Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 29, 2011

ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၁)

ဆီးရီးယားသမ္မတ
ဘာရှား အယ်လ် အာဆတ်ဒ်
ဆီးရီးယားမှာ ၂၀၁၁ ရဲ့ မတ်လကစလို့ လူထုအုံကြွမှုတွေ ဆက်တိုက်လိုဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၁ ဇွန်လ ၂၆ရက်မှာ ဆန္ဒပြပွဲတွေ အတောမသတ်ကြတော့ဘူး။ ဆီးရီးယားပြည်သူတွေက “ဘုရားသခင်၊ ဆီးရီးယား၊ လွတ်လပ်ခြင်း၊ အဲဒါဆို လုံလောက်ပြီ”လို့ ကြွေးကြော်ဆုတောင်းကြတယ်။ အဲဒီ မတ်လ ၁၈ရက်နေ့မှာ ဗလီဝတ်ကျောင်းထဲကိုပါ လုံခြုံရေးတပ်သားတွေက အကြမ်းဖက်ဝင်ရောက်နှိမ်နင်းတော့တယ်။ အကြမ်းဖက်နှိမ်နင်းမှုတွေရဲ့ရလာဒ်ကတော့ တူရကီနိုင်ငံဘက်ကို ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ကြတာပါပဲ။ တူရကီနယ်စပ်က ဒုက္ခသည်စခန်းမှာ လူဦးရေတွေများလွန်းလာတော့ ဒုက္ခသည်စခန်းတစ်ခု ထပ်ပြီးဆောက်ကြရတော့တယ်။ ဇွန်လမှာ ဆီးရီးယားတပ်သားတွေက တူရကီနယ်စပ်နားက ရွာလေးကိုဝင်ရောက်စီးနင်းကာ လူတွေကိုသတ်ဖြတ်ဖမ်းဆီးခဲ့ပါတယ်။ အိမ်တွေကို မီးရှို့ပစ်ခဲ့ကြတယ်။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ကိုဆန့်ကျင်တဲ့ လက်နက်ကိုင်အစိုးရဆန့်ကျင်ရေးတပ်သားတွေက အဲဒီအထောက်အထားတွေကို ထုတ်ပြလာခဲ့တယ်။ သမ္မတအာဆတ်ဒ်က ဝေါလ်စထရိဂျာနယ်ကို ပြောပါတယ်။ သူဟာ "အစ္စရေးဆန့်ကျင်သူ"၊ "အနောက်ကိုဆန့်ကျင်သူ" ဖြစ်တယ်လို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်သတ်မှတ်ထားပါတယ်တဲ့။ တကယ်တမ်းတော့ ဆီးရီးယားပြည်သူတွေကိုပါဆန့်ကျင်သူဖြစ်နေခဲ့ပါတယ်။ သမ္မတအာဆတ်ဒ်ရဲ့ သေနတ်သမားတွေဟာ ဆီးရီးယားနိုင်ငံရဲ့ နာမည်ကျော်နိုင်ငံရေးကာတွန်းဆရာ အလီဖာဇက်ကိုပါ ရိုက်နှက်တိုက်ခိုက်လိုက်ပါတယ်။

Saturday, November 26, 2011

သည်ခရီး

photo from
ကျွန်မဟာ ညီအမသုံးယောက်ထဲက တယောက်ဖြစ်ပြီးတော့ ကျွန်မတို့ သုံးယောက်စလုံးဟာ ကက်သလစ်ဘာသာဝင်များဖြစ်သည်နှင့်အညီ ဘာသာရေးလုပ်ငန်းများကို စွမ်းစွမ်းတမန် လုပ်ကိုင်ပျော်ရွှင်နေကြသူများဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ထဲက အလွန်ဝေးသီခေါင်လွန်းလှတဲ့  အရပ်ဒေသတခုမှာပါ။ လူဦးရေ နှစ်သောင်းဝန်းကျင်လောက်ဘဲ ရှိပြီး ဆင်းရဲ နွမ်းပါးကြသူများ ဖြစ်ပြီးတော့ အထူးသဖြင့် ကျန်းမားရေးဘက်မှာအလွန်ချို့တဲ့လှပါတယ်။ ဌာနီ ဆေးဝန်ထမ်းမရှိပါဘူး။ အမြဲနေထိုင်မယ့်ဆရာဝန်ဆိုတာ ဝေးလာဝေးပါ။ ကျွန်မတို့ခရစ်ယာန်အသိုင်းအ၀ိုင်းကသာ  ဆင်းရဲနိမ့်ကျသူများအပေါ် ဘာသာရေးအသိစိတ်ဓါတ်နဲ့ စာနာကူညီမှုတွေ ပေးခဲ့ကြရတာပါ။ ကျွန်မအနေနဲ့လဲ လက်မှတ်ရ သူနာပြု ဆရာမတယောက် ဖြစ်ခဲ့ပြီးပြီမို့ ပိုမို အဆင်ပြေ ချောမွေ့ စေပါတယ်။

Monday, November 21, 2011

ကမ္ဘာကြီးကို ရိုက်ခတ်မှုမပေးတဲ့သူ

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုပ်ရှင်ပွဲတော် (Green Screen Fest) ပြုလုပ်စဉ်မှာ  Elementary ကျောင်းတစ်ကျောင်းက ကလေးငယ်တွေ workshop တစ်ခု ပူးပေါင်းပြုလုပ်ကြပါတယ်။ Green Screen Fest ကို နိုဝင်ဘာ ၁၄ရက်ကနေ ၁၆ရက်အထိ ဘဲလ်ဂရိတ်မြို့ ဆာဗာစင်တာ(Sava Centar) က Art Cafe နဲ့ Hall မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သုံးရက်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အပျော်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို၊ တီဗီမှတ်တမ်းနဲ့ Crude, Tapped, No Impact man မှတ်တမ်းရုပ်ရှင်တွေပြသခဲ့ကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ ARIJADNINA NIT က volunteer တွေဟာ မြို့ထဲတစ်ချို့နေရာတွေမှာ ပြန့်ကျဲနေတတ်တဲ့ ပလပ်စတစ်ဗူးအဖုံး ၅၀၀၀ ကျော် ကောက်ယူခဲ့ကြပြီး အဲဒီအဖုံးတွေနဲ့ ကလေးငယ်တွေက တိရစ္ဆာန်ရုပ်ပုံဖော်တဲ့ installation workshop ပြုလုပ်ကြပါတယ်။ ရုပ်ရှင်ပွဲတော် ရက်အတွင်း ဆောင်းဦးအသီးအနှံတွေနဲ့ ရုပ်ပုံဖော်ခြင်း၊ မှိုစိုက်ပျိုးခြင်း၊ ဓါတုပစ္စည်းသုံးပြီး သစ်ရွက်မှ ကလိုရိုဖီးထုတ်ယူပုံလက်တွေ့သရုပ်ပြခြင်းနဲ့ တခြား workshop တွေလည်းပြုလုပ်ခဲ့ကြပါတယ်။

ရုပ်ရှင်ပွဲတော်စီစဉ်သူက  workshop လေးတွေပြုလုပ်ကြဖို့ Elementary နဲ့ Secondary က ကလေးငယ်တွေကို ဖိတ်ကြားပါတယ်။ workshop ကို စိတ်ဝင်စားတဲ့ ကျောင်းတွေက လက်ခံပြီး သက်ဆိုင်ရာ ဆရာ ဆရာမနဲ့ ကလေးငယ်အုပ်စုတစ်ခုမှာ ကလေး ၃၀ ကျော်လောက် စုစည်းပြီး workshop ပူးပေါင်းပြုလုပ်ကြပါတယ်။
ပလးပ်စတစ်ဗူးအဖုံးတွေနဲ့ တိရစ္ဆာန်ရုပ်လေးတွေကလေးတွေပုံဖော်မယ်။ တိရစ္ဆာန်အကောင်ပလောင်လေးတွေပုံ စာရွက်မှာ sketch ဆွဲထားတယ်။ အဲဒါကို ကြည့်ပြီး အရုပ်ဖော်ကြမယ်။ ကလေးတွေ မလာကြသေးဘူး။

Thursday, November 17, 2011

အေသင်မြို့တော်က ကြိုဆိုနေပါတယ် (မေမေ့ရဲ့စာ)

ကမ္ဘာပေါ်မှာ ခန့်ညားထယ်ဝါမှုအရှိဆုံး သမိုင်းကြောင်းအထင်ရှားဆုံးနှင့် အလှဆုံးမြို့တော်ကတော့ ဂရိနိုင်ငံက  “အေသင်”  ပါဘဲ။ အေသင်မြို့တော်ဟာ “အလွန်ပဉ္စလက်ဆန်တဲ့ မြို့တော်”ပါတဲ့။ လူအများက အဲလို သတ်မှတ်ထားကြတယ်။ အေသင်မြို့တော်ရယ်လို့ ဖြစ်ပေါ်လာပုံ က အလွန်ဆန်းကျယ်ပါတယ်။ အေသင်ရဲ့ ရှေးဦးသမိုင်းကာလတွေမှာ လူတွေနဲ့နတ်တွေဟာ အမြဲရောထွေးနေတယ်။  လူတွေကရော နတ်တွေကရောအလေးထားရတဲ့ မြို့တော်ကြီးဟာ အေသင်ပေါ့။အထူးခြားဆုံးကတော့ သူ့ထံကို မလာ လာချင်အောင် ညှို့ယူဖမ်းစားနိုင်တဲ့စွမ်းအားနဲ့ ပြည့်စုံခြင်းဘဲဖြစ်ပါတယ်။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး။ တွေးခေါ်မျှော်မြင်မှု အရှိဆုံး ပညာဥာဏ်အကြီးဆုံးလူသားတွေကို ရှေးဦးအကျဆုံး မွေးဖွားပေးခဲ့တဲ့မြို့တော်ကြီးလဲ ဖြစ်ပါတယ်။ ဥပမာ “ဆိုကရေးတီးစ်” “ပလေတိုး”  “ဟုမ္မား”  “ဟီရိုဒိုးတပ်စ်”စတဲ့ ပုဂ္ဂိုလ်အကျော်အမော်တွေ ကိုပေါ့။ ဟီရိုဒိုးတပ်စ် (Herodotus) အပလိုဒိုးရပ်စ် (Apollodorus) အိုဗစ်ဒ်(Ovid)ပလူတားခ်ျ(Plutarch) ပူဆားနီးယပ်စ်(Pausanias) စတဲ့ အကျော်အမော်စာရေးဆရာများလည်းရှိပါသေးတယ်။ ဒီမိုကရေစီ စတင်ထွန်းကားရာ ဒေသလည်းဖြစ်တယ်။ သမိုင်းစာမျက်နှာတွေပေါ်မှာ ရုပ်ပုံတွေနှင့်တကွ တလေးတစားဖေါ်ပြခြင်းခံရတဲ့ မြို့တော်၊ ထောင်သောင်းချီ လာရောက်လည်ပတ်ကြတဲ့ ဥရောပဧည့်သည်တော်တွေ မပြတ်စီးဝင်နေတဲ့ မြို့တော်ပါ။ “အိုလန်းပတ်နတ်ကွန်း” “ပါသီနွန်ကျောင်းတော်” “မီခရိုလီမာနို”  တို့လို ကမ္ဘာ့ အခမ်းနား အကြီးကျယ်ဆုံး စာရင်းဝင်   ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများစွာဖြင့် ယဉ်ကျေးမှု ထွန်းကားပျံ့ပွားကြွယ်ဝရာ မြို့တမြို့အဖြစ်ကျော်ကြားနေဆဲဖြစ်တယ်။ အေသင်ရဲ့ နာမည်အထင်ရှားဆုံး လူသိအများဆုံး  ရှေးဟောင်းအထိမ်းအမှတ်ရုပ်တုများ ပြတိုက်အမျိုးမျိုး စသည်များ ကို ဥရောပကသာမက ကမ္ဘာ့လူသားသန်းပေါင်းများစွာ နေ့နေ့ညည  တအံ့တသြ တလေးတစားလေ့လာ ကြည့်ရှုကြတယ်။

Friday, November 11, 2011

Angry Bird


ပီဂျီသည် တစ်ခါတစ်ရံ အကုန်စိတ်တိုနေတတ်ပါသည်။
(မှုန်ဝါးနေတာကိုခွင့်လွှတ်ပါရန်)

Thursday, November 10, 2011

၂၄ ပစ္စည်းစက်ဝိုင်းပုံတော်

၂၄ ပစ္စည်း အကျဉ်းချုပ် ကို အရှင်သုနန္ဒာလင်္ကာရ ရေးထားတဲ့ ပန်းကမ္ဘာဓမ္မရောင်ခြည် မှာ ဖတ်လို့ရပါတယ်။

မသီတာရဲ့ Sonata Cantana ဘလောဂ့်မှာ ပဋ္ဌာန်းပစ္စယနိဒ္ဒေသမိတ်ဆက် အကျယ်ဖတ်နိုင်ပါတယ်။
တန်ဆောင်တိုင်လပြည့်နေ့မှာ ကျန်းမာပျော်ရွှင်ကြပါစေ။
၂၄ ပစ္စည်းစက်ဝိုင်းပုံတော် သိမ်းထားချင်တယ်ဆိုရင် ကလစ်လုပ်ပြီး ပုံကြီးပူဇော်နိုင်ပါတယ်။
(၂၄ ပစ္စည်းစက်ဝိုင်းပုံတော် နှင့် အကျဉ်းချုပ် print ထုတ်ချင်သူများအတွက်ပါ) 


(ဒါက မေမေပို့ပေးထားတဲ့ စာပါ)
ဟေတု ပစ္စယော၊ အာရမ္မဏ ပစ္စယော၊
အဓိပတိ ပစ္စယော၊ အနန္တရ ပစ္စယော၊
သမန္တရပစ္စယော၊ သဟဇာတပစ္စယော၊
အညမညပစ္စယော၊ နိဿယပစ္စယော၊
ဥပနိဿယပစ္စယော၊ ပုရေဇာတပစ္စယော၊
ပစ္ဆာဇာတပစ္စယော၊ အာသေ၀နပစ္စယော၊
ကမ္မပစ္စော၊ ၀ိပါကပစ္စယော၊
အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော
ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊
သမ္ပယုတ္တပစ္စယော၊ ၀ိပ္ပယုတ္တပစ္စယော၊
အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊
ဝိကတပစ္စယော၊ အ၀ိကတပစ္စယောဟောတိ။ 
ဒါက ပဋ္ဌာန်းအကျဉ်းပါ။
အလွယ် ကျက်မှတ်နိုင်ရန်ပါ။ 
ကောင်းကျိုးချမ်းသာ အဖြာဖြာ ကို ရနိုင်မှာ ဖြစ်ပါတယ်။
ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ခြင်းဖြင့် မိမိတို့ သန္တာန်မှာ ကိန်းအောင်းနေတဲ့ ညာဏစွမ်းအား၊ ကာယစွမ်းအား ပေါ်လွင် ထက်မြက်လာမယ်။  ရင်ဆိုင်ကြုံတွေ့ရမဲ့ ကျရောက်လာမဲ့ ဘေးဥပါဒ်အန္တရယ်ကလွန်မြောက်နိုင်တယ်။ ရှောင်လွဲနိုင်တယ်။ အပြစ်ရှိ၍ မကောင်းကျိုးဖြစ်စေမည့် ကျူးလွန်မှုတို့မှ  ကင်းလွှတ်စေနိုင်တယ်။အပြစ်ကင်း၍ကောင်းကျိုးပွားနိုင်မည့် ဆောင်ရွက်ချက် ကိစ္စအ၀၀ တို့ကို ပြီးမြောက်စေနိုင်တယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တယ် တဲ့။   ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ပြီး နောက်  အထက်ပါ ၂၄ပစ္စည်း ပဋ္ဌာန်းတရားတော်မြတ်ကို ထပ်မံ ဆင်ချင်သုံးသပ်ပြီးမှသာ ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူးပြီး အနန္ဒ စကြာဝဋ္ဌာမှာ ထွန်းလင်းတောက်ပလို့ ဘုရားစင်စစ် ဧကန်ဖြစ်တော်မူခဲ့သတဲ့။ မကောင်းတဲ့ ဥပါဒ် အန္တရယ် အသွယ်သွယ် မှ ကင်းဝေးစေရန် ရဟန်းတော်များက ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ ပဋ္ဌာန်းတရားတော်တို့ကို နေ့ညမစဲ ရွတ်ဖတ်ပူဇော်ပေးကြတာ အထင်အရှားပါပဲ။
ချမ်းမြေ့ကြပါစေ။
မေမေ
(မဲဇလီဖူးသုပ်စားနိုင်တဲ့သူများ သုပ်စားကြပါ။ စကားမစပ် စားချင်လိုက်တာနော် )

Thursday, November 03, 2011

ဆိုင်ကရောင်းတဲ့ ယဉ်ကျေးမှုရဲ့အရသာ

စူးစူးရဲရဲ တောက်ပလွန်းလှတဲ့ စိမ်းပြာရောင်မီးစတွေ၊ ရွှေရောင်မီးစတွေ တဖွားဖွားလွင့်စင်ကျနေတုန်းပဲ၊ မြန်မြန်လက်စသတ်ရတော့မယ်။ ဗိုက်ထဲက အူတွေ လိမ်ကျစ်ကာ ပူနွေးလာတဲ့ခံစားမှုက အဆက်မပြတ်တော့ဘူး။ အဲဒါ ဗိုက်ဆာတာ။ ဟုတ်တယ်လေ .. ကြည့်ပါဦး။ မနက်စောစောစီးစီးကြီး ငါးနာရီကျော်လောက်ကတည်းက အိပ်ရာထခဲ့ရတယ်။ မတ်ခွက်ကြီးကြီးနဲ့ ကော်ဖီအပြည့်ဖျော်တယ်။ အဲဒီကော်ဖီကို လည်ချောင်းထဲ မြန်မြန်လျှောချပြီး ကားဂိတ်ကိုထွက်ခဲ့တယ်။ ဒီမြို့လေး .. အဲ ရွာလေးကိုရောက်ဖို့ တစ်နာရီခွဲလောက် ဘတ်စ်ကားကြီးစီးခဲ့ရတယ်။ အူးမ်ခါဆိုတဲ့ ဟောဒီရွာလေး ရောက်တာနဲ့ အလုပ် စ ခဲ့တာ၊ အူးမ်ခါက ရွာမျက်နှာဖုံးလို့ ပြောရမယ့် ဦးဂျင်မီက ၀င်းတံခါးသံပန်းတံခါးအတွက် ကျွန်တော့်ကို အလုပ်အပ်ခဲ့တာလေ။ ကျွန်တော်နဲ့ ၀ီလီရယ်၊ စောလှရယ် သုံးယောက်သား ဦးဂျင်မီအိမ်မှာပဲ ဆုံကြတယ်။ အ၀င်ဝတံခါးမအတွက်က ပြီးသလောက်ဖြစ်နေပါပြီ။ အချောသတ်ရမယ်၊ အဆက်တွေကို စစ်ရမယ်။ ကျွန်တော်က ဂဟေဆက်သမားပေါ့။ ပညာရှင်ဆန်ဆန်ပြောရရင်တော့ ဂဟေဆက်ကျွမ်းကျင်ပညာရှင်ပါ။ အခု နေ့လည် ၁၂နာရီခွဲပြီး ၁နာရီထိုးလုနီးပါးရှိနေပြီ။ ကျွန်တော်တို့ သုံးယောက်လုံး ၀မ်းဗိုက်တွေ တကြုတ်ကြုတ်မည်နေကြပြီ။ တစ်ချက်တစ်ချက် ဂွီ ဆိုတဲ့ အသံမျိုး ၀ီလီ့ဗိုက်ထဲက ကြားလိုက်ရတယ်။ မြှော့ .. မြှော့ မြှော့ ဆိုလားပဲ … စောလှဗိုက်ထဲကလည်း အော်တာပဲ။ မထူးပါဘူး၊ ကျွန်တော့်ဗိုက်ထဲကလည်း တစ်ခါတစ်လေ မြှောင်း ………..ဆိုပြီး အသံရှည်လေးဆွဲပြီးအော်တဲ့အခါ အော်တယ်။
   
        “ဟာ မရတော့ဘူး၊ ဗိုက်ဆာတယ်။ ၀ီလီ ငါတော့ ရပ်ပြီဟေ့”

ကျွန်တော် ပြောပြောဆိုဆိုနဲ့ ဦးထုပ်ကြီးဆွဲချွတ်ပြစ်လိုက်တယ်။ မျက်လုံးထဲမှာ စိမ်းပြာ၊ ရွှေဝါရောင်အလင်းတွေက မနားတမ်း ပြေးနေသေးတယ်။
စောလှနဲ့ ၀ီလီတို့လည်း ကျွန်တော့်အနားရောက်လာကြပါတယ်။

            “ဘယ်မှာစားကြမလဲ”