Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, May 13, 2014

ညွှန်းတဲ့ ရုပ်ရှင်


The Grand Budapest Hotel
Comedy / Drama
Fox Searchlight Pictures
ဒါရိုက်တာ - Wes Anderson
ထုတ်လုပ်သူ - Wes Anderson, Jeremy Dawson, Steven M. Rales, Scott Rudin
ဇာတ်ညွှန်း - Wes Anderson
ဝတ္ထု - Wes Anderson, Hugo Guinness
သရုပ်ဆောင်များ - Saoirse Ronan, Jude Law, Ralph Fiennes

၁၉၂၀ ခုနှစ်ကာလ စစ်မီးတွေတောက်လောင်နေဆဲအချိန် ဥရောပက နာမည်ကြီး ဟိုတယ် Grand Budapest Hotel မှ အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြနေတယ်။ ဟိုတယ်ရဲ့ တာဝန်ခံ ဒဏ္ဍာရီဆန်ဆန်လှို့ဝှက်နက်နဲ၊ ခန့်မှန်းရခက်ခက် ဂူးစတပ်ဗ်အိတ်ခ်ျ(Ralph Fiennes) ရဲ့ စွန့်စားခန်းတွေပါ။ ဂူးစတပ်ဗ်အိတ်ခ်ျ ဟာ သူအင်မတန်ယုံကြည်သွားတဲ့ ဧည့်ကြိုလူငယ်လေး ဇီးရိုးမူစတာဖာ(Tony Revolori)ကို “လူကလေး ပန်းသီးနှင့်အတူ” ဆိုတဲ့ ပန်းချီကားကို အမွေပေးလိုက်တယ်။ ဂူးစတပ်ဗ် နဲ့ ချစ်ဇာတ်လမ်းတွယ်ရစ်နေသယောင်အနေအထားရှိတဲ့ အမျိုးသမီးကြီး မက်ဒိမ်းဒီ(Tilda Swinton) သေဆုံးသွားခဲ့ပြီးတဲ့အချိန်မှာ ပန်းချီကားကိုလွှဲပေးလိုက်တာပါ။ အမျိုးသမီးကြီးသေဆုံးတာရိုးရိုးလေးပဲမဟုတ်ခဲ့ဘူး။ အသတ်ခံရလိုက်တာဆိုတော့ ရဲတွေရဲ့ သင်္ကာမကင်းဖြစ်မှုတွေက ဂူးစတပ်ဗ်အိတ်ခ်ျဆီ တန်းတန်းမတ်မတ်ကြီးရောက်လာကြတယ်။ ဇီးရိုးမူစတာဖာ နဲ့ သူ့ရဲ့ အချစ်ကလေး အက်ဂ်သာ(Saoirse Ronan) တို့က ဂူးစတဗ် ပုန်းကွယ်ဖို့နေရာရှာပေးကြတယ်။ ရဲတွေလက်ကထွက်ပြေးနိုင်မလားလို့ ကူညီကြတယ်။ ပန်းချီကားကိုလည်း အာဏာပိုင်တွေလက်က လွတ်ကင်းလေမလား၊ သိမ်းဖွက်ဖို့ကြိုးစားကြတာပေါ့။ ရုပ်ရှင်ထဲက The Grand Budapest Hotel ရဲ့ တည်နေရာကတော့ ဂျာမန်-ပိုလန် နယ်စပ်အနီးက Görlitz မြို့မှာပါ။ သမိုင်းဆိုင်ရာအနုပညာပြခန်း Karstadt နဲ့ ဂျာမနီ က Hainewalde ရဲတိုက်မှာ ရိုက်ကူးထားတာတယ်။ မူလတုန်းက အဓိကဇာတ်ကောင် ဂူးစတပ်ဗ်နေရာမှာ Johnny Depp သရုပ်ဆောင်ဖို့ ရွေးချယ်ထားခဲ့ပေမဲ့ တကယ်ရိုက်ကူးဖြစ်ခဲ့တော့ အင်္ဂလိပ်သရုပ်ဆောင် Ralph Fiennes နဲ့ပါ။ Ralph Fiennes ဟာ အင်္ဂလိပ်စာရေးဆရာမ Emily Brontë ရဲ့ Wuthering Heights ဝတ္ထု - ၁၉၉၂ က ရုပ်ရှင်မှာ Heathcliff နေရာ၊ Schindler’s List မှာ Amon Göth ဇာတ်ကောင်နေရာ နဲ့ Harry Potter and the Deathly Hallows မှာ Lord Voldemort အဖြစ်လည်း သရုပ်ဆောင်ခဲ့တယ်။ 

300: Rise of an Empire
Action / Drama / War
Warner Bros. Pictures
ဒါရိုက်တာ - Noam Murro
ထုတ်လုပ်သူ - Gianni Nunnari, Mark Canton, Zack Snyder, Deborah Snyder, Bernie Goldmann
ဇာတ်ညွှန်း - Zack Snyder, Kurt Johnstad
ဝတ္ထု - Based on Xerxes (unpublished) by Frank Miller
သရုပ်ဆောင်များ - Sullivan Stapleton, Eva Green, Lena Headey, Hans Matheson, Rodrigo Santoro
ဂျေရူဆလင်ဖွား အစ္စရေးဒါရိုက်တာ Noam Murro ရဲ့အက်ရှင်တစ်ကားပါ။ ၂၀၀၇ ခုနှစ်က လူကြိုက်များခဲ့တဲ့ fantasy စွန့်စားခန်းတွေအပြည့်နဲ့ စိတ်ဝင်စားဖွယ်ရာ ရုပ်ရှင် 300 ရဲ့ နောက်ထပ်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ အမေရိကန်ဒါရိုက်တာ Zack Snyder ရဲ့ 300 မှာ တပ်သား သုံးသိန်းကျော်ရှိနေတဲ့ ပါရှန်း God-king ဇက်ဇီးစ် နဲ့ စပါတန်တပ်သား သုံးရာကို ဦးဆောင်တဲ့ ဘုရင် လီယိုနိုင်းဒပ်စ်တို့ရဲ့အားပြိုင်ရင်ဆိုင်တိုက်ခိုက်ကြတဲ့တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။ 300 မှာအထူးခြားဆုံးက Frank Miller နဲ့ Lynn Varley တို့ရဲ့ ကာတွန်းစာအုပ်ဇာတ်လမ်းတွဲ 300 ထဲကအတိုင်း ပုံရိပ်/ အရောင်အသွေးပါတူညီနေအောင် chroma key အထူးပြုလုပ်ချက်အသုံးပြုပြီး ကာတွန်းထဲကပုံရိပ်တွေပါ ပေါင်းစပ်ရိုက်ကူးခဲ့တယ်။ Rise of an Empire မှာ အေသင်သား စစ်ဘုရင် သီမီစတိုကလက်စ်၊ ပထမဆုံးပါရှန်းအင်ပါယာ “အာတီမီးစီးယားဘုရင်မ” နဲ့ ဇက်ဇီးစ်ဘုရင် တို့ကို ဇာတ်အိမ်တည်ထားတယ်။ ဘုရင်မ အာတီမီစီးယား I ဟာ ဒုတိယပါရှန်းစစ်ပွဲမှာ ဘုရင် ဇက်ဇီးစ် I နဲ့ မဟာမိတ်ယူခဲ့တယ်။ ဘီစီ ၄၈၀ စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ ပါရှန်းအင်ပါယာ နဲ့ ရှေးဂရိမဟာမိတ်တို့ကြားက တိုက်ပွဲအတွက် ရေကြောင်းတပ်သားတွေပြင်ဆင်မှုပြုလုပ်ကြတယ်။ ဂရိကျွန်းတွေထဲက ဒုတိယအကြီးဆုံးကျွန်း Euboea မြောက်ပိုင်း နဲ့ ပင်မကျွန်းမြေကြားက ရေလက်ကြားတွေမှာ စစ်ပြင်နေကြပြီ။ အဲဒီစစ်မြှူနေတဲ့လှုပ်ရှားမှုပုံရိပ်တွေဟာ ချောက်ချားစရာပါ။ ဂရိရဲ့ အကြီးဆုံးကျွန်း Salamis တိုက်ပွဲ နဲ့ အာတီမီးယားဘုရင်မ ဟာ အရေးအပါဆုံးဇာတ်ကောင်နေရာကရှိနေတယ်။ ဘီစီ ၄၉၀ မာရသွန်စစ်ပွဲအကြောင်းလည်းပါဝင်သေးတယ်။ မာရသွန်တိုက်ပွဲက ပထမပါရှန်းစစ်ပွဲအတွင်းဖြစ်ပွားခဲ့တာပါ။ ဆာလာမစ်ကျွန်းဟာ ဒဏ္ဍာရီထဲက ဂရိသူရဲကောင်း အေယက်စ် ရဲ့ မွေးဖွားရာဇာတိကျွန်းပေါ့။ ဒီရုပ်ရှင်မှာ ဇက်ဇီးစ်ဘုရင်ရဲ့ နောက်ခံသမိုင်း။ သူ ဘာကြောင့် God King ဆိုတဲ့နာမည်၊ ဘွဲ့ထူးဂုဏ်ထူးရခဲ့သလဲဆိုတာလည်း ပြောပြသွားမယ်လို့ဆိုတယ်။ အာတီမီးစီးယားဘုရင်မအဖြစ် ပြင်သစ်မော်ဒယ် သရုပ်ဆောင် Eva Green ပါဝင်သရုပ်ဆောင်ထားပါတယ်။

Non-Stop
Action / Mystery / Thriller
Universal Pictures
ဒါရိုက်တာ - Jaume Collet-Serra
ထုတ်လုပ်သူ - Joel Silver, Alex Heineman, Steve Richards, Andrew Rona
ဇာတ်ညွှန်း - John W. Richardson, Chris Roach, Ryan Engle
ဝတ္ထု - Josh W. Richardson, Chris Roach
သရုပ်ဆောင်များ - Liam Neeson, Julianne Moore, Nate Parker, Michelle Dockery, Linus Roache, Scoot McNairy, Corey Stoll


နယူးယောက်ကနေလန်ဒန်အသွားလေယာဉ်ပေါ်မှာ ယူအက်စ်ဗဟိုလေကြောင်းထိပ်တန်းအရာရှိတစ်ဦး၊ ဘီလ်မာ့ခ်စ်(Liam Neeson) ရှိနေတယ်။ ကွန်ယက်လုံခြုံရေးအပြည့်အဝကန့်သတ်ထားတဲ့နေရာမျိုးမှာ မာ့ခ်စ် text message တွေလက်ခံရရှိလိုက်တယ်။ “ဟဲလို၊ မာရှယ်လ်”  အဲဒီလို အစချီလာတဲ့ ခြိမ်းခြောက်တဲ့စကားလုံးတွေ ဆက်တိုက်ရလာခဲ့ပြီ။ စကားလုံးတွေထဲမှာ မိနစ် ၂၀ တိုင်းမှာ ခရီးသည်တစ်ဦးစီသတ်ဖြတ်သွားမယ်လို့ ပြောထားတယ်။ ဒေါ်လာ သန်း ၁၅၀ ဟာ လှို့ဝှက်ဘဏ်အကောင့်တစ်ခုထဲကိုဝင်နေတယ်။ ဘဏ်အကောင့်ဟာ မာ့ခ်စ်ရဲ့အမည်နဲ့ဆိုတာကို မြေပြင်က ဘဏ်မှာ ရှာဖွေတွေ့ရှိသွားတဲ့အခါ။ ဗုံးတစ်လုံးတပ်ဆင်ထားတယ်ဆိုတာကို မာ့ခ်စ်က လေထဲက လေယာဉ်ပေါ်မှာ ရှာဖွေတွေ့ရှိလိုက်တဲ့အခါ။ အဖြစ်အပျက်တွေက မိနစ်တိုင်း စက္ကန့်တိုင်း လျှင်မြန်လွန်းစွာ၊  မိနစ်နှစ်ဆယ်တိုင်းကို မာ့ခ်စ်ကယ်ဆယ်နိုင်ဖို့ ကြိုးစားချိန်မှာ၊ မာခ့်စ် ကိုယ်တိုင် လေယာဉ်အပိုင်စီးသူတစ်ဦးအဖြစ် တံဆိပ်ခတ်ခံခဲ့ရပြီးဖြစ်နေပြီ။ ဝေဟင်ထဲက လေယာဉ်တစ်စင်းပေါ်မှာ Non-Stop လှုပ်ရှားမှုတွေဟာ အသည်းတအေးအေး ထိတ်လန့်စရာကြီးပါ။ လေယာဉ်ရဲ့အမြီးပိုင်းတစ်ပိုင်းလုံး ပေါက်ကွဲလွင့်စင်သွားခဲ့တော့ ခရီးသည်တွေရဲ့ အသက်ဝိညာဉ်တွေ၊ အကောင်းအတိုင်းဆက်လက်ရှင်သန်နိုင်ပါ့မလား။ အဲဒီလေယာဉ်ရဲ့ ဘယ် ညာ ဘေးဘက်မှာ ယှဉ်လျှက်သား၊ လျှင်လျှင်မြန်မြန်မောင်းနှင်လိုက်ပါလာတဲ့လေယာဉ်နှစ်စီးနဲ့ လူတွေရဲ့အသက်ကို ဘယ်လိုတားဆီးမှာလဲ။ ချောက်ချောက်ချားချား စိတ်ဝင်စားစရာကောင်းလှတဲ့ Non-Stop ပါပဲ။ House of Wax နဲ့ ကျော်ကြားခဲ့တဲ့ စပိန်ဒါရိုက်တာ Jaume Collet-Serra ရဲ့ ဖန်တီးရိုက်ကူးထားပါတယ်။

Grace of Monaco
Biography / Drama
The Weinstein Company
ဒါရိုက်တာ - Olivier Dahan
ထုတ်လုပ်သူ - Arash Amel, Uday Chopra, Pierre-Ange Le Pogam
ဇာတ်ညွှန်း - Arash Amel
သရုပ်ဆောင်များ - Nicole Kidman, Tim Roth, Frank Langella, Parker PoseyMilo Ventimiglia, Derek Jacobi, Paz Vega
ချောမောလှပလွန်းသူ အမေရိကန်ရုပ်ရှင်စတား၊ မိုနာကိုမင်းသားရိန်းနီးယား III ရဲ့ ဇနီး၊ မိုနာကိုမင်းသမီး ဂရေစ့်ကယ်လီ ရဲ့ ဘဝဇာတ်ကြောင်း၊ အတ္ထုပတ္တိ ရုပ်ရှင်ပါ။ ပြင်သစ်ဒါရိုက်တာ Oliver Dahan ကရိုက်ကူးထားပါတယ်။ မိန်းမချောလေး ဂရေစ့်ကယ်လီရဲ့ လက်ထပ်ထိမ်းမြားခြင်း နဲ့ သူမရဲ့ ဖြစ်တည်မှုတွေ၊ အထူးသဖြင့် ခင်ပွန်းသည်မိုနာကိုမင်းသား ရိန်းနီးယား III နဲ့ ဒုတိယကမ္ဘာစစ်အတွင်း Free French Forces ကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး ချားလ်စ် ဒီ ဂိုးလ်ကြားက အငြင်းပွားစရာ၊ သဘောထားကွဲလွဲစရာအဖြစ်အပျက်တွေကို ပုံဖော်ပြသထားတယ်။ ပြင်သစ်အာဏာပိုင်တွေထိန်းချုပ်ထားတဲ့ မိုနာကိုနယ်ရဲ့ မီဒီယာတွေဖြစ်တဲ့ Radio Monte Carlo(RMC) နဲ့ Télé Monte Carlo(TMC) ရဲ့ အမေးအဖြေတွေမှာ ရိန်းနီးယားဟာ ဂရေစ့်ကယ်လီနဲ့ရွှေလက်တွဲမယ့်အရေးကိစ္စတွေမှာ အော်ကျယ်ဟစ်ကျယ်အငြင်းအခုံဖြစ်ခဲ့တာတွေပါဝင်တယ်။ အဲဒီအတွက် ပြင်သစ်အာဏာပိုင်တွေက မိုနာကိုနယ်ကို ပိတ်ဆို့မှုတွေစတင်ပြုလုပ်လာခဲ့တာပါ။ မိုနာကိုတော်ဝင်မိသားစုဝင်တွေဖြစ်တဲ့ ဂရေ့စ်ကယ်လီရဲ့ သားကြီး မင်းသား အဲလ်ဘတ် II ၊ သမီးငယ်တွေဖြစ်တဲ့ မင်းသမီး ကာရိုလိုင်း နဲ့ မင်းသမီးစတက်ဖနီ တို့က Grace of Monaco ရဲ့ ဇာတ်ညွှန်းကို ပြစ်တင်ဝေဖန်ခဲ့ကြပါသေးတယ်။ “ဘာမှစွဲမက်နှစ်သက်ဖွယ်ရာမရှိ၊ သမိုင်းဆိုင်ရာအထောက်အထားတွေလည်း မှန်ကန်မှုမရှိ” လို့ဆိုပြီး ပြောင်းလဲမှုတွေပြုလုပ်ဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ ရုပ်ရှင်ဖန်တီးသူတွေက မသိကျိုးကျွန်ပြုပါတယ်။ ဂရေစ့်ကယ်လီအဖြစ် သရုပ်ဆောင်ထားတဲ့ Nicole Kidman က “ဒီရုပ်ရှင်ဟာ ဂရေစ့်ကယ်လီရဲ့ အတ္ထုပတ္တိမဟုတ်သလို စိတ်ကူးယဉ်ဖန်တီးထားတဲ့မှတ်တမ်းကားလည်းမဟုတ်ပြန်ဘူး။ ဒါပေမဲ့ သူမရဲ့ ဘဝထဲက လူသားဆန်လှတဲ့ဖြစ်ရပ်အစိတ်အပိုင်းသေးသေးလေး၊ အဲဒီမှာ သူမရဲ့ ကြောက်ရွံ့မှုတွေ နဲ့ အားနည်းပျော့ညံ့မှုတွေရှိတယ်။ အဲဒါကို ရည်ညွှန်းပြသချင်တာ” လို့ ဆိုတယ်။ ဒါရိုက်တာ Olivier Dahan ကလည်း တုံ့ပြန်ပါတယ်။ “ကျွန်တော်ဟာ ဂျာနယ်လစ်တစ်ဦးမဟုတ်ဘူး။ သမိုင်းဆရာလည်းမဟုတ်ပါဘူး။ ကျွန်တော်က အနုပညာရှင်ပါ။ သူမရဲ့မိသားစု၊ ခင်ပွန်းသည်နဲ့ သူမရဲ့ ဝါသနာရပ်တည်မှုတွေအားလုံးကို စည်းချက်ညီဖို့ ကြိုးစားခဲ့တဲ့အမျိုးသမီးတစ်ဦးရဲ့ လူသားဆန်တဲ့ပုံတူကိုပဲ ဖန်တီးပြချင်တာ။ သူမရဲ့ရပ်တည်မှုရုပ်ရှင်လုပ်ငန်းတွေ လွှတ်ချထားပြစ်ခဲ့ရပြီး တခြားဇာတ်ကောင်တစ်ခု တီထွင်နေထိုင်သွားရတယ်။ သူတို့ရဲ့မိခင်ဆိုတော့ အဲဒီရှုထောင့်ဟာ နာကျင်စရာဖြစ်ခဲ့မှာပါ။ ကျွန်တော်ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးချင်ပါဘူး။ ပြောစရာတစ်ခုပဲရှိပါတယ်။ ဒါဟာ ရုပ်ရှင်အနုပညာပါ” တဲ့။
ဖြိုးဖြိုး
(Yati Magazine, March, 2014)