Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, September 07, 2010

ကွက်လပ်ကိုယ်ခန္ဓာနှင့် တစ္ဆေများ

ပါစကဲဒိုရီရန် ဟာ ဘဲလ်အဲမှာနေပါတယ်။ ဘဲလ်အဲ ကို .. တစ်ချို့လူတွေက ဟေတီနိုင်ငံရဲ့ ဘက်ဂ်ဒက်လို့ခေါ်နေကြတယ်။ ဘဲလ်အဲဧရိယာလေးဟာ ပျက်ဆီးဆုံးပါးမှုတွေနဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ၀န်းကျင်ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြီ။ အဲဒီနေရာလေးမှာ အလယ်တန်းကျောင်းသား ကလေးငယ် ရာပေါင်းများစွာက ဒေသတွင်း အနုပညာပြိုင်ပွဲတစ်ခုမှာ ပါဝင်ကြဖို့ အားသွန်ခွန်စိုက် ပုံတွေဆွဲခဲ့ကြတယ်။ သူတို့ဆွဲလိုက်တဲ့ ပုံတွေက .. အမ် ၁၆ မောင်းပြန်ရိုင်ဖယ်သေနတ်တွေရယ်၊ ခေါင်းပြတ်နေကြတဲ့ တုံးတိတိအလောင်းအပိုင်းအစတွေရယ်၊ ရေးထားတဲ့ အညွှန်းစာသားတွေကရော .. “အသုဘအခမ်းအနားစီတန်း လှည့်လည်နေချိန်ကြီး ပစ်ခတ်တိုက်ခတ်တာဟာ ယဉ်ကျေးမှုမရှိပါဘူး” တဲ့။ “ကျွန်တော်တော့ ကျွန်တော့်လက်နက်တွေ ကိုင်စွဲထားဖို့  အူမြူးနေပါပြီ၊ ခင်ဗျားကရော” တဲ့။

ဘဲလ်အဲဟာ တကယ်တမ်းတော့ အလယ်အလတ်တန်းစား ဆင်းရဲသားရပ်ကွက်ငယ်လေးပါ။ အဲဒီမှာ ပရိုတက်စတင့်နဲ့ ကက်သလစ်ဘုရားကျောင်းအနည်းငယ်ရှိတယ်။ ဗူးဒူးမှော်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ မုန့်ဖိုတွေနဲ့ အ၀တ်သန့်စင်လုပ်ငန်းတွေ ရှိတယ်။ အင်တာနက်ကဖေးတွေတောင် ရှိနေပါတယ်။ ဘဲလ်အဲမှာ ဂိုဏ်းစတားရန်ပွဲတွေ အစတုန်းကမရှိခဲ့ဘူး၊ ဂိုဏ်းအဖွဲ့တစ်ဖွဲ့တော့ရှိနေခဲ့ပြီ။
သူတို့ရဲ့ရုံးချုပ်က ကုန်လှောင်ရုံခပ်ကြီးကြီတစ်ခုမှာ၊ မြွေရုပ်၊ ခြင်္သေ့ရုပ်၊ ဆိတ် တိရစ္ဆာန်ရုပ်ပုံတွေ အဲဒီကုန်လှောင်ကြီးရဲ့နံရံတွေမှာ ရေးဆွဲထားတယ်။ အာဖရိကခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟေးလ်စလားစီး နဲ့ ဂျမေကန်ရက်ဂေးအဆိုတော်ဘောပ့်မာလေးရဲ့ပုံတွေလဲ ရေးခြယ်ထားကြတယ်။ အဲဒီကုန်လှောင်ရုံမှာ မှီတင်းနေထိုင်နေကြတဲ့ ၂ဒါဇင်ခန့်ရှိတဲ့ လူငယ်လေးတွေကို ဘာ့ဇ်ဘန်နီး(Baz Benin)တွေ လို့ခေါ်တယ်။ သူတို့အဖွဲ့ဝင်တွေကို သိသာစေအောင် ဘာ့ဇ်ဘန်နီးလို့ အမည်ပေးထားကြတယ်လို့ဆိုတယ်။ အဖွဲ့ဝင်တစ်ဦး ပိုင်းအ် ဆိုရင် တစ်ည အိပ်ရာထဲ လှဲနေတဲ့အချိန် အထူးတပ်ဖွဲ့တစ်ဖွဲ့က ပိုင်းအ်ရဲ့ဦးခေါင်းနောက်ပိုင်းကနေ ကျည်ဆံပေါင်းများစွာပစ်သွင်းပြီး ပစ်သတ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုဟာ လက်လွန်တဲ့ပြန်ပေးဆွဲမှု ကွင်းဆက်တွေရဲ့လက်တုံ့ပြန်မှုပါပဲ၊ ဘာ့ဇ်ဘန်နီး အဖွဲ့သားတစ်ချို့အပြစ်ပေး ခံရတယ်၊ တစ်ချို့တော့လည်းလွတ်ကင်းခဲ့ကြတယ်။ ဘာ့ဇ်ဘန်နီး ဂိုဏ်းသားတွေက သူတို့ကိုယ်သူတို့ နူဘီရန်တော်ဝင်-အီဂျစ်နတ်ဘုရားအနွယ်ဝင်တွေလို့ ခေါ်လေ့ရှိတယ်။ သူတို့ပြောချင်တာက ဟေတီသားတွေကို ခြိမ်းချောက်သတ်ဖြတ်ကြမယ်တဲ့၊ တိုက်ဖျက်လုယက်မှုတွေဖြစ်ပွားစေဖို့ ရည်ညွှန်းနေကြတဲ့သူတွေအဖြစ် သူတို့ ရပ်တည်နေခဲ့ကြပါတယ်။

ပါစကဲ ရဲ့ မိဘတွေက ဘဲလ်အဲမှာ စားသောက်ဆိုင်ပိုင်ရှင်တွေဖြစ်ကြတယ်။ ပါစကဲမိဘတွေပိုင်တဲ့ နေရာလေးက နည်းနည်းပါးပါး ပိုပြီးကျယ်ဝန်းပါတယ်။ အများစုက ပြွတ်သိပ်ညပ်ကျပ်နေတဲ့ အိမ်နီးချင်းတွေ၊ ဒါကြောင့် သူတို့ရဲ့ စားသောက်ဆိုင်မှာ သတ္တုအကာကြီးနဲ့ ပိုင်း ကာထားတယ်။ အဲဒီ တွန့်လိပ်လိပ် အကာအရံကြီးလည်း သံချေးတက်နေပြီ၊ ဒုတိယထပ်ပြူတင်းပေါက်ဆီကနေ တွဲလောင်းချိတ်ဆွဲထားတဲ့ မီးသီးတွေရဲ့အောက်ခြေမှာ ရှည်မျောမျောသစ်သားစားပွဲလေးခုရှိနေတယ်။ သူတို့သာ ခပ်မြန်မြန်လေး ဧည့်ဝတ်ပြုမယ်ဆိုရင် တစ်ညကို ဧည့်သည်အယောက်သုံးဆယ်လောက် ညတိုင်းလို ရှိကြတယ်။ သူတို့ ဆန်နဲ့ ပဲ တွေရောင်းချတယ်။ စာသောက်ဆိုင်မှာ ငှက်ပျောသီးကြော်နဲ့ ပြောင်းဖူးမုန့်တွေ ရနိုင်တယ်။ တကယ်တမ်း သူတို့ အချိန်အတော်ကြာ အဓိကရောင်းချလာခဲ့ကြတာက ခိုသားကြော်ပါ။

ပါစကဲမိဘတွေ ဘဲလ်အဲကို ပြောင်းရွှေ့လာခဲ့ကြတုန်းက အနီးပတ်ဝန်းကျင်မှာ လယ်သမားတွေအများစု နေထိုင်ကြတယ်။ အိမ်နီးချင်းလယ်သမားတွေဟာ ဘဲလ်အဲမှာ ခဏတစ်ဖြုတ်ပဲနေထိုင်ကြတော့ လယ်သမားတွေရဲ့ကလေးငယ်တွေဟာ မူလတန်းကျောင်းသာ ပြီးဆုံးအောင်တက်နိုင်ခဲ့ကြပါတယ်။ ဘဲလ်အဲနယ်တ၀ိုက်က သစ်ပင်တွေဟာလည်း ထင်းမီးသွေးတွေအဖြစ် အရောင်အသွေးပြောင်းလဲကုန်ကြပြီ၊ တောင်ကတုံးတွေဖြစ်ကုန်ကြပြီ၊ ဒီတိုင်းပြည်လေးမှာ မြေဆီလွှာတွေက ပင်လယ်ထဲ မြောပါကုန်ကြပါပြီ။ သူတို့တွေလည်းဒီလိုနဲ့ပဲ နေထိုင်ရင်း သားနှစ်ယောက်ကို ကြီးပြင်းအောင် စောင့်ရှောက်လာခဲ့ကြတယ်။ နှစ်တိုင်း ခိုပေါင်းထောင်ကျော်ရောင်းချလာခဲ့တယ်၊ အသေတွေရော အရှင်တွေရောပဲ သူတို့ရောင်းချခဲ့ကြတယ်။

ပါစကဲရဲ့ ဖခင်ဟာ ဟေတီအနောက်ပိုင်းလီယိုဂိန်းမြို့လေးမှာ နေထိုင်စဉ်ကလေးငယ်ဘ၀ကတည်းက ခိုသားဖောက် မွေးမြူတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အကြမ်းဖျဉ်းဆိုရရင် ၈၀ခုနှစ် အစောပိုင်းလောက်မှာ တော့ ခိုမွေးမြူတာကို ရပ်တန့်လိုက်ရတယ်။ ကောလဟာလတွေကြောင့်ပါ၊ တချို့စစ်သားတွေ ဒေသတစ်ဝိုက်ဝင်ရောက်လာကြပြီး ပါစကဲဖခင်ရဲ့ ခိုတွေကို စုဆောင်းသိမ်းယူကြတယ်။ ဒိုမိုနီကန်ရီပါတ်ပလစ်မှာရှိတဲ့ လက်နက်ကိုင်တပ်သားတွေကို ခိုတွေအသုံးပြုပြီး သတင်းပို့ပေးနေတယ်လို့ သတင်းတွေထွက်ခဲ့တာကြောင့်ပါ၊ ဒါပေမဲ့လည်း အဆုံးသတ်မှာတော့ သူ့ရဲ့ ခိုတွေ တစ်ကောင်တစ်လေမှ အသုံးမပြုလိုက်ရသေးပဲ အာဏာရှင်စနစ်ဟာ ကျဆုံးသွားခဲ့ပါတယ်။ ပါစကဲဖခင်လည်း သူရဲ့ ခိုလုပ်ငန်း ပြန်စတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့ ဖောက်သည်အများစုဟာ လှုပ်ရှားတက်ကြွနေကြတဲ့ လူငယ်လူရွယ်လေးတွေ ဖြစ်လာကြတယ်။ သူတို့ရဲ့ပထမဆုံး လိင်ဆက်ဆံမှုမှာ အစွမ်းပြချင်နေကြတဲ့ အဲဒီလူငယ်လေးတွေက ခိုတွေရဲ့လည်ကို လှီးဖြတ်ပြီးရလာတဲ့ ခိုလည်ချောင်းသွေးကို၊ ကာနေးရှင်းနို့ဆီနဲ့ မုယောစပါးယမကာအရောအနှောထဲ ထည့်ကာ သောက်သုံးကြတယ်။ တစ်ခါတစ်ရံ အဲဒီလူငယ်လေးတွေရဲ့ ဖခင်တွေပါ လိုက်လာကြလေ့ရှိတယ်။ အဖေတွေက သောက်ရမှာ ရွံတွန့်တွန့်ဖြစ်နေတဲ့သားတွေရဲ့ နှာခေါင်းကို ပိတ်ပြီး အဲဒီအရောအနှောကိုအတင်းအကျပ်သောက်သုံးစေတယ်။  ပြီးတော့ တ၀ါးဝါးတဟားဟားရယ်မောရင်း “ငါတော့ အဲဒီမိန်းကလေးကို သနားမိသေးရဲ့” လို့ ရယ်ပွဲဖွဲ့ပြောဆိုကြတယ်။ အနီးအနားမှာတော့ ခိုငယ်လေးရဲ့ ဦးခေါင်းကင်းမဲ့နေတဲ့ခန္ဓာကိုယ်က မြေပေါ်မှာ ဆတ်ဆတ်ခါ တွန့်လိမ်နေဆဲ။

ဒါဟာတကယ်တော့ ရက်စက်ကြမ်းကြုတ်မှုပါ၊ ပါစကဲမိဘတွေက ခိုလည်ချောင်းသွေးအရောအနှော ကိစ္စကြီးကို ကျေနပ်နှစ်သက်ကြတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလိုသတ်ဖြတ်တဲ့နည်းသုံးချင်ကြတဲ့သူတွေပေးတဲ့ ခိုတစ်ကောင်စာအဖိုးအခက နောက်ထပ်ခိုနှစ်ကောင်ထပ်ဝယ်ဖို့ အလုံအလောက်ပဲ၊ အဲဒီတော့လည်း ခိုတွေကို သူတို့ရဲ့ကလေးတွေအတွက် ကစားနည်းတစ်မျိုးလို ဆင်နွှဲကြဖို့ဝယ်ယူသွားကြတဲ့အခါတိုင်း သူတို့ ငြိမ်သက်စွာဝမ်းနည်းနေရုံပဲ တတ်နိုင်ကြတယ်။ နောက်တော့ အဖေနဲ့သား ဖောက်သည် များပြားတဲ့နေ့တွေကို သူတို့ပြန်တမ်းတကြတာပါပဲ၊ ဘာကြောင့်လဲဆိုတော့ ချက်ချင်းပဲ သူတို့ရဲ့ဖောက်သည်တွေဟာ ၀ဖိုင့်ဖိုင့်လူကြီးတွေဖြစ်လာကြသလို၊ သူတို့ဘာသာပဲ အုပ်စုဖွဲ့နေကြတယ်။ သူတို့ ခြေဦးလှည့်စုရုံးကြတာက နာမည်ကြီးအစုအဖွဲ့တွေအဖြစ်၊  နောက်တော့ အဲဒီအစုအဖွဲ့တွေက့ “ဂိုဏ်း” တွေဖြစ်လာကြတယ်။ ဂိုဏ်းသားတွေကိုတော့ “တူရိယာသံများ”၊ “မီးမိစ္ဆာများ” “တစ္စေများ” လို့ခေါ်ခဲ့ကြတယ်။ သူတို့တွေအများစုက အိမ်ထဲမှာ နေခဲ့ဖူးတဲ့ကာလကို မေ့လျော့သွားကြပြီဖြစ်တဲ့ လမ်းမပေါ်က ကလေးငယ်တွေ၊ မိဘတွေဆုံးပါးသွားကြတဲ့ လူငယ်လေးတွေနဲ့ အာဏာရှင်စနစ်ဆိုးအတွင်း မိဘတွေအသတ်ခံခဲ့ရပြီးနောက် ဥပဒေကင်းမဲ့/လူဦးရေထူထပ်များပြားနေတဲ့ အဲဒီမြို့လေးမှာ တစ်ကိုယ်တည်းရုန်းကန်ခဲ့ကြရတဲ့ လူငယ်လေးတွေပဲဖြစ်ကြတယ်။

အဲဒီလူငယ်လေးတွေဟာ သူတို့ရဲ့ ရက်ပ်ဂီတသမားမိတ်ဆွေကြီးတွေရဲ့ကြည့်ရှုစောင်မမှုကြောင့် ယူနိုက်တက်စတိတ်နဲ့ ကနေဒါကစုဆောင်းနေတဲ့ တပ်သားလေးတွေအဖြစ် အသင်းအဖွဲ့တွေထဲဝင်ကုန်ကြတယ်။ ဒေသခံလူကြီးတွေက အောင်မြင်လာတဲ့ စီးပွားရေးသမားတွေနဲ့ နိုင်ငံရေးသမားတွေကိုဆက်သွယ်ပြီး အဲဒီတပ်သားငယ်လေးတွေကို နိုင်ငံရေးလူထုဆန္ဒပြပွဲ အရှိန်မြင့်စေချင်တဲ့အခါအသုံးချကြတယ်။ လူထုအုံကြွမှုပြင်းထန်စေချင်တဲ့အခါ သေနတ်တွေ ထုတ်ပေးကြတယ်။ လှုပ်ရှားမှုတွေ ငြိမ်သက်သွားစေချင်တဲ့အခါမျိုးမှာ တပ်သားလေးတွေကို ပြန်ခေါ်တယ်။ လူထုလှုပ်ရှားမှု အရှိန်အတိုးအဆုတ်တွေနဲ့ လူငယ်လေးတွေကို ရှေ့တိုးနောက်ဆုတ် လှုပ်ရှားစေတယ်။ တစ်ခါတစ်ရံ အဲဒီလို ဆန္ဒပြပွဲတွေမစတင်ခင်မှာ ခိုသွေးအရောအနှောရောင်းချပေးဖို့ အမျိုးသားတွေအများကြီးပဲ ပါစကဲမိဘတွေဆီရောက်လာတတ်ကြတယ်။ ပါစကဲမိဘတွေ .. ခိုတွေကိုသတ်ဖြတ်တဲ့အလုပ်က အပြီးအပိုင်စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီးနေကြပြီ၊ ဖောက်သည်တွေရဲ့ တောင်းဆိုမှုတွေကြောင့်ပဲ သူတို့ ဒီနေရာလေးတ၀ိုက်မှာ ခိုတွေအများကြီးပဲ ညှဉ်းပမ်းနှိပ်စက်မိကြပြီ၊ အစုလိုက်အပြုံလိုက်ကို သတ်ဖြတ်မိခဲ့ကြပြီ၊ သူတို့ ၀မ်းနည်းလွန်းလှပါပြီ။ နောက်ဆုံးမှာတော့ သူတို့ဖမ်းထားတဲ့ လက်ကျန်ခိုလေးနှစ်ကောင်ကို လွှတ်ပစ်လိုက်တော့တယ်။ သနားစရာခိုလေးနှစ်ကောင်က မသိနားမလည်ရှာပဲ အသိုက်ဆီကို ပြန်လာနေကြသေးတယ်။ နောက်တော့ အိမ်နီးချင်း တစ်ယောက်ယောက်ပဲဖြစ်မယ်။ သူတို့ရသွားကြတယ်။ နောက်ဆုံးခိုလေးနှစ်ကောင်ကို နောက်တစ်ခါ ပြန်မတွေ့ရတော့ပါဘူး။ ခိုတွေ အသေ၊ အရှင် ရောင်းချသတ်ဖြတ်တဲ့အလုပ်ကနေ သူတို့ ငွေအတော်အသင့် စုမိခဲ့ကြတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ တိုးချဲ့နိုင်ခဲ့ပြီ၊ ကပ်လျှက်အခန်းကို သူတို့ ၀ယ်လိုက်တယ်။ စားပွဲရှည်ကြီးတွေ နည်းနည်းပါးပါး ထပ်ပြီးထည့်လိုက်ကြပါတယ်။ ပါစကဲအဖေလည်း ကုန်တင်ပစ်ကပ်ကားတစ်စင်း ၀ယ်လိုက်တယ်။ Léogâne ကနေ Port-au-Prince ကို နေ့တိုင်း လေးကြိမ်လောက်အသွားအပြန် မောင်းပါတယ်။ လူတွေရော၊ တင်ချင်သမျှကျွဲ၊နွား သက်ရှိသက်မဲ့ ကုန်ပစ္စည်းတွေပါ အကုန်တင်တယ်။ ဒါပေမဲ့ ဂိုဏ်းစတားတွေလာကြတဲ့အချိန် ညနေ ၇ နာရီကနေ ညလယ်လောက်အထိအချိန်ကတော့ ပါစကဲအဖေရဲ့ စားသောက်ဆိုင်မှာရှိနေတဲ့ အလုပ်ချိန်ပါ။ အဲဒီအချိန်မှာ မူးယစ်ဆေးအရောင်းအ၀ယ်လုပ်ကြတယ်။ ပါစကဲအဖေရဲ့ဆိုင်က မူးယစ်ဆေးဝါး အဓိကဖြန့်ချိတဲ့နေရာလိုပဲ၊ ပါစကဲအဖေက သူတို့ကိုစောင့်ကြည့်မိတယ်။ ရောင်းချသူနဲ့ အသုံးပြုသူတွေ တိုက်ရိုက်ရောင်းဝယ်လဲလှယ်နေကြတယ်၊ သူတို့က “လူဖြူပေါင်ဒါ” လို့ စကားဝှက်သုံးတယ်။ တစ်ဦးချင်းစီလိုက်ကြည့်နေလည်း များလွန်းလိုက်တဲ့ ရောင်းသူ၊ ၀ယ်သူတွေ၊ မှတ်တောင်မမှတ်မိနိုင်လောက်အောင် အရေအတွက်တွေကများ .. များလွန်းလိုက်တာ၊ ပါစကဲမိဘတွေ စိတ်ပျက်လာကြတယ်။ စပ်ဆုပ်ရွံရှာလာကြတယ်။ ဒါပေမဲ့လည်း ဆိုင်ကိုတော့ သူတို့ ဆက်ပြီးဖွင့်ထားပါသေးတယ်။ ဒီဆိုင်လေးဟာ သူတို့ပတ်ဝန်းကျင်ကို  ပိုးကျသလိုဖျက်ဆီးနေတာကိုသိနေပေမဲ့လည်း ဆင်းရဲကျပ်တည်းခြင်းက အဲဒီလိုဖြစ်ရပ်မျိုးတွေကိုဖိတ်ခေါ်နေတဲ့ ဆိပ်ကမ်းတစ်ခုလိုပါပဲ။ သူတို့ရဲ့ဆိပ်ကမ်းလေးက သူတို့ရဲ့သားသမီးတွေကို ဒီမြို့လေးရဲ့ အလယ်တန်းကျောင်း သေးသေးကွေးကွေးလေးမှာ ထားနိုင်ဖို့ အထောက်အပံ့ပေးနိုင်နေသေးတာကိုး၊ သူတို့ရဲ့ သားသမီးတွေကို အကောင်းစားအပျံစားတွေ မပေးကမ်းနိုင်ပေမဲ့လည်း အားလပ်ရက်တွေမှာ ဂျက်ခ်မဲလ် နဲ့ လာဘာဒီအပန်းဖြေဟိုတယ်တွေကို ပို့ပေးနိုင်တယ်။ ဒါမှမဟုတ် တခြားနိုင်ငံတွေကိုရွှေ့ပြောင်းသွားကြတဲ့အမျိုးအဆွေတွေဆီ နွေရာသီမှာပို့နိုင်တယ်။ သူတို့တွေနဲ့ဆက်သွယ်ပြီး တစ်နေ့ အလုပ်ကောင်းရလာနိုင်မယ်။ အဲဒီဒေသတွေမှာပဲ လက်ထပ်ကြမယ်။ သူတို့ရဲ့ကလေးတွေ အဖေအမေတွေအတွက် နောက်ပြန်လှည့် ငဲ့နေဖို့မလိုပါဘူး လို့ ဒိုရီရန်မိသားစုကပြောကြတယ်။

ပါစကဲရဲ့ အကိုကြီးက ဂျူးလ်စ်၊ သူကတော့ မျှော်လင့်တဲ့အတိုင်းလုပ်နိုင်ခဲ့ပါပြီ၊ တော်တော်ကြာပြီ။ ကနေဒါ၊ မွန်ထရီရဲလ်မြို့က ကလေးမတစ်ယောက်နဲ့ ဒိတ်လုပ်ခဲ့ကြတယ်။ သူတို့အချင်းချင်း တိုင်ပင်ထားကြပြီးပြီ။ အဲဒီမိန်းကလေးဗီဇာကိစ္စပြီးရင် ဂျူးလ်စ်ကို လက်ထပ်ပြီး ကနေဒါကို ခေါ်သွားနိုင်မယ်။ တချိန်တည်းမှာပဲ အာဏာပိုင်တွေက တဖန် ပြန် တင်းကျပ်လာခဲ့တယ်။ ယူအန်အဖွဲ့ဝင်လာပြီး နောက်ထပ်ရဲတပ်သားတွေ သင်တန်းပေးဖို့ရောက်လာကြတယ်။ ဂျူးလ်စ် အဲဒီရဲတပ်ဖွဲ့ထဲဝင်ခဲ့ပါတယ်။  ဒါပေမဲ့ ဂျူးလ်စ်က သေးသေးကွေးကွေးရယ်၊ အရပ်က ၅ပေလောက်တောင် အနိုင်နိုင်၊ မျိုးရိုးအလိုက် အမွေရလာတဲ့ ဦးခေါင်းကခပ်ကြီးကြီးအချိုးအစားနဲ့မို့ ဂျူးလ်စ်ကို တိဗီးရီးတာဘ့်(ပေါင်မုန့်သီးဦးခေါင်း)လို့ နာမည်ပြောင်ပေးကြတယ်။ နောက်တော့လည်း ဂျူးလ်စ်.. ရဲတပ်သားတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာ သူ သိသွားခဲ့ပါတယ်။ ဘဲလ်အဲ က ပါစကဲမိသားစု စားသောက်ဆိုင်အပေါ်ထပ်အခန်းမှာ ဂျူးလ်စ်နဲ့ ပါစကဲတို့ အခန်းတစ်ခန်းကို ဝေမျှနေကြတယ်။  အိမ်နီးချင်းဂိုဏ်းအဖွဲ့သား တစ်ယောက်ယောက်အဖမ်းခံရတိုင်း ဂျူးလ်စ် ဒါကို မကျေမနပ် မြည်တွန်တောက်တီးနေလေ့ရှိတယ်၊ ရာဇ၀တ်မှုတွေကို သူ မုန်းတီးတယ်၊ အဲဒါကြောင့်ပဲ လအနည်းငယ်ကြာတဲ့အခါ သူ့ရဲ့မိန်းကလေးအဒေါ်၊ ဦးလေးတို့နဲ့တူတူ ဘဲလ်အဲရပ်ကွက်လေးကို ထားခဲ့တော့တယ်။ ဂျူးလ်စ်အတွက် မိဘတွေပူပင်ကြောင့်ကြစရာမလိုတော့ပါဘူး။

ပါစကဲကတော့ အသက်မွေးဝမ်းကျောင်းတစ်ကျောင်းမှာ ကွန်ပျူတာပရိုဂရမ်အတန်းတွေတက်တယ်။ စားသောက်ဆိုင်မှာ ပါစကဲမကူနိုင်တော့ဘူး။ နောက်တော့ ဟေတီရဲ့နာမည်အကျော်ဆုံး ရေဒီယိုအသံလွှင့်ဌာနတစ်ခုဖြစ်တဲ့ ရေဒီယိုဇိုရေးမှာ သတင်းရေးတဲ့သူအဖြစ်အလုပ်လုပ်ခဲ့ပါတယ်။ ဘဲလ်အဲမြို့လေးကြီးပြင်းလာသလို သတင်းတွေမှာ တိုက်ရိုက်ဖြစ်ပျက်နေတာတွေ ကြားသိနိုင်လာကြတယ်။ ရက်ပ် - ဟစ်ဟော့ပ်ဂိုဏ်းစတားတွေရဲ့အတွင်းကလာတဲ့သတင်းတွေကို ပြောပြနိုင်တဲ့ သတင်းသမား တစ်ယောက်ဖြစ်လာနေပြီလို့ ပါစကဲကိုယ်တိုင် သူ့ဘာသာ ထင်မြင်ယူဆနေခဲ့တယ်။ တစ်နေ့ ပါစကဲမိဘတွေဆောက်ထားတဲ့ လမ်းမဘက်ဆီက ကွန်ကရစ်တုံးမီးဖိုဆောင်သေးသေးလေးနားကဖြတ်လျှောက်ရင်း ပါစကဲ စိတ်ကူးတစ်ခုရလိုက်တယ်။ အကြော်အလှော်ဟင်းနံ့တွေနဲ့ဆွဲဆောင်နေလိုက်တာ၊ သူ စားသောက်ဆိုင်လေးထဲဝင်ပြီး တီရီး ရှိနေတဲ့စားပွဲဆီကိုသွားတယ်။ တီးရီးက လက်တစ်ဘက်ပဲရှိတဲ့၊ ဦးခေါင်းပြောင်ပြောင်နဲ့ ဂိုဏ်းခေါင်းဆောင်တစ်ဦးပါ၊ သူ့ရဲ့ အမည် တီးရီး က “သတ်ပစ်ရန်”လို့ အဓိပ္ပါယ်ရသတဲ့၊ တီးရီးက ဘီယာခွက်ကို ဆကာဆကာမြှောက်ရင်း ဆေးပြင်းလိပ်အကြီးကြီးကိုလည်း ဟန်ပါပါခဲလျှက် နဲ့မြူးတူးနေတယ်၊ သူ့ရဲ့ ပလတ်စတစ်နဲ့ စတီးသားလက်အတုကြီးကို အဖြူရောင်လက်ရှည်အင်္ကျီအောက်မှာ ခပ်ဝှက်ဝှက်ဝတ်ဆင်ထားတယ်။ တလက်လက်တောက်နေတဲ့ သတ္တုချိတ်လက်ကြီးနဲ့ ဘီယာခွက်ကို အင်မတန်ကျွမ်းကျင်ပိုင်နိုင်လှစွာ မြှောက်ကာ ချကာလုပ်ပြနေဆဲ၊ သူရဲ့ဘေးမှာ စိတ်အားထက်သန်နေပုံရတဲ့ လက်ထောက်လေး ၃ ယောက်က ၀န်းရံလို့နေတယ်။ တီးရီးရယ်သံကြီးက ကြမ်းရှရှကြီး၊ အလကားနေရင်း တဟားဟားရယ်တယ်။ သူ လက်နှစ်ဘက်လုံးရှိနေခဲ့တဲ့အချိန်တုန်းက လူတစ်ယောက်ကို ဆင်းဒ၀စ်ခ်ျတစ်ခုလို ဦးခေါင်းနဲ့ နားရွက်ပြားပြားကပ်သွားအောင် ရိုက်ချခဲ့ဘူးတယ်လို့ ၀ါကြွားစွာ ပြောတယ်။ ပြောရင်းနဲ့လည်း နားကလောစရာ အသံကြမ်းကြီးနဲ့ ရယ်ပြန်တယ်။  “အဲဒီဆင်းဒ၀စ်ခ်ျလူတော့ မျက်လုံးထဲက မျက်ရည်တွေတဒဟောကျလာတော့တာပဲဟေ့” လို့ တီးရီးက ထပ်ပြီးဖြည့်စွက်ပြောလိုက်သေးတယ်။ ပါစကဲ ဘေးနားက အသာချောင်းမြောင်းနားထောင်နေရင်း သူ့မှာ ဗီဒီယိုကင်မရာ ဒါမှမဟုတ် အသံဖမ်းစက်လေးတစ်လုံးလောက်တော့ရှိရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးနေခဲ့ပါတယ်။ လူတွေကို ငိုကြွေးစေခဲ့တဲ့ ဒီတိုင်းပြည်လေးထဲက ကျန်တဲ့ကိစ္စတွေကိုပါ ပါစကဲ သိပ်သိချင်ခဲ့တယ်။ တစ်သက်လုံးတော့ လူတွေကို ခြောက်လှန့်မနေသင့်ဘူးလို့ သူ တွေးတယ်။ ပါစကဲရဲ့ရှိုးအစီအစဉ် ရေဒီယိုဇိုရေးမှာလွှင့်တဲ့အခါ ပေးစရာနာမည်က “တစ္စေတွေ”ဆိုတဲ့နာမည်ပဲ ပေးစရာရှိမယ်လို့လည်း သူ ခါးခါးသီးသီး တွေးပါတယ်။ အစပိုင်းတော့ အငြင်းပွားစရာတွေ အကျယ်အကျယ်ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ သိပ်မကြာခင်ပဲ လူတွေ အကြိမ်ပေါင်းထောင်ပေါင်းများစွာ နားထောင်လာကြမယ်။ နားထောင်လိုစိတ်မရှိကြပေမဲ့လည်း ပါစကဲကတော့ နေ့တိုင်း၊ အပတ်စဉ်တိုင်း၊ လတိုင်း မကြာခဏနားထောင်နိုင်ဖို့၊ လွှင့်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက်တော့ လူတွေ ဂရုစိုက်လာကြတယ်။ “ဒီဘဲလ်အဲရပ်ကွက်လေးက လူတွေဘာတွေဖြစ်ကုန်ကြပြီလဲ” လို့ သူတို့ပြောတယ်။ ပြဿနာတွေ သက်သာရာရစေနိုင်မဲ့ နည်းလမ်းရှာကြည့်ကြဖို့ တိုက်တွန်းဆွေးနွေးတာတွေလုပ်လာကြတယ်။ အဲဒီအစီအစဉ်မှာ စိတ်ပညာရှင်တွေ၊ လူမှုရေးပညာရှင်တွေ နဲ့ မြို့ကြီးပြကြီးအဖြစ်ထူထောင်ဖို့ စီစဉ်နေကြသူတွေပါ ပါဝင်ဆွေးနွေးဖို့ကမ်းလှမ်းလာကြတယ်။ ပါစကဲရဲ့ သူငယ်ချင်းမက်က်ဇ်ကလည်း ပါဝင်ချင်တယ်လို့ဆိုတယ်။ မက်က်ဇ်က အလယ်တန်းအဆင့်လူငယ်လေးပါ မက်က်စ်ကမချမ်းသာပါဘူး။ သူ့အမေပြောပြထားဖူးသလို Port-au-Prince မြို့ရဲ့တောင်ကုန်းတွေရှိရာအရပ် လီဆဲဒီမာ့စ်က ကလေးတွေအများစုလိုပါပဲ ကြွယ်ဝချမ်းသာသူတွေမဟုတ်ကြဘူး၊ ဒါပေမဲ့လည်း ပါစကဲတို့လို သမိုင်းနဲ့ချီပြီး ရှေးရှေးကတည်းက ဆင်းရဲခဲ့တာတော့လည်း မဟုတ်ဘူး၊ သူ့ရဲ့ ညာဘက်နားမှာဆိုရင် ရွှေရောင်သံမှိုနားကပ်လေး တပ်ထားတယ်။ မက်က်စ်က အသံလွှင့်ရုံကလွှင့်တဲ့ မွန်းလွဲပိုင်း ကရဲဗောလ် ရက်ပ်၊ ဟစ်ပ်ဟော့ပ် အစီအစဉ် မှာ ဒီဂျေသမားလေး၊ သူ စပြီး တီးခတ်လာတဲ့အချိန်၊ ပါစကဲကလည်း နာမည်တက်လာတဲ့ ဘာ့ဇ်ဘန်နီးရက်ဂီတသမားတွေရဲ့ စီဒီ မှာ မက်က်စ်ကို နေရာပေးတယ်။ မက်က်စ်လည်း ဂီတအစီအစဉ်မှာပါဝင်တီးခတ်ဖို့ပြင်ဆင်နေခဲ့တယ်။

“ကျွန်တော် ခင်ဗျားပြောတာတွေအားလုံး ခံစားလို့ရပါတယ်၊ ဒါပေမဲ့ မန်နေဂျာပိုင်းက မ၀ယ်နိုင်ဘူး” လို့ မက်က်စ်က ပြောတယ်၊ အဲဒီနေ့က အငြင်းပွားနေတဲ့ ခရီးရိုး(အနောက်အိန္ဒိယကျွန်းသား)သတင်း၊ သတင်းကြေညာသူအတွက် ပါစကဲ ဘာသာပြန်ပေးနေချိန်ပါ၊

“ဒီလို ရှိုးအစီအစဉ်ကို ဘယ်သူက စပွန်ဆာပေးလိမ့်မလဲ”

“အစိုးရ က စပွန်ဆာပေးသင့်တာပေါ့” လို့ ပါစကဲ က ပြောလိုက်တယ်။

“အများပြည်သူနဲ့သက်ဆိုင်တဲ့အစီအစဉ် ငါ လုပ်နေတာ” လို့ ပါစကဲ ထပ်ပြီးပြောပါတယ်။

ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းတစ်ဦးကြိုတင်ဟောကိန်း ထုတ်ခဲ့သလိုပဲ အသံလွှင့်ရုံဒါရိုက်တာက သူ့ရဲ့အစီအစဉ်ကို ပယ်ချလိုက်တယ်၊ ရက်သတ္တအနည်းငယ်ကြာတဲ့အခါ .. ပါစကဲသတင်းသစ်တစ်ပုဒ်ရေးနေစဉ်မှာပဲ စကားထစ်အအ၊ ရဲဌာနပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့ဖူးတဲ့ သတင်းမန်နေဂျာ က “Homme a Homme” (Man to Man) လို့ခေါ်တဲ့ အစီအစဉ်အကြောင်း ဆွေးနွေးနေခဲ့ပါတယ်၊ အဲဒီအစီအစဉ်က ဂိုဏ်းအဖွဲ့သားတွေနဲ့ စီးပွားရေးသမားခေါင်းဆောင်တွေနဲ့ စတူဒီယိုအတွင်း ဆွေးနွေးခန်းအပိုင်းတွေပါ၊

“သူတို့ရဲ့ ကွဲပြားမှုတွေကို သူတို့ နုတ်နုတ်စဉ်းကြလိမ့်မယ်” လို့ သတင်းမန်နေဂျာပြောတာ သူ ကြားလိုက်တယ်။

“လေ့ကျင့်ထားတဲ့သူတစ်ယောက်ယောက်နဲ့ပေါ့” တဲ့

ပထမအစီအစဉ်က ပြီးခဲ့တဲ့ ၆လကျော်၊ ဖွင့်ပြီးတပတ်အကြာမှာပဲ ဖျက်ဆီးခံခဲ့ရတဲ့ ရေခဲစက်ရုံပိုင်ရှင်နဲ့ တိုက်ခိုက်မှုမှာစီစဉ်ခဲ့သူလို့ ယုံကြည်ရတဲ့ Cite Pendue က ဂိုဏ်းခေါင်းဆောင်တစ်ဦးတို့ ယှဉ်ပြီးဆွေးနွေးတဲ့ အစီအစဉ်ပါ၊

“ခင်ဗျား ဘာကို မျှော်လင့်နေတာလဲ” လို့ ဂိုဏ်းခေါင်းဆောင်က ရေခဲစက်ရုံပိုင်ရှင်ကိုမေးတယ်။

“ငါတို့ ငရဲကျနေတုန်း မင်းက ရေခဲတွေအားလုံးကို ကပြောင်းကပြန်ဖြစ်အောင်လုပ်နေခဲ့တာလေ”

ကြားဝင်စေ့စပ်သူက ဟေရှန်း-အမေရိကန်(Haitian-American) F.B.I  ကလေ့ကျင့်ထားသူဖြစ်ပြီး သူ အကြံပေးတာက စီးပွားရေးသမားက ရေခဲတွေရောင်းချရမယ့်နည်းလမ်းကိုရှာရမယ်။ စက်ရုံအနီးအနားမှာနေတဲ့လူတွေကို လျှော့ဈေးနဲ့ရောင်းချပေးရင်ကော လို့ အကြံပေးတယ်။ ဂိုဏ်းခေါင်းဆောင်ကလည်း တခြားပိုင်ဆိုင်မှုတွေကို လေးစားသမှု ပြုတယ်။

အဲဒီအစဉ်ကို အသံဖမ်းနေစဉ်တုန်းက ပါစကဲ အသံလွှင့်ရုံမှာရှိမနေခဲ့ဘူး။ ဒါပေမဲ့ အစီအစဉ်တစိတ်တပိုင်းကို အိမ်မှာရှိနေတဲ့အချိန် ရေဒီယိုကလွှင့်တာကို သူကြားလိုက်ရတယ်။ အကုန်လုံးကိုတော့ မကြားလိုက်ရပါဘူး။ စားသောက်ဆိုင်မှာ ကူနေတဲ့ အချိန် ညပိုင်းကြီး၊ တီရီးနဲ့ သူ့ရဲ့တစ္စေအဖွဲ့သားတွေကလည်း “Homme a Homme” အစီအစဉ်ကို အင်မတန်ကျယ်လောင်စွာ ပြောင်လှောင်နေကြတယ်။ ပါစကဲ .. ဂိုဏ်းစတားတွေကို အစီအစဉ်အတွက်ပါဝင်ဆွေးနွေးပေးဖို့ နူးနှပ်ပြီး ချဉ်းကပ်ခဲ့ဖူးတယ်ဆိုတော့  ပါစကဲလုပ်နေတဲ့အစီအစဉ်အကြောင်းကို သိထားကြတယ်၊ ပါစကဲ သူတို့ကိုဘီယာထည့်ပေး၊ ဧည့်ခံပေးနေတဲ့အချိန်၊ သူတို့ ပါစကဲကို ပြောင်လှောင်ကြတယ်။

“ဟေ့ .ကိုယ့်လူရေ .. မင်းရဲ့စိတ်ကူး သူတို့တွေ ခိုးယူကုန်ကြပါရောလား”  လို့စနောက်ကြတယ်။ အဲဒီထဲက တစ်ချို့လူတွေက ပါစကဲကို ချုပ်ထားကြသေးတယ်၊ ပါစကဲရဲ့ဒေါသတွေက ကိုယ်ခန္ဓာထဲ အုံနဲ့ကျင်းနဲ့စုပြုံလာပြီ၊ ဒါကို သူတို့ သိလိုက်ပါတယ်။ ပါစကဲ ပိုပြီး စိတ်တိုလာလေလေ၊ သူတို့ကပိုပြီး ရယ်မောကြလေလေပဲ၊ ဒေါသတွေက ပါစကဲမျက်နှာပေါ်မှာ ချွေးသီးချွေးပေါက်တွေအဖြစ်ပြည့်သိပ်နေပြီ၊  သူတို့ မြင်နိုင်နေရဲ့သားနဲ့၊ တီရီး ဆက်ပြီး ရယ်မောနေဆဲပဲ၊ ပြောလိုက်သေးတယ်။
“ပါစကဲ .. ငါ့ညီရေ၊ ငါ အဲဒီမက်ဆီဆီက လူတွေပြောတာ မကြိုက်ဘူးဟေ့၊ Cite Pendue က ကောင်တွေကပဲ ရေခဲတွေကို အလွတ်ပေးထားရမလို၊ ငါတော့ သူ့ကိုရှာဦးမှပဲ၊ ပြီးတော့ သူ့ရဲ့တင်ပါးကြီးကို ကန်ပစ်ရမယ်ကွ” တဲ့။

“အဲဒါ အမှန်ပဲ” အဖွဲ့သားတစ်ယောက်က သြဘာပေးလိုက်ပါတယ်၊

“ပါစကဲ” နောက်ထပ် တစ်ယောက်ကလည်း လှမ်းခေါ်သံပြုတယ်။
“မင်းရဲ့ အစီအစဉ်ကို ခိုးချတဲ့ ကောင်ရဲ့တင်ပါးကို ကန်ကျောက်ပစ်သင့်ပါတယ်ကွာ” လို့ ဆိုပြန်တယ်။

အဲဒီ ခဏလေးမှာ .. ပါစကဲဖုန်း မြည်လာတယ်၊ အဲဒါ မက်က်စ် ပေါ့။

“ကိုယ့်လူရေ” မက်က်စ် က ပြောတယ်။

“အဲဒီကောင် ခင်ဗျားရဲ့စိတ်ကူးကို ပုံတူကူးချလိုက်တာပဲ၊ ကျွန်တော်သူ့ဆီ ဖုန်းခေါ်ခဲ့သေးတယ်။ သူ က ကျွန်တော့်ကို မြည်တွန်တောက်တီးလွှတ်လိုက်တယ်။”

“မင်း ဘာမှ မပြောသင့်ဘူး မက်က်စ်” ပါစကဲဖြေပါတယ်။

“အခု မင်းအလုပ်ပြုတ်ပြီလေ၊ ငါလည်းပဲ အလုပ်ပြုတ်နိုင်တယ်ကွ”

တီးရီးနဲ့ သူ့လူတွေကတော့ တ၀ါးဝါးတဟားဟား ဆူညံပွက်လောရိုက်နေကြဆဲပဲ၊

“ငါတို့ သူ့တင်ပါးကို ကန်ကြမယ်ဟေ့”  မန္တန်ရွတ်သလို ဒါကိုပဲ ထပ်ခါထပ်ခါရွတ်နေကြတယ်။

“အမှန်က”  ပါစကဲ .. မက်က်စ်ကို ပြောတယ်။ ပါစကဲအဖေက ဒီညအတွက်နောက်ဆုံးကျန်တဲ့ဟင်းတချို့ကို သူ့လင်ပန်းထဲစုပုံ ထည့်လာပြီး ပါစကဲဘေးနားကဖြတ်လျှောက်တယ်။ နှုတ်ခမ်းမှာ စီးကရက်တစ်လိပ်ကို ဟန်ပါပါခဲလို့၊

“ငါ စိတ်ကူးထဲက ထုတ်ပစ်ထားတာ ကြာပြီပဲကွာ၊ “Homme a Homme” က ငါလုပ်ချင်နေတဲ့ ရှိုးမျိုးမဟုတ်ဘူးကွ၊ ငါ တကယ်လုပ်ချင်တာက အရေပြားထဲထိ စိမ့်ဝင်နေအောင် နီးနီးစပ်စပ်ကြီး၊ နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းဖြေကြားကြတဲ့ အစီအစဉ်မျိုးကွ”

မက်က်စ် ဖုန်းချသွားပြီးတဲ့နောက်၊ တီရီးနဲ့ သူ့လူတွေ ပြန်တဲ့အထိ ပါစကဲစောင့်နေလိုက်တယ်။ သူ့အမေနဲ့ အိမ်နားက ငှားထားတဲ့မိန်းကလေးတွေ ညစ်ပေနေတဲ့ဟင်းပန်းကန်တွေဆေးကြောနေကြတယ်၊ ပါစကဲ ဘာများကူညီနိုင်မလဲ မေးခဲ့ပါတယ်။ သူတို့က ငြင်းကြတယ်။ ပါစကဲအမေရဲ့ မျက်နှာကတင်းမာနေတယ်။ သူမ တိုက်ချွတ်နေတဲ့အိုးရဲ့ မီးကျွမ်းထားတဲ့နေရာတွေထက် သူမမျက်နှာက ပိုပြီး မဲမဲခြစ်ခြစ် ညစ်ထပ်ထပ် ဖြစ်နေတယ်၊ ဘယ်လောက်ပဲဆေးဆေး အဲဒီအိုး ပြောင်းလဲ မလာသလိုပဲ၊ သူမရဲ့မျက်နှာကို မီးဖိုဆောင်ရဲ့အပူက လောင်ကျွမ်းပြီး တံဆိပ်နှိပ်ထားသလို ဖြစ်နေခဲ့ပြီ၊ သူမ အခုအချိန်မှာ ဘာအလုပ်မှမလုပ်ပဲ အေးအေးလူလူနေတော့မယ်ဆိုရင်တောင်  ပါစကဲအဖေနဲ့ စတွေ့ခဲ့ချိန်တုန်းကလို အလှအပမျိုးဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး။

အဲဒီညက ပါစကဲ အိပ်ရာမ၀င်ခင်၊ သူ့အမေကိုလည်း ခါတိုင်းထက်စောစောအိပ်ဖို့ ဖျောင်းဖျခဲ့တယ်။ ပါစကဲအခန်းမှာ အရင်က သူ့အကိုအိပ်ခဲ့တဲ့ကုတင်ရောပဲ ရှိဆဲပဲ၊ ကုတ်ချိချိကုတင်လေးနှစ်လုံးက ဆန့်ကျင်ဘက်နံရံနှစ်ခုမှာကပ်ထားတယ်။ နံရံတွေကို သူတို့ညီအစ်ကိုနှစ်ယောက်က တောက်တောက်ပြောင်ပြောင် အနီရောင်ဆေးခြယ်ထားကြသေးတယ်။ ဂျူးလ်စ် မရှိတော့တာဟာ အူတွေဗလာကျင်းနေသလို ပါစကဲခံစားနေခဲ့ရတယ်၊ သူသာ ငယ်ငယ်ရွယ်ရွယ်လေးဆိုရင်၊ ခုချိန် စပြီး ငိုကြွေးနေလောက်ပြီ၊ ကလေးတွေ သူ့တို့ရဲ့အမေကို အလိုရှိတဲ့အချိန် ငိုတဲ့ငိုနည်းမျိုးနဲ့ ပါစကဲငိုပြီးနေလောက်ပြီ။

ဂျူးလ်စ်အတွက်ကတော့ ဒီကထွက်ခွာသွားဖို့က ပိုပြီးအဆင်ပြေလွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂိုဏ်းအဖွဲ့သားတွေက ပါစကဲ ရဲတပ်ဖွဲ့ထဲဝင်လိုက်ကတည်းက တစ်နည်းမဟုတ်တစ်နည်း ခြိမ်းခြောက်နေခဲ့ကြတာကိုး၊ ဂျူးလ်စ် ဇနီးရဲ့ စာရွက်စာတမ်းကိစ္စတွေအပြီး ကနေဒါမှာခိုလှုံခွင့်လျှောက်ခဲ့တယ်၊ ပါစကဲက ရယ်ဖွယ်အတိပြီးတဲ့ ဟောဒီနီရဲရဲအခန်းထဲမှာအိပ်နေရချိန်မှာ ဂျူးလ်စ်က မွန်ထရီရဲလ်မြို့မှာနေထိုင်နေပြီ၊ အခု ပါစကဲအ၀တ်အစားတွေချိတ်ထားတဲ့ သံမှိုတွေကို သူတို့ ညီအကိုနှစ်ဦးသား တဒုန်းဒုန်းမြည်အောင်ထုရိုက်ခဲ့ကြတာ၊ တစ်ပတ်မှာ တစ်ကြိမ်၊ တနင်္ဂနွေညနေတိုင်း ဂျူးလ်စ် ဖုန်းခေါ်ပါတယ်။ သူတို့ ဂျူးလ်စ်နဲ့ အခါမလပ် ဖုန်းပြောနိုင်ကြတယ်။ ပါစကဲမှာရော မိဘတွေမှာပါ ဆဲလ်ဖုန်းတွေကိုယ်စီ ရှိနေကြပြီ၊ အခုလည်း ဖုန်းတွေကိုဘက်ထရီပြည့်အောင် ဖြည့်ထားပြီး ဂျူးလ်စ် ဖုန်းခေါ်မလား ပါစကဲစောင့်နေခဲ့မိတယ်။ တစ်ခါတစ်ရံ သူတို့အမေ ဟင်းချက်နေချိန် မီးဖိုအခိုးအငွေ့တွေကြားက ခဏရှောင်တိမ်းနေရချိန်မျိုးမှာ သူမက သက်ပြင်းလေးတွဲ့တွဲ့ချပြီး “ငါ အံ့သြနေမိတုန်းပဲ၊ ခုချိန် ဂျူးလ်စ် ဘာလုပ်နေမလဲပဲ” လို့ပြောတတ်တယ်။ အမှန်က ပါစကဲလည်း ဂျုးလ်စ်ဘာတွေလုပ်နေခဲ့မလဲ အမြဲအံ့သြနေခဲ့တာပါပဲ၊ ဂျူးလ်စ် သူ့ကို ခေါ်နိုင်မယ့်နည်းလမ်းရှာပေးဖို့ မေးခဲ့တာတောင် ပြန်တွေးနေမိပါသေးတယ်၊ ပါစကဲ ဒီကထွက်သွားနိုင်ရင် မိဘတွေလည်း ဒီစားသောက်ဆိုင်လေးကိုလက်လျှော့ထားခဲ့ပြီး လီယိုဂိန်းမြိ့လေးဆီခြေဦးပြန်လှည့်ကြမှာပါပဲ၊ အဲဒီမှာ သူတို့ ခိုတွေကိုပြန်ပြီး သားဖောက်မွေးမြူနိုင်မယ်။ မနက်ခင်းတွေမှာ ခိုတွေ လွတ်လွတ်လပ်လပ် ပျံသန်းအစာရှာကြတာရော၊ နေ၀င်ဖျိုးဖျအချိန်လေးမှာ ခိုတွေ ဘေးရန်ကင်းကင်း အိမ်ပြန်လာကြတာကိုပါ စောင့်ကြည်နိုင်ကြမှာပဲ။

ပါစကဲ အိပ်ဖို့ပြင်ရင်း အတွေးတွေက ခေါင်းထဲ တဝေ့ဝေ့လည်နေတယ်။ မွှေနှောက်ပြီး အစဆွဲထုတ်ကြည့်လိုက်ရရင်တော့ သူသိတယ်။ သူ့ရဲ့ရှိုးအတွက် စိတ်ပျက်အားလျော့နေတာမှန်း သူ သိခဲ့ပါတယ်။ အခုဆို တခြားရေဒီယိုအသံလွှင့်ဌာနကို သူ့ရဲ့စိတ်ကူးစိတ်သန်းချပြဖို့ ပိုပြီးခက်ခဲသွားခဲ့ပြီပဲ၊ အစီအစဉ်ထုတ်လုပ်သူတွေက ပြောကြမယ်။
“အဲဒီ Homme a Homme” က ထုတ်လွှင့်ပြီးသွားပြီ၊ ဒီ ဂိုဏ်းစတားတွေကို နေရာအတော်များများကြီးတော့ မပေးချင်ဘူးဟေ့” လို့၊

သူရဲ့စိတ်ကူးကို ပိုထူးခြားအောင် စီစဉ်ရမယ်၊ ဂီတသံစဉ်တွေ ပေါင်းထည့်ရမယ်။ တုန်ခါနေတဲ့အသံတွေ၊ ခပ်ပြင်းပြင်းအသံတွေ၊ ရက်ဂေးကဲတဲ့ ဟစ်ပ်ဟော့ပ်ဂီတသံတွေ ပေါင်းထည့်ရမယ်၊ မက်က်စ်က ဒါကို ကူညီနိုင်ကောင်းပါရဲ့ လို့ တွေးရင်း ပါစကဲ .. အိပ်မောကျသွားခဲ့တယ်။

နောက်တစ်နေ့မနက်ခင်း .. ပါစကဲ အိပ်မောကျနေဆဲအချိန်၊ ဘဲလ်ခလာဗာမျက်နှာဖုံးမဲကြီးတွေစွပ်ထားတဲ့ အထူးတပ်ဖွဲ့ဝင် ရဲသားတစ်ဒါဇင်လောက်က ပါစကဲမိဘတွေရဲ့အိမ်ရှေ့တံခါးပေါက်ကို တ၀ုန်းဝုန်း ထုရိုက်ကြတယ်။ ချက်ချင်းဆိုသလို ပါစကဲ အခန်းဆီတွယ်တက်လာကြပြီး ပါစကဲရဲ့မျက်နှာကို အ၀တ်နဲ့ဖုံးကာလိုက်ကြတယ်။ အိပ်ရာပေါ်ကနေ တရွတ်တိုက်ဆွဲချ ကြတော့တယ်။ ည၀တ်အင်္ကျီတောင်လဲဖို့ အခွင့်အရေးမပေးခဲ့ကြဘူး၊ ပါစကဲရဲ့အမေ အထိန်းအကွပ်မဲ့ ငိုကြွေးမြည်တမ်းနေခဲ့တယ်။ ပါစကဲအဖေကတော့ ဒီနေရာမှာမတရားမှုကြီးဖြစ်ပွားနေပြီလို့ အသံကုန်ဟစ်အော်နေခဲ့ပါတယ်။

အနီးဆုံးဖြစ်မယ့်ဌာနတစ်ခုကို ပါစကဲရောက်တော့ ပုံနှိပ်ဌာန၊ တီဗီနဲ့ ရေဒီယိုဂျာနယ်လစ်တွေ အနည်းအကျဉ်း ရှုပ်ယှက်ခတ်နေတာတွေ့ရပါတယ်။ ပါစကဲရဲ့ဘောစ့်လည်း အဲဒီလူတွေထဲတွေ့လိုက်ရတယ်။ အားလုံးက သူ့ကိုစောင့်နေကြတဲ့ပုံစံမျိုးပဲ၊ အသံစူးစူးနဲ့ ရဲဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကြီးကရှင်းပြတယ်။ ပြီးခဲ့တဲ့ညက ရေဒီယိုဇိုရေးမှာ သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်။ အမ် ၁၆ နဲ့ စက်သေနတ်တွေကိုင်ထားတဲ့ လူလေးဦး ပစ်ကပ်ကားနောက်ပိုင်းကခုန်ဆင်းလာပြီး ၀င်းတံခါးကိုပစ်ခတ်ခဲ့ကြတယ်။ သုံးထပ်အဆောက်အဦးကပြူတင်းတွေကိုပစ်ခတ်တယ်။ ညစောင့်ကိုလည်း ပစ်သတ်သွားတယ်လို့ ဆိုတယ်။ ရဲက ဘာဇ့်ဘန်းနီးအဖွဲ့ရဲ့ နာမည်ကြီး တီရီးကို ဖမ်းဆီးလိုက်တယ်။ တီရီးက “ပါစကဲဟာ ဒီတိုက်ခိုက်မှုတစ်ခုလုံးကို ညွှန်ကြားခဲ့သူပါ၊ သူ့ရဲ့အဖွဲ့သားတွေကိုပါ ပါစကဲကပဲခိုင်းစေခဲ့တယ်” လို့ ထွက်ဆိုခဲ့ပါတယ်။ ပါစကဲကို အသံလွှင့်ခန်းမမှာ စကားပြောခွင့်လေးတောင်မပေးတော့ပါဘူး၊ အဲဒီနေရာမှာ မတ်မတ်ရပ်ခိုင်းထားတယ်။ ဘေးပတ်လည်မှာ ခေါင်းစွပ်တွေစွပ်ထားတဲ့ အထူးရဲတပ်သားတွေက ကြောက်လန့်ချောက်ခြားအောင်ဟန်ရေးပြနေကြပါတယ်။ ပါစကဲလက်နှစ်ဘက်မှာ လက်ထိပ်နောက်ပြန်ခတ်ထားတယ်။ စတီးလက်ထိပ်ကြီးက ပါစကဲလက်တွေကို ပူလောင်နေစေတယ်။ မေးခွန်းတွေမေးဖို့ ပါစကဲကို ပစ်ထည့်ထားတဲ့အခန်းလေးက ပူလောင်တယ်။ ပျို့အန်ချင်စရာလေထုတွေ ပြည့်သိပ်ပြီး အနံ့အသက်ကလည်းခပ်ဆိုးဆိုး၊ နောက်တော့ သံချေးကိုက်နေတဲ့ခုံတစ်လုံးမှာ ပါစကဲကိုနေရာပေးတယ်။ လက်ထိပ်ကတော့ ခတ်ထားဆဲပဲ၊ စူးရှတဲ့အလင်းတွေက ပါစကဲမျက်နှာမှာ ဖုံးအုပ်ထားတဲ့ အမဲရောင်အ၀တ်စကြားထဲက တိုးဝင်ပြီး ပါစကဲမျက်လုံးတွေကို လှုပ်ခါစေကြတယ်။

သူတို့ မေးခွန်းတွေမေးကြတယ်။ မေးခွန်းတိုင်းမှာ ပါစကဲ လည်ဂုတ်ကို ထပ်ခါထပ်ခါ ထိုးနှက်ခဲ့ကြတယ်။

“မင်း တီရီးကို သိလား” မေးမြန်းစစ်ဆေးနေတဲ့သူတစ်ယောက်က စမေးတယ်။ စီးကရက်ကို ခဲရင်း၊ မီးခိုးငွေ့တွေအလုံးလိုက် အလိပ်လိုက်၊ ပါစကဲမျက်နှာဆီမှုတ်ထုတ်တယ်။

“ဟုတ်ကဲ့” ပါစကဲ ပြန်ဖြေပါတယ်။ တဟွတ်ဟွတ်မြည်သံနဲ့ ဖြေတယ်။ ပါစကဲရဲ့အဆုတ်တွေ ပူးကပ်ကုန်ကြပြီထင်ရဲ့၊ ပါစကဲ လည်ဂုတ်ကိုကိုင်ပြီး ကိုယ်ကိုဆွဲ၊ ပေါင်လုံးတွေဆီကိုင်းချလိုက်တဲ့အခါ မနေ့ညက စားထားခဲ့တဲ့ညစာက ညအိပ်ဝတ်စုံရဲ့ အရှေ့ဘက်ဆီ ခပ်ပြူပြူ၊

မေးခွန်းတွေ ဆက်တိုက်ဆိုသလိုပဲ၊
“တီရီးကိုဘယ်လိုသိတာလဲ”

“သူ နေတာ အိမ်နားလေးမှာ၊ ပြီးတော့ ကျွန်တော်မိဘတွေရဲ့စားသောက်ဆိုင်ကို မကြာခဏဆိုသလိုလာစားနေကြပဲ” သူ အထစ်ထစ်အငေါ့ငေါ့ဖြေနေပါတယ်။

“မင်းက တကယ့်လူပေါ့၊ ဟမ်၊ မင်းရဲ့မိဘတွေက ဒီ ဆင်းရဲသားရပ်ကွက်လေးမှာ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်။ ကဲ .. လုပ်ပါဦး၊ ငါ အခုဗိုက်ဆာနေပြီကွ၊ ငါ့ ကို ကျွေးစမ်းပါဦး၊ ကျွေးဦးလေကွာ”

ပါစကဲ တဟစ်ဟစ်နဲ့ကြို့ထိုးနေပြီ၊ ငိုရှိုက်မိပြီ၊ ဒါတောင် အရာရှိတွေက တဟားဟားအော်ဟစ်နေကြဆဲပဲ၊ သူ့နားထဲမတော့ ဒီလူတွေရယ်မောသံ၊ လှောင်ပြောင်စနောက်နေသံတွေက တီရီးနဲ့သူ့အဖွဲ့သားတွေရဲ့ လှောင်ရယ်သံတွေနဲ့အတူတူပဲ၊ ဘာမှမခြားနားဘူး၊ နေရာပြောင်းနေတာလောက်ပဲ၊ ဒါကို ဘယ်သူမှ သတိမပြုမိကြဘူး၊ ပါစကဲကတော့ ကောင်းကောင်းကြီးသိနေခဲ့ပါတယ်။

“အသံလွှင့်ရုံကို ပစ်ခတ်ဖို့ ဘာ့ဇ်ဘန်နီးတွေကို မင်း ဘယ်လောက်တောင်ပေးခဲ့ရသလဲကွ .. ဟေ” တစ်ခြား တစ်ယောက်က လှမ်းမေးတယ်။

“ဘယ်လောက်မှ .. ကျွန်တော်.. ဘာ..မှ”

“အိုး ဟိုး .. ဒါဆို သူတို့ မင်းအတွက် အလကားအကျိုးဆောင်ပေးခဲ့ကြတာပေါ့”

သူတို့ .. အေးစက်ကျင်ခဲနေတဲ့ရေနဲ့ ပါစကဲမျက်နှာကို လှမ်းပက်ကြတယ်။ ကြောက်လန့်တကြားဖြစ်လာတဲ့ ပါစကဲ ခုံကနေ ခုန်ထလိုက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့လည်း လက်တွေအများကြီးက သူ့ကို တွန်းထိုးထားကြတယ်။ တလိပ်လိပ်ထနေတဲ့ ဆေးလိပ်မီးခိုးငွေ့တွေ၊ အေးစက်စက်ရေတွေနဲ့ ပျို့အန်ချင်စရာအနံ့ .. ပါစကဲ အဲဒီဟာတွေနဲ့ နစ်နေပြီ၊ မွန်းကျပ်နေခဲ့ပြီ။

မေးခွန်းတွေမေးပြီးတဲ့နောက် စိုထိုင်းထိုင်းအခန်းလေးထဲ ပါစကဲတစ်ယောက်တည်းကျန်ခဲ့တယ်။ မွန်းလွဲပိုင်းမှာ ပါစကဲအမေနဲ့အဖေ ရောက်လာကြတယ်။ သန္ဓေသားလေးလို ခပ်ကွေးကွေးအနေအထားနဲ့ ပါစကဲ လှဲနေပါတယ်၊ သူ့ရဲ့မိဘတွေကို ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်စေပြီး ပါစကဲနဲ့တွေ့ပေးတယ်။ ပါစကဲမျက်နှာပေါ်က အ၀တ်မဲကို ဖယ်ရှားပေးကြတယ်။

“ချစ်ရတဲ့ ပါစကဲ- ရှဲရီ” သူ့ရဲ့အမေက ကြိတ်ငိုရင်း တိုးတိုးလေးခေါ်တယ်။ အဖေက လက်တစ်ဖက်နဲ့ သူ့အမေရဲ့လက်မောင်းကို ဆုပ်ကိုင်ထားပြီး၊ တစ်ဖက်က ကျောဘက်မှာ တင်းတင်းကျပ်ကျပ်ဖက်ပွေ့ထားတယ်။

“ပါစကဲ၊ မင်း တကယ်ပဲ အဲဒီလိုအလုပ် လုပ်ခဲ့သလားကွ .. ဟေ” သူ့ရဲ့အဖေက မေးတယ်။ သူ့အဖေရဲ့အသံကမာထန်နေပြီး ဆူပူကြိမ်းမောင်းလိုဟန်ပဲ၊ ပါစကဲ ခေါင်းကို ခပ်သွက်သွက် ခါယမ်းပြတယ်။ သူ့ရဲ့ လည်ချောင်းတွေ နာကျင်ကိုက်ခဲပြီး ပျို့အန်ချင်နေတုန်းပဲ၊ ပါစကဲနှုတ်ဖျားက ဘာစကားသံမှ ထွက်ကျမလာခဲ့ဘူး၊ တကယ်တော့ သူ့ရဲ့အဖေက သိခဲ့တာပေါ့၊ ဒါပေမဲ့ ပါစကဲ နှုတ်က ငြင်းဆန်တဲ့စကားလုံးတွေကြားရမှဖြစ်မယ်။

“သူတို့ ကျွန်တော့်ကို သိပ် ဆိုးဆိုးဝါးဝါးကြီး မရိုက်နှက်ကြပါဘူး“ ငြိမ်သက်တိတ်ဆိတ်လွန်းတဲ့ အခြေအနေကို ဖြိုခွဲဖို့ ပါစကဲ အားတင်းပြီး စကားစပါတယ်။

“မရိုက်ကြဘူး၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော့်မျက်နှာမှာတော့ သွေးမရှိတော့သလို ဖြူလျော်နေလားပဲ”

အမေက သူ့ရဲ့ညစ်ပေနေတဲ့ ညအိပ်ဝတ်စုံကို မပြီး ဒဏ်ရာတွေကိုကြည့်တယ်။

“ငါတို့ မင်းအတွက် ရှေ့နေတစ်ယောက်ရလာပြီ” သူ့အဖေက ပြောပါတယ်။
“သူ့ ၀မ်းကွဲတစ်ယောက်က တရားသူကြီးတစ်ဦးပဲ၊ သူကပြောတယ်။ မင်းအပေါ်တင်နေကြတဲ့ စွဲချက်တွေ အမြန်ဆုံးဖယ်ရှားပစ်ဖို့ ကြိုးစားပေးမယ်တဲ့”

ဒီနှစ်ထဲ နှစ်စပိုင်းလောက်က အာဏာရှင်စနစ်ကာလတုန်းကပေါ့၊ ပါစကဲအဖေမှာ မျက်နှာကြောရှုံနာတာရှိခဲ့တယ်။ အကြောဆွဲနေခဲ့တယ်။ သူ့ရဲ့မျက်လုံးတွေနဲ့ ပါးစပ်ဆီ အကြောဆတ်ကနဲ ဆတ်ကနဲ တွန့် တွန့် သွားခဲ့ဖူးတယ်။ အခု အဲဒီအကြောဆွဲတာ တစ်ခါပြန်ပေါ်လာပြန်ပြီ၊ ပါစကဲ မတွေခဲ့တာကြာပြီ၊ မေ့သလောက်တောင်ရှိနေခဲ့ပြီ၊ အခု သူ့အဖေရဲ့မျက်နှာ တစ်ချက်.. တစ်ချက် ဆက်ကနဲ တွန့်တာ ပါစကဲမြင်လိုက်ရတယ်။

“သူတို့ မင်းကို တရားခွင်ခေါ်ရင် ခေါ်သွားကြလိမ့်မယ်၊ ပါးကေ့ ကို၊ ဒီ မွန်းလွဲပိုင်းမှာ” သူ့အဖေက ဆက်ပြောတယ်၊ မျက်နှာမှာ အကြောဆွဲတယ်၊
“ပြီးတော့ မင်း.. ပန်နီတန်းဆီးယားကို သွားရင်သွားရနိုင်တယ်၊ ထောင်ကို၊ ရက်နည်းနည်းပါပဲ၊ ငါတို့ မင်းကို အပြင်ကို ထုတ်လို့ရတဲ့အချိန်ထိပေါ့”

မွန်ထရီရဲလ်မြို့က ဂျူးလ်စ်ကလည်း သူ့ရဲ့ မိဘတွေကို ဘာပြောရမယ်၊ ဘာလုပ်ရမယ် အားလုံးသင်ပေးနေခဲ့ပါတယ်။ ဂျူးလ်စ်က သူရဲ့ရဲမိတ်ဆွေတွေကိစ္စတွေကြုံလာတုန်းက လက်တွဲလုပ်ခဲ့ဖူးတဲ့ ရှေ့နေမဆီဖုန်းခေါ်တယ်။ ရဲတပ်သားသူငယ်ချင်းတွေအားလုံးဆီလဲ ဖုန်းခေါ်၊ သူ့ရဲ့ အလုပ်ရှင်ဟောင်းတွေဆီနဲ့ ပြည်နယ်အတွင်းရေးမှူးပါမကျန် ဆက်သွယ်ပါတယ်။ ပြီးတော့ တီရီး ဂိုဏ်းသားတွေပါမကျန် ဖုန်းခေါ်ပြီး တီရီးနားလည်မှုလွဲနေတဲ့အကြောင်းပြောပြတယ်။ ပါစကဲ အသံလွှင့်ဌာနကို ပစ်ခတ်ဖို့ဘယ်တုန်းကမှမခိုင်းစေခဲ့ဘူးဆိုတာ ရှင်းပြခဲ့တယ်။ သူတို့ ပါစကဲကို ဒီလိုချောက်ချနေကြမယ်ဆိုရင် သူတို့အားလုံးရှုံးမှာပဲဆိုတဲ့ ခြိမ်းခြောက်ဟန်ပါပါအပြောမျိုးနဲ့လည်း ပြောခဲ့တယ်။

အားလုံးက၊ တီရီးရဲ့ လက်ထောက်တစ်ယောက်ကပါ ဂျူးလ်စ်ကို စိတ်အေးအေးထားဖို့ ပြောကြတယ်။ ပါစကဲအမှုက တကယ်တော့ အခိုးအငွေ့ပါ၊ ဘာမှလက်ဆုပ်လက်ကိုင်ပြစရာမရှိ၊ ချုပ်နှောင်စရာ ကိစ္စမရှိပါဘူး လို့ သူတို့ကဆိုတယ်။ နာရီနည်းနည်းထပ်စောင့်ပါ၊ စိတ်အေးအေးထားပါလို့ ထပ်ပြောကြတယ်။ ပါစကဲမိဘတွေ ပြန်သွားတဲ့အခါ၊ ၀တ်ရုံနက်နဲ့ ရာဇ၀တ်မှုတရားသူကြီးတစ်ဦး အခန်းလေးထဲ ၀င်လာတယ်။ ပါစကဲကုန်ကျမယ့်ငွေကြေးပမဏတွေ သတင်းပေးခဲ့တယ်။ အဲဒီ မွန်းလွဲပိုင်းမှာ ပိုပြီးတောင်းလာကြတယ်။ အခု ပါစကဲကပြောတယ်၊ သူက အသံလွှင့်ရုံပစ်ခတ်မှုအတွက် ခိုင်းစေသူတစ်ယောက်မဟုတ်သလို၊ အချိန်အတော်ကြာကတည်းက ရဲဌာနက ရှာဖွေနေတဲ့ရာဇ၀တ်သားတစ်ဦးလည်း ဟုတ်ဘူးလို့ ပြောတယ်။ ဒီဘဲလ်အဲမှာ မရှင်းမလင်းနိုင်သေးတဲ့ ရာဇ၀တ်မှု၊ တာလီစာရင်းတွေ အားလုံးပြုံပြီး သူ့ကို ဓါးစာခံအဖြစ်ဖန်တီးကြတယ်လို့ ပါစကဲပြောခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့နေကလည်း အပိုထပ်ဆောင်းတဲ့ငွေပါပေါင်းပြီး ပမာဏများများပိုတောင်းတာကိုး၊ ရှေ့နေမကပြောတယ် တရားသူကြီးကိုလည်းပေးဖို့ရှိတယ်။ အမေရိကန်ဒေါ်လာ ၂သောင်းတဲ့။

“ဒါ ပြန်ပေးဆွဲနည်းအမျိုးအစားတစ်မျိုးပဲ” လို့ ငိုသံပါကြီးနဲ့  မွန်ထရီရဲလ်မြို့က ဂျုးလ်စ်၊ ဖုန်းထဲကနေ ကျယ်ကျယ်လောင်လောင် အော်တယ်။ ဂျူးလ်စ် တစ်နေလုံး မစားနိုင်၊ မသောက်နိုင် မှိုင်တွေချနေပါတယ်။ စိတ်ပျက်အားလျော့နေတဲ့ ဂျူးလ်စ်လည်း သူ့ကိုယ်ကိုယ်ပြန်ပြီး ချုပ်တည်းဖို့ ကြိုးစားနေရှာတယ်။ သူ ဘာမှမလုပ်နိုင်သေးခင် ပါစကဲ ပန်နီတန်းဆီးယားက လူတွေပြည့်သိပ်နေတဲ့အခန်းထဲကနေ ဆွေးမြည့် ပျောက်ကွယ်သွားရင်ကောင်းမယ်။ သူ အဲဒီကို မရောက်သေးခင် ကိုယ်ရောင်ဖျောက်ပစ်နိုင်ရင် ကောင်းမှာပဲလို့ တောင်စဉ်ရေမရတွေးနေခဲ့ပါတယ်။ ပါစကဲရဲ့မိဘတွေကတော့ သူတို့ရဲ့ စီးပွားရေး၊ ပိုင်ဆိုင်မှုတွေ အကုန်ရောင်းချပြီး ပါစကဲလွတ်မြောက်ရေးကို ၀ယ်ယူဖို့ ပြင်ဆင်နေကြပြီ။

အဲဒီညနေမှာတော့ .. ညစာစားတဲ့အချိန်လောက် အခန်းငယ်ထဲမှာ ...
ကြမ်းပြင်ပေါ်က ကြမ်းခင်းမြောင်း အေးစက်စက်ကြားထဲမျက်နှာထိကပ်ကာ ပါစကဲအိပ်ပျော်နေတုန်း၊ ..
ခြေသံတွေနဲ့အတူ ပြောင်လက်နေတဲ့ဘုထ်အနက်တွေ စီတန်းဝင်လာတာ ပါစကဲတွေ့လိုက်ရတယ်။ သူ့မျက်နှာကို အ၀တ်မဲနဲ့တစ်ခါထပ်အုပ်ပြန်ပြီ၊ ပြီးတော့ ရဲကားတစ်စီးရဲ့နောက်ခုံဆီကို ပစ်ထည့်လိုက်ကြတယ်။

“သူ က ဘယ်သူ့ကိုသိတာလဲ”  ပါစကဲကို တွန်းထည့်လိုက်တဲ့ အရာရှိတစ်ယောက်က တခြားသူတွေကိုမေးတယ်။
“သူတို့က လူတွေကို ဘာတွေပြောကြမလို့လဲ”
“အဲဒါ သူတို့ အမှားတစ်ခုလုပ်ခဲ့ကြတာ” လို့ တခြား အသံတစ်သံက ဖြေပါတယ်။

အဲဒီည ၁၀နာရီ နောက်ပိုင်း..  စားသောက်ဆိုင်ကိုပြန်ရောက်လာတဲ့ ပါစကဲ မိဘတွေရှေ့မှာ စိတ်ညစ်ညစ်နဲ့ ငူငူငိုင်ငိုင်ကြီး ထိုင်နေတယ်။ ပြောနေကြတာတော့ .. တီရီးပဲဖြစ်မယ်။ တီရီးက ပါစကဲလွတ်ဖို့အတွက် ရဲနဲ့အပေးအယူတစ်မျိုးမျိုး လုပ်ခဲ့ပုံရတယ်လို့ ကောလဟာလတွေထွက်နေခဲ့တယ်။ တီရီးက မူးယစ်ဆေးဝါးနဲ့ပတ်သတ်နေတဲ့ သတင်းအစအနတွေ၊ အဆက်အသွယ်တွေအကုန်စွဲထုတ်ပြီး လမ်းပေါ်က အနိမ့်ဆုံးရဲသားတစ်ယောက်အဆင့်ကနေ တန်ခိုးအထွားဆုံး တရားသူကြီးတွေအထိ ပြန်လှန်တရားစွဲနိုင်လောက်တဲ့အချက်အလက်တွေစုစည်းပြီး အပေးအယူလုပ်ခဲ့တယ်လို့ ဆိုနေကြတယ်။ အဲဒါ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ အဲဒီကနေ တီရီးမှာ အင်မတန်ကောက်ကွေ့ရှုပ်ထွေးလွန်းလှတဲ့ ပြစ်မှုမှတ်တမ်းတွေရဲ့ စာချုပ်၊ ဘဏ်စာရင်းစာရွက် မိတ္တူအစုံလိုက်တွေ၊ ဗီဒီယိုတိတ်တွေ၊ အသံဖမ်းခွေတွေအများကြီးပဲ ရှိနေတာ သေချာသွားခဲ့တယ်။ အဲဒီအထောက်အထားတွေအားလုံးကို မီယာမီကဆွေမျိုးတွေဆီပို့ထားခဲ့ပြီးပါပြီ၊ တစ်နေ့ တီရီး အသတ်ခံခဲ့ရရင်ပဲဖြစ်ဖြစ်၊ ပြစ်မှုတစ်ခုခုနဲ့ပဲ ပြစ်ဒဏ်ကျခံရရင်ပဲဖြစ်ဖြစ် အဲဒီမှတ်တမ်းတွေကို Miami Herald လို သတင်းဌာနကို သေချာတဲ့ သတင်းထောက်တစ်ယောက်နဲ့ ပို့ပြီး၊ သတင်းတွေဖွင့်ချစေဖို့ တီရီးက အားလုံးစီစဉ်ထားခဲ့ပြီးပါပြီ။

အဲဒီညမှာ ဂျူးလ်စ် ဖုန်းခေါ်ပြီးဝမ်းသာနေကြောင်းပြောတယ်။

“မန်မန် နဲ့ ပါပါ အခု ဒီနေရာကနေထွက်ခွာမှဖြစ်မယ်” လို့ ဂျူးလ်စ် ကပြောတယ်။ ဒါပေမဲ့ ပါစကဲ မရေမရာဖြစ်နေတယ်။ သူတို့ဘယ်ကိုများသွားကြမှာတဲ့လဲ။
“တောကိုပြန်ကြမှာလား” ပါစကဲအံ့သြတကြီး ဂျူးလ်စ်ကိုမေးတယ်။
“တောင်ကုန်းတွေဆီကိုလား”
“မင်းဆီကိုလား”
ဖြစ်နိုင်တာတွေအားလုံး ဂျူးလ်စ်က ပါစကဲကိုပြောပြနေခဲ့တယ်။
“အရေးတကြီးဖြစ်နိုင်တာတွေလေ” လို့ သူ က ထပ်ဖြည့်ပြောတယ်။
“အိမ်ဆိုတာက ဒုက္ခတွေနဲ့ စွန့်ပစ်ထားခဲ့ရမယ့် နေရာမဟုတ်ဘူးလေကွာ”

ပါစကဲ အခု ရေချိုး သန့်စင်နေပါတယ်။ ပြီးတော့ အိပ်ယာထဲ လှဲနေတဲ့အချိန်၊ သူ့ရဲ့မိဘတွေ၊ သူ့အနားမှာ တလှုပ်လှုပ်နဲ့ ရေတစ်မျိုး၊ အချိုရည်တစ်ဖုံ၊ ပြီးတော့ သူ့ရဲ့အရေပြားအတွက် ကရင်မ်တွေ၊ တစ်ခုပြီးတစ်ခုယူလာပေးနေကြတယ်။ အဲဒီအချိန်က ညလယ်ရောက်လုနေပြီ၊ သူ့ရဲ့ အမေ ဒီညနေ ဘာမှမချက်ပါဘူး၊ ဒါပေမဲ့ သူ့ရဲ့ ဖောက်သည်တွေကတော့ လာနေတုန်းပဲ၊ စီးကရက်သောက်တယ်၊ အဖျော်ယမကာသောက်တယ်၊ ပြီးတော့ ပါစကဲအဖမ်းခံရမှုအပေါ် သူတို့ရဲ့ သနားကြင်နာမှုကိုပြသကြတယ်။ ပါစကဲ လွတ်မြောက်လာလို့ သူတို့ ၀မ်းမြောက်ဝမ်းသာဖြစ်ကြောင်းပြောပြကြပါတယ်။ ပါစကဲ ဖုန်းကိုပိတ်ထားလိုက်တဲ့အချိန်မှာပဲ၊  မီးဖိုဆောင်ထဲက မိန်းကလေးတစ်ယောက်တက်လာတယ်။ အောက်ထပ်မှာ မွန်စီယာတီရီးရောက်နေပါတယ်။ ပါစကဲကို တွေ့ချင်နေတယ်လို့ ဆိုတယ်။

ပါစကဲ အဖေက “ငါ တို့ အရင်သွားတွေ့မယ်” လို့ ပြောလိုက်တယ်။ ရုတ်တရက် မျက်နှာမှာ အပျော့စားအကြောဆွဲနည်းမျိုးနဲ့ အကြောတစ်ချက်ဆွဲတယ်။ သူ့ရဲ့မိဘတွေ ၀တ္တရားသိတတ်မှု ပြရတော့မလား၊ သူတို့ရဲ့ကိုယ်ခန္ဓာတွေ တောင့်တင်းလို့နေကြတယ်။ စိုးရိမ်ကြောင့်ကြမှု အသစ်တစ်ခုဖြစ်ရပြန်ပြီ၊ အခုတီရီဘာများအလိုရှိမလဲ၊ သူ ပိုက်ဆံတွေတောင်းတော့မှာလား၊ သူတို့ စိတ်ပူနေခဲ့ကြပါတယ်။

အောက်ထပ်မှာတော့ .. တီရီးနဲ့ သူ့ရဲ့အဖွဲ့သားတွေ စားပွဲတစ်လုံးမှာ အကျအနနေရာယူပြီးနေကြပြီ၊ ဆိုင်က မိန်းကလေးတွေက သူတို့ကိုဧည့်ခံနေကြတယ်။
“ဒီညအတွက် ပိုက်ဆံပေးဖို့မလိုဘူး ဟေ့” လို့ ပါစကဲအဖေက ပြောတယ်။
တီရီးဘေးမှာ နောက်ထပ်ကိုယ်ရံတော်အသစ်နှစ်ယောက်က ကာကွယ်ဖို့အသင့်ရှိနေတယ်။ တီရီးပြောတာတွေတို့ သူတို့ သေသေချာချာ အာရုံစိုက်နားထောင်နေကြတယ်။
“ငါ တော့ ဒီလူတွေ ငါ့ကို ပစ်ခတ်ကြမှာတွေးပြီး ကြောက်နေခဲ့တာကွ” တီရီး က ပြောနေတယ်။
“မင်းသိလား တီတန်ယန်းမှာ တောထဲကနေ အဲဒီလူတစ်ချို့ထွက်လာအောင် ဘယ်လိုလုပ်ခဲ့ကြသလဲဆိုတာ၊ ပြီးတော့ သူတို့ကို နှိပ်ကွပ်တာ၊ ငါ တော့ အဲဒီလို ခံရတော့မလား အသေအလဲ ကြောက်နေခဲ့တာဟေ့”

တီရီးပြောနေပုံက ပုံမှန်ပြောနေကျလိုပဲ၊ အချက်အလက်အကုန် ပြန်ပြီးပြောပြနေပုံမျိုးလောက်ပဲ၊ ပါစကဲတို့နဲ့ ထပ်ပြီး အပေးအယူကိစ္စတွေလုပ်ဖို့ အစီအစဉ်ရှိပုံမရပါဘူး။ အဲဒီကိစ္စဟာ တီရီးနဲ့ သူ့ဂိုဏ်းသားတွေ မရှောင်သာမလူးသာ ရင်ဆိုင်ခဲ့ရပုံပဲ လို့ ပါစကဲတွေးနေခဲ့ပါတယ်။ တီရီးတို့နဲ့ ကန့်လန့်ဖြတ်အနေအထားမှာ ဒူးတုန်ခြေတုန်ရပ်နေရင်းက သူ သဘောပေါက်လိုက်တယ်။ ဒီလိုကိစ္စတွေကို တီရီးက သူနဲ့ဝေမျှလိုက်တာပဲ၊ တီရီးက သူ့ကို ပညာပေးလိုက်တာပဲ၊ ကိစ္စတွေထဲ ကြားညပ်အောင်လုပ်တယ်။ ပြီးတော့ ဘယ်လိုသူ့ကို ဘယ်လိုကယ်ဆယ်တယ်ဆိုတာ သိအောင်လုပ်ပြလိုက်တာ လို့ ပါစကဲ သဘောပေါက်ခဲ့ပါတယ်။ တစ်နေ့တော့ သူတို့ အားလုံး ပစ်သတ်ခံရနိုင်တယ်။ ရေဒီယိုဇိုရေးက ညစောင့်လို၊ တီရီးရဲ့ အရှေ့ကသွားနှင့်သူ ပိုင်းအ် လို၊ ဒီ ဘဲလ်အဲဆင်းရဲသားရပ်ကွက်လေးမှာ နေထိုင်တဲ့လူငယ်လေးတွေ အားလုံးလို ပျောက်ကွယ်သွားနိုင်ကြတယ်။ တစ်နေ့ တစ်ယောက်ယောက်အလှည့်ဖြစ်လာနိုင်တယ်။ တစ်ယောက်ယောက် ..  ဒေါသထွက်မယ်။ တန်းခိုးထွားမယ်။ အားလုံးကိုဖိနှိပ်လွှမ်းမိုးနိုင်မယ်။ ကြမ်းကြုတ်ရက်စက်မယ်။ အဲဒီလူက ရဲအရာရှိတစ်ယောက်ယောက် ဒါမှမဟုတ်  ဂိုဏ်းခေါင်းဆောင် တစ်ယောက်၊ ဒါမှမဟုတ် အတိုက်အခံခေါင်းဆောင်တစ်ယောက်၊ ဒါမှမဟုတ် ဒီပြည်နယ်က ခေါင်းဆောင်တစ်ယောက်ရဲ့ အနီးအနားကလူ၊ သူ့လိုလူမျိုးတွေ သေကြေသွားကြဖို့က သိပ်ကိုလွယ်ကူနေမှာပါပဲ။

ပါစကဲ .. တီရီး စားပွဲနားမှာ ရပ်လိုက်တယ်။ ပြီးတော့ လက်တစ်ဖက်နဲ့ တီရီးကို ဆုတ်ကိုင်လိုက်တယ်။
“နာကျင်နေတုန်းလား” တီရီးကမေးတယ်။ သူရဲ့လက်သီးကို သူ့ရင်ဘတ်ကြီးဆီ အသည်းနှလုံးနား .. ထုရိုက်ပြီး၊ သူတို့ ဂိုဏ်းစတားတွေနှုတ်ဆက်နည်းမျိုးနဲ့ နှုတ်ဆက်ပါတယ်။

ပါစကဲ သတိပြုမိတယ်။ အခုက ပထမဆုံးအကြိမ်တော့လည်းမဟုတ်ပါဘူး၊ ဘာလဲဆိုတော့ တီရီးရဲ့လက်တက်တတ် အနီရဲရဲသွားဖုံးကြီးတွေ၊ သူ့မှာ မပျောက်နိုင်တဲ့ကူးစက်ရောဂါတစ်ခုရှိနေသလို၊ ဒါမှမဟုတ် သူ .. အသားစိမ်းတွေ စားလွန်းခဲ့တာကြောင့်များလားပဲ။

“သူတို့ မင်းကို တော်တော်လေးနှိပ်စက်ခဲ့ကြသေးလား” တီရီး .. ပါစကဲကိုမေးတယ်။

“သိပ် အဆိုးကြီးမဟုတ်ပါဘူး” သူ ဖြေတယ်။
တီရီး သူရဲ့ လက်အတုကြီးကို စွပ်မထားဘူး၊ သူရဲ့ အ၀ါတောက်တောက် ရှပ်အင်္ကျီလက်က ရှုံ့ပြီး အိကျနေပါတယ်။ သူ့ရဲ့ အကောင်းသားကျန်နေတဲ့ လက်တစ်ဘက်နဲ့ ဘေးက သူ့လူတစ်ယောက်ကိုတွန်းဖယ်ပြီး ပါစကဲထိုင်ဖို့နေရာပေးတယ်။ ပါစကဲ တီရီရဲ့ ဗလာကျင်းလက်ဆီငေးတယ်။ အဲဒီနေရာက ကွက်လပ်ကိုတစ်ခါ ထပ်ငေးနေမိခဲ့ပါတယ်။ သူ တွေးနေခဲ့တယ်။ သူ ဖြူစုတ်စုတ်နေရာတစ်ခု တွေ့လိုက်သလိုပဲ၊ အရောင်သုတ်ထားတဲ့၊ ခပ်ငေါငေါထွက်နေတဲ့အရိုးစလို့ သူ က ထင်လိုက်တယ်။ ခေါင်းကို စောင်းငဲ့ပြီး ပိုပြီးမြင်သာအောင် ကြိုးစားကြည့်တယ်။ သူ ရဲ့ ခန္ဓာကိုယ်မှာရော ..ဘာတွေများ ကွက်လပ်ဖြစ်သွားခဲ့လဲ .. သူ .. ကိုယ့်ဘာသာ သေသေချာချာစစ်ခဲ့ပြီးပါပြီလေ။

သူရဲ့အိမ်မက်တွေထဲမှာ .. ပါစကဲ က .. သူ့ရဲ့ ရေဒီယိုအစီအစဉ်သစ်ကိုစတင်ဖို့ စိတ်ကူးနေခဲ့တယ်။ ဆုံးရှုံးသွားခဲ့တဲ့ ခြေတွေလက်တွေအကြောင်းအစီအစဉ် အပိုင်းလိုက်လွှင့်ဖို့ ပြင်ဆင်နေတယ်။ တီရီးတစ်ယောက်တည်းအကြောင်း မဟုတ်ဘူး၊ တစ်ခြား တီရီးလို ကိုယ်ခန္ဓာကွက်လပ်တွေနဲ့ လူတွေအကြောင်းရော သူ ဆွေးနွေးချင်ခဲ့တယ်။ ဘဲလ်အဲမှာ ခြေလက်တွေဆုံးရှုံးခဲ့ရတဲ့ လူတွေဘယ်လောက်များရှိနေပြီလဲ၊ သူတို့အကြောင်းတွေ ဖွင့်ချချင်တယ်။ သူတို့ရဲ့ခြေတွေလက်တွေဆီကနေ သူတို့ရဲ့ စိတ်နှလုံးတွေဆီ၊ ပြီးတော့ မိသားစုဆုံးရှုံးခဲ့ရသူတွေ၊ မောင်နှမသားချင်းတွေ၊ မိဘတွေ၊ ကလေးငယ်တွေ၊ သူငယ်ချင်းတွေ အားလုံးဆီ ပါစကဲ သွားချင်တယ်။ သူတို့တွေက “တစ္ဆေအစစ်တွေ” လို့ ပါစကဲ ပြောနိုင်တယ်။ တစ္ဆေစီးနေတဲ့ ခြေလက်တွေ၊ တစ္ဆေစီးနေတဲ့ စိတ်ထားတွေ၊ တစ္ဆေစီးနေတဲ့ မေတ္တာတရားတွေ၊ ဒါတွေအားလုံးက ကျွန်တော်တို့ကို ခြောက်လှန့်နေကြပြီ။

ဘာကြောင့်လဲဆိုတော့ သူတို့ အသုံးပြုခံရတော့မယ်၊ ပေါပေါလောလောကြီးကိုခံကြရမှာ၊
ဘာကြောင့်လဲဆိုတော့ သူတို့ ပျက်သုဉ်းကုန်ကြမှာ၊
ဘာကြောင့်လဲဆိုတော့ သူတို့အကြမ်းဖက်မှုတွေထဲ နစ်ဝင်ကြရမှာ၊
ဘာကြောင့်လဲဆိုတော့ သူတို့က သနားကြင်နာမှုမရှိကြဘူး၊
ဘာကြောင့်လဲဆိုတော့ သူတို့က ရွေးချယ်ခွင့်မရှိကြဘူး၊
ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင်က ဒီဖြစ်ရပ်တွေထဲက ရုန်းမထွက်ချင်ကြဘူး၊
ဘာကြောင့်လဲဆိုတော့ သူတို့ ဆင်းရဲမွဲတေနေကြလို့ပါပဲ။

ပါစကဲရဲ့အမေပေါ့ ..  စားပွဲပေါ်ကို နောက်ဆုံးလက်ကျန်ဘီယာတွေယူလာပေးတယ်။ အဲဒါ ပထမဆုံးအကြိုမ် သူ မြင်တွေ့ဖူးတာပါပဲ၊ သူ့အမေရဲ့ မျက်ခုံးနှစ်ဘက်က အပေါ်ကို တွန့်ကွေးတက်နေတယ်။သေချာတယ်၊ သူမ ဒီလို ဧည့်ခံရတာကို ရှုံ့ချနေမှာပါ၊ သူမရဲ့ မျက်လုံးတွေကို သူတို့နဲ့မဆိုင်မိအောင် အကြည့်ခပ်လွှဲလွှဲထားရင်း သူမရဲ့ သတ္တုလင်ပန်းထဲက ပုလင်းတွေမတယ်။ ခေါင်ရမ်းပန်းတွေခက်ဖြာနေတဲ့ ပလစ်စတင်းစားပွဲခင်းပေါ်က အုန်းခြမ်းခွဲဆေးလိပ်ပြာခွက်တွေကြားထဲ ပုလင်းတွေကို နေရာချပေးတယ်၊ ပါစကဲ .. သူ့အမေ မီးဖိုဆောင်ထဲ ၀င်သွားတဲ့အထိစောင့်နေလိုက်ပါတယ်။ တီရီးတို့နဲ့ တချွင်ချွင်ပုလင်းချင်းတေ့ရိုက်ပြီးသောက်စားကြမှာကို သူ့အမေ မမြင်စေချင်ဘူး၊ တီရီးက အားနဲ့ခပ်ဆတ်ဆတ် ပုလင်းကိုရိုတ်ခတ်လိုက်တယ်၊ မီးပွားလေးလိုဖွာကနဲအလင်းထွက်သွားတာ ပါစကဲမြင်လိုက်သေးတယ်၊ တီရီးပုလင်းထိပ်ပိုင်းမှာကျိုးပဲ့သွားပြီ၊ အစွန်းအနားစတွေဖွာထွက်လို့နေတယ်။ စားပွဲပေါ်ပြန့်ကျဲနေတဲ့ ဘီယာတွေဘေးမှာ ပုလင်းကွဲတစ်ခု၊ ရွှံစေးကြမ်းမာမာပေါ်မှာ ပုလင်းကွဲနောက်တစ်ခု...

တီရီး သူရဲ့ အနီလက်လက်သွားဖုံးကြီးကို အားကုန်ဖြဲပြီး ပါစကဲဘက်အခြမ်း၊ ခြေရာလက်ရာမပျက်ကျန်နေခဲ့သေးတဲ့ သူ့ရဲ့ဘီယာပုလင်းပိုင်းကို မေးငေါ့ပြတယ်။
“မင်း သိချင်နေခဲ့တယ်မဟုတ်လား၊ ငါတို့အတွက် ဘာနဲ့အလားသဏ္ဍန်တူနေမလဲလို့” တီရီး ပြောတယ်။
“မင်းကို အရသာလေး ပေးမြည်းရုံလောက်ပဲလို့ ငါ တွေးခဲ့တာ”
တီရီးက သူရဲ့ခံတွင်းထဲ ဘီယာတွေထပ်ဖြည့်ထည့်တယ်။ ပြီးတော့ ခံတွင်းသန့်ဆေးနဲ့ ပါးလုပ်ကျင်းသလို အကျယ်ကြီးပဲ ဂူးဂူးဂါးဂါး လုပ်နေပါတယ်။
“စိတ်မပူပါနဲ့ကွာ”  တီရီး .. ပါစကဲကို ထပ်ဖြည့်ပြောတယ်။ ပါစကဲကိုပြောနေသလို သူ့ဘာသာရေရွတ်နေသလိုမျိုး ပြောနေတယ်။

“ငါ ဒီမှာရှိနေတုန်းတော့ ငါတို့ ဒီည ဘာမှမဖြစ်နိုင်ပါဘူးကွာ”။           ။
******************
Ghosts ကို ရေးသားသူ အက်ဒ်ဝခ်ျဒန်းတီကာ့ထ်(Edwidge Danticat) ဟာ ၁၉၆၉ ဇန်န၀ါရီ ၁၉ရက်နေ့မှာမွေးဖွားခဲ့တဲ့ ဟေရှန်း-အမေရိကန်(Haitan-American) စာရေးဆရာမပါ၊ ဒန်တီကာ့ထ် ဟာ ဟေတီနိုင်ငံ Port-au-Prince မှာ မွေးဖွားခဲ့ပါတယ်၊ သူမအသက် ၂နှစ်အရွယ်မှာ ဖခင်က နယူးယောက်ကိုပြောင်းရွှေ့ခဲ့တယ်၊ ၂နှစ်ကြာပြီးတဲ့နောက် မိခင် ရိုစ့်နဲ့အတူဖခင်ရှိရာ လိုက်ပါနေထိုင်ခဲ့ပေမဲ့ ဒန်တီကာ့ထ်ရဲ့မောင်လေး အဲလိုင်ရဲ့ဘ်ကိုတော့ အဒေါ်နဲ့ဦးလေးတို့က မွေးစားခဲ့ပါတယ်၊ အသက် ၁၂နှစ်မှာ နယူးယောက်၊ ဘရွတ်ကလင်းကိုပြောင်းရွှေ့ခဲ့ကြတယ်၊ အဲဒီမှာ လေယူလေသိမ်းမတူတဲ့ အိမ်နီးချင်းတွေအကြား ဒန်တီကာ့ထ် အခက်အခဲတွေကြုံခဲ့ရပါတယ်၊  ဘရွတ်ကလင်းမှာ ၂နှစ်ကြာပြီးတဲ့အခါ သူ့ရဲ့ ပထမဆုံး အင်္ဂလိပ်လိုရေးထားတဲ့၊ "A Haitian-American Christmas: Cremace and Creole Theatre" ကို ဆယ်ကျော်သက်တွေစုစည်းပြီးရေးသားထုတ်ဝေတဲ့ New Youth Connections မဂ္ဂဇင်းမှာဖော်ပြခံရတယ်၊ နောက်ထပ်တစ်ပုဒ်က သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ရေးသားထားတဲ့ "A New World Full of Strangers." ပါ၊ အစပိုင်းမှာ ၀တ္ထုတိုလေးအဖြစ် Breath, Eyes, Memory ကိုရေးသားခဲ့ပြီး၊ အဲဒီဝတ္ထုတိုလေးက ဒန်တီကာ့ထ်ရဲ့ပထမဆုံး ၀တ္ထုစာအုပ်ဖြစ်လာခဲ့တယ်၊ ဘရွတ်ကလင်း၊ ကလာရာဘာတန်အထက်တန်းကျောင်းမှာတက်ခဲ့ပြီး၊ နယူးယောက်စီးတီးက ဘားနာဒ့်ကောလိပ်မှာ ပြင်သစ်စာပေ ဘီအေဘွဲ့ရခဲ့ပါတယ်၊ ၁၉၉၃ခုနှစ်မှာ ဘရောင်းတက္ကသိုလ်မှာ စာညွန့်ရေးသားနည်း မာစတာဘွဲ့ရခဲ့တယ်၊ သူ့ရဲ့ ဘွဲ့ရခဲ့တဲ့စာတမ်းကို သူ့ရဲ့ဝတ္ထုတိုလေး Breath, Eyes, Memory ကိုအခြေခံပြီး ပြုစုရေးသားခဲ့တယ်၊ ၁၉၉၄ ခုနှစ်မှာ Soho Press ကနေအဲဒီဝတ္ထုထုတ်ဝေခဲ့ပါတယ်၊ နောက် ၄နှစ်ကြာတဲ့အခါ နယူးယောက်တက္ကသိုလ်နဲ့ မိုင်ယာမီတက္ကသိုလ်တို့မှာ စာညွန့်ရေးနည်း သင်ကြားပို့ချခဲ့တယ်၊ ဒါရိုက်တာ ပက်ထရစ်ရှာဘနွိုက် နဲ့ ဂျွန်နသန်ဒမ်း တို့နဲ့  ဟေတီနိုင်ငံအနုပညာနဲ့ မှတ်တမ်းဇာတ်လမ်းအတွက် အလုပ်လုပ်ခဲ့ပါတယ်၊ ဒန်တီကာ့ထ်ရဲ့ စာအုပ်တွေ ကို ပြင်သစ်၊ ကိုးရီးယား၊ ဂျာမန်၊ အီတလီ၊ ပြင်သစ်၊ ဆွီဒင်ဘာသာတွေနဲ့ ဘာသာပြန်ထုတ်ဝေခဲ့ကြတယ်၊ ဟေတီနိုင်ငံက ကွဲပြားတဲ့မျိုးဆက်တွေအတွင်းက အမျိုးသမီး ၅ ဦးအကြောင်းရိုက်ကူးထားတဲ့ Haitian Women Pillars of the Global Economy မှတ်တမ်းကားမှာလည်း နောက်ခံစကားပြောသူအဖြစ်ပါဝင်ခဲ့တယ်။

ဝတ္ထုများ
  • Breath, Eyes, Memory (young adult novel, 1994)
  • Krik? Krak! (stories, 1996)
  • The Farming of Bones (novel, 1998)
  • Behind the Mountains (young adult novel, 2002, part of the First Person Fiction series)
  • After the Dance: A Walk Through Carnival in Jacmel, Haiti (travel book, 2002)
  • The Dew Breaker (novel-in-stories,2004)
  • Anacaona: Golden Flower, Haiti, 1490 (young adult novel, 2005, part of The Royal Diaries series)
  • Brother, I'm Dying (memoir/social criticism, 2007)
  • The Butterfly's Way (anthology editor)
ဝတ္ထုတိုများ
ရရှိခဲ့တဲ့ဆုများ
  • 1994 Fiction Award The Caribbean Writer
  • 1995 Woman of Achievement Award, Barnard College
  • Pushcart Short Story Prize for "Between the Pool and the Gardenias"
  • National Book Award nomination for Krik? Krak!
  • 1996 Best Young American Novelists for Breath, Eyes, Memory by GRANTA
  • Lila-Wallace-Reader's Digest Grant
  • 1999 American Book Award for The Farming of the Bones
  • The International Flaiano Prize for literature
  • The Super Flaiano Prize for The Farming of the Bones
  • 2005 The Story Prize for "The Dew Breaker"
  • 2007 The National Book Critics Circle Award for "Brother, I'm Dying"
  • 2008 Dayton Literary Peace Prize for "Brother, I'm Dying"
  • 2009 MacArthur Fellows Program Genius grant

Bel Air – Good Air  ဟေတီနိုင်ငံရဲ့ ဒေသ၁၀ခုထဲက အနောက်ဘက်ပိုင်းက ဆင်းရဲမွဲတေမှု ထူပြောတဲ့ ရပ်ကွက်လေးတစ်ခုပါ။           ။

4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

တော်လိုက်တဲ့ ဖြိုး
အရှည်ကြီးကို ဘာသာပြန်ထားတယ်...
ကိုယ်မသိသေးတဲ့ နိုင်ငံနဲ့လူမျိုးတို့ရဲ့ ဓလေ့စရိုက်ကို တွေ့လိုက်ရတယ်။ ပြီးတော့ ကိုယ်မသိတဲ့ နိုင်ငံရဲ့ နိုင်ငံအရေး။
ဘာဘဲဖြစ်ဖြစ် ဖတ်ရတာ စိတ်ဝင်စားစရာပါဘဲ
တင်ပေးတာကျေးဇူးပါ။

လသာည said...

ဒါမျိုးတွေ ဖတ်ရတာ တအားကြိုက်တာ...။ သောက်နေတဲ့ ကော်ဖီကို ဒီအတိုင်းကိုင်ရင်း ဖတ်သွားမိတယ်။ ဟုတ်ပ အရှည်ကြီးကို စေတနာထား ဘာသာပြန်ပေးတာပဲ။ အရမ်းကို ကျေးဇူးတင်ပါတယ်နော်။

ကြည်ဖြူပိုင် said...

အနီးအနားမှာတော့ ခိုငယ်လေးရဲ့ ဦးခေါင်းကင်းမဲ့နေတဲ့ခန္ဓာကိုယ်က မြေပေါ်မှာ ဆတ်ဆတ်ခါ တွန့်လိမ်နေဆဲ။
<<<< အဲဒိစာသားလေးက ရင်ကိုထိစေတယ်။
တပုဒ်လုံးကို စိမ်ပြေနပြေဖတ်ပြီးပြီမဖြိုးရေ
ဘာသာပြန်အရမ်းကောင်းတယ်။ တပုဒ်လုံးဖတ်ပြီးတော့ မြင်ယောင်ရင်း စိတ်ထဲမှာ တမျိုးလေး နင့်သွားသလိုပဲ။မဖြိုးဘာသာပြန်ကောင်းလို့နေမယ်

Anonymous said...

ဖတ်လို့ကောင်းတယ်ဖြိုး..။
ကျေးဇူး.။
မဂ္ဂဇင်းပို့ဖို့လား..ပို့ပြီးတာလား..။


ပေါက်