Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, March 26, 2012

နွေဦးကာလ မြူထသောခါ

 ၂၀ရက်နေ့က နွေဦးရောက်ပြန်ပါပေါ့၊
နှင်းတွေလည်းပျောက်ကုန်ပြန်ပြီ။
ဘာရယ်မဟုတ်ဘူး ငယ်ငယ်ကကျက်ခဲ့ရတဲ့ " နွေဦးကာလ မြူထသောခါ" ကဗျာကို ပြန်ရွတ်ရွတ်ကြည့်တာ
နွေဦးကာလ၊ မြူထသောခါ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ခါ ကနေမတက်တော့ဘူး။ မှတ်ဥာဏ်က အဲလိုကောင်းတာ၊ ကျက်ပြီး စာမေးပွဲတစ်ခုပြီး အကုန်မေ့ပစ်လိုက်တာပဲ။
မေမေ့ကို ရသေးလား မေးကြည့်တော့ ရတယ်တဲ့။ မေမေက သူပြန်ရေးပေးမယ်ဆိုလို့။ ခု ရလာပြီ။
နောက်မမေ့အောင် ဒီမှာ သိမ်းထားလိုက်တော့မယ်။
အခု အဲဒီကဗျာလေးကို ပြန်ဖတ်ချင်နေလို့။
အဲဒီကဗျာလေး ကျက်တုန်းက ပြီးလျင်ရေမရှာ ခွေးကိုသာကျွေးတော့သည် ဆိုလို့ နားမလည်ကြလို့၊ သူငယ်ချင်းတွေနဲ့ ငြင်းခုံခဲ့ကြသေးတယ်။
ဆရာရှင်းပြတော့လည်းနားမလည်သေးဘူး။ အခုရော ........
နားမလည်ပြန်ပါဘူး၊ :D

photo from
နွေဦးကာလ၊ မြူထသောခါ
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ခါ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။

ထန်းပင်ထန်းခက်၊ ထန်းရွက်ကယ်ဝေေ၀
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ်ထန်းဦးရေ
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း
သားမြေးဟစ်အော်၊ ခွေးဝက်ကယ်ခေါ်
ထန်းလျှော်သာယုန်ပိုက်စည်းငယ်နှင့်လေး။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြေငြာ
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ခြောက်သောခါ
ပုတတ်ကယ် ယုန်ခါ၊ တောမှာရှိကြ
ငုံးကြက်ဖွတ်မြွေ။ ၀ံပုလွေ
မနေထွက်လာကြသည်နှင့်လေး။

ဝမ်းသာအားရ၊ မယားကတသွယ်
ဟင်းရွက်ဆိုးကောင်း သောင်းပြောင်းရော၍လွယ်
လင်ကတသွယ် ယုန်ငယ်ကစ
တောသတ္တ၀ါ၊ တွေ့ တိုင်းကိုသာ
အိတ်မှာသာယူ၍ထည့်သည်နှင့်လေး။

သို့နှင့်ရောက်က၊ ခဏအောင့်လျင်
တံစို့ ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်
ဟင်းအိုးဆူလျင်၊ အကင်ခတ်ပြီး
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်
မိုးမျှော်ငရုပ်သီးငယ်နှင့်လေး။

နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ
သမီးနှင့်သား၊ များလို့မ၀င်သာ
ဒူးတစ်ဘက်ဟာ၊ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ၊ စားတော့မည်စေ
စားပေသာလှ အုန်းခွက်ကယ်နှင့်လေး၊

ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်။
ပြီးလျင်ရေမရှာ ခွေးကိုသာ ကျွေးတော့သည်။
အလုပ်ကယ်ဧရာသာ ငုံ့ ကာလွေးတော့သည်။
သားမြေးငယ်မာချာ ဘယ်ညာထွေးတော့သည်။

ဝန်ကြီးပဒေဿရာဇာ

4 comments:

ပန်းချီ said...

ဒီကဗျာလေးကို စကားပြေရေးခဲ့ရတာ မှတ်မိနေသေးတယ် မရေ။ သတိတရနဲ့ အမှတ်တရပြန်တင်ပေးထားတာ ကျေးဇူးတင်လိုက်တာ။ အဲ..ကဗျာဖတ်တိုင်းလည်း ဗိုက်ဆာတယ်း))

ချော(အစိမ်းရောင်လွင်ပြင်) said...

ထန်းပင်လေးတွေ ပုံပါ ထည့်လိုက်ရင် သိပ်ကောင်းမှာ
ဒီကဗျာကို အမြဲတမ်း မှတ်မိနေတယ်
ဘာလို့ဆိုတော့ ကဗျာထဲက စရိုက်လေးတွေကို သဘောကျလို့လေ။
တကယ့်ကို မြန်မာအငွေ့အသက်နဲ့ ချစ်စရာကဗျာလေးနော်။

ဟန်ကြည် said...

ဝန်ကြီးပဒေသရာဇာဆိုတာ တကယ့်ကို ပြည်သူ့စာဆိုကြီးပေါ့ ဖြိုးဖြိုးရေ...လှေသမားဖွဲ့၊ ဆင်ဖမ်းသမားဖွဲ့၊ လယ်သမားဖွဲ့၊ ထန်းတက်သမားဖွဲ့စတဲ့ သာမန်ပြည်သူတွေရဲ့ ဘ၀တွေကို စာနာစိတ်အပြည့်နဲ့ ဖေးဖေးမမ၊ ချစ်စရာကောင်းအောင် ဖွဲ့တတ်တဲ့ လေးစားစရာ စာဆိုလို့ ဆိုရရင်လည်း မမှားပေဘူးပေါ့လေ...ချစ်ကြောင်း၊ ကြိုက်ကြောင်းတွေပဲ ရေးတတ်တဲ့ နတ်ရှင်နောင်တို့၊ န၀ဒေးတို့ လှိုင်ထိပ်ခေါင်တင်တို့ထက်တောင် ပိုပြီး လေးစားထိုက်တဲ့ စာဆိုကြီးပေါ့...

ဒီကဗျာမှာ ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်ဆိုတာကို ဆရာတို့ အညာဒေသသားတွေမှပဲ ရှင်းရှင်းလင်းလင်း သိနိုင်တာကလား...ဘာကြောင့်လဲဆိုတော့ အညာမှာက ခွေးဆိုတာ အိမ်သားတစ်ယောက်လောက်အထိ တန်ဖိုးထားခံရတာကိုး...အိမ်ခြေငါးဆယ် ခွေးအကောင် တစ်ရာဆိုတာ အညာဓလေ့ပေါ့...

ဒါတင်မကသေးဘဲ ရေကလည်း အင်မတန်ရှားတာကလား...ထန်းတောဆိုတာ မိုးခေါင်ရေရှားဒေသမှာပဲ ပေါတာကိုး...ဒီတော့လည်း ရေရှားလွန်းလို့ ထမင်းစားတဲ့ ဒေါင်းလန်းကို ရေမဆေးဘဲ ခွေးကို အလျက်ခိုင်းလိုက်တဲ့ သဘောပေါ့လေ...ဆိုလိုတာက ခွေးကိုလည်း လူလိုပဲ တန်ဖိုးတားတဲ့ သဘောလည်းပါသေးတာပေါ့...ဒါတင်မကသေးဘဲ ထန်းတက်သမားရဲ့ လောကကို ဖြစ်သလို၊ ကျသလို နေမယ်ထိုင်မယ်ဆိုတဲ့ ဘာမထီစရိုက်ကိုလည်း ထင်ဟပ်ချင်တဲ့ သဘောပေါ့လေ...

ကွန်မန့်တောင် တော်တော်ရှည်သွားတယ်...ဒါတောင်မှ ဒီကဗျာအကြောင်း ရှင်းစရာတွေမှာ တပုံကြီးကျန်သေးရဲ့...

Anonymous said...

I Like this Poem and thank for your
Post