုလုပ်ထားတာတွေက စံအသုံးများတဲ့ကော်ပါ။ ခြောက်သွေ့လွယ်တယ်။ အနံ့ကင်းတယ်။ ယေဘူယျအားဖြင့် မျက်လုံးနဲ့ဓာတ်မတည့်ဖြစ်နိုင်တဲ့ အဆိပ်အတောက်နည်းပါးတယ်လို့ ဒေါက်တာ Al-Mohtaseb ကပြောပါတယ်။ ကျွန်မအတွက် ဗက်တီးရီးယားပိုးကူးစက်ခံခဲ့ရတာကတော့ မျက်တောင်ဆက်တုန်းက အသုံးပြုခဲ့တဲ့ မျက်ခွံပင့်တင်ဖို့သုံးတဲ့ tape တွေကနေဖြစ်နိုင်တယ်လို့ ထင်မိတယ်။ တကာယ်လို့ မျက်တောင်ဆက်ပြီး ပုံမှန်မဟုတ်တဲ့လက္ခဏာမျိုးခံစားလာရပြီဆိုရင် အလှပြန်ခန်းမကိုပြန်သွားပြီး မျက်တောင်တွေကိုပြန်ပြီးဖယ်ရှားပါ။ “ဗက်တီးရီးယားပိုးကူးစက်တာနဲ့ ဓာတ်မတည့်ယားယံတာမျိုး၊ တစ်ခါတလေနှစ်ခုလုံးဖြစ်တာမျိုး အဲဒါတွေက ခွဲခြားသိရဖို့ခက်ခဲတော့ ဖြစ်လာခဲ့ရင် အမြန်ဆုံးဖယ်ရှားလိုက်တာကပဲ အကောင်းဆုံးဖြေရှင်းကုသမှုမျိုးပါ” လို့ ဒေါက်တာ Al-Mohtaseb ကပြောပါတယ်။

၁၀. မျက်တောင်ဆက်ပြီးတော့ ကိုယ်တို့ရဲ့ သဘာဝမျက်တောင်လေးတွေက ပိုပြီးတိုသွားတယ်လို့ထင်ရတယ်
Akai ပြောတာကတော့ မျက်တောင်ဆက်တာဟာ သဘာဝမျက်တောင်ကျိုးပဲ့ပျက်စီးမှုမဖြစ်သင့်ဘူး။ သဘာဝမျက်တောင်ရဲ့ခံနိုင်ဝန်အားထက်ပိုပြီးလေးတဲ့မျက်တောင်မျိုးမသုံးသင့်ဘူးလို့ဆိုတယ်။ ကျွန်မ ပထမမျက်တောင် set ဖယ်ရှားပြီး ပြန်မဆက်ခင် ကျွန်မ သဘာဝမျက်တောင်ကြည့်လိုက်တော့ မယုံကြည်နိုင်လောက်အောင်ပဲ ပိုပြီးတိုသွားကြသလိုပဲ။

၁၁. မကြာခဏမျက်တောင်ဆက်တာဟာ သဘာဝမျက်တောင်တွေ တစ်သက်တာပျက်စီးနိုင်တယ်ဆိုတာ ဘယ်သူမှမသိကြဘူး။
ကျွန်မ ဒေါက်တ Al-Mohtaseb ကို အဲဒီအကြောင်းမေးကြည့်တယ်။ သူမက အတိအကျ အာမခံရှိတဲ့အဖြေမျိုးမပေးပါဘူး။ “မျက်တောင်ဆက်တာဟာ သဘာဝမျက်တောင်တွေရဲ့ အလျား၊ ကြီးထွားမှုနဲ့ ရေရှည်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိခိုက်မှုရှိတယ်ဆိုတာပြနေတဲ့ အချက်အလက်များများတော့ မရှိပါဘူး။ ဒါပေမဲ့ တချို့ကတော့ မျက်တောင်ဆက်တာ ထပ်ခါထပ်ခါပြုလုပ်တာကြောင့် ဖိထားတဲ့ပုံမှန်အလေးချိန်ဟာ သဘာဝမျက်တောင်ကို ဆွဲဖိထားသလိုဖြစ်ပြီး ကျွတ်ကျနိုင်တယ်” လို့တော့ သူမက ဖြေခဲ့တယ်။

၁၂. ဈေးနှုန်း/ အဆင်မပြေမှု/ နှစ်သက်စရာမကောင်းတဲ့ စေးကပ်ကပ်နိုင်မှု အဲဒီဖြစ်နိုင်ချေတွေကို မမှုဘဲ မျက်တောင်ဆက်ဖို့ သိပ်ပြီးစွဲလမ်းနေသူလေးဆိုရင်
ကျွန်မတော့ နောက်ဆုံးအကြိမ် မျက်တောင်ဆက်ပြီးတဲ့နောက် ဆရာဝန်နှစ်ယောက်နဲ့တွေ့ခဲ့ရတယ်။ antibiotic မျက်လုံးအစက်ချဆေးရည်တွေဝယ်ရတယ်။ ယားကျိကျိမျက်လုံးတွေနဲ့ ရက်သတ္တတစ်ပတ်ကြာ ဖြတ်သန်းလိုက်ရတယ်။ ဗက်တီးရီးယားပိုးကူးစက်တာမပျံ့နှံ့အောင် အလုပ်မသွားရဘဲ အိမ်မှာပဲ ၂ ရက်နေခဲ့ရတယ်။ ဒါပေမဲ့ ဝန်ခံချင်သေးတဲ့ ရုးရူးမူးမူးစိတ်ကူးလေးအကြောင်းက ကျွန်မ သူတို့ကို ချစ်မက်နေတုန်းပဲဆိုတာပါ။

ဖြိုးဖြိုး
Source: 12 Things I Wish I Knew Before Getting Eyelash Extensions By Elizabeth Narins | Cosmopolitan

No comments: