Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 01, 2011

စီရင်ခြင်း ဘယ်အတွက်ရယ်

Photo from
ဒီကမ္ဘာကြီးထဲက တိုင်းပြည်တွေမှာ ....
နာမည်ကျော်စစ်ပွဲကြီးတွေနဲ့အတူ ကြောက်လန့်စရာသေကြေဆုံးရှုံးမှုတွေကို ရှိခဲ့ကြသလို လူမသိသူမသိသေကြေပျက်စီး ဆုံးရှုံးမှုတွေလည်းရှိခဲ့ပါတယ်။  ဒီလိုသေကြေပျက်စီးမှုတွေကို ခိုင်းစေသူ၊ ကိုယ်တိုင်ဖန်တီးသူတွေကို ပွင့်လင်းလာတဲ့ကမ္ဘာကြီးမှာ ဖော်ထုတ် စီရင် အရေးယူနေကြပါပြီ။ ဖုံးကွယ်နေတဲ့ပြစ်မှုတွေကို ဖော်ထုတ်စီရင်တဲ့အခါ ငြိမ်းချမ်းရေးအတွက် စီရင်ခြင်း၊  နိုင်ငံရေးပရိယာယ်အတွက် စီရင်ခြင်းဆိုတဲ့ ပြစ်ဒဏ်စီရင်ခြင်းမျိုးတွေ ရှိနေကြတယ်။ တရားမျှတတဲ့ကမ္ဘာသစ်ဖန်တီးနိုင်ရေးအတွက် ရည်ရွယ်သလို တခြားနိုင်ငံရေး နည်းပရိယာယ်တွေလည်း ပါဝင်နေတတ်ပါတယ်။

ဥရောပရဲ့အဆင့်မြင့်စစ်ရာဇ၀တ်ပြစ်မှုတွေသံသယအရှိဆုံးသူ ဘောစ်နီးယန်းဆာ့ဘ်စစ်ခေါင်းဆောင်ဟောင်း ရာ့ထ်ကော်မလာဒစ်ခ်ျ ကို ဆားဘီးယားနိုင်ငံမြောက်ပိုင်း လာဇာရဲဗော်ရွာလေးက နေအိမ်ရဲ့ ပန်းခြံထဲမှာ ဖမ်းဆီးမိခဲ့ကြပါပြီ။ ၁၆နှစ်ကြာပုန်းအောင်းနေခဲ့တဲ့ မလာဒစ်ခ်ျကို ဆားဘီးယန်းဘီအာအထူးစုံစမ်းရေးအေဂျင်စီအဖွဲ့က ၀င်ရောက်ဖမ်းဆီးတဲ့အခါ လယ်ယာပစ္စည်းတွေ သိမ်းဆည်းတဲ့ စတိုခန်းနံရံအနီးမှာ မတ်တပ်ရပ်လျှက်သားတွေ့ခဲ့ကြတယ်။ ဖမ်းဆီးမိခဲ့တဲ့အချိန်မှာ ယူဂိုဆလာ့ဘ်စစ်ပွဲတွေမှာ ထင်ရှားခဲ့တဲ့မလာဒစ်ခ်ျဟာ လက်ထဲမှာ လူသတ်လက်နက်စွဲကိုင်မထား၊ ခုခံမှုတစ်စုံတရာမပြုလုပ်ခဲ့ပဲ သူ့ရဲ့ နိုင်ငံသားကတ်ပြားကိုပါထုတ်ပြခဲ့တယ်လို့ ဆိုတယ်။ ယခင်ယူဂိုဆလားဗီးယားအတွက်အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာယူအန်တရားရုံး(ICTY)ကို မေလ ၃၁ နေ့က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ခေတ္တထိန်းသိမ်းထားရာစခန်းကနေ အဖြူရောင်ဂျစ်ကားတစ်စီးနဲ့ ခေါ်ဆောင်ခဲ့ပြီး လမ်းတလျှောက် ဘေးဘက်ဝဲယာမှာ အနက်ရောင် စစ်သုံးဂျစ်ကားနှစ်စီးစီ အရှေ့နဲ့ အနောက်မှာလည်း စစ်သုံးဂျစ်ကားတွေဝန်းရံကာ လေဆိပ်ကတဆင့်  ရဟတ်ယာဉ်နဲ့ ငြိမ်းချမ်းရေးနန်းတော် အဆောက်အဦးရှိရာ နယ်သာလန်နိုင်ငံ မြို့တော်သည်ဟာဂ့်(The Hague)ကိုသယ်ဆောင်ခဲ့ကြတယ်။

မလာဒစ်ခ်ျဟာ ၁၉၉၅ ခုနှစ် ဘောစ့်နီးယားစစ်ပွဲအတွင်း စရဲဘရဲနီဆာ ဘော့စ်နီးယန်းရွာလေးမှာ မူဆလင် ၈၀၀၀ကျော်သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့သူအဖြစ် စွဲချက်တင်ခံထားရပါတယ်။  ၁၉၉၂-၁၉၉၅ ခုနှစ်အတွင်း မှာ ဘောစ့်နီးယန်းဆာ့ဘ်စစ်တပ်ဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဘောစ့်နီးယားနဲ့ဟာဇီဂိုးဗီနားမြို့တော် ဆာရာယေဗိုကို ၁၉၉၂ ကနေ ၁၉၉၆ ခုနှစ်အထိ ပိတ်ဆို့ ၀န်းရံတိုက်ခိုက်မှုနဲ့ စရဲဘရဲနီဆာ သတ်ဖြတ်မှုအတွက် တာဝန်အရှိဆုံးလူဖြစ်ခဲ့တယ်လို့ဆိုတယ်။ ဆားဘီးယားနဲ့ ယူနိုက်တက်စတိတ် က မလာဒစ်ခ်ျကိုဖမ်းဆီးနိုင်ရေးအတွက် ယူရို၅သန်း ဆုငွေထုတ်ထားခဲ့ကြပြီး ၂၀၁၀ အောက်တိုဘာမှာ ဆုကြေးငွေ ယူရို၁၀သန်းထိ တိုးမြှင့်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာပြစ်မှုနှိမ်နင်းရေးဆိုင်ရာအဖွဲ့အစည်းကိုပါ အကူအညီတောင်းခံခဲ့ဖူးပါတယ်။ 

“ကျွန်တော်တို့ဒီအန္ထရာယ်ကြီးအတွက် သိတတ်လိုက်တာပါ၊ ကျွန်တော်တို့ ဒီလိုလုပ်လိုက်တဲ့အတွက် လူတွေက ၀မ်းမြောက်ဝမ်းသာ ရှိကြမှာ မဟုတ်ဘူး၊ ကောင်းချီးသြဘာပေးကြမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဘယ်တိုင်းပြည်ကပဲဖြစ်ဖြစ်  နိုင်ငံရေးနယ်ပယ်ကလူစုတွေကတော့ လုပ်ရမယ့်ကိစ္စပဲလို့ ထင်မြင်ကြပါမယ်၊ ကျွန်တော်တို့ကြီးကျယ်တဲ့တာဝန်ထမ်းဆောင်လိုက်တာပါပဲ” လို့  စစ်ရာဇ၀တ်မှုဖော်ထုတ်ရေးဝန်ကြီး ရာစင်လျားရစ်ခ်ျ က ဆိုပါတယ်။ လျားရစ်ခ်ျကပဲ မလာဒစ်ခ်ျဖမ်းဆီးရမှုကို “နိုင်ငံရေးအရ ရင်းနှီးမြှပ်နှံမှု”လို့ ပြောလိုက်ပြီး နိုင်ငံသားတွေက နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ကျွန်တော်တို့ကို ပြစ်ဒဏ်ခတ်ခဲ့ရင်တောင်မှ အစိုးရအလိုရှိတာကတော့ စစ်ရာဇ၀တ်မှုတွေကို တရားမျှတမှုဆီ ဆောင်ယူပေးနိုင်ဖို့ပါပဲ လို့လည်း ဆိုတယ်။ အပြည်ပြည်ဆိုင်ရာအကျပ်အတည်းအဖွဲ့အစည်း ဒါရိုက်တာ စာဘီးနဲဖရေဇာ က “မလာဒစ်ခ်ျဖမ်းဆီးနိုင်မှုက ဘဲလ်ကန်ဒေသရဲ့ မည်းညစ်တဲ့သမိုင်းကို ဖယ်ရှားနိုင်တဲ့အခွင့်အရေးတစ်ခုပဲ၊ ဘော့စ်နီးယန်း၊ ဆာ့ဘ်နဲ့ ခရိုအေးရှန်းလူမျိုးတွေကြားက အတားအဆီးကိုဖယ်ရှားပြီး ပြန်လည်သင့်မြတ်စေနိုင်မှာပဲ” လို့ ပြောလိုက်တယ်။ ဆားဘီးယန်းမြို့တော် ဒေသခံတွေထဲမှာတော့ မလာဒစ်ခ်ျဆားဘီးယားလွန် ကာလဖြစ်ရပ်တွေနဲ့ ရည်ညွှန်းပြီး ရှုပ်ထွေးတဲ့စိတ်ခံစားမှုတွေ ပြည့်နေကြပါတယ်။

“စစ်ရာဇ၀တ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သတ်ပြီးတလျှောက်လုံး ပြောဆိုလာခဲ့ကြတာတွေကြောင့် အပြစ်မဲ့တဲ့သူတွေ၊ ကျွန်တော်တို့တွေ ခြေကုန်လက်ပန်းကျနေပါပြီ၊ အဲဒါတွေကနေ ကျော်လွှားချင်ပြီ” လို့ ဘဲလ်ဂရိတ်မြို့က အိုင်တီနည်းပညာကုမ္ပဏီဝန်ထမ်း ဒါမီးရ်ရောဗစ်ခ်ျက ပြောပါတယ်။ သူ့ရဲ့ဇနီးဆွန်ညာဒမ်ညာနိုဗစ်ခ်ျကတော့ သူမတိုင်းပြည်ရဲ့ စီးပွားရေးအလားအလာအတွက် မလာဒစ်ခ်ျကိုဖမ်းဆီးပြီး တည်ကိန်းအဖြစ်ပေးနိုင်ခဲ့တယ်ဆိုတဲ့ စကားအခြေအတင်ပြောဆို၊ သဘောထားကွဲလွဲမှုတွေကို လက်မခံပါဘူး။ ဆွန်ညာပြောတာက  “အရေးကြီးတာက လူတစ်ယောက်ဟာ သူလုပ်ခဲ့တဲ့အတိုင်း အဲဒီဆိုးဝါးတဲ့လုပ်ရပ်တွေက ပြန်ပြီးဖမ်းဆီးလိုက်တာပါ၊ ကျွန်မတို့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်သွားဖို့ဆိုတဲ့ လိုအပ်ချက်ကြောင့်မဟုတ်ပါဘူး” တဲ့။  ပြီးခဲ့တဲ့လ မလာဒစ်ခ်ျမဖမ်းဆီးမိသေးခင် အစိုးရစစ်တမ်းတစ်ခုအရ နိုင်ငံသား ၇၈ ရာခိုင်နှုန်းဟာ မလာဒစ်ခ်ျကို ဘယ်ဝယ်ဘယ်ဆီမှာ ဖမ်းဆီးမိနိုင်မလဲဆိုတဲ့သတင်းကိုတောင် မျှော်လင့်မထားကြပါဘူး။ ဆာ့ဘ် ၆၈ ရာခိုင်နှုန်းကျော်ကတော့ သည်ဟာဂ့်တရားရုံးဟာ တရားမျှတမှုရှိတယ်လို့ မယူဆကြပါဘူး လို့ ၀န်ကြီးလျားရစ်ခ်ျက သတင်းဌာနတစ်ခုကို ပြောခဲ့ပါတယ်။ ၅၃ ရာခိုင်နှုန်းက မလာဒစ်ခ်ျကို အဲဒီတရားရုံးကို လွှဲပြောင်းမပေးသင့်ဘူးလို့ ဆိုကြပြီး မလာဒစ်ခ်ျဖမ်းဆီးရရှိခဲ့တဲ့ သတင်းထုတ်ပြန်ကြေညာခဲ့သူ ဆားဘီးယားသမ္မတဘောရစ်တားဒစ်ခ်ျရဲ့ နိုင်ငံရေးအခင်းအကျင်းကို ဆန့်ကျင်လိုကြပါတယ်။ ဆာ့ဘ်တော်တော်များများက သည်ဟာဂ့်တရားရုံးဟာ တရားဥပဒေအားဖြင့်တည်ထောင်ထားတဲ့ အဖွဲ့အစည်းထက် နိုင်ငံရေးသဘောတရားတွေပိုများးတယ်လို့ ထင်မြင်ယူဆနေကြတယ်။ ဥပဒေကျောင်းသူတစ်ဦးကတော့ “ဗလာဒစ်ခ်ျဟာ လူတွေအများကြီးသတ်ဖို့ အမိန့်ပေးခဲ့သူ တကယ်ပဲဖြစ်ပါလိမ့်မယ်၊ ဆိုးဝါးတဲ့လုပ်ရပ်တွေလုပ်ခဲ့သူဟာ နောက်ဆုံးမှာလည်း အဆိုးနဲ့ ဇာတ်သိမ်းသွားခဲ့ရတာပဲဆိုတဲ့ သာဓကတွေ ဒီကမ္ဘာကြီးမှာ တော်တော်များနေပါပြီ။ ဒါပေမဲ့ မလာဒစ်ခ်ျကို ဆင်ခြေ တစ်ခုအနေနဲ့ အကြောင်းပြပြီး ကျွန်မတို့ တိုင်းပြည်ကို အမှောင်ထဲမှာ ဖုံးကွယ်ထားချင်နေတဲ့ နိုင်ငံရေးပရိယာယ်တွေကိုတော့ မတရားဘူးလို့ ထင်မိတယ်။ မလာဒစ်ခ်ျက လူတွေအများကြီးကိုသေစေခဲ့ပေမဲ့ ဆာဘ့်တိုင်းကတော့ လူတွေကို သတ်ချင်နေတဲ့သူတွေမဟုတ်ဘူးဆိုတာ ကွဲကွဲပြားပြား နားလည်ပေးစေချင်ပါတယ်။ မလာဒစ်ခ်ျလို နောက်ထပ်ဆင်ခြေတစ်ခု ပေါ်မလာဖို့ကိုတော့ ကျွန်မ မျှော်လင့်ပါတယ်” လို့ အပြည်ပြည်ဆိုင်ရာတရားရုံးကို မူတည်ပြီး အဲဒီ ဥပဒေကျောင်းသူလေးက ပြောခဲ့ပါတယ်။

၁၉၉၀ခုနှစ်က မြောက်ပိုင်းဘောစ်နီးယားက အိုမာစကာစစ်သုံ့ပန်းစခန်း တစ်ခုဟာ ကမ္ဘာ့မျက်လုံးတွေကနေ ဖုံးကွယ်နေခဲ့ပါတယ်။ ယူအန်နဲ့ ကြက်ခြေနီတပ်သားတွေ ကို အိုမာစကာ ကိုလာဖို့ တားမြစ်ခံထားရပေမဲ့ Channel 4 သတင်းဌာန၊ ITV နဲ့  ဂါးဒီးယန်းသတင်းဌာနကတော့ သွားခွင့်ရခဲ့တယ်လို့ ဆိုတယ်။ ဆာဘ့်အာဏာပိုင်တွေက “ဒါ စစ်သုံ့ပန်းတွေထားတဲ့စခန်းမဟုတ်ဘူး၊ ဒါ လွှဲပြောင်းပေးတဲ့စင်တာတစ်ခုပဲ” လို့ ပြောခဲ့ကြပါတယ်။ အဲဒီသတင်းဌာနတွေက နောက်ပိုင်းမှာ ထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းတွေကို ထုတ်လွှင့်ပြသခဲ့ကြတယ်။ အဲဒီစခန်းကလွတ်မြောက်ခဲ့သူ ဘောစ့်နီးယန်းမူဆလင် ကဲမဲလ်ပါဗားနစ်ခ်ျ ဟာ အိုမာစကာမှာ နှစ်လကျော်နေထိုင်ခဲ့ရပါတယ်။ မလာဒစ်ခ်ျဖမ်းဆီးခံရတဲ့နေ့မှာပဲ ကဲမဲလ်က Channel 4 သတင်းဌာနကို ပြောပြခဲ့တယ်။ သတင်းထောက်တွေ ရောက်လာတဲ့အချိန်မှာ သူ လွတ်မြောက်ခွင့်ရခဲ့တယ်လို့ သူယုံကြည်ခဲ့တယ်။ “ရာဒိုဗန်ကာရာဒစ်ခ်ျ တီဗီအစီအစဉ်မှာပေါ်လာပြီး သတင်းတောက်တွေက သုံ့ပန်းစခန်းအကြောင်းမေးတဲ့အခါ အိုမာစကာစခန်းတည်ရှိမှုကို ငြင်းဆန်ခဲ့ပြီး သတင်းထောက်တွေကိုလာခွင့်ပြုခဲ့ပါတယ်၊ အဲဒီနောက် ကျွန်တော် လွတ်မြောက်ခဲ့တယ်၊ ကျွန်တော့်ရဲ့ အသက်ကို သတင်းထောက်တွေက ကယ်ဆယ်ခဲ့တာပါပဲ” လို့ ကဲမဲလ်က ဆိုပါတယ်။ သူ့ရဲ့ သူငယ်ချင်းအများအပြားကတော့ အသတ်ခံခဲ့ရတယ်လို့  ပြောပြခဲ့တယ်။ ကျပ်တည်းကျဉ်းမြောင်းလှတဲ့ အခန်းလေးထဲမှာ ကျွန်တော်နဲ့ အတူ တခြားအမျိုးသား ၅၀၀ ခန့်ရှိနေခဲ့ကြတယ်။ ထိုင်ဖို့တောင် မဖြစ်နိုင်လောက်အောင် ကျပ်တည်းလှပါတယ်။ နောက်တော့တစ်ယောက်ပြီးတစ်ယောက် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်တယ်၊ အခန်းလေးထဲမှာ နေရာလွတ်ဖြည်းဖြည်းချင်းရလာခဲ့တယ်။ ကြမ်းပြင်မှာထိုင်ဖို့ နေရာရလာခဲ့တယ်။ ဒါပေမဲ့ အာဏာပိုင်တွေက အခန်းလေးထဲကို နောက်ထပ် မျက်နှာစိမ်းတွေ ယူဆောင်လာခဲ့ပါတယ် လို့ ကဲမဲလ်က အိုမာစကာစခန်းအကြောင်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။

မလာဒစ်ခ်ျဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် တနင်္ဂနွေနေ့ညမှာ ဘဲလ်ဂရိတ်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ မလာဒစ်ခ်ျကိုဖမ်းဆီးမှုကို ဆန့်ကျင်ဆန္ဒပြသူ လူငယ်တော်တော်များများဟာ ၁၉၉၂-၉၅ ဘော့စ်နီးယားစစ်ပွဲတွေကိုတောင် မမှီလိုက်တဲ့ ငယ်ရွယ်တဲ့လူငယ်လေးတွေ ဖြစ်နေကြတယ်။ ဆန္ဒပြသူလူငယ်တွေကို ဦးဆောင်ခဲ့တဲ့ Radical Party ရဲ့ ခေါင်းဆောင် ရှဲရှဲလျဲရ် ဟာ သည်ဟာဂ့်တရားရုံးမှာ စစ်ဆေးခံနေရပါတယ်။ ၂၀၀၃ ဖေဖေါ်ဝါရီလမှာ ရှဲရှဲလျဲရ် လက်နက်ချအဖမ်းခံခဲ့ပြီးနောက် ၈နှစ်ကြာတရားဆိုင်နေရဆဲပါ။ ဆန္ဒပြသူလူငယ်တွေဟာ ရဲတွေကို တိုက်ခိုက်ခဲ့တာကြောင့် ၁၈၀ ဦးခန့် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုတယ်။ ရဲအရာရှိ၃၂ဦး ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြသူ ၁၁ဦးဒဏ်ရာ ရရှိပါတယ်။ ကား ငါးစီးပျက်စီးခဲ့ပြီး ဈေးဆိုင် ၆ ဆိုင် မှာ အပျက်အဆီးတွေ ရှိခဲ့ကြတယ်။ အထောက်အပံ့ပေးတဲ့ Radical Party က ဆန္ဒပြသူတွေကို ဘတ်စ်ကားတွေနဲ့ သယ်ဆောင်ပေးခဲ့ပြီး တနင်္ဂနွေနေ့ ဘောလုံးပွဲက လူငယ်တွေနဲ့အခြေအနေ အနည်းငယ် ရှုပ်ထွေးသွားခဲ့တယ် လို့ ရဲဌာနက ဆိုတယ်။  Radical Party ရဲ့ ဆောင်ပုဒ်တစ်ခုက “ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့ဆိုရင်၊ အားလုံးကို တိုက်ခိုက်ရမယ်” တဲ့။ဲရန်လိုသွေးဆာတဲ့ ဒီဆောင်ပုဒ်ကြောင့်ပဲ Radical Party ဟာ ကြမ်းတမ်းဆိုးညစ်တဲ့ပါတီတစ်ခုအဖြစ် ဒေသခံတွေက သတ်မှတ်ထားခဲ့ကြတယ်။

၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ အော်သိုဒေါစ့်ခရစ်ယာန်ဂိုဏ်းချုပ် ပါဗလဲ ရဲ့ ဈာပနအခမ်းအနားမှာ  ဆားဘီးယားသမ္မတ ဘောရစ်တာဒစ်ခ်ျ က ပါဗလဲ ပြောခဲ့ဖူးတဲ့စကားကို ပြန်လည်ချီးမြှောက်ပြောဆိုခဲ့ဖူးပါတယ်။ "မေတ္တာဂရုဏာတရားပြည့်ဝကြဖို့၊ မကောင်းဆိုးဝါးဝိညာဉ်ပူးကပ်နေတဲ့ သူများရဲ့ ရန်လိုတိုက်ခိုက်မှုတွေကို လက်တုန့်ပြန်ခြင်း ဘယ်တော့မှ မပြုလုပ်ကြဖို့" လို့ ဆိုတယ်။ ပါဗလဲ ရဲ့ စကားတွေထဲမှာ မှတ်မိနေခဲ့တာက ...
“ကျွန်တော် ဆားဘီးယားနိုင်ငံကို စစ်ပွဲအတွင်း မပျက်သုဉ်းဖို့ ဆာ့ဘ်တွေကို ဦးဆောင်ကြဖို့ပြောခဲ့တယ်၊ ဒါပေမဲ့ ဆားဘီးယားနိုင်ငံကြီးကို မပျက်ဆီးရလေအောင်ထိမ်းသိမ်းဖို့ ရာဇ၀တ်မှုတွေ လိုအပ်မယ်ဆို၊ ဆားဘီးယားနိုင်ငံပျောက်သွားစေဦးတော့ ကျွန်တော်ငြင်းပါမယ်၊ ဆားဘီးယားဒေသသေးသေးလေး ကာကွယ်ဖို့ ရာဇ၀တ်မှုတွေလိုအပ်မယ်ဆို၊ ဒီဆားဘီးယားဒေသသေးသေးလေးအတွက်ပဲဖြစ်ပစေ၊ ကျွန်တော်ထပ်ပြီး ငြင်းဆန်ပါဦးမယ်၊ ဆာ့ဘ်တစ်ဦးချင်းဆီမှာ ကိုယ်တိုင်ကာကွယ်ဖို့ ရာဇ၀တ်မှုလိုအပ်နေဦးမယ်ဆို ကျွန်တော်တို့အားလုံးပျောက်ဆုံးသွားပါစေ၊ ကျွန်တော် ဒါကို ထပ်ပြီး ငြင်းဆန်ရပါဦးမယ်” တဲ့။

တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်း၊ ဖမ်းဆီးခြင်း၊ လက်နက်ချခြင်း၊ စီရင်ခြင်း၊ အယူခံဝင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း စတဲ့ မဆုံးနိုင်အောင် ရှုပ်ထွေးလှတဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကြားထဲမှာ စတေးခံခဲ့ရတဲ့ဘ၀တွေအတွက်ကတော့ ငြိမ်းချမ်းစွာရှင်သန်နေထိုင်ခွင့်ဆိုတာ ဆုံးပါးခဲ့ကြရပါပြီ။ သူတို့တတွေအသက်ထင်ရှား ရှိနေကြဦးမယ်ဆိုရင် ...
“တရားမျှတမှုအတွက် ပြစ်ဒဏ်စီရင်ခြင်း” ဆိုတာထက် “ငြိမ်းချမ်းစွာရှင်သန်နေထိုင်ရခြင်း” ကိုသာ.........
သူတို့  .... အဲဒီလိုပြောကြလေမလား။         ။

Ref : http://en.wikipedia.org/wiki/Ratko_Mladi%C4%87
        http://www.bbc.co.uk/news/world-europe-13561407
        http://articles.cnn.com/2011-05-28/world/serbia.ratko.mladic.investigation_1_ljajic-war-crimes-ratko-mladic?_s=PM:WORLD
        http://www.channel4.com/news/ratko-mladic-arrest-life-saving-journalism 
မော်နီတာဂျာနယ်
Vol(1), No(59)

6 comments:

An Asian Tour Operator said...

သူ့ အကြောင်းကတော့ အတော် လူပြောများတဲ့ သတင်းတပုဒ် ဖြစ်ခဲ့တာပဲ။

မိုးယံ said...

ခက်တာက ဒီကမ္ဘာလောက ထဲက လူတွေ ဓမ္မဆိုတာကို မသိသေးတာပဲ။ လူမျိုးတွေ တိုင်းပြည်တွေ အာဏာတွေနဲ့ ငါစွဲတွေ စွဲနေတုန်းကိုး....

ကိုယ်ထင်တယ်...၀ါဒ ဆိုးတွေ အယူအဆ မှားတွေ နဲ့ ဒီကမ္ဘာဟာ“ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေး ” ဆိုတာ..အခုလိုမိဒီယာတွေ စာမျက်နှာတွေ လူတွေရဲ့ပါးစပ်တွေ ပေါ်မှာသာရှိလိမ့်မယ်။

ဝါဒမတူညီသူချင်း အတူယှဉ်တွဲနေတာ ကြာလာပြီး ၀ါဒသွတ်သွင်းဖို့ ကြိုးစားတာတွေ ရှိနေတုန်းပဲ။ အဲဒါ ငါစွဲ ၀ါဒ ဆွဲတွေ ရှိနေသမျှ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ဘုရားသခင်က ငုတ်တုပ်ထိုင်ကြည့်နေရုံမှ တစ်ပါးးးးးးးးးးး

ချော(အစိမ်းရောင်လွင်ပြင်) said...

ရာဇဝတ်မှုတွေ ပပျောက်စေချင်တယ်
ကမ္ဘာပေါ်က စစ်ပွဲတွေ ချုပ်ငြိမ်းစေချင်တယ်
အစွန်းရောက် အကြမ်းဖက်တာတွေ ပပျောက်စေချင်ပါတယ်။
လူတွေအားလုံး စိတ်နှလုံးသိမ်မွေ့ကြမယ်ဆို ကမ္ဘာကြီးဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိသွားလိမ့်မယ်နော်

မြစ်ကျိုးအင်း said...

မတရားမှုတွေပေါ်လာမည့် သမိုင်းတပါတ်လည်ချိန်က သိပ်မကြာဖို့ပဲ မျှော်လင့်ပါတယ်။

မအိမ်သူ said...

Bias တွေ အကျိုးမျှော်ကိုးမှုတွေ နိုင်ငံရေးအမြတ်ထုတ်လိုမှုတွေ အတွက် တရားမျှတမှုကို အကြောင်းပြပြီး စီရင်တာထက် သူလုပ်ခဲ့တဲ့ မကောင်းမှုကြောင့် သူ့တရားသူစီရင်တဲ့ အဖြစ်ကပိုမျှတမယ်ထင်ပါတယ်။

Myanmar Good Knowledg Co., Ltd said...

မြန်မာလိုရေးထားတဲ့ ဒီအကြောင်းအရာကိုဖတ်ရတာ ပိုပြီး ခံစားရတယ်။

ကျွန်မကတော့
လူမျိုးစွဲရှိတာ၊ ဘာသာခွဲခြားတာ၊ လိင်ကွဲပြားမှု ရှုံ့ချတာတွေကို ဆန့်ကျင်တယ်။