Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 02, 2014

ဟိုသတင်း ဒီသတင်း

(ခရီးသွားသတင်းများ)
ဖြိုးဖြိုး

ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ဆောက်လုပ်ရေးတွေကို အရသာတွေ့နေတဲ့ ဒူဘိုင်း

ဒူဘိုင်းဟာ ဒေါ်လာဘီလီယံပေါင်းများစွာအထိကုန်ကျမယ့် ကမ္ဘာ့အကြီးဆုံး လေဆိပ်ဆောက်လုပ်ဖို့ အာသီသပြင်းပြအတိုင်းပဲ ဆောက်လုပ်ရေးအတွက်ဆက်ပြီးလုပ်ဆောင်နေပါပြီ။ ကမ္ဘာ့အကြီးဆုံး လေဆိပ်စီမံကိန်းကို စက်တင်ဘာလဒုတိယပတ်လောက်ကနေ အရှိန်မြှင့်တင်ဖို့ ဒူဘိုင်းအစိုးရရဲ့ ခွင့်ပြုချက်ရရှိခဲ့တယ်။ ယူအေအီးနိုင်ငံ ဒုတိယသမ္မတ Sheikh Mohammed bin Rashid Al Maktoum က ဒေါ်လာ ၃၂ ဘီလီယံ ငွေကြေးအတွက် အတည်ပြုပေးလိုက်ပါပြီ။ ဒူဘိုင်းစီးပွားရေးဇုံဖြစ်တဲ့ Dubai World Central မှာဆောက်လုပ်ဖွင့်လှစ်ထားတဲ့ Al Maktoum နိုင်ငံတကာလေဆိပ်ကို ထပ်မံတိုးချဲ့ဆောက်လုပ်မှာပါ။ ဒီလေဆိပ်ကို ပြီးခဲ့တဲ့နှစ်က ခရီးသွားတွေအသုံးပြုဖို့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နှစ်စဉ် ခရီးသည် သန်း ၂၀၀ ကျော်အတွက် ဖြည့်တင်းစီစဉ်ရမှာဖြစ်ပြီး cargo တန်း ၁၂ သန်းအတွက်လည်း ပိုပြီးပြင်ဆင်ရမှာပါ။ ပထမအဆင့်မှာ နှစ်စဉ်ခရီးသည် သန်း ၁၂၀ ရဲ့ ဆံ့နိုင်တဲ့ပမာဏ ဂြိုဟ်တုဆက်သွယ်ထားတဲ့အဆောက်အဦအသစ် နှစ်လုံးဆောက်လုပ်ရေးပါဝင်ပါလိမ့်မယ်။ တစ်ကြိမ်မှာ Airbus A380 လေယာဉ် ၁၀၀ လက်ခံဆင်းသက်နိုင်အောင် တည်ဆောက်မှာပါ။ ပထမအဆင့်တိုးချဲ့မှုကို ၆နှစ် ကနေ ၈ နှစ်အတွင်းပြီးစီးမယ်လို့ မျှော်မှန်းထားကြပြီး တည်ဆောက်ပြုပြင်မှုတစ်ခုလုံးဟာ ၅၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါလိမ့်မယ်။ လက်ရှိမှာတော့ ခရီးသည်တစ်ဝက်ကျော်ခန့်ဟာ ဒူဘိုင်းကနေ သူတို့ရဲ့ ခရီးစဉ်သွားမယ့်နေရာကို ဆက်ပြီးသွားကြရတယ်။ လေဆိပ်အသစ်မှာတော့ ဂိတ်တွေကြားမှာ စက်ရထားပြေးဆွဲနေမယ့်စနစ် နဲ့ ရွေ့လျားလူကူးဖယ်ရီတွေအပြည့်အစုံတပ်ဆင်ထားမှာပါ။ လေဆိပ်တိုးချဲ့ဆောက်လုပ်မှုဟာ မြို့တော်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ DWC စီးပွားရေးဇုံရဲ့ ဆက်သွယ်နေပါတယ်။ လူနေအိမ်ရာအဆောက်အဦတွေနဲ့ နားနားနေနေအနားယူနိုင်မယ့် အဆောက်အအုံတွေလည်းပါဝင်ပါလိမ့်မယ်။ ဒီဆောက်လုပ်ရေးဟာ ၂၀၂၀ မှာပြုလုပ်မယ့် ဒူဘိုင်းရဲ့ World Expo အခင်းအကျင်းထဲက တစ်ခုအပါအဝင်ပါ။ ဒူဘိုင်းလေဆိပ် CEO ပေါလ်ဂရစ်ဖစ်က "ဒူဘိုင်းလေယာဉ်ထုတ်လုပ်မှုရဲ့ အားကောင်းတဲ့ထောက်ခံချက်တစ်ခုလိုပါပဲ" လို့ ညွှန်းဆိုလိုက်တယ်။ ခရီးသည်အရေအတွက်ကိုတော့ ၂၀၂၀ မှာ သန်း ၁၀၀ ခန့်အထိရောက်ရှိဖို့ မျှော်လင့်ထားကြပါတယ်။ လေဆိပ်ဖွင့်လှစ်ခဲ့ပြီးချိန်ကစလို့ နှစ်စဉ်ခရီးသည် ၁၅ ရာခိုင်နှုန်း ပျမ်းမျှတိုးတက်ခဲ့တယ်။ ဂရစ်ဖ်ကပြောပါတယ်။ "ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ DWC (Al Maktoum International Airport) မှာ တည်ရှိနေပါတယ်" တဲ့။

မီးတောင်ရှုခင်း အကောင်းဆုံးမြင်ကွင်း
အိုက်စ်လန်ဒ်မီးတောင်တွေ ပေါက်ကွဲပွင့်ထွက်လာတဲ့အခါတိုင်း လေယာဉ်တွေ အဲဒီနားတစ်ဝိုက်ပျံသန်းခွင့်မပေးတာ အမြဲလိုလို ကြားသိနေခဲ့ရပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မီးတောင်ပေါ်ကနေ အကောင်းဆုံးမြင်ရမယ့်မြင်ကွင်းမျိုး ခရီးသည်တွေကို ပြသနိုင်ဖို့ လေယာဉ်မှူးကကြိုးစားခဲ့ပါတယ်။ Bardarbunga မီးတောင်ဆီကနေ ပွင့်အန်လျှံကျလာတဲ့ ချော်ရည် ချော်ခဲနဲ့ တလိပ်လိပ်သိပ်သိပ်သည်းသည်းထွက်ပေါ်နေခဲ့တဲ့ မီးခိုးငွေ့တွေပေါ်က ကျော်ဖြတ်ပြီး ထူးခြားတဲ့လမ်းကြောင်းအတိုင်း လေယာဉ်မှူးက မောင်းနှင်ခဲ့တယ်။ ခရီးသည်တစ်ဦးဟာ အဲဒီမြင်ကွင်းကို Twitter ပေါ်တင်လိုက်ပါတယ်။ "လေယာဉ်မှူးဟာ ပုံမှန်ထက် ပိုတဲ့လမ်းကြောင်းမျိုးနဲ့ Bardarbunga ဝန်းကျင်ကနေ ဒီမနက် မောင်းနှင်ပျံသန်းပါတယ်။ ခရီးသည်တွေ ကြည့်ရှုနိုင်အောင်လို့ပါ" လို့ အဲဒီခရီးသည်က ရေးသားခဲ့ပြီး ဓာတ်ပုံအတွက် လေယာဉ်မှူး အာလာဗင်းဆီ ကို ကျေးဇူးတင်တယ်လို့ ရေးသားခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲနေတဲ့နေရာဝန်းကျင်မှာ ခရီးတို စက်ဝိုင်းပုံ လှည့်ပတ်ပျံသန်းပေးခဲ့တာပါ။ မီးတောင်ဗဟိုအပေါ်ကနေပျံသန်းပြီး ချော်ရည်တွေရဲ့လှုပ်ရှားမှုကို ပြသခဲ့တယ်။ ခရီးသည်တွေဟာ ကောင်းကင်ကနေ မီးတောင်ဆီမြင်ကွင်းမျိုး ဓာတ်ပုံရိုက်ယူနိုင်ခဲ့ကြပါတယ်။ ခရီးသွားလေယာဉ်က လေယာဉ်မှူးတွေ tour guide လို ပြောင်းလဲသွားခဲ့တာဟာ မကြာခဏဖြစ်နိုင်မယ့်အနေအထားတော့မဟုတ်ပါဘူး။ လေလမ်းကြောင်းအရှိန်၊ အမြင့်ပေ နဲ့ ရာသီဥတုအခြေအနေတွေကြည်ရှုတွက်ချက်ဖို့ အရေးပါလှတယ်။ Bardarbunga ဝန်းကျင်မှာ မီးတောင်လှုပ်ရှားမှုတွေကို သြဂုတ်လက စတင်ခံစားခဲ့ရတယ်။ အိုက်စ်လန် မိုးလေဝသရုံးက လေယာဉ်ပျံသန်းမှုခြိမ်းခြောက်တဲ့အဆင့်ကို အမြင့်ဆုံး အနီရောင်အဆင့်အဖြစ် ထုတ်ပြန်ကာ သတိပေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အိုက်စ်လန်ဒ်က တခြား မီးတောင်တစ်ခု ဖြစ်တဲ့ Eyjafjallajokull ၂၀၁၀ တုန်းက ပြင်းပြန်းထန်ထန် ပေါက်ကွဲ့မှုဖြစ်ခဲ့တာကြောင့် ရက်သတ္တပတ်အတော်ကြာ လေကြောင်းတွေဖျက်သိမ်းခဲ့ကြတယ်။ အဲဒီတုန်းကလို Bardabunga မီးတောင်ရဲ့ ပေါက်ကွဲမှုတွေ ပြင်းထန်လာခဲ့မလား ကြေက်ရွံ့မှုတွေရှိခဲ့ကြတယ်။ နောက်ပိုင်း ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ အနီရောင်ကနေ လိမ္မော်အဆင့်အဖြစ် နိမ့်ကျသွားခဲ့ပါတယ်။ သတိပေးချက်တွေ လျှော့ချခဲ့ကြတယ်။ တရားဝင်းသတင်းတွေမှာတော့ မီးတောင်မှာ မြေငလျင်လှုပ်ရှားတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဆိုတယ်။ မီးတောင်ကထွက်တဲ့ပြာမှုန်တွေဟာ လေယာဉ်အတွက် အန္တရာယ်များလှတယ်။ မြင်ကွင်းကို မှုန်ဝါးသွားစေတယ်။ လေယာဉ်ထိန်းချုပ်မှုပျက်စီးတာတွေ နဲ့ အဆုံးမှာ လေယာဉ်အင်ဂျင်တွေ ချို့ယွင်းတာ ဖြစ်နိုင်တယ်။ လုံခြုံစိတ်ချရတဲ့ အကွာအဝေးကနေဆိုရင်တော့ မီးတောင်ကို ကောင်းကင်မြင်ကွင်းကနေ နောက်ထပ်တစ်ကြိမ်ကြည့်ရဖို့ ထိုက်တန်လှတယ်။

စင်္ကာပူ ကမ္ဘာ့ဗိသုကာပညာပွဲတော်က အံ့ဘနန်းအဆောက်အဦတွေ
ဗိသုကာပညာရှင် ဇာဟာ ဟာဒစ်ဒ်ရဲ့ တောင်ကိုးရီးယားနိုင်ငံက အာကာသယာဉ်ပုံစံ Dongdaemun Design Plaza ၊ အတွေးအမြင်သစ်ကိုဖော်ဆောင်ပေးတဲ့ စင်္ကာပူက သက်တမ်းအရှည်ကြာဆုံး ဗုဒ္ဓဘုရားကျောင်း နဲ့ ရေကန်တစ်ကန်ရဲ့ ထိပ်နားမှာ ခြေပစ်လက်ပစ် လှဲလှောင်းနေသလိုပုံစံမျိုးနဲ့ ကိုယ်ပိုင်ကတုတ်ကျင်း တို့ဟာ စက်တင်ဘာလကုန်ပိုင်းက စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဗိသုကာပညာပွဲတော်မှာ စကာတင်အဆင့်ဝင်တဲ့ အဆောက်အဦတွေပါ။ အဲဒီပွဲတော်ကျင်းပပြုလုပ်ခဲ့တာ ခုနစ်နှစ်ရှိခဲ့ပါပြီ။ အဆောက်အဦဒီဇိုင်းမှာ ကမ္ဘာ့အကြီးကျယ်ဆုံးအခမ်းအနားဖြစ်ပါတယ်။ နိုင်ငံပေါင်း ၅၀ က ကုမ္ပဏီပေါင်း ရာကျော်ပြသခဲ့ကြပြီး အမျိုးအစား ၂၇ မျိုး(ဟိုတယ် နဲ့ အနားယူစခန်း၊ ပညာရေးနဲ့ အနုပညာလက်ရာအခင်းအကျင်း နဲ့ တခြားအမျိုးအစားတွေ) ပါဝင်ယှဉ်ပြိုင်ရပါတယ်။ ၃ ရက်ကြာပြုလုပ်ယှဉ်ပြိုင်ခဲ့တြဲ့ အခမ်းအနားပါ။ အမျိုးအစားတစ်ခုစီရဲ့ အောင်နိုင်သူတွေဟာ ကြီးကျယ်တဲ့ဆုတံဆိပ်တွေဖြစ်တဲ့ World Building of the Year နဲ့ Future Project of the Year ဆုအတွက် ယှဉ်ပြိုင်ရပါဦးမယ်။ ၂၀၁၃ ခုနှစ် Building of the Year ဆုကို ဗိသုကာပညာရှင် ဖရန့်စစ်ဂျုံးစ်မိုရီဟန် ရဲ့ ဒီဇိုင်း Auckland Art Gallery Toi o Tamaki က ရရိခဲ့တယ်။ Future Project of  the Year 2013 ဆုကို သြစတြေးလျအခြေစိုက် ကုမ္ပဏီ Cox Rayner ဗိသုကာပညာရှင်တို့ရဲ့ ဒီဇိုင်း တရုတ်နိုင်ငံက National Maritime Museum က ရရှိသွားခဲ့တယ်။ ဒီနှစ်အတွက်အစီအစဉ်မှာ ဆုအသစ် နှစ်မျိုး ပေါင်းထည့်ထားတယ်လို့ ဆိုပါတယ်။ ပါဝင်ကြသူတွေထဲမှာ နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Zaha Hadid ဗိသုကာပညာရှင်တွေ၊ Foster & Partners နဲ့ Aedas တို့လည်းပါဝင်ကြတယ်။ လျှောက်ထားခဲ့ကြသူတွေမှာ တရုတ်နိုင်ငံက ၈၇ ရာခိုင်နှုန်း၊ မလေးရှားက ၇၁ ရာခိုင်နှုန်းနဲ့ ဗီယက်နမ်က ၁၄၀ ရာခိုင်နှုန်းအထွပါဝင်ကြတယ်။ ဂုဏ်သတင်းကြီးလှတဲ့ ဆုပေးပွဲအခမ်းအနားမှာ ကမ္ဘာ့ဗိသုကာပညာပွဲတော်ကနေ ဆွေးနွေးပွဲ နဲ့ ဟောပြောပို့ချချက်တွေလည်း လက်ခံစီစဉ်ပေးခဲ့ကြတယ်။
World Architecture Festival, October 1-3, 2014, Marina Bay Sands, Singapore

ကမ္ဘာ့အနက်ဆုံးရေကူးကန်ထဲ ဒိုင်ဗင်ပစ်ရဲမလား
အီတလီက spa မှာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်စာရင်းဝင် ကမ္ဘာ့အနက်ဆုံးရေကူးကန်ကို ဖွင့်လှစ်ခဲ့ပါတယ်။ Y-40 Deep Joy လို့ အမည်ပေးထားတဲ့ အဲဒီရေကူးကန်ကို အခုဆိုရင် စိတ်ဝင်စားမှုများပြားလာကြတယ်။ အီတလီနိုင်ငံ၊ ဗင်းနစ်မြို့အနီး Montegrotto Terme အပမ်းဖြေဧရိယာမှာ ရှိတဲ့ Hotel Millepini မှာ ရေကူးကန်ကို ဆောက်လုပ်ခဲ့ကြတယ်။ Deep Joy ရဲ့ ထူးခြားတဲ့အချက်တွေက ကန်ထဲကို ဦးစိုက်ထိုးဆင်လိုက်ရင် အောက်ဘက်ကို ငုပ်လှိုးရင်း ဆက် ဆက်ပြီး ငုပ်လှိုးရင်းနဲ့ ၄၂ မီတာ(၁၃၈ ပေ)  အထို ကူးသွားနိုင်တယ်။ ရေကူးကန်နေရာအတွက်တော့ ၁၃ ထပ်ရှိတဲံ အဆောက်အဦမှာတည်ဆောက်ထားတာပါ။ ဗိသုကာပညာရှင် အီမာန်နျူလဲ ဘိုရက်ထို ရဲ့ ဒီဇိုင်းဖြစ်ပြီး တည်ဆောက်ချိန်မှာ တစ်နှစ်ခန့်ကြာတယ်လို့ဆိုတယ်။ Deep Joy ဟာ ရေငုပ်ရာမှာစိတ်ဝင်စားလွန်းတဲ့သူတွေ၊ အလွတ်ဒိုင်ဗင်သမားတွေ နဲ့ ရေထဲအားကစားနည်းကစားတဲ့သူတွေကို ဆွဲဆောင်လိုတယ်။ သဘာဝစမ်းချောင်းကရေကို သွယ်ယူပြီး ရေကန်မှာ ပူနွေးနေတဲ့ ရေဂါလံ ၄.၃ သန်း(၁.၁ မီလီယံဂါလံ) ဖြည့်ထားပါတယ်။ ရေအောက်ဥမင်လိုဏ်ဂူတွေလည်း ရေနက်ပိုင်းမှာရှိနေတယ်။ ရေငုပ်ဒိုင်ဗင်သမားတွေအတွက် လေ့ကျင့်နိုင်စေဖို့ ရည်ရွယ်ထားတာပါ။ အဆောက်အဦထဲကနေ လိုဏ်ဂူတွေဆီ ထွင်းဖောက်မြင်တွေ့နိုင်အောင်တည်ဆောက်ထားသေးတယ်။ Deep Joy ကို ၂၀၁၄ နှစ်ဦးပိုင်းလောက်က ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲမှာ အီတလီမှ ကမ္ဘာ့အလွတ်ဒိုင်ဗင်ချန်ပီယံ အမ်ဘာတို ပဲလီဇာရီ နဲ့ အီလာရီယာ မိုလီနာရီ တို့ လာရောက်ကူးခတ်လေ့လာခဲ့ကြတယ်။ ကမ္ဘာ့အနက်ဆုံးရေကူးကန်ဖန်တီးသူတွေဟာ Montegrotto Terme ကို နိုင်ငံတကာဒိုင်ဗင်စင်တာအဖြစ်ပြောင်းလဲနိုင်မယ်။ ဥရောပရဲ့ အကြီးမားဆုံး ရေပူရေနွေးစမ်းချောင်းအဖြစ်နာမည်ကျော်ကြားစေဖို့ မျှော်လင့်နေကြပါတယ်။ 
Y-40 The Deep Joy, Hotel Terme Millepini, 42, Via Catajo, Montegrotto Terme, Padova; +39 049 891 1766

Source : CNN Travel
(Living Fashion Magazine, November, 2014)
ဖြိုးဖြိုး

No comments: