Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, January 06, 2010

ငါ့ရဲ့လမ်း ... အားလုံးရဲ့လမ်း

(ကြာတော့ကြာပါပြီ၊ ရေးထားတာ၊ ၂၀၀၈ ခုနှစ်က အဟောင်းပြန်တင်လိုက်တာပါ)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂုဏ်ပြုပွဲ အခမ်းအနားတစ်ခုမှာ ရော်ဘီဝီလျမ်(စ်)သီဆိုဂုဏ်ပြုထားတဲ့ သီချင်းတစ်ပုဒ်ကိုနားထောင်မိရင်း အဲဒီသီချင်းကို သဘောကျသွားပြန်တယ်။ မန်ချက်စတာပရိသတ်တွေ သံပြိုင်သီဆိုထားတဲ့ အသံတွေနဲ့ အင်အားပြည့်ဝလှတဲ့ သီချင်းတစ်ပုဒ်က `ငါ့ရဲ့လမ်း´  `My Way´ ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်ပါ။
ဒီ My Way သီချင်းကို သီဆိုဂုဏ်ပြုခဲ့ကြသူတွေ အများကြီးပါပဲ။ ဈာပနအခမ်းအနားတွေမှာ အဓိက သီကျူးလေ့ရှိတယ်လို့ သိရပါတယ်။ ဗြိတိန်ဈာပနအခမ်းအနားတွေမှာ ထိပ်ဆုံးက တောင်းဆိုခြင်းခံရတဲ့သီချင်းဖြစ်တယ်။ My Way ကို မူရင်း သီဆိုခဲ့သူက ဖရန့်ခ်စီနားထရားပါ။

အဲဒီလိုအခမ်းအနားတွေမှာ ပရိသတ်တွေ ဒုတိယ တောင်းဆိုခံရတဲ့သီချင်းက ဘက်တီမစ်ဒ်လားရဲ့ Wind Beneath Will Go On ပါပဲ။ တီနာတားနားရဲ့ Simply the Best သီချင်းကတော့ နံပါတ် ၅ လိုက်တဲ့ သီချင်းတစ်ပုဒ်ပါ။ တခြားနာမည်ကြီး သီချင်းတွေလည်း တော်တော်များများရှိပါသေးတယ်။ သိသလောက် ပြောပြရရင် ဂျိမ်းစ်ဘလန့်ထ်ရဲ့ Goodbye My Lover ၊ ဂျနီဖာဝမ်းန်စ်ရဲ့ I've Had the Time of My Life ၊ ရီကွင်းမ်ရဲ့ Pie Jesus ၊ အယ်လ်တန်ဂျွန်ရဲ့ Candle In the Wind ၊ U2 ရဲ့ With or Without You ၊ အဲရစ်ခ်ကလက်ပ်တန်ရဲ့ Tears in Heaven ၊ Police ရဲ့ Every Breath You Take နဲ့ Righteous Brothers ရဲ့ Unchanged Melody သီချင်းတွေက လူကြိုက်များလှတဲ့ သီချင်းတွေဖြစ်တယ်။ တချို့လူငယ်တွေကတော့ သူတို့ရဲ့ တစ်နေ့ ကြုံဆုံလာမယ့် ဈာပနအခမ်းအနားတွေမှာ Green Day ရဲ့ Time of your life(Good Riddance) သီချင်း၊ Led Zeppelin ရှဲ့ Stairway to Heaven သီချင်းတွေကို သီဆိုစေဖို့ ဆန္ဒ ရှိတယ်လို့ သိရတယ်။

My Way သီချင်းရဲ့ရာဇ၀င်ကို စူးစမ်းကြည့်တဲ့အခါ မူရင်းအဆို ဖရန့်ခ်စီနားထရား ဆိုထားပါတယ်။ ပေါလ်အန်ကာ က ရေးပေးထားပြီး သံစဉ်က ကလော်ဒီဖရန်ကွိုက်စ် နဲ့ ဂျက်ရီဗော့က်ခ်တို့ ရေးထားတဲ့ ပြင်သစ်သီချင်း Comme d'habitude  ရဲ့သံစဉ်ကို ယူထားခဲ့တယ်။ အင်္ဂလိပ်သီချင်းစာသားတွေကတော့ မူလပြင်သစ်သီချင်းနဲ့ ဆက်စပ်မှုမရှိပါဘူး။ My Way သီချင်းစာသားတွေဟာ သေခြင်းတရားနဲ့ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ လူတစ်ဦးကပြောပြနေဟန် ရေးထားတာပါ။

တေးရေးဆရာ ပေါလ်အန်ကာက My Way သီချင်းရေးဖြစ်ပုံနဲ့ ပတ်သက်ပြီး ခုလိုပြောပြခဲ့ဖူးတယ်။
“၁၉၆၇ ခုနှစ်လောက်က ကျော်ကြားခဲ့တဲ့ပြင်သစ် ပေါ့ပ်သီချင်း တစ်ပုဒ် Comme d'habitude ကို ကျွန်တော် ပါရီကို အလည်အပတ်သွားရင်းနဲ့ နားထောင်ခဲ့ရတယ်။ နားထောင်မိကတည်းက မသိမသာ နားစွဲသလို ဖြစ်ခဲ့တယ်။ နောက် ၂နှစ်လောက်ကြာတဲ့အထိ မေ့ပျောက်မသွားဘဲ မှတ်မှတ်ထင်ထင် နားထဲစွဲနေတာနဲ့ပဲ အဲဒီသီချင်းကို စာသားတွေ ဖန်တီးဖြစ်ခဲ့တာဗျ။ မူရင်းပြင်သစ် သီချင်းမှာ အသံဖမ်းထားပုံက သန့်သန့်ခန့်ခန့် မရှိလှပါဘူး။ ဒါပေမဲ့ အဲဒီသီချင်းထဲမှာ တစ်ခုခုတော့ လှလှပပကလေး ပုန်းအောင်းနေတယ်လို့ ကျွန်တော့်စိတ်ထဲ ခံစားလိုက်ရတယ်။ ကျွန်တော် ဒါကို ဖမ်းဆုပ်ရယူကြည့်ချင်လာတယ်။ ဒါနဲ့ပဲတစ်ရက် မနက်ခင်း တစ်နာရီလောက် အချိန်မှာ ကျွန်တော်လက်နှိပ်စက် အအိုအဟောင်းရှေ့မှာ ထိုင်ရင်း တစ်ယောက်တည်းပဲ အဲဒီပြင်သစ်ပေါ့ပ်သီချင်းကို နားထဲပြန်ကြား ယောင်ခံစားကြည့်လိုက်တယ်။ ခံစားမှုနောက်ကိုလိုက်ပြီး လက်ကလည်း စာလုံးတွေ တတောက်တောက်နဲ့ လိုက် - ရိုက်နေမိတယ်။ စကားလုံးခပ်ဆန်းဆန်းလေးတွေရဖို့ လစဉ်ထုတ်မဂ္ဂဇင်းတွေလည်း ရှာလိုက်၊ ဖတ်ကြည့်လိုက်နဲ့။ အရင်ဆုံး ကျွန်တော့်ရင်ထဲက ထွက်ကျလာတဲ့စာလုံးက “အခုတော့ အဆုံးသတ်ဖို့ နီးလာနေပြီ” ဆိုတဲ့ စာသားတွေပါပဲ။ ပြီးတော့ ကျွန်တော် ဘယ်တော့မှ မသုံးဖူးတဲ့ စာလုံးတွေ... “ငါလေ ၀ါးမျိုစား သုံးလိုက်၊ အခြေအနေမဟန်ရင် ဒါကိုပဲ ပျစ်ခနဲ ထွေးထုတ် လိုက်နဲ့” တဲ့။ ဒီလိုအသုံးအနှုန်းမျိုးကို ဖရန့်ခ်ရဲ့ တွန်းအားကြောင့် ရေးတတ်ခဲ့တယ်လို့ပဲ ပြောရမယ်ဗျ။ အဲဒီမနက် ငါးနာရီလောက်မှာပဲ သီချင်းရဲ့ ending ကို လက်စသတ်နိုင်ခဲ့တယ်။ ပြီးတာနဲ့ နီဗားနားမြို့က Caesar's Palace ဟိုတယ်ကို ရောက်နေတဲ့ ဖရန့်ခ်ကို ဖုန်းခေါ်လိုက်တယ် (နည်းနည်းမှအချိန်မဆိုင်းနိုင်ဘူး)။ ဟော့ဒီလို ပြောချလိုက်တယ်။
ဖရန့်ခ်ရေ... မင်းအတွက် အထူးသီးသီးသန့်သန့် ပေးစရာတစ်ခု ငါ့မှာ ရှိနေပြီဟေ့ ...လို့။
ဒီသီချင်းကို ကျွန်တော့်အသံဖမ်းကုမ္ပဏီက ကျွန်တော့်အတွက်ပဲ ထိန်းသိမ်းထားစေလိုတယ်လို့ ပြောကြတယ်။ သဘောက တခြားသူမပေးလိုက်နဲ့၊ ကျွန်တော်ပဲ ဆိုလိုက်ပေါ့လေ...။ ကျွန်တော်က ဒီသီချင်းကို ရေးနိုင်ခဲ့ပေမဲ့ ကောင်းအောင်ဆိုနိုင်မယ့် လူစားမျိုးတော့မဟုတ်ဘူးလို့
ဝန်ခံပြောပြခဲ့ရပါသေးတယ်"...။
သီချင်းရေးဆရာ ပေါလ်အန်ကာရဲ့ ရိုးသားမှုတွေကို သူ့စကားတွေထဲမှာ အထင်းသားတွေ့မြင်ခဲ့ရတယ်။
သူဟာ ကောင်းအောင် ဆိုနိုင်မယ့်လူမဟုတ်ဘူးဆိုပြီး `ဆိုခွင့်´ကို ပစ်ပစ်ခါခါ ငြင်းဆန် ခဲ့တာပါ။

ဒါနဲ့ပဲ ဖရန့်ခ်စီနားထရားဆိုဖို့ဖြစ်လာခဲ့တယ်။ Mya Way အယ်လ်ဘမ်ဟာ ၁၉၆၉ ခုနှစ်မှာ ထွက်ရှိခဲ့တယ်။
ယူအက်စ်မှာ သိက္ခာရှိရှိကျော်ကြားခဲ့ပြီး ချစ်စရာ၊ လှပဆွေးမြည့်ဖွယ်ရာ ခံစားမှုလေးတွေ လိမ်ယှက်နေတဲ့သီချင်းကောင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မူရင်းသီဆိုသူ စီနားထရား သေဆုံးခဲ့တဲ့အခါ ပေါလ်အန်ကာက ကာဗာသီချင်းအဖြစ် ဖန်တီးခဲ့သေးတယ်။ စီနားထရားရဲ့ မူရင်းသီချင်းနဲ့ လုံးဝကွဲပြားတဲ့ ထရက်ခ်(track)ပါ။ အဲလ်ဗစ်စ်ပရက်စလေ ကလည်း ၁၉၇၀ နှစ်လယ်ပိုင်းက ဂီတပွဲတစ်ခုမှာ သီဆိုခဲ့ပြီး Elvis In Concert  စင်ဂဲလ်အယ်လ်ဘမ်ကို CBS-TV အတွက် ရိုက်ကူး ထုတ်လွှင့်ခဲ့တယ်။

Sex Pistols အဖွဲ့ရဲ့ ဘေ့စ်ဂစ်တာသမား ဆစ်ဒ်ဗီးဆီးယပ်စ် က အရင့်အရင်နဲ့ လုံးဝမတူအောင်
Punk -Rock သီချင်းပုံစံပြောင်းလဲ သီဆိုပြန်တော့လည်း အင်မတန် ကျော်ကြားခဲ့ပါသေးတယ်။ စာသားတွေလည်း အများကြီးပြောင်းထားတယ်။ ပြီးတော့ မြန်မြန်ဆန်ဆန် တီးခတ်ထားတာတွေ့ရတယ်။ ပြီးတော့ မိတ်ဆွေကြီးရေ...ဆိုတဲ့ သီချင်းစာသားတွေမှာ ဦးထုပ်တွေ အများကြီးဆောင်းသူ ပရက်ထ် ရေ...လို့ ဆိုထားတာဟာ ဗီးဆီးယပ်စ်က သူ့သူငယ်ချင်း ဂျွန်လိုင်ဒန် ကို တိုက်ရိုက်ရည်ညွှန်း သီဆိုထားတယ်လို့ Sex Pistols အဖွဲ့ကို မွှေနှောက်ကျွမ်းဝင်ထားကြသူတွေက အသေအချာဆိုကြတယ်။ တကယ်လည်း ဂျွန်လိုင်ဒန်က ဘယ်နေရာ ရောက်ရောက် ဦးထုပ် အမျိုးမျိုး ရှာဖွေဝယ်ယူစုဆောင်းတဲ့သူ ဖြစ်နေတော့တာကိုး။

ရက်ပ်ပါဂျေဇီကလည်း ၂၀၀၀ခုနှစ်ကထွက်ရှိခဲ့တဲ့ The Gift & the Curse အယ်လ်ဘမ်မှာ ကာဗာသီချင်းအဖြစ် သီဆိုခဲ့ပါ သေးတယ်။ ရစ်ချီရေးနဲ့ ဘော့ဘီကာ့ဇ်တို့ကလည်း ၁၉၆၉ ခုနှစ်က စပိန်ဘာသာနဲ့ A Mi Manera သီချင်းကို သီဆိုခဲ့ကြတယ်။ ရော်ဘီဝီလျံမ် အသံသရုပ်ဆောင် ပါဝင်ခဲ့တဲ့ Happy Feet ကာတွန်းကားရဲ့ အဓိကဇာတ်ကောင် ပင်ဂွင်းလေး ရာမွန်ဟာ အဲဒီ စပိန်သီချင်း
A Mi Manera ကို ဇာတ်ကားထဲမှာ အကောာင်းဆုံး သီဆိုသရုပ်ဆောင်ခဲ့တယ်။

Pirates of Silicon Valley ရုပ်ရှင်ဇာတ်ကားမှာ ဘီလ်ဂိတ် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အန်ထော်နီမိုက်ကယ်လ်ဟောလ် ကလည်း ဒီ My Way သီချင်းကို သီဆိုခဲ့သေးတယ်။ နောက် စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ ဇာတ်ကောင် ပရော်ဖက်ဆာ ဒေါက်တာဒမ်ဘဲလ်ဒေါ ရဲ့ ဈာပနအခမ်းအနားမှာလည်း My Way သီချင်းနဲ့ တခမ်းတနား ခင်းကျင်းခဲ့တယ်။
တခြား သီဆိုခဲ့ကြတဲ့ နာမည်ကြီးအဆိုတော်တွေလည်း အများကြီးရှိနေပါသေးတယ်။
ပေါလ်အန်ကာရဲ့ ငါ့ရဲ့လမ်း သီချင်းစာသားတွေထဲက ပုန်းအောင်းနေတဲ့အရာ တစ်ခုခုကို (သီချင်းရေးသူနဲ့ထပ်တူ) ရှင်းရှင်းလင်းလင်း ခံစားစေလိုတဲ့ရည်ရွယ်ချက်နဲ့ပဲ စကားလုံးတွေ တစ်လုံးပြီးတစ်လုံး ဖလှယ်သွန်ချလိုက်မိတော့တယ်။
 - - - - - - -

ကဲ... အခုတော့ အဆုံးသတ်ဖို့ နီးကပ်လာခဲ့ပြီပေါ့...
အဲဒါကြောင့်ပဲ... နောက်ဆုံးကားလိပ်ကြီးကလည်း ...
ငါ့ရဲ့ဘ၀ကြီးကို အမှောင်ချပိတ်သိမ်းဖို့ ဟန်တပြင်ပြင်လုပ်နေတာ ...
ငါ မြင်တွေ့လိုက်ရတယ်...
မိတ်ဆွေကြီးရေ.... တကယ်ပဲ
သေချာလှတဲ့ ငါ့အဖြစ်၊ ငါ့အခြေအနေတွေကို အခု ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါတော့မယ်။

ငါ ရှင်သန်နေထိုင်ခဲ့ရာ ငါ့ရဲ့ဘ၀ဟာ...
ခရီးတွေ တစ်ခုစီ တစ်ခုစီ သွားလာလှုပ်ရှားမှုတွေနဲ့ ပြည့်နှက်လို့ပေါ့...
ခရီးတိုင်းကလည်း တာဝေး ခရီးတွေချည်းပါပဲလား...
အဲဒီထက် ပိုလာမယ့်အဖြစ်တွေ ရှိလာတဲ့အခါတိုင်း...
ငါ့ရဲ့ နည်းလမ်းအတိုင်း ရှင်းလင်းလုပ်ဆောင်ခဲ့တယ်.....။

နောင်တတွေကတော့... ငါ့မှာ နည်းနည်းပဲရှိခဲ့ပါတယ်၊
သေချာစေ့စေ့ပေါက်ပေါက်စဉ်းစားလေတိုင်းလဲ ချပြစရာ အင်မတန်ကိုနည်းတာပါပဲ၊
ငါက လုပ်ရမယ့်အလုပ်တွေပဲ လုပ်ခဲ့တာကိုး၊
ငါ့ကိုငါလည်း အလွတ်မပေးပဲ အမြဲသတိထားစောင့်ကြည့်ခဲ့သေးတာလေ.....။

လုပ်စရာတွေကို အပိုင်းလိုက် အပိုင်းလိုက် တစ်ခုစီ စီစဉ်ထားခဲ့တယ်၊
ခြေလှမ်းတလှမ်းစီကိုလည်း တလျှောက်လုံးဂရုပြုလှမ်းလျှောက်ခဲ့တယ်၊
အဲဒီထက် ပိုလာမယ့်အဖြစ်တွေ ရှိလာတဲ့အခါတိုင်း...
ငါ့ရဲ့ နည်းလမ်းအတိုင်း ရှင်းလင်းလုပ်ဆောင်ခဲ့တယ်.....။

ဟုတ်တယ်... အဲဒီအချိန်အခါ၊ အဖြစ်အပျက်တွေကို မင်းသိမယ် လို့ ငါ...သေချာပြောရဲပါတယ်၊
ငါလေ... ၀ါးမျိုနိုင်တဲ့အစားအစာတွေထက် ပိုပိုပြီး ကိုက်ဝါးမိခဲ့တဲ့ အခါ...
အဲဒီအရာတွေအားလုံးကို သံသယတွေ ဗရုန်းသုန်းကား ဖြစ်လာတဲ့ အခါ...
ငါကတော့ ၀ါးမျိုစားသုံးလိုက်.. အခြေအနေမဟန်ရင် ပျစ်ခနဲ ထွေးထုတ်လိုက်နဲ့ အဲဒီအရာတွေကိုပေါ့...
ထိပ်တိုက်ဝင်တိုးလိုက်... မတ်မတ်ရပ်ရင်း ကြံ့ကြံ့ခံ ရင်ဆိုင်လိုက်နဲ့...
ငါ့ရဲ့နည်းလမ်းအတိုင်းပဲ ရှင်းလင်းလုပ်ဆောင်ခဲ့တာပါပဲ.....။

ငါလေ...ချစ်ခြင်းမေတ္တာ.. သံယောဇဉ် တစ်ပြုံတစ်မကြီးနဲ့ ပျော်ဝင်နစ်မြုပ်ခဲ့ဖူးတယ်၊
ငါ ရယ်မောခဲ့တယ်...
ပြီးတော့ ငါ ငိုကြွေးခဲ့သေးတယ်...
ငါ့ဘ၀မှာ ခံစားချက်အားလုံး ပြည့်ပြည့်သိပ်သိပ် ခံစားခဲ့တယ်၊
ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခုန်ဆင်းလာတတ်တဲ့ မျက်ရည်တွေကိုလည်း ရယူခံစားခဲ့တယ်၊
ကဲကွယ်... အခုတော့ မျက်ရည်တွေများ...
တလိမ့်ချင်း တလိမ့်ချင်း လျှောကျ ပျောက်ကွယ်သွားပြီးတဲ့အချိန်တိုင်း အချိန်တိုင်း...
ငါ့မှာ ပျော်ရွှင်မြူးထူးစရာလေး တစ်ခုခုတော့ ရှာဖွေတွေ့ရှိခဲ့မိတာချည်းပါပဲ...

အဲဒီအဖြစ်အပျက်တွေကို တွေးတော... စောင်းငဲ့ ကြည့်ကြည့်တဲ့အခါ...
ပြောပါရစေတော့... ငါရှက်ရွံ့သိမ်ငယ်မနေခဲ့ပါဘူးကွဲ့...
မဟုတ်ဘူး... ငါဟာ အဲဒီလို လူစားမျိုး မဟုတ်ခဲ့ဘူး...
ငါ့ရဲ့နည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့သူတစ်ဦးပါပဲ.....။

‘သူ’---  ဆိုတာ ဘာလဲ...
‘သူ’ --- ဘာတွေ ရရှိခဲ့လဲ...
‘သူ’ ကိုယ်တိုင်ကလွဲလို့ ကျန်တာ အားလုံး ဗလာနတ္တိ ပဲ...
အစစ်အမှန်ခံစားချက်တွေ ဖွင့်ဟလာတဲ့ အဲဒီ ‘သူ’ ရဲ့ စကားလုံး တွေဟာ...
ဒူးထောက်၊ အရှုံးပေး ကျဆုံးနေတဲ့ လူသားတစ်ယောက်ဆီက တောင်စဉ်ရေမရ လွင့်ထွက်ကျလာတဲ့အရာတွေ မဟုတ်ဘူး ...။
ဘ၀မှတ်တမ်းက ပြသမှာပါ... ထိုးနှက်တိုက်ခိုက်မှုတွေကိုလည်း ရယူခဲ့တာပဲလေ...
ပြီးတော့... ငါ့ရဲ့နည်းလမ်းအတိုင်းပဲ...
ငါ လုပ်ဆောင်သွားခဲ့ပါပြီ...။

1 comment:

မြတ်မွန် said...

မမဖြိုးရေ..မမပိုစ့်ကို ဖတ်ရင်း နားထောင်ကြည့်နေတယ် my way သီချင်းလေးကို။ သီချင်းအကြောင်းလေး သိရတော့ ပိုပြီး နားထောင်လို့ကောင်းသွားတယ် မမဖြိုးရေ..။