Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, September 08, 2010

ဒါလီ ရဲ့ Divine Worlds

စပိန်ပန်းချီဆရာကြီး ဆာလ်ဗာဒိုဒါလီဲရဲ့“Divine Worlds" ပန်းချီပြပွဲကို စက်တင်ဘာ ၃ရက်နေ့ကနေပြီး နိုဝင်္ဘာ ၁၄ရက်နေ့အထိ တနင်္လာနေ့မှအပ နေ့တိုင်း ဘဲလ်ဂရိတ် Museum History of Yugoslavia(MIJ)မှာ ပြနေပါတယ်၊ ဒါလီရဲ့လက်ရာ ဂရပ်ဖစ်ကားပေါင်း ၂၀၀ ကျော်ပြထားတယ်၊ Biblia Sacra and Divine Comedy ရုပ်ပုံလက်ရာတွေပါ၊ စနေနေ့က သွားကြည့်ဖြစ်ခဲ့တယ်။

နှစ်ထပ်အဆောက်အဦ အပေါ်ထပ်မှာ ပြထားပါတယ်၊ အ၀င်ဝမှာ သူ့ရဲ့အမှတ်တံဆိပ် ပန်းပုရုပ်လို့နာမည်ကြီးတဲ့ မဲဝက်စ်နှုတ်ခမ်းဆိုဖာချထားပြီး ဘယ်ညာ ၀င်ပေါက်၊ ထွက်ပေါက်ထားပေးထားတယ်၊ ၀င်ကြေးက ဒီနာ ၄၅၀ (ယူအက်စ်၅ဒေါ်လာကျော်ကျော်)၊ ကျောင်းသူကျောင်းသား၊ ပင်စင်စားနဲ့ ၁၀နှစ်အောက်ကလေးငယ်တွေက ဒီနာ၃၀၀ပဲပေးရပါတယ်၊ ၀င်ဝင်ချင်း ထင်းနေအောင်မြင်ရတာက ဒါလီရဲ့ timeline ပါ၊ ခုနှစ်တွေနဲ့ သူရဲ့ အလုပ်တွေ ရေးထားပါတယ်၊




ညာဘက်ခြမ်းကနေကြည့်သွားရင် ခရစ်ယာန်ကျမ်းစာပါ အဖြစ်အပျက်တွေကို ရေးဆွဲထားတာတွေ တွေ့ရပြီး ကျန်တဲ့ပန်းချီကားတွေကတော့ ဒါလီရဲ့ ရေးဟန်အတိုင်း sketch လိုင်းတွေမထင်မရှားတွေမှာ ဆေးရောင်တွေပစ်ထည့်ပြီး ပုံရိပ်တွေဖမ်းထားတယ်၊ စေတန်စီးနေတဲ့ ကိုယ်ခန္ဓာကို ဆွဲတဲ့အခါ အတွင်းသဏ္ဍာန်ကို အ၀ါရောင်ကိုယ်စားပြုပြီးဆွဲတယ်၊ ဆေးရောင်ကို အပြည့်မခြယ်ပဲ အလယ်တွေမှာ ကွက်လပ်လေးတွေလွှတ်ထားတာလဲတွေ့ရတယ်၊ နာမည်ကြီးပန်းချီဆရာဆိုတော့ သူ့ရဲ့လက်ရာတွေက ပညာရှင်တစ်ဦးရဲ့လက်ရာမျိုး၊ sketch နိုင်တာ၊ အရောင်စပ်ပုံကောင်းတာ၊ အရောင်တွေ သိပ်ကစားမထားတာ၊ အတွန့်အလိပ် အ၀တ်အစားဆွဲတွေ ဆွဲတဲ့ပုံတွေမှာပီပြင်လွန်းတာ၊ ခြေတွေ၊ လက်တွေဆွဲထားတာ ကြည့်ကောင်းတာတွေက ပညာရှင်တစ်ဦးအတွက်တော့ သိပ်မဆန်းပါဘူး၊ ကိုယ်ကလည်း ပန်းချီဆိုတာ သိပ်နားလည်တာမဟုတ်တော့၊ ရှုခင်းပန်းချီ၊ ပန်းလေးတွေလှလှပပ၊ ကယ်ရီကေးချား၊ ပုံတူတွေလောက်ပဲ ကြိုက်တတ်တာ၊ ကောင်းမှန်းသိပေမဲ့ ပန်းချီဆရာတစ်ဦးစီရဲ့ လက်ရာကို ဘယ်သူက ဘယ်လိုထူးတယ် ခွဲခြားပြီး မကြည့်တတ်ပါဘူး၊ မသိပါဘူး၊
နောက်တစ်ခု ဒါလီရဲ့ အမှတ်အသားက နှုတ်ခမ်းမွှေးကော့ကော့စတိုင်လ်ပါပဲ။

ဒါလီက ၁၉၀၄ခု မေလ ၁၁ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၉၈၉ ဇန်န၀ါရီလ အသက် ၈၄နှစ်အရွယ်မှာသေဆုံးခဲ့တယ်၊ စိတ်ကူးပန်းချီဝါဒလက်ကိုင်ထားရေးဆွဲတဲ့ ပန်းချီဆရာအဖြစ်နာမည်ကျော်ပါတယ်၊ ဒါလီရဲ့လက်ရာတွေမှာ ၁၄ရာစုနှစ်ပိုင်းက ပန်းချီအကျော်အမော်ကြီးတွေရဲ့လွှမ်းမိုးမှုတွေရှိတယ်လို့ဆိုတယ်၊ သူ့ရဲ့ ၁၉၃၁ခုနှစ် ကရေးဆွဲခဲ့တဲ့ ပန်းချီကား The Persistence of Memory ဟာ ကျော်ကြားပါတယ်၊ ဒါလီက အင်မတန်ကြေးကြီးတဲ့ပန်းချီဆရာကြီးအဖြစ်နာမည်ကြီးလွန်းတယ်၊ ပန်းချီဆရာကြီးဒါလီ က ပန်းချီအပြင် ဓါတ်ပုံ၊ ပန်းပု၊ စာရေး အဲဒီနယ်ပယ်တွေမှာလည်း ကျင်လည်ခဲ့ပါတယ်၊ ဒါလီရဲ့ ပုံသဏ္ဍန်အမှတ်အသားတွေအသုံးပြုရေးဆွဲတဲ့ symbolism ပန်းချီကားတွေမှာ Dream Caused by the Flight of a Bee around a Pomegranate a Second Before Awakening၊ The Great Masturbator နဲ့ The Metamorphosis of Narcissus တို့က လူကြိုက်များပါတယ်၊ Sculpture တွေမှာတော့ Lobster Telephone နဲ့ Mae West Lips Sofa တို့က လူသိများတယ်၊ The Disintegration of the Persistence of Memory ပန်းချီကားကို ၁၉၅၄ မှာရေးဆွဲခဲ့ပြီး အဲဒီပန်းချီကား ဟာ The Persistence of Memory ကို အမှတ်ရမိစေတယ်လို့ ဆိုကြတယ်၊ The Secret Life of Salvador Dalí ဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိကို ၁၉၄၂ မှာ ထုတ်ဝေခဲ့ပါတယ်၊ ဒါလီက ငယ်ရွယ်စဉ်တုန်းက မင်းမဲ့ဝါဒီသမား၊ ကွန်မြူနစ်ဝါဒီသမားတစ်ဦးဘက်ယိမ်းခဲ့ပေမဲ ၁၉၇၀မှာ ထုတ်ဝေခဲ့တဲ့ ကိုယ်တိုင်ရေးအထ္ထုပတ္တိ Dalí by Dalí စာအုပ်မှာတော့ သူဟာ မင်းမဲ့ဝါဒီသမား၊ ဘုရင်စနစ်ကိုလိုလားသူလို့ အတိအလင်းရေးသားခဲ့တယ်၊ ဒစ်စနေးအင်နီမေးရှင်းလုပ်ငန်း တွေမှာလည်း သူပါဝင်ခဲ့ပါတယ်၊ Dalí in New york ဆိုတဲ့ ရုပ်ရှင်ကားတစ်ကားကိုလည်း ဒါရိုက် ဂျက်ခ်ဘွန်းနဲ့ရိုက်ကူးခဲ့ပါတယ်။


Ref : http://en.wikipedia.org/wiki/Salvador_Dal%C3%AD

ပြီးတော့ ကွန်မြူနစ်သမ္မတဟောင်း တီတိုရဲ့ဂူဗိမာန် က နီးနီးလေးပဲဆိုတော့ အဲဒီကိုသွားကြည့်ကြသေးတယ်။

No comments: