Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, August 07, 2018

ကယ်လိုရီ သုည အစားအစာတွေ

“Zero Calorie” အစားအစာလို့ခေါ်လာကြတဲ့အစားအစာတွေမှာ သူတို့ကို ကိုယ်ခန္ဓာက ဖြတ်တောက်သုံးစွဲပြီးတာထက် ကယ်လိုရီနည်းနည်းပဲ ပိုပါနေတတ်တဲ့ celery လို၊ သခွားသီးလိုမျိုးတွေ ပါဝင်ကြတယ်။ အဟာရဗေဒပညာရှင်တွေက ကိုယ်တို့ကယ်လိုရီဘယ်လောက်လိုမလဲ တွက်ချက်တဲ့အခါ သူတို့ကို ကြိတ်ဝါးတဲ့အခါနဲ့ အစာခြေတဲ့အခါ ထုတ်ယူသုံးစွဲရတဲ့ စွမ်းအင်ကိုလည်း တွက်ချက်ကြတယ်။ ဒါပေမဲ့ ဒီလိုကယ်လိုနည်းအစားအစာတွေဟာ ကိုယ်တို့ ပန်းကန်တွေထဲမှာ အဓိကအလုပ်ကိုပဲလုပ်ကိုင်/ အဟာရဖြည့်သွားနိုင်ကြတယ်။ သူတို့ကို ကိုယ်တို့အူတွေပြည့်ကျပ် အနေမခက်သရွေ့ ပမာဏများများစားနိုင်ပါတယ်တဲ့။ ကယ်လိုရီလျော့နည်းတယ်ဆိုတာဟာ အဟာရလျော့နည်းတယ်ဆိုတဲ့အဓိပ္ပါယ် မဟုတ်ဘူးလို့လည်း ရှင်းပြကြတယ်။ “ကယ်လိုရီပိုမြင့်တဲ့အစားအစာတွေကို ကိုယ်တို့စားနေတာကနေ ကယ်လိုရီနည်းအစားအစာတွေကို စားမယ်၊ အဲဒါကိုထိန်းထားနိုင်တယ်ဆိုရင် ဒါ အောင်မြင်မှုတစ်ခုပဲ” လို့ Nutrition Diva postcast ဖန်တီးတည်ထောင်ခဲ့သူ လိုင်စင်ရ အဟာရဗေဒပညာရှင် Monica Reinagel က ပြောပါတယ်။ အဲဒါကြောင့်ပဲ ကိုယ်တို့ရဲ့ ရေခဲသေတ္တာတွေမှာ ကယ်လိုရီတွေမဟုတ်ဘဲ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေအပြည့်ပါဝင်နေကြတဲ့ အစားအစာ အမျိုး ၂၀ ကို ဖြည့်ထားကြရအောင်နော်။

Cumcumber (သခွားသီး)

သင်ဟာ ဗိုက်ဆာတတ်လွန်းတာကို ဟန့်တားဖို့ H2O ရေဖန်ခွက် တစ်ခွက်ပြီးတစ်ခွက်သောက်ပေးနေရတာ ပျင်းရိငြီးငွေ့လာပြီဆိုရင် သခွားသီးအလွှာအချပ်လေးတွေကို သွားရည်စာအဖြစ်အဆာပြေစားနိုင်တာပေါ့။ “ရေဓာတ်ကြွယ်ဝတဲ့ အစားအစာကိုစားနေတာဟာ သင့်ရဲ့အစားအိမ်ထဲနေရာအပြည့်ယူထားပြီး အာသာလည်းပြေစေတယ်” လို့ Reinagel က မှတ်ချက်ချထားတယ်။ သခွားသီးမှာ ဗီတာမင် K နဲ့ C , ပိုတက်စီယမ် နဲ့ စီလီကာ(silica) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခုလည်း သိမ်းဆည်းထားပါသေးတယ်။ စီလီကာဟာ ကြွက်သား၊ အကြောမျှင်တွေ၊ အရွတ်တွေနဲ့ အရိုးတို့လို တွယ်ဆက်တစ်သျှူးကို တည်ဆောက်/ ထိန်းသိမ်းထားဖို့ ကူညီပေးပါတယ်။

Citrus Fruits (ရှောက်၊ သံပရာမျိုးဝင်အသီးများ)
လိမ္မော်သီး၊ အခွံပွလိမ္မော်နဲ့ ရှောက်ချိုသီးတွေကိုစားဖို့ အေးတဲ့ရာသီဥတုကိုရောက်လာမယ့်အချိန် စောင့်မနေပါနဲ့။ ရနိုင်တဲ့အချိန်ရသလောက်စားပေးနေနိုင်ရင် သိပ်ကောင်းပါတယ်။ သူတို့က သင့်ရဲ့ ကိုယ်ခန္ဓာအလယ်ပိုင်းအဆီတွေကို အလီလီစိတ်ပိုင်း လျော့ပါးစေဖို့ကူညီပေးနိုင်ပါတယ်တဲ့။ American Journal of Clinical Nutrition ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာချက်တစ်ခုအရ antioxidant နည်းပါးတဲ့ ကိုယ်ခန္ဓာတွေထက် ဗီတာမင် C ကြွယ်ဝနေတဲ့သူတွေမှာ အဆီလျော့ ခါးပိုင်းနဲ့ တင်ပိုင်းအချိုးအဆက်တွေပိုင်ဆိုင်ထားကြတယ်လို့ ဆိုတယ်။ နောက်ထပ်ဘာရှိဦးမလဲဆိုရင် ဗီတာမင်ဓာတ်အဆင့် နိမ့်ကျနည်းပါးနေသူတွေထက် ဗီတာမင် C မြင့်မားတဲ့သူတွေမှာ အစာစုပ်ယူခြေဖျက်တဲ့အချိန်မှာ အဆီ ၂၅ ရာခိုင်နှုန်းကျော် ပေါင်းစပ်ဓာတ်ပြုပစ်လိုက်တယ်ဆိုတာUniversity of Arizona သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

Celery
Celery ကို ကိုယ်ကစားနေပေမဲ့လည်း တစ်ခုခုစားနေတယ်လို့ကို မထင်မိအောင် ငြိမ်သက်လွန်းတဲ့အစားအစာမျိုးပေါ့။ တကယ်လည်း ကယ်လိုရီသုညအစားအစာပါ။ သွယ်သွယ်မျှင်မျှင်သဘာဝရှိနေတဲ့ celery ထဲ ရေဓာတ်တွေပဲ သယ်ဆောင်ထားမယ်လို့ ထင်စရာပါပဲ။ celery အစည်းတစ်ခုမှာ ထုံးစံအတိုင်းဆို ရိုးတံ ၈ ခု၊ ၉ ခုအထိရှိကြတယ်။ အဲဒီထဲက အလယ်အလတ် celery ရိုးတံတစ်ခုကို chop လုပ်လှီးဖြတ်လိုက်မယ်ဆို ခွက် တစ်ဝက်စာခန့် ရတတ်ကြတယ်။ ရိုးတံနှစ်ခုလောက် လှီးဖြတ်ထားတဲ့ celery တစ်ခွက်စာဆိုရင် တစ်နေ့စာလိုအပ်တဲ့ ဗီတာမင် K ပမာဏလုံလောက်အောင်ရရှိစေတယ်။ ဗီတာမင် A ၊ အမျှင်ဓာတ်၊ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင် B9 လို့သိကြတဲ့ Folate ဓာတ် နဲ့ ပိုတက်စီယမ်တို့လည်း အတူတူရရှိနိုင်သေးတာပါ။ Celery မှာ အော်ဂဲနစ်ဓာတုဒြပ်ပေါင်း phthalide တွေလည်းပါဝင်ကြသေးတယ်။ အဲဒီဒြပ်ပေါင်းဟာ သွေးလွှတ်ကြောနံရံတွေက တစ်သျှုးကြွက်သားတွေကို သက်တောင့်သက်သာရှိစေနိုင်တယ်။ သွေးစီဆင်းတာကို တိုးမြှင့်ပေးပါတယ်။ အဲဒါဟာ သွေးဖိအားကျစေဖို့ အကူအညီပေးတာပါ။

Apple (ပန်းသီး)
တစ်နေ့ ပန်းသီးတစ်လုံး၊ သင့်ရဲ့ ကိုယ်အလေးချိန်/ အဆီ အဝေးပြေးတယ် တဲ့။ တစ်နေ့ပန်းသီးတစ်လုံးစားပေးရင် ဆရာဝန်ဆီနဲ့လည်း ဝေးဝေးနေနိုင်တယ်လို့ ကိုယ်တို့တော်တော်များများသိထားကြပါတယ်။ အခွံမှာ အသီးထဲက လူ့ဇီဝဖြစ်စဉ်တွန်းအားပေးအမျှင်ဓာတ် အများစုပါဝင်နေကြတယ်။ ကိုယ်အလေးချိန်ပေါင်တွေ စုပုံလာတတ်တာကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်း ursolic acid လည်း ပါဝင်နေကြတယ်လို့ University of Iowa လေ့လာမှုအသစ်တစ်ခုမှာဖော်ပြထားပါတယ်။

Kelp (ပင်လယ်ရေမှော်)
Kelp ဟာ ပင်လယ်ရေမှော် အညိုရောင်ကျောက်ပွင့်မျိုးဖြစ်ပြီး အမျိုးပေါင်း ၃၀လောက် အမျိုးကွဲတွေရှိကြပါတယ်။ ပင်လယ်ရေမှော်ဆိုတာနဲ့ ပင်လယ်ထဲကအသီးအရွက်စားရတာမျိုးဆိုပြီး အလွယ်တကူအော်ဂလီဆန်မသွားပါနဲ့ဦး။ kelp မှာ အရိုးတွေကိုသန်မာစေတဲ့ ဗီတာမင် K ကြွယ်ဝပြီး alginate လို့ခေါ်တဲ့ သဘာဝအမျှင်လည်းပါဝင်နေတယ်။ အဲဒီ alginate ဟာ အဆီအတုံးအခဲတွေကို စစ်ထုတ်ယူဖို့ ကူညီနိုင်တယ်လို့ ယူကေက Newcastle University သုတေသနတစ်ခုအရ သိနိုင်ခဲ့ကြတယ်။ kelp ၄ အောင်စမှာ ၆ ကယ်လိုရီလောက်ပဲ ပါဝင်နေတယ်။ Sea Tangle Kelp ခေါက်ဆွဲကို ဆလတ်၊ စွပ်၊ မွှေပြီးကြော်တာမျိုး ရောနှောစားနိုင်တာပေါ့။

Asparagus (ကညွတ်)
ချက်ပြုတ်ထားတဲ့ကညွတ်ခွက်တစ်ဝက်မှာ ၂၀ ကယ်လိုရီပဲ ရနိုင်တာပါ။ ဗီတာမင် K နဲ့ A ၊ ဖောလစ်အက်ဆစ်လို B ဗီတာမင်တွေ ပမာဏခပ်များများလည်းရရှိပါလိမ့်မယ်။ B ဗီတာမင်တွေဟာ သကြားဓာတ်၊ ကစီဓာတ်တွေကို ဖြိုခွဲပေးတဲ့နေရာမှာ အဓိကနေရာက တာဝန်ယူတယ်။ ကညွတ်ကို စားပေးတာဟာ သွေးထဲသကြားဓာတ်ပုံမှန်ထိန်းထားနိုင်ပြီး type 2 ဆီးချိုရောဂါကို ဟန့်တားပေးနိုင်ပါတယ်။ 

Apricot 
Beta-carotene တွေပြည့်လျှံနေတဲ့ အသီးလို့ပြောရမှာပါ။ apricot ဟာ ကင်ဆာကို တိုက်ဖျက်ဖို့ ကူညီပေးနိုင်တယ်။ အမြင်အာရုံကာကွယ်ပေးတာမှာ အားထားရသလို နှလုံးရောဂါကို လည်း တိုက်ဖျက်နိုင်ပါတယ်။ တစ်နေ့ကို apricot ၃ လုံးနဲ့ အထက်ပိုပြီး နေ့စဉ်စားပေးရင် ဗီတာမင် A, C နဲ့ E  လုံလုံလောက်လောက်ရရှိမှာပါ။ အသက်အရွယ်ကြီးရင့်လာရင် ဖြစ်တတ်ကြတဲ့ age-related macular degeneration (AMD or ARMD) ဖြစ်နိုင်ခြေလျော့နည်းစေတဲ့ beta-carotene လို carotenoid တွေလည်း ကြွယ်ဝစွာပါဝင်နေတယ်။ ပမာဏများများစားတဲ့သူတွေဟာ နေ့စဉ် တစ်ကြိမ် နှစ်ကြိမ်လောက်နဲ့ နည်းနည်းပဲ စားတတ်တဲ့သူတွေထက် ရောဂါခံစားရတာ ကင်းဝေး/ နည်းပါးစေတယ်လို့ Archives of Ophthalmology မှာရေးသားဖော်ပြထားတဲ့လေ့လာချက်အရ သိရှိရပါတယ်။

Watermelon (ဖရဲသီး)
ဒီ နွေရာသီစာ ဖရဲသီးဟာ အော်ဂဲနစ်ဒြပ်ပေါင်း အမိုင်နိုအက်စစ် citrulline သယ်ဆောင်ထားပါတယ်။ citrulline ဟာ ကိုယ်ခန္ဓာထဲမှာ ပရိုတိန်းတွေရဲ့ဇီဝဖွဲ့စည်းမှုမှာ အသုံးပြုတဲ့ arginine အမိုင်နိုအက်စစ်အဖြစ်ပြောင်းလဲပေးလိုက်တယ်။ အဲဒီ arginine ဟာ ကိုယ်ခန္ဓာအလေးချိန်လျော့ကျစေဖို့ ကူညီနိုင်ပါတယ်။ Journal of Nutrition မှာရေးသားဖော်ပြထားတဲ့ လေ့လာမှုတစ်ခုမှာ အဝလွန်နေတဲ့ကြွက်တွေကို arginine ဖြည့်စွက်အစာကျွေးတဲ့အခါ အဆီတွေလောင်ကျွမ်းလျော့ပါးသွားပြီး ကြွက်သားအားကောင်းလာတယ်။ အဆီတွေလည်းပြန်ပြီးနေရာပြန်ယူ ဝဖြိုးမလာတော့တာကိုလည်း သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ကြတယ်လို့ ဆိုထားတယ်။

Tomatoes (ခရမ်းချဉ်သီး)
ခရမ်းချဉ်သီးမှာပါဝင်တဲ့ Lycopene ဟာ ဆီးကျိတ်ကင်ဆာကို တိုက်ဖျက်ကာကွယ်နိုင်တယ်။ ခရမ်းလွန်ရောင်ခြည်အထိအတွေ့များတဲ့အခါမှာ ဖြစ်လာတတ်တဲ့ free radical (အစုံလိုက်မရှိတော့တဲ့သက်တမ်းတို ဆဲလ်) တွေကို ဖယ်ရှားပေးပြီး အရေပြားကိုငယ်ရွယ်နုပျိုအောင်ထိန်းသိမ်းပေးထားပါတယ်။ ခရမ်းချဉ်သီးကို ချက်ပြုတ်လိုက်ရင် Lycopene level မြင့်တက်လာပြီး အဲဒီအနေအထားမှာ ကိုယ်တို့ကိုယ်ခန္ဓာကနေ အစားအစာထဲကအဟာရဓာတ်တွေစုတ်ယူဖို့ ပိုပြီးလွယ်ကူစေတယ်လို့ Cornell University လေ့လာချက်မှာ ဖော်ပြထားတယ်။

Broccoli
ဘရော့ကိုလီ လတ်လတ်ဆတ်ဆတ်တစ်ခွက်မှာ အမျှင်ဓာတ်ကြွယ်နေပြီး လိမ္မော်သီးတစ်လုံးလိုပဲ ဗီတာမင် C အများကြီးပါဝင်တယ်။

Cauliflover
ပန်းဂေါ်ဖီကို ပြုတ်တာ၊ mash ပုံစံ နဲ့ ရာသီစာပုံစံ အာလူးမွှေနဲ့ရောနှောစားကြတဲ့ အရသာမျိုးတွေ စားနိုင်တာပေါ့။ ပန်းဂေါ်ဖီပြုတ် ခွက် တစ်ဝက်မှာ ၁၄ ကယ်လိုရီပဲ ပါဝင်တယ်။ ဗီတာမင် C လက်ခံရယူဖို့ နေ့စဉ် ခွက်တစ်ဝက်ခန့် စားပေးနိုင်တယ်လို့ အကြံပြုထားပါတယ်။

Strawberries
နွေရာသီအချိန်လေးတွေမှာ အများဆုံးထုတ်ပိုးရောင်းချနေကြတဲ့ စတော်ဘယ်ရီသီး တစ်ခွက်ဟာ ကိုယ့်တို့အတွက် ဗီတာမင် C လုံလောက်အောင်ရရှိဖို့ အကြံပြုလေ့ရှိတဲ့ နေ့စဉ်စားပေးသင့်တဲ့ အသီးလေးတွေပေါ့။ antioxidant အကြွယ်ဝဆုံးအသီးအနှံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေတယ်။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ ဒြပ်ပေါင်း polyphenol တွေဟာ နှလုံးရောဂါ၊ကင်ဆာရောဂါတွေနဲ့ ဆက်နွယ်နေတဲ့ ဆဲလ်၊ တစ်သျှူးအပျက်အစီးအမျိုးအစားတွေရန်ကနေ ကိုယ်တို့ခန္ဓာကိုယ်လေး ဘေးကင်းစေဖို့ ကာကွယ်စောင့်ရှောက်ပေးပါတယ်။

Leaf Greens
ကိုယ်တို့ရဲ့ ပန်းကန်းလေးထဲ ဘယ်အမျိုးအစား၊ ဘယ်လောက်များများရွေးလိုက်တာပဲဖြစ်ဖြစ် မမှားစေတာကတော့ အစိမ်းရောင်ဆလတ်တွေပဲပေါ့။ တစ်ခွက်မှာ ၄ ကယ်လိုရီပဲ ရှိကြတယ်။ watercress တောင်ကြာကလေးပင်ဆို ဗီတာမင် A, C နဲ့ K သယ်ဆောင်ထားပါတယ်။ peppery green ၃ အောင်စ စားမယ်ဆို ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ antioxidant တွေဖြစ်ဲ့ lutein နဲ့ beta carotene တွေ မြင့်တင်စေနိုင်တယ်။ Spinach (တစ်ခွက်မှာ ၇ ကယ်လိုရီ) ဆိုရင် ဗီတာမင် K, ကယ်လ်စီယမ်, ဖော့စဖရပ်စ်, ပိုတက်စီယမ်, ဇင့် နဲ့ selenium တွေ ပေါများကြွယ်ဝလှတယ်။ ကြွက်သားတစ်သျှူးတွေကို ပြန်ကောင်းအောင် မြန်မြန်ဆန်ဆန်ကုစားပေးတဲ့ ဟိုမုန်းတစ်မျိုး ပါဝင်သေးတယ်လို့ Rutgers University ရဲ့ သုတေသနမှာဖော်ပြထားပါတယ်။

Red Chili Peppers
ဒီငရုတ်သီးအနီလေးတွေကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်နည်းနည်းထည့် ချက်ပြုတ်စားရင် သွယ်လျလှပစေသတဲ့။ Capsaicin ဒြပ်ပေါင်းပါဝင်ပြီး အဲဒီဒြပ်ပေါင်းက ကိုယ်တို့ကိုယ်ခန္ဓာက ကယ်လိုရီတွေကို များများစားစား လောင်ကျွမ်းဖျက်စီးပေးနိုင်ပါတယ်။ သုတေသနတစ်ခုအရ ပူစပ်တဲ့အတွက် ပမာဏနည်းနည်းပဲစားဖို့ အကြံပြုပါတယ်။

Mushrooms
မှိုတွေကို ဆီပူထိုးကြော်ပြီးပဲစားစား၊ အစိမ်းဖြစ်ဖြစ်၊ ပြုတ်တာပဲဖြစ်ဖြစ် မှိုတွေက အမြဲ superfood ပါ။ ကိုယ်တို့စားသုံးလိုက်တဲ့မှိုကို အစာခြေဖျက်တဲ့အခါ ကိုယ်ခန္ဓာကနေ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့၊ ကိုယ်ခံစွမ်းအားမြှင့် ဇီဝဖြစ်စဉ်အတွက်လိုအပ်တဲ့ ဒြပ်ပေါင်းတွေထုတ်လုပ်ပေးတယ်ဆိုတာ Dutch သုတေသနပညာရှင်တွေက တွေ့ရှိထားခဲ့ကြတယ်။

Red Bell Pepper
အချပ်လိုက်လေးတွေလှီးဖြတ်ပြီးစားလည်း ဒီငရုတ်သီးတွေက အဟာရဓာတ်တွေအတွက် ကြီးမားတဲ့အရင်းအမြစ်တစ်ခုပါ။ အလယ်အလတ်စား ငရုတ်ပွတစ်တောင့်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C ၊ ဗီတာမင် Aနဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တယ်။

Summer Squash
Zucchini, butternut or acorn တို့မှာ ဗီတာမင်တွေ ပြည့်နှက်နေအောင်ပါဝင်နေပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝသေးတယ်။ summer squash တွေကို ခပ်များများစားနေလည်း ကိုယ်အလေးချိန်တက်လာမှာ စိတ်ပူစရာမရှိတာဟာ အကျိုးကျေးဇူးတစ်ခုပေါ့။ summer squash ကို winter squash ထက် ၂ ဆပိုစားလည်း ကယ်လိုရီအရေအတွက်က အတူတူပါပဲ။

Turnip
မုန်လာဥအဝါဟာ သစ်ဥသစ်ဖုအသီးအရွက်မျိုးထဲမှာ ပေါ်ပြူလာဖြစ်လှတယ်။ အမြစ်ထဲမှာ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ glucosinolate တွေ ပါဝင်တယ်။ အမျှင်ဓာတ်နဲ့၊ ကယ်လ်စီယမ် ၊ ပိုတက်စီယမ်တွေရဲ့ အရင်းအမြစ်ကောင်းလည်းဖြစ်နေပါတယ်။

Green Tea
အပူပဲဖြစ်ဖြစ်၊ ရေခဲနဲ့ပဲဖြစ်ဖြစ် မချိုတဲ့ green tea တစ်ခွက်ဟာ ကယ်လိုရီကင်းနေပြီး EGCG လို့ခေါ်တဲ့ antioxidant ပါဝင်မှုမြင့်မားတယ်။ အဲဒီ EGCG ဟာ နှလုံးရောဂါနဲ့ တချို့ကင်ဆာဖြစ်နိုင်ခြေလျှော့ချပေးပါတယ်။ တစ်နေ့ကို green tea ၃ ခွက်သောက်တဲ့သူဟာ မသောက်တဲ့သူထက် ကိုယ်အလေးချိန် ၂ ဆလျှော့ကျနိုင်စေတယ်။ လုံးဝ green tea မသောက်သူတွေထက် ဝမ်းဗိုက်အဆီကိုလည်း ပိုပြီးလျှော့ချပေးနိုင်ပါတယ်။

Water
ရေရဲ့ အရေးပါပုံကတော့ အထူးတလည်ချဲ့ထွင်ပြောပြစရာတောင်မလိုတော့ပါဘူး။ ရေဓာတ်ကြွယ်ဝနေအောင်ဂရုစိုက်ပေးတာဟာ ကိုယ်တို့ရဲ့ ဇီဝဖြစ်စဉ် တစ်ဝီဝီမြည်သွက်လက်စေဖို့ပါပဲ။ တစ်နေ့လုံးသွက်လက်ဖျတ်လတ်နေပြီး စွမ်းအားပြည့်တဲ့ခံစားမှုမျိုးလည်းရနိုင်မယ်။ meal တစ်ခုမစားခင်မှာ ရေ နှစ်ဖန်ခွက်သောက်ပေးထားတာဟာ သိပ်ပြီးအစားမကြူးမိဖို့ ထိန်းသိမ်းပေးနိုင်တာပဲပေါ့။    ။

Source: 20 Healthy Zero-Calorie Foods | Rodale Wellness
မယ်ရူပ

No comments: