ကျွန်မ မှတ်မိပါသေးတယ်။ ကျွန်မရဲ့သေးငယ်တဲ့ လက်ချောင်း တိုတိုလေး တွေကို အမေကရိုက်လို့ နာကျင်မှုဝေဒနာနဲ့အတူ မျက်ရည်တွေ ယိုစီးကျခဲ့ရတဲ့ နေ့တစ်နေ့ကိုပေါ့။ ပီယာနိုဆရာမပေးခဲ့တဲ့ lesson ကိုမကျင့်လို့တဲ့လေ။ ကျွန်မရဲ့ လက်ချောင်းလက်ဆစ်တွေအကုန်လုံး တစ်ခုမကျန်အောင် မေမေကတုတ်နဲ့ တဆတ်ဆတ် ရိုက်ခဲ့တာ။ ရိုက်နေရင်းနဲ့ ပါးစပ်ကလည်းတတွတ်တွတ်ပြောပါသေးတယ်။
''နင် ပီယာနိုမတီးချင်ရင် ငါ့သမီး မလုပ်နဲ့''တဲ့။
မေမေရိုက်ခဲ့တဲ့ ဒဏ်ကြောင့် လက်ချောင်းလေးတွေ တစစ်စစ်ကိုက်ခဲလွန်းလို့ ခုတင်ပေါ်မှာလူးလိမ့်ခံစားရင်း တစ်ညလုံးအိပ်မရဖြစ်ခဲ့ရဖူးတယ်။ မေမေဟာ စိတ်ဆန္ဒနဲ့ ဖြစ်ချင်ဇောတွေ သိပ်စောနေသလားပဲမဆိုနိုင်ဘူး။ သူ့ကြည့်ရတာ ကျွန်မ တစ်နေ့ ပီယာနိုမတီးတတ်ဘဲဖြစ်မှာကို သေမလောက် စိုးရိမ်နေပုံပဲ။ တကယ်ဆို မေမေ ရိပ်မိဖို့ ကောင်းပါတယ်နော်။ တတိယတန်းကျောင်းသူအရွယ်သာရှိသေးတဲ့ ကျွန်မအနေနဲ့ ပီယာနိုခလုတ်တွေကို မမီ့တမီ လက်ချောင်းတွေနဲ့ အသည်းအသန်လိုက်တီးရတာ ဘယ်လွယ်ပါ့မလဲ။ ကျွန်မကတော့ သင်ရတာလွယ်ကူပုံရတဲ့ ဂစ်တာကိုပဲ တီးလိုက် ချင်တော့တယ်။ ပြီးတော့ သယ်ရပြုရတာလည်း လွယ်ကူမှုရှိတယ်လေ။ ခရစ္စမတ်ညတွေမှာ ဂစ်တာလွယ်ပြီး carol singing ထွက်ကြတဲ့ မိန်းကလေးတွေကို သိပ်အားကျမိတယ်။
''ပီယာနိုတီးမယ့်အစားမေမေရယ် ဂစ်တာတီးတာမှဟုတ်ဦးမယ်''လို့ ကျွန်မက ဆင်ခြေပေးလို့ မေမေစိတ်ဆိုးသေးတယ်။
''ပီယာနိုနဲ့ ၈စ်တာနဲ့တစ်ခြားစီ ဘာမှမဆိုင်ဘူး စကားမများနဲ့ နင်ပီယာနိုပဲ တီးရမယ်''တဲ့။
ကျွန်မမျက်စိထဲမှာတော့ နှစ်ခုစလုံးအတူတူပါပဲ။ ဒါပေမဲ့ မေမေစိတ်ချမ်းသာ ပါစေရယ်တော့ဆိုပြီး ကျွန်မ ပီယာနိုတီးနိုင်အောင် အပြင်းအထန်လေ့ကျင့် ကြိုးစားခဲ့ပါတယ်။ ဂျင်ကဘဲလ်စ်တို့ ဆိုင်းလင့်နိုက်တို့ တီးတတ်ခါစကဆို မေမေရယ် လေ ဧည့်သည်လာတိုင်း ကျွန်မကိုခေါ်တီးပြခိုင်းပြီး လက်ခုပ်လက်ဝါးတီးလို့ ပျော်ရွှင်နေလိုက်တာ။ မြီးကောင်ပေါက်မလေးကျနေတာပဲ။ ကျွန်မအနေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ပီယာနို တီးနိုင်တာ ကို ထူးထူးခြားခြား ခံစားမှုမရှိပေမယ့် ကျွန်မအတွက်နဲ့ မေမေအဲ့ဒီလောက်တောင် ပျော်ပါလားလို့ တွေးမိ တော့ မေမေ့ကိုပျော်အောင်လုပ်ပေးနိုင်တဲ့ သမီးအဖြစ် ကျေနပ်မိရပြန်ပါရော။
ဒါပေမဲ့ ကျွန်မစဉ်းစားမရတာက ကျွန်မမှာအစ်မတွေ (၄)ယောက်တောင် ရှိတာ၊ မေမေဟာ သူတို့ကိုကျတော့ ဘာကိုမှဖြစ်ဖြစ်မြောက်မြောက်မသင်ယူစေဘဲ နေချင်သလိုနေခွင့် ဘာဖြစ်လို့ပေးရတာလဲလို့ပေါ့။ ကျွန်မမှာတော့ တစ်ချိန်လုံး လွတ်လပ်မှုမရှိ၊ နေချင်သလိုနေခွင့်မရဘဲ ပီယာနိုသင်ယူဖို့ဆိုတာကြီးကို အရေးပါတဲ့ အလုပ်ကြီးတစ်ခုလို ခေါင်းထဲအမြဲထည့်ထားနေရတယ်။ ဒါကိုဘဝင်မကျဘူး။ ဒါနဲ့ မေမေ့ကို မေးကြည့်မိတယ်။
''ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့..သမီးက အစ်မတွေလိုမဟုတ်ဘဲ ပီယာနို တီးတာကြီးကို ထူးကဲပြီးသင်နေရတာလဲ''ဆိုတော့ အမြဲလို ဘုဆတ်ဆတ်နိုင် လေ့ရှိတဲ့ မေမေဟာ ခေတ္တခဏငိုင်တွေသွားပြီး ကျွန်မရဲ့ ဆံပင်ကလေးတွေကိုသပ်ကာ နူးနူးညံ့ညံ့ ပြောလာပါတယ်။
''သမီးက သူတို့နဲ့မတူဘူးလေ။ သူတို့ကအားလုံးပြည့်စုံတယ်။ ငါ့သမီးက ခြေတစ်ဖက်မသန်တဲ့ဒုက္ခိတမလေး ဆိုတော့လေ။သူတို့နဲ့မယှဉ်သာတဲ့ ပညာတစ်ခုခုတော့ ထူးချွန်တတ်မြောက်ထားမှဖြစ်မှာပေါ့။ ဒါမှသမီးဒီပညာနဲ့ပွဲလယ်တင့်ပြီး ကိုယ့်ဘဝကိုယ်ထိန်းကျောင်းနိုင်မှာ။မေမေပြောတာ သဘောပေါက်တယ်နော်''တဲ့။ ဒီတော့မှပဲ ကျွန်မဘဝအမှန်ကို ကျွန်မ ပြန်ပြောင်းသတိရတော့တယ်။ ဟုတ်ပေသားပဲ။ ကျွန်မကသူတို့နဲ့မတူဘူး။ ခြေတစ်ဖက်ဆာနေတဲ့ကျွန်မရဲ့ ဖြစ်ရပ် မှန်ကိုမေ့ပြီး အားလုံးနဲ့အတူတူပဲလို့ထင်နေမိတာ။ မေမေ့ပါးစပ်က အဲ့ဒီလို ထုတ်ပြောတဲ့ နေ့ကစပြီး ကျွန်မရဲ့စိတ်အလုံးစုံကို ပီယာနိုထဲမှာမြှုပ်နှံပစ်ပြီး အရင်ကထက် အဆပေါင်းများစွာ အပတ်တကုပ် ကြိုးစားသင်ယူခဲ့ပါတော့တယ်။ အဲဒီတုန်းက မေမေ့စကားက ကျွန်မကိုတွန်းအားတွေအများကြီး ပေးလိုက်သလိုပါပဲ။
ဒီလိုနဲ့ အထက်တန်းကျောင်းသူအရွယ်မှာ ကျွန်မဟာBeethoven, Chopin, Debussy, Liszt , Mozart ,RAchmaninov,Schumann, Tchaikovsky တို့ရဲ့တေးသွားတွေကုinternational notesကြည့်ပြီး စနစ်တကျတီးနိုင်ခဲ့ပါပြီ။ ကျွန်မအကြိုက်ဆုံးတေးသွားကတော့ Beethoven ရဲ့Fuer elise နဲ့ Rachmaninovရဲ့ Flight of the Bumblebeeတို့ပဲဖြစ်ပါတယ်။ အဲ့ဒီတေးသွားတွေကို တီးခတ်မိတိုင်းမှာ ကျွန်မရဲ့စိတ်တွေဟာ ကိုယ့်သဘောကိုယ် ဆောင်ခွင့်ရနေသလို လွတ်လပ် ပေါ့ပါးနေ လိုက်တာ၊ အဲ့ဒီအချိန်မှာ ဘယ်သူကမှဘာအကြောင်းနဲ့မှ ကျွန်မကိုလာပြီး ထုဆစ်လို့ မရဘူး။ ကျွန်မဟာ ကျွန်မရဲ့ဂီတနဲ့တစ်သားတည်းပူးကပ်လို့ တလွင့်လွင့်နဲ့ လွင့်မြောနေ ပါတယ်။
မေမေ့ရဲ့အမြော်အမြင်ကြီးမှုကြောင့် ကျွန်မခုဆိုဂီတအားဖြင့် နေရာ တစ်နေရာရလာခဲ့ပါပြီ။ တနင်္ဂနွေလိုနေ့မျိုးတွေဆို နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုး ကျောင်းတစ်ခုမှာ ဓမ္မတေးသံစုံဝတ်ပြုအဖွဲ့(Choir)အတွက် ပီယာနိုတီးပေးရပါတယ်။ တစ်ခြားနေ့တွေဆို အိမ်မှာပီယာနိုသင်တန်းဖွင့်တယ်။ကျွန်မတတ်ကျွမ်းတဲ့ပညာနဲ့ သက်မွေးဝမ်းကျောင်းမှုကို ပြုနိုင်ခဲ့ပါပြီ။ မေမေသာ ခုလို အမြော်အမြင်မရှိခဲ့ရင် ကျွန်မလို ဒုက္ခိတမိန်းကလေးရဲ့ဘဝဟာ မတွေးဝံ့စရာပါ။ ဘယ်ကုမ္ပဏီကမှလည်း ကျွန်မလို မသန်မစွမ်းမိန်းကလေးတစ်ယောက်ကို အလုပ်ခန့်ချင်မှာမဟုတ်ဘူး။ ခုတော့ ခြေတစ်ဖက်မသန်စွမ်းပေမယ့် ကျွန်မ ကောင်းစွာရပ်တည်နေနိုင်ခဲ့ပါပြီ။ စိတ်မကောင်းစရာက မေမေ့ကျေးဇူးကို နားလည်လာလို့ အထူးဆပ်ချင်ကာမှ မေမေက ကျွန်မအနားမှာမရှိတော့ဘူး။ ကင်ဆာရောဂါတစ်မျိုးနဲ့ မေမေ ရုတ်တရက် ကွယ်လွန်ခဲ့ပါပြီ။ ပီယာနိုတီးတဲ့အချိန်တိုင်း မေမေ့ကိုကျွန်မ သိပ်သတိရတယ်။ တစ်ခါတစ်လေ ပီယာနိုခုံမှာထိုင်ရင်း တောင်ငေးမြောက်ငေး လုပ်နေမိပြီဆို အဲ့ဒီလိုနေတာ မေမေကြိုက်မှာမဟုတ်ဘူးလို့စဉ်းစားမိသွားပြီး ကျွန်မ ပီယာနိုကိုချက်ခြင်း ကောက်တီး နေလိုက်တော့တာပဲ။ ပီယာနိုတီးတာဟာ မရှိတော့ပြီဖြစ်တဲ့မေမေ့ရဲ့စကားကို နားထောင်ခြင်းပါပဲလို့ စိတ်ထဲမှာလည်း အထူးတလည် မှတ်ယူထားလိုက်တယ်။
တစ်နေ့တော့ ကျွန်မဘဝရဲ့အချိုးအကွေ့တစ်ခုကို မမျှော်လင့်ဘဲ ရောက်ခဲ့ပါတယ်။ အစ်မတွေက အထွေးဆုံးညီမ မသန်မစွမ်းလေးမို့ ကျွန်မဘဝ လုံခြုံစိတ်ချရအောင်ဆိုပြီး ပိုက်ဆံရှိလူကြီးလူကောင်းရဲ့သားတစ်ဦးနဲ့ နားဖောက်ပေးတယ်။ မှန်တာဆိုရရင် စည်းစိမ်ဥစ္စာကလွဲပြီး ကျန်တာ ဘာတစ်ခုမှရှိပုံမရတဲ့ အဲ့ဒီလူကို ကျွန်မ နည်းနည်း ကလေးမှစိတ်မဝင်စားမိဘူး။ ဒါကို အစ်မတွေကိုပြောပြတော့ သူတို့ စွေ့စွေ့ခုန်အောင် စိတ်ဆိုးကြပါလေရော။
''အမလေးဟဲ့..ညည်းလို ဒုက္ခိတ..ပိုလီယိုမကို ယူမယ့်သူ ရှိတာပဲ ကျေးဇူးတင်ဦး''
''ညည်း သူ့ကိုယူရမယ်''
တကယ်တော့ အစ်မတွေဟာ ကျွန်မဘဝလုံခြုံစေရေးထက် သူတို့နောင်ရေး ရတက်အေးရအောင်ပူးတွဲစဉ်းစားပုံရပါတယ်။ အဲ့ဒီလူက ဆွေစဉ်မျိုးဆက် တစ်သက်စား မကုန်တဲ့ြ
လက်ထပ်ပြီးတဲ့အခါ ကျွန်မရဲ့ခင်ပွန်းသည်က အဝေးကြီးကို ပြောင်းရွှေ့ရမယ် လို့ပြောပါတယ်။ ပြောင်းရွှေ့ဖို့ပြင်ဆင်တဲ့ညမှာပဲ ကျွန်မနဲ့ ကျွန်မရဲ့ခင်ပွန်းတို့ စကား များကြတယ်။ သူပြောလိုက်တဲ့စကားက ကျွန်မနားထဲကို သံရည်ပူတွေ လျောခနဲ လောင်းထည့်ချလိုက်သလိုပဲ။ ရင်တစ်ပြင်လုံး ဗြောင်းဆန်ပြီး စူးရှလောင်မြိုက်သွားပါတယ်။ တကယ့်ကို ရက်ရက်စက်စက်မညှာမတာ ပြောချလိုက်တဲ့စကားပါ။
''အဲ့ဒီ ပီယာနိုကြီးထားခဲ့''
''အို မဖြစ်နိုင်တာ၊ အဲ့ဒါဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး၊ ဒါဟာကျွန်မရဲ့ကိုယ်ပွားပဲ၊ ကျွန်မအမေသိပ်နှစ်သက်တဲ့အရာလည်းဖြစ်တယ်၊ ကျွန်မသာ ပီယာနိုမတီးတော့ရင် တမလွန်ကအမေ စိတ်ဆင်းရဲမှာသေချာတယ်''လို့ ကျွန်မရှင်းပြတာတောင် သူက လက်မခံဘူး။
''ခရီးကနီးတာ မဟုတ်ဘူး၊ ကားနဲ့သွားရမယ်၊ ရထားစီးရမယ်၊ ဇက်နဲ့ကူးဖြတ်ရမယ် ဒါကြီးကို ဘယ်လိုလုပ်သယ်နိုင်မှာလဲ''လို့ အကြောင်းပြတယ်။ အစ်မတွေကလည်း တမှောင့်။
''ထားခဲ့စမ်းပါအေ၊ ညည်းအိမ်ရှင်မဖြစ်တဲ့အခါ ပီယာနိုတီးဖို့ အချိန်တောင် ရမှာမဟုတ်ဘူး''လို့တညီတညွတ်တည်း ဝိုင်းပြောကြပြန်တယ်။
''အိုး..ယောက်ျားတစ်ယောက်ကို လက်ထပ်လိုက်တာနဲ့ မိန်းမတစ်ယောက်ရဲ့ အနုပညာဟာ တကယ်ပဲပျက်သုဉ်းသွားရတော့မှာလား၊ အိမ်ရှုင်မ ဖြစ်တာနဲ့ပဲ ဒီပီယာနိုကို မတို့ရ မထိရတော့ဘူးလား..ဟင်''
ကျွန်မစကားကိုအားလုံးက ရယ်စရာပြက်လုံးတစ်ခုကြားရသလို တဝါးဝါး တဟားဟားရယ်မောပစ်ကြတယ်။
''စကားကြီး စကားကျယ်တွေ ပြောမနေစမ်း ပါနဲ့အေ''တဲ့။ ကျွန်မဘက်မှာ တစ်ယောက်မှရှိမနေကြဘူး။ ကျွန်မဟာ ကျွန်မရဲ့အစ်မတွေ အပေါ် ပထမဆုံးအကြိမ် အသည်းဆတ်ဆတ်ခါနာကျည်းသွားတယ်။ပြီးတော့ ကျွန်မချစ်တဲ့ပီယာနိုကြီးကို ချန်ရစ်ထားခဲ့ရပြီး ခင်ပွန်းသည်နောက် လိုက်သွားရတယ်။ ကျွန်မရင်တွေကွဲလို့ အသည်းတွေြေ
နေရာသစ်မှာ ကျွန်မတစ်စက်ကလေးမှမနေပျော်ဘူး။ ခင်ပွန်းဖြစ်သူကိုလည်း စိတ်ထဲမှာနာကျည်းမုန်းတီးနေမိတယ်။ ကျွန်မရဲ့အနုပညာကို သူတန်ဖိုးမထားဘူး။ အထင်မကြီးဘူး။ ဒါကိုသိရလေလေ ကျွန်မသူ့အပေါ် စိတ်ပျက်လေလေပါပဲ။ ကျွန်မရဲ့ခန္ခာကိုယ် အသွေးအသားကို ရသွားပေမဲ့ မေတ္တာစိတ်နှလုံးသားကိုတော့ ဘယ်တော့မှ သူ မရစေရဘူးလို့ စိတ်မှာ တေးမှတ်ထားလိုက်တယ်။
နေရာသစ်မှာ ဘယ်လိုမှမပျော်မွေ့နိုင်တဲ့ကျွန်မဟာ အိမ်မှုကိစ္စ တွေလုပ်ပြီးတဲ့ ညနေစောင်းအချိန်တွေမှာ အိမ်ပြင်ထွက်လမ်းလျှောက်တဲ့ အကျင့်တော့ ရနေခဲ့ပါပြီ။ ဒီလိုလမ်းလျှောက်ထွက်ခြင်းဟာ အိမ်ထဲမှာနေတာထက်စာရင် ကျွန်မ အတွက် ပိုပြီးသင့်လျော်မှုရှိတယ်လို့လည်း ယူဆမိတယ်။ တစ်နေ့ ညနေမှာတော့ လှမ်းလျှောက်နေတဲ့ ကျွန်မခြေလှမ်းတွေသာမက နှလုံးသွေးတွေပါရပ်တန့်သွားမတတ် အံ့သြစရာ ဂီတသံစဉ်တေးသွားတစ်ခုကို ကြားမိလိုက်တယ်။
Tchaikovskyရဲ့ ပီယာနိုတေးသွားတစ်ခုပါ။ အသံထွက်ပေါ်ရာအိမ်ဆီကို ကျွန်မလေ ဘယ်ကဘယ်လိုရောက်သွားမိတယ်မဆိုနိုင်ဘူး။ ပီယာနိုတီးနေတဲ့ လူတစ်ယောက်ကို ပြတင်းပေါက်ကနေ လှမ်းမြင်တဲ့အခါ ကျွန်မ ရဲ့စိတ်တွေ ထိန်းသိမ်း နိုင်စွမ်းတောင်မရှိတော့ဘူး။ စေ့ထားတဲ့အိမ်တံခါးကို အတင်းတွန်းဖွင့်ပြီး အိမ်ထဲကို ပြေးဝင်လိုက်တယ်။
အဲဒီမှာ ပီယာနိုတီးနေတဲ့သူ ဘယ်သူ ဘယ်ဝါ ဘာပုံသဏ္ဌာန်ဆိုတာ မမြင်မိဘူး။ ကျွန်မအာရုံအလုံးစုံကို သိမ်းကြုံးဖမ်းစားထားတာက နက်မှောင်ပြောင်လက်နေတဲ့ ပီယာနို ကြီးတစ်လုံး။ ပြီးတော့ခလုတ်ဖြူဖြူတွေပေါ်မှာ ကဏန်းတစ်ကောင်လိုရွရွပြေးလွှားနေတဲ့ လက်ချောင်းတွေ...။ အို တကယ့်ကို ကြည့်လို့ ကောင်းလိုက်ပါဘိ။ တေးသွားက Sweet Dreamဆိုတဲ့တေးသွား။ လှပချိုမြိန်တဲ့ကမ္ဘာသစ်လေးတစ်ခုထဲ ဝင်ရောက်သွား ရသလိုပါပဲ။ တကယ်တော့ ဒါဟာ ကျွန်မအတွက် ကမ္ဘာသစ်မဟုတ်ဘူး။ ပီယာနို တေးသွားသံစဉ်တွေနဲ့ ထုံလွှမ်းတဲ့ကမ္ဘာဟာ ကျွန်မအတွက် ကလေးဘဝကတည်းက ရင်းနှီးကျွမ်းဝင်မှု အလျှံပယ်ရှိခဲ့ပြီးသား ကမ္ဘာအဟောင်းတစ်ခုပဲဖြစ်တယ်။ အဲ့ဒီမှာပဲ ပီယာနိုတီးနေတဲ့သူက ကျွန်မကို မြင်သွားပြီး ထလာပါတယ်။ သူ့မျက်နှာပေါ်မှာ အတိုင်းအသိ အံ့သြဟန်က အထင်းသားပေါ်လို့။
''ဟို..ဟို..ကျွန်မလေ..လမ်းလျှောက်ထွက်ရင်းနဲ့..ဟို..ဒီက ပီယာနိုသံကို လှမ်းကြားမိလို့.....''
သူက ကျွန်မရဲ့လုံချည်အောက်နားစကနေ ထွက်ပြူနေတဲ့ နွေခေါင်ခေါင်ကြီးမှာ ခြေအိတ်ဖြူဖြူစွပ်ထားတဲ့ ခြေထောက်တွေကို ဂရုဏာသက်သလို ကြည့်ရင်း အထဲဝင်ထိုင်ဖို့ဖိတ်ခေါ်တယ်။ ကျွန်မက ဧည့်သည်တွေထိုင်ရမယ့် ဆက်တီခုံမှာမထိုင်ဘဲ ပီယာနိုရှိရာ ဧည့်ခန်းထောင့်စွန်းကို ကျားသစ်တစ်ကောင်လို လှစ်ခနဲပြေးကပ်သွားမိတယ်။
နှစ်အတော်ကြာခွဲခွာ ကွဲကွာနေရတဲ့ ပီယာနိုနဲ့ပြန်တွေ့ကြပြီ။ ပီယာနိုခုံမှာ ကျွန်မရုတ်တရက် ဝင်ထိုင်လိုက်တယ်။ ကျွန်မစိတ်ထဲမှာ ပီယာနိုဆိုတာ တကယ့်ကို ကျွန်မတစ်ဦးတည်းပိုင်ဆိုင်တဲ့အရာလို့ အထင်ရှိနေပြီး အခုလိုချဉ်းကပ်တို့ထိလိုက်ဖို့ ဘယ်သူ့ကိုမှခွင့်တောင်းစရာမလိုဘူးလို့လည်း ထင်နေမိတယ်။ ကျွန်မရဲ့လက်တွေက ပီယာနိုခလုတ်တွေပေါ် သံလိုက်ဆွဲငင်အားတစ်ခုစီးဝင်သလိုမျိုး ရုတ်တရက် ထိကပ်သွားပြီးနောက် တေးသွားသံစဉ်တစ်ခု ထွက်ပေါ်လာတယ်။ ကျွန်မအကြိုက်ဆုံးတေးသွားတစ်ပုဒ်ဖြစ်တဲ့ Beethoven ရဲ့င်္Fuer-Elise ဆိုတဲ့တေးသွား။ အနားမှာ လူစိမ်းတစ်ယောက်ရှိနေတဲ့အဖြစ်ကို ကျွန်မ တကယ့်ကို မေ့လျော့သွားခဲ့တယ်။ အမှန်က လောကကြီးတစ်ခုလုံးကို မေ့သွားတာ....။
ပီယာနိုရယ်...ကျွန်မရယ်...တစ်သားတည်းပူးကပ်သွားပြီး လေဟုန်စီးနင်း ထွက်ကြတယ်။ လေထဲမှာ ကျေနပ်စွာပြုံးနေတဲ့ မေမေ့ရဲ့မျက်နှာကို ခပ်ရေးရေး မြင်တယ်။ ကျွန်မရဲ့ တစ်ကိုယ်လုံးဟာ တေးသွားသံစဉ်နဲ့အတူ ယိမ်းထိုးလှုပ်ခါနေတယ်။ အို ဒီတစ်ခါလောက် ပီယာနိုတီးရတာ ဘယ်တုန်းကမှ လက်မတွေ့ခဲ့သလိုမျိုး၊ ထူးကဲတဲ့ အရသာကို တစိမ့်စိမ့်ခံစားရတယ်။ တစ်ပုဒ်ပြီးတစ်ပုဒ်...။
Debussyရဲ့Reflections in the water...။ Lisat ရဲ့On the Edge of the spring...။ Mozart ရဲ့ Variations on Ah, Wous derais-je, maman .., Schumann ရဲRestless Dream...။
အပြင်မှာ အမှောင်ထုက ကြီးစိုးစပြုနေပြီ။ အိမ်ကို ကျွန်မပြန်ရဦးမယ် လို့ အသိဝင်လာတယ်။ ခက်တာက ကျွန်မလက်ချောင်းတွေမှာ ကော်စေးတွေ ကပ်နေသလိုမျိုး ပီယာနိုခလုတ်တွေကနေ ခွာထွက်လို့ကိုမရဘူး ဖြစ်နေပြန်ရော။ဒီတစ်ပုဒ်ပြီး ရင်တော့ ပြန်ဖြစ်အောင်ပြန်မယ်လို့ စိတ်ကိုမနည်းတင်းထားလိုက်ပြီး နောက်ဆုံးအနေနဲ့ တစ်ပုဒ် ထပ်တီးလိုက်တယ်။
Schumannရဲ့ The Song’s End
သည်တေးသွားလေးအဆုံးမှာတော့ ပီယာနိုကိုမခွဲနိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ကျွန်မ တကယ်ထပြန်ရပါပြီ။ 'ဒါမှ မေမေ့သမီး'လို့ ခပ်ဝေးဝေးကပြောသံ သဲ့သဲ့ကြား တယ်။ ကျွန်မကို စကားတစ်ခွန်းမှမဆိုခဲ့ဘဲ ငေးကြောင်ကြည့်နေဆဲ ပီယာနိုပိုင်ရှင်ကို 'ကျေးဇူးတင်လိုက်တာရှင်ရယ်၊ နောက်နေ့လည်း ကျွန်မလာပါရစေနော်'လို့ပြောတော့ သူက'ကြိုဆိုပါတယ်' လို့တိုတိုတုတ်တုတ်ပဲပြောတယ်။
သူက ကျွန်မကို ဘယ်သူလဲ၊ ဘယ်ကလဲ တစ်ခွန်းမှမမေးခဲ့သလို၊ ကျွန်မကလည်း သူ့နာမည်ကို ယောင်လို့တောင် မမေးမိခဲ့ဘူး။ စိတ်ချင်း နားလည်ခံစားတတ်မှု အနုပညာကိုယ်စီနဲ့ ကျွန်မတို့ချင်း အဆုံးစွန်ထိ ကူးလူး ဆက်သွယ်ခဲ့ပြီးပါပြီ။
နောက်တစ်နေ့ညနေမှာ ကျွန်မ အဲ့ဒီကိုရောက်သွားတယ်။ မနေ့ကထက် ပိုစောပြီးတော့ပေါ့။ မနေ့ကလို စေ့တောင်မှမထားဘဲ ဟင်းလင်းပွင့်နေတဲ့ အိမ်တံခါးတွေကို ကြည့်ခြင်းအားဖြင့် ပီယာနိုပိုင်ရှင်ဟာ ကျွန်မကိုအစောကြီးကတည်းက စောင့်မျှော်ကြိုဆို နေတဲ့ပုံပဲလို့ သိလိုက်ရတယ်။ မနေ့ကလိုပဲ ကျွန်မဟာ ပီယာနိုကိုစိတ်ရှိလက်ရှိတီးပြီး အချိန်တန်တော့အိမ်ပြန်လာခဲ့တယ်။
''နောက်နေ့လည်း ကျွန်မလာပါရစေ''လို့ ပီယာနိုပိုင်ရှင်ကို ကျွန်မ ပြောခဲ့ လိုက်တယ်။
နောက်တစ်နေ့ညနေ...။ မနေ့ကထက် စောပြီး ကျွန်မရောက်သွားခဲ့တယ်။ မနေ့ကထက် ပိုကြာခဲ့တယ်။
''နောက်နေ့လည်း လာပါရစေ''လို့ ကျွန်မပြောခဲ့လိုက်တယ်။ သည်လိုနဲ့ တစ်ညနေပြီးတစ်ညနေ...။ သတ္တမမြောက်ညနေတစ်ခုမှာတော့ ကျွန်မရဲ့ခင်ပွန်းသည် သိသွားခဲ့တယ်။ ဒါပေမဲ့ သူ ကျွန်မအခြေအနေကိုသိပုံက တက်တက်စင်အောင်မှားနေတဲ့ အမှားကြီး။
''မင်း အဲ့ဒီစန္ဒယားဆရာ မိုးထက်ဟန်နဲ့ ဘယ်တုန်းကတည်းက ဖောက်ပြန်နေတာလဲ'' ''ရှင်အရမ်းကာရောမစွပ်စွဲနဲ့.၊ ရှင် ထင်သလိုမဟုတ်ဘူး၊ သူ့နာမည်ကိုတောင် အခုရှင်ပြောမှသိတာ''လို့ ကျွန်မပြောလိုက်တယ်။ ဒါအမှန်ပါပဲ။ သူက ကျွန်မကို သင်္ကာမကင်းဖြစ်နေတဲ့ မျက်လုံးနီနီကြီးတွေနဲ့ စိမ်းစိမ်းကြီးကြည့်ပြီး အော်လိုက်တယ်။
''မုံလာဥလုပ်ချင်တဲ့မိန်းမ၊ အလကားပိုလီယိုမ၊ အကျင့်ပျက်မ...၊xxx မ၊ xxx မ၊ xxx မ...''
ကျွန်မကို သူအမျိုးမျိုးဆဲရေးတိုင်းထွာလို့ အားရသွားပြီးတဲ့နောက်မှာ...
''အဲ့ဒီ စန္ဒယားဆရာဆီ မသွားရဘူး''လို့ တစ်ချက်လွှတ်အမိန့်ထုတ်တယ်။
''ရှင်မှားနေပြီနော်...ကျွန်မက ပီယာနိုဆရာဆီ သွားတာမဟုတ်ဘူး၊ ပီယာနိုဆီ သွားတာ''
ကျွန်မ ရှင်းပြတာကိုလက်မခံဘဲ သူက ခွက်ထိုးခွက်လန်ရယ်လိုက်တယ်။
''တစ်လုံးထဲနဲ့ ကပ်ရှုပ်နေပြန်ပြီ..ဘာပဲဖြစ်ဖြစ် မင်းဒီနေ့တော့ သွားရဲ သွားကြည့်..ငါ့အကြောင်းသိရစေ့မယ်''လို့ ခြိမ်းခြောက်တယ်။
ကျွန်မသူ့ကို ဘာမှတုန့်ပြန်ပြောဆိုမနေတော့ဘဲ အင်္ကျီအဝတ်အစား လဲလိုက်တယ်။ ခြေစွပ်တွေယူပြီးကောက်စွပ်လိုက်တယ်။ ပြီးတော့ ခုတင်ဘေးမှာ ထောင်ထားတဲ့ ပိုလီယိုဖြစ်တဲ့ခြေထောက်မှာဝတ်နေကျ စတီးချောင်းရှည်နဲ့ ခြေတုဖိနပ်ကို ဆွဲယူဝတ်လိုက်တယ်။ ဒီလိုလုပ်ပြီးရင် ကျွန်မ အပြင်ကိုထွက်တော့မယ် ဆိုတာ သူသိပါပြီ။
''ဒါက ဘယ်လဲဟေ့ ဒီလောက်ပြောနေတဲ့ကြားက...''။
ကျွန်မသူ့ကိုအရေးစိုက်မနေဘဲ လုပ်မြဲဆက်လုပ်နေလိုက်တယ်။ အဲ့ဒီမှာ သူက ယမ်းမီးပုံကျသလို ဒေါသအလိပ်လိုက် ထွက်လာတဲ့ပုံနဲ့ ခါးကြီးထောက်ပြီး ကျွန်မ အနားရောက်လာတယ်။ ပြီးတော့ ကျွန်မလက်ထဲက ခြေတုဖိနပ်ကို ဇိုးခနဲဇတ်ခနဲဆွဲလု လိုက်တယ်။ ကျွန်မကပြန်ဆွဲထားပေမဲ့ မိန်းမနဲ့ယောက်ျား အားချင်းက မမျှလေတော့ ခြေတုဖိနပ်နဲ့တွဲလျက် စတီးချောင်းရှည်ကြီးဟာ သူ့လက်ထဲ စွေ့ခနဲပါသွားတယ်။ ပြီးတော့ အဲ့ဒါကြီးကိုင်ပြီး သူလှေခါးကနေ အပြေးဆင်းသွားတယ်။ ကျွန်မ သိလိုက်ပါပြီ။ သူဟာ ကျွန်မရဲ့ခြေတုဖိနပ်ကို အိမ်နဲ့မလှမ်းမကမ်းက မြစ်ပြင်ကျယ်ထဲ သွားပစ်ချတော့မယ် ဆိုတာကိုပေါ့။ သူက အမြဲပဲ ဒီလိုလုပ်လေ့ရှိတယ်။ တစ်ခါကလဲ သူ မကြိုက်တဲ့စာအုပ်တွေ ကျွန်မကဖတ်လို့တဲ့လေ စာအုပ်တွေကို အိတ်တစ်လုံးထဲ ထိုးထည့်သယ်ယူသွားပြီး အဲ့ဒီမြစ်ထဲသွားပစ်ချခဲ့သေးတယ်။
အခုလည်းပဲကြည့်...။ ကျွန်မသာ ဒီခြေတုဘိနပ်မရှိတော့ရင် အပြင်ထွက် တော့မှာမဟုတ်ဘူး လို့ သူတွက်ဆတယ်နဲ့တူပါရဲ့။ ကျွန်မ အပြင်မထွက်အောင် သူလုပ်တာလေ။ တကယ်လည်း ကျွန်မရဲ့ ညာဖက်ခြေထောက်အခြေအနေက ခြေတု ဖိနပ်သာ စွပ်မထားရင် ခပ်ဝေးဝေးကိုဘယ်နည်းနဲ့မှ မသွားနိုင်ဘူး။ အခု နှစ်မိုင်ကျော်ကျော် လောက်ဝေးတဲ့ ပီယာနိုရှိရာ အိမ်ဆီကို ဒီအတိုင်းသွားဖို့တော့ ဘယ်လိုမှ မဖြစ်နိုင် တော့ပါဘူးလို့တွေးပြီး ကျွန်မ ငိုချင်လာတယ်။
ဒါပေမဲ့ ထူးဆန်းတဲ့အားအင်တွေကျွန်မကိုယ်ထဲဝင်လာသလိုပဲ။ ခုချိန်မှာ ကျွန်မဟာ အိမ်ထဲကထွက်ခဲ့ပြီး လမ်းမပေါ်ကိုရောက်လို့နေပါပြီ။ ခြေတုဖိနပ်စီးမထားတဲ့ သိမ်ငယ်ပျော့စိနေတဲ့ ညာခြေထောက်က ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ လိမ်ဖယ် ဖယ် ယိုင်ထိုးထိုးနဲ့ပေါ့။ ထော့ကျိုးထော့ကျိုးနဲ့ ခြေထောက်တွေမနာအောင် ခုန်ခုန်ပြီး သွားရတော့ ကျွန်မရဲ့ပခုံးတွေဟာ ကျွန်မရင်နှစ်မွှာ လို နိမ့်လိုက်မြင့်လိုက်နဲ့ပေါ့။ ဒီညနေ နေမဝင်ခင်တော့ ပီယာနိုဆီကို ကျွန်မ အရောက်သွားနိုင်မှာပါလို့ အားတင်းပြီး ဆက်သွားတယ်။
အတန်ကြာသွားမိတဲ့အခါ ကျွန်မရဲ့ခြေဖဝါးတွေ နာကျင်လာပြီး ညာဖက် ခြေထောက်ထဲကနေ တစစ်စစ်နာကျင်လာပါတော့တယ်။ အရိုးထဲကနေ မျက်ခနဲဖြစ် သွားပြီး အသည်းခိုက်အောင်နာကျင်မှု ဝေဒနာကို ရုတ်တရက် ခံစားလိုက်ရတယ်။ အဲ့ဒီနောက် နေရာမှာပဲ ကျွန်မ ပုံလျက်သားလဲကျသွားတယ်။ အားယူပြီး ပြန်ထပေမဲ့ ကျွန်မရဲ့ခြေထောက်တွေက ဘယ်လိုမှ မတ်မတ်မရပ်နိုင်တော့ဘူး။ ဟင့်အင်း မဖြစ်ဘူး...။ ကျွန်မပီယာနိုဆီရောက်မှဖြစ်မယ်လို့ စိတ်ထဲကနေ ကြုံးဝါးရင်း လက်နှစ်ဖက်ကို အားပြုပြီး ကျွန်မကိုယ်ခန္ခာကို မြေပြင်မှာဒရွတ်ဆွဲသွားလိုက်တယ်။ ဘယ်ခြေထောက်ကနေ မြေကြီးကိုတွန်းကန်ထောက်ရင်း တရွေ့ရွေ့နဲ့သွားနိုင်ခဲ့တယ်။ လက်ဖဝါးနှစ်ဖက်နဲ့ ဒူးခေါင်းတွေပွန်းပဲ့စုတ်ပြတ်ကုန်ပေမယ့် နာကျင်မှုကို ကျွန်မ လုံးလုံးသတိမရမိဘူး။ ခပ်လှမ်းလှမ်းမှာ ပီယာနိုရှိတဲ့အိမ်ကိုမြင်တွေ့နေရပြီမို့ ကျွန်မ အားတက်သွားတယ်။ အဲ့ဒီအချိန်မှာပဲ..၊ ကျွန်မရှေ့မှာ ဘွားခနဲ ပေါ်လာတဲ့အရိပ်တစ်ခု...။
ဗြုန်းစားဒိုင်းစားကြီးမို့ ရင်ထဲမှာ ဒိတ်ခနဲဖြစ်သွားပြီး ကျွန်မ လန့်ဖျပ်သွား လိုက်တာ မပြောပါနဲ့တော့။ ကျွန်မ တကယ်ပဲသေချင်သွားတယ်။ ကျွန်မရဲ့ ခင်ပွန်းသည်လေ။ ကျွန်မဖိနပ်ကို မြစ်ထဲသွားပစ်ချခဲ့တဲ့ယောက်ျားလေ။ ကျွန်မကို အခုလိုခန္ဓာစိတ်နှလုံး အားလုံး နာကျင်ခံစားရအောင်လုပ်တဲ့သူ။ အင်မတန်ရက်စက် ကြမ်းကြုတ်တဲ့သူပေါ့။ အခု ကျွန်မနောက်ကိုလိုက်လာခဲ့ပြီ။ ကျွန်မကို အပေါ်စီးကနေ ကာဆီးပြီး စူးစူးစိုက်စိုက် ရပ်ကြည့်နေတယ်။ သူ ကျွန်မကို ဘာပြောမှာလဲ...။ သူ ကျွန်မကို ဘာလုပ်မှာလဲ...။ ပြောစမ်းပါစေ။ လုပ်စမ်းပါစေ။ လုံးဝမမှုတော့ဘူး။
ကျွန်မ ခေါင်းမာသလို အသည်းလည်းမာသွားပြီ။ သူ့မျက်နှာကို နည်းနည်း ကလေးမှမော့မကြည့်ဘဲ မျက်စိတွေစုံမှိတ်ပြီး အမှန်ကန်ဆုံးစကားတစ်ခွန်းကိုသာ အဆက်မပြတ် အော်ဟစ်ပြောပစ်လိုက်တယ်။
''ရှင်ဖယ်စမ်း။ ကျွန်မ ပီယာနိုဆီသွားမှာ၊ ပီယာနိုဆီ ကျွန်မ သွားမှာ..၊ ကျွန်မသွားမှာ ပီယာနိုဆီ.....''.။ ။
ဒီတုန်းက poet ကိုသော်ဇင်အုန်းက အမျိုးသားdialogueနေရာမှာ အသံသရုပ်ဆောင်ပေးခဲ့လို့ reading က အင်မတန် ရုပ်လုံးကြွသွားခဲ့တယ်။ တကယ်အပြင်မှာ အော်ဟစ် ပြောနေတဲ့ အသံမျိုး သူသရုပ်ဆောင်ပေးခဲ့တယ်။
စုမီအောင်
(၂ဝဝ၄၊ ဇူလိုင်၊ ဗြူးတီးမဂ္ဂဇင်း)
No comments:
Post a Comment