ဖိုးပလံလည်း ရွှေပန်းအိုးလေးကို မေမေ မသိအောင် သိမ်းဖွက်ထာရမယ့် နေရာစဉ်းစားရပါတော့တယ်။ လောလောဆယ်တော့ ဖိုးပလံအခန်းထဲမှာပဲ ထည့်ထားလိုက်တာ၊ မေမေက လျှော်စရာအ၀တ်အစားတွေ ဖိုးပလံတခန်းလုံး နေရာလပ်မကျန်အောင် ရှာဖွေပြီးယူတတ်တာဆိုတော့ ဖိုးပလံ အခန်းထဲပဲထားရင် သိပ်မကြာဘူး မေမေ မြန်မြန်ပဲ သိသွားမှာပဲ။ ဖိုးပလံ စိတ်ကူးရလိုက်တာက စတိုခန်းထဲ ထည့်သိမ်းထားဖို့ပါ။ ဒါနဲ့ပဲ စတိုခန်းသော့ကိုယူပြီး ဖေဖေမသိအောင် တိတ်တိတ်လေး ထွက်ခဲ့တယ်။ ဖိုးပလံတို့ စတိုခန်းက အိမ်မကြီးနဲ့ တခြားစီ၊ နည်းနည်းလေးလှမ်းတယ်၊ သိပ်အဝေးကြီးတော့လည်းမဟုတ်ပါဘူး။ စတိုခန်းထဲရောက် အခန်းပတ်လည် ဖိုးပလံစူးစမ်းတယ်၊ နေရာလွတ်ကလည်း မကျန်လှအောင် ပစ္စည်းပစ္စယတွေကလည်း ပြည့်နှက်နေတာပဲ၊ သစ်သားဖြတ်စအကြီးအသေး၊ အတိုအရှည်တွေကလည်း အများကြီးနဲ့၊ ဘီရိုပိစိကွေးလေးတွေလည်းရှိတယ်။ ငှက်လှောင်အိမ်ကြီးကြီးတစ်ခုလည်းတွေ့ရဲ့၊ ပန်းအိုးအလွတ်တွေရော၊ ဖိုးပလံငယ်ငယ်ကစီးခဲ့တဲ့ စက်ဘီးနီနီလေးရော ပြည့်နေတာပဲ။ ဖိုးပလံ ရွှေပန်းအိုးလေးကို ဘယ်မှာထားရပါ့မလဲ။
ဖိုးပလံ အပေါ်ကိုလည်း မော့ကြည့်တယ်။ စတိုခန်းလေးက မကြီးလှဘူး၊ ဒါပေမဲ့ အပေါ်ဘက်ကိုတော့ ခပ်မြင့်မြင့်လေး၊ ထပ်ခိုးလေးတစ်ခု ရှိနေတယ်။ ထပ်ခိုးလေးပေါ်မှာလည်း ပစ္စည်းတချို့တော့ ရှိနေသေးတာပဲ၊ ဒါပေမဲ့ မဆိုးပါဘူး၊ အဲဒီပေါ်က ပစ္စည်းတွေ နည်းနည်းရှင်းလိုက်ရင်တော့ ရွှေပန်းအိုးလေးသိမ်းထားစရာ နေရာလေးရလာနိုင်ကောင်းရဲ့လို့ ဖိုးပလံတွေးပါတယ်။ စတိုခန်းထဲမှာ ဖိုးပလံဖေဖေ သစ်ပင်တွေပေါ်တက်တဲ့အခါ သုံးတဲ့လှေကားလည်းရှိတယ်။ လှေကားကို ဖြည်းဖြည်းချင်းရွှေ့ပြီး ထပ်ခိုးလေးပေါ်ထောင်လိုက်ပါတယ်။ စတိုခန်းတံခါးက အသံလုံတာမို့ အပြင်က ဖေဖေတို့တော့ မကြားနိုင်လောက်ဘူးထင်ပါရဲ့။ စတိုခန်းလေးမှာပြူတင်းပေါက်လေး ၂ ခုရှိတယ်။ ပြူတင်းပေါက်လေးတွေက ထပ်ခိုးလေးရဲ့ ဘယ် ညာ ရှိနေတော့ အလင်းရောင်လည်း ရသားပဲ။ ဖိုးပလံ ဆုံးဖြတ်ချက်ချလိုက်တယ်၊ ဟုတ်တယ် ထပ်ခိုးလေးပေါ်မှာပဲ သိမ်းထားတာကောင်းတယ်။ စတိုခန်းလေးထဲမှာထားတဲ့ ဂုန်လျှော်တံမြက်စည်းကြမ်းလေးနဲ့ ဖုံတွေကို လှဲကျင်းလိုက်ပါတယ်။ ဖုံတွေနဲ့ ပိုးအိမ်တွေက ထပ်ခိုးလေးပေါ်မှာ လိပ်ကနဲ ဟို သည် ပြန်ကျဲကုန်ကြတယ်။ ဖိုးပလံတော့ ကိုယ့်အခန်းကိုတောင် ကိုယ့်ဘာသာ တံမြက်စည်းမလှဲပါဘူး၊ မေမေပဲ တအိမ်လုံးကို ရှင်းလင်းတာ၊ တခါတလေ ဖိုးပလံ စိတ်လိုလက်ရ မေမေ့ကို တံမြက်စည်းကူလှည်းပေးတဲ့ခါတိုင်း မေမေက အမြဲပြောတယ်။ “ဖိုးပလံရယ် အုပ်ပြီးလှည်းပါ၊ အုပ်ပြီး လှည်းရတယ်၊ သားက ဗြန်း ဗြန်းနဲ့ လှည်းတော့ ဒီဘက်က အမှိုက်တွေက ဟိုဘက်ရောက်၊ ဟိုဘက်က အမှိုက်တွေကလည်း ဒီဘက်ရောက်၊ အဲဒါနဲ့တင် ဒီဘက်ဟိုဘက် ဖုံအပြောင်းအရွှေ့လုပ်နေသလိုပဲ↔လို့ မေမေက ပြုံးစစနဲ့ ပြောခဲ့တာ ပြန်သတိရလိုက်မိတယ်။ အဲဒီတုန်းက မေမေပြောသလိုလိုက်မလုပ်ပဲ ပေကပ်ကပ်နေခဲ့ဖူးတယ်။ အခုတော့ ဖိုးပလံကိုယ်တိုင်ပဲ အမှိုက်တွေ သေချာရှင်းလင်းမှဖြစ်မှာ၊ မေမေပြောတဲ့အတိုင်း တံမြက်စည်းနဲ့ အုပ်ပြီး သာသာလေး ဆွဲယူပြီး တဘက်ကိုပို့တယ်။ ကျန်တဲ့ဘက်က ဖုံတွေကိုလည်း အဲဒီလိုပဲအုပ်ပြီး ခပ်သာသာလေး ဆွဲယူ တစ်နေရာထဲကို စု၊ နောက်တစ်ခြားနေရာ .. မေမေပြောတဲ့ အုပ်ပြီးလှည်းရတယ် ဆိုတဲ့တံမြက်စည်းလှည်းနည်းကို ဖိုးပလံ အခု သဘောပေါက်လာပါတယ်။ အတွေ့အကြုံဆိုတာ နေရာတိုင်းမှာ အရေးကြီးတာပဲလို့ ဖိုးပလံ လူကြီးတစ်ယောက်လို တွေးကြည့်မိတယ်။ ထပ်ခိုးလေးပေါ်မှာ အမှိုက်တွေ ရှင်းရှင်းလင်းလင်းရှိသွားပြီ၊ ဖိုးပလံတော့ ကြောင်ချေးအိုးရုပ်ပေါက်နေမှာပဲ၊ မေမေတို့ မြင်ရင် ဖိုးပလံ အားပါးတရ ဆော့လာတယ်ထင်ကြမှာ။ ဟိ ဟိ … ဖိုးပလံ တစ်ယောက်တည်း အတွေးနဲ့ကျိတ်ရယ်တယ်။ အမှိုက်တွေအားလုံး အိတ်တစ်အိတ်ထဲထည့်၊ အမှိုက်ပုံးထဲကို ပစ်ရမယ်၊ မေမေက အမှိုက်အိတ်တွေ ချထားရင် မကြိုက်ဘူး၊ တစ်ခါတည်း အမှိုက်ပုံးထဲကို လွှင့်ပစ်ခိုင်းတတ်တယ်လေ။
ဖိုးပလံ အိမ်ပေါ်ကို ပြေးတက်၊ အခန်းထဲကို အ၀င်၊ မေမေက ဘုရားခန်းဘက်က ဘုရားပန်းအိုးတွေကိုင်လို့ ထွက်လာတာနဲ့ တွေ့တော့တာပဲ၊ မေမေက ဖိုးပလံကို မြင်တော့ “အမလေး .. မျောက်ဖြူ .. မျောက်ဖြူ” လို့ လှမ်းစပါလေရော၊ တဆက်တည်း ဖိုးပလံရေ .. အဆော့လွန်မနေနဲ့ ရေချိုး၊ စာကြည့်တော့ကွဲ့” လို့ လည်း ပြောလိုက်တယ်။
“ဟုတ် ဟုတ် မေမေရေ”
ဖိုးပလံ ဖြေရင်း အခန်းထဲမှာ ရွှေပန်းအိုးလေးကို သေချာကြည့်တယ်။ ပန်းလေးတွေ က ဒေလီယာ အ၀ါရောင်လေးတွေ၊ တချို့အပွင့်တွေက နှင်းဆီပွင့်ဖတ်လေးတွေလို ပြောင်းနေကြပြီ။ သိပ်မကြာခင် အနီရောင် နှင်းဆီပန်းလေးတွေ ဖြစ်ကုန်ကြတော့မယ်ထင်တယ်။ ဖိုးပလံ မေမေ နဲ့ ဖေဖေ ဘယ်နေရာမှာလဲ အခြေအနေ အကဲခတ်ပါတယ်။ ဖေဖေ .. အပြင်ထွက်မလို့ထင်တယ်။ မေမေ့ကို လှမ်းပြောနေတာ ကြားလိုက်တယ်။ မေမေ ကတော့ ရေချိုးခန်းထဲမှာ ဘုရားပန်းအိုးတွေရေလဲနေတယ်။ ဖေဖေ အပြင်ထွက်မယ့်အချိန် ခဏလေးစောင့်ပြီး ရွှေပန်းအိုးလေး စတိုခန်းထဲ သွားထားရမှာပဲ။
ဟော …
ဖေဖေတော့ အပြင်ထွက်သွားပြီ။ ၀င်းတံခါးပိတ်သံကြားလိုက်ရတယ်။ ဖိုးပလံအချိန်မဆိုင်းနိုင်တော့ဘူး၊ ရွှေပန်းအိုးလေးကို မြန်မြန်လေးပဲ မပြီး စတိုခန်းဆီ တန်းနေအောင်ပြေးတော့တယ်။ ဖိုးပလံ .. ကံကောင်းသွားတာပေါ့၊ နောက်ဆုံးတော့ ရွှေပန်းအိုးလေး စတိုခန်းထဲသယ်နိုင်ခဲ့ပြီ။ စတိုခန်းထဲမှာ ကြွက်ရှိမယ် မရှိဘူး ဖိုးပလံလည်း သေချာမသိဘူး၊ ပန်းအိုးလေးကို လုံလုံခြုံခြုံ ဖြစ်အောင် လုပ်ရဦးမယ်။ အဲ .. ငှက်လှောင်အိမ်ကိုအသုံးပြုရမယ်၊ ဟုတ်တယ်၊ ထပ်ခိုးအောက်ကို ပြန်ဆင်း၊ ငှက်လှောင်အိမ်ကို အပေါ်ကိုသယ်ယူတယ်၊ လှောင်အိမ်က ခပ်ကြီးကြီးဆိုတော့ အဆင့်သင့်လိုက်တာလို့ ဖိုးပလံတွေးရင်း ကျေနပ်နေပါတယ်။ ရွှေပန်းအိုးလေးကို နေရောင်ရမယ့်နေရာကိုလည်း ရွှေ့ထားလိုက်တယ်။ ၀င်ပေါက်ဘက်က ကြည့်ရင်လည်း မြင်သာထင်သာ မရှိရလေအောင် စတိုခန်းထဲမှာတွေ့တဲ့ ဖော့တုံးကြီးတွေနဲ့ ကာထားလိုက်တယ်။ သိပ်တော်တဲ့ဖိုးပလံပဲလို့ ကိုယ့်ဘာသာပဲ ချီးမွမ်းလိုက်ပါတယ်။
ဖိုးပလံနေ့တိုင်း ရွှေပန်းအိုးလေးကို ဂရုစိုက်ပါတယ်။ ခါတိုင်းဆို မနက်အိပ်ရာစောစောထရမှာ ဖိုးပလံ သိပ်ပျင်းတာပဲ၊ အခုတော့ မနက်အစောကြီးပဲ မျက်စိနှစ်လုံးက ၀ိုင်းစက်ပြူးကျယ်နေပြီ၊ နိုးနေပြီ၊ ရွှေပန်းအိုးလေးကို ရေပန်းကရားသေးသေးလေးနဲ့ ရေနည်းနည်းလောင်းတယ်။ ပင်စည်နဲ့ အကိုင်းလေးတွေမှာ ပိုးအိမ်မျှင်လို မှုံမှုံမွှားမွှားလေးတွေ တွေ့ရင် သင်္ဘောဆေးသုတ်တဲ့ စုတ်တံနုနုလေးနဲ့ သာသာလေးဖယ်ရှားပါတယ်။ မေမေ့ပန်းပင်လေးတွေ ပိုးကျတဲ့အခါ မေမေ အဲဒီလိုလုပ်တာတွေ့ဖူးတယ်။ ပိုးသတ်ဆေးလည်း အမြဲတမ်းကြီးမဖြန်းချင်ဘူးတဲ့။
ကျောင်းမှာ ခခ၊ မော်စီတို့ကလည်း ရွှေပန်းအိုးလေးအခြေအနေကို အမြဲတမ်းပဲ မေးကြတယ်။ ခခ က ပန်းလေးတွေအလကားကြီး ပျောက်ကွယ်သွားတာ နှမြောလိုက်တာလို့ တသသပြောနေတတ်တယ်။ ကျောင်းဆင်းရင်တော့ ခခရော မော်စီရော ဖိုးပလံအိမ်ကို လိုက် လိုက် လာကြတယ်။ မေမေတို့ မသိအောင် ခြံထဲမှာ အယောင်ပြဆော့ကြပြီး လစ်ပြီဆိုတာနဲ့ သုံးယောက်သား စတိုးခန်းထဲကို ရောက်ရောက်သွားတတ်ကြတာပဲ။ ခခက သူအသင့်ယူလာတဲ့ ပန်းဖြတ်တဲ့ ကတ်ကျေးလေးနဲ့ ပန်းလေးတွေကို ဖြတ်ယူတယ်။ ပြီးတော့ သူ့ကျောပိုးအိပ်လေးထဲ တယုတယထည့်သိမ်းတယ်။ ခခ မေမေဒေါ်သီတာအတွက်ရယ်၊ ဆရာမအတွက်ရယ် ပေးချင်လို့တဲ့၊ ဖိုးပလံကတော့ မေမေ့ကို အခုမပေးနိုင်သေးဘူး၊ မေမေ့မွေးနေ့မှာပဲ ရွှေပန်းအိုးတစ်ခုလုံးပေးမှာလေ၊ အခု ခခ ယူချင်သလောက်၊ ယူပါစေပေါ့၊ မိန်းကလေးတွေက ပန်းသိပ်ကြိုက်ကြတာပဲ၊ ပန်းပွင့်လေးတွေမြင်တာနဲ့ ဒီမိန်းကလေး ခခ က ခုန်ဆွ ခုန်ဆွနဲ့ ကို အငြိမ်မနေနိုင်တော့ဘူး။
မေမေ့မွေးနေ့ သြဂုတ်လ ၂၈ ရက်နေ့ ရောက်လာမယ့်နေ့ကို မျှော်နေရတာ မောတော့အမောသား၊ ခုချက်ချင်းပဲ မေမေ့လက်ထဲ ထည့်ပေးချင်သား၊ မော်စီကတော့ ပြောတယ်၊ သူက အင်မတန်စိတ်ပူတတ်တဲ့သူဆိုတော့ မေမေ့ကို ခုပဲပေးစေချင်တယ်။ မပြောကောင်းမဆိုကောင်း ရွှေပန်းအိုးလေးများ တခုခုဖြစ်သွားခဲ့ရင် လို့ တွေးပြီး မော်စီက စိတ်ပူနေရှာတယ်။ ဖိုးပလံကတော့ ခေါင်းမာတယ်။ စိတ်ထဲမှာလည်း သိနေသလိုလို၊ ဘာမှ အမှားအယွင်းမဖြစ်နိုင်ပါဘူး။ ဖိုးပလံ သေချာပြောမပြတတ်ပေမဲ့ ရွှေသော့လေး ရှာနေခဲ့တုန်းက ခံစားချက်မျိုးပဲ၊ ဖိုးပလံ မှန်တယ် .. ဖိုးပလံမှန်တယ် ဆိုတဲ့ စိတ်ခံစားမှုကို ကိုယ်တိုင်သိနေခဲ့တာမျိုးပေါ့။
တစ်ပတ်အလို … မေမေ့မွေးနေ့ရောက်တော့မယ်။ တစ်ပတ်ပဲလိုတော့တယ်။ ခခက နေ့တိုင်းလိုပဲ ပန်းအိုးလေးကို ဂရုစိုက်ပေးရှာတယ်။
ဒီနေ့ကျောင်းကအပြန်ပေါ့ …
အိမ်နားက လမ်းချိုးထဲ စက်ဘီးနဲ့ ဖြတ်အကွေ့ လမ်းဘေးမြက်ကြားထဲမှာ ပုန်းပြီးချောင်းမြောင်းနေတဲ့ ကြောင်လေးတစ်ကောင်ဟာ လမ်းမပေါ်ကို ခုန်ထွက်လာတယ်။ လမ်းမပေါ်မှာ ပေါင်မုန့်တစ်ဖဲ့ကို ထိုးဆိတ်ဖဲ့ရွဲ့နေတဲ့ခိုတွေရှိရာကို ခုန်အုပ်လိုက်တာ။ ဖိုးပလံ ဘရိတ်ကို စက်ဘီးလက်ကိုင်ကို တဘက်ကိုဆွဲလှည့်လိုက်ရတာပေါ့။ ဘာမှတော့ ဖြစ်မသွားပါဘူး။ ခိုတွေလည်းပျံပြေး၊ ကြောင်လေးလည်း လမ်းတဘက်က မြက်ကြားထဲ ၀င်ပြေးသွားပြီ။ မြက်တွေကြားထဲက ကြောင်လေးရဲ့ အမြီးလေးတလှုပ်လှုပ်ကို မြင်လိုက်ရတဲ့အခါ … ဖန်ကြောင်ကို ရုတ်တရက်ကြီး သတိရသွားမိတယ်။ ဖန်ကြောင် .. ဖန်ကြောင်.. အိုး မေမေ့ မွေးနေ့မှာ သူတို့ကို ဖိတ်ရရင် ဖြစ်နိုင်မလားပဲ။ ခခ ကို အကူအညီတောင်းကြည့်ရမှာပဲ၊ ခခ မှာ သူတို့နဲ့ ဆက်သွယ်နိုင်တဲ့ ဖန်လက်ကောက်လေးရှိတယ်လေ။ ဘာလို့ ဒီလိုစိတ်ကူးကောင်းကို မေ့နေရပါလိမ့်။ ခခဆီကို ဖုန်းခေါ်ရမယ်၊ မနက်အထိ စောင့်မနေနိုင်တော့ပါဘူး။
အိမ်ရောက်တာနဲ့ စက်ဘီးလေးကို အိမ်ရှေ့မှာပစ်လှဲ၊ ကျောပိုးအိတ်ကိုလည်း စားပွဲပေါ်ဘုန်းကနဲ ပစ်တင်ပြီး ဖုန်းနံပါတ်တွေ လှည့်တာပေါ့။
ခခ အိမ်တောင်ရောက်သေးရဲ့လားပဲ။
“တူ … တူ”
“ ……………”
“ ……………”
“ဟဲလို”
ကံကောင်းလိုက်တာ၊ ခခ ပဲ..
“ခခ ရေ.. ငါဟ”
“……..ဟင် ဖလံပိုး ဘယ်လိုဖြစ်၊ အလောတကြီးနဲ့”
“ခခ .. ငါလေ မေမေ့ မွေးနေ့မှာ ဟို ဖန်ကြောင်တို့ လူသူငယ်လူကြီးတို့ .. မှော်ဆရာမ ဆူး တို့ကို ဖိတ်ချင်လိုက်တာဟာ၊ ငါတို့ သူတို့ ပဉ္စင်တိုင်းပြည်ကို သွားလည်နိုင်သလို သူတို့လည်း လာလည်လို့ဖြစ်ချင်ဖြစ်နိုင်မှာ၊ နင်.. ဖန်လက်ကောက်လေး အာရုံပြုပြီး မေးပေးပါဟာ၊ မေမေတို့လည်း ငါတို့ရဲ့ အထူးအဆန်းခရီးအကြောင်း သိသွားရင် အံသြကုန်မှာပဲ၊ ဖန်ကြောင်ကို မေမေများ မြင်ရင် သိပ်သဘောကျမှာပဲ၊ မေမေက အကောင်ပလောင်သိပ်ချစ်တာ၊ နော် … မနက် ငါ ကျောင်းကို စောစောလာခဲ့မယ်၊ နင် .. လာခဲ့နော်၊ မော်စီ့ကိုလည်း ဖုန်းဆက်ထားလိုက်မယ်။ နော် ခခ”
“နင်ကတော့ လုပ်ပြန်ပြီ၊ အဲ .. ငါလည်း ဖန်ကြောင်ကို တွေ့ချင်တယ်ဟ၊ သူစကားပြောတာ သိပ်ရယ်ရတာပဲ၊ အင်း အင်း.. ငါတို့ မနက်ကျရင် ကြိုးစားကြည့်တာပေါ့၊ ဖိုးပလံ စကားမစပ် နင့်မေမေမွေးနေ့မှာ ဘာကျွေးမှာလဲဟင် ခစ် ခစ် .. စိတ်မရှိပါနဲ့ .. ငါက အစားအသောက်ဆို .. သိပ်စိတ်ဝင်စားတာ နင်သိပါတယ်လေ၊ ဖိတ်တာတော့ ဟုတ်ပါပြီ ငါတို့ ကြိုက်တာတွေ သူတို့စားတတ်ပါ့မလားပဲ.. အင်း .. မေးကြည့်တာပေါ့ဟာ”
“ခုထိတော့မသိသေးဘူး၊ ငါတော့ ငါကြိုက်တာ အကုန်ချက်ခိုင်းမယ်၊ မုန့်ဟင်းခါး၊ ရွှေတောင်ခေါက်ဆွဲ၊ ကြက်သားပလာတာ၊ ပြီးတော့ ဘာရှိသေးပါလိမ့်”
“ခစ် ခစ် .. သိပ်ကောင်း၊ မနက်စောစောလာခဲ့မယ်၊ ကျောင်းတံခါးမရှေ့နားမှာပဲစောင့်နေ၊ မော်စီ့ကိုလည်း သေချာပြောလိုက်နော်၊ တာ့တာ ဖလံပိုးရေ”
“အေး အေး စိတ်ချ၊ ခခ ကျေးဇူး၊ တာ့တာ”
နောက်တစ်နေ့မနက်စောစောမှာတော့ ကျောင်းတံခါးဝနားမှာ ကလေးနှစ်ယောက် ခေါင်းချင်းဆိုင်လို့ စကားတွေတွတ်ထိုးနေကြပြီ။
“မော်စီက မလာဖြစ်ဘူး ခခ၊ ဒီကောင်ရယ်ရတယ်၊ တော်ကြာ ငါတို့က သူ့ကိုလူသူငယ်တိုင်းပြည်ထပ်ခေါ်သွားမှာ ကြောက်လို့မလာတာဖြစ်မှာ”
“အင်းပါ .. သူမလာလည်း ငါတို့ စမ်းကြည့်တာပေါ့၊ လာ ငါတို့ သူငယ်တန်းအခန်းဆောင်ဘက်သွားမယ်”
“……..”
သူငယ်တန်းကျောင်းဆောင်ဘက်မှာ ဖိုးပလံတို့ သွားဆော့နေကြပေါ့၊ မနက်စောစောဆိုတော့ ကလေးတွေလည်း တစ်ယောက်မှ မရှိကြဘူး။
ဖိုးပလံတို့ သူငယ်တန်းအခန်းတစ်ခုထဲကို ၀င်လိုက်ကြတယ်။ ခခ က လက်မှာ ၀တ်ထားတဲ့ ဖန်ပြာလက်ကောက်လေးကို မျက်ဝန်းတောက်တောက်လေးတွေနဲ့ စူးစိုက်ပြီးကြည့်နေပါတယ်။ ဖန်ပြာလက်ကောက်လေးကို လက်ဖ၀ါးနဲ့အုပ်ကိုင်လိုက်ပြီး စကားတိုးတိုးလေးဆိုတယ်။
ခခ စကားပြောတာ ရယ်စရာကောင်းလိုက်တာ၊ ဘာတဲ့ “လူသူငယ်လူကြီးမင်းရှင့် ကျွန်မ ခခပါ” လို့ မိတ်ဆက်လိုက်သေးတယ်။
“ခခ ပြောချင်တာလေးရှိလို့ အားတဲ့သူတစ်ယောက်လောက် ပေါ်လာပေးပါ” တဲ့။
ဟီး ခခ ပြောပုံကလည်း .. ဖိုးပလံ စိတ်ထဲကျိတ်ပြီးရယ်ချင်နေတယ်။ ခခ ကတော့ စိတ်ဝင်တစား မျက်လုံးနှစ်လုံးက ပြူးကျယ်နေရော။
“ဟော”
ခခ ဆီက အသံထွက်လာတယ်။ ဖန်ပြာလက်ကောက်လေးမှာ အပြာရောင်အလင်းလေးတွေ လက်လာပြီ၊ အပြာရောင်လေးတွေပိုပြီး စူးလဲ့လာတဲ့အခါ ရွှီး …. ဆိုတဲ့အသံတိုးတိုးနဲ့ပဲ အလင်းပြာပြာလေးတွေဖန်လက်ကောက်ထဲက ခုန်ထွက်လာကြတယ်။ အပြာရောင်စူးလဲ့လဲ့အလင်းလေးတွေ မှိန်ဖျော့သွားတော့ အဖြူရောင်လွလွအမျိုးသမီးတစ်ဦးပေါ်လာပါပြီ၊ လက်ထဲမှာ တလက်လက်တောက်ပနေတဲ့ နှင်တံလေးတစ်ချောင်းကို ကိုင်လို့၊ သစ်သီးခြမ်းဦးထုပ်စိမ်းလေးနဲ့၊
“အိုး .. အန်တီဆူး အန်တီဆူး မဟုတ်လားဟင်” ခခ က ၀မ်းသာအားရ ထအော်တယ်။
“ဟုတ်တာပေါ့ကွယ်၊ ကျေးဇူးရှင်မှော်ဆရာမလေး ခခ၊ နေကောင်းကြရဲ့နော်၊ ဟော သူလေးက ဖိုးပလံလေး၊ ငါတို့အားလုံး သတိရနေကြတာပဲ .. ကလေးတို့ အကြောင်းအမြဲပဲပြောဖြစ်ကြတယ်”
“ခခ က ဟို လူသူငယ်ဦးကြီးပေါ်လာမယ်ထင်လို့”
“တို့များက ခု ပဉ္စင်တိုင်းပြည်ရဲ့ အရှေ့အရပ်စုန်းမခေါင်းဆောင်ဖြစ်သွားပြီပေါ့ကွယ်၊ ခုဆို အရှေ့အရပ်မှာ အေးအေးချမ်းချမ်းရှိနေပြီကွဲ့၊ ကဲ .. ဘာများအလိုရှိပါသလဲ မှော်ဆရာမလေး”
အဲဒီတော့မှ ငြိမ်ပြီးနားထောင်နေတဲ့ ဖိုးပလံ.. စကားပြောဖို့ သတိရမိတော့တယ်။
“ကျွန်တော့်မေမေ မွေးနေ့ပွဲ ဖိတ်ချင်လို့ပါဗျာ၊ မေမေ့ကို ရွှေပန်းအိုးလေးပေးမယ်၊ နတ်သမီးနယ်မြေက လူတွေကိုလည်း ကျွန်တော်တို့ ရွှေလိမ္မော်မြို့လေးကို အလည်ခေါ်ချင်လို့ပါ၊ ဟို ဦးဖန်ကြောင်လေ သူ့ကို ကျွန်တော်သတိရနေတာ၊ သူ့ကို ဖိတ်ချင်တယ်၊ တွေ့ချင်လိုက်တာ၊ သူက သိပ်လှတဲ့ကြောင်ပဲ” ဖိုးပလံကပြောရင်းနဲ့ပဲ ခေါင်းကိုကုတ်ကာရှက်ရယ်ရယ်ပါတယ်။
“သူလား၊ သူ့ပုံစံအတိုင်းပဲ လှည့်လည်သွားလာနေတာပါပဲ၊ တချက်လေးမှ အငြိမ်မနေပါဘူး၊ သူ့ကို တစ်နေ့တစ်ခါတွေ့ရဖို့တောင် ခက်သားကွဲ့”
“အန်တီဆူး .. သူ့ကိုတွေ့အောင်ရှာပေးပါ၊ ဖိုးပလံမေမေ မွေးနေ့က နောက်တစ်ပတ် ၂၈ရက်နေ့၊ ဒီကြားထဲသူ့ကိုတွေ့မှာပါ၊ အန်တီဆူးရယ်၊ လူသူငယ်ဦးကြီးရယ်၊ ဖန်ကြောင်ရယ်၊ ဟို.. မြောက်အရပ်က စုန်းမအန်တီကိုလည်း ဖိတ်ချင်တာ၊ ပြီးတော့ လာနိုင်တဲ့ သူ အားလုံး ဖိတ်ချင်တာပဲ” ခခက ခပ်သွက်သွက်ဝင်ပြောပါတယ်။
“ဟုတ်တယ် ခခ ပြောသလိုပဲ ကျွန်တော်ဖိတ်ပါတယ်၊ လာခဲ့ပါဗျာ”
“အေးကွယ်၊ တို့တွေ ပဉ္စင်တိုင်းပြည်ကထွက်ပြီး ဘယ်နေရာကိုမှ သွားတဲ့ အလေ့အထတော့မရှိကြဘူးကွဲ့၊ အန္တရာယ်အနံ့အသက်တော့ မရမိပါဘူး၊ တို့လည်း တခြားလူသူငယ်တွေနဲ့ တိုင်ပင်ကြည့်ရမှာပဲ၊ ကဲ အခု ပြန်မှဖြစ်တော့မယ်၊ ကလေးလေးသုံးယောက်လာနေကြပြီ”
ဖိုးပလံ ဘေးဘီကို ကြည့်လိုက်တော့ ကလေးတစ်ယောက်မှမတွေ့မိပါဘူး၊ အန်တီဆူးကတော့ နားစွင့်နေဟန်နဲ့ ပြောတာပဲ။
“ဟုတ်ကဲ့ရှင့်၊ အန်တီတို့အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်” ခခ က နှုတ်ဆက်နေပါပြီ။
“လူသူငယ်တိုင်းပြည် အေးချမ်းပါစေ” ဖိုးပလံကလည်း ဆုတောင်းပေးပါတယ်။ အန်တီဆူးက ဖိုးပလံနဲ့ ခခ တို့ရဲ့ ဦးခေါင်းလေးကို သာသာလေးပုတ်ပြီး “ကလေးတို့ ပျော်ရွှင်ကြပါစေကွယ်” လို့ နှုတ်ဆက်တယ်။ အပြာရောင် အလင်းဖျော့ဖျော့လေးတွေနဲ့ အတူ တခဏလေးပဲ အားလုံးပျောက်ကွယ်သွားပါပြီ။
ဖိုးပလံတို့ အခန်းဆောင်လေးထဲက ထွက်တော့မှ ….
ကျောပိုးအိတ်လေးတွေနဲ့ ကလေးသုံးယောက် တလှုပ်လှုပ်နဲ့ အခန်းဆီကို လာနေကြတာ ဖိုးပလံတို့ တွေ့လိုက်ကြတော့တယ်။ ။
1 comment:
ဖြိုးလဲ ပျော်ရွှင်ပါစေကွယ်..
ဖိုးပလံလေးနဲ့အတူတူ ပဉ္စင်တိုင်းပြည်ကို အလည်လိုက်ချင်တား)
ဖိုးပလံ မေမေမွေးနေ့ကိုလည်း သွားတက်ရဦးမယ်
Post a Comment