Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, February 27, 2011

၅. မေမေ့ မွေးနေ့အတွက် ပန်းလက်ဆောင် ( အပိုင်း ၁ )

မေမေ့မွေးနေ့ ရောက်တော့မှာပဲ၊ နောက်လထဲမှာ၊ ဖိုးပလံ မေမေ့အတွက် ထူးခြားတဲ့လက်ဆောင်ပေးချင်ပါတယ်၊ အဆန်းတကာ့အဆန်းဆုံးလက်ဆောင်မျိုးပေးချင်တာ၊ မေမေ က မှော်ပညာဆန်းတွေလည်း အယုံအကြည်ရှိသူမဟုတ်တော့ မေမေ့ ယုံကြည်သွားနိုင်လောက်တဲ့ အံ့သြစရာလက်ဆောင်မျိုးဆို သိပ်ကောင်းမှာပဲ၊ ခခ နဲ့ မော်စီတို့နဲ့ တိုင်ပင်ရရင်ကောင်းမလားပဲ အဘိုးရေမွန်ဆိုရင်ကော၊ ပထမဆုံးတော့ ခခ တို့ကို တိုင်ပင်ရရင်ကောင်းမယ်လို့ တွေးမိပါတယ်၊ ခခ က သိပ်စပ်စပ်စုစုရှိတော့ အဆန်းတကြယ်ဖြစ်မယ့်အရာလေးတွေ သိနိုင်မှာပဲ၊ ပြီးတော့ မိန်းကလေးတွေ ဘာကြိုက်မလည်း ခခ ကူညီစဉ်းစားပေးတာပဲ အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်။

ဒီလိုနဲ့ ထုံးစံအတိုင်း ခြေစွဲတော် ပြိုင်ဘီးအပြာရောင်လေးကို ဖိုးပလံ အားကုန်နင်းလို့ ခခ အိမ်ဘက် ထွက်ခဲ့ပါတယ်၊ ခခတို့အိမ်ရှေ့ရောက်တာနဲ့ အိမ်ရှေ့ကနေအော်တော့တယ်၊
“ခခရေ .. ငါလာပြီဟေ့၊ ရှိသမျှ မုန့်ပဲသွားရေစာအကုန်ထုတ်ထား၊ မရှိရင် အခုပြေးဝယ် အချိန်ရသေးတယ်”

“အုတ် .. ၀ုတ် .. ၀ုတ်”  လဲ့ရာက အပြေးကြိုပါတယ်၊

ခခက ချောကလက်ဝေဖာမုန့်ထုတ်ကြီးဖောက်ကာ ဝေဖာချောင်းကို တဂျွတ်ဂျွတ် အမြန်ဝါးရင်း ရယ်နေတယ်၊
“အမလေး လာပြီ ဖလံပိုး”

၃. မုန်တိုင်းလေပွေ မွှေ့လေသော်

ခခ တို့ ဦးလေး ဦးမိုးကြီးက ရွှေရောင်နီလွင်ပြင်မှာနေကြတယ်၊ ဦးမိုးကြီးက လယ်သမားကြီးပါ၊ ဦးမိုးကြီးရဲ့မိန်းမအန်တီနုနု ကတော့ လယ်သမားကြီးတွေရဲ့ဇနီးမယားတွေရဲ့အလုပ်ကိုပဲလုပ်ကြရတာပဲ၊ ဦးမိုးကြီးကို ကူညီတယ်၊ ကျွဲတွေနွားတွေအတွက် အစားအစာ ပြင်ဆင်ပေးမယ်၊ အစားအစာကျွေးတယ်၊ နှစ်ဦးသား တက်ညီလက်ညီအလုပ်လုပ်ကြပါတယ်၊ ဦးမိုးကြီးက ခခ မေမေ မသီတာရဲ့ အကိုကြီး၊ ဒီ ကျောင်းပိတ်ရက်တွေမှာ ခခ က တခြားနေရာတွေကို ပျော်ပွဲစားမသွားချင်ပါဘူးလို့ဆိုတယ်၊ ဦးမိုးကြီးဆီ ခဏလောက်သွားနေချင်တယ်တဲ့၊ ဦးမိုးကြီးက ချောင်ချောင်လည်လည်သိပ်မရှိကြဘူး၊ ဦးမိုးကြီးတို့ကလည်း ခခ ကိုတွေ့ချင်မြင်ချင်လှတယ်၊ ခခ မေမေနဲ့ ဖေဖေက ချမ်းချမ်းသာသာမရှိလို့ ခခကိုမလွှတ်ချင်ကြဘူးဆိုတာမျိုး မထင်စေချင်ကြဘူး၊ ခခကလည်း သိပ်ကိုသွားချင်နေလေတော့ နောက်ဆုံး ခခ ကျောင်းပိတ်ရက်မှာ ဦးမိုးကြီးတို့ဆီအလည်သွားနေဖို့ ခွင့်ပြုလိုက်ကြပါတယ်။

ခခ က အင်မတန်စပ်စပ်စုစုရှိသူလေးဆိုတော့ ပတ်ဝန်းကျင်အသစ် အတွေ့အကြုံအသစ်မှာ ခုန်ပေါက်မြူးတူးနေတာပါပဲ၊ ခခ ရောက်သွားတော့ ဦးမိုးကြီးတို့ အိမ်လေးရယ် လယ်ကွက်တွေရယ် တွေ့ရပါပြီ၊ ဦးမိုးကြီးက ပြောပြရှာတယ်၊ သူတို့ရဲ့သစ်လုံးအိမ်လေးအတွက် သစ်တွေကို မိုင်းပေါင်းများစွာဝေးတဲ့နေရာကနေ လှည်းကြီးနဲ့ တိုက်ပြီးသယ်ယူခဲ့တယ်တဲ့၊ အိမ်လေးက နံရံလေးဘက်ရှိတယ်၊ ကြမ်းပြင်ရှိမယ်၊ အိမ်ခေါင်မိုးရှိမယ်၊ အခန်းက အားလုံးပေါင်းမှ အဲဒီတစ်ခန်းထဲပဲရှိနေပါတယ်၊

♫ ဘာတွေများလိုအပ်လို့လည်း ♫ ဒီလောက်တောင်ဖြစ်ရတာ ♫

facebook က ချစ်ရတဲ့ညီမ “လင်း” တင်ထားတဲ့ သီချင်းလေးနဲ့ “လင်း” စုထားတဲ့ စစ်ပွဲတွေရဲ့ခုနှစ်စာသားတွေပါ ကြိုက်လို့ ပြန်ပြီး share လိုက်ပါတယ်၊
ဒီသီချင်း နားထောင်ပြီး ဒီသီချင်းထဲက စာသားတွေ ခဏခဏညည်းမိတယ်၊
♫ ဘာတွေများလိုအပ်လို့လည်း ♫ ဒီလောက်တောင်ဖြစ်ရတာ ♫



Monday, February 21, 2011

၎. ကဲ ... ယုံပြီလား


“ဖိုးပလံ၊ ဖိုးပလံ သားဘယ်မှာလဲဟေ့”

“--------------------”

“ဖိုးပလံ မေမေခေါ်တာကြားလား”
“-----”  “-----”

ဖိုးပလံ အခန်းထဲ အသာလေးပဲ ငြိမ်နေလိုက်တယ်။ နောက်တော့ မေမေက အခန်းထဲဝင်လာတော့တယ်၊
“အော၊ သားက ဒီမှာကိုး၊ ဘာတွေလုပ်နေလဲ သားလေးဖိုးပလံ”

မေမေက မေးလည်းမေးရင်း ဖိုးပလံရဲ့ရှေ့ကိုရောက်လာပါတယ်။
ဖိုးပလံက ကြမ်းပြင်ပေါ်မှာ ဖိုးပလံဖေဖေရဲ့ ပုဆိုးတစ်ထည်ဖြန့်ခင်းပြီး၊ သူ ငယ်ငယ်ကနားထောင်ခဲ့တဲ့ ကက်ဆက်လေးကို တစ်စစီဖွင့်နေတယ်၊ လက်ထဲမှာ ၀က်အူလှည့်တစ်ချောင်းကို ကိုင်လျှက်သား၊ ကက်ဆက်ရဲ့အဖုံးနှစ်ခုက ဘေးမှာ၊ အထဲက တိုလီမိုလီပစ္စည်းလေးတွေက ပြန့်ကျဲလို့နေတယ်၊ မေမေအနားရောက်လာတော့ ဖိုးပလံက ရယ်ကျဲကျဲနဲ့
“အော်ပရေးရှင်းဝင်နေတာမေမေ” လို့ ဖြေပါတယ်။
“ဟယ်”
မေမေ ဘာမှ ဆက်မပြောနိုင်တော့ဘူး။ နောက်တော့ အဲဒီပစ္စည်းအစုအပုံတွေကို ဖေဖေ့ပုဆိုးနဲ့ပဲ ထုပ်ပိုးပြီး ကက်ဆက်ပြင်တဲ့ဆိုင်ကို ဖေဖေ ယူသွားရတော့တယ်။

Thursday, February 17, 2011

Bertie Higgins - "Casablanca" Tour Promo



သီချင်းတွေပဲ နားထောင်နေမိတော့တာပဲ၊
မနဲ့မောင် မူရင်းသီချင်းနားထောင်ချင်လို့ ရှာတာ၊ အစ်မတွေငယ်ငယ်ကဆိုကြတာ စာသားတစ်ပိုင်းတစ်စတွေပဲ မှတ်မိတော့ ရှာလို့ မရဘူး၊ သိတဲ့ သူငယ်ချင်းတွေပြောပြသွားပေးရင် သိပ်ကျေးဇူးတင်မိမှာ၊ တကယ်ကြီး

Sade Live - Smooth Operator



♫ A license to love, insurance to hold
Melts all your memories and change into gold
His eyes are like angels, his heart is cold ♫

Monday, February 14, 2011

ရှေးဟောင်းအီဂျစ်ကမ္ဘာထဲမှာ

အီဂျစ် ...  အာရပ်ကမ္ဘာရဲ့ အကျော်ကြားဆုံးတိုင်းပြည်ကြီးမှာ ကြီးမားတဲ့ လူထုအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပါပြီ။ ၂၀၁၁ဇန်န၀ါရီလမှာ ဖြစ်ပွားခဲ့တဲ့ တူးနီးရှားနိုင်ငံရဲ့တော်လှန်ရေးဟာ သမ္မတဟိုစနီမူဘာရက်ရဲ့ အာဏာဆုပ်ကိုင်လမ်းစဉ်ကြီးကြောင့် တငွေ့ငွေ့လောင်ကျွမ်းခဲ့တဲ့ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဖေါက်ခွဲပစ်လိုက်ဖို့ စတင်လိုက်တဲ့မီးစလိုပဲ၊ ၁၈ရက်ကြာ ဒေါသတကြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးတဲ့အခါ သမ္မတမူဘာရက်ဟာ အာဏာတွေအားလုံးကို အီဂျစ်စစ်တပ်ကို လွှဲပြောင်းပေးလိုက်ရတယ်။ သူ့ရဲ့ နှစ်၃၀ကြာမွေးမြူခဲ့တဲ့ အော်တိုကရက်တစ် သက်ဦးဆံပိုင်လမ်းစဉ်ကြီးကို အဆုံးသတ်လိုက်ပါတယ်။ သမိုင်းဝင်သွားတော့မယ့် လူထုအုံကြွမှုကြီးကို သူဦးညွှတ်လိုက်ရပါပြီ။
နိုင်ငံတစ်နိုင်ငံမှာ တော်လှန်ရေးတစ်ခုဖြစ်လိုက်တိုင်း အဲဒီတော်လှန်ရေးကို သဘောတူသူ၊ ဆန့်ကျင်သူတွေဆိုတာပေါ်လာတတ်စမြဲပါပဲ။ မူဘာရက်ကိုဆန့်ကျင်သူတွေ လမ်းမတွေပေါ်မှာ ထောင်သောင်းမက ပြည့်နှက်နေကြပါစေ၊ မူဘာရက်အတွက် မျက်ရည်ကျလိုသူတွေ ရှိကြပြန်တယ်။ အထူးသဖြင့် ဒဏ္ဍာရီသမိုင်းတွေပြည့်နှက်နေတဲ့ အီဂျစ်နိုင်ငံကြီးမှာ မှီတင်းပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင် အလုပ်ဖြစ်နေကြတဲ့ ခရီးသွားအေဂျင်စီတွေက ဘာအပြောင်းအလဲကိုမှ သူတို့စိတ်မ၀င်စားကြဘူး၊ လတ်တလောဖြစ်လာတဲ့ ဆူပူအုံကြွမှုတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေလျော့ကျကုန်မယ်၊ ဒါကိုပဲ သူတို့ပူပင်ကြတယ်။ ခရီးသွားလုပ်ငန်းဟာ
အီဂျစ်နိုင်ငံစီးပွားရေးကို အဓိကအထောက်အပံ့ပေးနေတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်နေပါတယ်။ ၂၀၀၈ခုနှစ်မှာဆိုရင် ကမ္ဘာလှည့်ခရီးသည် ၁၂.၈သန်းကျော် လာရောက်ခဲ့ကြတယ်။ ဒေါ်လာ၁၁ဘီလီယံလောက်အထိ တိုင်းပြည်ဘဏ္ဍာ ရှာဖွေပေးနိုင်ခဲ့ကြတယ်၊ မူဘာရက်ကလည်း သူ ဘာကိုမှ ချုပ်ကိုင်မထားဘူး။ သူဦးတည်တာ အီဂျစ်နိုင်ငံရဲ့စီးပွားရေးအတွက်ပဲ၊ ဆန့်ကျင်သူတွေက သူတို့လုပ်သင့်တာထက်ကျော်လွန်ပြီး လုပ်နေကြတာပဲ။ သူတို့အားလုံးလုပ်နိုင်ပါတယ်။ သူတို့မှာ သတင်းစာတွေရှိတယ်၊ အဲဒီသတင်းစာတွေကနေ အစိုးရမကောင်းကြောင်းကို နေ့တိုင်းအပြစ်တင်နေကြတာပဲ လို့ ဆိုတယ်။ ခရီးသွားလုပ်ငန်းကနေ အီဂျစ်နိုင်ငံရဲ့ လုပ်အား ၁၂ရာခိုင်နှုန်းခန့်တာဝန်ယူထားနိုင်ပါတယ်။
အီဂျစ်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနဲ့ ဥရောပဒေသက လူတွေအတွက် အရေးပါတဲ့ဒေသတစ်ခုပါ။ ၁၉ရာစုအစောပိုင်းကာလ ပြင်သစ်အင်ပါယာစစ်သူကြီးနပိုလီယံက အီဂျစ်နိုင်ငံကိုကျူးကျော်မှုနဲ့အတူ ရှေးဟောင်းအီဂျစ်သမိုင်း၊ ဘာသာစကား၊ စာပေ၊ ဘာသာတရားနဲ့ အနုပညာတွေကို စိတ်ဝင်စားလာခဲ့ကြတယ်၊ အဲဒီခေတ်မှာတောင် ခရီးသွားလုပ်ငန်းတွေ လှုပ်လှုပ်ရွရွဖြစ်အောင် အထူးဆွဲဆောင် နိုင်ခဲ့ကြတယ်။ ဒီနေ့ခေတ်အထိလည်း ခရီးသွားလုပ်ငန်းဟာ အီဂျစ်စီးပွားရေးရဲ့ အရေးကြီးတဲ့ပင်မတိုင်လုံးကြီးအဖြစ် ရပ်တည်နေပါတယ်။ မူဘာရက်အစိုးရရဲ့ထောက်ပံ့အားပေးမှုတွေလည်းရရှိခဲ့ကြတယ်။

အီဂျစ်နိုင်ငံဆိုလိုက်တာနဲ့ မံမီရုပ်အလောင်းကြီးတွေ၊ ထူးခြားဆန်းပြားလှတဲ့ ပိရမစ်တွေနဲ့ စဖင့်ရုပ်တုကြီးတွေဟာ လူတိုင်းရဲ့မျက်လုံးထဲ မြင်ယောင်မိကြတာပါပဲ။ ရှေးဟောင်းအီဂျစ်နိုင်ငံကြီးနဲ့ အီဂျစ်နတ်ဘုရားတွေရဲ့ ဒဏ္ဍာရီသမိုင်းတွေက ဒီနေ့အထိ ဘယ်တော့မှ ရိုးမသွားတဲ့ အိပ်ရာဝင်ပုံပြင်တွေပါ။

အဲဒီအိပ်ရာဝင်ပုံပြင်တွေကို ပြန်ပြီး အစဖေါ်ကြည့်ရရင်လည်း ဘယ်အချိန်မဆို စိတ်ဝင်စားစရာကောင်းနေဆဲပါပဲ၊ အဲဒီလိုနဲ့ပဲ အီဂျစ်ဒဏ္ဍာရီထဲကို ပြန်သွားကြည့်တဲ့အခါ ...
  • ရှေးအီဂျစ်လူမျိုးတစ်ဦးရဲ့ ဘဝ
ရှေးဟောင်းအီဂျစ်ကမ္ဘာထဲကသူတို့ရဲ့ နေ့စဉ်ဘ၀ဟာ နိုင်းမြစ်ကြီးနဲ့ မြေဆီမြေနှစ်ကြွယ်ဝလှတဲ့ နိုင်းမြစ်ကမ်းဝန်းကျင်မှာပဲ လူးလားခေါက်ပြန်လှုပ်ရှားရုန်းကန်ကြပါတယ်။
နှစ်စဉ်မြစ်ရေလျှံခြင်းကြောင့် မြေဆီမြေသားကောင်းမွန်လှပြီး သီးနှံကုန်ပစ္စည်းရိတ်သိမ်းနိုင်တယ်။ချမ်းသာကြွယ်ဝခြင်းကိုယူဆောင်လာတယ်လို့ဆိုတယ်။
ရှေးဟောင်းအီဂျစ်တိုင်းပြည်မှာ မြို့၊ ရွာတွေက အိမ်တွေမှာ ရွှံ့ခဲတွေနဲ့ပဲ ဆောက်လုပ်ခဲ့ကြတယ်။ သူတို့အတွက် အစားအစာကို ကိုယ်တိုင်ပဲစိုက်ပျိုးကြတယ်။ သူတို့ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကိုသာ ကုန်သွယ်ကြပါတယ်။ ရှေးအီဂျစ်လူမျိုးတို့ဟာ လက်လုပ်လက်စား၊ လယ်သမား၊ လက်မှုပညာသည်နဲ့ အီဂျစ်ကျောက်စာရေး/ဖတ်သူတွေအဖြစ် အသက်မွေးကြတယ်။ရှးအီဂျစ်စာကူးစာရေး(Scribe) တွေအဖြစ်အသက်မွေးကြသူတွေရဲ့တာဝန်ဟာ နတ်ကွန်းတွေနဲ့ သချိုင်းဂူတွေမှာရှိနေကြတဲ့ ရုပ်ပုံတွေနဲ့ သရုပ်ဖော်ရေးသားတဲ့ အီဂျစ်ရှေးဟောင်း လက်ရေးစာလုံး (ဟိုင်ရိုအိုဂလပ်ဖစ်ခ်-hieroglyphicစာလုံး)တွေကို ရေးနိုင်၊ ဖတ်နိုင်ကြရတယ်။ အစိုးရမှတ်တမ်းတွေအတွက်ထိမ်းသိမ်းရတယ်၊ ဖဲရိုးဘုရင်အတွက်စာလွှာတွေရေးပေးရပါတယ်။ လူနည်းစုကသာ မြင့်မြတ်တဲ့သူကြွယ်တွေဖြစ်ကြတယ်။

အီဂျစ်သူကြွယ်မိသားစုဝင်တစ်ဦး နဲ့ လယ်သမားမိသားစုဝင်တစ်ဦးရဲ့ ဘ၀တွေမှာ ...
  • အီဂျစ်သူကြွယ်တစ်ဦးဟာ တောက်ပတဲ့ မနက်ခင်းမှာ အင်မတန်နူးညံ့ကောင်းမွန်တဲ့ လီနင်လျှော်ချည်သားအိပ်ရာခင်းစကိုလှပ်ပြီး နိုးထတယ်။
  • လယ်သမားတစ်ဦးဟာ ဇနီးသည်ကိုယ်တိုင်ယက်လုပ်ထားတဲ့ ကြမ်းရှတဲ့လျှော်သားစောင်ကို လှပ်ပြီး နိုးထပါတယ်။
  • သူကြွယ်က သူ့အ၀တ်တွေထည့်ထားတဲ့ ဗီရိုကိုတွေ့မယ်။ ဇနီးသည်ရဲ့ မျက်နှာခြေပေါင်ဒါအလှပြင်ပစ္စည်းသေတ္တာနဲ့ ညနေခင်းတွေမှာ အသုံးပြုနိုင်တဲ့ မီးအိမ်ကို သူတွေ့ရပါမယ်။
  • လယ်သမားက မျက်လုံးဖွင့်လိုက်တဲ့အခါ အခန်းပတ်လည်ကိုကြည့်မယ်၊ သူရဲ့အ၀တ်တွေထားတဲ့စင်ရယ် ခြင်းတစ်ခြင်းရယ်ပဲတွေ့မယ်။
  • သူကြွယ်ရဲ့ အိပ်ရာထအတွေးတွေကို အခန်းထဲဝင်လာတဲ့ အစေခံတွေက နှောင့်ယှက်ကြမယ်။အစေခံတွေက သန့်ရှင်းရေးနဲ့ မုတ်ဆိတ်ရိတ်သင်ဖို့ ကူညီကြတယ်။ နူးနူးညံ့ညံ့လီနင်သား ဒူးဖုံးသက္ကလပ်ခါးစည်းကုတ်ကြီးကို ၀တ်မယ်။ သားရေဖိနပ်ပါးကို စီးမယ်။
  • လယ်သမားက အိပ်ရာထဲကလူးလဲထ ကိုယ်လက်သန့်စင်ပြီး မုတ်ဆိတ်ရိတ်တယ်။ လီနင်စကြမ်းကြမ်းခါးစည်းကုတ်ကိုဝတ်မယ်။ ကျူရိုးနဲ့လုပ်ထားတဲ့ ဖိနပ်ပါးကိုစီးပါတယ်။
  • သူကြွယ်ဇနီးသည်အိပ်ရာထလာတဲ့အခါ တခြားအစေခံတွေရဲ့ အကူအညီနဲ့ ကိုယ်လန့်သန့်စင်ဆေးကြောတယ်။ အ၀တ်အစားဝတ်ပါတယ်။ လီနင်သားကောင်းကောင်း ၀တ်စုံကိုဝတ်တယ်၊ ဖန်လက်ဝတ်လက်စားတွေဝတ်ပါတယ်။ မျက်ခွံတွေကို ခိုးလ်ကာခြယ်အမဲရောင်တွေ လိမ်းခြယ်ပါတယ်။
  • လယ်သမားဇနီးသည်နိုးနှင့်နေပါပြီ။ မနက်စောစောအလင်းရောင် မှုန်ပျပျနဲ့အတူ မျက်နှာသစ်ဆေးကြောသန့်စင်ပြီးလို့ အ၀တ်အစားလဲ ပြီးနှင့်ပြီ။ ကလေးတွေအခန်းကို သွားပြီး နှိုးပါမယ်၊ ပြီးတော့ တစ်နေ့တာအိမ်မှုကိစ္စတွေစတော့တာပဲ၊ အ၀တ်အစားက လီနင်သား ကြမ်းကြမ်းကြီးပဲပေါ့၊ လက်ဝတ်ရတနာက ကလေးသူငယ်မွေးဖွားခြင်း၊ မျိုးအောင်ခြင်းကိုစောင့်ရှောက်တဲ့ တာဝါရက်ထ်နတ်သမီး အဆောင်ကို ပါပိုင်းရက်စ်ပင် (အီဂျစ်ရိုးရာရေစပ်စပ်မှာပေါက်တဲ့အပင်) အပိုင်းတစ်ပိုင်းကြိုးလိုကျစ်ပြီးလည်ပင်းမှာဆွဲထားပါတယ်။
  • သူကြွယ်နဲ့ သူ့ဇနီးတို့ဟာ ပေါင်မုန့်နဲ့ သစ်သီးနည်းနည်းပဲ စားသုံးကြတယ်။ ကူရှင်ပေါ်မှာထိုင်မယ်၊။ပြီးတော့ စားပွဲနိမ့်နိမ့်လေးနဲ့စားကြပါတယ်။
  • လယ်သမား၊ ဇနီးနဲ့ ကလေးငယ်တွေကခုံတန်းပေါ်မှာထိုင်ပြီး ကျူရိုးနဲ့ယက်ထားတဲ့အောက်ခံပြားပေါ်မှာ ပေါင်မုန့်နဲ့ အသီးအနှံနည်းနည်းလေးပဲ စားကြတယ်။
  • ပြီးတော့ သူကြွယ်ကြီးက သူ့လယ်မြေတွေက ကြီးကြပ်ရေးမှူးတွေနဲ့ တွေ့ဆုံဖို့ သွားပါတယ်။
  • သူကြွယ်ဇနီးက ခမ်းနားတဲ့ညနေစာတည်ခင်းဖို့အတွက် ကြီးကြပ်ပြင်ဆင်ပါတယ်။ ကလေးငယ်တွေ အ၀တ်အစားဝတ်ဆင်၊ စားသောက်၊ ပြီးတော့ မိခင်ဆီကိုခေါ်သွားပေးဖို့ အစေခံတွေက လုပ်ဆောင်ပေးတယ်။
  • လယ်သမားက အိမ်အနီးမှာရှိတဲ့ လယ်ထဲကို အလုပ်လုပ်ဖို့သွားတယ်။ ဇနီးသည်က ချက်ပြုတ်ဖို့ မီးမွှေးမယ်၊ ပြီးတော့ ပေါင်မုန့်လုပ်ဖို့ ဂျုံကြိတ်ပါတယ်။
  • သူကြွယ်ရဲ့ လယ်ယာကိုကြီးကြပ်သူတွေက ဒီနှစ်အတွက်လယ်ယာက ရိတ်သိမ်းထားမှု အခြေအနေကိုပြောပြတယ်၊ သူကြွယ်အားရ၀မ်းသာဖြစ်မယ်။ နေ့လည်စာအတွက် အသား၊ ပေါင်မုန့်နဲ့ ဘီယာတွေဝေငှ စားသောက်ကြမယ်။
  • လယ်သမားအတွက်ကတော့ သိပ်ကောင်းတဲ့နှစ်တနှစ်ပါပဲ။ သူအများကြီးပဲ ရိတ်သိမ်းနိုင်ခဲ့မယ်။ ပြီးတော့ သူ့လယ်မြေကရတဲ့အသီးအနှံ၊ ဂျုံ၊ စသည် နတ်ကွန်းမှာအသုံးပြုဖို့၊ ပေးဖို့ ယူသွားပါဦးမယ်။ ခြင်းတွေအများကြီးနဲ့အပြည့် သီးနှံ၊ ဂျုံ၊ ယာထွက်ပစ္စည်းတွေ ထည့်မယ်။ မြည်းနှစ်ကောင်အပြည့်တင်ပြီး သူ့ရဲ့လယ်ကအလုပ်သမားနှစ်ဦးနဲ့အတူ နတ်ကွန်းကို သွားပါတယ်။ ပြန်လာတော့ နေ့လည်စာကို အသား၊ ပေါင်မုန့် နဲ့ ဘီယာဝေမျှစားကြပါမယ်။
  • နေ့လည်ခင်းပိုင်းမှာ သူကြွယ်ဇနီးဟာနေရောင်ခြည်ခံယူဖို့အတွက် ပန်ုးခြံထဲကိုသွားမယ်။ ကလေးတွေ ကစားစရာအရုပ်တွေနဲ့ ဆော့ကစားနေတာကိုကြည့်ရင်း အပင်တွေရဲ့ အရိပ်တွေကိုငေးရင်း ပျော်ရွှင်မြူးတူးနေမယ်။
  • လယ်သမားဇနီးကတော့ တစ်နေလုံးလိုလို ဂျုံကြိတ်၊ ဂျုံနှဲပြီးတော့ ပေါင်မုန့်ဖုတ်တယ်။ညနေစောင်းမှာတော့ မြစ်ဘေးမှာကလေးတွေနဲ့ လမ်းလျှောက်ရင်း ရေသယ်ကြပါတယ်။
  • သူကြွယ်ကြီးအိမ်ပြန်ရောက်လာတော့ ဒီနေ့ညနေခင်းတည်ခင်းတဲ့ စားပွဲသောက်ပွဲကြီးက အဆင်သင့်ဖြစ်နေပါပြီ။ သူကြွယ်နဲ့ဇနီးသည်တို့က ဖိတ်ထားတဲ့ ဧည့်သည်တွေကို နှုတ်ဆက်စကားဆိုပါတယ်။ ဧည့်သည်တွေရဲ့ အမွှေးနံ့သာ ဖယောင်းဆီမွှေးတွေနဲ့ ကြာပန်းခြင်းတွေကို အစေခံမိန်းကလေးတွေက ယူလာပေးပါတယ်။ သူတို့အားလုံး အကောင်းတကာ့ အကောင်းဆုံး အသားတွေ၊ ပေါင်မုန့်တွေ၊ ကိတ်မုန့်တွေ၊ ၀ိုင်၊ သဖန်းသီးတွေနဲ့ စွံပလွံသီးတွေ စားကြသောက်ကြပါတယ်၊ ဂီတပညာရှင်တွေနဲ့ ကချေသည်လေးတွေ သီဆို ကပြဖျော်ဖြေကြတယ်။ အစီအစဉ်ပြီးတော့ ဧည့်သည်တွေကိုနှုတ်ဆက်ပြီး အိပ်ရာဝင်ကြပါတယ်။
  • လယ်သမားဇနီးကတော့ ညနေစာအတွက် ပေါင်မုန့်၊ အသား နဲ့ ဘီယာနည်းနည်းပြင်ဆင်ပြီး ညစာနည်းနည်းပါးပါးပဲ မိသားစုတွေအတူတကွစားသောက်ကြပါတယ်။ အပြင်မှာမှောင်လာတဲ့အခါ လယ်သမားက မီးအိမ်လေးကိုဆီထည့် မီးညှိပါမယ်။ ကလေးတွေကို အိပ်ရာဝင်စေပြီး၊ မီးအိမ်လေးကို ငြှိမ်းပြီး အိပ်ရာဝင်ကြပါတယ်။
ဒီပုံပြင်လေးက ရှေးအီဂျစ်လူမျိုးတွေရဲ့ ဆင်းရဲ ချမ်းသာဘ၀တွေရဲ့နေထိုင်မှုပုံစံကို ဖေါ်ပြနေပါတယ်။

*********

Friday, February 11, 2011

သူညံ့လို့ပေါ့

ခရစ်တစ်ဆိုက်ဇင်းသဂါးဗားမန့် အဲ .. ဘရီးဒေး တဲ့
ပြောပုံကိုက :D

Wednesday, February 09, 2011

ဘလော့ဂ်တွေမှာ ကပ်တဲ့ MALWARE - Red Alert


ကိုအောင်ရဲ့ ဘလောဂ့်မှာရေးထားတဲ့  “ဘလော့အများအပြား မဲဝဲလ် ကူးစက်ဖြစ်ပွားမှု” ပိုစ့်ကိုတွေ့တာနဲ့ ကိုအောင်ပေးထားတဲ့ လင့်အတိုင်းသွားစစ်ကြည့်တော့ ပိုစ့် ၄၊ ၅ ခုလောက် malware ကိုက်နေတယ်တဲ့၊ အဲဒါနဲ့ အဲဒီပိုစ့်တွေဖြုတ်ထားလိုက်တယ်၊ comment လဲ ပိတ်ထားလိုက်ပါတယ်၊ ဘလောဂ့်သူငယ်ချင်းတွေမှာလည်း malware ရှိနေတာတွေ့တယ်၊
အခုလောလောဆယ် သူငယ်ချင်းတွေရဲ့ လင့်ကို ခဏဖြုတ်ထားပါတယ်၊ ပြီးရင် တစ်ခုချင်းပြန်ထည့်ပါ့မယ်၊
သူငယ်ချင်းများ စိတ်မကွက်စေလိုပါ၊ ကိုအောင့်ပိုစ့်မှာ သွားဖတ်ပြီး ကိုယ့်ဘလောဂ့်လေးတွေ ပြန်စစ်ဖို့လည်း အကြံပြုချင်ပါတယ်။

ကိုယ့်ရဲ့ဘလောဂ့်ကို စစ်ရမယ့်နေရာက ဒီမှာပါ http://sitecheck.sucuri.net/scanner/
သူငယ်ချင်းများအားလုံး (malware ကင်းစင်) ပျော်ရွှင်ချမ်းမြေ့ပါစေ။

ကိုလင်းထက်ရဲ့ပိုစ့်တွေမှာ ဒီလိုရေးထားပါတယ်။
Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်း
http://www.linhtet.net/2011/02/reported-attack-page.html

Blogspot နှင့် ဘလော့ဂင်းနေသူများ သို့ အထူးသတိပေးချက်
http://www.linhtet.net/2011/02/blogspot.html

Monday, February 07, 2011

အီဂျစ်ရဲ့ ယနေ့  စဖင့်ရုပ်ကြီးများ

အာဖရိက တိုက်ရဲ့  နာမည်ကျော် နိုင်းလ်မြစ်ကြီး စီးဆင်းရာ   အီဂျစ်နိုင်ငံဟာ ကမ္ဘာ့ အံ့ချည်းဖွယ် အဆောက်အဦးကြီးများဖြစ်တဲ့  ပီးရမစ် သချိုင်းဂူများနဲ့  စဖင့်ရုပ်ကြီးများ ဝေေ၀ဆာဆာတည်ရှိရာ အရပ်ဒေသ ဖြစ်ပါတယ်။
အီဂျစ်လူမျိုးစစ်စစ်များဟာ ဘီစီ ၁၄၀၀လောက့်မှာ ကတည်းက   အီဂျစ်နိုင်ငံကိုတည်တန့် အောင်  ထိမ်းသိမ်းမထားနိုင်ခဲ့ ကြပါဘူး။ အီဂျစ်ဘုရင် မာယာရှင်လို့  ကမ္ဘာမှာ ကျော်ကြားခဲ့ သူ ကလီယိုပါထရာ ဘုရင်မဟာလဲ တကယ်တော့ အီဂျစ်လူမျိုးမဟုတ်ဘဲ ခေါမ ၊ သို့ မဟုတ် ဂရိ ( မက်ဆီဒိုးနီးယဲန် )လူမျိုးလို့ သမိုင်းက ဆိုပါတယ်။

Sunday, February 06, 2011

လွတ်လပ်ဘိုဟီးမီးရန်းနဲ့ ကျဉ်းမြောင်းစကာဒါးလီရာ

(သို့မဟုတ်)
ဒီနေရာမှာလေ .. ၁၉ရာစုကပေါ့

စကားဒါးလီရာလမ်းထဲကို ဒီတစ်ခေါက်ရောက်တော့ လမ်းထဲကသစ်ပင်တွေမှာ သစ်ရွက်တွေက ရှိမနေကြတော့ပါ။ အရိုးပြိုင်းပြိုင်း အရိုင်းဆန်ဆန်ဟိုသည် တစ်ပင်စီ၊ ဆောင်းတွင်းနှင်းစက်တွေ ခဏနားနေတဲ့အချိန် ခပ်ဖွဲဖွဲရွာချထားတဲ့မိုးကြောင့် စကားဒါးလီရာလမ်းကျဉ်းလေးက ကျောက်ခဲလုံးတွေ ချောပြောင်နေကြတယ်။ မီးရောင်တွေက မလင်းလွန်း၊ မမှောင်လွန်း၊ ၁၉ရာစုက အနုပညာရှင်တွေလမ်းသလားခဲ့ကြတဲ့ လမ်းကျဉ်းလေးမှာတော့ အခု လူမျိုးစုံ ဖြတ်သန်းသွားနေကြပြီ။ ဒီလူတွေထဲမှာ ၁၉ရာစုကလို ကဗျာဆရာ၊ ပန်းချီဆရာ၊ ကချေသည်ဘယ်နှစ်ယောက်များပါနေမလဲ။ ဖြစ်နိုင်တာက ဒီလူတွေထဲ ကွန်ပျူတာပညာရှင်တွေ၊ ဘဏ်တွေထဲက ပြေးပြေးလွှားလွှား လှုပ်လှုပ်ရှားရှားငွေစက္ကူရွက်တွေ .. ထိမ်းကျောင်းကိုင်တွယ်နေကြတဲ့သူတွေသာ ပိုပြီးများနေနိုင်တာပါပဲ။ တစ်ချို့ဆို ဒီလမ်းလေးရဲ့သမိုင်းဟာ သူတို့အတွက်ဘာမှမထူးခြားသလိုပဲ၊ စိတ်ဝင်တစားရှိမနေကြတော့ဘူး၊
လမ်းကျဉ်းလေးရဲ့ ပထမဆုံး စားသောက်ဆိုင်ရှေ့ခုံတမ်းလေးမှာ တော့ လူငယ်တစ်ယောက် ဆိတ်ငြိမ်စွာထိုင်ရင်း ငေးမောနေတယ်။ ကျုပ်မေးကြည့်တယ်။ “ကျုပ်ကိုသိရဲ့လား၊ သိတယ်မဟုတ်လား၊ ဂျူရာလေ၊ ဂျူရာရာ့ခ်ရှစ်ခ်ျ” လူငယ်လေးက ငေးကြောင်ပြီးကြည့်နေတယ်။ စိတ်ကုန်လိုက်တာ .. ကျုပ် ပြေးထွက်လာလိုက်တယ်။

Saturday, February 05, 2011

၂. စုန်းဖြူ စုန်းမဲ တစ်ကောင်ထဲ

မော်စီတို့ ကားနီလေးအဂေးပြေးလမ်းကြောင်းအတိုင်း မောင်းလာကြပါတယ်၊ မော်စီ့မေမေ အန်တီကြွေကမောင်းတယ်၊ မော်စီ့ဖေဖေက ဘေးက၊ မော်စီရယ် ဖိုးပလံရယ်က နောက်မှာထိုင်ကြတယ်၊ ကားနောက်ခန်းထဲမှာ ကီးနိုကို ဂွမ်းစောင်ထူပွပွကြီးနဲ့ ကျစ်နေအောင် ထုပ်ပိုးထားပါတယ်၊ ချာချာကိုတော့ ကတ်ဘူးသေးသေးနဲ့ပဲ ထုတ်ထားတယ်၊ ချာချာသေသွားတာ တစ်ပတ်လောက်ရှိပြီ၊ မော်စီတို့ ရွာမှာရှိတဲ့ ခြံထဲမှာမြှပ်ကြမယ်တဲ့၊ ချာချာ သေသေချင်းသူတို့ မအားလို့ မသွားနိုင်ကြသေးဘူး၊ ဒါနဲ့ ပလစ်စတစ်ဗူးနဲ့ လုံအောင်ထုပ်ပြီး freezer ထဲမှာ သိမ်းထားခဲ့ကြတယ်၊ နောက်တော့ ကီးနိုလေးပါ သေပြန်တယ်၊ ခွေးမလေးကီးနိုကို ဆေးခန်းက ပြန်ခေါ်လာပြီး လမ်းမှာပဲ ကားပေါ်မှာ သေသွားတယ်လို့ မော်စီကပြောပြတယ်၊ ရွာကအိမ်ကိုချက်ခြင်းပဲသွားကြဖို့ ပြင်နေတုန်း ဖိုးပလံ မော်စီတို့အိမ် ရောက်သွားပါတယ်၊ မော်စီဆို မျက်နှာက မပြုံးနိုင်ဘူး၊ တော်တော်စိတ်မကောင်းဖြစ်နေပုံပဲ၊ ဖိုးပလံလည်းလိုက်ချင်တာနဲ့ ဖေဖေနဲ့ မေမေကို စိတ်မပူဖို့ ဖုန်းလှမ်းဆက်တယ်၊ အမြဲ စိတ်အေးလက်အေးရှိတတ်တဲ့ မေမေက မော်စီတို့နဲ့ သွားမယ်ဆိုတာနဲ့ စိတ်ချတယ်၊ “အေး အေး ဘုရားကန်တော့၊ ဂရုစိုက်သွားပါ” လို့ပဲမှာတယ်၊ ဖေဖေကတော့ သေသေချာချာမေးနေတာပဲ၊ ညအိပ်သွားမယ်ဆိုတော့ မလွှတ်ချင်ဘူး၊ မေမေ က ဘေးကနေပြောပါလိမ့်မယ်၊ နောက်တော့ ဖေဖေက “ပြီးရောကွာ .. သိပ်မဆော့နဲ့” လို့ပြောတယ်၊ ပြီးတော့ ခွင့်ပြုလိုက်တာပါပဲ။

Friday, February 04, 2011

၁. ရွှေရောင်သော့တစ်ချောင်းနဲ့ ဖွင့်ရတဲ့ကမ္ဘာ

ဖိုးပလံ ဒီနေ့ အိပ်ရာနိုးလာကတည်းက ဘာကိုပျော်မှန်းမသိ၊ စိတ်ထဲမှာ မွစိမွစိနဲ့ မြူးနေပါတယ်၊ ညကအိပ်မက်ထဲမှာ ရွှေရောင်တ၀င်းဝင်း သော့တစ်ချောင်းကို ဖိုးပလံလက်မှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်တဲ့၊ အဲဒီရွှေရောင်သော့ကို ဘယ်မှာဖွင့်ရမှန်းတော့မသိဘူး၊ လှလိုက်တဲ့သော့လေးပဲ၊ ဖိုးပလံရဲ့ လက်ဖ၀ါးနှစ်ပြန်စာလောက်ရှိတယ်၊ အဲဒီသော့လေးကို မျက်စိထဲက မထွက်ဘူး၊ မျက်လုံးဖွင့်လိုက်ကတည်းက ရွှေရောင်ဝင်းပြောင်ပြောင်တွေပဲ မြင်နေမိတော့တယ်၊ ပြတင်းပေါက်က ခုန်ဝင်လာတဲ့နေရောင်နွေးနွေးက ရွှေရောင်တလက်လက်ထနေတယ်၊ ပြတင်းကနေမြင်နေရတဲ့ မာကလာပင်က သစ်ရွက်စိမ်းတွေတောင် ရွှေရောင်တွေဖြာနေကြတယ်၊ ဖိုးပလံရဲ့ သံပတ်နာရီလေးက “ဖိုးပလံ ထတော့၊ ဖိုးပလံထတော့” လို့ နှိုးနေပြီ၊ မနက် ၇နာရီ တိတိ၊ ဒီအပြာရောင်နာရီလေးက ဘောလုံးလေးတစ်လုံးလိုပဲ၊ လုံးလုံးဝိုင်းဝိုင်းလေး၊ ဖိုးပလံ ၉နှစ်ပြည့်မွေးနေ့တုန်းက မေမေ မေထားရီ က ဒီနာရီလေး လက်ဆောင်ပေးခဲ့တာပါ၊ ကိုယ်လိုချင်တဲ့ အသံတွေ အသံဖမ်းထားပြီး နှိုးစက်သံအတွက် ပြန်ပြီးသုံးလို့ရတယ်၊ မေမေက သူကိုယ်တိုင်ပဲ “ဖိုးပလံထတော့ ဖိုးပလံထတော့” လို့ အသံသွင်းပြီး၊ မေမေ့အသံကို ငှက်သံအသံစာစာလေးစတိုင် ပြောင်းပစ်လိုက်တယ်၊ ပြီးတော့ နှိုးစက်အသံမှာ မေမေ့ရဲ့ အသံဖိုင်ကို ရွေးပေးလိုက်တယ်၊ ဒါနဲ့ပဲ နှိုးစက်နာရီလေးက မနက်တိုင်း ပိကျိ ပိကျိ အသံလေးနဲ့ နှိုးတော့တယ်၊ ခခ ကလည်း သိပ်ပြီးသဘောကျတာပဲ။

Thursday, February 03, 2011

ဖိုးပလံ နှင့် ထူးထွေဆန်းရာ သည်ကမ္ဘာ

နိဒါန်း
“ဖိုးပလံ ရဲ့ သည်ကမ္ဘာ” ဟာ ထူးထွေဆန်းပြား နတ်သမီးပုံပြင်တွေစိတ်ဝင်စားတဲ့ ကလေးငယ်တွေ၊ စိတ်ဖိစီးမှုတွေလျှော့ချလိုတဲ့ လူကြီးတွေအတွက်နဲ့ fantasy Story လေးတွေစိတ်ဝင်စားတဲ့ အသက်အရွယ်မျိုးစုံ လူငယ်လူကြီးလေးတွေအတွက် ရည်ရွယ်ပါတယ်၊ နတ်သမီးပုံပြင် (Fairy Tale) နဲ့ ထူးခြားဆန်းပြားမှော်ပုံဝတ္ထု(Fantasy Story) တွေကို နိုင်ငံတိုင်းက မိဘတိုင်းဟာ သူတို့ရဲ့ကလေးငယ်တွေကို ညအိပ်ရာဝင်ချိန်မှာ ပြောပြတတ်ကြတယ်၊ ဇာတ်လမ်းဇာတ်ကွက်အထားအသို၊ မှော်အတတ်ပညာအလှည့်အပြောင်း၊ ရိုးရာဓလေ့ဆိုင်ရာ အယူအဆ အတိမ်းအစောင်းလေးတွေရှိနေကြပေမဲ့ အဲဒီပုံဝတ္ထုလေးတွေအားလုံးဟာ တမျိုးစီ တစ်ပုံစီ၊ တစ်ပုဒ်ဆီ အကုန်လုံးပဲ နားထောင်ချင်စဖွယ်၊ ဖတ်ချင်စဖွယ် ချစ်စရာကောင်းလှပါတယ်၊ ပုံပြောသူတစ်ဦးချင်းဆီမှာ မူတည်ပြီး ဒုတိယကမ္ဘာတစ်ခုကို ဖန်တီးလိုက်တာပါ၊ အဲဒီကမ္ဘာမှာ သူတို့နဲ့ သက်ဆိုင်တဲ့ ဥပဒေသရှိနေကြတယ်၊ ဒါကြောင့်ပဲ အဖြစ်အပျက်အမှန်တွေလို ယုံကြည်လာစေတယ်၊ စိတ်ဝင်စားဖို့ကောင်းလှတယ်၊ မှော်ဝတ္ထုတွေထဲက နတ်သမီးတိုင်းပြည် ဆိုတာဟာ အန္ထရာယ်ထူပြောလှတဲ့ နယ်မြေဖြစ်တယ်၊ အဲ့ဒီနယ်မြေတွေမှာ ဂရုမပြုတဲ့သူတွေအတွက် ထောင်ချောက်တွေရှိတယ်၊ မိုက်ရူးရဲဆန်တဲ့သူတွေအတွက်တော့ ပြန်လမ်းမရှိတဲ့နေရာဖြစ်သွားနိုင်သေးတယ်၊

“နတ်သမီးပုံပြင်ဆိုတာ ဘာလဲ၊ ဘယ်လိုဖြစ်သင့်သလဲ၊ ဆိုတဲ့ မေးခွန်းတွေအတွက် ပြောရရင်တော့ နတ်သမီးတွေ၊ မှင်စာလေးတွေ၊ ကျပ်တစ္စေလေးတွေရဲ့အဓိပ္ပါယ်၊ သူတို့လေးတွေရဲ့သမိုင်းကြောင်း၊ အကျိုးအကြောင်းဖော်ပြီးရှင်းပြနေဖို့ အဓိကမကျပါဘူး၊ ဒါပေမဲ့ နတ်သမီးလေးတွေရဲ့သဘာဝတရား၊ နတ်သမီးနယ်မြေဟာ အန္တရာယ်ထူပြောတယ်၊ အဲဒါတွေကိုပြောပြသွားရမယ်၊ အဲဒီနတ်သမီးနယ်မြေမှာ တိုက်ခတ်နေတဲ့လေလိုပဲ၊ လေမွှေ့ရမ်းတိုက်ခတ်သလို အားလုံးကို ပြောပြရင်းနဲ့ စာဖတ်သူတွေရဲ့စိတ်အလျဉ်ကို ပုံဝတ္ထုတစ်ပုဒ် အစကအဆုံးဆွဲခေါ်သွားနိုင်ရမယ်၊ ကျွန်တော်က အဓိပ္ပါယ်သတ်မှတ်ဖို့ ကြိုးစားမှာမဟုတ်သလို၊ တဲ့တိုးပြောချလိုက်မှာလည်းမဟုတ်ဘူး၊ နတ်သမီးပုံပြင်ကို စကားလုံးတွေနဲ့ဖမ်းဆီးချုပ်နှောင်ပြလို့မရဘူး၊ အဲဒီလို ဖော်ပြခြင်းငှာမစွမ်းသာအောင်ရှိနေတာကိုကပဲ နတ်သမီးပုံဝတ္ထုတွေရဲ့အစွမ်းအစပါပဲ၊ သူ့မှာ ပါဝင်ပစ္စည်း အဆာပလာတွေအများကြီးပါတယ်၊ ဒါပေမဲ့ လှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိဖို့ အဲဒီများပြားလှတဲ့ပါဝင်ပစ္စည်းတွေ ထည့်သုံးဦးတော့ မလုံလောက်ပါဘူး၊ ကျွန်တော်ပြောချင်တာက နတ်သမီးပုံဝတ္ထုတွေဆိုတာဟာ နတ်သမီးတွေနဲ့ မှော်ပညာရှင်တွေကို အသုံးပြုတယ်၊ သူတို့ရဲ့ ဦးတည်ချက်က ရွှင်မြူးဖွယ်ရာ၊ စွန့်စားခန်း၊ ကိုယ်ကျင့်တရားနဲ့ ထူးခြားဆန်းပြားမှော်ပညာဆန်း စသည် ဘာကိုပဲဖြစ်နေပါစေ” လို့ The Lord of the Rings ဖန်တီးရှင် J.R.R Toiken က On Fairy Stories အက်ဆေးမှာ ရေးထားပါတယ်၊

အဲဒီပုံဝတ္ထုတွေရဲ့ဇာတ်သိမ်းခန်းဟာ သာမာန်ထက်ထူးကဲတဲ့ဇာတ်သိမ်းမျိုးနဲ့ အဆုံးသတ်နိုင်ပါတယ် ဒါပေမဲ့ မတရားမှု၊ အလွမ်း ဇာတ်သိမ်းမျိုးတွေ မဖြစ်သင့်ပါဘူး၊ နတ်သမီးပုံပြင်ကောင်းတစ်ပုဒ်ဟာ အပိုင်း သုံးပိုင်းရှိကြမယ်၊ ပထမအပိုင်းမှာ သဘာသလွန် မှော်တန်ခိုးတွေကို ဖွဲ့နွဲ့မိတ်ဆက်သွားရမယ်၊ ဒုတိယအပိုင်းမှာတော့ မှော်မျက်လှည့်ပညာတွေ သဘာဝတရားဆီချဉ်းကပ်လာကြပုံကို ရှေးရှု ဖွဲ့နွဲ့ရဦးမယ်၊ တတိယအပိုင်းမှာတော့ အဲဒီ မှော်ပညာတွေ လူသားတွေဆီရောင်ပြန်လာဟပ်တဲ့အခါ... ပြောင်လှောင်နှိပ်စက်မှုတွေနဲ့ သနားစဖွယ်ရုန်းကန်ကြပုံတွေ ကို ပြရတော့တယ်၊ နောက်ဆုံးမှာ ဇွဲရှိသူ၊ စိတ်ထားကောင်းမွန် မှန်ကန်သူတွေဟာ ဘယ်တော့မှ မပျက်သုဉ်းဘူးဆိုတဲ့အတွေးအမြင်မျိုးပေးထားလိုက်ပြီး စာဖတ်သူတွေဟာ ကိုယ့်ဖတ်ရှုနေတဲ့ ဇာတ်ကောင်ကို အစကအဆုံး စိတ်ချယုံကြည်နေစေရမယ်၊ စာဖတ်သူတွေကို ကိုယ့်ရဲ့ဇာတ်ကောင်လေးတွေဟာ “အဆုံးမှာ အခက်အခဲအားလုံး သူတို့ဖြေရှင်းနိုင်ကြမှာပဲ” ဆိုတဲ့ ယုံကြည်မှုကို ပေးထားနိုင်ရပါမယ်၊ သူတို့တွေ့ကြုံရတဲ့ထူးခြားဆန်းပြားကမ္ဘာထဲကို စိတ်သက်သက်သာသာ လိုက်ပါကြည့်ကြရုံပါပဲ၊ သူတို့ အော်ရင် စာဖတ်သူဟာ အော်မယ်၊ သူတို့ကြောက်ရင် စာဖတ်သူလဲ ကြောက်မယ်၊ စိုးရိမ်မယ် ဒါပေမဲ့ အဆုံးသတ်အောင်နိုင်မှုကို စာဖတ်သူက သိနေနှင့်ပြီ၊ စာဖတ်သူ ရင်ထဲကိုရောက်ရှိနေခဲ့ပါပြီ၊
အဲဒါက Fairy Tale တွေနဲ့ Fantasy Story တို့ရဲ့ အရသာပါ။

fantasy story စာအုပ်တွေဟာ အသက် ၆နှစ်ကလေးငယ်တွေကနေ အသက် ၆၀ ကလေးကြီးတွေအထိ ဖတ်ရှုနိုင်တဲ့ စာအုပ်မျိုးတွေပါ၊ လူကြီးတွေအတွက် fatansy ပုံပြင်စာအုပ်တွေဟာ မြင်ရခဲ့တဲ့အနုပညာပစ္စည်းတစ်ခုလို တယုတယထားပြီး ဖတ်ရှုလေ့လာကြမှာ မဟုတ်ပါဘူး၊ လူတွေတော်တော်များများက  fantasy ပုံပြင်တွေနဲ့ ကလေးငယ်တွေရဲ့ ဆက်စပ်မှုကို “ကလေးငယ်တွေနဲ့ မိခင်နို့ လို ဆက်စပ်မှု” လို့တွေးခေါ်လိုက်ကြတယ်၊ ဒါဟာ မိခင်နို့မစိုနိုင်ကြတော့တဲ့ လူကြီးတွေအတွက် မသက်ဆိုင်ဘူးဆိုတဲ့ သဘောမျိုး သက်ရောက်စေပါတယ်၊ အသက် ၆ နှစ်အရွယ်ကလေးလေး နှစ်သက်စွာဆော့ကစားတဲ့ ခေတ်ပေါ်ကစားစရာအရုပ်တစ်ရုပ်ကိုတော့ အသက် ၆၀နှစ် အထိမဆော့နိုင်ပါဘူး၊ စာအုပ်တွေကတော့ ဒီလိုသဘောချင်းမတူဘူး၊ စာအုပ်တွေဟာ အသက်အရွယ်တိုင်းအတွက် သင့်တော်ပါတယ်၊ လူကြီးတွေလည်း သူတို့သဘောနဲ့ သူတို့ ဖတ်ချင်လို့ဖတ်တယ်ဆိုရင်ရော ..  အထူးသဖြင့် ဒီလို fatansy story တွေပေါ့၊
ဒါဟာလည်း fantasy story တွေရဲ့ အရသာပါပဲ။

“ဖိုးပလံရဲ့ သည်ကမ္ဘာ” ကိုလဲ အဲဒီလို အရသာမျိုးပေးချင်တဲ့ရည်ရွယ်ချက်နဲ့ပဲ ရေးဖြစ်ပါတယ်၊ သူတို့လေးတွေဟာ စိတ်ကောင်းရှိတယ်၊ ဘယ်သူ့ကိုမှမတရားမလုပ်ဘူး၊ ကိုယ်ကျင့်တရားကောင်းမွန်ကြတယ်၊ စူးစမ်းမယ်၊ အရာရာကို သိချင်ကြတယ်၊ သူတို့ကောင်းမွန်ပေမဲ့ ဆိုးတဲ့သူတွေတိုက်ခိုက်လာတာလည်း ကြုံရတာပါပဲ၊ ကလေးငယ်လေးတွေ သဘာဝလွန်ဖြစ်ရပ်တွေထဲက ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ ဖိုးပလံတို့ နဲ့အတူ ကျွန်မတို့ စူးစမ်းကြည့်ကြပါစို့၊ သိပ်တော့စိတ်မပူပါနဲ့ ပေါ့ပေါ့ပါးပါးဖတ်ကြည့်ကြရအောင်ပါ ..
အဆုံးမှာ အခက်အခဲအားလုံး ဖိုးပလံ ၊ ခခ နဲ့ မော်စီ တို့ ဖြေရှင်းနိုင်ကြမှာပဲ လေ။

ဖိုးပလံတို့အော်တဲ့အခါ စာဖတ်သူ လိုက်အော်ရင် ..
ဖိုးပလံတို့ ကြောက်တဲ့အခါ စာဖတ်သူပါ ကြောက်ပေးရင် ..
ဖိုးပလံတို့ စိတ်ပျက်လက်ပျက်ဖြစ်တဲ့အခါ စာဖတ်သူလည်း စိတ်ပျက်ပေးရင် ..
ဖိုးပလံတို့ ရွှင်မြူးနေကြတဲ့အခါ စာဖတ်သူပါ ပျော်မြူးခဲ့မယ် ဆိုရင်တော့ ကျွန်မ ဒီစာအုပ်လေးကို ရေးရကျိုးနပ်ပါပြီ။

အသက် ၆ နှစ်ကလေးငယ်ကနေ အသက် ၆၀ ကလေးငယ်တွေအထိ စာဖတ်သူအားလုံးကို ချစ်မြတ်နိုးတဲ့
ကျွန်မ ကလေးတို့ရဲ့ ဖြိုးဖြိုးပါ။
ချမ်းမြေ့ပါစေ
ဖိုးပလံ
၁၁နှစ်အရွယ် ခြောက်တန်းကျောင်းသားလေး “မင်းညီ”က သိပ်ဆော့တယ်၊ မင်းညီရဲ့ မေမေက စာရေးဆရာမ မေထားရီတဲ့၊ စုံထောက်ဇာတ်လမ်းမျိုးတွေရေးတတ်တယ်၊ နာမည်ကျော်မဟုတ်ပေမဲ့ နာမည်ရှိစာရေးဆရာမပါပဲ၊ ဖေဖေကတော့ ကလေးအထူးကုဆရာဝန်ပါ၊ ဦးကျော်စွာတဲ့၊ မင်းညီဆိုတဲ့ လူငယ်လေးဟာ တခါတခါအနာခံပြီးတော့ကို ဆော့လွန်းတယ်၊ သူ ငယ်ငယ်က ခပ်ဆိုးဆိုးကလေးပါပဲ၊ ခါချဉ်အုံတွေကို အဖေ့ဆီက ဓါတ်ဆီတွေယူလာပြီး လောင်းချ၊ မီးတော့ မီးနဲ့ရှို့ဖူးတယ်၊ အဲဒီ မီးအရှိန်က သူ့လက်ကို ဟတ်တော့ သူကြောက်လန့်တကြားလက်ကိုခါထုတ်ပြီး မီးအပူကို ငြှိမ်းရတယ်၊ သူ့လက်မှာ အဘွားပေးထားခဲ့ဖူးတဲ့ ပတ္တမြားလက်စွပ်လေးကိုပါ ခါထုတ်မိရက်သားဖြစ်ခဲ့တယ်၊ သူသိပ်ကြိုက်တဲ့ လက်စွပ်လေးကိုလည်း ဆုံးရှုံးရသလို၊ မီးအပူရဲ့ ပူနောင်နာကျင်လှပုံကို အဲ့ဒီနေ့က သူ သသေချာချာ ကိုယ်ချင်းစာတတ်သွားခဲ့ပါတယ်၊ သူ အကြာကြီးပဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်၊ မီးကိုတိုးတဲ့ ပိုးဖလံလေးလို ကြုံရလွန်းလို့ သူ့ကို ပိုးဖလံ လို့ နောက်ပြောင်ခေါ်နေကြရင်းက ပိုးဖလံ ဖိုးပလံ .. လို့စကြတယ်၊ မင်းညီနာမည်ရင်းပျောက်ပြီး “ဖိုးပလံ” ဖြစ်လာတယ်၊ ဒါပေမဲ့ အဲဒီ ဖိုးပလံလေးကို သူငယ်ချင်းတွေက ချစ်ကြတယ်၊ မိဘတွေက စိုးရိမ်စိတ်နဲ့ စောင့်ရှောက်ကြတယ်၊ မီးကိုတိုးတဲ့ ဖိုးပလံ လေး ထူးခြားဆန်းပြားတာတွေ အများကြီးပဲ ကြုံရတော့တယ်။

ခခ
ဖိုးပလံရဲ့ သူငယ်ချင်းမလေး “လမင်းခ”၊ “ခခ” လို့ သူငယ်ချင်းတွေက ခေါ်ကြတယ်၊ ခခ ဖေဖေက လျှစ်စစ်အင်ဂျင်နီယာဦးဧရာ၊ ခခ မေမေ က တော့ အထက်တန်းကျောင်းဆရာမ မသီတာတဲ့၊ ခခလေး က မိန်းကလေးသဘာဝအလှအပကြိုက်တတ်သူ၊ သနားတတ်သူ၊ စပ်စုတတ်သူ၊ ဥာဏ်ကောင်းသူလေး စာသိပ်တော်တယ်၊ ခခမှာ သိပ်ချစ်စရာကောင်းတဲ့ ခွေးဖြူလေး “လဲ့ရာ” ရှိတယ်၊ ခခရဲ့ သူငယ်ချင်းကောင်းလေးပေါ့၊ ခခ က လဲ့ရာကို သိပ်ချစ်တယ်၊ ခွေးမလေး လဲ့ရာ ကလည်း ခခ နောက်ကိုတကောက်ကောက်လိုက်တယ်၊ ခခက မျက်စိအောက်က အပျောက်မခံနိုင်အောင်ချစ်တယ်၊ ဒါပေမဲ့ သူတို့ နှစ်ယောက်ခွဲရတဲ့အချိန်တွေလည်း ကြုံခဲ့ရတာပါပဲ။

မော်စီ
ဖိုးဖလံ၊ ခခ တို့ရဲ့ အချစ်ဆုံးသူငယ်ချင်း “လင်းလွန်း” ၊ လင်းလွန်းမေမေ ကြွေက ဖန်တီးမှုတီထွင်အနုပညာကျောင်းက 3D animation သင်ပေးတဲ့ဆရာမပါ၊ လင်းလွန်းဖေဖေကတော့ ပန်းချီဆရာ၊ တကယ်က ပန်းပုဆရာပါ၊ လင်းလွန်းဖေဖေနာမည်က ဦးမင်းယွန်းတဲ့၊ လင်းလွန်း ၁၀နှစ်ပြည့်တုန်းက မွေးနေ့လက်ဆောင်အမှတ်တရထုပေးတာတဲ့ ပလာစတာရုပ်ကြီးဆိုရင် လင်းလွန်းနဲ့ အင်မတန်တူတယ်၊ အဲဒီအရုပ်ကြီးက အသက်ဝင်လွန်းလို့ တစ်ခါတစ်ခါ လင်းလွန်းအိမ်လာလည်တတ်တဲ့ သူငယ်ချင်းတွေက အဲဒီ ပလာစတာအရုပ်ကြီးကို လင်းလွန်း အထင်နဲ့ နှုတ်ဆက်တတ်ကြလေ့ရှိတယ်၊ လင်းလွန်းကတော့ ကြောက်တယ်တဲ့၊ ညညကျရင် သူက ၀ိညာဉ်ဖြစ်ပြီး သူ့ ပလာစတာအရုပ်ကြီးက သူ အစစ်ဖြစ်နေသလို ခံစားရတယ်တဲ့၊ ညညကျရင် နေရာပြောင်းပေးရသလိုပဲတဲ့၊ လင်းလွန်း အဲဒီလိုပြောတိုင်း ခခ နဲ့ ဖိုးပလံတို့က နားမလည်ကြဘူး၊ လင်းလွန်းကို စိတ်ကူးယဉ်ဇာတ်လမ်းတွေ သိပ်ထွင်တတ်တဲ့လူကလေးလို့ သူတို့ကထင်မြင်နေကြတယ်၊ လင်းလွန်းကလည်း စကားပြောရင် စကားအဆုံးမှာ ဟီး ဟီး လို့ အဆုံးသတ်ရင်း အမြဲတမ်းရယ်ချတတ်တော့တာ၊ ဒါနဲ့ပဲ လင်းလွန်းပြောတဲ့စကားကို သူငယ်ချင်းတွေက ရယ်မောစရာလို့ပဲ ထင်ကြတယ်၊ တခါတလေ လင်းလွန်း တကယ့်အဖြစ်ကို သေသေချာချာပြောပြလည်း ဘယ်လိုပြောပြော မယုံကြတော့ဘူး၊ အဲဒီလို အဖြစ်အပျက်တွေလည်း သူတို့ကြုံခဲ့ကြတယ်။
လင်းလွန်းက အမြဲတမ်းကို့ရို့ကားရား၊ ညစ်ထပ်ထပ်နေတတ်တဲ့လူငယ်လေး၊ လူပျင်းလေး၊ ဒါကြောင့်သူငယ်ချင်းတွေက ရေညှိတက်နေသူလေး mossy လို့ နောက်ပြောင်ခေါ်ရင်း အဲဒီနာမည်ပဲတွင်နေတော့တယ်၊ သူလည်း သူငယ်ချင်းတွေကို သိပ်ချစ်သူလေးပါ၊ အင်မတန် သဘောကောင်းလှတဲ့ လူငယ်လေးပါပဲ၊ လူတွေကို အင်မတန်ကူညီချင်သူလေး၊ သူငယ်ချင်းတွေကို ကူညီချင်သူ လူငယ်လေးပေါ့။

အဘိုး ရေမွန်
တစ်နေ့မှာ မမျှော်လင့်ပဲ ဖိုးပလံ အဘိုးအိုတစ်ယောက်ကို ကူညီခွင့်ရလိုက်တယ်၊ တကယ့်ကို သေးသေးမွှားမွှားကူညီမှုလေးပါ၊ ဒါပေမဲ့ တစ်ခါတစ်ရံမှာ မထင်မှတ်တဲ့ သေးသေးမွှားမွှားလေးက အကြီးကြီးပဲဖြစ်သွားခဲ့တယ်၊ အဘိုးအို က ကျေးဇူးတင်ပြီး ဖိုးပလံကို သိပ်ချစ်သွားတော့တယ်၊ အဲဒီနေ့က ဖိုးပလံ စစ်သားရုပ်အထုပ်လေးတွေ စတိုးဆိုင်မှာ သွားဝယ်တယ်၊ ဆိုင်ထဲကို အပြေးဝင် ဈေးဝယ်ခြင်းတောင်းကို ဆတ်ကနဲဆွဲ အရုပ်တွေထားတဲ့ကောင်တာဘက်ကိုပြေးပြီး ကောင်တာရှေ့မှာ ဟိုကြည့် ဒီကြည့် ကြည့်တယ်၊ ကောင်တာကြီးက သိပ်မြင့်နေတာပဲ၊ ဖိုးပလံလို ကလေးငယ်လေး အပေါ်ဆုံးအဆင့်ကို သေချာမမြင်ရဘူး၊ ကိုယ်ကို နောက်ပြန်ရွှေ့တယ်၊ ခေါင်းစောင်းကြည့်တယ်၊ ခေါင်းမော့ကြည့်တယ်၊ နောက်နည်းနည်း ထပ်ဆုတ်တယ်၊ ခေါင်းညာဘက်တစ်ခါ ခပ်ဖြည်းဖြည်းစောင်းကြည့်တဲ့ အရွေ့မှာတော့  မြင့်မြင့်မားမား အရိပ်မည်းမည်းတစ်ခု မျက်လုံးထောင့်ထဲ ပြေးဝင်လာတယ်၊ ဖိုးပလံ ခေါင်းကိုဆတ်ကနဲ လှည့်ကြည့် လိုက်တဲ့အခါ ...
“လူလေး၊ နည်းနည်းကွယ်၊ အဘိုး ဟိုဘက်လေး သွားချင်လို့”
ဖိုးပလံရဲ့ဦးခေါင်းကို ခပ်ဖွဖွကိုင်ရင်း အဘိုးအိုကပြောပါတယ်၊
ဆွတ်ဆွတ်ဖြူမုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနဲ့ အသားအရေဖြူဖြူဖွေးဖွေး ခပ်ကိုင်းကိုင်းအဘိုးအို တစ်ဦး၊ မျက်လုံးတွေက အနက်ရောင်စူးရှရှ၊ သိမ်းငှက်တစ်ကောင်လိုမျုက်လုံးမျိုး၊ ဖိုးပလံသိတာပေါ့၊ အဲဒါ ဦးရေမွန် .. ဖိုးပလံတို့ ရွှေလိမ္မော်မြို့လေးမှာ ဦးရေမွန်ကို ကြောက်ရွံ့ကြတယ်၊ လူတွေက အဆက်အသွယ်သိပ်မလုပ်ကြပါဘူး၊ သူက အထူးအဆန်းတွေသိပ်လုပ်နိုင်တဲ့ ပညာရှင်ကြီးဆိုပဲ၊ ငလျင်လှုပ်အောင်လုပ်နိုင်တယ်၊ အင်္ဂါဂြိုဟ်ကို သူ ဒီကနေလျှပ်စစ်အချက်ပြမီးတွေပို့လွှတ်နိုင်တယ်တဲ့၊ သူ့အိမ်ထဲမှာ မီးလုံးတွေပျံနေတာကိုလဲ မြို့ကလူတွေ ခဏခဏတွေ့ဖူးကြတယ်လို့ပြောကြတယ်၊ တစ်ခါ ဦးရေမွန်ခြံကြီးထဲက သိပ္ပံစမ်းသပ်ခန်းထဲမှာ အသံအကျယ်ကြီးကြားလိုက်ရပြီး မြေကြီးတွေလှုပ်လာတာ တစ်မြို့လုံးလှုပ်ခါလာတာ ကြုံဖူးတယ်လို့ မေမေတို့က ပြောပြဖူးတယ်၊ တခြားထူးထူးဆန်းဆန်းတွေအများကြီး ဦးရေမွန်လုပ်ခဲ့သေးတယ်တဲ့၊ ဦးရေမွန်ကို မှော်ဆရာကြီးလို့ ကွယ်ရာမှာ ခေါ်ကြတယ်၊ ဖိုးပလံ ကတော့ မကြောက်ပါဘူး၊ အခုလည်း ဒီအဘိုးအိုက အင်မတန် နူးနူးညံ့ညံ့ရှိလှပါတယ်၊
“ဟုတ်ကဲ့ အဘိုးရေမွန်”  ဖိုးပလံ သွက်သွက်ပဲပြောပြီး နေရာဖယ်ပေးခဲ့တယ်၊ အဘိုးအိုမျက်နှာက နှစ်လိုဖွယ်ရာပြုံးသွားပါတယ်၊ ဖိုးပလံ သူ့နာမည်သိတာကို သဘောကျသွားပုံပါပဲ၊ နောက်တော့ အဘိုးအို တလှုပ်လှုပ်နဲ့ ဆက်လျှောက်သွားတယ်၊ ဖိုးပလံလည်း လိုချင်တဲ့ စစ်သားရုပ်တွေ လေထီးလေးတွေပါတဲ့အရုပ်တွေ အထုပ်တော်တော်များများခြင်းထဲ ဆွဲထည့်ပြီးတဲ့အခါ ကောင်တာဘက်ထွက်ခဲ့တယ်၊ ကောင်တာမှာ အဘိုးရေမွန်လည်း တန်းစီနေတယ်၊ ဦးရေမွန်နောက်ကနေ ဖိုးပလံ ၀င်ရပ်လိုက်ပါတယ်၊ ကောင်တာက ဒေါ်လေး မီးမီးက အဘိုးရေမွန်အတွက် ကျသင့်ငွေကို ပြောတယ်၊ အဘိုးရေမွန် ငွေတွေရေတွက်နေခဲ့ပါတယ်၊ “ဟောဒီမှာ ၅၀၀တန်၂ရွက်၊ ဒါက ၂၀၀တန်၊ နောက်ထပ် ဘယ်လောက်လိုသေးတာပါလိမ့်ကွယ်”  အဘိုးရေမွန်က ပြန်မေးတော့၊ ဒေါ်လေးမီးမီး ပခုံးတွန့်ရင်း “၁၅၀ကျပ်လိုသေးတယ်” လို့ စိတ်မရှည်တဲ့လေသံနဲ့ဖြေတယ်၊ ဒေါ်လေးမီးမီးက ဖိုးပလံကိုလည်း လှမ်းကြည့်ရင်း မျက်စပစ်ပြတယ်၊ အဲဒီဒေါ်လေးမီးမီးကလည်း ကောင်းကောင်းမွန်မွန်ဖြေပါတော့လား၊ ဒေါ်လေးမီးမီးက အဘိုးရေမွန်ရဲ့လက်ထဲကို ပစ္စည်းထုတ်ပေးတယ်၊ အဘိုးရေမွန်က လက်လေးတွေတုန်နေရှာပြီ၊ ပလပ်စတစ်အထုပ်ကိုလှမ်းယူတဲ့အခါ ကိုင်းတဘက်ချော်ထွက်သွားပြီး ပစ္စည်းတွေ အောက်ကိုပြုတ်ကျကုန်တယ်၊ လိမ္မော်သီးတွေ ပန်းသီးတွေလိမ့်ကျကုန်တယ်၊ နွားနို့ဗူးက လဲနေတယ်၊
“အဘိုးရေမွန် ကျွန်တော် ကောက်ပေးမယ်ဗျ”  ဖိုးပလံ မြန်မြန်သွက်သွက်လေးပဲ အသီးတွေကောက်ပေးပြီး အိတ်ထဲကို စုထည့်ပေးလိုက်ပါတယ်၊ အဘိုးရေမွန် က “ကျေးဇူးတင်ပါတယ် ကလေးရယ်”  လို့ ဆိုတယ်၊ ဖိုးပလံကို နာမည်ဘယ်လိုခေါ်လည်း လို့ အဘိုးရေမွန်က မေးတယ်၊ ဖိုးပလံဘာမှမပြောနိုင်ခင် “ဖိုးပလံလေ၊ မီးနဲ့ကစားလွန်းတဲ့ ပိုးဖလံလိုကောင်လေး၊ အင်မတန်ဆော့တဲ့ကလေး” လို့ ဒေါ်လေးမီးမီးက ပြောင်ချော်ချော်ဝင်ဖြေလိုက်တယ်၊ ဖိုးပလံလည်း ရယ်ပဲရယ်နေလိုက်ပါတယ်၊ အဘိုးရေမွန်က ပြုံးနေတာပဲများတယ်၊ စကားနည်းနည်းပဲပြောခဲ့တယ်၊ အဲဒီနေ့ကစပြီး ဖိုးပလံကတော့ အဘိုးရေမွန်ကို သဘောကျသွားခဲ့ပါတယ်၊ အဘိုးရေမွန်ကလည်း ဖိုးပလံကို အင်မတန်ချစ်ခင်သွားတယ်၊ ဒီလိုနဲ့ ဖိုးပလံနဲ့ အဘိုးရေမွန်တို့ ဆက်သွယ်မှုတွေရှိလာခဲ့ကြတယ်၊ ဖိုးပလံရဲ့ ထူးထွေဆန်းရာ သည်ကမ္ဘာထဲမှာ အဘိုးရေမွန်ကလည်း လိုက်ပါစောင့်ရှောက်ခဲ့ပါတယ်။

Tuesday, February 01, 2011

ရိုမေးနီးယားကဝေများရဲ့ကျိန်စာ

လူတိုင်းကတော့ အခွန်အခကောက်တဲ့သူတွေကို အပြစ်တင်ကြတာပါပဲ။ ဒါပေမဲ့ ရိုမေးနီယားစုန်းကဝေတွေကတော့ အခွန်ထမ်းရမယ့် ရိုမေနီးယားအခွန်ဥပဒေကြောင့် ပထမဆုံးအကြိမ် စတင်ကျိန်ဆဲကြပါပြီ၊ ရိုးမေးနီးယားစုန်းမတွေဟာ ဒေါသခိုးဝေပြီး အဆိပ်ရှိတဲ့ မန်းဒရိတ်ခ်အပင်တစ်မျိုးကို ဒူးနာ့ဘ်မြစ်(Danube)ထဲ ပစ်ထည့်နေကြတယ်။ သမ္မတနဲ့ အစိုးရအုပ်ချုပ်ရေးအဖွဲ့ကို ပြုစားလိုတဲ့အတွက် ကြောင်ရဲ့ကျင်ငယ်၊ ခွေးသေကောင်တွေအသုံးပြုပြီးစီရင်ဖို့ကြိုးစားနေတယ်လို့ Russia Today သတင်းမှာ ဇန်န၀ါရီ၁၁ ရက်နေ့က ကြေငြာသွားခဲ့ပါတယ်။ ရိုးမေးနီးယားနိုင်ငံရဲ့ အခွန်ထမ်းပြည်သူအသစ်တွေမှာ အနာဂါတ်ကိုဟောပြောသူတွေပါလာပါတယ်။ အဲဒီဗေဒင်ဆရာမတွေဟာ စုန်းကဝေအတတ်တွေ တတ်ကြတယ်လို့ဆိုတယ်၊ အလယ်ခေတ်ဘုရင်ကြီး ဒရက်ကူလာရဲ့ပုံပြင် စတင်ပေါ်ပေါက်ခဲ့တဲ့ဒေသဖြစ်တဲ့ ရိုးမေနီးယားနိုင်ငံမှာတော့ အယူသည်းမှုတွေဟာ ရယ်မောစရာကိစ္စရပ်မျိုးမဟုတ်ပါဘူး။ အဲဒီအယူအဆတွေဟာ ရာစုနှစ်များစွာ ရိုးမေနီးယားနိုင်ငံရဲ့ယဉ်ကျေးမှုလို ဖြစ်နေခဲ့ပါပြီ။ ရိုးမေနီးယားနိုင်ငံရဲ့ သမ္မတ ထရာရန်ဘာဆဲစကူ(Traian Basescu)နဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေဟာလည်း အရေးကြီးတဲ့နေ့တွေမှာ ခရမ်းပြာရောင်ကို ၀တ်ဆင်ကြတယ်ဆိုတာ လူသိများပါတယ်။ မကောင်းဆိုးဝါး၊ မကောင်းမှုအကုသိုလ်တွေကာကွယ်နိုင်တယ်လို့ သူတို့ယုံကြည်ကြတယ်။