Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 02, 2014

ဟိုသတင်း ဒီသတင်း

(ဂီတသတင်းများ)
ဖြိုးဖြိုး
 dating ဟာ စိတ်ကူးထဲမှာ နောက်ဆုံးအရာ ဆိုတဲ့ တေလာဆွစ်ဖ်
တေလာဆွစ်ဖ်မှာ တအံ့တသြဖြစ်စရာလေးရှိနေပါပြီ။ သူမဆိုတဲ့အသည်းကွဲသီချင်းလေးတွေကြောင့် လွမ်းတေးသီသူလို့ နာမည်ရနေခဲ့ပေမယ့် အခု တစ်ကိုယ်တည်းပျော်ရွှင်မြူးထူးနေတဲ့ ပေါပ့်စတားလေးဖြစ်နေပါတယ်။ Shake it Off သီချင်းရှင်လေးမှာ ကိုယ်ပိုင်ဟန်လေးနဲ့ပဲ မြူးကြွလှုပ်ရှားတယ်။ ယိမ်းနွဲ့ကခုန်နေပါတယ်။ အင်္ဂလိပ်သတင်းစာ Vogue ရဲ့ မျက်နှာဖုံးနိုဝင်္ဘာလမျက်နှာဖုံးအသစ်မှာ ဆွဲဆောင်မှုပြည့်ဝတဲ့အကြည့်၊ ပြုံးယောင်ယောင်နှုတ်ခမ်းလေးနဲ့ လန်းဆန်းလှတဲ့ ကမ်းထရီး-ပေါပ့်အဆိုရှင်လေးကို မြင်တွေ့ရဦးမယ်။ မဂ္ဂဇင်းထဲမှာ သူမ ဘာကြောင့်အဲဒီလို ပျော်ပျော်ရွှင်ရွှင် တစ်ကိုယ်တည်းဘဝကိုပိုင်ဆိုင်ထားသလဲ ဆိုတာ ရှင်းပြထားပါသေးတယ်။ "dating ဒါမှမဟုတ် တစ်ဦးတစ်ယောက်ကိုဖွေရှာခြင်းဆိုတာတွေဟာ ကျွန်မစိတ်ထဲမှာ နောက်ဆုံးမှာရှိနေတဲ့အရာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်ပုံစံနဲ့နေထိုင်တဲ့ကျွန်မဘဝမှာ သူတို့ ဘယ်လိုမွမ်းမံခြယ်လှယ်မလဲ၊ ကျွန်မ ပုံဖော်ကြည့်လို့မရနိုင်ဘူး"တဲ့။ ဆွစ်ဖ်ရဲ့ အချစ်ဟောင်းတွေမှာဆိုရင် Jake Gyllenhaal, Joe Jonas, Taylor Lautner နဲ့ Harry Styles တို့လို ကျော်ကြားသူတွေအပြင် တခြားဆုံတွေ့တဲ့သူတွေအများကြီးရှိခဲ့ပေမယ့် အခုထိ ဆွစ်ဖ်ဟာ တစ်ကိုယ်တည်းဘဝမှာပဲ ပေါ့ပေါ့ပါးပါးပျော်ရွှင်နေဆဲပါ။ ကင်မရာတွေလွယ်ထားကြတဲ့ အမျိုးသား ၂၀ ဦးအရှေ့မှာ အဲဒီအမျိုးသားဘယ်လိုလျှောက်လှမ်းမလဲ။ သူ့ရဲ့ မိန်းကလေးကို သူ မကာကွယ်နိုင်ဘူး။ ဒါ သူမရွေးချယ်ထားခဲ့တဲ့ ဘဝပါ လို့ ဆွစ်ဖ်ကပြောပါတယ်။ အချစ်ကို လက်မြှောက်အရှုံးပေးလိုက်ပြီလို့တော့ မတွေးထင်လိုက်ပါနဲ့ဦး လို့လည်း ဆိုတယ်။ Shake it Off စင်ဂယ်လ်သီချင်းအပါအဝင် အသစ်ထွက်ရှိမယ့်အယ်လ်ဘမ်အတွက် ပြောင်းလဲမှုတွေအများကြီးနဲ့ သူမကြိုးစားထားတယ်။ ဒီနေ့ထက်ထိ သူမ ပုံဖော်ထုဆစ်ခဲ့ဖူးတဲ့သီချင်းအမျိုးအစားအားလုံးနဲ့မတူဘဲ၊ လုံးဝပြောင်းလဲပြီး ဖန်တီးထားတယ်။ အယ်လ်ဘမ်အသစ်ကြောင့် ကမ်းထရီးသီချင်းအမျိုးအစားကနေ ပေါပ့်ဂီတအမျိုးအစားကိုကူးပြောင်းတော့မယ်လို့ ဆွစ်ဖ်ရဲ့ ကမ်းထရီးပရိတ်သတ်တွေက ညည်းညူနေကြပေမယ့် ဆွစ်ဖ်ကတော့ ဒီလိုပြောပါတယ်။ "ပရိသတ်တွေရဲ့အကြိုက်၊ ခံစားချက်တွေကို အနာတရမဖြစ်စေချင်ပါဘူး။ ၁၄ နှစ်အရွယ်ကတည်းက နေထိုင်ခဲ့တဲ့ Nashville ကိုလည်း ဘယ်တော့မှသစ္စာမဖောက်ဘူး။ ဒါပေမဲ့ ဒါဟာ အနုပညာရှင်တစ်ဦး စိန်ခေါ်မှုတစ်ရပ်ဆီ လက်ကမ်းလိုက်တာပါ" တဲ့။ ဆွစ်ဖ်ရဲ့ ၅ ခုမြောက်အယ်လ်ဘမ်အသစ် 1989 ဟာ အောက်တိုဘာ ၂၇ မှာ ထွက်ရှိခဲ့ပါတယ်။ Shake it Off ကို ဆွစ်ဖ်၊ မက်စ်မာတင် နဲ့ ရှဲလ်ဘက်ခ် တို့အတူရေးသားခဲ့ပါတယ်။

ဒေါက်တာ ဇီဗားဂိုး ဘရော့ဒ်ဝေးကဇာတ်ရုံကို ခြေလှမ်းပြင်နေပြီ
စင်ဒရဲလား နောက်ဆုံး version ဟာ ဘရော့ဒ်ဝေးကဇာတ်ရုံမှာ မကြာမီတင်ဆက်ပြသပါလိမ့်မယ်။ ဒါပေမဲ့ ပြဇာတ်သီချင်းဖျော်ဖြေတင်ဆက်ပုံတွေ ကြိုက်နှစ်သက်ကြတဲ့ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုအားလုံးကို သိမ်းကျုံးယူဆောင်နိုင်မယ့် တခြား ဂီတပြဇာတ်တစ်ခုကလည်း အဆင်သင့်ဖြစ်နေပါပြီ။ အဲဒီဂီတပြဇာတ်ကတော့ ၁၉၆၅ ခုနှစ်က နာမည်ကျော်ကြားလှတဲ့ ရုပ်ရှင် Doctor Zhivago ကို ပြဇာတ်အသွင်ပြောင်း တင်ဆက်မယ့်ပြဇာတ်ပါ။ ၁၉၄၀ နှောင်းပိုင်း ၁၉၅၀ အစပိုင်းကာလ၊ ဒုတိယကမ္ဘာစစ်နဲ့ ရုရှားတော်လှန်ရေးနောက်ခံထားတဲ့ ရုပ်ရှင် Doctor Zhivago ကို musical version အဖြစ်ပြောင်းလဲပြီး ဘရော့ဒ်ဝေးကဇတ်ရုံမှာ ကပြမှာဖြစ်ပါတယ်။ ပြဇာတ်မှာ ပါဝင်သီဆိုသရုပ်ဆောင်မယ့်သူတွေကို မကြာမီကြေညာပါလိမ့်မယ်။ Doctor Zhivago ၁၀စုနှစ်များစွာ လက်ရှိခေတ်ကာလတိုင်အောင် ပေါ်ပြူလာဖြစ်နေဆဲရုပ်ရှင်ပါ။ အကယ်ဒမီဆု ၅ ဆုနဲ့ တခြားဆု ၅ ဆုအတွက် စကာတင်စာရင်းဝင်ခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်း၊ မူရင်းဝတ္ထုကို စာပေနိုဘယ်လ်ဆုရှင် ရုရှားကဗျာဆရာ ဘောရစ်ပါစတာနက်ခ် ရေးသားခဲ့ပြီး အဲဒီ Doctor Zhivago ဝတ္ထုကို ၁၉၅၇ မှာ ထုတ်ဝေခဲ့ပါတယ်။


အိပ်မက်ကျောင်းမှာ ဆရာလုပ်မယ့် 50 Cent
"ဒါဟာ သင့်ရဲ့ ထင်ရှားကျော်ကြားမှုကို မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးချဖို့ အခွင့်အရေးပါ" အမေရိကန် ရက်ပ်အဆိုတော် 50 Cent က ပြောပါတယ်။  50 Cent ဟာ ပြီးခဲ့တဲ့ ၄ နှစ်က လူ့အဖွဲ့အစည်းအတွက်အကျိုးပြုနိုင်မယ့် ပူးပေါင်းပါဝင်မှုအဖြစ် ခရစ်ယာန်ပွဲတော်တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ "ကျွန်တော်ရဲ့ အရည်အသွေးကို စတင်တန်ဖိုးဖြတ်လိုက်တယ်။ ပြီးတော့ လူတွေ ကျွန်တော့်ကို ဘယ်လိုနည်းနဲ့ သတိရစေနေချင်လဲ။ အမိုက်စားသီချင်းတွေ ခပ်များများဖန်တီးတဲ့ ငနဲအဖြစ်လည်းမဟုတ်ဘူး။ ရုပ်ရှင်၊ တီဗီဇာတ်လမ်းတွဲတွေမှာ အပျံစားဇာတ်ကောင်နေရာတွေသရုပ်ဆောင်နေတဲ့ ငနဲအဖြစ်လည်း မဟုတ်သေးဘူး။ ဒါပေမဲ့ တခြားသူတွေကို အကောင်းဆုံးအကူအညီပေးနေတဲ့လူတစ်ဦးလို သတိရနေစေချင်တယ်။ ၂၀၀၉ က ထွက်ရှိခဲ့တဲ့ Before I self Destruct အတွက် ဂီတနဲ့ စီးပွားရှာဖို့ အချိန်တွေတော်တော်ဖြုန်းခဲ့ပြီးပြီ။ အဲဒါကပဲ ကျွန်တော်ဘာဖြစ်ချင်သလဲဆိုတာ သိလိုက်ရဖို့ လုံလောက်တဲ့အချိန်ပေးခဲ့တာပါပဲ" လို့ ရက်ပ်ဂီတသမား၊ စီးပွားရေးသမားကြီးက ပြောပါတယ်။ 50 Cent ဟာ ၂၀၁၁ က လွှင့်ခဲ့တဲ့ ဂျေမီအိုလီဗာရဲ့ အင်္ဂလိပ် reality show "Dream School" ကိုကြည့်လိုက်ရတဲ့အခါ ယူအက်စ်မှာလည်း ဒီလို တီဗီဇာတ်လမ်းတွဲမျိုပြသဖို့ ပါဝင်ချင်တယ်ဆိုတာ သူ ချက်ချင်းသိလိုက်ပါတယ်။ Dream School မှာ ထင်ရှားကျော်ကြားသူတွေဟာ ဆိုးဆိုးပွေပွေကလေးတွေကို ကျောင်းသင်ခန်းစာတွေ သင်ကြားပေးကြတယ်။ ပြီးခဲ့တဲ့နှစ်က လောစ့်အင်ဂျလိစ်မှာ အမေရိကန် version "Dream School" ကို SundanceTV က အစမ်းပွဲပြသခဲ့ပါတယ်။ အဲဒီတီဗီဇာတ်လမ်းတွဲမှာ 50 Cent ဟာ သီဆိုသူ၊ ထုတ်လုပ်သူနဲ့ ကျောင်းဆရာတစ်ဦးအဖြစ်ပါ ပူးပေါင်းပါဝင်ထားတယ်။ season two အတွက် ကျောင်းကထုတ်ပယ်ခံလိုက်ရတဲ့ ကျောင်းသား ၁၅ ဦးကိုလည်း ရှာဖွေတွေ့ရှိထားကြပါပြီ။ အဲဒီလူငယ်လေးတွေဟာ ဘွဲ့ရပညာတတ်ဖြစ်လာနိုင်ဖို့ အခွင့်အရေးရနိုင်ကြလိမ့်မယ်။ "ယူအက်စ်မှာ နှစ်စဉ် ကျောင်းသား ၃ သန်းကျော် ကျောင်းကနေ ထုတ်ပယ်ခံနေရတယ်" လို့  အရပ်သားအခွင့်အရေးရှေ့နေ ဂလော်ရီယာအဲရက်ဒ် ကပြောပါတယ်။ "ကျွန်တော်ကံမကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်သူငယ်ချင်းတွေအများကြီးပဲ အသတ်ခံရတယ်။ ဒါပေမဲ့ ကျွန်တော်ကံကောင်းနေသေးတယ်။ ဘာကြောင့်လဲ။ သူငယ်ချင်းတချို့တော့ ကျွန်တော့်မှာ ကျန်နေသေးတယ်"လို့ ဆိုးဆိုးပွေပွေကျောင်းသားတစ်ဦးကပြောတယ်။ အဲဒါကိုပဲရည်ညွှန်းပြီး 50 Cent က ပြောပါတယ်။ "ကျွန်တော် ကံမကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ အဆိုးကိုပဲ ဝေဖန်တတ်တဲ့စရိုက်ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော် ကံကောင်းတယ်။ ဘာကြောင့်လဲဆိုရရင် ကျွန်တော်ရဲ့အဆိုးကို သတိပြုမိတယ်။ အဲဒါကြောင့် လူတွေနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်ပြီးတန်ဖိုးမြှင့်လိုက်တယ်။ ပြီးတော့ ရှေ့ဆက်တယ်။ ကျွန်တော့်ရဲ့အောင်မြင်မှုဆီ ခရီးဆက်ပါတယ်" 

မိုက်ကယ်ဂျက်ဆင်ရဲ့ Thriller တွေ 3-D အဖြစ် အသက်ဝင်တော့မယ်
Jackson estate နဲ့ ဒါရိုက်တာ ဂျွန်လန်ဒစ်တို့ အငြင်းပွားမှုဟာ ကျေအေးပြီးပြတ်သွားတာကြောင် ဗီဒီယိုရိုက်ကူးဖြန့်ချိဖို့ ကိစ္စတွေရှေ့ဆက်နိုင်ပါပြီ။ လာမယ့်နှစ်မှာ ပြသနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ မိုက်ကယ်ဂျက်ဆင်ရဲ့ အဲဒီနှစ်တွေက ဈေးအကြီးမြင့်ဆုံး clip ဖြစ်ခဲ့တဲ့ ၁၄ မိနစ်စာ Thriller ဗီဒီယို ကို Blu-ray နဲ့ ထုတ်လုပ်ဖို့မျှော်လင့်ထားပြီး ရုပ်ရှင်ရုံတွေမှာပါပြသဖို့ စီစဉ်ညှိနှိုင်းမှုတွေ အသေးစိတ်လုပ်နေတုန်းပဲ လို့ ဒါရိုက်တာ ဂျွန်လန်ဒစ်က New York Daily News သတင်းစာကိုပြောပါတယ်။ ၂၀၀၉ ခုနှစ် ဂျက်ဆင်မသေဆုံးခင် ခြောက်လခန့်မှာ လန်ဒစ်ဟာ Thriller ဗီဒီယိုနဲ့ပတ်သက်ပြီး ဂျက်ဆင်တစ်ယောက် "မရိုးမသား၊ အငြိုးထားပြီး ကြမ်းတမ်းဆိုးရွားတဲ့အပြုအမူမျိုးတွေနဲ့ စီစဉ်ခဲ့တယ်" ဆိုတဲ့စွပ်စွဲချက်တွေကိုင်စွဲပြီး တရားစွဲဆိုခဲ့တယ်။ လန်ဒစ်ဟာ အဲဒီဗီဒီယိုရဲ့ အသားတင်အမြတ် ၅၀ ရာခိုင်နှုန်း ဒေါ်လာ ၁သန်း ဝန်းကျင်ရယူခဲ့တယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ခဲ့ပါတယ်။ "အမှုအခင်းကိစ္စဟာ နှစ်တွေတော်တော်ကြာသွားခဲ့တယ်။ ဒါပေမဲ့ အခု ပြီးပြတ်ခဲ့ပြီ။ နောက်ဆုံးတော့ သူတို့ကျွန်တော့်ကို အပြည့်အဝပေးကြပါပြီ။ အဲဒီတော့ Thriller နဲ့အတူ တစ်ခုခုစလုပ်တော့မယ်။ Thriller ကို အရည်အသွေးမြင့်မြင့်ဖြစ်အောင်ပြန်ပြီးအရောင်တင်မယ်။ 3-D နဲ့ ကြီးမားတဲ့ screen မှာ မြင်တွေ့ရမှာ အင်မတန်စိတ်လှုပ်ရှားစရာပါ" လို့ လန်ဒစ်က ပြောပါတယ်။ ဂျက်ဆင်ကိုယ်တိုင်ကလည်း Thriller ကို 3-D အဖြစ် This is It မှာ ပါဝင်စေချင်ခဲ့တယ် လို့ Daily News ကသတင်းမှာဖော်ပြခဲ့တယ်။ အဲဒီသတင်းမှာပဲ Thriller ဗီဒီယိုဂိမ်း ထုတ်လုပ်ဖို့လည်း estate က ဆုံးဖြတ်ထားတယ်လို့ ရေးထားပါတယ်။ Michael Jackson's Moonwalker အမည်ရှိတဲ့ ဗီဒီယိုဂိမ်းတွေကို U.S. Gold ဂိမ်းကုမ္ပဏီက ၁၉၈၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပါသေးတယ်။

AC/DC  ဂစ်တာသမား Young ဂီတလောကထဲကို ပြန်မလာနိုင်တော့ပါ
သြစတြေးလျ hard rock ဂီတအဖွဲ့ AC/DC ရဲ့ ရစ်သမ်ဂစ်တာသမား မဲလ်ကမ်ယောင်းဟာ dementia ဦးနှောက်အသိဉာဏ်ချို့ယွင်းတဲ့ရောဂါ ခံစားနေရတယ်လို့ မိသားစုက အတည်ပြုခဲ့ပါတယ်။ အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဂစ်တာသမားကြီး ရောခ့်အဖွဲ့ဆီပြန်မလာနိုင်တော့ဘူးဆိုတာကို စက်တင်ဘာနောက်ဆုံးရက်သတ္တပတ်မှာ ကြေညာခဲ့တယ်။ ၂၀၁၄ နှစ်ဆန်းပိုင်းလောက်က စပြီး အဖွဲ့ကနေ အနားယူခဲ့တာပါ။ "မဲလ်ကမ် dementia ရောဂါ ခံစားနေရတဲ့သတင်းကို ထိန်းသိမ်းပေးထားတဲ့အတွက် ကျေးဇူးတင်ရပါတယ်" လို့ မဲလ်ကမ်ယောင်းမိသားစုက People မဂ္ဂဇင်းကိုပြောပါတယ်။ AC/DC ရဲ့ အယ်လ်ဘမ်အသစ် Rock or Bust ဟာ ဒီဇင်ဘာမှာ ထွက်ရှိလိမ့်မယ်။ မဲလ်ကမ်ရဲ့ ရောဂါအခြေအနေကြောင့် သီချင်းသစ်တွေအသံဖမ်းတဲ့အခါနဲ့ tour ခရီးစဉ်တွေလှည့်လည်ကြတဲ့အခါ မဲလ်ကမ် ပါဝင်တီးခတ်နိုင်တော့မှာမဟုတ်ပါဘူး လို့ AC/DC အဖွဲ့ကပြောပါတယ်။ မဲလ်ကမ်ရဲ့တူ စတီဗ်ယောင်းက အယ်လ်ဘမ်အသစ်မှာ ပါဝင်တီးခတ်မှာပါ။ တချို့သတင်းတွေရေးသားကြတာက မဲလ်ကမ်ရဲ့ ရောဂါအခြေအနေကြောင့် ဆစ်ဒနီက nursing home မှာ အချိန်ပြည့်စောင့်ရှောက်ကုသမှုယူနေရတယ်လို့ ဆိုတယ်။ မိသားစုရဲ့ မိတ်ဆွေတစ်ဦးက ဂစ်တာသမားကြီးဟာ AC/DC သီချင်းတွေကို ဘယ်လိုတီးခတ်ရမယ်ဆိုတာကို သတိမရနိုင်တော့ပါဘူးလို့ ပြောပါတယ်။ မိတ်ဆွေတွေကိုလည်း မမှတ်မိနိုင်တော့ပါဘူး။ စကော့တစ်ရှ်ဖွား ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ မဲလ်ကမ်နဲ့ အန်းဂတ်စ်ယောင်းတို့ဟာ AC/DC ကို ၁၉၇၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ကြတယ်။ သူတို့ရဲ့ ၁၉၈၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ် Black in Black ဟာ အရောင်းရဆုံးစာရင်းဝင်ခဲ့ပြီး အယ်လ်ဘမ်ပေါင်း သန်း ၂၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ hard rock ပရိတ်တွေအတွက်တော့ မဲလ်ကမ်တစ်ယောက် သူချစ်တဲ့ AC/DC အဖွဲ့၊ hard rock သီချင်းတွေနဲ့ ဂီတပရိတ်သတ်တွေအားလုံး မေ့သွားနိုင်ခဲ့တာကို စိတ်ထိခိုက်ဝမ်းနည်းနေခဲ့ကြတယ်။

Slipknot ရဲ့ ပြိုင်ဘက်ကင်းံရနံ့ဆိုတာဟာ
အမေရိကန် heavy metal အဖွဲ့ဟာ Knotfest ပွဲမှာ သူတို့ရဲ့ အမှတ်အသားကိုယ်ပိုင်ရနံ့တစ်ခုထုတ်လွှတ်ပေးဖို့ အတွက် ကုလားအုတ်ချေးကို မီးရှို့လောင်ကျွမ်းစေဖို့ စီစဉ်ထားတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ Slipknot အဖွဲ့သား ရှောန်ကရာဟန်က "စွန့်ပစ်ပစ္စည်းကို မီးရှို့တဲ့အခါ အင်မတန်ကွဲပြားထင်ရှားတဲ့အနံ့ရတယ်"လို့ ဆိုတယ်။ အောက်တိုဘာ ၂၄ ရက်နေ့ကနေစတင်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ မြစ်ကမ်းခြေက San Bernardino(Inland Empire) မှာ Knotfest ပွဲတော်ကို ၃ ရက်ကြာကျင်းပပါလိမ့်မယ်။ Knotfest ပွဲမှာ ဆူဆူညံညံ မြူးထူးသောင်းကျန်းနိုင်ပြီး တရားဝင် အနံ့တစ်မျိုးထုတ်လွှတ်ပေးတဲ့ ပထမဆုံးရောခ့်ဂီတပွဲတော်အဖြစ် နာမည်ကျော်သွားဦးမှာပါ။ Slipknot တွေဟာ ပလက်တီနမ်မျက်နှာဖုံးတွေ စွပ်ထားကြပါလိမ့်ဦးမယ်။ "Knotfest မှာရှိတဲ့ ကိုယ်ပိုင်ရနံ့ကြီးဟာ ပွဲတော်ပြီးသွားတဲ့တိုင်အောင် ဦးနှောက်၊ ကိုယ်ခန္ဓာနဲ့ အဝတ်အစားတွေမှာ စွဲထင်ကပ်ငြိနေပါလိမ့်မယ်။ ဆီဖြည့်ထားတဲ့စည်ထဲမှာ ကုလားအုပ်ချေးအပြည့်ထည့်ထားပြီး ပွဲတော် ၃ ရက်လုံး လောင်ကျွမ်းစေမှာပါ။ Feature performance အဖြစ် metal ပုဂ္ဂိုဟ်ကြီးတွေဖြစ်တဲ့ Danzig, Anthrax, Testament, Carcass, Napalm Death, Fear Factory နဲ့ Pronglike အဖွဲ့တွေနဲ့ မျက်နှာသစ် Five Finger Death Punch နဲ့ Of Mice and Men အဖွဲ့တွေပါဝင်သီဆိုကြလိမ့်မယ်။ rapper Tech N9ne ရဲ့ အဖွဲ့လိုက်သီဆိုမှုကိုလည်း ပွဲဦးထွက်မြင်တွေ့ရဦးမယ်။ ထူးထူးခြားခြားဖျော်ဖြေမှုတွေမှာ Mad Max စတိုင်လ် လျှပ်စီးအမိုးခုံးနဲ့ အဖွဲ့သားတွေ၊ ဆိတ်တွေအပြည့်နဲ့ တိရစ္ဆာန်ရုံ၊ စွန့်ပစ်ကားအိုကားဟောင်းတွေပေါ်က လူအစုလိုက်တီးကြတဲ့ drum set ၊ Fitz Army ဆိုင်ကယ်ပြပွဲ နဲ့ တခြားလှုပ်ရှားမှုတွေလည်းပါဝင်ကြတယ်။ heavy meatal မိတ်ဆွေကြီးတွေ၊ Slipknot ပရိတ်သတ်တွေအတွက် ထူးခြားတဲ့ ပွဲတော်တစ်ခုဖြစ်နေတာကြောင့် ပွဲတော်မှာဆူညံမြူးထူးကြဖို့ စိတ်လှုပ်ရှားရင်ခုန်စွာ စောင့်မျှော်နေကြပါပြီ။
ဖြိုးဖြိုး
(Yati Magazine, November, 2014)

2 comments:

Lorem Ipsum said...

TS is my fav: love her so much <3

PhyoPhyo said...

love u, love TS ❤️❤️