Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ဂီတပွဲအတွေ့အကြုံဆောင်းပါး. Show all posts
Showing posts with label ဂီတပွဲအတွေ့အကြုံဆောင်းပါး. Show all posts
Monday, June 07, 2010
Songs of the Soul Music Concert
၇ ရက်နေ့ ည ၈ နာရီ ၇ ရက်နေ့က ဘဲလ်ဂရိတ် Dom Sindikata ခန်းမမှာ Songs of the Soul music concert သွားကြည့်ဖြစ်ပါတယ်၊ Songs of the Soul ဟာ ဟိန္ဒူတရားဟော တရားပြဆရာ Sri Chinmoy ကို ဂုဏ်ပြုတဲ့ musci journey ပါ၊ ဘဲလ်ဂရိတ်မှာ ၇ ရက်နေ့က ဖျော်ဖြေခဲ့ပြီး၊ ၈ ရက်နေ့မှာ ဟန်ဂေရီက မြို့လေး ပဲချူးရီ နဲ့ ၉ ရက်နေ့မှာ တော့ ခရိုအေးရှား မြို့တော် ဇာဂရက်ဘ်မှာဖျော်ဖြေကြလိမ့်မယ်၊ အမေရိက ခရီးစဉ်မှာတော့ နယူးယောက် မှာ သြဂုတ်လ ၂၈ရက်နေ့မှာ ဖျော်ဖြေကြပါမယ်၊
ရှရီချင်းမွိုင်ဟာ ဘင်္ဂလားဒေ့ရှ်(East Bengal)မှာ ၁၉၃၁ ခုနှစ်ကမွေးဖွားခဲ့ပါတယ်၊ ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်၊ ဘဲလ်ဂရိတ်မှာ တရားဟော တရားပြဆရာ၊ ဒဿနိကပညာရှင်အဖြစ်နာမည်ကြီးလှပါတယ်၊ ဗုဒ္ဓဘာသာဘုရားကျောင်း၊ ဘုရားပုထိုးစေတီတစ်ခုမှ ဘဲလ်ဂရိတ်မှာ ရှိမနေပေမဲ့ ရှရီချင်းမွိုင်စတင်တည်ထောင်ခဲ့တဲ့ တရားစခန်းမှာ ဆားဘီးရန်းလူငယ် လူကြီး မိန်းကလေးတွေပါ တော်တော်များများတရားထိုင်ကြတယ်၊ တရားထိုင်တာကို သူတို့စိတ်ဝင်စားကြတယ်၊ နဲရှောကိုယ်တိုင် ၁၅နှစ်လောက် တရားစခန်းမှာ တရားထိုင်ခဲ့ဖူးတယ်၊ တရားစခန်းရဲ့အဖွဲ့ဝင်တွေက အိမ်ထောင်မပြုရဘူးလို့ဆိုတယ်၊ နဲရှောကသူ အိမ်ထောင်ပြုလိုက်တော့ အဖွဲ့ဝင်မဟုတ်တော့ဘူးလို့ပြောပြတယ်၊ စိတ်မကောင်းဖြစ်နေလားလို့ ကျွန်မကမေးမိတော့ မိသားစုဘ၀ကိုသူကြိုက်တယ် လို့ ခပ်ရိုးရိုးပဲ ဖြေပါတယ်၊ ရှရီချင်းမွိုင် တရားစခန်းမှာ စိတ်ကိုထိန်းချုပ်နည်း၊ ၀င်လေထွက်လေမှတ်နည်းကျင့်စဉ်ကအတူတူပဲ ဖြစ်ပေမဲ့ ဖန်ဆင်းရှင်ဘုရားကို ယုံကြည်ပါတယ်၊ ဗုဒ္ဓဘုရားရှင်ကိုလည်းလေးစားတယ် လို့ ဆိုတယ်၊ တရားထိုင်နည်းသင်ကြားပြသပေးပေမဲ့ ဗုဒ္ဓဘာသာအစစ်မဟုတ်ပါဘူး၊ ရှရီချင်းမွိုင်က ဟိန္ဒူဘာသာဝင်ပါပဲ၊ နဲရှောစာအုပ်တွေ ရှင်းပေးရင်းနဲ့ ရှရီချင်းမွိုင်ရေးထားတဲ့ စာအုပ်လေးတွေ အများကြီးပဲတွေ့တယ်၊ ရှရီချင်းမွိုင်က စိတ်ရဲ့ငြိမ်းချမ်းရာကို ပုံဖော်သင်ကြားပေးရာမှာ ဂီတ၊ အားကစားနဲ့ ထိန်းချုပ်ပါတယ်၊ အပြေးလေ့ကျင့်ခန်းကိုလဲ စိတ်ကိုထိန်းချုပ်နည်းတစ်မျိုးအဖြစ် ရှရီချင်းမွိုင်က ဟောပြောခဲ့တယ်၊ အခုထက်တိ ရှရီချင်းမွိုင်တရားစခန်းက မာရသွန်ပြိုင်ပွဲတွေ နှစ်စဉ် ပြုလုပ်နေဆဲပါ၊ နဲရှောကိုယ်တိုင်လဲ မာရသွန်ပြေးခဲ့ဖူးတယ်၊ ကျွန်မကတော့ ပျင်းတယ် မပြေးနိုင်ဘူး၊ သူ က သူငယ်ချင်းနဲ့ ရှေ့ကပြေးရင် နောက်က စက်ဘီးစီးပြီးလိုက်တယ်၊
Songs of the Soul ဂီတဖျော်ဖြေပွဲမစခင် ခန်းမအရှေ့မှ ဆာရီဝတ်ထားတဲ့ အမျိုးသမီးလေးတွေအနည်းငယ်တွေ့လိုက်မိသေးတယ်၊ လူတွေတော်တော်များတယ်၊
လက်မှတ်က အခမဲ့ပေးပါတယ်၊ နဲရှောကိုတော့ တရားစခန်းက သူ့သူငယ်ချင်းက အိမ်ကိုလာလည်ရင်း ၇စောင်လောက်ပေးသွားတယ်၊
ပထမဆုံးသီချင်းမစခင်မှာ မောင်းအကြီးကြီးကို ခပ်ဖြေးဖြေးကနေ နည်းနည်းမြန်ထုတယ်၊ မြန်ရာက ပြန်နှေးသွားပြီး မောင်းသံအဆုံးမှာ ဆာရီဝတ်ထားတဲ့ ဆားရ်ဘီယန်းမိန်းကလေးတစ်ယောက် စန္ဒရားအတီးနဲ့စတယ်၊ ဂီတပုံစံက အိန္ဒိယတေးသွားတွေလိုပါပဲ၊ ရှရီချင်းမွိုင်ဟာ သီချင်း၊ ကဗျာ၊ စာတွေလဲ ရေးတဲ့သူပါ၊ ဂီတတူရိယာတွေလဲ ကျွမ်းကျွမ်းကျင်ကျင်တီးနိုင်တယ်၊ သူ့ အိန္ဒိယတေးသွားပုလွေသံက နားထောင်ကောင်းလှပါတယ်၊ ကျွန်မကတော့ ဒီမှာ အရှေ့တိုင်းယဉ်ကျေးမှု မတွေ့ရတော့ မြန်မာတွေနဲ့ ရင်းနှီးနေတဲ့ အိန္ဒိယတေးသွားကြားယောင်ပြီး မြန်မာပြည်ကိုလွမ်းပါတယ်၊ အစီအစဉ် ၇ ပိုင်းလောက်ဖျော်ဖြေကြတယ်၊ သီချင်းတွေအားလုံးက ရှရီချင်းမွိုင်ရေးထားတဲ့စာသားနဲ့ သံစဉ်တွေပါပဲ၊ ပါဝင်ဖျော်ဖြေကြတဲ့ ဂီတပညာရှင်တွေက arrangement ပြန်လုပ်ထားကြတယ်လို့ နဲရှောကပြောပြတယ်၊ ဗုံ၊ စောင်း၊ ပုလွေ တူရိယာတွေပါကြတယ်၊ တော်တော်နားထောင်ကောင်းပါတယ်၊ သီချင်းဆိုနေတဲ့အချိန်မှာ သီဆိုသူတွေအားလုံး လက်အုပ်ချီထားကြတယ်၊ နောက်ဆုံး အဖွဲ့လိုက် ၃ ပုဒ် ဆိုလို့ အပြီးမှာ သီဆိုခဲ့ကြတဲ့ဂီတပညာရှင်တွေအားလုံး လက်အုပ်ချီလျှက် ပရိသတ်ထဲကို ဆင်းလာပြီး ခန်းမအ၀င်ပေါက်ကနေ အပြင်ဘက်ကိုထွက်သွားကြတယ်၊ ပြီးမှ ပရိသတ်တွေအားလုံးနေရာကထကြတယ်၊
ကျွန်မဘုရားကျောင်းမှာ အော်သိုဒေါစ့်ခရစ်ယာန်တွေလိုဘုရားဝတ်ပြုပေမဲ့ လက်အုပ်ချီကန်တော့ရတာကိုလဲ စိတ်ထဲမှာစွဲနေခဲ့ပါပြီ၊ နဲရှောကလည်း ကျွန်မကြိုက်သလို ကိုးကွယ်ဖို့ပြောပါတယ်၊ ကျွန်မရန်ကုန်ပြန်လည်ဖြစ်လို့ ဘုရားရောက်ရင် လက်အုပ်ချီကန်တော့ဦးမှာပါပဲ၊ ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေအတိုင်းလဲ လိုက်နာကျင့်သုံးနေဆဲပါပဲ ....
ရှရီချင်းမွိုင်အကြောင်းဖတ်ကြည့်ချင်တယ်ဆိုရင် ...
http://en.wikipedia.org/wiki/Sri_Chinmoy
Songs of the Soul
http://www.songsofthesoul.com/en/sri-chinmoy
http://www.songsofthesoul.com/en-US/songs-soul
မော်နီတာဂျာနယ် Vol (1). No (15)
Thursday, March 25, 2010
အနိမ့်အမြင့်အတက်အကျ အီတလီပြဇာတ်အက
ကျွန်မက အသက်သာကြီးလာရော စတိတ်ရှိုးဆိုရင်တောင် ဆံပင်တွေဖားဖားလျားလျားနဲ့ စင်ပေါ်ဝုန်းဒိုင်းကျဲ၊ ဟိုဒီပြေးနေတဲ့ သီချင်းမျိုးတွေဆိုတဲ့ စတိတ်ရှိုးမျိုးမှကြိုက်တာ၊ ပြီးတော့ ရန်ကုန်မှာတုန်းကဆိုရင် စတိတ်ရှိုးလက်မှတ်တွေဈေးကြီးလွန်းတော့ လေးဖြူတို့ မျိုးကြီးတို့ သူတို့ဖျော်ဖြေတဲ့ပွဲတွေတစ်ခါမှ မကြည့်ဖြစ်ခဲ့ဘူး၊ အစ်မကကပ်စေးနည်း ကျွန်မကလဲ တူတူပါပဲကပ်စေးကခပ်နည်းနည်း၊ အဲဒီလို ပိုက်ဆံကုန်မခံချင်တာနဲ့ပဲ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ စနေ၊ တနင်္ဂနွေ free show ရှိတဲ့နေ့ပဲ စုံစမ်း၊ ရှိတယ်ဆိုသွားကြည့်ရင်းနဲ့  Nine Planet underground အဖွဲ့တွေ ဆိုတာကြည့်ဖြစ်တယ်၊ အဲဒီအဖွဲ့တွေကို သိပ်ကြိုက်သွားတယ်၊ Reviver ကပုံ့ပုံ့ တို့သီချင်းတွေလဲသိပ် ကြိုက်တယ်၊ ဒါတောင် ပုံ့ပုံ့က တချက်တချက်ခပ်ငြိမ်ငြိမ် ဖြစ်သွားတတ်လို့ အားမလိုအားမရဖြစ်မိသေးတယ်၊ လူနဲ့ စတိုင်လဲလှလို့ကြိုက်ပေမဲ့ ပိုလှုပ်စေချင်မိသေးတယ်၊ နောက်ပိုင်း အဲဒီအဖွဲ့တွေဆိုမယ်ဆိုရင် ရောက်အောင်သွားကြည့်ဖြစ်တယ်၊ အဖေရယ် အမရယ်၊ ကျွန်မရယ်၊ အဖေကတော့ ကျွန်မတို့ဘယ်ခေါ်ခေါ်လိုက်တယ်၊ သီချင်းတွေက နားကွဲအောင်ဆူညံလွန်းနေပစေ ခပ်ပြုံးပြုံးပဲ၊ သမီးတွေအကြိုက်ကို မရအရလိုက်နားထောင်ပေးတယ်၊
ဒီမှာတော့ အီတလီ ပြင်သစ်ယဉ်ကျေးမှုမျိုးတွေလွှမ်းမိုးနေတယ် ဘဲလ်ဂရိတ်သားတွေကလဲ ပြဇာတ်ရုံတွေမှာ ဘဲလေးကဇာတ်မျိုး၊ ဆိုပရာနို(အမြင့်သံ)အဆိုရှင်တွေ အဆိုနဲ့သာသရုပ်ဖော်ကပြတဲ့ ကဇာတ်မျိုးတွေ ကြည့်ဖို့ဝါသနာကြီးကြတယ်၊ ပင်စင်စားအဖိုးအဖွားတွေလဲ အစိုးရအထောက်အပံ့တွေရှိနေကြတော့ ဘ၀နောက်ဆုံး အချိန်တွေမှာ အေးအေးလူလူ နေနိုင်ကြတယ်၊ ပြဇာတ်ကြည့်ကြတယ်၊ သူငယ်ချင်းတွေဆီအိမ်လည်သွားကြတယ်၊ အဖိုးအဖွားတွေ တစ်ယောက်လက်တစ်ယောက်တွဲလို့ တလှုပ်လှုပ်သွားနေကြတာ ဘယ်နေရာမဆိုမြင်တွေ့နိုင်တယ်၊ ကျွန်မအမျိုးသားနဲရှောရဲ့ အဖေအမေလဲ သူငယ်ချင်းကခေါ်လို့ သွားတဲ့အခါသွား၊ သူတို့ကသူငယ်ချင်းကို လှမ်းခေါ်ပြီး ချိန်းတဲ့အခါချိန်းနဲ့၊ နဲနဲမှ ငြိမ်ငြိမ်မနေကြဘူး၊ သူတို့ဘာသာ ပြဇာတ်ကြည့်ရုံမဟုတ်ဘူး၊ ကျွန်မတို့ကိုပါ သူတို့သူငယ်ချင်းက ပြဇာတ်ပြချင်တယ် လိုက်ကြည့်ပါလို့ခေါ်တယ်၊ ကျွန်မကအဲဒီလိုပြဇာတ်မျိုးမှ မကြိုက်တာ၊ တစ်ခါငြင်းတယ် နှစ်ခါငြင်းတယ်၊ သုံးခါငြင်းတယ်၊ လေး ငါးခါရောက်တော့ မကောင်းတော့ဘူး၊ အဲဒီ လူကြီး၂ယောက်ရဲ့ သူငယ်ချင်းကစိတ်ဆိုးတော့မှာမို့ နဲရှောက သွားကြည့်ရအောင်ပါလို့ ခေါ်တယ်၊ ဒါနဲ့ပဲ တနင်္ဂနွေနေ့ တစ်နေ့မှာ လူကြီးနှစ်ယောက်နဲ့ ကျွန်မရယ် နဲရှောရယ်ပါ သွားကြည့်ဖြစ်ကြတယ်၊
အမျိုးသားပြဇာတ်ရုံ (Narodno Pozoriste)  ရှေ့ရောက်တော့ တာတာမာမာတို့ သူငယ်ချင်းတွေကမရောက်သေးဘူး၊ ပြဇာတ်ရုံက ဘဲလ်ဂရိတ်ရင်ပြင်ရှေ့နား မြို့လယ်မှာ၊ ဟိုဟိုဒီဒီလမ်းလျှောက်ကြတယ်၊ အဲဒီနေ့က မတ်လ ၂၁ရက်နေ့ နွေဦးရာသီစတဲ့နေ့ပါ၊ ရာသီဥတုက သိသိသာသာကြီးနွေးလာတယ်၊ မိန်းကလေးတွေရဲ့
စကတ်လေးတွေတိုလာကြပြီ အနွေးထည်တွေပါးလာကြပြီ၊ ရင်ပြင်ရှေ့နားမှာ ဆန္ဒပြနေတဲ့လူတစ်အုပ်စုကို တွေ့လိုက်ရသေးတယ်၊ ရဲက ၂ ယောက်လောက်တော့ တွေ့လိုက်တယ်၊ မကြာခဏ ဆန္ဒပြကြတဲ့ လူစုတွေ တွေ့ရတတ်တယ်၊ ဥပဒေကျောင်းသားတွေ scholarship ကိစ္စနဲ့ မကျေနပ်တာတွေရှိတော့ ဆန္ဒပြကြသေးတယ်၊ ၂ရက်လောက် ဆန္ဒပြကြပြီးတော့ ကျောင်းအုပ်က အာမခံပေးတယ်၊ အစိုးရကလဲသဘောတူလိုက်တော့ အဲဒီဆန္ဒပြပွဲအေးအေးဆေးဆေးပဲ ပြီးသွားခဲ့သေးတယ်၊ ကျွန်မတို့ဟိုနားဒီနား လမ်းလျှောက်ကြပြီးတော့ အမျိုးသားပြဇာတ်ရုံကိုသွားကြပါတယ်၊ တာတာ့ သူငယ်ချင်းတွေရောက်နေပြီ၊ အချင်းချင်းလက်ပြ အချက်ပေးကြတယ်၊ အနားရောက်တော့ တာတာ့သူငယ်ချင်းအဖိုးကြီး ဒရာဂီးရှာတဲ့၊ သူက မာမားကို နှင်းဆီတစ်ပွင့် ကျွန်မကိုနှင်းဆီတစ်ပွင့်ပေးတယ်၊ နှင်းဆီပန်းလက်လှမ်းတာကို လက်တွေက တုန်တုန်ရီရီ၊ တုတ်ကောက်တစ်ချောင်းကို အားပြုလို့၊ ဒရာဂီးရှာ ရဲ့အမျိုးသမီးကြီး လူးဘရီးဆာလဲ ခါးလေးနည်းနည်းကိုင်းချင်နေပြီ၊ “ဒီကရာသီဥတုတွေနဲ့ နေသားကျပြီလား”လို့ ဒရာဂီးရှာကမေးပါတယ်၊ ကျွန်မကနားမလည်လို့ အမျိုးသားကိုမေးရတယ်၊ ကျွန်မတို့အတွက်လက်မှတ် ၂ စောင် ထုတ်ပေးတယ်၊ ကျွန်မတို့လိုက်ကြည့်တာကိုပဲ အတော့်ကိုဝမ်းသာအားရဖြစ်နေကြတယ်၊ ပြဇာတ်ရုံရှေ့မှာ အလယ်တန်း ကျောင်းသူကျောင်းသားအရွယ်လေးတွေ ဆူဆူညံညံ ပျော်ရွှင်မြူးတူးလို့၊ ဆရာဖြစ်ဟန်တူရဲ့၊ သူက ကလေးတစ်ယောက်စီကိုလက်မှတ်တွေ ဝေပေးနေတာတွေ့လိုက်သေးတော့ ကျွန်မကသာ ဂန္တ၀င်ပြဇာတ်တွေမကြိုက်ပေမဲ့ ကလေးတွေကတော့ စိတ်ဝင်တစားရှိနေကြသလိုပါပဲ၊ ရုံထဲကိုဝင်တော့ ၀င်ဝင်ချင်းခန်းမမှာ ရွှေရောင်ကနုတ်ပန်းခက်တွေ အမိုးမှာပြည့်နေတယ်၊ ရွှေရောင်ကနုတ်တွေကတော့ ရန်ကုန်ကဘုရားတွေမှာ ရွှေရောင်တ၀င်းဝင်းကြည်ညိုဖူးထားတဲ့ ကျွန်မအတွက် သိပ်မဆန်းတော့ပါဘူး၊ မီးဆိုင်းအကြီးကြီးတွေကတော့တော်တော်ကြီးပါတယ်၊ သုံးခုက ၀င်ဝင်ချင်းအခန်းမှာ၊ မီးဆိုင်းကြီးတွေလှတယ်၊ မှန်တွေ နေရာတကာတွေ့ရတယ်၊ ကျွန်မကမှန်ကြောက်တတ်သူဆိုတော့မှန်မြင်ရင် မျက်နှာချက်ချင်းလွှဲလိုက်တာပဲ၊ ကျွန်မဘာသာဘယ်တော့မှမကြိုက်ဘူး၊ မှန်တွေတွေ့ရင်လဲ မကြည့်ဘူး၊ ပြီးမှ ဖြည်းဖြည်းချင်းပြန်ကြည့်တာ၊ အဲဒါလဲစိတ္တဇတစ်ခုလိုပဲ၊ အထဲမှာ ကုတ်အကျီတွေကောင်တာမှာအပ်ချင်တဲ့သူအပ်ကြတယ်၊ အပြင်မှာပဲအကျီအထူကြီးတွေ ၀တ်ဖို့လိုတာကိုး၊
ကျွန်မတို့ဝင်လာကြတော့ အခန်း ၂ တဲ့ နဲရှောကပြောတယ်၊ အခန်း ၂ ရှေ့အရောက် တံခါးကိုဖွင့်ဝင်လိုက်တော့ ကဇာတ်ရုံဘေးပတ်ပတ်လည်က အခန်းလေးတွေထဲကတစ်ခန်းဖြစ်နေတယ်၊ ဒရာဂီးရှာနဲ့ လူးဘရီးဆာက တစ်ခန်း၊ တာတာနဲ့မာမာက တစ်ခန်း၊ ကျွန်မတို့ကတစ်ခန်း၊ တစ်ခန်းမှာခုံလေးတွေ ၂လုံးတစ်တန်း ၄လုံးရှိတယ်၊ ကျွန်မတော့သွေးစုတ်ဖုတ်ကောင်ဒရက်ကူလာရုပ်ရှင်ကိုချက်ချင်း သွားသတိရလိုက်မိသေးတယ်၊ ဒရက်ကူလာရုပ်ရှင်ထဲက ကောင့်ဒရက်ကူလာ လန်ဒန်ကိုသင်္ဘောနဲ့ပါလာပြီးနောက်ပိုင်း မီနာတို့လေးယောက်သား ကဇာတ်ရုံထဲကြည့်နေတုန်း ဒီလိုအခန်းလေးထဲကိုဝင်လာတာ ပြန်တွေးမိပြီး အခုနေတံခါးကိုဖွင့် “အိုင်မမ်ကောင့်ဒရက်ကူလာ”လို့လာမိတ်ဆက်မှဖြင့်၊ ကျောတောင်တွန့်ခနဲ့ဖြစ်သွားတယ်၊ ဘေးအခန်းလေးတွေကလေးထပ်ရှိတယ်၊ ခန်းမကြီးကအလယ်မှာ တဆင့်တည်းပါပဲ၊ ဘေးကအခန်းလေးတွေရဲ့ အပေါ်ဆုံးအထပ်မှာတော့ ကြည့်တဲ့သူမရှိဘူး၊ ပြဇာတ်စင်ရှေ့ပရိသတ်တွေရှေ့မှာ တဆင့်နိမ့်ထားပြီး orchestra တီးတဲ့အတီးအမှုတ်ပညာရှင်တွေက ပရိတ်သတ်ဘက်လှည့်ပြီးနေရာယူထားကြပါတယ်၊ ခန်းမအလယ်ကကြည့်တဲ့သူတွေက တီးတဲ့သူတွေကို မမြင်ရပါဘူး ကာထားတယ်၊ ကျွန်မတို့ဘက်အခြမ်း နောက်အခန်း ၁ အပြီး စင်နဲ့ကပ်လျှက်အခန်းလေးမှာ ကီးဘုတ်တီးမယ့် အမျိုးသမီးတစ်ယောက်ရှိတယ်၊ ကီးဘုတ်လဲသုံးတာပဲလို့တောင် တွေးမိလိုက်သေးတယ်၊ ပြဇာတ်မပြခင် နဲရှောက လက်ကမ်းကြော်ငြာဖတ်ပြီး ရှင်းပြလို့ ဇာတ်လမ်းအကျဉ်းကိုတော့ သိထားပြီးပါပြီ၊ ဇာတ်လမ်းက ပီယဆေးအကြောင်းအချစ်ဇာတ်လမ်းပါ၊ Love potion (ljubavni napitak,doniceti)  တဲ့၊ composer က အီတလီလူမျိုးဒေါ်နီဆက်တီ၊ conductor က ဆားဘီးယားလူမျိုး ဇိုရစ်ဆာမီတာ့ဗော်ရီနိုဗစ်ခ်ျ၊ director က ဘူလ်ဂေးရီးယားလူမျိုး ပလာမန်းကာတာလိုဗ့်၊ သရုပ်ဆောင်တွေက ဆားဘီးယန်းတွေပါ၊ အဓိကအမျိုးသမီးသရုပ်ဆောင်က စနဲရွာနာဆာဗစ်ခ်ျဆာကူလစ်ခ်ျ(ဇာတ်လမ်းထဲမှာ သဌေးသမီး အဲလ်ဘီနာ)၊ အဓိကအမျိုးသားသရုပ်ဆောင်က ဒဲရန်မက်ဆီးမိုးဗစ်ခ်ျ(သဌေးသမီးရဲ့ ချစ်သူ နဲမော်ရီနို)၊ ရဲအုပ်
ဘဲလ်ကော်ရဲ နဲ့ ပီယဆေးရောင်းသူ ဒူကာမော်ရာတို့ပါဝင်ကပြကြမယ်တဲ့၊ ဇာတ်ကြောင်းကအီတလီမြို့ငယ်လေး တစ်ခုမှာအခြေခံထားပါတယ်၊
ခဏနေတော့မီးတွေမှိတ်လိုက်ပြီး conductor  အမျိုးသမီးစင်ရှေ့မှာပေါ်လာတယ်၊ ပရိတ်သတ်ဘက်လှည့်ပြီး နှုတ်ဆက်ပါတယ်၊ အနက်ရောင်ဝတ်စုံမှာ အဖြူရောင်ငွေမှုန်တွေတဖြတ်ဖြတ်လက်နေတဲ့ ၀တ်စုံဝတ်ထားတယ်၊ ပြီးတော့ချက်ချင်းပဲ လက်တွေလေထဲလှုပ်ရှားပြီး အတီးအမှုတ်အဖွဲ့သားတွေကို ဦးဆောင်တော့တယ်၊ ကားလိပ်အနီကြီးလဲ ခပ်မြန်မြန်လေးပဲဖွင့်ပါတယ်၊ အခမ်းအနားအပြင်အဆင်က စင်အလယ်မှာ ခေါင်မိုးလုံးလုံး တိုင်လုံးတွေနဲ့အဆောက်အဦးတစ်ခု၊ ကောက်စိုက်ပျိုးနှုတ်လုပ်နေသူ လေးယောက်လောက်အဖြူရောင်အ၀တ်အစား၊ တြိဂံဇောက်ထိုးပုံခေါင်းဆောင်း၊ ကောက်ရိုးထည့်တားတဲ့ပလိုင်းတွေလွယ်လို့၊ အီတလီတောမြို့လေးကအ၀တ်အစား ဂါဝန်ဖားဖားနဲ့အမျိုးသမီးလေးတွေ ဟိုဒီပြေးလွှားလို့ ကလေးထိန်းအမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးလေးတစ်ချို့၊ မြို့သားယောက်ျားလေးတွေတစ်ချို့ သွားလာနေကြပုံကိုပြထားတယ်၊ အဓိကအမျိုးသားသရုပ်ဆောင်က သီချင်းဆိုပါတယ်၊ ဆိုဟန်ကတော့ အမြင့်သံဆိုပရာနိုတွေနဲ့ ဥရောပသားတွေသိပ်ကြိုက်တဲ့ဆိုနည်းမျိုးတွေ၊ ကျွန်မနားထဲတော့ ဟီဟီ ဟိုဟိုပဲကြားနေမိတယ်၊ ဘာလို့မှန်းမသိပါဘူး၊ နိမ့်ရာကနေအမြင့်ဆုံးရောက်သွားတဲ့အထိ ဆိုတဲ့အသံကို နားထောင်ရတာကြိုက်ပြီး အမြင့်သံကနေ ဟို--ဟို ဆိုပြီးမြန်မြန်ကြီးနိမ့်ချလိုက်တဲ့အခါ ကျွန်မနားထဲ နားထောင်ရသိပ်ခက်ထာပဲ မကြိုက်ဘူး၊ အီတလီစကားနဲ့ပဲဆိုကြတယ်၊ စင်ပေါ်အထက်နားမှာ စာတမ်းထိုးပေးထားတဲ့လျှပ်စစ်boxလေးရှိတယ်၊ ကျွန်မမှာ စာတမ်းထိုးပေးထားလဲ နားမလည်၊ ဆိုတာလဲ နားမလည်တော့ နဲရှောကပဲ တချိန်လုံးရှင်းပြပေးနေရတယ်၊ တစ်ခါတစ်ခါ သူ့အသံကျယ်သွားမှာစိုးလို့ ရှုး တိုးတိုး နဲ့လုပ်ရသေးတယ်၊ သူဌေးသမီးရဲ့ချစ်သူ နဲမောရီနို ဆိုနေတဲ့အချိန်မှာမြို့သားတွေက သွားလာလှုပ်ရှားရင်း နားစိုက်ထောင်ကြတယ်၊ နဲမောရီနိုဆိုလို့ပြီးတော့ အမျိုးသမီးခပ်ရွယ်ရွယ်လေးတွေထဲက တစ်ယောက်ထွက်လာတယ် သူကစာအုပ်တစ်အုပ်ကိုင်လို့၊ သီချင်းနဲ့ သရုပ်ဖော် ဟီဟီဟိုဟိုဆိုသံနဲ့ ဆိုပါတယ်၊ သူက သူဌေးသမီးလေးအဲလ်ဘီနာတဲ့၊ အဲဒီမြို့ကအချောဆုံးအသွက်ဆုံး ပညာတတ်မိန်းကလေးပေါ့၊ အဲလ်ဘီနာက ဂျာမန်ပီယဆေးအကြောင်း ရေးထားတဲ့စာအုပ်ကိုဖတ်ပြနေပါတယ်၊ အချစ်နဲ့ပီယဆေးအကြောင်း စာအုပ်ပေါ့၊ စာအုပ်ဖတ်ပြနေတုန်း အဲလ်ဘီနာရဲ့အနား ဆယ်ကျော်သက်မိန်းမရွယ်လေးတွေဝိုင်းပြီး အချစ်အကြောင်းစပ်စုနေကြတယ်၊ သူတို့ကလဲ ပြန်မေးတယ် အားလုံးက unplug  ဆိုကြတာပါ၊ စင်ပေါ်မှာကအသံဖမ်းစနစ်ကောင်းအောင် လုပ်ထားကြပြီး အသံလေ့ကျင့်မှုအားလဲကောင်းကြတော့ အသံတွေကဟိန်းထွက်နေကြတယ်၊ သံပြိုင်ဆိုကြတဲ့အခါ အင်မတန် နားထောင်ကောင်းပါတယ်၊ အဲလ်ဘီနာဆိုပြီး အမိုးလုံးအဆောက်အဦးပေါ်က ရဟတ်ယာဉ်တစ်စင်းဆင်းလာတယ်၊ အမိုးပေါ်မှာနားလိုက်ပြီး ရဲအုပ်ဘဲလ်ကော်ရဲ က ခေါင်းမိုးပေါ်ကနေဗြုန်းဆို လျှောစင်းလာတယ်၊ ကြေင်လိမ်လျှောစင်လေးရှိတယ်၊ ပြီးတော့ သူ့ရဲ့တပ်သားတွေကစင်ဘေးက ၅ ယောက် ၆ယောက်လောက်ထွက်လာတယ် သေနတ်ကြီးထုတ်ကိုင်ပြီး သီချင်းဆိုပါတယ်၊ ရဲအုပ်လာတော့မြို့သားတွေအားလုံး ပြာပြာသလဲမြေပေါ်မှာဝပ်လှဲကြတယ်၊ ကြောက်နေကြတယ်၊ ကြောက်တာတောင် အဆိုနဲ့ ကြောက်ကြတယ်၊ သီချင်းအပြန်အလှန်ဆိုပြီးမှ ရဲအုပ်နဲ့ရင်းနှီးသွားကြတော့ ပုံစံမပျက်သွားလာလှုပ်ရှားပုံကိုပြတယ်၊ ပြီးတော့အဲဒီအခန်းရပ်လိုက်တယ်၊ လက်ခုပ်သံတွေတဖြောင်းဖြောင်းတီးကြတယ်၊
နောက်တခန်းမှာ လူဆွဲတဲ့လှည်းနဲ့ပီယဆေးရောင်းမယ့်ဆေးဆရာဒူကာမော်ရာရောက်လာတယ်၊ အ၀တ်အစားက တရုတ်ဆေးဆရာတွေပုံစံမျိုးလိုပါပဲ၊ ဆေးဆရာက မြို့ထဲလှည့်ပြီးဆေးကို ညာပြီးရောင်းတယ်၊ ပီယဆေးဆိုပြီး အရက်လို ၀ိုင်လိုမူးယစ်စေတဲ့အရည်တွေကို ပုလင်းလေးထဲ ထည့်ပြီးရောင်းတယ်၊ အမျိုးသမီးလေးတွေ ယောက်ျားလေးတွေ ၀ယ်ကြတယ်၊ နဲမောရီနို လဲ တစ်ပုလင်းဝယ်တယ်၊ ပြီးတော့ အဲဒီပုလင်းလေးကို ဖွင့် ဖွင့်ပြီးသောက်တယ်၊ သီချင်းတွေဆိုပါတယ်၊ ပြီးတော့ မူးမူးရူးရူးဖြစ်လာပြီး အဲလ်ဘီနာကို ဂရုမစိုက်တော့ပါဘူး၊ တခြားမိန်းကလေးတွေနဲ့ ပရောပရီလုပ်နေတယ်၊ အဲဒီတော့ အဲလ်ဘီနာက စိတ်ဆိုးစိတ်နာသွားပြီး ရဲအုပ်နဲ့ အရောတ၀င်နေတယ်၊ အဲလ်ဘီနာက အဲဒီမြို့လေးက အချောဆုံးအမျိုးသမီးလေး ဆိုတော့ ရဲအုပ်ကလဲ မြင်မြင်ချင်းသဘောကျသွားတော့တယ်၊ ရဲအုပ်က အမျိုးသမီးလေးကို လက်ထပ်ခွင့်တောင်းလိုက်တော့ အဲဒီအချိန် နဲမောရီနို နဲ့လဲ အဆက်အသွယ်ပြတ်နေတော့ အဲလ်ဘီနာ ရဲအုပ်ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်၊ အဲဒီမှာပထမပိုင်းပြီးသွားပြီး ၁၅မိနစ်လောက် အားလပ်ချိန်ပေးတယ်၊
ပြဇာတ်လဲပြီးရော ပြဇာတ်မှာ ပါဝင်တဲ့သရုပ်ဆောင်တွေ ပရိတ်သတ်ကိုနှုတ်ဆက်တဲ့အခါ အရံသရုပ်ဆောင်တွေက အရင်ဆုံး နှုတ်ဆက်ကြတယ်၊ ပြီးတော့ဆေးဆရာ၊ ရဲအုပ်၊ နဲမောရီနို၊ အဲလ်ဘီနာ နှုတ်ဆက်တယ်၊  နောက်ဆုံးမှာမှ conductor  ဇိုရစ်ဆာမီတာ့ဗော်ရီနိုဗစ်ခ်ျ ပရိတ်သတ်တွေကို နှုတ်ဆက်ပါတယ်၊ လက်ခုတ်သံတွေ တချိန်လုံးကြားနေရတယ်၊ မရပ်မနားလက်ခုပ်တီးကြပါတယ်၊ ကျွန်မလဲလက်ညောင်းတဲ့အထိ မရပ်မနားတီးလိုက်ရတယ်၊
အပြန်လမ်းတလျှောက် နားထဲမှာ တက်လိုက်ကျလိုက် သီချင်းသံတွေပဲကြားနေမိတယ်၊ ဒီလိုသီချင်းသံတွေနဲ့ပဲ စကားပြောကြရရင် တော်တော်တော့ပျော်ဖို့ကောင်းမယ်လို့ တွေးမိတယ်၊ ဟို ဟို ဟို … ဟီ ဟီ ဟီ.. အသံအနိမ့်အမြင့်၊ အတက်အကျ ခပ်တိုးတိုးဆိုကြည့်မိတယ်၊ နဲရှောကပြောတယ်၊ “ဆိုလို့ရတယ်၊ ဖြစ်မယ့်ပုံပဲ သေချာဆိုပြပါလား” တဲ့ သူကပွဲတောင်းနေသေးတယ်၊
Sunday, November 01, 2009
Underground Band တွေရဲ့ သမိုင်းသစ် ဂီတပွဲ
ပိုစ့်အဟောင်းတစ်ခုပါ၊ အရင်က မိုင်စုဗူးမှာ တင်ထားဘူးတယ်၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကပွဲဆိုတော့ တစ်နှစ်တောင်ကြာပြီ၊ အမှတ်တရ ဒီမှာတင်လိုက်ပါတယ်။ (မိုင်စုဘူးမှာ ယောက်ျားလေးပုံစံနဲ့ရေးခဲ့တာ)
http://www.mysuboo.com/index.php?option=com_blog&name=music%20bands&task=view&pid=15022
Monday, October 20th, 2008
ပွင့်လင်းရာသီရောက်လာပြီဆိုတော့ ကန်တော်ကြီးမျှော်စင်ကျွန်းဘက်မှာ ပွဲတွေစီစဉ်လာကြပြီ။
Nine Planets က စီစဉ်တဲ့ Underground Band တွေရဲ့ 'သမိုင်းသစ်' အခွေသစ် ပရိုမိုးရှင်း ပွဲကို free show အဖြစ် အောက်တိုဘာ ၁၈ရက်နေ့က ကန်တော်ကြီး mini zoo မှာ ပြုလုပ်ခဲ့ကြတယ်။
(အဲဒီပွဲနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ထင်တာ မြင်တာလေးတွေ တချို့ ဘလောဂ့်ပရိသတ် အတွက်ဝေမျှလိုက်ပါတယ်။ ကြည့်ဖြစ်ခဲ့သူတွေလဲ အမြင်မတူတာတွေရှိရင်လဲ ပြန်ပြီးပြောကြပေါ့ဗျာ။)
ပထမဆုံး မြင်တာနဲ့ပဲစတော့မယ်။
ဝင်ဝင်ချင်း ဆိုင်းဘုတ်ကြီးမှာ ၅နာရီခွဲစမည်လို့ရေးထားတာစတွေ့တယ်။ အဖွဲ့တွေက Reason, Drive, Idiots, Wanted, ဋ, Temper Level VIII, Offekeys တွေပါ။ အဲဒီထဲမှာ ရတနာမိုင့် အမည်လဲတွေ့လိုက်တယ်။ သူလဲဆိုမယ်ပေါ့။ ညနေ ၅နာရီ ကျော်လာတော့ Nine Planets စာတမ်းပါ အကျီအနက်နဲ့လူငယ်လေးတွေ ဟိုသည် စုစု ၊ဝေးဝေးလှုပ်ရှားနေကြတာတွေ့ရပါပြီ။ ၅နာရီခွဲကာနီးတော့ ကား အကြီးကြီးတစ်စီး အရှိန်ပြင်းပြင်းနဲ့ကျွီခနဲဘရိတ်အုပ်၊ ဆင်းလာတော့ 'ဋ' က လင်းလွန်း ဆိုပဲ၊ တခြားအဖွဲ့က အနက်ရောင်လူငယ်တွေနဲ့ အချင်းချင်းနှုတ်ဆက်ကြတယ်။ ဒီလူငယ်လေးတွေရဲ့မျက်နှာပေါ်မှာ မျှော်လင့်ချက်တစုံတရာနဲ့လင်းလက်တောက်ပလို့။ လှုပ်လှုပ်ရွရွနဲ့ သီချင်းဆိုချင်နေကြပြီ။ ၅နာရီခွဲပြီ၊ ပွဲမစနိုင်သေးဘူး။ ဟိုတစ်စု သည်တစ်စု လှုပ်လှုပ်ရှားရှားနဲ့ပဲ၊ စင်ရှေ့မှာ ဘယ် ညာ ကင်မရာတွေ အသေချိန်ထားကြတယ်။ ဒီလိုနဲ့ လှုပ်လှုပ် လှုပ်လှုပ်တွေ ပိုပိုပြီး လှုပ်ရှားလာကြပြီး ၆နာရီကျော်လောက်မှာပွဲစပါတယ်။
Stage ရဲ့ အပြင်အဆင်က graffiti art စတိုင်လ် ပါ။ အနက်ရောင်နောက်ခံမှာ အဖြူရောင်မှုတ်ဆေးတွေပဲ လွတ်လွတ်ကျွတ်ကျွတ်သုံးထားတယ်။
အခုကစပြီး အထင်တွေပါပြောပါတော့မယ်။
ပထမဆုံး Reason တွေတက်လာတယ်။ သူတို့သီချင်းတွေအပြင်မှာမကြားဖူးသေးပေမဲ့ မဂ္ဂဇင်းတွေမှာ သူတို့ရဲ့အင်တာဗျူးတွေဖတ်ထားဘူးတော့ Reason တွေကို ပရိသတ်က မျက်မှန်းတန်းမိကြတယ်။ အောင်လ .. အောင်လ လို့နှုတ်ဆက်သံတွေ ဟိုက ဒီက ကြားလိုက်ရတယ်။ သီချင်းလေးတွေ မဆိုးပါ။ ကောင်းပါတယ်လို့ပဲပြောရမယ်။ ၃ပုဒ် ဆိုပြီး နှုတ်ဆက်တဲ့အခါ သူတို့ရဲ စတိုင်လ်အဖြစ် R .. E .. A .. S.. O.. N လို့ တစ်လုံးချင်းလို့ပြောသွားတယ်။
နောက် Drvie အဖွဲ့သားတွေအလှည့်။ မြန်မာ Underground Band တွေထဲမှာ သက်တမ်းအနုဆုံး ဖြစ်မယ်ထင်တယ်။ သီချင်းလေးတွေကောင်းတယ်။ vocal သမား အသံပါဝါကောင်းတယ်။ မကောင်းတာက နဲနဲငြိမ်နေတာ။ “ပရိတ်သတ်တွေအရမ်းငြိမ်တာပဲ၊ အားရပါးရရှေ့ကိုတိုးပြီး အားပေးကြပါ” လို့ ဖိတ်ခေါ်နေပေမဲ့ သူကိုယ်တိုင်က ငြိမ်နေတော့ ပရိသတ်တွေက ဘာလုပ်ရမှန်းမသိ။ စင်ရှေ့ကိုတော့ ကျေနပ်အောင် ပြေးလာကြပါတယ်။ ဒါက ကိစ္စတော့သိပ်မရှိပါ။ နောက်ပိုင်း ပွဲတွေဆိုတာများလာရင် ပွဲထိန်းနိုင်သွားမှာပါ။
နောက်တစ်ဖွဲ့က Idiots ။ သီချင်းသစ်တွေအပြင် ပရိသတ်သိပြီးသား အရင်သီချင်းအဟောင်းတွေပါဆိုသွားတယ်။ vocalသမား တွတ်ပီက အသံပါဝါပိုကောင်းလာပေမဲ့ အ၀င်အထွက်တွေမှာ အခုထိ ခပ်ပါးပါးလွဲနေတုန်းပဲ။ ဒါကို သတိထားနေရတုန်းပဲ။ အသံမကောင်းမှာကို ကြောက်ပြီး  အရမ်းဂရုစိုက်ဆိုနေတော့ သူ့ခမြာပင်ပမ်းနေရှာတယ်။ ရာသီဥတုကလဲ ပူလွန်းတယ်။ ဒီတော့ အားပေးတဲ့ ပရိသတ်ရော ဆိုတဲ့တီးတဲ့သူတွေပါ ပင်ပမ်းနေကြတယ်။ မိုးအကုန် ဆောင်းအကူး ရာသီအကူးအပြောင်းမှာ ထွက်တဲ့ ပိုးစိမ်းကောင်၊ ပုရစ်တွေက ဆလိုက်မီးရောင်တွေကြောင့် ပိုပြီးထကြွသောင်းကျန်းနေလိုက်တာများ၊ စင်ပေါ်က တခါတခါ လွှတ်လိုက်တဲ့ ရေခဲငွေ့တွေတောင် ပိုးကောင်တွေကိုတိုးမပေါက်ဘူး။ ဆိုနေတဲ့သူရဲ့ ပါးစပ်ထဲပိုးကောင်ဝင်သွားမှဖြင့်လို့ မဆီမဆိုင်တွေးပူလိုက်မိသေးတယ်။ နောက် တွတ်ပီကပြောတယ်။ ဒီပွဲအတွက် ၅ပတ်လောက်ရှိပြီ ကြိုပြီးစီစဉ်နေခဲ့ရတဲ့အကြောင်းနဲ့ နာဂစ်မုန်တိုင်း နဲ့ပတ်သတ်ပြီး သူတို့သီချင်းတစ်ပုဒ်စပ်ထားတယ်။ Nine Planets အဖွဲ့သားတွေ အားလုံးစုပြီး ဆိုကြမယ်တဲ့၊ ဒီတော့ တခြားအဖွဲ့သားတွေကို ခေါ်တယ်၊
Drive က သားကြီး၊ Reason က အောင်လ၊ Wanted က ဖော်ကာ၊ 'ဋ' က လင်းလွန်း တို့ပါ အတူတူဆိုကြတယ်။
လူငယ်လေးတွေရဲ့ ကူညီချင်တဲ့စိတ်၊ အရာရာကို တတ်နိုင်သလောက် ၀င်ရောက်ဖြေရှင်းလိုတဲ့စိတ်တွေ နဲ့ ဖြစ်ပေါ်လာတဲ့သီချင်းတစ်ပုဒ်ဖြစ်နေတာကြောင့် ပရိသတ်တွေကပါ ငြိမ်သက်ပြီး စိတ်ဝင်တစားနားထောင်ကြတယ်။ သီချင်းလေးက ကောင်းပါတယ်။ ဆိုနေတဲ့လူငယ်လေးတွေရော ပရိသတ်တွေရဲ့ စိတ်ထဲမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အတိတ်အရိပ်တွေ ရုန်းကန်ထကြွလို့ မျက်နှာလေးတွေ ငိုင်တွေကုန်ကြတယ်။ အဖွဲ့သားတွေအားလုံး အချင်းချင်း ညီညီညွတ်ညွတ်ရှိကြတာကိုမြင်တွေ့ရတာ စိတ်ချမ်းသာစရာကောင်းလှတယ်။
ညီညွတ်ကြရင်ဖြင့် အရာရာကိုကျော်လွှားအောင်မြင်နိုင်မယ်မဟုတ်လား။
နောက်တော့ ရတနာမိုင်အလှည့်ပါ။ ရတနာမိုင်က သူမရဲ့မေမေနဲ့ အတူတူဆိုထားတဲ့သီချင်းကိုပဲ ပထမဆုံးဆိုတယ်။ 'ငါ့ကိုချစ်ရင် ဖုန်းမဆက်ပါနဲ့၊ ငါ့အဖေသိမှာ ကြောက်လို့ပါကွဲ့' တဲ့။
Nine Planet နဲ့တွဲပြီး သူမ ထွက်မဲ့အခွေရှိတယ် လို့ပြောတယ်။ အဲဒီအခွေသစ်မှာပါမဲ့ သီချင်းတွေလဲဆိုသွားပါတယ်။ Idiots က တွတ်ပီက တစ်ပုဒ် ၀င်တီးပေးတယ်၊ ရတနာမိုင် က အရည်အသွေးရှိသူလေးပါ။ ဒါပေမဲ့ ဘာတွေလွဲနေလဲ မသိပါ၊ အတီးနဲ့အဆို ကီးမတူသလို နားထောင်ရတာ အရသာမတွေ့ဘူး၊ အစ အဆုံးကို လွဲပြီး ဆိုသွားတယ်လို့ ထင်တယ်။
ရတနာမိုင်ရဲ့ဟန်က တချက်တချက် ခင်ဘုန်းရဲ့ဟန် လိုလို။
ရတနာမိုင်ပြီးတော့ Wanted အဖွဲ့ပါ။ Wanted တွေကတော့ သက်တမ်းရင့် မြန်မာ Underground Band မဟုတ်လား။
သက်တမ်းရင့်တယ်ဆိုတာကို ပိုပြီးသေချာသွားစေတာက vocal ဖော်ကာ ရဲ့ performance ကြောင့်ပါပဲ။  သူ့ရဲ့ 'ဟုတ်ကဲ့' သီချင်းကလဲ သဘောကျစရာပါ။ ပရိသတ်တွေကို အင်မတန်ထိန်းနိုင်တယ်။ ဟန်လုပ်ထိန်းချုပ်မထားတဲ့ သူ့အပြောအဆို နဲ့သူ့ပုံစံကပဲ ပရိသတ်နဲ့ အစပ်အဟပ်တည့်နေတော့တယ်။  Underground Band တွေဆိုတာက ကိုယ့်ဂစ်တာကို ကိုင် တက်လာကြတဲ့ ဂီတသမားတွေ၊ ဒီတခေါက်တော့ ဂစ်တာတွေမှာ Nine Planets စာတမ်း တွေ့ရတော့ Nine Planets ပိုင် ဂစ်တာတွေများလားတွေးမိသေးတယ်။ ဒါဆိုရင်တော့ Nine Planets က ဆရာကြီးဆိုသူတော့ ဖော်ကာ အလှည့်ရောက်မှာ ကို ကြောက်နေရှာမယ်။ ဖော်ကာက ဂစ်တာကို တီးလိုက်၊ ပစ်ချလိုက် ၊တခါ ကောက်တီးလိုက်၊ ပြန်ပြီးပစ်ချလိုက်နဲ့အလုပ်ရှုပ်တတ်သူကိုး၊
သီချင်းတွေက Wanted ရဲ့ မဆိုမဖြစ်သီချင်း "နင် ငါ့ကို မုန်းချင်မုန်းပါဟေ့၊ ငါ့ကို ဖြတ်ချင်ဖြတ်သွားဟေ့၊ ငါ့ဂီတ ကို မထိခိုက်နဲ့" လို့ အော်ဟစ်သီကြူးသွားတယ်။
လူငယ်တွေကလဲ အားပါးတရ သံပြိုင်လိုက်ဆိုကြတယ်။ ဒီသီချင်းဟာ  Wanted လို့ဖြစ်လာစေတဲ့သီချင်းတပုဒ်လို့ ပြောရမှာပါပဲ။ စင်ရှေ့မှာလဲ အနက်ရောင်လူငယ်တွေ ဖော်ကာနဲ့အတူ ၀ုန်းဒိုင်းကြဲကုန်ကြတော့တယ်။ သီချင်းတွေမှာ အမှားအယွင်းမရှိ သီဆိုသွားနိုင်တဲ့ ဖော်ကာ ဖြစ်နေပြီ။ သူ့ရဲ့အသံကတော့ အရင်ကလိုပဲ ခပ်စွာစွာပုံစံမျိုးပဲ။
Wanted ပြီးတော့ သူတို့နဲ့သက်တမ်းတူလို့ ပြောနိုင်တဲ့ 'ဋ' ပါ။  'ဋ' တွေကတော့ တစ်ဖွဲ့လုံး performance ကောင်းကြတယ်။ ဆံပင်တွေက အားလုံးအရှည်၊ vocal လင်းလွန်းကအစ ဂစ်တာသမားတွေပါ ဆံပင်တွေ အရှည်ကြီး၊ ဟန်တွေက စည်းချက်ကျကျ၊ ခပ်ပြင်းပြင်း၊  ရောခ့်သမားတွေအကြိုက်ဆုံးအနေအထား၊ ၀မ်းခေါင်းသံကြီးတွေနဲ့ အော်ဟစ်မြည်ကြွေးလို့၊ ပရိသတ်ကလဲ လိုက်အော်လို့၊
စင်ပေါ်ကခုန် အောက်ကခုန်နဲ့ 'ဋ' တွေမပါရင် ပွဲမစည်ဘူးလို့တောင်ပြောနိုင်ဦးမယ်။ လူငယ်တွေရဲ့ စိတ်အစာမကြေမှုတွေကို 'ဋ' တွေက ခဏတာဖြေလျှော့ပေးနိုင်လို့ လူငယ်တွေကျေနပ်တယ်၊
သူ့ရဲ့ ပရိသတ် တွေ လက်ညှိုးထောင်ပြပါ လို့ လင်းလွန်းက တောင်းဆိုလိုက်တယ်၊ ပရိသတ်ထဲမှာ တွေ့လိုက်ရတဲ့ Pal အဖွဲ့က ဂစ်တာသမားက အစ မိန်းကလေးငယ်ငယ်တွေအဆုံး အနက်ရောင်လူငယ်တွေများများစားစား အလုအယက် လက်ညှိုးထောင်ကြတယ်။ လင်းလွန်း ကျေနပ်သွားတယ်။ '-'ရမ်းမိုက်တယ်၊ '-'ရမ်းကျေးဇူးတင်တယ်လို့ လှိုက်လှိုက်လှဲလှဲပြောသွားရှာတယ်။ 
နောက် Round တလှည့်ပြန်ဆိုကြတော့ Reason, Drive, Idiots, ရတနာမိုင် နဲ့ Wanted တို့ပါ ထပ်ပြီး ဆိုသွားကြတယ်။ 'ဋ' ကတော့ ပြန်မပါလာတော့ပါဘူး။ အစအဆုံး လုံးဝပါမလာတာက Temper Level VIII နဲ့ Offkeys တို့ပါ။ နောက်ဆုံး Wanted အဖွဲ့နဲ့ပွဲကိုပိတ်တယ်။ သူ့ရဲ့ 'အရက်သမား' သီချင်းကို လူငယ်တွေပါမက လူကြီးတွေပါ ခေါင်းလှုပ်ခြေလှုပ် စည်းချက်လိုက်ကြတယ်။ စာသားကလဲ သဘောကျစရာကောင်းပါတယ်၊ အရက်သမားသိက္ခာမကျရအောင် ခြေလှမ်းကိုထိန်းနေတဲ့စာသားက လူတွေကို ပြုံးမိစေတယ်။ အဆုံးသတ်ခါနီးမှာ ပရိသတ်လဲမောနေပြီ၊ ဖော်ကာက မေးတယ်။ 'ပြန်ချင်ကြပြီလား၊ မပြန်ချင်သေးရင်ဆက်ဆိုမယ်၊ ပြန်ချင်ပြီဆိုရင် ဆက်မဆိုတော့ဘူး' တဲ့၊ ပရိသတ်တချို့ကလဲ ဟန်မဆောင်ကြဘူး။ 'ပြန်ချင်ပြီ' လို့ပြောကြတယ်။ ဒီတော့လဲ သူက the Last လို့ထအော်လိုက်တယ်။ သီချင်းစတော့ .. အတီးစ၀င်လာကတည်းက Nirvana သီချင်းမှန်းရိပ်မိလိုက်တဲ့ လူငယ်တွေက Nirvana ဆိုပြီးအော်ကြတယ်၊ မူရင်းအတိုင်းပဲဆိုသွားပါတယ်။ performance စွမ်းပကားကိုတော့ ၀ါသနာအရ ထုတ်ပြဆဲပါ။ ဂစ်တာကိုတီးနေရင်း နောက်ကို ပစ်လွှဲလိုက်တယ်။ ဒါပေမဲ့ နည်းနည်းရှည်ထားတဲ့လွယ်ကြိုးကြောင့် ဂစ်တာက နောက်ကိုအရောက်မှာ ပခုံးက လျှောကျသွားတော့တယ်၊ ဒါကို အင်မတန်ပါးနပ်လှတဲ့ ဖော်ကာက ဆိုနေရင်းက ဟန်မပျက် လွယ်ကြိုးကိုအောက်ထိ အသာလျှောချရင်း ဂစ်တာကိုပစ်ချလိုက်တယ်။ နောက်တော့ ဘေးဘက်ထွက်ရပ်လိုက်ရင်း ဆက်ဆိုနေတယ်၊ နောက်တော့ မိုက် ကို စတန်းက ဖြုတ်ယူလိုက်ပြီး ဂစ်တာသမား ကို ပေးဆိုပြန်ရော၊ နောက်မှာ ဂစ်တာ backing တီးပေးထားမဲ့သူသပ်သပ်ရှိနေရင် ပိုအဆင်ပြေနိုင်မှာပါ၊ အခုတော့ ဂစ်တာသမား က အတီးကို ဂရုစိုက်ရတဲ့အထဲ ဖော်ကာက သူမောနေလို့ မဆိုနိုင်တိုင်း သွားဆိုခိုင်းတော့ ဂစ်တာသမားခမြာ ပျာနေရှာတာပေါ့။ သီချင်းလဲ ဆုံးရော'ပြန်တော့' လို့ ဖော်ကာကပဲ ရင်းရင်းနှီးနှီး နှုတ်ဆက်ရင်း ပွဲသိမ်းလိုက်ပါတယ်။ ပရိတ်သတ်နဲနေတာလွဲလို့ အေးအေးဆေးဆေးပြီးသွားတဲ့ပွဲပါပဲ။
ကြိုးစားနေတဲ့လူငယ်တွေ 'စည်းလုံးကြပါစေ။ အောင်မြင်ကြပါစေ' ချီးမြှောက်ဆုတောင်းပေးကြဖို့ ကျွန်တော်တို့ တွန့်ဆုတ်မနေသင့်ဘူးမဟုတ်လား။
သမိုင်းသစ် အယ်လ်ဘမ်ရောင်းရငွေကို လေဘေးသင့်ပြည်သူတွေကို အားလုံးလှူမှာဆိုတော့ မူရင်းခွေကို ၀ယ်ကြဖို့လဲ တိုက်တွန်းချင်တယ်ဗျ။
မိုင်စုဘူးက comment တွေ
fattepote
Monday, 20 October 2008
ရဘူး ရဘူး . . . . . ကော်ပီကူးပစ်မှာပဲ . . . . . နောက်တစ်ခါ သွားရင် . . . video camera လေးနဲ့ပါ ရိုက်ခဲ့ပါ . . အမြည်း ကြည့်ရတာပေါ့ . . . ဓါတ်ပုံတွေ တင်ပေးရမလား အဲဒီလို အရေးကောင်းတဲ့ အစ်ကိုကြီး တောင့်တောင့် ဖြောင့်ဖြောင့် ကောင်မလေး ငါးယောက်လောက် ရပါစေ . . ရှဥ့်
taylay
Monday, 20 October 2008
ေ-ာက်ရမ်းမိုက်တယ်ကွာ...သိတောင်မသိလိုက်ဘူး ရှိုးပွဲကို...
Spring
Monday, 20 October 2008
ပုံတွေကို connection ကောင်းမှ တင်ပေးထားပါမယ်။ ခုတော့... ဟုတ်ကဲ့... ဟုတ်ကဲ့...ဟုတ်ကဲ့
Sunday, October 18, 2009
ပေါပ့်ဘုရင်မ မက်ဒေါနားရဲ့ ဘဲလ်ဂရိတ်ည
ဘဲလ်ဂရိတ်မြို့က ဂီတပရိတ်သတ်တွေ မျှော်လင့်နေတဲ့ ညတညရောက်လာခဲ့ပါပြီ။ သြဂုတ်လ ၂၄ ရက်နေ့ညမှာ နယူးဘဲလ်ဂရိတ် အူးစ်ချက်(Ušće)စူပါမားကတ်အနီးက အူးစ်ချက်ပန်းခြံကွင်းပြင်မှာ ဖျော်ဖြေခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အဲဒီအူးစ်ချက်မှာပဲ ဘီယာပွဲတော်ပြုလုပ်ခဲ့ပါသေးတယ်။ ဥရောပ ဘီယာတွေအများစု တွေ့ရပြီး Beck's, Heniken လောက်သာ သိလိုက်ပါတယ်။ ဘီယာပွဲတော်မှာတော့ ဆားရ်ဘီးယန်းလူငယ်ဂီတအဖွဲ့တွေ ဖျော်ဖြေခဲ့ကြတယ်။ (Serbian လို့ အင်္ဂလိပ်လိုစာလုံးပေါင်းမှာ သူတို့က ဆားရ်ဘီးယန်းလို့ရသံပီပီသသထွက်ပြောပါတယ်) ABBA သီချင်းတွေကို မူရင်းအတိုင်း သီဆိုသွားတယ်။ ဘီယာခွက်တွေကိုင်ရင်း Money Money Money လို့ သံပြိုင်သီဆိုနေခဲ့ကြတဲ့ ဆားရ်ဘီးယန်းလူငယ်တွေကို တွေ့ဖူးထားတော့ အခုတစ်ခါ ပေါပ့်ဘုရင်မ မက်ဒေါနားသီချင်းတွေနဲ့ ရင်းနှီးနေကြမလား သိချင်မိတယ်။ လက်မှတ်မှာ ကင်မရာယူခွင့်မရှိ မိုဘိုင်းလ်ဖုန်းယူနိုင်တယ်လို့သတိပေးထားပါတယ်။
ည ကိုးနာရီမှာ မက်ဒေါနားက စပြီးဆိုမယ်လို့သိထားကြပေမဲ့ ခပ်စောစောပဲ အူးစ်ချက်ကွင်းပြင်ဆီထွက်ခဲ့ကြတယ်။ အခုအချိန်က နွေရာသီဆိုတော့ နေ့တာသိပ်ရှည်လွန်းတယ်။ မနက် ၅နာရီမိုးလင်းနေပြီး ညဆို ၈နာရီခွဲလောက်မှ နေ၀င်တော့ အူးစ်ချက်ကွင်းပြင်ရှေ့အရောက် ၈ နာရီကျော်နေပေမဲ့ နေ၀င်ခါစ အချိန်ပါ။ လမ်းတစ်လျှောက် ဆားရ်ဘီးယန်းလူငယ်တွေ အူးစ်ချက်ကွင်းပြင်ဆီ လှုပ်လှုပ်ခပ်ခပ် သွားလာနေကြတယ်။ ဥရောပသားတွေရဲ့ဝတ်စားဆင်ယင်မှုအတိုင်း ဂီတညတစ်ညနဲ့အပြိုင် အံဝင်ခွင်ကျဖြစ်နေကြပြီ။ အနက်ရောင်၊ ဆံပင်ရှည်လျားလျား ဆားရ်ဘီးယန်းလူငယ်တွေ တွေ့ရပေမဲ့ မြန်မာနိုင်ငံက ဂီတပွဲတွေမှာ အားလုံးနီးပါး အနက်ရောင်လူငယ်တွေ ပြည့်သိပ်နေကြတာမျိုးတော့ မဟုတ်ပါဘူး။ မြန်မာလူငယ် ဂီတပရိတ်သတ်တွေလောက် အနက်ရောင်သိပ်မကြိုက်ကြဘူးလို့တောင် အတွေးဝင်မိပါသေးတယ်။
မီးအရောင်စုံထွက်နေတဲ့ မျက်မှန်တွေတပ်ဆင်ထားတဲ့ ခပ်ရွယ်ရွယ်မိန်းကလေးတွေက အဖြူရောင်နဲ့ အရောင်ခပ်လွင်လွင် တောက်တောက်ပပ ၀တ်ဆင်ထားကြတယ်။ ကွင်းပြင်ရှေ့ ရင်ပြင်မှာ လူငယ်တွေအုပ်စုလိုက်ပြည့်သိပ်နေကြပြီ။ ဆားရ်ဘီးယန်မိသားစုတွေပါ ကလေးငယ်လေးတွေလက်ဆွဲလို့ ကွင်းထဲကို ၀င်ဖို့ တန်းစီနေကြပြီ။ ကွင်းထဲကိုအသွားလမ်းမကြီးကို အလယ်က သံဇကာတွေ အပြည့်ကာထားတာတွေ့လိုက်ရတယ်။ ကွင်းထဲကိုအသွား လမ်းမတစ်လျှောက် ရဲသုံးယောက် ၂ယောက်တစ်စုစီ လုံခြုံရေးအပြည့်အသိပ် ချထားတယ်။ ကွင်းထဲမှာသီချင်းသံတွေဆူညံနေပါပြီ။ ဆားရ်ဘီးယန်းလူငယ်တွေလဲ ကခုန်နေကြပြီ။ မက်ဒေါနားမဆိုခင် တခြားဂီတအဖွဲ့တွေဖျော်ဖြေနေကြတယ်။ စင်မြင့်ရဲ့ တစ်ဘက်တစ်ချက်မှာ တလက်လက်တောက်နေတဲ့ M ဆိုတဲ့ စာလုံးတွေက စင်ရဲ့အမြင့်ထက်တောင်ပိုကြီးနေပါသေးတယ်။ ကွင်းရဲ့ညာဖက်နားမှာ မသန်စွမ်းသူတွေ ကြည့်နိုင်မယ့်စင်မြင့်ခပ်သေးသေးတစ်ခုလုပ်ထားပေးပါတယ်။ တရုတ်လူမျိုး ၄၊ ၅ ယောက် လောက်တွေ့လိုက်ရတယ်။ အရေးပေါ်ကယ်ဆယ်ရေးဝတ်စုံတွေနဲ့ ဆေးအဖွဲ့သားတွေကိုလဲ ခပ်များများတွေ့ရတယ်။ ည ကိုးနာရီခွဲပြီးတဲ့အထိ မက်ဒေါနားက ငြိမ်ချက်သားကောင်းနေပါသေးတယ်။ ကွင်းထဲကဆားရ်ဘီးယန်းဂီတပရိတ်သတ်တွေက ကိုယ့်အစုနဲ့ကိုယ် ကခုန်နေကြတယ်။ မက်ဒေါနားကိုစောင့်နေကြတဲ့ပရိသတ်တွေက When you call my name its like a little prayer.. I'm down on my knees.. I wanna take you there ... လို့ အော်ဟစ်သီဆိုကြတယ်။ မက်ဒေါနားရဲ့ သီချင်းတော်တော်များများ သူတို့သိထားကြပါတယ်။ တပုဒ်ပြီးတပုဒ် အော်ဟစ်သီဆိုနေကြပေမဲ့ မက်ဒေါနားက ၁၀ နာရီထိုးခါနီးအထိ ပေါ်မလာသေးပါဘူး။
၁၀နာရီထိုးခါနီးတော့ စင်မြင့်ဘေးက LED screen ကြီးနှစ်ခုမှာ ကြော်ငြာတာတွေရပ်သွားပြီး M ဆိုတဲ့စာလုံးကိုပဲပြထားတယ်။ မက်ဒေါနားရဲ့သီဆိုပုံကိုကြည့်ချင်နေတဲ့ ပရိတ်သတ်တွေ ပိုပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်။ ၁၀ နာရီကျော် ပြီး ၃ မိနစ်လောက်မှာတော့ count down လုပ်တဲ့ ၅ ၄ ၃ ၂ ၁ အသံကြားလိုက်ရပြီး မက်ဒေါနား ပရိတ်သတ်မြင်ကွင်းထဲ ရောက်လာတယ်။ မီးရောင်စုံတွေက ဟိုကဒီကလင်းလက်ကုန်တယ်။ မိုဘိုင်းလ်ဖုန်းတွေလေထဲမြောက်တက်ကုန်ကြတယ်။ CANDY SHOP သီချင်းနဲ့ ဘဲလ်ဂရိတ်ဂီတညကို စတင်လိုက်ပါတယ်။ C.. A.. N.. D.. Y ဆိုတဲ့ စာလုံးတွေ playback screen မှာ ထိုးပြပြီး ကြွက်သားအဖုဖုနဲ့ တက်ကြွသွက်လက်နေဆဲ ပေါ့ပ်ဘုရင်မက ခုန်ပေါက်သီဆိုပါတယ်။ အနက်ရောင် ၀တ်စုံဝတ်ထားပြီး I'll be your one stop လို့ဆိုတယ်။ သီချင်းက ချစ်စရာကောင်းပါတယ်။ ဒီသီချင်းကို ဆားရ်ဘီးယား ဂီတပရိတ်က သိနေကြတယ်။ အားပါးတရ လိုက်ဆိုကြတယ်။ my sugar is raw, sticky and sweet လို့ဆိုတဲ့ rap စကားပြောဆန်ဆန်ဆိုတဲ့နေရာမှာတော့ music video မှာလို နားထောင်ရသိပ်မကောင်းပါဘူး။ အတီးနဲ့ ကွဲထွက်သွားတယ်။
CANDY SHOP ပြီးတော့ All right Serbia, this is what I am talking about ဆိုပြီး ဆားရ်ဘီးယန်းပရိတ်သတ်နဲ့ စကားစမြည်ပြောရင်းနှုတ်ဆက်လိုက်တယ်၊ အဖွဲ့သား ဗြိတိန်လူမျိုး DJ Paul Oakenfold ကို မက်ဒေါနားက မိတ်ဆက်ပေးတယ်။ နောက်တော့ tick tock tick tock tick tock ဆိုတဲ့ မက်ဒေါနားအဆိုနဲ့ အတူ ကမ္ဘာကြီးကိုကယ်ဆယ်ဖို့ ၄မိနစ်ပဲကျန်တော့တယ်ဆိုတဲ့ သီချင်းတေးသွားပေါ်လာပေမဲ့ 4 MINUTES သီချင်းကိုမဆိုပဲ VOGUE သီချင်းကို အဲဒီ tick tock တေးသွားနဲ့သီဆိုသွားပါတယ်။ playback ပုံရိပ်တွေမှာ ကမ္ဘာတ၀ှမ်းက ဆိုးဝါးတဲ့နိုင်ငံခေါင်းဆောင်တွေပုံ ဟစ်တလာ၊ ရောဘတ်မူဂါဘီ၊ ကင်မ်ဂျုံအီ၊ မာမွတ်အာမက်ဒီနီဂျက်(မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးအပါအ၀င်)ပြထားပြီး ကမ္ဘာကြီးကပ်ဘေးသင့်နေပုံ၊ စစ်ဒဏ်ရာဒဏ်ချက်နဲ့ လဲပြိုနေတဲ့ အဆောက်အဦးတွေ၊ အစားအစာငတ်မွတ်ခေါင်းပါးနေတဲ့ ကလေးငယ်တွေပုံတွေပေါ်လာပြီး၊ ပြန်လည်ကျန်းမာလာတဲ့ကမ္ဘာကြီးကို မာသာထရီဇာ၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ နဲ့ယှဉ်ပြသွားတယ်။ ပြီးတော့ ငွေရောင်တလက်လက်တောက်ပနေတဲ့ ကားတစ်စီးနဲ့ အဖွဲ့သားခုနှစ်ယောက်လောက်နဲ့အတူ မက်ဒေါနားကားပေါ်ကဆင်းလာလိုက်တယ်။ နောက်တော့ ငွေရောင်ကားနဲ့ အဖွဲ့သားတွေ ပရိတ်သတ်တွေရှေ့ကထွက်ခွာကြတယ်။
ဦးထုတ်ဖြူဆောင်းထားတဲ့မက်ဒေါနားက ဂစ်တာကိုတီးရင်း MILES AWAY သီချင်းကိုဆိုတယ်။ MILES AWAY သီချင်းအပြီး စင်နောက်ကိုပြေးသွားတဲ့မက်ဒေါနားက တောက်ပလွန်းတဲ့ မီးရောင်တွေအပြောင်းအလဲကြားမှာပဲ ၀တ်စုံလဲပြီးသားဖြစ်နေတယ်။ ဖော်မြူလာဝမ်းကားပြိုင်ပွဲတွေမှာ ကားဘီးတွေလျှပ်တပြက် ပြောင်းလဲတပ်ဆင်ကြသလို မက်ဒေါနားအ၀တ်အစားပြောင်းလဲပုံက မြန်ဆန်လှတယ်။ စကပ်တိုတိုအနီရောင် နဲ့ခြေအိတ်ရှည်အနက် အနီအနက်နဲ့ မက်ဒေါနားက သီချင်းဟောင်းတပုဒ် INTO THE GROOVE ကို ကျောင်းသူတစ်ယောက်စတိုင်လ် ချစ်စဖွယ် သွက်လက်လွန်းလှစွာသီဆိုပါတယ်။ အတီးတွေအားလုံးကို live show ပရိတ်သတ်အတွက် ကခုန်ဖို့ dance music တွေပြောင်းထားတယ်။ သီချင်းတိုင်းကို မြန်မြန်ကြီးပဲ ဆိုပါတယ်။ တစ်ခါတစ်ခါ မက်ဒေါနားရဲ့အသံ electroinc sound ပုံစံပြောင်းလိုက်တယ်။ မက်ဒေါနားရဲ့အကအဖွဲ့သားတွေက သီချင်းကိုသရုပ်ဖော်ကြတယ်။ ခုန်ကြတယ်၊ ကကြတယ်၊ ပရိတ်သတ်တွေပျော်တာထက် စင်ပေါ်ကလူတွေက ပိုတောင်ပျော်ရွှင်နေပုံရတယ်။ ပရိသတ်တွေခုန်နိုင်တာထက် စင်ပေါ်က မက်ဒေါနားက ပိုပြီးတောင်ခုန်နိုင်ပါသေးတယ်။
INTO THE GROOVE အပြီး မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုသရုပ်ဖော်ကြတယ်။ မိုက်ကယ်ဂျင်ဆင်အတိုင်း ၀တ်ဆင်ပြီး မိုက်ကယ်လ်ဂျက်ဆင်အကအတိုင်း ကပြနိုင်ပါတယ်။ အဲဒီ dancer က ဘယ်သူလဲတော့ မသိပါဘူး။ နောက်တစ်ပုဒ် အတွက် မက်ဒေါနားက common common လို့ ဆိုလိုက်တယ်။ ပရိသတ်ရဲ့ အာခေါင်ခြစ်အားပေးသံတွေဆူညံသွားတယ်၊ HOLIDAY လို့ အော်ဟစ်ကြတယ်။ HOLIDAY သီချင်း ကို music can be such a revelation ဆိုတဲ့စာသားနဲ့အတူ ပရိသတ်ပါ စင်ပေါ်က မက်ဒေါနားအဖွဲ့သားတွေနဲ့အတူ ပိုပြီးဟန်ချက်ညီညီ ခုန်ပေါက်သီဆိုကြတယ်။ performer ၂၈ ယောက်၊ dancer ၁၆ ပါဝင်တဲ့ မက်ဒေါနားရဲ့ ဖျော်ဖြေမှုမှာ ဆားရ်ဘီးယန်းဂီတပရိတ်သတ်တွေကျေနပ်ပုံရပါတယ်။ မိန်းကလေးတစ်ယောက်မူးလဲတာကို ဆေးအဖွဲ့က ပြုစုကုသနေတာကိုလဲ တွေ့လိုက်ရတယ်။ ကျန်တဲ့ ဂီတပရိတ်သတ်အားလုံးနီးပါး ခိုက်ရန်ဖြစ်ပွားမှုမရှိပဲ ပျော်ရွှင်သွက်လက်နေကြတယ်။
ပထမပိုင်း အပြီး ခဏနားချိန်မှာ မီးအလင်းတွေတလက်လက်၊ ဘီယာစည်တွေကျောပေါ်မှာပိုးထားတဲ့ အမျိုးသမီး၊ အမျိုးသားအချို့ ဘီယာသောက်ချင်နေသေးတဲ့ သူတွေအတွက် လိုက်ဖြည့်ပေးနေတဲ့ beer service ကလဲစိတ်ဝင်စားစရာပါပဲ။ ဒုတိယပိုင်းမှာ ဂစ်တာတီးပြီး YOU MUST LOVE ME ဆိုတဲ့သီချင်းကို ခပ်အေးအေး၊ ခပ်ဖြည်းဖြည်းပဲ သီဆိုပါတယ်။ Where do we go from here?This isn't where we intended to be ... We had it all, you believed in me ... I believed in you.. စာသားတိုင်း ပီပီသသ သီဆိုပါတယ်။ အဲဒီသီချင်းအဆုံး ဆားရ်ဘီးယန်းဂီတပရိသတ်တွေရဲ့ အားပေးချီးမြှောက်တဲ့လက်ခုပ်သံတွေ တခြားသီချင်းတွေထက် ပိုပြီးဆူညံသွားတယ်။ ပြီးတော့ Are you ready to dance? လို့ ပရိသတ်ကိုမေးရင်း အခြေအနေကို မက်ဒေါနားက စူးစမ်းတယ်။
နောက်တော့ LA ISLA BONITA သီချင်းကို ယူကရိန်းဂျစ်ပဆီဂီတအဖွဲ့နဲ့ အတူဖျော်ဖြေပါတယ်။ ဂျစ်ပဆီ ရိုးရာသီချင်းတွေပေါင်းပြီး သီဆိုတယ်။ အနက်ရောင်လက်ရှည်လက်စည်းဖောင်းဖောင်း အနက်ရောင်ဝတ်စုံမှာ ရောင်စုံတလက်လက်ကြိုးတွေစည်းထားတဲ့ ၀တ်စုံက သီချင်းနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ရောင်စုံပုတီးတွေလဲ ခပ်များများဝတ်ဆင်ထားတယ်။ I want to be where the sun warms the sky စတဲ့ ... LA ISLA BONITA သီချင်းစားသားတစ်ကြောင်းဆိုပြီးတိုင်း ဂျစ်ပဆီရိုးရာအကနဲ့အတူ တယောသံ၊ အကော်ဒီယံ၊ ဟော်လိုဂစ်တာအတီးတွေက ၀င်ပါတယ်။ ရိုးရာရောင်စုံအ၀တ်အစားတွေဝတ်ဆင်ထားတဲ့ မက်ဒေါနားရဲ့ အကအဖွဲ့ကလဲဆားရ်ဘီးယန်း၊ရိုးမေးနီးယန်း၊ ဘူလ်ဂေးရီးယန်းတွေရဲ့ ရိုးရာအကမျိုးလို သွက်သွက်လက်လက်ကကြတယ်။
ပရိသတ်သတ်တွေရဲ့လက်ခုပ်သံကလဲ သီချင်းစည်းချက်အတိုင်း ဟန်ချက်ညီနေတယ်။ စင်ပေါ်မှာ အသွက်လက်ဆုံး ခုန်ပေါက်ကခုန်ကြတဲ့အခါ စင်အောက်ကပရိတ်သတ်လိုက်မခုန်နိုင်တော့ပါဘူး။ မိုလ်ဘိုင်းဖုန်းတွေနဲ့ ပုံ၊ ဗီဒီယိုဖိုင် ရနိုင်သမျှယူကြတယ်။ ပရိသတ်ထဲထိ သွားနိုင်တဲ့ stage row အတိုင်း ပရိသတ်နဲ့ နီးနိုင်သမျှနီးအောင် မက်ဒေါနားနဲ့အဖွဲ့က ကခုန်ရင်းရှေ့ကိုတိုးတိုး သွားကြတယ်။ ပရိသတ်တွေရဲ့ အားပေးသံတွေ အူးစ်ချက်ပန်းခြံထဲ ပေါက်ကွဲလွင့်ပျံနေကြတယ်။ LA ISLA BONITA အပြီး Life is a mystery... ဆိုတဲ့ Like a prayer သီချင်းအ၀င်စာသားကို ခပ်ဖြည်းဖြည်းဆိုပြီး သီချစ်တစ်ပုဒ်လုံးကို dance music စတိုင်လ်တီးထားပြီး မြန်မြန်ကြီးဆို၊ မြန်မြန်ပဲ ကကြတယ်။ LIKE A PRAYER သီချင်းမှန်းမသိနိုင်လောက်အောင်ကို မြန်ပါတယ်။
FROZEN သီချင်း၊ 4 MINUTESသီချင်းတွေကိုသီဆိုတယ်၊ အဲဒီနောက်တော့ GIVE IT TO ME သီချင်းကို သီဆိုတော့ စင်ပေါ်စင်အောက် မီးရောင်စုံ အလင်းတန်းတွေ စူးစူးရှရှထွက်ပေါ်လာတယ်၊ အပြာရောင်မီးရောင်တွေကဲနေတဲ့စင်ပေါ်မှာ အနက်ရောင်အ၀တ်အစားနဲ့ မက်ဒေါနားက သေသေချာချာကခုန် သီဆိုပါတယ်။ ပရိသတ်တွေဆီ မီးအလင်းတန်းတွေ စူးစူးရှရှ ဖြာကျလာတယ်။ မီးရောင်စုံတွေ ရှုပ်ယှက်ခတ် ပြေးလွှားနေသလို ပရိသတ်တွေလဲ ရှုပ်ယှက်ခတ်ကခုန်ရင်း ပျော်ရွှင်နေကြတယ်။ ပရိသတ်တစ်ချို့ လူအုပ်ထဲက တိုးထွက်လာကြတယ်။ နွေရာသီဆိုပေမဲ့ ညလယ်မှာအအေးဓါတ်က ပိုလာပါတယ်။ မက်ဒေါနားက ပရိတ်သတ်ဆီ မိုက်ကရိုဖုန်းကို ထိုးပေးရင်း Give it to me .. no one's gonna show me how လို့ ပရိသတ်တွေက သီဆိုကြတယ်။ ပရိတ်သတ်လဲ ခုန်လို့ မောလောက်တဲ့အခါ GIVE IT TO ME .. လို့ မက်ဒေါနားက အဆုံးသတ်ဆိုလိုက်တယ်၊ Game Over ဆိုတဲ့ စာသားပေါ်လာပြီး Thank you Belgrade, good night လို့ မက်ဒေါနားက နှုတ်ဆက်ရင်း ဘဲလ်ဂရိတ်ရဲ့ pop dance ညတစ်ညကို ရပ်တန့်လိုက်ပါတယ်။
ပရိသတ် သုံးသောင်းကျော်လောက်ကြည့်ရှုခဲ့ကြတယ်။ အူးစ်ချက်ပန်းခြံက အပြန်လမ်းတစ်လျှောက်မှာတော့ ပြောင်းဖူးပြုတ်၊ ပြောင်းဖူးမီးကင် ဆိုင်တွေ၊ ကော်ဖီဆိုင်လေးတွေမှာ လူတွေ တိုးဝှေ့ရင်း ၀မ်းဗိုက်ဆာလောင်မှုကိုဖြည့်တင်းကြရင်းနဲ့ အိမ်အပြန်လမ်းမဆီ အရောင်စုံလူငယ်တွေ အလုအယက် ခပ်သုတ်သုတ်ခရီးနှင်ကြပြီ။            ။
Fashion Magazine, December, 2009